← Chapters

အခန်း (၇၄၆-၇၄၇)

Vol. 44 Ch. 746-747

အခန်း (၇၄၆-၇၄၇)

Vol. 44 Ch. 746-747

Chapter 746

ပုရွက်ဆိတ်များ ၃

စကားပြောပြီးနောက် သူသည် ငါးစာကျွေးရသည်ကို စိတ်ကုန်သွားပုံရကာ အနီးရှိ ဇိမ်ခံဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း တင်းမာစွာ ပြောလိုက်သည်၊၊

“ပစ္စည်းအချို့ပျက်စီးတာက ကိစ္စမရှိပေမဲ့ ကျင်းဟိုင်က စက်မှုဇုန်ကိုတော့ အထိခိုက်မခံနိုင်ဘူး။ အခုချိန်မှာ အာရုဏ်ဦးမြို့တော်က မြို့သူမြို့သားတွေ ယုံကြည်မှုရှိအောင် အဲဒီစက်ကိရိယာတွေ လိုအပ်သေးတယ်”

“ဒါ့အပြင် တိတ်ဆိတ်မြို့တော်မှာ လူပေါင်းသိန်းနဲ့ချီ ရှိနေပြီး သတင်းအချက်လက်တွေကလည်း စီးဆင်းနေတယ်။ ဒီလိုအရေးကြီးတဲ့ အချိန်မှာ ပူးပေါင်းဆောင်ရွက်မှုက ပဋိပက္ခထက် ပိုအရေးကြီးတယ်၊၊ လူသားတွေအချင်းချင်း ပြန်တိုက်ခိုက်လို့ မဖြစ်ဘူး။ ငါဆိုလိုတာကို မင်း နားလည်တယ်မလား” ဖ

ကျိုးမင်ယွမ်က ဝမ်ဟွေ့ကို သတိပေးသည့်အလား လှည့်ကြည့်ကာ ပြောလိုက်သည်။

“အဲဒီကိစ္စအတွက် စိတ်ချပါ”

ဝမ်ဟွေ့က တည်ငြိမ်စွာ ပြောသည်၊၊

“ကျွန်မတို့ မျှော်မှန်းထားတဲ့ ရလဒ်ကတော့ တိတ်ဆိတ်မြို့တော်ဟာ ညဘက်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ မွန်းစတာလှိုင်းလုံးကြီးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်၊၊ အဲဒီအခါ ဒုဥက္ကဋ္ဌကျိုးက ကိုယ်တိုင်ဦးဆောင်ပြီး စစ်ကူပေးမယ်၊၊ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ရင်း တိတ်ဆိတ်မြို့တော်ကို ပြုပြင်ဖို့အတွက် လွှဲပြောင်းရယူပါလိမ့်မယ်...”

ကျိုးမင်ယွမ်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ဝမ်ဟွေ့ကို လေးနက်စွာကြည့်လိုက်သည်။

“အခု မြို့ထဲမှာ အနီရောင်ကမ္ဘာရဲ့ ပြဿနာတွေကြောင့် အတော်လေး ဆူညံနေတယ်။ အခု ဖီးနစ်ကလည်း ရောက်လာပြီဆိုတော့ ရလဒ်က ဘာပဲဖြစ်ဖြစ် အာရုဏ်ဦးမြို့တော်က လူသားမျိုးနွယ်အပေါ် သစ္စာဖောက်တယ်ဆိုတဲ့ နာမည်မျိုး အတပ်မခံနိုင်ဘူး”

ဝမ်ဟွေ့က နားလည်ဟန်ဖြင့် အနည်းငယ် ဦးညွှတ်ကာ ထွက်ခွာသွားသည်။

ဒေါက်မြင့်ဖိနပ် စီးထားသော ဝမ်ဟွေ့သည် ရှည်လျားသောစင်္ကြံလမ်းကို လျှောက်လာပြီးနောက် သူမ၏ ရုံးခန်းသို့ ပြန်ရောက်လာသည်။ ထိုအချိန်တွင် သူမသည် ဟိုလိုဂရမ်လျှို့ဝှက်ဆက်သွယ်ရေးကိရိယာကို ဖွင့်လိုက်ရာ တင်းမာသော မျက်နှာထားဖြင့် နေကာမျက်မှန်တပ်ထားသည့် လူဖြူတစ်ဦး ပေါ်လာသည်။

ဂျူးလိစ်ယပ် လစ်တ်။

“ကျိုးမင်ယွမ်က ကျင်းဟိုင်ရဲ့ မြို့ပြခံစစ်ကို တခြားဘက်ကို ရွှေ့လိုက်ပြီ၊၊ အဲဒီဒေသမှာ တိတ်ဆိတ်မြို့တော်အတွက် စစ်ကူရှိမှာ မဟုတ်တော့ဘူး”

ဝမ်ဟွေ့က ဂျူးလိစ်ယပ်ကို ကျိုးနွံစွာ အစီရင်ခံလိုက်သည်။

“ကောင်းတယ်၊၊ ဒါက ငါတို့ မကြာသေးခင်က လိုအပ်နေတဲ့ စမ်းသပ်ခံပစ္စည်းပြတ်လပ်မှုကို အစားထိုးနိုင်လိမ့်မယ်”

“အခုထိ စမ်းသပ်ခံပစ္စည်းတွေ အများကြီးလိုနေသေးတာလား”

“တွင်းနက်ရဲ့ နယ်မြေက ပိုပြီး ကျယ်ပြန့်လာတော့ အသက်ရှင်ကျန်ရစ်သူ အရေအတွက်က နည်းသွားပြီ” ဂျူးလိစ်ယပ်က အေးစက်စွာ ပြောသည်၊၊

“လင်းရှန်ဆိုတဲ့ ယန္တရားစွမ်းအားရှင်က အာခီစိုင်းဘက်က ကန္တာရဓားပြတွေကို ရှင်းပစ်လိုက်တယ်။ ကျိုးမင်ယွမ်က အာရုဏ်ဦးမြို့တော်ထဲမှာ ငါတို့အတွက် လမ်းဖွင့်ပေးထားပေမဲ့ အသက်ရှင်ကျန်ရစ်သူတွေက ကိုယ်တိုင်ခံစစ်ပြင်ထားကြသလို လုထျန်းယဲ့ ဦးဆောင်တဲ့ တပ်ဖွဲ့တွေကလည်း ငါတို့ရဲ့ လျှို့ဝှက်စခန်းအချို့ကို စောင့်ကြည့်နေကြတယ်။ ဒါကြောင့် မကြာသေးခင်က ဖမ်းမိတဲ့ စမ်းသပ်ခံအရေအတွက်က ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ကျဆင်းသွားသလို အရည်အသွေးလည်း မကောင်းလှဘူး။ တွင်းနက်ရဲ့ ဖျက်ဆီးနိုင်စွမ်းအရဆိုရင် သန္ဓေပြောင်းအဆင့်ရှိသူတွေက ၃ရက်တောင် မခံဘူး၊၊ ဘာမှ သုံးစားလို့ မရဘူး”

“ဒါပေမဲ့ တိတ်ဆိတ်မြို့တော်က လက်နက်အင်အား အတော်တောင့်တင်းတယ်၊၊ ဒီလောက် အတိုင်းအတာကြီးမားတဲ့ ပဋိပက္ခက အာရုဏ်ဦးမြို့တော်အတွက် ပြဿနာဖြစ်လာမှာကို စိုးရိမ်မိတယ်”

ဝမ်ဟွေ့က ပြောသည်။

“ငါတို့က တိတ်ဆိတ်မြို့တော်နဲ့ တိုက်ရိုက်ရင်ဆိုင်မှာ မဟုတ်ဘူး၊၊ ငါတို့ရဲ့ ရည်ရွယ်ချက်က အနီရောင်ကမ္ဘာ No.3 ကို ပြန်ယူဖို့နဲ့ လိုအပ်တဲ့ စမ်းသပ်မှုတစ်ခုလုပ်ဖို့ပဲ”

“စမ်းသပ်မှု… ဘယ်လို စမ်းသပ်မှုမျိုးလဲ”

ဝမ်ဟွေ့က မေးလိုက်သည်။

“မင်းသိဖို့ မလိုဘူး”

ဂျူးလိစ်ယပ်က ပြန်မဖြေဘဲ ဝမ်ဟွေ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်၊၊

“ကျိုးမင်ယွမ်ကရော အဲဒီကိစ္စကို စဥ်းစားပြီးပြီလား”

“မစဉ်းစားရသေးဘူး”

ဝမ်ဟွေ့က သူမ၏ အမူအရာကို ချက်ချင်း ပြင်လိုက်ရင်း ပြောသည်၊၊

“ဒုဥက္ကဋ္ဌကျိုးက မှိုမျှင်ကွန်ရက်အသိစိတ်လွှဲပြောင်းခြင်း နည်းပညာရဲ့ လုံခြုံမှုဟာ ပိုမြင့်မားတဲ့ အဆင့်ကို ရောက်ဖို့ မျှော်လင့်နေတယ်၊၊ အဲဒီအတွက် သူက ပိုပြီး စိတ်ရှည်နိုင်တယ်လို့ ပြောပါတယ်”

“အတော်လေးဂရုစိုက်တဲ့ လူပဲ”

ဂျူးလိစ်ယပ်က အေးစက်စွာ ပြောသည်၊၊

“ကျိုးမင်ယွမ်ကို ပြောလိုက်ပါ၊၊ ချူကျောက်နန်နဲ့ ဖီးနစ်ကတော့ စိတ်ရှည်ပုံမရတော့ဘူးလို့၊၊ သူတို့က သူ့ကို အချိန်အများကြီးပေးမှာ မဟုတ်ဘူး”

“ဖီးနစ်ကြောင့် အာရုဏ်ဦးမြို့တော် ပြိုလဲသွားမှာကို စိုးရိမ်နေတာလား”

“ဒုဥက္ကဋ္ဌတစ်ယောက်အနေနဲ့ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ တန်ဖိုးရှိတဲ့ အချိန်ကို သတိပေးဖို့ပဲ မင်းကို လိုအပ်နေတာ။ ဒါ့အပြင် အနီရောင်ကမ္ဘာရဲ့ မှိုမျှင်ကွန်ရက်နည်းပညာသုတေသနဟာ လူသားတွေရဲ့ နိမ့်ကျပြီး ပျက်စီးလွယ်တဲ့ ဘဝကနေ လွတ်မြောက်ပြီး ပိုမြင့်မားတဲ့ ရှင်သန်မှုဘဝပုံစံကို ရရှိဖို့ပဲ။ ထာဝရအသက်ရှင်ခြင်းဆိုတာ မရှိမဖြစ် လိုအပ်ချက် မဟုတ်ဘူး၊၊ အမှောင်ထုကျရောက်လာရင် လူငယ်တွေရဲ့ ခန္ဓာကိုယ်ထဲကို အသိစိတ်လွှဲပြောင်းပြီး ထာဝရအသက်ရှင်ချင်တဲ့ သူ့ရဲ့ ဆန္ဒက အဓိပ္ပာယ်မရှိတော့ဘူး”

“ဒါကို သူကောင်းကောင်းသိပါတယ်”

ဝမ်ဟွေ့က လေးနက်စွာ ပြန်ပြောသည်၊၊

“ဒါပေမဲ့ လူသားဘဝကနေ လွတ်မြောက်ပြီး ကြီးမားတဲ့ စွမ်းအားကို ရချင်တဲ့ အခြေခံဆန္ဒတွေကို သူ မထိန်းချုပ်နိုင်ဘူး၊၊ ဒါ့အပြင် သူက အတော်လေးဂရုစိုက်တတ်တော့ နောက်ဆုတ်ဖို့ လမ်းတွေ အများကြီးပြင်ထားသေးတယ်။ တကယ့် သေခြင်းတရားနဲ့ မရင်ဆိုင်ရမချင်း သူက အသိစိတ်ကို အလွယ်တကူ လွှဲပြောင်းမှာ မဟုတ်ဘူး”

ဂျူးလိစ်ယပ်က ပြုံးလိုက်ပြီး ဝမ်ဟွေ့ကို ကြည့်သည်၊၊

“အာဏာဆိုတာ ဆန္ဒပဲ၊ သေမှာ ကြောက်တာလည်း ဆန္ဒပဲ။ အဲဒါကြောင့် ကျိုးမင်ယွမ်က ငါတို့နဲ့ ပူးပေါင်းတာပဲ၊၊ မင်းလည်း အတူတူပဲမဟုတ်လား.. ဝမ်ဟွေ့”

ဝမ်ဟွေ့၏ မျက်ဝန်းများတွင် စိုးရိမ်မှုများဖြတ်ပြေးသွားပြီး သူမ၏ လက်ဆစ်များမှာလည်း ဖြူဖျော့သွားသည်၊၊ သူမသည် ထိတ်လန့်မှုကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။

“မင်းအလုပ်ကို မင်းလုပ်ပါ ဝမ်ဟွေ့”

ဂျူးလိစ်ယပ်က သူမကို ကြည့်ပြီး အေးစက်စွာပြောသည်၊၊

“အဖွဲ့အစည်းအပေါ် မင်းရဲ့ သစ္စာရှိမှုက မင်းနဲ့ မင်းမိသားစုအတွက် ထိုက်တန်တဲ့ ဆုလာဘ်ကို ရရှိစေမှာပါ”

“ဒါ ကျွန်မအတွက် ဂုဏ်ယူစရာပါ”

ဂျူးလိစ်ယပ်က ဆက်သွယ်ရေးကို ပိတ်လိုက်ပြီးမှ ဝမ်ဟွေ့သည် အသက်ကို ပြင်းပြင်းရှူလိုက်သည်၊၊ သူမသည် ယခင်က ခံစားခဲ့ရသော အသက်ရှူကျပ်မှုနှင့် စိုးရိမ်မှုများမှ ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်လာသည်။

ရုံးခန်းတစ်ခုလုံးတွင် သူမ၏ အသက်ရှူသံနှင့် နှလုံးခုန်သံများသာ ရှိနေသကဲ့သို့ပင်။ သူမသည် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ကြီးမားလှသော မြေအောက်မြို့တော် အမှတ် ၁ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်၊၊ သူမ၏ မျက်ဝန်းများက တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား တဖျတ်ဖျတ် လှုပ်ရှားနေ၏။

ထိုအချိန်တွင် တံခါးက ရုတ်တရက် ပွင့်လာသဖြင့် သူမသည် လန့်သွားကာ အော်လိုက်သည်၊၊

“ဘယ်သူလဲ”

တံခါးနောက်မှ စွမ်းအားဝတ်စုံဖြင့် မောက်မာသည့် မျက်နှာထားနှင့် လူငယ်တစ်ဦး ခေါင်းပြူထွက်လာသည်၊၊ ဝမ်ဟွေ့သည် သူ့ကို မြင်လိုက်ရမှ စိတ်အေးသွားသည်။

“ငါ နင့်ကို ပြောထားတယ်လေ၊၊ ကိစ္စမရှိဘဲ ငါ့ရုံးခန်းထဲ မလာပါနဲ့လို့”

ထိုလူငယ်သည် ဘာကိုမှ ဂရုမစိုက်ဘဲ အထဲသို့ ဝင်လာကာ စားပွဲပေါ်ရှိ အလှဆင်ပစ္စည်းတစ်ခုကို ယူဆော့ရင်း ပြောလိုက်သည်၊၊

“ကျွန်တော် ခုနက ဦးလေး ၂ နဲ့ တွေ့ခဲ့တယ်၊၊ သူက တိတ်ဆိတ်မြို့တော်မှာ ဝမ်ချီကို တွေ့ခဲ့တယ်လို့ ပြောတယ်။ ကျွန်တော့် ဝမ်းကွဲအစ်မက တကယ်ကို အသက်ပြင်းတာပဲ၊၊ ယိကျင်းမြို့မှာ ဖုတ်ကောင်သိုးထိန်းနဲ့ တွေ့ခဲ့တာတောင် အသက်ရှင်ခဲ့တယ်၊၊ ပြီးတော့ တွင်းနက် အမှတ် ၅ ကနေတောင် လွတ်လာသေးတယ်၊၊ အံ့သြစရာပဲ။ ကျွန်တော့်မှာကျတော့ ဘာလို့ အဲဒီလို ထူးခြားတဲ့ စိတ်စွမ်းအားမရှိတာလဲ”

သူက ဝမ်ဟွေ့ကို ကြည့်ကာ ဆက်ပြောသည်၊၊

“မာမီ… အနီရောင်ကမ္ဘာမှာ စွမ်းရည်တွေကို လွှဲပြောင်းတာ ဒါမှမဟုတ် စုပ်ယူနိုင်တဲ့ သုတေသနရှိလား။ ကျွန်တော်လည်း ပျံချင်တယ်၊ မီးတို့ လျှပ်စစ်တို့လို သဘာဝစွမ်းအားတွေက တကယ် အမိုက်စားပဲ”

လီကျန်းက ပြောရင်း သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ အရေပြားပေါ်တွင် ထူးဆန်းသော အကြေးခွံများ ခဏပေါ်လာသည်၊၊

“ကျွန်တော့်ရဲ့ C-Class စွမ်းရည်က တကယ်ညံ့ဖျင်းတာပဲ”

“ရှိတာပေါ့”

ဝမ်ဟွေးက သူ့ကို မကြည်မလင်ကြည့်လိုက်သည်၊၊

Chapter 747

ပုရွက်ဆိတ်များ ၄

“ဒစ်ဂျစ်တယ် အသက်ရှင်ခြင်း၊ မှိုမျှင်အသိစိတ်၊ ပုံတူပွားခြင်း၊ အဲဒီထဲက တစ်ခုခုရွေးလိုက်”

“ဟမ့်”

လီကျန်းက ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်သည်၊၊

“ဒစ်ဂျစ်တယ် အသက်ရှင်ခြင်းတို့ ပုံတူပွားခြင်းတို့ဆိုတာ တခြားသူတွေအတွက်ပဲ၊၊ ကျွန်တော်နဲ့ မဆိုင်ဘူး။ မှိုမျှင်အသိစိတ်ကတော့ နည်းနည်းဖြစ်နိုင်ခြေရှိပေမဲ့ အောင်မြင်ရင်တောင် ကျွန်တော်က တခြားသူရဲ့ ခန္ဓာကိုယ်နဲ့ မလဲချင်ဘူး၊၊ အထူးသဖြင့် မိန်းမခန္ဓာကိုယ်ဆို ပိုဆိုးမယ်”

“အဲဒါကြောင့် ငါပြောတာပေါ့၊၊ အကျိုးမရှိတာတွေ မစဉ်းစားနဲ့လို့”

ဝမ်ဟွေ့က သူ့ကို လေးနက်စွာ ကြည့်လိုက်သည်၊၊

“စွမ်းအားတွေ၊ သန္ဓေပြောင်းတာတွေက ဘာမှအဓိပ္ပာယ်မရှိဘူး။ ဒီကမ္ဘာကြီးက ဘယ်လောက်ကြာကြာ ဆက်ရှိနေဦးမှာမို့လဲ… အသက်ရှင်ဖို့ကပဲ အဓိကပဲ။ ကျိုးမင်ယွမ်တို့ အုပ်စုက အနီရောင်ကမ္ဘာမှာ ရင်းနှီးမြှုပ်နှံနေတာကို ကြည့်ပြီး ငါကတော့ ဘာမှဂရုမစိုက်ဘူး။ ဒစ်ဂျစ်တယ် အသက်ရှင်ခြင်းတို့၊ မှိုမျှင်အသိစိတ်နဲ့ ထာဝရအသက်ရှင်ခြင်းတို့၊ လူသားတွေ သန္ဓေပြောင်းတာတို့ဆိုတာ စိတ်ကူးယဉ်မှုတွေပဲ၊၊ ကောင်းကင်အကာအကွယ်ကို ဖောက်ထွက်ပြီး ဒီကမ္ဘာကနေ ထွက်ပြေးတာကမှ ပိုပြီးလက်တွေ့ကျသေးတယ်”

“ဒါဆို မာမီက ဘာလို့ အနီရောင်ကမ္ဘာအတွက် အလုပ်လုပ်နေတာလဲ။ မာမီ့ စကားအရဆိုရင် ချူကျောက်နန်ရဲ့ ကြယ်စင်ခရီးစဉ် စီမံကိန်းကို ပိုပြီး ထောက်ခံသင့်တာ မဟုတ်ဘူးလား”

လီကျန်းက ဝမ်ဟွေးရဲ့ စားပွဲပေါ်မှာ ထိုင်လိုက်ပြီး အလှဆင်ပစ္စည်းကို အပေါ်အောက် ပစ်မြှောက်ရင်း ရယ်ကာ မေးလိုက်သည်။

“ငါ့မှာ ရွေးချယ်စရာရှိလို့လား”

ဝမ်ဟွေ့က လက်ပိုက်လိုက်ပြီး မြေအောက်မြို့တော်ကို ပြတင်းပေါက်ကနေ လှည့်ကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်၊၊

“ငါသာ ဝမ်မိသားစုရဲ့ အရင်းအမြစ်တွေကို သုံးပြီး အနီရောင်ကမ္ဘာနဲ့ မပူးပေါင်းခဲ့ရင် ဝမ်မိသားစုက အခုလောက်ဆို အပိုင်းပိုင်းခွဲခံနေရလောက်ပြီ။ အခု ငါက အာရုဏ်ဦးမြို့တော်မှာ ဒီလို အဆင့်အတန်းမျိုး ရနေတာကလည်း ဒီအထောက်အထားကြောင့်ပဲ မဟုတ်လား”

သူမက ဆက်ပြောသည်၊၊

“ဖက်ဒရေးရှင်းရဲ့ အဖွဲ့စည်းနှစ်ခုစလုံးက အတူတူပါပဲ။ ချူမျိုးနွယ်က ကမ္ဘာပေါ်ကနေ ထွက်ပြေးပြီး လူသားမျိုးနွယ်ကို ကယ်ချင်တယ်၊၊ ကျိုးမျိုးနွယ်ကကျတော့ ထာဝရအသက်ရှင်ခြင်းနဲ့ အကန့်အသတ်မရှိတဲ့ အာဏာကို လိုချင်တယ်၊၊ ဘယ်သူကမှ ဒီသန်းနဲ့ချီတဲ့ လူတွေရဲ့ အသက်ကို ဂရုမစိုက်ကြဘူး။ မြေအောက်မြို့တော်လား… မီတာတစ်ထောင်နက်တဲ့ သင်္ချိုင်းဂူကြီးတစ်ခုဆောက်ဖို့အတွက် အရင်းအမြစ်တွေ အများကြီးသုံးလိုက်တာပဲ၊၊ ဒါက အမှောင်ကျူးကျော်မှုကို မဖြေရှင်းနိုင်ဘူး၊၊ သေရမယ့်အချိန်ကို အချည်းနှီး စောင့်နေတာပဲ”

လီကျန်းက မယုံနိုင်သလို ဖြစ်သွားသည်၊၊

“ကျွန်တော်တို့က အနီရောင်ကမ္ဘာရဲ့ အသိစိတ်ပြန်လည်မွေးဖွားခြင်းနောက်ကို လိုက်မှာ မဟုတ်ဘူးမလား။ ကျွန်တော်ကတော့ မိစ္ဆာကောင်ကြီး မဖြစ်ချင်ဘူး”

ဝမ်ဟွေ့က သားဖြစ်သူကို ကြည့်ပြီး ပြောလိုက်သည်၊၊

“ငါ နင့်ကို ကောင်းကင်အကာအကွယ်ဖောက်ထွက်ရေးစီမံကိန်းမှာ ပါဝင်ခိုင်းထားတာကို နင်ကတော့ နေ့တိုင်း စွမ်းအားတွေ လေ့ကျင့်တာတို့၊ မြေအောက်ကြိုးဝိုင်းမှာ လက်ဝှေ့ထိုးတာတို့ပဲ လုပ်နေတယ်။ ဒါက ကမ္ဘာပျက်နေတာလေ၊၊ နင့်ရဲ့ အညံ့စားစွမ်းအားတွေ တက်လာလည်း နောက်ဆုံးကျရင် S-Class တွေရဲ့ နင်းခြေတာ ခံရမှာပဲ”

“မာမီကလည်း… အဲဒီစီမံကိန်းက စမ်းသပ်သင်္ဘောတွေ ဆယ်ကြိမ်ထက်မနည်း ပျက်ကျပြီးပြီလေ။ ကျွန်တော်က မာမီ့သားအရင်းရော ဟုတ်ရဲ့လား… ကျွန်တော့်ကို သေမင်းဆီ ပို့နေတာလား”

လီကျန်းက တံတွေးမြိုချရင်း ပြောလိုက်သည်၊၊

“ပြီးတော့ ကောင်းကင်အကာအကွယ်ကို အောင်မြင်စွာ ဖောက်နိုင်ရင်တောင် ကြယ်သင်္ဘောကြီးနဲ့ အလောတကြီးထွက်သွားစရာ မလိုပါဘူး၊၊ ဟုတ်တယ်မလား။ ကျွန်တော်တို့မှာ ကောင်းကင်အမိုးခုံးအဆင့် ရထားရှိတာပဲ၊၊ ဘာလို့ ရှေ့ပြေးသင်္ဘောကြီးကိုပဲ အတင်းစီးချင်နေရတာလဲ၊၊ အဲဒါက ကိုယ့်ကိုယ်ကိုယ်သတ်သေတာနဲ့ အတူတူပဲ”

ဝမ်ဟွေ့က သူ့ကို စိတ်တိုင်းမကျဟန်ဖြင့် ကြည့်လိုက်သည်၊၊

“ဒါက နင်ထင်သလောက် မရိုးရှင်းဘူး၊၊ ချူကျောက်နန်က သူ့သားအရင်းကို ကောင်းကင်အကာအကွယ်ဖောက်ထွက်ရေး စီမံကိန်းမှာ တာဝန်ပေးထားတယ်၊၊ သူက ငတုံးလို နင်ထင်နေလား”

“ချူကျင်းက တာဝန်ယူထားပေမဲ့ ရှေ့ပြေးသင်္ဘောကို စီးချင်မှ စီးမှာပေါ့”

လီကျန်းက လှောင်ပြုံးပြုံးလိုက်သည်၊၊

“သူတို့က ဟန်ပြလုပ်နေတာလေ၊၊ ချူကျောက်နန်က လူသားမျိုးနွယ်အတွက် သူ့သားကို အနစ်နာခံတယ်ဆိုတာမျိုးပေါ့၊၊ ကျွန်တော်ကတော့ အဲဒါကို မယုံဘူး၊၊ သူတော်ကောင်းယောင်ဆောင်နေတာပဲ။ ချူကျင်းသာ ရှေ့ပြေးသင်္ဘောပေါ် တကယ်တက်ရဲရင် ကျွန်တော့်နာမည်ကို ပြောင်းပြန်ရေးလိုက်မယ်”

ဝမ်ဟွေ့က သူ့ကို စိတ်ပျက်လက်ပျက်ကြည့်လိုက်ပြီး ခေါင်းခါရင်း လေးနက်စွာ ပြောသည်၊၊

“မဟုတ်ဘူး၊၊ ငါတော့ အဲဒီလို မထင်ဘူး။ ငါ့ရဲ့ မသိစိတ်အရဆိုရင် စီမံကိန်းတွေ အားလုံးက ငါတို့ ထင်သလို ဖြစ်ချင်မှ ဖြစ်မှာ… ငါတို့ရဲ့ ဆန္ဒအတိုင်းလည်း ဖြစ်လာမှာ မဟုတ်ဘူး”

လီကျန်းက မျက်မှောင်ကြုတ်လိုက်သည်၊၊

“မာမီပြောချင်တာက အနီရောင်ကမ္ဘာက မာမီ့ကို မယုံဘူးလား၊၊ ဒါမှမဟုတ် တစ်ခုခုကို ဖုံးကွယ်ထားတာလား”

ဝမ်ဟွေ့က လှောင်ပြုံးပြုံးရင်း ရှေ့သို့ တိုးလာသည်၊၊

“အနီရောင်ကမ္ဘာအတွက်တော့ ငါတို့က အသုံးချခံ နယ်ရုပ်တွေပဲ။ သူတို့က ချူကျောက်နန်ရဲ့ ကြယ်စင်ခရီးစဉ် စီမံကိန်းကိုရော… ကျိုးမင်ယွမ်ရဲ့ ထာဝရအသက်ရှင်ခြင်း ရည်မှန်းချက်ကိုရော ဂရုမစိုက်ဘူး၊၊ အာရုဏ်ဦးမြို့တော်နဲ့ ပူးပေါင်းတာက အရင်းအမြစ်တွေ ရဖို့ပဲ။ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် အာရုဏ်ဦးမြို့တော်ဆိုတာ လူသားမျိုးနွယ်သစ်တစ်ခုကို ဖန်တီးဖို့ ပျိုးထောင်တဲ့ နေရာတစ်ခုပဲ။ သူတို့ကလွဲလို့ တစ်ကမ္ဘာလုံး သေသွားရင်တောင် သူတို့က ဂရုစိုက်မှာ မဟုတ်ဘူး”

လီကျန်းက နက်နက်နဲနဲစဉ်းစားပြီး စိုးရိမ်တကြီး မေးလိုက်သည်၊၊

“မာမီ… ဒါက စစ်ဖြစ်တော့မယ်လို့ ဆိုလိုတာလား”

“အဲဒါကို ဘယ်ကကြားလာတာလဲ”

ဝမ်ဟွေ့က မေးလိုက်သည်။

လီကျန်းက ပခုံးတွန့်လိုက်သည်၊၊

“မြို့ထဲမှာ ပျံ့နေတာပဲမဟုတ်လား၊၊ တစ်ကမ္ဘာလုံးမှာ တွင်းနက်တွေ အရှိန်အဟုန်နဲ့ ကျယ်ပြန့်လာနေပြီ၊၊ ဖီးနစ်က အာရုဏ်ဦးမြို့တော်က ဒုက္ခသည်တွေကို ကယ်ဖို့ လာနေပြီ၊၊ မြေအောက်မြို့တော်ထဲ မဝင်ရတဲ့သူတွေကတော့ ထွက်ပြေးရင်ပြေး၊၊ မဟုတ်ရင် သေဖို့ပဲ စောင့်ရတော့မယ်ဆိုတာမျိုးလေ”

ဝမ်ဟွေ့၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အမူအရာများ ဖြတ်ပြေးသွားသည်။ သူမက ဆက်ပြောချင်သော်လည်း ထိန်းထားလိုက်ပြီး တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်၊၊

“လောလောဆယ်တော့ စစ်ဖြစ်မှာ မဟုတ်သေးပါဘူး၊၊ အနည်းဆုံးတော့... လူသားအချင်းချင်းမဟုတ်ဘူး”

ပြောပြီးနောက် သူမက လီကျန်းကို ကြည့်လိုက်သည်၊၊ “ကောင်းကင်အမိုးခုံးအဆင့် ရထားရဲ့ ပင်မဖွဲ့စည်းပုံအပိုင်းအချို့ကို တည်ဆောက်ပြီးပြီ၊၊ ရထားကိုယ်ထည်ကတော့ အားလုံးပြီးနေပြီ။ ကျန်တာကတော့ လက်နက်စနစ်နဲ့ ကြယ်စင်ဆွဲငင်အားကွင်းပဲ၊၊ တခြားသယ်ယူပို့ဆောင်ရေးတွဲတွေကတော့ အရေးမကြီးပါဘူး။ နင့်ရဲ့ ဦးလေး ၂ ကို ပြောလိုက်ပါ၊၊ ကြယ်ဆိပ်ကမ်းပျက်စီးသွားရင်တောင် ဒီရထားကိုတော့ မပျက်စီးအောင် ထိန်းသိမ်းထားရမယ်။ ဒီအရာသာရှိရင် ကြယ်စင်ခရီးစဉ် စီမံကိန်း ပျက်စီးသွားရင်တောင် ငါတို့က ဂြိုဟ်ပတ်ရထားလမ်းကနေတစ်ဆင့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်နိုင်သေးတယ်၊၊ တကယ်လို့ ကောင်းကင်အကာအကွယ်ပွင့်သွားရင်လည်း ငါတို့က အပေါ်တက်ပြီး ထွက်ပြေးလို့ ရသေးတယ်၊၊ အသက်ရှင်ဖို့ အခွင့်အရေးရှိသေးတယ်… နားလည်လား”

“နားလည်ပါပြီ၊၊ အမြဲတမ်းနောက်ဆုတ်ဖို့ လမ်းတစ်ခုပြင်ထားရမယ်၊၊ ကျိုးမင်ယွမ်က ယုံလို့မရဘူး၊၊ အနီရောင်ကမ္ဘာက ပိုဆိုးတယ်”

လီကျန်းက လေးနက်စွာ ခေါင်းညိတ်ပြသည်၊၊

“ဒါပေမဲ့ ကျွန်တော်တို့ပဲ အတွေးလွန်နေတာများလား၊၊ ဖီးနစ်က ကျင်းဟိုင်ကို အချိန်တိုအတွင်း သိမ်းနိုင်မှာ မဟုတ်သလို… တိတ်ဆိတ်မြို့တော်နဲ့ ဟိုပုစွန်လိုကောင်တွေက ရထားတစ်စင်းကို မောင်းပြီး ညဘက်မှာတောင် အသက်ရှင်နိုင်ပါ့မလား၊၊ ကျင်းဟိုင်အတွက် ဘာလို့ စိုးရိမ်နေရတာလဲ”

ဟင့်၊၊

ဝမ်ဟွေ့က လှောင်ပြုံးပြုံးလိုက်သည်၊၊

“ဒီကမ္ဘာကြီးက ပျက်စီးနေတဲ့ ဇာတ်ခုံကြီးတစ်ခုပဲ၊၊ အနီရောင်ကမ္ဘာက အရမ်းအစွမ်းထက်တယ်လို့ မထင်နဲ့။ သူတို့က စိတ်မနှံ့တဲ့ အရူးအုပ်စုတစ်ခုပဲ။ ယိကျင်းက သုညဒြပ်စင်ဗဟိုဌာနနဲ့ အဖြူရောင်မြို့သုတေသနဌာနကို အဲဒီလင်းရှန်က အသာလေး သိမ်းသွားနိုင်ခဲ့တယ်၊၊ အနီရောင်ကမ္ဘာ No.3 တို့၊ အမှောင်တိုက်စားဆဲလ်တွေနဲ့ သုတေသနအချက်အလက်တွေ အားလုံးကိုလည်း သူပဲ ယူသွားတာပဲ၊၊ အနီရောင်ကမ္ဘာက တခြားအဖွဲ့အစည်းတွေထက် အမှောင်သတ္တဝါတွေကို သုတေသနလုပ်ရာမှာ အားသာချက်ရှိတယ်ဆိုတာ ငါဝန်ခံပါတယ်၊၊ ဒါပေမဲ့ နောက်ဆုံးတော့ သူတို့က ထူးဆန်းတဲ့ အဝတ်အစားတွေ ဝတ်ပြီး အမှောင်သတ္တဝါတွေကို နတ်ဘုရားလို ကိုးကွယ်နေတဲ့ သနားစရာကောင်းတဲ့ ကောင်တွေပဲ။ ဒါကြောင့် ငါစိုးရိမ်တာက တိတ်ဆိတ်မြို့တော် မဟုတ်ဘူး၊၊ အနီရောင်ကမ္ဘာလည်း မဟုတ်ဘူး။ ငါ စိုးရိမ်တာက သူတို့ရဲ့ ပဋိပက္ခကြောင့် ကျင်းဟိုင်နဲ့ အာရုဏ်ဦးမြို့တော်မှာ ဖြစ်လာမယ့် ရှောင်လွှဲလို့မရတဲ့ ဘေးအန္တရာယ်တွေပဲ၊၊ အမှောင်ကမ္ဘာရဲ့ တကယ့်ကြောက်မက်ဖွယ်ကောင်းတဲ့အရာတွေနဲ့ ရင်ဆိုင်ရရင် ငါတို့အားလုံးဟာ ပုရွက်ဆိတ်တွေပဲ...”

“သူတို့လည်း ပုရွက်ဆိတ်တွေပဲ”

All Chapters