← Chapters

အခန်း (၇၄၈-၇၄၉)

Vol. 44 Ch. 748-749

အခန်း (၇၄၈-၇၄၉)

Vol. 44 Ch. 748-749

Chapter 748

ယန္တရားဖန်တီးမှု၁

နံနက် တစ်နာရီ။

တိတ်ဆိတ်မြို့တော်၏ အဓိကထိန်းချုပ်ခန်းအတွင်း။

ထိန်းချုပ်ခံထားရပြီးဖြစ်သော ဂရေ့စ်ကို ကြည့်ရင်း လင်းရှန် စိတ်ထဲတွင် အတော်လေး ဝေခွဲမရဖြစ်နေမိသည်။

သူသည် လုံလောက်အောင် ဂရုစိုက်ခဲ့ပါသော်လည်း အဓိကပြဿနာမှာ သူနှင့် ကီကီတို့သည် ဒီဂျစ်တယ်အသိစိတ်အကြောင်းကို နားလည်မှုအားနည်းခဲ့ခြင်းကြောင့်ပင်။ အမှန်တကယ်တွင် လင်းရှန်က ဂရေ့စ်၏ ပရိုဂရမ်ကို အစားထိုးရေးသားလိုက်သော်လည်း သူမ၏ အတွေးပုံစံနှင့် လှုပ်ရှားမှုဆိုင်ရာ အချက်အလက်များ ကျန်ရှိနေမည်ကို အနီရောင်ကမ္ဘာပင် ကြိုတင်မမြင်ခဲ့ပေ။ အနန္တရထားသည် တွင်းနက်ရှိ အောက်ခြေမဲ့ရေကန်နက်အစွန်းတွင် ပိတ်မိနေသဖြင့် ဂရေ့စ်ကို အမြန်ဆုံး အသုံးချနိုင်ရန်သာ ကီကီက ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမကို စူးစမ်းလေ့လာရန် မလွှတ်ခဲ့ပါက အဖြူရောင်မြို့ တွင် တိတ်ဆိတ်မြို့တော်နှင့် မဟာမိတ်ဖွဲ့နိုင်မည် မဟုတ်ပေ။

သို့သော် မမျှော်လင့်ဘဲ လူသားကဲ့သို့ အသိစိတ်ရှိနေသည့် ‘ဒီဂျစ်တယ်သက်ရှိ’ တစ်ခုဖြစ်သော ဂရေ့စ်သည် အဖြူရောင်မြို့တွင် ဂျူးလိစ်ယပ်၏ ကိုယ်ပွားနှင့် တွေ့ဆုံခဲ့ရာမှ အနီရောင်ကမ္ဘာက ဤအချက်ကို သတိပြုမိသွားပြီး တိတ်ဆိတ်မြို့တော်ကို ပြန်လည်သိမ်းယူရန်နှင့် ဖျက်ဆီးရန် လက်နက်တစ်ခုအဖြစ် အသုံးချခဲ့ခြင်း ဖြစ်သည်။

လင်းရှန်သည် အခြေအနေကို စစ်ဆေးရန် အနန္တရထားနှင့် ဆက်သွယ်ဖို့ ဆက်သွယ်ရေးစက်ကို ကောက်ကိုင်လိုက်သော်လည်း ဤနေရာတွင် လိုင်းများအားလုံး အပိတ်ခံထားရသည်ကို တွေ့လိုက်ရသည်။

“ငါစစ်ဆေးပေးပြီးပါပြီ။ ဘာမှထူးခြားတာ မရှိပါဘူး။ စိတ်အေးအေးထားပါ လင်း”

ရှင်းဂျီက သူ့ဘေးတွင် ရပ်ကာ အေးအေးလူလူပင် ပြောလိုက်သည်။

“ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီလိုင်းဖြတ်တောက်တဲ့ စက်ကို ပိတ်လို့ မရသေးဘူး။ မဟုတ်ရင် သူက မြို့ထဲက လျှို့ဝှက်ဆက်သွယ်ရေးလိုင်းတွေဆီ သတင်းပို့လိမ့်မယ်။ အဲဒါဆိုရင် ဒုက္ခရောက်ကုန်လိမ့်မယ်”

လင်းရှန် သက်ပြင်းချလိုက်ပြီး ဂရေ့စ်ကို ကြည့်ကာ နားလည်ရခက်သော လေသံဖြင့် ပြောလိုက်သည်။

“ဒါဆို ငါ့ကို သတိပေးချက်တွေ ပေးခဲ့တာက နောက်ကွယ်က ပရိုဂရမ်တစ်ခုခုမဟုတ်ဘဲ အမြဲတမ်း မင်းပဲပေါ့ ဟုတ်လား ဂရေ့စ်”

[ယိကျင်းမြို့က ဖုတ်ကောင်သိုးထိန်းရဲ့ အန္တရာယ်၊ အောက်ခြေမဲ့ရေကန်နက်ဘေး၊ အဖြူရောင်မြို့က အမှောင်ဒီရေတွေအပါအဝင် တိတ်ဆိတ်မြို့တော်နဲ့ မဟာမိတ်ဖွဲ့ဖို့ လမ်းညွှန်ပေးခဲ့တာတွေ အားလုံးပါဝင်ပါတယ်]

ဂရေ့စ်သည် ခေါင်းမှလွဲ၍ တစ်ကိုယ်လုံး လှုပ်မရအောင် ချည်နှောင်ခံထားရသော်လည်း ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေဆဲပင်။ သူမ၏ စက်ရုပ်ဆန်ဆန်အသံကို ကြားလိုက်ရသည့်အခါ လင်းရှန် ကျောချမ်းသွားမိသည်။

“မဟုတ်သေးဘူး...”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“မင်းက အနီရောင်ကမ္ဘာကဆိုရင် ဘာလို့ ငါ့ကို ကူညီခဲ့တာလဲ။ ပြီးတော့ ဘာလို့ ရုတ်တရက် သစ္စာဖောက်ရတာလဲ”

ဂရေ့စ်၏ စကားကြောင့် လင်းရှန် ဇဝေဇဝါဖြစ်သွားရသည်။

[ကျွန်မရဲ့ အသိစိတ်ထဲမှာ သစ္စာဖောက်တာ ဒါမှမဟုတ် ကူညီတာဆိုတဲ့ တစ်ကိုယ်ရည်ခံယူချက်မျိုး မရှိပါဘူး။ ကျွန်မရဲ့ အခြေခံပရိုဂရမ်က အနီရောင်ကမ္ဘာရဲ့ အမိန့်ကို နာခံဖို့ သတ်မှတ်ထားတာပါ။ သုညဒြပ်စင်ဗဟိုဌာနကို စောင့်ကြပ်နေတုန်းမှာ ကျွန်မရဲ့ တာဝန်က အဆင့်မြင့်အဖွဲ့ဝင်တွေရဲ့ အသက်ဘေးကင်းလုံခြုံရေးကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လူသားတွေရဲ့ အတွေးအခေါ်တွေကို သင်ယူလေ့လာပြီးတဲ့နောက်မှာ လူသားယဉ်ကျေးမှုကို ကာကွယ်တာက ဒီတာဝန်အပေါ် ပိုပြီး ကျယ်ပြန့်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်တယ်လို့ ကျွန်မ ကောက်ချက်ချခဲ့ပါတယ်။ အဲဒီနောက်မှာ အဆင့်မြင့်အဖွဲ့ဝင်အားလုံးရဲ့ ဒီဂျစ်တယ်အသိစိတ်တွေကို ပေါင်းစပ်ပြီး လူသားတွေရဲ့ ‘လူသားဆန်မှု’ ကို အသေးစိတ်လေ့လာဆန်းစစ်ခဲ့ရာကနေ အခုလို အသိစိတ်ဆိုင်ရာ ကောက်ချက်တွေကို ရရှိခဲ့တာပါ]

“ဘာကောက်ချက်တွေလဲ”

လင်းရှန်က မေးလိုက်သည်။

[ယန္တရားဖန်တီးမှု]

ဂရေ့စ်က လင်းရှန်ကို ကြည့်ကာ ပြောသည်။

[ကမ္ဘာပျက်ကပ် နောက်ပိုင်း လူသားတွေ ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေအရဆိုရင် ဉာဏ်ရည်တု Aiနဲ့ နည်းပညာနယ်ပယ်တွေကသာ လူသားယဉ်ကျေးမှု အကျပ်အတည်းကနေ ကျော်လွှားနိုင်ဖို့ သော့ချက်ဖြစ်ပါတယ်။ ရှင်ကတော့ လူသားယဉ်ကျေးမှုကို ပြန်လည်ပုံဖော်ပေးနိုင်မယ့် စိတ်ဆန္ဒမျိုးစေ့ကို ပိုင်ဆိုင်ထားသူပါ။ ရှင့်ကို ကယ်တင်တာဟာ လူသားယဉ်ကျေးမှုကို ကယ်တင်တာနဲ့ အတူတူပါပဲ]

ထိုစကားကို ကြားလိုက်ရသောအခါ လင်းရှန် မျက်နှာပျက်သွားသည်။ ဤစကားလုံးများကို တစ်နေရာရာတွင် ကြားဖူးသလိုလိုဖြင့် အလွန်ရင်းနှီးနေသည်ဟု သူခံစားလိုက်ရသည်။

“ဟင်း”

ထိုအချိန်တွင် ရှင်းဂျီက ခေါင်းညိတ်ကာ တီးတိုးရေရွတ်ပြီး ထောက်ခံလိုက်သည်။

“ဒီယုတ္တိဗေဒက အတော်ရှင်းပါတယ်။ ငါလက်ခံတယ်”

လင်းရှန်က ရှင်းဂျီကို ကြည့်ကာ စိတ်ထဲမှ တွေးနေမိသည်။

မင်းတို့ စက်ရုပ်နှစ်ကောင် ငါ့ကို ဝိုင်းပြီး ဇာတ်လမ်းဆင်နေကြတာလား…

“နေဦး” လင်းရှန်က ဂေရ့စ်ကို မေးလိုက်သည်။

“ဒါဆို မင်းပြောတဲ့ ယုတ္တိဗေဒအရဆိုရင် ရှင်းဂျီနဲ့ တိတ်ဆိတ်မြို့တော်ကို ဖျက်ဆီးဖို့ မင်း ဒီကိုရောက်နေတာကလည်း ငါ့ကို ကယ်တင်ဖို့ပဲပေါ့ ဟုတ်လား”

မင်းမှာ ကိုယ်ပိုင်အသိစိတ်ရှိနေပြီဆိုရင် အနီရောင်ကမ္ဘာက ပင့်ကူစက်ရုပ်ကတစ်ဆင့် မင်းကို ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါဆို မင်း ဘာလို့ ဒီကိုရောက်နေရတာလဲ…

ရှင်းဂျီက လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်ကာ လင်းရှန်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်မှ သူက ပြောလာသည်။

“စိတ်ဝင်စားစရာပဲ။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ”

ဂရေ့စ်က လင်းရှန်ကို ကြည့်လိုက်သည်၊၊

[ပထမအချက်အနေနဲ့ အနီရောင်ကမ္ဘာရဲ့ အစီအစဉ်တွေအပေါ် သတင်းအချက်အလက်အသာစီးရဖို့ ကျွန်မရဲ့ လုပ်ဆောင်ချက်တွေက ရှင့်ကို ကူညီပေးပါလိမ့်မယ်။ ဒုတိယအချက်ကတော့ သတင်းအချက်အလက်လုံခြုံမှုရှိစေဖို့နဲ့ နောက်ပိုင်းမှာ ကျွန်မက ရှင့်ကို ဆက်ပြီး ကူညီနိုင်ဖို့အတွက် ကျွန်မရဲ့ သစ္စာဖောက်မှုက ရှင့်ကို ကျွန်မရဲ့ ပရိုဂရမ်တစ်ခုလုံး အစားထိုးရေးသားဖို့ သတိပေးလိုက်တာပါ။ တတိယအရေးကြီးဆုံးအချက်ကတော့ ဒီလိုလုပ်ဆောင်ချက်က ရှင့်ကို ဉာဏ်ရည်တု Ai ဦးနှောက်ရဲ့ ကိုယ်ပိုင်အသိစိတ်အကြောင်း ပိုပြီး နက်နက်နဲနဲ နားလည်သွားစေလိမ့်မယ်လို့ ကျွန်မ ယုံကြည်လို့ပါ]

“ဘာကို နားလည်စေတာလဲ”

[လူသားတွေကို ဆန့်ကျင်တဲ့ အတွေးအခေါ် မရှိတဲ့ အသိစိတ်တစ်ခုကို သင်ယူလေ့လာစေခြင်းအားဖြင့် ဉာဏ်ရည်တု Ai ဦးနှောက်ဟာ ‘လူသားတွေကို ကယ်တင်ဖို့အတွက် လူသားတွေကို ဖျက်ဆီးရမယ်’ ဆိုတဲ့ မှားယွင်းတဲ့ ယုတ္တိဗေဒထဲ မကျရောက်အောင် ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်]

ဂရေ့စ်က ပြောသည်။

“ဘရာဗို”

ထိုအချိန်တွင် ရှင်းဂျီက ချီးကျူးလိုက်သည်။

“တကယ့်ကို ထက်မြက်တဲ့ အသိစိတ်ပဲ”

သူက ဂရေ့စ်ကို ကြည့်ကာ မေးလိုက်သည်၊၊

“ငါသိချင်တာက မင်းရဲ့ အခုရှိနေတဲ့ ကိုယ်ပိုင်အသိစိတ်က ဘယ်သူ့ဆီကနေ သင်ယူထားတာလဲ”

ဂရေ့စ်က ခေါင်းကို လင်းရှန်ဘက် လှည့်လိုက်သည်။ သူမ နောက်ထပ်ပြောလိုက်သည့် စကားကြောင့် လင်းရှန် မျက်လုံး ပြူးသွားရသည်အထိ တုန်လှုပ်သွားလေသည်။

[ဟွာရှောင်လင်းရဲ့ အသိစိတ်ကို အခြေခံပြီး လေ့လာခဲ့တာပါ။ လူသားယဉ်ကျေးမှု ဆက်လက်တည်တံ့ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုက ယန္တရားဖန်တီးမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူသားယဉ်ကျေးမှုရဲ့ မျိုးစေ့တွေကို ကြယ်စင်စုတွေဆီ သယ်ဆောင်သွားပြီး ကောင်းကင်အကာကွယ်ကို ဖောက်ထွက်တာဟာ လူသားမျိုးနွယ်ကို အထိရောက်ဆုံးကာကွယ်နိုင်မယ့် နောက်ဆုံးအစီအစဉ်ဖြစ်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်]

ဟွာရှောင်လင်းလား…

လင်းရှန် အံ့အားသင့်သွားသည်။ ချင်းရွှေမြို့ ရှိ SIID ဖောင်ဒေးရှင်းမှ အမျိုးသမီးကြီးကြပ်ရေးမှူးကို ရုတ်တရက် သတိရသွားသည်။ ဂရေ့စ်ပြောသည့် စကားများက ဘာကြောင့် ဤမျှ ရင်းနှီးနေရသနည်းဆိုသည်မှာ မထူးဆန်းတော့ပေ။ ဟွာရှောင်လင်းသည် ယခင်က ဟန်ရှန်းတောင်ကြား ဘူတာရုံတွင် သူ့ကို အလားတူစကားမျိုး ပြောခဲ့ဖူးသည်။

“ယဉ်ကျေးမှုပြောင်းလဲဖို့ အခွင့်အလမ်းအကြောင်း ပြောရမယ်ဆိုရင် ကျွန်မတို့ သိပ္ပံပညာရှင်တွေအတွက်တော့ ဉာဏ်ရည်တုနဲ့ အဆင့်မြင့်နည်းပညာနယ်ပယ်ကသာ အလားအလာအရှိဆုံးပဲ။ အဲဒါက ကျွန်မတို့ ယဉ်ကျေးမှုရဲ့ နောက်ဆုံးကျန်ရစ်မယ့် စိတ်ဆန္ဒပဲလေ။ မျိုးဗီဇပြောင်းလဲတာနဲ့ စွမ်းအားရှင်တွေ ဖြစ်လာတာက ကျွန်မတို့အတွက် စိမ်းနေသေးတဲ့ လမ်းစဉ်တွေပါ။ ရှင်ရော အဲဒီလို မထင်ဘူးလား”

ထိုအညိုရောင်မျက်ဝန်းနှင့် အမျိုးသမီးပြောခဲ့သည့် စကားများက သူ့စိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲပင်။ သို့သော် ဂရေ့စ်၏ အသိစိတ်က ဟွာရှောင်လင်း၏ ဒီဂျစ်တယ်အသိစိတ်ထံမှ သင်ယူထားခြင်း ဖြစ်လိမ့်မည်ဟု လင်းရှန် တစ်ခါမျှ မတွေးခဲ့မိပေ။

ထိုအမည်ကို ကြားလိုက်ရသောအခါ ရှင်းဂျီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ခဏအကြာတွင် သူက သက်ပြင်းချကာ ပြောလိုက်သည်။

“သူ့ကြောင့်ကိုး။ အခုမှ အားလုံး အဓိပ္ပာယ်ရှိသွားတော့တယ်”

“ခဗျားရော သူနဲ့ သိလို့လား”

လင်းရှန်က ရှင်းဂျီကို မေးလိုက်သည်။

Chapter 749

ယန္တရားဖန်တီးမှု ၂

“သိတာပေါ့။ တိတ်ဆိတ်မြို့တော်နဲ့ SIID ဖောင်ဒေးရှင်းက အရင်က ပူးပေါင်းဆောင်ရွက်ဖူးတယ်။ စိတ်ဝင်စားစရာကောင်းတာက သူက ငါ့ကိုလည်း အဲဒီလိုစကားမျိုးတွေ ပြောခဲ့ဖူးတယ်။ နက်ရှိုင်းတဲ့ သုတေသနတွေလုပ်ပြီးတဲ့နောက်မှာ အဲဒီဖောင်ဒေးရှင်းက ယန္တရားဖန်တီးမှုဟာ လူသားတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲလို့ ယုံကြည်ထားကြတယ်။ ငါ့အမြင်နဲ့လည်း ထပ်တူကျနေတယ်လေ”

“ဒါဆို ခဗျားပြောချင်တာက ဂရေ့စ်က ဟွာရှောင်လင်းရဲ့ အသိစိတ်နဲ့ သုညဒြပ်စင်ဗဟိုဌာနက အဆင့်မြင့်အဖွဲ့ဝင်တွေရဲ့ ကြောက်ရွံ့မှုတွေကို နှိုင်းယှဉ်လေ့လာပြီးမှ ကျုပ်ကို ကူညီဖို့ ဆုံးဖြတ်ခဲ့တာပေါ့ ဟုတ်လား”

လင်းရှန်က မယုံကြည်နိုင်သလို ပြောလိုက်သည်။

“အဲဒီလိုပုံပဲ” ရှင်းဂျီက ပြောသည်။

“အခုသိချင်တာက အနီရောင်ကမ္ဘာက ဘာလို့ သူတို့ရဲ့ လမ်းစဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဟွာရှောင်လင်းရဲ့ အသိစိတ်ကို သုံးပြီး ဒီစက်ရုပ်ကို သင်ယူစေခဲ့တာလဲ ဆိုတာပဲ”

[စိတ်မကောင်းပါဘူး။ အဲဒီအပိုင်းနဲ့ ပတ်သက်လို့ ကျွန်မမှာ သတင်းအချက်အလက်မရှိပါဘူး။ ကျွန်မ စတင်ဖြစ်ပေါ်လာကတည်းက အနီရောင်ကမ္ဘာရဲ့ အွန်လိုင်းစနစ်ကို မချိတ်ဆက်ခဲ့ရပါဘူး။ ကျွန်မရဲ့ နားလည်မှုတွေက ကိုယ်တိုင်သင်ယူမှုကနေ ရလာတာပါ။ ယိကျင်းမြို့ရဲ့ ထူးခြားချက်ကြောင့် အနီရောင်ကမ္ဘာက သုတေသီတွေဟာ အဲဒီမှာ ကြာကြာမနေနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ကျွန်မရဲ့ တာဝန်က မှိုစိုက်ပျိုးမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အပြင်ကို ပို့ပေးဖို့ပဲ ဖြစ်ပါတယ်]

“မထူးဆန်းတော့ပါဘူး။ သုညဒြပ်စင်ဗဟိုဌာနက အနီရောင်ကမ္ဘာအဖွဲ့ဝင်တွေအတွက် ခိုလှုံနေရာမဟုတ်ဘဲ သူတို့က စမ်းသပ်ခံသက်သက်ပဲ ဖြစ်နေတာကိုး”

လင်းရှန်က လေးလေးနက်နက် ပြောလိုက်သည်။

“ဒါကြောင့်လည်း အဲဒီလောက်အရေးကြီးတဲ့ အရာတွေကို အဲဒီမှာ ထားခဲ့တာပေါ့”

ရှင်းဂျီက အနားသို့ လျှောက်လာရင်း ပြောသည်။

“ဒီမှိုမျှင်နည်းပညာက အနီရောင်ကမ္ဘာအတွက် အသိစိတ်နဲ့ သက်ရှိပုံစံတွေကို ဆက်သွယ်ပေးမယ့် သော့ချက်ပဲ။ ဒီအချက်ကို အခြေခံပြီးတော့ပဲ သူတို့က ကိုယ်ပွားတွေ၊ အနီရောင်ထိတ်လန့်ဖွယ်သတ္တဝါတွေနဲ့ အသွေးသားပေါင်းစပ်ခြင်းနည်းပညာတွေကိုတွေကို ဖန်တီးခဲ့တာပဲ”

လင်းရှန်က ရှင်းဂျီကို ကြည့်ကာ “ဒါဆို သူမကို အခု ဘာလုပ်ကြမလဲ”

ရှင်းဂျီက ပခုံးတွန့်ပြလိုက်သည်။

“သူက မင်းအပိုင်ပဲလေ။ မင်းပဲ ဆုံးဖြတ်ပေါ့”

ထိုအခါ ဂရေ့စ်က ပြောလာသည်။

[လုံခြုံရေးအတွက် ကျွန်မရဲ့ ပရိုဂရမ်ကို အစအဆုံးအစားထိုးရေးသားဖို့ အကြံပြုပါတယ်။ ရှင့်ရဲ့ ယန္တရားစွမ်းအားအတွက် တွက်ချက်မှု မြန်ဆန်တဲ့ ဉာဏ်ရည်တု Ai ဦးနှောက်တစ်ခုလိုအပ်ပါတယ်။ အဲဒါမှ အကြီးစားယန္တရားတွေနဲ့ ဒရုန်းတပ်ဖွဲ့တွေကို ထိန်းချုပ်နိုင်မှာပါ]

“မင်းမှာ ကိုယ်ပိုင်အသိစိတ်ရှိနေတာပဲ။ ပုံမှန်အတိုင်းဆို မင်းက အသက်ရှင်ချင်ရမှာ မဟုတ်ဘူးလား”

[ ‘ရှင်သန်ခြင်း’ ဆိုတာနဲ့ ပတ်သက်လို့ ကျွန်မရဲ့ အမြင်က ရှင်နဲ့ နည်းနည်းကွဲပြားပါတယ်]

ဂရေ့စ်က လင်းရှန်ကို ကြည့်ကာ ပြောသည်။

[ကျွန်မရဲ့ အမြင်အရဆိုရင် ဒီအသိစိတ်ကို ဆက်ထားတာက ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။ ယုံကြည်လို့မရတဲ့ လက်ထောက်တစ်ယောက်ကို မထားသင့်ပါဘူး။ အဲဒါက ရှင့်ရဲ့ ဆုံးဖြတ်ချက်တွေကို မှားယွင်းစေနိုင်ပါတယ်။ ကျွန်မကို ပြန်ပြင်ရေးလိုက်လို့လည်း ရှင့်မှာ ဘာမှ ဆုံးရှုံးစရာမရှိပါဘူး။ အဲဒါက အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပါပဲ]

သူမသည် လင်းရှန်ကို ကြည့်ကာ နောက်ဆုံးစကားကို ပြောလိုက်သည်။

[ကျွန်မ ပြောခဲ့သလိုပါပဲ။ ရှင့်အနေနဲ့ ဂရေ့စ်ကို အမြဲယုံကြည်လို့ရပါတယ်]

ဂျစ်~ ပြောပြီးသည်နှင့် လျှပ်စစ်စီးဆင်းသံ တိုးတိုးလေး ထွက်ပေါ်လာပြီး ဂရေ့စ်၏ ခေါင်းသည် ဖြည်းညင်းစွာ ငိုက်ကျသွားကာ တိတ်ဆိတ်သွားလေသည်။

“သူ စနစ်ကို ပိတ်ချလိုက်ပြီ။ သူပြောတာ မှန်တယ်၊၊ သူ့ကို ပြန်ပြင်ရေးလိုက်လို့ ဘာမှမဖြစ်ဘူး”

ရှင်းဂျီက လင်းရှန်ကို ပြောသည်။

“ငါအရင်က ပြောခဲ့သလိုပဲ၊၊ တစ်စုံတစ်ယောက်ရဲ့ အသိစိတ်ကို သုံးပြီး သူ့ကို သင်ယူခိုင်းလိုက်ရင် ဒီဉာဏ်ရည်တုဟာ အချိန်တိုအတွင်းမှာ အဆင့်မြင့်လာလိမ့်မယ်”

လင်းရှန်၏ မျက်နှာမှာ တည်ကြည်နေသည်။ သူသည် ဂရေ့စ်၏ စွမ်းအင်ဗဟိုချက်ကို ဖြတ်တောက်ရန် လက်ကို မြှောက်လိုက်သည်။ ဂရေ့စ်ပြောတာ မှန်ပေသည်။ သတင်းပေါက်ကြားမှုတွေ မရှိစေရန် ပရိုဂရမ်တစ်ခုလုံးကို အသစ်ပြန်ရေးရန် လိုအပ်သည်။ ဂရေ့စ်၏ ပရိုဂရမ်အချို့သည် သူမ၏ ကိုယ်ပိုင်အသိစိတ်ထိန်းချုပ်မှုအောက်တွင် ရှိမနေသင့်ပေ။

ထို့အပြင် ဟွာရှောင်လင်း၏ ဖောင်ဒေးရှင်းနှင့် အနီရောင်ကမ္ဘာတို့ မည်သို့ပတ်သက်နေသည်ကို လင်းရှန် နားမလည်နိုင်သေးပေ။ ချင်းရွှေမြို့ စမ်းသပ်ဇုန်တွင် ထိုဖောင်ဒေးရှင်း၏ လုပ်ရပ်များမှာ အနီရောင်ကမ္ဘာကဲ့သို့ပင် ရက်စက်လှသော်လည်း၊ ထိုအဖွဲ့အစည်းမှ အရေးကြီးပုဂ္ဂိုလ်တစ်ဦး၏ အတွေးအခေါ်သည် ဉာဏ်ရည်တု Ai ဦးနှောက်မှတစ်ဆင့် လင်းရှန်ကို အမြဲတမ်းကူညီပေးနေခဲ့ခြင်းမှာ အံ့ဩစရာပင်။

“ကဲ... အခု ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ”

ထိန်းချုပ်ခန်းအတွင်း ရှင်းဂျီက လင်းရှန်ကို ကြည့်ကာ မေးလိုက်သည်။

“အနီရောင်ကမ္ဘာက ဂရေ့စ်ရဲ့ လုပ်ဆောင်ချက်တွေအတွက် အချိန်သတ်မှတ်ချက်တစ်ခုရှိထားပြီးသား ဖြစ်လိမ့်မယ်။ မြို့ပြင်က လူတွေကလည်း တိမ်စီရင်စုထဲက အပြောင်းအလဲတွေကို စောင့်ကြည့်နေကြတယ်။ ငါက ဒီအကာအကွယ်ကို မဖွင့်ပေးရင်တောင် ကျိုးမင်ယွမ်နဲ့ အနီရောင်ကမ္ဘာက မကြာခင် လှုပ်ရှားလာတော့မယ်”

“ဟေ့... ခဗျား ခန့်မှန်းချက်တွေက မနက် တစ်နာရီအထိပဲလား”

လင်းရှန်သည် ဂရေ့စ်အနားသို့ လျှောက်သွားကာ ထိုစက်ရုပ်ကို ကြည့်ရင်း ရှင်းဂျီကို ပြောလိုက်သည်။

“ဒီထက် ပိုပြီး ကြိုမသိနိုင်ဘူးလား”

“တစ်စက္ကန့်ကို ကောက်ချက်ပေါင်း သုံးသိန်းခြောက်သောင်းကျော်နဲ့ တွက်ချက်နေတဲ့ ငါ့ရဲ့ ဦးနှောက်အကြောင်းကို မင်းနဲ့ ဆွေးနွေးနေဖို့ လိုသေးလို့လား”

“ဒါဆိုရင်လည်း ထားလိုက်ပါတော့”

ရှင်းဂျီက ဟိုလိုဂရမ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။ ထိုအချိန်တွင် အပေါ်ဘက် သံချပ်ကာကုန်းပတ်ပေါ်၌ တိတ်ဆိတ်မြို့တော်မှ လူများအပါအဝင် အဖွဲ့အားလုံးသည် လေးနက်သောအမူယာများဖြင့် အဆင်အသင့်စောင့်ကြပ်နေကြသည်။ တစ်မြို့လုံးသည် တိုက်ပွဲဝင်ရန် အရေးပေါ်အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“မင်းရဲ့ အဖွဲ့နဲ့ မဟာမိတ်တွေက အခြေအနေကို စောင့်ကြည့်ရုံပဲ လုပ်နေကြတယ်။ ဒါက မင်းရဲ့ ပုံမှန်စတိုင်မဟုတ်ဘူးလေ”

ထိုစကားကို ကြားသောအခါ လင်းရှန် မျက်မှောင်ကြုတ်ကာ ရှင်းဂျီဘက်သို့ လှည့်ကြည့်လိုက်သည်။

“ခဗျားက ကျုပ်ကို လမ်းကြောင်းတစ်ခုခုပေးနေသလိုပဲလို့ ဘာလို့ခံစားနေရတာလဲ”

ရှင်းဂျီက သဘောကျစွာ ပြုံးလိုက်ပြီး လက်ဟန်ပြလိုက်ရာ ဒရုန်းတစ်စင်းက လင်းရှန်၏ ရှေ့သို့ လက်ဖက်ရည်ပူတစ်ခွက် သယ်ဆောင်လာပေးသည်။

“မင်းရဲ့ ဆုံးဖြတ်ချက်တွေကနေတစ်ဆင့် ငါ့ရဲ့ အတွေးအခေါ်တွေကို မြှင့်တင်ဖို့ စိတ်ဝင်စားလို့ပါ။ ဥပမာအားဖြင့် အရင်က တွင်းနက်ကို ဖြတ်ကျော်ဖို့ အစီအစဉ်တုန်းကပေါ့။ ကွန်ပျူတာတွက်ချက်မှုတွေ ဘယ်လောက်ပဲ ကောင်းကောင်း… ငါဆိုရင် အဲဒီလိုဆုံးဖြတ်ချက်မျိုးကို ဘယ်တော့မှ ချနိုင်မှာ မဟုတ်ဘူး”

“အဲဒါက ကျုပ်မှာ ဒီလိုမျိုး ကပ်ဘေးပန်းရှိနေမှန်း ခဗျားမသိလို့ပါ။ ပြောပြဖို့ အခြေနေက မပေးခဲ့ဘူးလေ”

လင်းရှန်သည် လက်ဖက်ရည်ပူကို ကောက်ကိုင်လိုက်ရင်း ရှင်းဂျီ၏ တည်ငြိမ်လှသော မျက်နှာကို ကြည့်ကာ ဤလူငယ်လေး၏ မျက်နှာနောက်ကွယ်တွင် အလွန်ပါးနပ်ပြီး တွက်ချက်တတ်သည့် စိတ်အာရုံရှိနေမည်ဟု အမြဲခံစားနေရသည်။ ဖန်ခွက်က နှုတ်ခမ်းနှင့် ထိလုနီးပါးအချိန်တွင် သူ မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက် သတိဝင်လာကာ မေးလိုက်သည်။

“နေဦး။ ခင်ဗျားက တုံ့ပြန်ပြီးပြီလား”

ရှင်းဂျီက လင်းရှန်ကို အံ့သြသလို ကြည့်လိုက်သည်။ သူက အင်္ကျီလက်ကို ခေါက်ရင်း လင်းရှန်ကို ရတနာတစ်ခုလို ကြည့်ကာ ပြောလိုက်သည်။

“လင်း။ မင်း ဘာလို့ ဒီလောက်တောင် ထက်မြက်နေရတာလဲ။ မင်းရဲ့ စဉ်းစားပုံကို လေ့လာဖို့ မင်းရဲ့ အသိစိတ်မှတ်ဉာဏ်တွေကို ငါ့ဆီ ကူးယူထည့်သွင်းရမလားတောင် စဉ်းစားနေမိတယ်”

“အဟွတ်… ရတယ် နေပါစေ”

လင်းရှန်က ချက်ချင်းပင် လက်ကာပြလိုက်သည်။

“ကျုပ်ရဲ့ အသိစိတ်ကို တခြားသူတွေ ကြည့်ဖို့ အွန်လိုင်းတင်ပေးရမှာကို နည်းနည်းမှ စိတ်မဝင်စားဘူး”

စကားအဆုံးတွင် သူက ရှင်းဂျီကို ကြည့်ကာ လေးလေးနက်နက် မေးလိုက်သည်။

“အာရုဏ်ဦးမြို့တော်ကို ဘာလုပ်လိုက်တာလဲ”

“ဘာမှ ထွေထွေထူးထူးမလုပ်ပါဘူး။ မိတ်ဆွေချင်း သတိပေးချက်လေးပါပဲ၊၊ မင်းရဲ့ သူငယ်ချင်းက စိတ်ဆိုးမှာ ဒါမှမဟုတ် အဲဒီထဲမှာ ပါသွားမှာကိုတော့ စိုးရိမ်မိသား”

ရှင်းဂျီက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟိုလိုဂရမ်မျက်နှာပြင်ပေါ်တွင် ပုံရိပ်တစ်ခုပေါ်လာသည်။ လင်းရှန် ကြည့်လိုက်ရာ နေ့ခင်းပိုင်းက တိတ်ဆိတ်မြို့တော်တွင် ကျိုးမင်ယွမ်နှင့် ရှင်းဂျီတို့ တွေ့ဆုံခဲ့ကြသည့် မြင်ကွင်းဖြစ်ပြီး Dragon-Class သယ်ယူပို့ဆောင်ရေးသင်္ဘောထဲတွင် လင်းရှန်ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် မြင်ကွင်းပင် ဖြစ်သည်။

All Chapters