အခန်း (၇၅၂-၇၅၃)
Vol. 44 Ch. 752-753
Chapter 752
မုန်တိုင်း ၁
အခန်းထဲတွင် ဆူညံသံများ ဖုံးလွှမ်းသွားသော်လည်း ချူကျောက်နန်သည် တည်ငြိမ်နေဆဲပင်။ သူ၏ လက်ချောင်းများဖြင့် စားပွဲကို စည်းချက်ကျကျ ခေါက်နေသည်။ ခဏအကြာတွင် သူက ပြတ်သားစွာ ပြောလိုက်သည်။
“စုကျင်း၊၊ ကျင်းဟိုင်ကို ချက်ချင်းအကြောင်းကြားလိုက်… ပြီးထားသမျှ ကြယ်သင်္ဘောအားလုံးကို အာရုဏ်ဦးမြို့တော်ရဲ့ ကြယ်ဆိပ်ကမ်းမှာ လာဆိုက်ကပ်ခိုင်းလိုက်… လော့မင်… မင်းက အလင်းတမန်တော်ဌာနကို ဦးဆောင်ပြီး ကျင်းဟိုင်ကို သွား… တစ်ဖက်က လုထျန်းယဲ့ကို ဆက်သွယ်ပြီး တိတ်ဆိတ်မြို့တော်နဲ့ ပဋိပက္ခမဖြစ်အောင် တားဆီးပါ၊၊ နောက်တစ်ဖက်က ရှင်းဂျီနဲ့ ကိုယ်တိုင်ညှိနှိုင်းပြီး သူ့မှာဘာရည်ရွယ်ချက်ရှိလဲဆိုတာ စုံစမ်းပါ”
“နားလည်ပါပြီ”
စုကျင်းနှင့် လော့မင်တို့သည် သူတို့အဖွဲ့နှင့်အတူ ချက်ချင်း ထွက်ခွာသွားကြသည်။
ရုံးခန်းထဲတွင် နှစ်ယောက်တည်း ကျန်ခဲ့ချိန်၌ ရှုယန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ပုံမှန်ရှင်းလင်းချက်နဲ့ ဆူပူမှုကို နှိမ်နင်းဖို့အတွက် ဘာလို့ ဒီလောက်အကြီးအကျယ် လှုပ်ရှားနေရတာလဲ၊၊ မုန်တိုင်းကြီးတစ်ခုဖြစ်လာစရာတော့ မရှိပါဘူး”
ချူကျောက်နန်က တည်ငြိမ်စွာ ပြန်ဖြေသည်။
“အဘိုးကြီးရှု… မင်း မစဉ်းစားမိဘူးလား၊၊ ဘာလို့ တိတ်ဆိတ်မြို့တော်က ညတွင်းချင်း ကျင်းဟိုင်ကို အလျင်မြန်ဦးတည်သွားရတာလဲ၊၊ အစပိုင်းမှာ သူတို့က ကျိုးမင်ယွမ်နဲ့ အနီရောင်ကမ္ဘာတို့ ပူးပေါင်းပြီး တိတ်ဆိတ်မြို့တော်ကို လုပ်ကြံမယ်ဆိုတဲ့ သတင်းကို ဖြန့်တယ်၊၊ ပြီးတော့ ကျင်းဟိုင်ဆီ တိုက်ရိုက်ပျံသန်းလာတယ်၊၊ ဒါက ငါတို့ကို အကျိုးဆက်တွေအတွက် ထိတ်လန့်တကြားဖြစ်အောင် တမင်လုပ်တာပဲ၊ ဒီအခြေအနေမှာ အနီရောင်ကမ္ဘာပဲဖြစ်ဖြစ်… ငါတို့လူတွေကပဲဖြစ်ဖြစ်… သူတို့ကို တိုက်ခိုက်လိုက်ရင် ငါတို့က လူသားမျိုးနွယ်ကို ဆန့်ကျင်နေတယ်ဆိုတာကို တိုက်ရိုက်သက်သေပြလိုက်သလို ဖြစ်သွားမယ်၊၊ လူဦးရေ ၁သိန်းကျော်ရှိတဲ့ တိတ်ဆိတ်မြို့တော်သာ တစ်ခုခုဖြစ်သွားရင် ပြဿနာက ပိုကြီးလာလိမ့်မယ်”
“ကျိုးမင်ယွမ်က ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ ကြံထားတာပဲ… အခုတော့ ကိုယ့်ဓားနဲ ကိုယ်ပြန်ရှမိပြီ”
“ဒါပေမဲ့ ငါတို့ ကျင်းဟိုင်ကို စွန့်လွှတ်လိုက်သင့်လား”
ရှုယန်က မေးခွန်းထုတ်သည်။
“ငါ ကျင်းဟိုင်ကို မစွန့်လွှတ်ပါဘူး”
ချူကျောက်နန်က စားပွဲကို အသာအယာခေါက်ရင်း ဟိုလိုဂရပ်ဖစ်မျက်နှာပြင်ပေါ်ရှိ အချိန်ကို ညွှန်ပြကာ တိုးတိုးလေးပြောလိုက်သည်။
“ယဲ့လန်ရဲ့ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောက နောက်တစ်နာရီအတွင်း အာရုဏ်ဦးမြို့တော်ကို ရောက်လာမှာက တိုက်ဆိုင်မှုလို့ထင်လား”
“တိတ်ဆိတ်မြို့တော်က ဖီးနစ်နဲ့ ပူးပေါင်းပြီး ပြဿနာရှာနေတာလို့ မင်းထင်တာလား”
ရှုယန်က မေးသည်။
“သူတို့ ပူးပေါင်းသည်ဖြစ်စေ… မပူးပေါင်းသည်ဖြစ်စေ… အနီရောင်ကမ္ဘာရဲ့ အဓိကသော့ချက်ကို သုံးရမယ့်အချိန် ရောက်နေပြီ”
ချူကျောက်နန်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
“လင်းလုံအုပ်စုနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ကတည်းက ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာ ငါ ကြိုခန့်မှန်းထားပြီးသားပါ”
သူ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။
“ဝမ်ဟွေ့ကို ခေါ်လာပေး”
အရိပ်ထဲတွင် ပုန်းကွယ်နေသော အစောင့်တစ်ဦးက တိတ်တဆိတ် ထွက်လာပြီး ရုံးခန်းထဲမှ အမြန်ထွက်သွားသည်။ အစောင့်သည် ထိုနေရာတွင် ကြာမြင့်စွာ ရှိနေခဲ့ပုံရသော်လည်း မည်သူမျှ သတိမထားမိခဲ့ကြပေ။
ချူကျောက်နန် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ဧရာမ မြေအောက်မြို့တော်အောက်တွင် ဂြိုဟ်ပတ်လမ်းကြောင်း သယ်ယူပို့ဆောင်ရေးယာဉ်သည် စက်ကိရိယာအကြီးစားများကို သယ်ဆောင်နေပြီး ရပ်ကွက်တစ်ခုပြီးတစ်ခု၏ မီးရောင်များကို ဖုံးလွှမ်းသွားသည်။
ဒေါက်... ဒေါက်...
မကြာမီ ဝမ်ဟွေ့၏ ပုံရိပ်က တံခါးဝတွင် ပေါ်လာသည်။
“ဥက္ကဋ္ဌချူ၊၊ ကျွန်မကို ခေါ်တယ်ဆို”
“ဝမ်ဟွေ့”
ချူကျောက်နန်က ခေါင်းလှည့်ကြည့်လိုက်သည်။
“ငါ အခုချက်ချင်း ရှေ့ပြေးစီမံကိန်းကို စတင်ဖို့ အသင့်ပဲလို့ ဂျူးလိစ်ယပ်ကို ပြောလိုက်”
ထိုစကားကို ကြားသောအခါ ဝမ်ဟွေ့၏ မျက်လုံးများပြူးကျယ်သွားပြီး မျက်နှာမှာ ခဏမျှ ဖြူလျော်သွားသည်။ နှစ်စက္ကန့်ခန့် စဉ်းစားပြီးနောက် သူမက ပြောလိုက်သည်။
“ကောင်းပါပြီ၊ ကျွန်မတို့ ဒါကို လုံးဝထောက်ခံပါတယ်”
ထို့နောက် သူမက လှည့်ထွက်သွားသည်။
ရှုယန်သည် ထွက်ခွာသွားသော ဝမ်ဟွေ့၏ ကျောပြင်ကို ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။
“ဒီအခြေအနေအထိ ရောက်သွားပြီလား၊၊ ငါတို့ မျှော်လင့်ထားတာထက် အချိန်က အများကြီးစောနေတယ်”
“အချိန်က ငါတို့ဘက်မှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး” ချူကျောက်နန်က ပြတ်သားစွာ ပြောသည်။
“တစ်နှစ်၊ တစ်လ၊ တစ်ပတ်... ၆၄၃ ရက်ရှိပြီ၊၊ ငါက လူသားသမိုင်းမှာ ဆုံးရှုံးမှုအများဆုံးကို ခံစားခဲ့ရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လိမ့်မယ်၊၊ လူပေါင်း ၁၁.၆ ဘီလီယံ သေဆုံးခဲ့ပြီး မြို့ကြီး ၈၅ ရာခိုင်နှုန်း ပျက်စီးခဲ့ရတယ်၊၊ ငါ့အမြင်မှာတော့ အခု လူဦးရေဆိုတာလည်း မရှိဘူး၊၊ အရင်းအမြစ်ဆိုတာလည်း မရှိဘူး၊၊ အမှားအမှန်၊ တရားမျှတမှု ဒါမှမဟုတ် ကိုယ်ကျင့်တရားဆိုတာတွေလည်း မရှိတော့ဘူး၊၊ လူတွေ ငါ့ကို ဘယ်လိုပဲ ဝေဖန်ပါစေ… နာမည်ပျက်မယ်ပဲ ပြောပြော၊ မုန်းတယ်ပဲ ပြောပြော၊ ငါ ဂရုမစိုက်ဘူး၊၊ ဒီမီးပွားမျိုးစေ့လေးကိုတော့ ငါ့လက်ထဲမှာ လုံးဝ အငြိမ်းမခံနိုင်ဘူး”
…
အာရုဏ်ဦးမြေအောက်မြို့တော် အမှတ် ၁၊ အဓိကစီမံခန့်ခွဲရေးခန်းမ၌ ကျိုးမင်ယွမ်သည် ဒေါသတကြီး အော်ဟစ်နေသည်။
ခွမ်း… ကြွေလက်ဖက်ရည်ခွက်တစ်ခုသည် မြေပြင်ပေါ်တွင် အပိုင်းပိုင်းအစစဖြစ်သွားသည်။
“ဒီလို အောက်တန်းစား ကောလာဟလတွေကို မြို့တော်ရဲ့ ကွန်ရက်ပေါ်မှာ ဘယ်လိုလုပ် ပျံ့နှံ့ခွင့်ပေးလိုက်ရတာလဲ”
ကျိုးမင်ယွမ် တစ်ခါမျှ ဤမျှ ဒေါသမထွက်ဖူးချေ။
“တစ်ဖက်က စွမ်းအားမြင့်လေကြောင်းသတင်းပို့စနစ်ကို သုံးပြီး ထုတ်လွှင့်လိုက်တာမို့ မြို့သူမြို့သားအားလုံး တိုက်ရိုက်လက်ခံရရှိနေတာပါ၊၊ စစ်ဆေးကြည့်တော့ ကွန်ရက်စနစ်ထဲကို တိတ်ဆိတ်မြို့တော်က သူလျှိုတစ်ယောက်က ဝင်ရောက်နှောက်ယှက်ထားတာလို့ ယူဆရပါတယ်”
အရာရှိတစ်ဦးက ချွေးစေးများပြန်လျက် သတင်းပို့သည်။
“အမြန်ဆုံးရှာကြစမ်း”
ကျိုးမင်ယွမ်က ပြတ်သားစွာ အော်ပြောလိုက်သည်။ ထို့နောက် သူသည် မြို့တစ်ခုလုံးကို ပိတ်ဆို့အမိန့်ထုတ်ပြန်ကာ ရှင်းလင်းချက်ပေးရန် ဗီဒီယိုကြေညာချက်တစ်ခုကို ဟိတ်ဟန်အပြည့်နှင့် ရိုက်ကူးလိုက်သည်။ အားလုံးပြီးသွားသောအခါ ကျိုးမင်ယွမ်သည် အားလုံးကို ပြန်ခိုင်းလိုက်ပြီး တစ်ယောက်တည်း လမ်းလျှောက်နေလေသည်။
“ရှင်းဂျီက... ဘာလို့ ဒီလိုလှုပ်ရှားမှုကို ရုတ်တရက် လုပ်တာလဲ”
ကျိုးမင်ယွမ် ဒေါသထွက်နေသည်။ သေးငယ်သော မိုးပျံမြို့တော်ဖြစ်သည့် တိတ်ဆိတ်မြို့တော်က ယခုကဲ့သို့ ယုတ်မာသောနည်းလမ်းဖြင့် သူ့ကို အရင်ဆုံးတိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ အာရုဏ်ဦးမြို့တော်သည် အနီရောင်ကမ္ဘာနှင့် အကျိုးအမြတ်တွေ ဆက်နွှယ်နေခြင်းသာ ပေါ်သွားရင် မြို့ထဲတွင် နူကလီးယားဗုံးပေါက်ကွဲသလို ဖြစ်သွားပေလိမ့်မည်။
“ချူကျောက်နန်က တစ်ခုခုသိထားတာဖြစ်ရမယ်၊၊ သူကတော့ အကွက်ကုန်ထုတ်ပြီး ကစားဖို့ ပြင်နေတာပဲ”
ကျိုးမင်ယွမ်သည် လျှို့ဝှက်သတ္တုတံခါးကြီးကို ဖွင့်ကာ အအေးခံထားသော အခန်းများရှိရာသို့ ဝင်သွားသည်။ ထိုနေရာတွင် သူ အရန်သင့် ပြင်ဆင်ထားသော အရန်ခန္ဓာကိုယ်များ ရှိနေသည်။
“ငါတို့သာ မလွတ်မြောက်နိုင်ရင် ဒါတွေ ရှိနေလည်း နောက်ဆုံးတော့ သေရမှာပဲ...”
….
ကျင်းဟိုင်၊၊
ဤမြို့သည် တစ်ချိန်က ဂြိုဟ်ပတ်ရထားလမ်းပေါ်ရှိ အစည်ကားဆုံး အချက်အချာနေရာများထဲမှ တစ်ခုဖြစ်ခဲ့သလို နဂါးနိုင်ငံအတွက်လည်း အရေးပါသော စက်မှုဇုန်နယ်မြေတစ်ခုဖြစ်ခဲ့ဖူး၏။ သို့သော် ကမ္ဘာပျက်ကပ်နေ့ရက်များနောက်ပိုင်းတွင် ကျင်းဟိုင်၊ ချင်းပို၊ ဇန်ဂိတ်နှင့် ကောင်းကင်ဂိတ်များအပါအဝင် အာရုဏ်ဦးမြို့တော်ကို ဝန်းရံထားသည့် အဓိကကျသော မြို့အတော်များများသည် ပထမဆုံးအကြိမ် ဝင်ရိုးစွန်းညကာလအတွင်း အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ကြရလေသည်။ တစ်ချိန်က စည်ပင်သာယာခဲ့သော နေရာများသည် ယခုအခါ ဝမ်းဗိုက်ဖောက်ထုတ်ခံထားရသည့် ယန္တရားသားရဲကြီးများပမာ မြေပြင်ပေါ်တွင် ပြန့်ကျဲလဲလျောင်းနေကြလေ၏။
မြို့၏ ထက်ဝက်ကျော်မှာ မီးလောင်ကျွမ်းကာ ခြောက်ကပ်နေပြီး ကြီးမားသော ပေါက်ကွဲမှုကြောင့် ချိုင့်ခွက်ကြီးများ၊ ပြိုလဲနေသော မိုးမျှော်တိုက်များနှင့် ပျက်စီးနေသော မြေပြင်များမှာ မြင်ကွင်း၏ အဓိကအစိတ်အပိုင်းများဖြစ်နေသည်။ သို့သော်လည်း ညကောင်းကင်ယံတွင် မြို့၏ ဗဟိုချက်ဧရိယာမှ ထွက်ပေါ်လာသော မှိန်ဖျော့ဖျော့အလင်းများကို မြင်တွေ့နိုင်သေး၏။ ထိုနေရာသည် တစ်ချိန်က စက်မှုလုပ်ငန်းများ၏ အချက်အချာကျသော နေရာဖြစ်ခဲ့သည်။ ကြယ်သင်္ဘောဆိပ်ကပ်ရာ မျှော်စင်မြင့်ကြီးများသည် ညကောင်းကင်ယံထဲသို့ စောင်း၍ထိုးထွက်နေပြီး အာရုဏ်ဦးမြို့တော်ကာကွယ်ရေးတပ်နှင့် အသက်ရှင်ကျန်ရစ်သူအဖွဲ့အစည်းအသီးသီးတို့က ဤကျယ်ပြန့်သော ဧရိယာကို ယာယီလုံခြုံရေးဇုန်တစ်စိတ်တစ်ဒေသအဖြစ် သတ်မှတ်ထားကြသည်။ လုံခြုံရေးဇုန်သို့ ဦးတည်ထားသော လမ်းမများကို ခိုင်ခံ့သော ကွန်ကရစ်နှင့် သံမဏိပြားများဖြင့် တည်ဆောက်ထားသည့် သံချပ်ကာနံရံများ သို့မဟုတ် အသက်ရှင်ကျန်ရစ်သူယာဉ်တန်းမှ စွန့်ပစ်ထားသော ယာဉ်များနှင့် သံမဏိဘောင်အမျိုးမျိုးကို ဂဟေဆော်ထားသည့် အကာကွယ်နံရံများဖြင့် ပိတ်ဆို့ထားလေသည်။
အာရုဏ်ဦးမြို့တော်သည် ဤနေရာရှိ စက်မှုကုန်ထုတ်လုပ်ငန်းလိုင်းများကို အထူးကာကွယ်ထားသောကြောင့် အာရုဏ်ဦးမြို့တော်အတွင်းသို့ ဝင်ရောက်ခွင့်မရသူများ သို့မဟုတ် အခြားဒေသများမှ ထွက်ပြေးလာသူ အတော်များများသည် ဤနေရာကိုပင် ၎င်းတို့၏ ယာယီခိုလှုံရာအဖြစ် ရွေးချယ်ခဲ့ကြသည်။ အတွင်းပိုင်းကိုမူ ကင်းစောင့်တပ်ဖွဲ့များက မြင့်မားသော သံဇကာနံရံများဖြင့် ပတ်ပတ်လည်ကာရံ စောင့်ကြပ်ထားသောကြောင့် ထိုလူအားလုံးနီးပါးသည် ဤဧရိယာ၏ အပြင်ဘက်အစွန်အဖျားများတွင်သာ ပြန့်ကျဲနေထိုင်ကြရ၏။ ဤနေရာ၌ ကျင်းဟိုင်ကြယ်သင်္ဘောထုတ်လုပ်ရေးဆိပ်ကမ်းနှင့် ကြီးမားသော စစ်ဘက်ဆိုင်ရာယန္တရားစက်ရုံကြီးတစ်ခုအပါအဝင် အရေးကြီးသော စက်ရုံအမြောက်အမြား တည်ရှိနေပေသည်။
Chapter 753
မုန်တိုင်း ၂
ကြယ်သင်္ဘောဆိပ်ကမ်းအတွင်း၌ တန်ချိန် ၃ သိန်းရှိသော Constant Star-class ကြယ်သင်္ဘောတစ်စင်းကို တည်ဆောက်နေပြီး စစ်သုံးစက်ယန္တရားစက်ရုံ၏ ထုတ်လုပ်မှုလိုင်းများတွင် Iron Guard 3 စစ်သုံးတိုက်ခိုက်ရေးစက်ရုပ်များ၊ T8-Z မီးနတ်ဘုရားတိုက်ခိုက်ရေးအမျိုးအစားများ၊ Big Horn ကြယ်သံချပ်ကာများနှင့် အခြားစစ်လက်နက်များကို အဆက်မပြတ်ထုတ်လုပ်နေသည်။ ၎င်းတို့သည် အာရုဏ်ဦးမြို့တော်၏ ကာကွယ်ရေးစွမ်းအားအတွက် အထောက်အပံ့ပစ္စည်းများဖြစ်သည်၊၊
ဝူး... ဝူး...
မူလက တိတ်ဆိတ်ငြိမ်သက်နေသော စက်မှုဇုန်အတွင်း ရုတ်တရက် စူးရှကျယ်လောင်သော အချက်ပေးသံများ မြည်ဟည်းလာပြီး အင်ဂျင်နီယာများနှင့် လုံခြုံရေးဝန်ထမ်း အမြောက်အမြား လှုပ်ရှားလာကြသည်။
“အမှတ် ၃၊ ၄ နဲ့ ၆ ဆိပ်ကမ်းက ကြယ်သင်္ဘောတွေကို ပြင်ဆင်မှုတွေ ဖြုတ်လိုက်တော့…. ပေါင်းကူးတံတားကို တက်ဖို့ ပြင်ဆင်ကြ”
“ဝန်ထမ်းအားလုံး ပို့ဆောင်ရေးယာဉ်ပေါ်တက်ဖို့ D-12 ကုန်းပတ်လှေကားကို သွားကြ”
“မီကာတွေ အသုတ်လိုက်စီပြီး အားလုံးကို ကုန်တင်ရထားသိုလှောင်ခန်းထဲ ထည့်ကြ၊၊ မြန်မြန်လုပ်၊ မြန်မြန်၊ မြန်မြန်”
“လက်နက်တွေ ရွှေ့ပြောင်းကြ”
ညဉ့်သန်းခေါင်ယံတွင် ကြယ်ဆိပ်ကမ်းနှင့် ကုန်တင်ရထားဘူတာတို့သည် ရုတ်တရက် အလုပ်ရှုပ်သွားကြသည်။
ကျင်းဟိုင်၏ အနောက်ဘက်။
ပြင်းထန်သော လေပြင်းများ ဝန်းရံနေသည့် ဧရာမ သတ္တဝါကြီးတစ်ကောင်သည် တိမ်တိုက်နှင့် မြူနှင်းများကို ဖယ်ရှားကာ ဝေဟင်ထက်တွင် ကျယ်လောင်စွာ ပျံသန်းနေသည်။ အင်အားကြီးမားလှသော တိတ်ဆိတ်မြို့တော်သည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျင်းဟိုင်သို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်။
ကီလိုမီတာ ၄၀၀ ကျော် အကွာအဝေးကို ဤကဲ့သို့ အရှိန်နှုန်းဖြင့်ဆိုပါက ရောက်ရှိရန် ဆယ်မိနစ် သို့မဟုတ် မိနစ်နှစ်ဆယ်ခန့်သာ ကြာမြင့်ပေတော့မည်။
လင်းရှန်နှင့် ရှင်းဂျီတို့သည် ပင်မယာဉ်၏ ခန်းမဆောင်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပေါင်းစည်းယာဉ်တန်းနှင့် တိတ်ဆိတ်မြို့တော်မှ အရေးပါသော အဖွဲ့ဝင် အယောက် ၂၀ ခန့်လည်း ဤနေရာတွင် စုရုံးနေကြသည်။
လက်ရှိ လုပ်ဆောင်ချက်များကို လူတိုင်းထံ တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပေးနေသည်။
ယခုအချိန်ကျမှသာ တစ်ရက်အတွင်းမှာပင် တိတ်ဆိတ်မြို့တော်နှင့် အာရုဏ်ဦးမြို့တော်တို့ ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည်ကို လူတိုင်း သဘောပေါက်သွားကြသည်။
“မဖြစ်နိုင်တာ၊၊ ဘာလို့ ညဘက်ကြီး ရုတ်တရက် ထွက်လာတာလဲလို့ ငါစဉ်းစားနေတာ၊၊ တစ်ခုခု တိုက်ခိုက်နေတာလို့ ထင်နေတာ” ရှီတိယွမ်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
“ဒါဆို ငါတို့ ကျင်းဟိုင်ကို ရောက်တဲ့အခါ အာရုဏ်ဦးမြို့တော်ရဲ့ အစောင့်တပ်နဲ့ တိုက်ရမှာလား”
“ဖြစ်နိုင်ပေမဲ့… မသေချာသေးဘူး”
လင်းရှန်က ခေါင်းညိတ်လိုက်သည်။
“ကျုပ်တို့ကို တိုက်ခိုက်တာက သူတို့အတွက် ဘာအကျိုးမှ မရှိဘူး၊၊ အတွင်းပိုင်း ရှုပ်ထွေးမှုကိုပဲ ပိုဆိုးစေမှာ… ဒါကြောင့် မြို့နဲ့ နီးလေ၊ ကျင်းဟိုင်နဲ့ နီးလေ ကျုပ်တို့ ပိုလုံခြုံလေပဲ”
“ဒါပေမဲ့ အနီရောင်ကမ္ဘာက ခန့်မှန်းရခက်တယ်၊၊ သူတို့က အကြောင်းပြချက်ပေးနေမယ့်လူတွေ မဟုတ်ဘူး”
ကီကီက ဝင်ပြောလိုက်သည်။
“အဲဒီအကြောင်းပြချက်ကြောင့်ပဲ ငါတို့ ကျင်းဟိုင်ကို လာရတာ”
လင်းရှန်က ကီကီကို ကြည့်လိုက်သည်။
“ကျိုးလီပြောခဲ့တာကို မင်း မေ့သွားပြီလား၊၊ ကျင်းဟိုင်က အနီရောင်ကမ္ဘာရဲ့ အခြေစိုက်စခန်းဖြစ်ဖို့ အလားအလာအများဆုံးပဲ”
“တိုက်ပွဲဖြစ်လာရင် သူတို့ နယ်မြေထဲမှာ တိုက်ရတာက ကျွန်တော်တို့ကို ပိုပြီး အသာစီးရစေတယ်”
ရွှန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်သည်။
“ဒါက အဓိပ္ပာယ်ရှိတယ်၊၊ အနီရောင်ကမ္ဘာမှာ လူတွေပဲ ရှိတာ၊၊ ကျွန်တော်တို့က လူတွေကို မကြောက်ဘူး၊၊ သူတို့က ထူးဆန်းတဲ့ သတ္တဝါတွေ ထုတ်လာမှာကိုပဲ ကြောက်တာ”
“ငါတို့သာ ကျင်းဟိုင်က အမှောင်သတ္တဝါတွေကို သွားဆွရင် ငါတို့ရော အနီရောင်ကမ္ဘာရဲ့ အခြေစိုက်စခန်းရော လွတ်မှာမဟုတ်ဘူး”
ချီလီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“မိုက်တယ်၊၊ အတူတူသေမယ့် ဗျူဟာပဲ”
“ဒါက တကယ်ကို ကောင်းတဲ့ ဗျူဟာပဲ”
မိုနီကာက လင်းရှန်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
“ဒါက အာရုဏ်ဦးမြို့တော်ကို တိုက်ခိုက်ဖို့ သတိထားစေရုံတင်မကဘူး၊၊ အနီရောင်ကမ္ဘာရဲ့ မဆင်မခြင်ဖျက်ဆီးမှုတွေကိုလည်း တားဆီးပေးလိမ့်မယ်။ ကျင်းဟိုင်လို မြို့ကြီးမှာ ကျွန်မတို့နဲ့ အနီရောင်ကမ္ဘာ တိုက်ပွဲဖြစ်ရင် အာရုဏ်ဦးမြို့တော်က မကူညီပေးနိုင်တာကြောင့် သစ္စာဖောက်ရာကျလိမ့်မယ်၊၊ အခု ဖီးနစ်လည်း ရောက်လာပြီဆိုတော့ နှစ်ဖက်လုံးက ဖိအားတွေက သူတို့ဆီရောက်သွားလိမ့်မယ်။ သူတို့ ဘယ်လိုကစားမလဲဆိုတာ ကြည့်ရသေးတာပေါ့”
ရှင်းဂျီသည် လူအုပ်၏ နောက်တွင် လက်ပိုက်ကာ ရပ်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျင်းဟိုင်ကို ရောက်ဖို့ ဆယ်မိနစ်ပဲ လိုတော့တယ်။ ဘယ်လိုပဲတွက်တွက် တိုက်ပွဲဖြစ်ဖို့ အလားအလာများတယ်၊၊ ဒါကြောင့် တိတ်ဆိတ်မြို့တော်ရဲ့ ကြိမ်နှုန်းအကုန်လုံးက ဆက်သွယ်ရေးစနစ်ကို ဖွင့်ထားခိုင်းလိုက်ပြီ။ မြို့ထဲက နေထိုင်သူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေ အားလုံးက ကျင်းဟိုင်မှာ ဆိုက်ကပ်ပြီးမှ ထွက်သွားလို့ရမယ်၊၊ ဒါပေမဲ့ သူတို့ အခုချိန်မှာ ထွက်သွားကြမှာ မဟုတ်ဘူး၊၊ ဒါကြောင့် ကျင်းဟိုင်မှာ ငါတို့လုပ်သမျှကို အာရုဏ်ဦးမြို့တော်က သိနေလိမ့်မယ်။ နည်းနည်းတော့ ကြန့်ကြာနိုင်ပေမဲ့ အရေးမကြီးပါဘူး”
“ဝိုး… အားလုံးကို အသိပေးမယ့်စနစ်ပေါ့”
“စိတ်ဝင်စားစရာပဲ”
“ငါတို့ အဆင်သင့်ပြင်ထားတာ ပိုကောင်းမယ်၊၊ ဒီည တိုက်ပွဲပြင်းထန်နိုင်တယ်”
“ဘယ်လောက်ကြာမယ်လို့ မင်းထင်လဲ”
ရှီတိယွမ်က ရှင်းဂျီကို ကြည့်ကာ မေးလိုက်သည်။
“မိုးလင်းတဲ့အထိ တောင့်ခံနိုင်ရင် အောင်မြင်တယ်”
ရှင်းဂျီက အေးစက်စွာ ပြောသည်။
“ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောက အာရုဏ်ဦးမြို့တော်ထဲ ရောက်နေပြီ၊၊ ယုံကျန်းဆိပ်ကမ်းက သံမဏိအစောင့်တပ်ရင်း ၈၃ ကိုလည်း ချထားပြီးပြီ၊၊ အာရုဏ်ဦးမြို့တော် ပတ်ပတ်လည်မှာ မုန်တိုင်းက စုစည်းနေပြီ၊၊ မိုးလင်းပြီးရင်တော့ ဒါက ငါတို့ရဲ့ အဓိကဇာတ်ခုံမဟုတ်တော့ဘူး”
“ဒါကလည်း ဖြစ်ချင်မှ ဖြစ်မှာပါ”
လင်းရှန်က ဝင်ပြောလိုက်ရာ လူတိုင်း၏ အကြည့်က သူ့ထံရောက်သွားသည်။
“ကျင်းဟိုင်ရဲ့ စစ်ရေးအင်အားက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ ခဗျားတို့ မေ့သွားကြပြီလား”
…
ထိုအချိန်တွင် နက်ရှိုင်းသောမြေအောက်ထဲတွင် ဝှက်ထားသော သုတေသနဌာနတစ်ခု၌ ရွှေအိုရောင်ဆံပင်နှင့် ဂျူးလိစ်ယပ် လစ်တ်သည် ရုံးခန်းထိုင်ခုံတွင် ထိုင်နေရင်း သူ၏ ရှေ့မှ ကော်ဖီကို ဖြည်းဖြည်းချင်း မွှေနေသည်။ ဟိုလိုဂရမ်ဖန်သားပြင်ပေါ်တွင် အရိပ်များသာ မြင်ရသော ပုံရိပ်လေးခု ရှိနေပြီး သူတို့၏ အသံများကို အထူးပြုပြင်ထားသည်။
“ဖီးနစ်အသင်းကြောင့် ချူကျောက်နန်က ရှေ့ပြေးစီမံကိန်းကို အရှိန်မြှင့်ဖို့ ပြင်နေပုံရတယ်၊၊ ဒါက ငါတို့အတွက် သတင်းကောင်းပဲ”
ဂျူးလိစ်ယပ်က ဇွန်းဖြင့် ကော်ဖီခွက်အနားကို လှည့်မွှေလိုက်ပြီး ကော်ဖီကို တစ်ငုံသောက်ရင်း ပြောလိုက်သည်။
“နံပါတ် (၁) ငါ သိသလောက်တော့ ယဲ့လန်က ချူကျောက်နန်နဲ့ မတွေ့ရသေးဘူး၊၊ အဲဒါကြောင့်လား”
“နံပါတ် (၂) ဘယ်လိုအကြောင်းပြချက်ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး၊၊ ငါတို့ရဲ့ စမ်းသပ်မှု တိုးတက်နှုန်းကို မထိခိုက်ရင် ရပြီ”
“နံပါတ် (၃) အာရုဏ်ဦးမြို့တော်ကို လက်ခံဖို့ အဆိုပြုချက်ကို အမြန်ဆုံး ရေးဆွဲဖို့ လိုတယ်။ ဂျူးလိစ်ယပ်… အာရှ-ပစိဖိတ်တိုက်ရဲ့ ကိုယ်စားလှယ်အနေနဲ့ မင်းက ကမ္ဘာသစ်မရောက်မချင်း အာရုဏ်ဦးမြို့တော်မှာ တာဝန်ယူရမယ်”
“နံပါတ် (၄) စမ်းသပ်ခန္ဓာ ၃ ရဲ့ အခြေအနေ ဘယ်လိုလဲ။ အမှောင်တိုက်စားဆဲလ်တွေကို မသုံးခင် ယုံကြည်စိတ်ချရတဲ့ စစ်ဆေးချက်ကို အောင်မြင်ရမယ်”
“ဘုတ်အဖွဲ့အနေနဲ့ စိတ်ချနိုင်ပါတယ်၊၊ ချူကျောက်နန်က ဝမ်ဟွေ့ကတစ်ဆင့် ငါ့ကို ကိုယ်တိုင်ဆက်သွယ်လာပြီ၊၊ ဖီးနစ်က ငါတို့ကို ဘာမှထပ်ပြီး မနှောင့်ယှက်နိုင်တော့ဘူး။ အရာအားလုံး ငါတို့ အစီအစဉ်အတိုင်းဖြစ်လာလိမ့်မယ်”
ဂျူးလိစ်ယပ်က ပြောရင်း ခဏရပ်လိုက်သည်။
“ဒါပေမဲ့ ဒီည တိတ်ဆိတ်မြို့တော်ရဲ့ ရုတ်တရက် လှုပ်ရှားမှုက ငါ့အတွက် နည်းနည်းတော့ အံ့ဩစရာပဲ၊၊ ယဲ့လန် စီစဉ်တာဖြစ်နိုင်တယ်၊၊ ဒါပေမဲ့ သူတို့က ဘာမှပြောင်းလဲနိုင်မှာမဟုတ်တဲ့ ပမွှားလေးတွေပါ”
“အကယ်၍ ကောင်းကင်အကာကွယ်ပျက်စီးသွားရင် ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးအန္တရာယ်တွေ ဖြစ်လာနိုင်တယ်၊၊ အနီရောင်ကမ္ဘာရဲ့ အဓိကဇုန်တွေမှာ ဆင့်ကဲဖြစ်စဉ်ကို အရှိန်မြှင့်ဖို့ လိုတယ်”
“အရာအားလုံးက အရှင်သခင်ရဲ့ အလိုတော်အတိုင်း ဖြစ်လာမှာပါ၊၊ ဘာမှ ထင်မှတ်မထားတာတွေ ဖြစ်လာမှာ မဟုတ်ဘူး”
ဂျူးလိစ်ယပ်က ပြုံးလိုက်သည်။
“မြောက်အမေရိက ပူးပေါင်းတပ်ဦးရဲ့ လှုပ်ရှားရေးအဖွဲ့က ငါ့ဆီက သတင်းအချက်အလက် တချို့ ရသွားလို့ ဖီးနစ်က လှုပ်ရှားလာတာပဲ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ အချည်းနှီးပဲဖြစ်မှာပါ၊၊ လူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ်ကံကြမ္မာကို ဘယ်သူမှ မတားနိုင်ဘူး၊၊ ဒါက ရက်ပိုင်းနဲ့ ဆယ်စုနှစ်ပိုင်းပဲ ကွာတာပါ၊ ခေတ်သစ်ကတော့...”
“နောက်ဆုံးမှာ ရောက်လာမှာပဲ”