အခန်း (၇၅၄-၇၅၅)
Vol. 44 Ch. 754-755
Chapter 754
ကောင်းကင်အမိုးခုံးအဆင့် ၁
ကျင်းဟိုင်မြို့အထက်တွင် ထူထပ်သော တိမ်တိုက်များ လိပ်တက်နေပြီး ညသည် မှောင်မည်းနေသည်၊၊
လမ်းမများ၏ မှောင်ရိပ်ကျသော လမ်းကြားများတွင် ဖုတ်ကောင်အရိပ်များ ပြည့်နှက်နေကာ မြို့ကြီးသည် လုံးဝပျက်စီးယိုယွင်းလျက်ရှိသည်၊၊ သန်းခေါင်ကျော်အချိန်တွင် ပြင်းထန်သော လေရူးများ တိုက်ခတ်လာပြီး ပျက်စီးနေသော မိုးမျှော်တိုက် အကြွင်းအကျန်များကြားမှ အော်ဟစ်မြည်ကာ ဖြတ်သန်းသွားသည်၊၊ ကြော်ငြာဆိုင်းဘုတ်အပိုင်းအစများသည် လွင့်ကျကုန်ပြီး သတ္တုပြားများမှာ မြေပြင်ပေါ်သို့ တချွင်ချွင်မြည်ကာ ကျလာသည်၊၊ ထို့နောက် ပြင်းထန်သောလေကြောင့် ချက်ချင်းပင် လွင့်ပါသွားပြီး လမ်းမများပေါ်တွင် လိမ့်ကာ တိုက်မိနေကြသည်မှာ မြို့တော်၏ တစ်ချိန်က စည်ကားမှုကို ပြန်လည်ပြောပြနေသယောင်ရှိနေသည်၊၊
ဂယားး…
ဒက် ဒက် ဒက် ဘန်း ဘန်း
စက်မှုဇုန်ရှိ မြင့်မားသော တံတိုင်းများ အပြင်ဘက်တွင် ယိုင်တိယိုင်ထိုးနှင့် လျှောက်လာသော သိန်းနှင့်ချီသည့် ဖုတ်ကောင်ဒီရေလှိုင်းကြီးမှာ မြင့်မားသော တံတိုင်းများဆီသို့ ဖြည်းဖြည်းချင်း မရပ်မနား တိုးဝှေ့လာနေသည်၊၊ ရေတွက်မရနိုင်သော ဖုတ်ကောင်များသည် တံတိုင်းများကို ခုန်အုပ်ကာ အဆက်မပြတ်တက်လာကြသည်၊၊ တံတိုင်းများပေါ်တွင်မူ အလိုအလျောက် စက်သေနတ်များက မနားတမ်းပစ်ခတ်နေသည်၊၊ စက်မှုဇုန်ကို ဝန်းရံထားသော အဆောက်အအုံများ ကင်းမျှော်စင်များနှင့် စင်မြင့်များပေါ်သို့ ဖက်ဒရေးရှင်း လက်နက်ကိုင်အစောင့်တပ်များသည် စွမ်းအားဝတ်စုံများကို ဝတ်ဆင်ကာ ဖုတ်ကောင်ဒီရေလှိုင်းကို ခုခံရန် အဆက်မပြတ် ရောက်ရှိလာကြသည်၊၊
အရပ်မျက်နှာအနှံ့မှ ပစ်ခတ်မှုများက ပိုမိုပြင်းထန်လာပြီး ကောင်းကင်မှ တိုက်ခိုက်ရေးဒရုန်းအမျိုးမျိုးရောက်ရှိလာကာ ဖုတ်ကောင်အုပ်ကြီးထဲသို့ အစွမ်းကုန်ပစ်ခတ်လိုက်ကြသည်၊၊ မီးခိုးများနှင့် မီးလျှံများသည် ဤမြို့ကြီးကို မီးရှို့နေသကဲ့သို့ ရှိနေလေသည်၊၊
ဂြိုဟ်ပတ်ရထားဘူတာတွင်မူ စစ်ဘက်ဆိုင်ရာကုန်တင်ရထားကြီးများသည် အရှေ့ဘက်သို့ ဟိန်းဟောက်ကာ ခုတ်မောင်းထွက်ခွာသွားကြသည်၊၊ တိုက်ပွဲဝင်စက်ရုပ်များ၊ တင့်ကားများ၊ ဒရုန်းများနှင့် အမြောက်များအပြည့်တင်ဆောင်ထားသော ရထားတွဲများသည် ကီလိုမီတာများစွာရှည်လျားပြီး ရထားပေါ်ရှိ စစ်တပ်များသည် လမ်းဘေးဝဲယာသို့ အဆက်မပြတ် ပစ်ခတ်သွားကြသည်၊၊
စက်မှုဇုန်၏ အဓိကပြောင်းရွှေ့မိန့်များကြောင့် ကျင်းဟိုင်တစ်မြို့လုံးသည် စိုးရိမ်ထိတ်လန့်ဖွယ် စွန့်ပစ်ခံရသည့် အငွေ့အသက်များ လွှမ်းမိုးသွားသည်၊၊ အသက်ရှင်ကျန်ရစ်သူ ကုန်သည်ယာဥ်တန်းများပင်လျှင် ယခုအချိန်တွင် တန်းစီကာ မြို့ပြင်သို့ တိုးဝှေ့ထွက်ခွာနေကြပြီး သေနတ်သံများကို နေရာအနှံ့ကြားနေရသည်၊၊
ဖုတ်ကောင်များအပြင် ထူးဆန်းသည့် သန္ဓေပြောင်းအကောင်မျိုးစုံကလည်း သန်းခေါင်ယံအချိန်တွင် ရွှေ့ပြောင်းနေသော လူသားများကို တရကြမ်းထိုးစစ်ဆင်နေကြသည်၊၊ မြို့၏ လမ်းမများနှင့် လမ်းကြားများတွင် ထူးဆန်းသော သတ္တဝါများ၏ ကျယ်လောင်သောအော်ဟစ်သံများဖြင့် ဗြောင်းဆန်နေကြသည်၊၊ ယာဉ်တန်းငယ်တစ်ခုသည် လမ်းကြားတစ်ခုထဲသို့ အတင်းမောင်းဝင်သွားရပြီး အဓိကလမ်းမကြီးပေါ်သို့ ပြန်ထွက်လာသည့်အခါ ဖုတ်ကောင်ပင်လယ်ကြီးအလယ်သို့ ရောက်နေသည်ကို စိတ်ပျက်ဖွယ် တွေ့လိုက်ရသည်၊၊ မကြာမီမှာပင် သေနတ်သံများနှင့် အော်ဟစ်သံများမှာ ညလေပြင်းနှင့် ဖုတ်ကောင်များ၏ ဟိန်းဟောက်သံများကြားတွင် နစ်မြုပ်ပျောက်ကွယ်သွားလေသည်၊၊
“ဘာတွေဖြစ်နေတာလဲ ကျင်းဟိုင် ကြယ်ဆိပ်ကမ်းက အကုန်ဆုတ်ခွာနေပြီလား’’
“အာရုဏ်ဦးမြို့တော်မှာ တစ်ခုခုဖြစ်နေပြီ… ဒီဘက်ကိုလည်း ရိုက်ခတ်လာလိမ့်မယ်… မြန်မြန်ပြေးကြ’’
“ဘယ်ကိုပြေးရမှာလဲ’’
“စကားများမနေနဲ့ မြောက်ဘက်ကိုပဲပြေးကြ၊၊ အာရုဏ်ဦးမြို့တော်က အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းသွားပြီ၊၊ ဒါ ဖီးနစ်အဖွဲ့ ရောက်လာတာပဲ ဖြစ်ရမယ်’’
“သွားပြီ… သွားပြီ၊၊ အသံလွှင့်ချက်ထဲမှာတော့ အာရုဏ်ဦးမြို့တော်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေပြီတဲ့ ယာဉ်တန်းကြီးတွေ အများကြီးဆုတ်ခွာကုန်ပြီ’’
“ငါသာဆိုရင်လည်း ပြန်ဆုတ်မှာပဲ၊၊ ဖာ့ခ်… အဲဒီ အနီရောင်သတ္တဝါနဲ့ ပျောက်ဆုံးနေတဲ့သူတွေက အာရုဏ်ဦးမြို့တော်နဲ့ ပတ်သက်နေတယ်ဆိုရင် မြို့ထဲမှာ နေတာက လည်စင်းပေးနေတဲ့ ဆိတ်တွေလိုဖြစ်နေမှာပေါ့… သွေးပဲစေ့တွေတောင် နေရင်းထိုင်ရင်းပေးနေရဦးမယ်’’
“ဖာ့ခ်…. ခွေးမသားကျိုးမင်ယွမ်…. မျိုးမစစ်ဖက်ဒရေးရှင်း’’
“ဟုတ်တယ်… အကုန်လုံးသေချင်းဆိုးတွေပဲ… အခုတွင်းနက်ကလည်း မတည်ငြိမ်တော့ဘူး၊၊ ဝင်ရိုးစွန်းဒေသဘက်ကိုသွားစရာလမ်းပဲရှိတော့တယ်’’
“သတိထား… အမှောင်ကင်းခြေများတွေ’’
…
တစ်ချိန်တည်းမှာပင် ကျင်းဟိုင် ဂြိုဟ်ပတ်ရထားတင်ဆောင်ရေးလမ်းကြောင်းအတွင်း၌ သတ္တုသံများ အဆက်မပြတ်မြည်ဟည်းနေပြီး စူးရှသော ရှာဖွေရေးမီးမောင်းများက အမှောင်ထုကို ဓားတစ်လက်ကဲ့သို့ ထိုးဖောက်နေသည်၊၊ စွမ်းအားဝတ်စုံနှင့် စစ်သားများသည် လက်နက်များကိုယ်စီဖြင့် အရေးပေါ်လှုပ်ရှားနေကြသည်၊၊
“ဝန်ထမ်းအားလုံး ရထားပေါ်တက် ၁၀ မိနစ်အတွင်း အကုန်တင်’’
“ကောင်းကင်အမိုးခုံးအဆင့် အာကာသရထား F-60 အခြေခံတွဲချိတ်ဆက်မယ်’’
ကြီးမားသော မိုးပျံရထားရပ်နားစခန်းတွင် ကြယ်သင်္ဘောနှင့်တူသော ရထားတွဲတစ်ခုသည် ဂြိုဟ်ပတ်စက်ရုံ တင်ဆောင်ရေးလမ်းကြောင်းမှ ဖြည်းဖြည်းချင်း ထွက်လာသည်၊၊ မြင်လိုက်ရုံနှင့် သာမန်ရထားတွဲထက် မီတာ ၃၀၀ ကျော် ပိုရှည်ပြီး အကျယ်မှာလည်း သာမန်ကုန်တင်ရထားတွဲထက် ၅ ဆကျော် ပိုကြီးသည်၊၊ အောက်ဘက်တွင် ကြယ်တာရာအဆင့် တွန်းကန်ဂျက်အင်ဂျင်ဖွဲ့စည်းပုံများစွာနှင့် လည်ပတ်ရန် လမ်းကြောင်းများ တပ်ဆင်ထားသည်မှာ ခန့်ညားလှပေသည်၊၊ သို့သော် ၎င်းမှာ ဝန်ထမ်းများ နေထိုင်ရန်နှင့် ကုန်စည်ပို့ဆောင်ရန်အတွက် သုံးသော ကောင်းကင်အမိုးခုံးအဆင့် ရထား၏ အခြေခံတွဲမျှသာဖြစ်သည်၊၊
“နောက်ဆုံးအုပ်စု မြန်မြန်လုပ်’’
ဝှစ် ဝှစ်
စွမ်းအားဝတ်စုံနှင့် စစ်သားများ ပြေးလွှားသွားကြပြီး လေဖိအားအဆို့ရှင်ဗားများ၏ အသံများကို အဆက်မပြတ်ကြားနေရသည်၊၊ အင်ဂျင်နီယာစက်ရုပ်မျိုးစုံနှင့် အဖိုးတန်ပစ္စည်းများကို ကုန်တင်ရထားများနှင့် ပျံသန်းရေးယာဉ်များပေါ်သို့ မတင်နေကြသည်၊၊ ကောင်းကင်တွင်မူ လျှပ်စစ်သံလိုက်အမြောက်များက ကောင်းကင်ယံကို အဆက်မပြတ် လင်းထိန်စေပြီး ချဉ်းကပ်လာသော ထူးဆန်းသော မိုးပျံသတ္တဝါများကို တစ်ကောင်ပြီးတစ်ကောင် ပစ်ချနေသည်၊၊
ဝူး
“သတိထား’’
လေထဲတွင် ခေါင်းကို ဖောက်ထွက်သွားသော အတောင်ပံများစွာပါသည့် လင်းနို့မွန်းစတားတစ်ကောင် ရုတ်တရက် ပြုတ်ကျလာပြီး ကုန်တင်စင်တစ်ခုကို ထိမှန်ကာ မီးပွားများ လွင့်စင်သွားသည်၊၊ အောက်ရှိ စက်မှုဇုန်အလုပ်သမားများ အော်ဟစ်ကာလွင့်စင်ကုန်ကြသည်၊၊ ထိုလင်းနို့မွန်းစတားသည် ကျလာသော်လည်း မသေသေးဘဲ ရူးသွပ်စွာ ခုန်တက်လာကာ အင်ဂျင်နီယာအချို့ကို ချက်ချင်းပင် ကိုက်ဖဲ့ဖျက်ဆီးပစ်သဖြင့် အော်ဟစ်သံများ ပျံ့လွင့်သွားသည်၊၊
ဒက် ဒက် ဒက်
လက်နက်ကိုင်အစောင့်များ စုဝေးလာပြီး ပစ်အားအပြည့်ဖြင့် အမြန်ဆုံးရှင်းလင်းလိုက်ကြသည်၊၊
အခြားတစ်ဖက်တွင်မူ ဂြိုဟ်ပတ်တင်ဆောင်ရေးလမ်းကြောင်း၏ အဓိကထိန်းချုပ်ရေးအဆောက်အအုံပေါ်ရှိ ရုံးခန်းတစ်ခုအတွင်း နာနိုတိုက်ပွဲဝတ်စုံ ဝတ်ဆင်ထားသော ကျန်းရှု့ဝေသည် ပြတင်းပေါက်နားတွင် ရပ်လျက် ပြင်ပရှိ အလုပ်ရှုပ်နေသော ရပ်နားစခန်းဧရိယာကို တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်နေသည်၊၊
သူမ၏ အနောက်တွင် ရုံးခန်းအတွင်းရှိ ဟိုလိုဂရမ်ဆက်သွယ်ရေးစက်က လင်းလာပြီး မျက်နှာပြင်ပေါ်တွင် ဝမ်တုံ၏ စိတ်ဆိုးနေသော မျက်နှာပေါ်လာကာ ကျန်းရှု့ဝေကို ပြောလိုက်သည်၊၊
“ကျန်းရှု့ဝေ… ဖင်းဂါးအုပ်စုက လူအားလုံးကို ကျင်းဟိုင်ကနေ အာရုဏ်ဦးမြို့တော်ထဲကို ညတွင်းချင်း ဆုတ်ခွာဖို့ ဥက္ကဋ္ဌက အမိန့်ပေးထားတယ်လေ၊၊ မင်းလူတွေက ဘာလို့ မလှုပ်ရှားသေးတာလဲ’’
ကျန်းရှု့ဝေက ခေါင်းမလှည့်ဘဲ ဖြည်းညင်းစွာ ပြန်ဖြေသည်၊၊
“အကြီးစား သန္ဓေပြောင်းမွန်းစတားတိုက်ခိုက်မှုလည်း မရှိဘူး S-Class အဆင့် ရှာဖွေတွေ့ရှိမှုလည်း မရှိဘူး၊၊ အမှောင်အမှတ်အသားတွေမှာလည်း ပုံမှန်မဟုတ်တာမရှိဘဲနဲ့ ဘာလို့ ကျင်းဟိုင်ကနေ ဆုတ်ခွာရမှာလဲ’’
ဝမ်တုံက စိတ်တိုစွာ မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဘာလို့ စကားများနေတာလဲ… ဒါ အမိန့်ပဲ… နားမလည်ဘူးလား’’
“အမိန့်’’
ကျန်းရှု့ဝေက ထိုစကားကို ကြားသော် လှည့်ကြည့်လိုက်ပြီး အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်၊၊
“ငါတို့က စီးပွားဖက်တွေဆိုတာ မှတ်မိပါသေးတယ်၊၊ ငါတို့ ဖင်းဂါးအုပ်စုက အာရုဏ်ဦးမြို့တော်ကို သစ္စာခံမယ်လို့ ဘယ်တုန်းကပြောခဲ့လို့လဲ…. ဒါက ပူးပေါင်းဆောင်ရွက်မှုဆိုတော့ ငြင်းပယ်တာက ငါ့ရဲ့ ရွေးချယ်မှုပဲ”
ဝမ်တုံသည် ကျန်းရှု့ဝေ၏ စကားကြောင့် အစပိုင်းတွင် အံ့အားသင့်သွားပြီးမှ ရယ်မောလိုက်သည်၊၊
“ကျန်းရှု့ဝေ မင်းက ငါတို့ ဆုတ်ခွာတာက တိတ်ဆိတ်မြို့တော်ကြောင့်လို့ ထင်နေပြီး အဲဒီလူတွေက မင်းကို လာကယ်မယ်လို့ စိတ်ကူးယဉ်နေတာတော့ မဟုတ်ပါဘူးနော်’’
ဒိုင်း ဒိုင်း ဒိုင်း
စကားမဆုံးမီမှာပင် ပြင်ပစင်္ကြံလမ်းမှ ပြင်းထန်သော ခြေသံများစွာ ကြားလိုက်ရပြီး စက္ကန့်အနည်းငယ်အကြာတွင် တံခါးပွင့်သွားကာ စွမ်းအားဝတ်စုံဝတ် လက်နက်ကိုင်အစောင့်ဆယ်ယောက်ကျော်သည် သေနတ်ပြောင်းများကို ကျန်းရှု့ဝေဆီသို့ တိုက်ရိုက် ချိန်ရွယ်လိုက်ကြသည်၊၊
“ဖင်းဂါးအုပ်စုရဲ့သခင်မ ကျန်းရှု့ဝေက ပါးနပ်ပြီး တော်တယ်… ရက်စက်တယ်လို့ လူပြောများကြပေမဲ့ အေးစက်ပြီး မာနကြီးတာကလွဲရင် ဘာမှမဟုတ်တာကို ငါတွေ့လိုက်ရပြီ၊၊ မင်းက ငါ့ရှေ့ကို ထွက်လာဖို့ အဆိုးဆုံးအချိန်ကို ရွေးလိုက်တာပဲ’’
ဝမ်တုံက အေးစက်သော အပြုံးဖြင့် လှောင်ပြောင်လိုက်သည်၊၊
“အခုချိန်မှာ မင်းရဲ့ ဖင်းဂါးအုပ်စုက ငါတို့အတွက် အသုံးဝင်သေးတယ်လို့ ထင်နေတာလား’’
“နည်းနည်းလေးတောင် မရှိဘူး’’
“အော်’’
ဝမ်တုံး မျက်ခုံးပင့်မိကာ မမေးဘဲ မနေနိုင်ဖြစ်သွားသည်၊၊
“ဘယ်အပိုင်းလဲ… မင်းရဲ့ မျက်နှာကို ပြောတာတော့ မဟုတ်ပါဘူးနော်… ဟားဟားဟား’’
ကျန်းရှု့ဝေက ထိုမည်းနက်နေသော သေနတ်ပြောင်းများကို ဂရုမစိုက်ဘဲ ဟိုလိုဂရမ်မျက်နှာပြင်ပေါ်ရှိ ဝမ်တုံကို ကြည့်ကာ ပြောလိုက်သည်၊၊
“ငါ့ရဲ့ ဖင်းဂါးအုပ်စုက ဒီဇိုင်းဆွဲပြီး တည်ဆောက်ထားတဲ့ ကောင်းကင်အမိုးခုံးအဆင့်ရထားရဲ့ အဓိကထိန်းချုပ်မှုဟာ ငါ့လက်ထဲမှာပဲ ရှိနေတယ်လို့ ထင်တယ်’’
Chapter 755
ကောင်းကင်အမိုးခုံးအဆင့် ၂
ဝမ်တုံ ထိတ်လန့်သွားပြီး ကျန်းရှု့ဝေကို မယုံနိုင်သလို ကြည့်ကာ သူမ စိတ်ဖောက်ပြန်သွားသည်ဟု တွေးကာ ချက်ချင်းပြောလိုက်သည်၊၊
“အဓိကထိန်းချုပ်မှု ဟုတ်လား… မင်းပြောတာ လျှို့ဝှက်နံပါတ်တွေ ဒါမှမဟုတ် ဖိုင်းယာဝေါလ်အကြောင်းပဲဖြစ်ရမယ်၊၊ အဲဒါတွေကို ပြန်ရေးလို့ရတယ်ဆိုတာ မင်းသိရဲ့သားနဲ့ မောက်မာနေတုန်းပဲလား…. ကျန်းရှု့ဝေ… မင်းရူးနေပြီလား… ငါ မင်းနဲ့ အပိုစကားတွေပြောဖို့ အချိန်မရှိဘူး… ဘာပဲဖြစ်ဖြစ် အခုချိန်မှာ မင်းက ငါတို့အတွက် အသုံးမဝင်တော့ဘူး... မသွားချင်ရင်လည်း ဒီမှာပဲ နေခဲ့လိုက်တော့”
ရုတ်တရက် ကျန်းရှု့ဝေက အေးစက်စွာ ရယ်မောလိုက်သည်၊၊
“နင်ပြောတာ မှန်တယ်…. အဲဒါတွေကို ပြန်ရေးလို့ ရတယ်’’
စကားဆုံးသည်နှင့် မိုးမျှော်တိုက်၏ ဘေးဘက်နှင့် မျက်နှာကျက်အထိ မှန်ပြတင်းပေါက်များ အပြင်ဘက်တွင် ဒရုန်းအချို့ ရုတ်တရက်ဆင်းသက်လာပြီး အနီရောင်လေဆာတန်းများက လက်နက်ကိုင်အစောင့်များကို ချိန်ရွယ်လိုက်သည်၊၊ ၎င်းတို့ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ဒရုန်းများက ချက်ချင်း ပစ်ခတ်လိုက်သည်၊၊
ခွမ်း… ဘစ်ဇ် ဘစ်ဇ်
မှန်ပြတင်းပေါက်များ ကွဲကြေသွားပြီး မှန်စများ လွင့်စင်သွားသည်၊၊ ထိုလက်နက်ကိုင်အစောင့်များ၏ ခေါင်းများပေါက်ကွဲကာ နောက်သို့ တစ်ပြိုင်နက်တည်းလွင့်စင်သွားကြသည်၊၊
ဤအချိန်တွင် တိုက်ပွဲဝင်လေသင်္ဘောတွင် ထိုင်နေသော ဝမ်တုံသည် သူ့လက်အောက်ငယ်သားများထံမှ အချက်ပြမှုအားလုံး ပျောက်ကွယ်သွားသည်ကို မြင်သော် ချက်ချင်း မျက်နှာပျက်သွားသည်၊၊ သူသည် ဟိုလိုဂရမ်မျက်နှာပြင်ပေါ်ရှိ ကျန်းရှု့ဝေကို ကြည့်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်၊၊
“မဖြစ်နိုင်တာ… မင်းက ကျင်းဟိုင် ကြယ်ဆိပ်ကမ်းရဲ့ ဗဟိုဒရုန်းစနစ်ကို ဘယ်တုန်းက ထိန်းချုပ်လိုက်တာလဲ’’
“အခုရော ငါက အသုံးဝင်သေးတယ်လို့ ထင်လား’’ ကျန်းရှု့ဝေက အေးစက်စွာ ပြန်ဖြေသည်၊၊
“ကျန်းရှု့ဝေ မင်းရဲ့ ငွေကြယ်အဖွဲ့နဲ့ ဘုတ်အဖွဲ့ဝင်တွေအားလုံး အာရုဏ်ဦးမြို့တော်ထဲမှာ ရှိနေသေးတယ်… သူတို့ကို အသေခံခိုင်းမလို့လား’’
“နင်နဲ့ ကျိုးမင်ယွမ် မပြောနဲ့… အာရုဏ်ဦးမြို့တော်တောင်… အခု ကိုယ့်ကိုယ်ကိုယ်မနည်းကာကွယ်နေရတာပဲမလား…. ဒီလိုအခြေအနေမျိုးမှာ ဘယ်သူ့ကို ခြိမ်းခြောက်နိုင်မှာလဲ’’
ကျန်းရှု့ဝေက အေးစက်စွာ ဆက်ပြောသည်၊၊
“ငါ့ကို ကျင်းဟိုင်ကို ပို့ပေးလို့ ကျေးဇူးတင်ပါတယ်၊၊ ဒီကောင်းကင်အမိုးခုံးအဆင့် ရထားကို ငါ့ရဲ့ ငွေကြယ်အဖွဲ့ နစ်နာမှုအတွက် ဖက်ဒရေးရှင်းနဲ့ လင်းလုံအုပ်စုဆီက လျော်ကြေးအဖြစ် ယူလိုက်မယ်’’
“ကျန်းရှု့ဝေ… အဲဒါ ငါတို့ ဝမ်မိသားစုရဲ့ ပိုင်ဆိုင်မှုပဲ…မင်း’’
တီ၊၊
ကျန်းရှု့ဝေက လက်ချောင်းတစ်ချောင်းဖြင့် တို့ကာ ဟိုလိုဂရမ်ခေါ်ဆိုမှုကို ချက်ချင်း ပိတ်လိုက်သည်၊၊ ထို့နောက် နားကြပ်မှ ဆက်သွယ်ရေးခလုတ်ကို နှိပ်ကာ အမိန့်ပေးလိုက်သည်၊၊
“လှုပ်ရှားလိုက်တော့”
ဒိုင်း ဒိုင်း ဒိုင်း
ကျင်းဟိုင်ဂြိုဟ်ပတ်ရထားတင်ဆောင်ရေးစက်ရုံအတွင်း သေနတ်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး ရွေ့ပြောင်းနေသော ကြီးမားသည့် အာကာသရထားကြီးသည် ရုတ်တရက် ရပ်တန့်သွားသည်၊၊ မိုးပျံရပ်နားစခန်း၏ လျှပ်စစ်သံလိုက်အလင်းတန်းပင် ပိတ်ကျသွားသည်၊၊ အမည်မသိလက်နက်ကိုင်အင်အားစုတစ်ခုက အရပ်မျက်နှာအနှံ့မှ ပြေးဝင်လာသည်၊၊ ထို့နောက် ဖက်ဒရေးရှင်းအစောင့်တပ်များနှင့် ထိတွေ့ကာ စွမ်းအားရှင်တိုက်ပွဲများပင်ဖြစ်လာပြီး ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်လာသည်၊၊
တိုက်ပွဲဝင်လေသင်္ဘောပေါ်တွင် ထိုင်နေသော ဝမ်တုံ၏ မျက်နှာသည် အမူယာအမျိုးမျိုးပြောင်းလဲနေသည်၊၊ သူ၏ ဖုန်းမှတစ်ဆင့် စောင့်ကြည့်ကင်မရာများကို ကြည့်လိုက်ရာ ဗီဒီယိုအချက်ပြများသည် အဆက်မပြတ်ပျောက်ကွယ်နေပြီး ဆက်သွယ်ရေးလိုင်းများလည်း ပျောက်ဆုံးသွားသည်၊၊ သူတစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပြီး ဒေါသတကြီးထကာ စားပွဲပေါ်ရှိ အလှပန်းအိုးတစ်ခုကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်၊၊
“သောက်ခွေးxxx… ငါ သူ့ကို အရင်ထဲက ပစ်သတ်လိုက်ရမှာ’’
ဝမ်တုံသည် အချိန်တစ်ရက်အတွင်း အာရုဏ်ဦးမြို့တော်နှင့် ဖက်ဒရေးရှင်းအမြင့်ပိုင်းအရာရှိများကြားတွင် ဤမျှကြီးမားသော အပြောင်းအလဲများဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ၊၊ ယခုအချိန်တွင် အာရုဏ်ဦးမြို့တော်သည် ကစဥ့်ကလျားဖြစ်နေပြီး အဆင့်မြင့်အရာရှိများကြားတွင်လည်း ရှုပ်ထွေးနေသည်၊၊ ချူကျောက်နန်က ကျင်းဟိုင်ရှိ စစ်တပ်နှင့် ကြယ်သင်္ဘောအရင်းအမြစ်အားလုံးကို ရုတ်တရက် ပြောင်းရွှေ့သွားခဲ့သည်၊၊ ကျိုးမင်ယွမ်ကလည်း အခြေအနေကို ထိန်းချုပ်ကာ ကျင်းဟိုင်ဘက်မှ အနီရောင်ကမ္ဘာက တိတ်ဆိတ်မြို့တော်ကို ပြန်မတိုက်အောင် တားဆီးနေသဖြင့် သူတို့မှာ လုံးဝအကျပ်ရိုက်နေသည်၊၊ ပို၍ ဆိုးသည်မှာ သူတို့ အရင်းအမြစ်အားလုံး ပုံအောထားသည့် ကောင်းကင်အမိုးခုံးအဆင့် အာကာသရထားတည်ဆောက်ရေးစီမံကိန်းကို ကျန်းရှု့ဝေက ရုတ်တရက် သိမ်းယူလိုက်ခြင်းပင် ဖြစ်သည်၊၊
“ဖာ့ခ်”
ဝမ်တုံတစ်ယောက် တွေးလေ ဒေါသထွက်လေဖြစ်ကာ အသက်ရှူမြန်လာသည်၊၊ သူ၏ ဦးနှောက်က အသည်းအသန်တွက်ချက်နေပြီး ဆက်သွယ်ရေးစက်ကို နှိပ်ကာ ပိုင်းလော့ကို အော်ပြောလိုက်သည်၊၊
“လမ်းကြောင်းပြောင်း… အာရုဏ်ဦးမြို့တော်ကို ပြန်မယ်’’
ဤအခြေအနေတွင် ကျင်းဟိုင်သို့ သွားခြင်းက အဓိပ္ပာယ်မရှိပေ၊၊ ကျန်းရှု့ဝေက ရထားစက်ရုံကို ထိန်းချုပ်ထားပြီး ကြယ်ဆိပ်ကမ်းကလည်း လုံးဝဆုတ်ခွာသွားပြီ ဖြစ်သည်၊၊ တပ်စွဲထားသော လုတျန်းယဲ့သည်လည်း သူထိန်းချုပ်နိုင်သည့် နယ်ပယ်အတွင်း၌ မရှိတော့ပေ၊၊ ထိုနေရာတွင် တစ်ခုခုဖြစ်ခဲ့လျှင် သူ့ကို မည်သူမှ ကူညီနိုင်လိမ့်မည်မဟုတ်ပေ၊၊ ဝမ်တုံသည် ယခုအချိန်တွင် ကျိုးမင်ယွမ်၏ အမိန့်များကို ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းပြန်ကာ ဝမ်ဟွေ့နှင့် ထွက်ပေါက်တစ်ခုရှာဖို့ တိုင်ပင်ရန် လိုအပ်နေသည်၊၊
မနက် ၂ နာရီတွင် အနောက်ဘက် မြေနိမ့်ပိုင်း ကောင်းကင်ယံ၌ ကြီးမားသော အရိပ်ကြီးတစ်ခုက ကောင်းကင်ကို ဖုံးလွှမ်းလျက် တိမ်တိုက်များနှင့် မြူထုကြားမှ ပေါ်ထွက်လာသည်၊၊ ပြင်းထန်သော လေစီးကြောင်းက မြူများကို လွင့်စင်သွားစေပြီး ကြီးမားသော အရိပ်ကြီးပေါ်တွင် အများအပြားတပ်ဆင်ထားသော တွန်းကန်အားဂျက်အင်ဂျင်များမှ မီးခိုးတန်းများ အချက်ပြမီးများနှင့် ရှာဖွေရေးမီးမောင်းများသည် ကြီးမားသော သားရဲကြီး၏ မျက်လုံးများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလှသည်၊၊
တိတ်ဆိတ်မြို့တော်၏ တိမ်စီရင်စုသည် ယခုအချိန်၌ ကာကွယ်ရေးလက်နက်အားလုံးက အသင့်အနေအထားဖြစ်နေသည်၊၊ ရေဒါမျက်နှာပြင်များပေါ်တွင် ပတ်ဝန်းကျင်ရှိ မြေမျက်နှာသွင်ပြင်နှင့် သက်ရှိအချက်ပြများဖြင့် ပြည့်နှက်နေသည်၊၊
“ထင်ထားတာထက် ပိုငြိမ်သက်နေတယ်’’
အဓိကထိန်းချုပ်ခန်းတွင် ရှင်းဂျီက ကြီးမားသော ပြတင်းပေါက်ရှေ့တွင် ရပ်ကာ မြို့ကြီးကို အထက်စီးမှ ကြည့်နေသည်၊၊ ညကောင်းကင်အောက်တွင် အဝေးမှ စက်မှုဇုန်အလယ်ရှိ လင်းထိန်နေသော မီးရောင်များမှလွဲ၍ မြို့၏ ၉၀ ရာခိုင်နှုန်းသော နေရာများနှင့် လမ်းမများသည် မှောင်မည်းကာ ပျက်စီးနေသည်၊၊ မြို့အတွင်း၌ ဖုတ်ကောင်ဒီရေလှိုင်းများ တိုးဝှေ့နေပြီး စက်မှုဇုန်ရှိ ခံစစ်လိုင်းများမှ လေယာဉ်ပစ်အမြောက်များနှင့် လျှပ်စစ်သံလိုက်အမြောက်များသည် ကောင်းကင်သို့ မီးရှူးမီးပန်းများဖောက်နေသကဲ့သို့ အဆက်မပြတ်ပစ်ခတ်နေကြသည်၊၊
ထိုသို့ဖြစ်နေလင့်ကစား ဤမျှလောက်သော မွန်းစတားဒီရေလှိုင်းကို ရှင်းဂျီက ခြိမ်းခြောက်မှုတစ်ခုအဖြစ် သိပ်မမြင်ပေ။
“ခုခံတဲ့ပစ်အားက သိပ်မပြင်းထန်ဘူး၊၊ ပြီးတော့ ဧရာမသတ္တဝါကြီးတွေလည်း မတွေ့ရဘူး’’
လင်းရှန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
“ကျုပ်တို့ ပိုလုံခြုံနေရင် အာရုဏ်ဦးမြို့တော်က အနီရောင်ကမ္ဘာနဲ့ အနီးကပ်ဆက်နွယ်နေတာကို ပိုပြနေတာ မဟုတ်ဘူးလား’’
“အဲဒီကိစ္စက အဖြေထွက်ပြီးသားပဲ’’
မိုနီကာက လက်ပိုက်လျက် လင်းရှန်အနားသို့ လျှောက်လာသည်၊၊
“အခု မေးခွန်းက အာရုဏ်ဦးမြို့တော်က အနီရောင်ကမ္ဘာနဲ့ ဘာတွေ ပူးပေါင်းနေတာလဲ၊၊ ပြီးတော့ ကျွန်မတို့နဲ့ရော ပတ်သက်လာမလားဆိုတာပဲ’’
“ငါတို့နဲ့ ပတ်သက်နေပြီးပြီ’’
လင်းရှန်က လေးနက်စွာ ပြောလိုက်သည်၊၊
“တွင်းနက်ရဲ့ ထူးခြားမှုက ကျုပ်တို့အားလုံးအပေါ် သက်ရောက်နေတယ်။ အခု ဖီးနစ်က ရောက်လာပြီဆိုတော့ ကျုပ်တို့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် အနီရောင်ကမ္ဘာကို အလင်းထဲ ဆွဲထုတ်ဖို့က အခွင့်အရေးကောင်းပဲ။ ညှိနှိုင်းဖို့ကတော့ ရလဒ်ကိုပဲ စောင့်ရမှာပဲ’’
“ဒါဆို ကျွန်မတို့ ကျင်းဟိုင်ထဲ ဝင်လာတာကို အာရုဏ်ဦးမြို့တော်ဘက်က ညှိနှိုင်းဖို့လည်း မလာဘူး၊၊ ဘာမှလည်း မလုပ်ဘူးလား’’
နန်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဒါက ထူးဆန်းနေတယ်မဟုတ်လား’’
“ပိုထူးဆန်းတာ ရှိသေးတယ်’’
ဝူး
ဒရုန်းအချို့က ထိန်းချုပ်ခန်းအပေါ်မှ အမြန်ပျံသန်းသွားသည်။ ထိုစဉ် ရွှန်းက မျက်နှာပျက်ယွင်းစွာဖြင့် လူများအနီးသို့ ချဉ်းကပ်လာသည်၊၊
“ကျနော့်ဒရုန်းတွေက ဘာတွေ့ခဲ့လဲ ခန့်မှန်းကြည့်ကြစမ်း’’
ရှင်းဂျီက ခေါင်းလှည့်ကြည့်လိုက်သည်၊၊
“တပ်စွဲထားတဲ့ စစ်တပ်တွေ ဆုတ်ခွာသွားတာလား’’
“စစ်တပ်တင်မကဘူး’’
ရွှန်း၏ မျက်နှာတွင် ဝေခွဲမရသည့် အမူယာရှိနေသည်၊၊
“ကြယ်သင်္ဘောတွေ၊ ပျံသန်းရေးယာဉ်တွေ၊ ဂြိုဟ်ပတ်ဘူတာက ကုန်တင်ရထားတွေနဲ့ စက်မှုဇုန်ထဲက သယ်ယူပို့ဆောင်ရေးယာဉ်တွေအကုန်လုံး အာရုဏ်ဦးမြို့တောိဘက်ကို အကြီးအကျယ်ရွှေ့ပြောင်းနေကြတယ်”
“ဘာ’’
ကီကီက ထိုစကားကို ကြားသော် မျက်လုံးပြူးသွားသည်၊၊
“ဘာလို့လဲ… လူသန်းနဲ့ချီရှိတဲ့ အာရုဏ်ဦးမြို့တော်လို မြို့တစ်မြို့… သူတို့ရဲ့ တပ်စွဲထားတဲ့ အင်အားတင် တစ်သိန်းကျော်ရှိတယ်လေ၊၊ အခု ကျင်းဟိုင်ကို ဒီတိုင်းစွန့်ပစ်လိုက်တာလား’’
“ဒါက တကယ်ကို ထူးဆန်းတယ်၊၊ ဖီးနစ်ကြောင့်ဆိုရင်တောင် ဒီလိုမဖြစ်သင့်ဘူး။ ဒီစက်မှုအခြေစိုက်စခန်းက သူတို့က ဖက်ဒရေးရှင်းအတွက် အရမ်းအရေးကြီးတာမဟုတ်ဘူးလား။ သူတို့ ဒီလောက်တောင် သတ္တိမရှိတာလား’’
ရှီတိယွမ်လည်း မယုံနိုင်အောင်ဖြစ်နေသည်။
သူတို့ ကျင်းဟိုင်ကို လာရခြင်းမှာ အာရုဏ်ဦးမြို့တော်နှင့် ရင်ဆိုင်ရန် ဖြစ်သော်လည်း ရင်ဆိုင်ခြင်းသည် စစ်တိုက်ခြင်းကို မဆိုလိုပေ။ အမှန်အတိုင်းပြောရလျှင် သူတို့သည် အာရုဏ်ဦးမြို့တော်နှင့် တိုက်ရိုက်ပဋိပက္ခမဖြစ်လိုကြပေ။ မြို့ထဲဝင်လာသည့်အခါ ကျင်းဟိုင်စက်မှုဇုန်တစ်ခုလုံး အကြီးအကျယ် ဆုတ်ခွာနေသည်ကို တွေ့ရလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့သဖြင့် အားလုံး ဝေခွဲမရဖြစ်ကုန်ကြသည်။