← Chapters

လက်ပါခြင်း

Vol. 6 Ch. 51

လက်ပါခြင်း

Vol. 6 Ch. 51

အမှန်တွင် လျူရှောင်ရူထံ ပြောစရာ စကားများ ကျန်နေသေး၏။

“နင့်ယောက်ျား ဒီလောက် အသည်းအသန် ဖျားနေတာကို နင်က အပြင်ထွက်ပြီး လျှောက်သွားရဲတယ်ပေါ့... နင်ရော ရောဂါကူးနေပြီလား ဘယ်သူသိမလဲ... သူများကိုပါ ရေထဲ ဆွဲနှစ်ချင်နေတာမလား... ဒီခြံဝင်းထဲက လူတွေအကုန်လုံးကို စာမေးပွဲကျပါစေလို့ ဆုတောင်းနေတာလား”

လျူရှောင်ရူက ရှောင်စိုင်ကို တိုက်ခိုက်ရန် နောက်ထပ် အကွက်တစ်ကွက် ရှာတွေ့သွားပြန်သည်။

ဘေးပတ်ဝန်းကျင်မှ ပွဲကြည့်နေသော သူများသည် ထိုစကားကို ကြားသည်နှင့် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ကြ၏။

သူတို့သည် ရှောင်စိုင်ကို ညစ်ပတ်သော ပစ္စည်းတစ်ခုကဲ့သို့ ကြည့်လိုက်ကြသည်။

ဘာပဲဖြစ်ဖြစ် ဒီလူတွေက စာသင်သားဖြစ်ဖို့အတွက် ဒီနေရာမှာ ရှိနေကြခြင်းဖြစ်သည်။ ဒုတိယအဆင့် စာမေးပွဲ မစခင် မည်သူမျှ ဖျားချင်ကြမည် မဟုတ်ပေ။

ရှောင်စိုင်က ကမန်းကတန်း ပြောလိုက်သည်။

“ဘယ်သူပြောလဲ ငါ့ယောက်ျား အသည်းအသန် ဖျားနေတယ်လို့... သူက အပြင်မှာ အအေးမိလို့ ဖျားရုံပါ... ငါက အကောင်းကြီး ရှိနေတာလေ”

သူမ ဘယ်လိုပင် ပြောစေကာမူ လျူရှောင်ရူမှလွဲ၍ မည်သူမျှ သူမအနား မကပ်ရဲကြတော့ပေ။ အခြားသူများသည် တံတွေးမစင်နိုင်သော နေရာတွင်ရပ်ကာ ခပ်လှမ်းလှမ်းကသာ ပွဲကြည့်ကြတော့သည်။

လျူရှောင်ရူသည် ယခင်ယောကျာ်းဟောင်းနှင့် ယောက္ခမတို့အား လမ်းခွဲပြီးသည့်နောက် သိုင်းဝတ္ထုထဲက သိုင်းသမားများ သွေးကြောပွင့်သွားသကဲ့သို့ပင် ရန်ဖြစ်ရာတွင် ထူးချွန်လာ၏။

“နင် သမားတော်မှ မခေါ်တာ... သူ အသည်းအသန် ဖြစ်မဖြစ် ဘယ်သူသိမှာလဲ... ပြီးတော့ နင်က အခု ကြည့်ကောင်းနေပေမဲ့ အမြဲတမ်း ကောင်းနေမယ်လို့ ပြောလို့ရမလား... နင်က ရောဂါရှိလျက်နဲ့ တောင့်ခံထားတာဆိုရင်ရော... ငါကြည့်ရတာတော့ နင့်မျက်နှာက ပုံမှန် မဟုတ်ဘူး”

ပွဲကြည့်ပရိသတ်များကလည်း ဝင်ပါကြလေသည်။

“သူ့မျက်နှာက တကယ် တစ်မျိုးကြီးပဲ”

“မျက်နှာတွေ နီနေတာ ဖျားနေလို့လား... ဝေးဝေးနေကြရအောင်”

“တော်တော် ကြိုးစားတာပဲ... ဖျားနေတာတောင် ယောက်ျားတွေ လိုက်မြူဆွယ်နေသေးတယ်”

ထိုကဲ့သို့ ဝိုင်းဝန်း လက်ညှိုးထိုး ပြောဆိုနေကြသည်ကို ကြားသောအခါ ရှောင်စိုင်က ပြောလိုက်သည်။

“ငါ မျက်နှာနီနေတာက ဒေါသထွက်လွန်းလို့ပါ... ဖျားနေလို့ မဟုတ်ဘူး... ငါ ယောက်ျားတွေကို လိုက်မမမြူဆွယ်ပါဘူး... ကုမင်တာ့လောက်ကို ငါ မျက်လုံးထဲတောင် မထည့်ဘူး”

လျူရှောင်ရူက ရွဲ့ကာ ပြောလိုက်သည်။

“ဖျားနေတဲ့လူတွေက ကိုယ့်ကိုယ်ကိုယ် မဖျားဘူးလို့ ပြောလေ့ရှိကြတယ်... ဟုတ်တယ် ဟုတ်တယ်... နင်က ကျန်းကွမ်ကျုံးလို ဝမ်းကိုက်ရောဂါသည် ပုံစံမျိုးကိုပဲ ကြိုက်တာ... ကုမင်တာ့ကို မကြိုက်ပါဘူး”

ရှောင်စိုင် ဒေါသထွက်လွန်းသဖြင့် သူမကို လက်သီးဖြင့် နှစ်ချက်လောက် ထိုးချင်စိတ် ပေါက်သွားသော်လည်း လူအများကြီးရှေ့တွင် ကိုယ်ထိလက်ရောက် လုပ်လိုက်ပါက သူမဘက်က ပိုမှားသွားမည်ကို သိနေသည်။

သူမသည် လျူရှောင်ရူကို စကားနိုင် မလုနိုင်သဖြင့် ကျန်းယွင်နန်ကိုသာ ပိုပြီး ဖိအားပေးရန် ဆုံးဖြတ်လိုက်သည်။ သူမသည် အကျင့်ပျက် ဇာတ်ကောင် ထပ်ဖြစ်မည် စိုးသဖြင့် ကုမင်တာ့ကို မကြည့်ရဲတော့ပေ။

“အစ်မ... အစ်မပဲ ဂရုစိုက်ပါမယ်ဆို... အခုတော့ ကျွန်မ အနိုင်ကျင့်ခံနေရတာကို ဒီအတိုင်း ကြည့်နေတော့မလို့လား... ကျွန်မက အစ်မရဲ့ မောင်လေးရဲ့ မိန်းမနော်”

ရှောင်စိုင်က ဝမ်းနည်းပက်လက် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လျူရှောင်ရူ အနည်းငယ် စိုးရိမ်သွားသည်။ ကျန်းယွင်နန်က ကျန်းကွမ်ကျုံးကို မုန်းတီးသော်လည်း ဆွေမျိုးသားချင်း တော်စပ်နေသေးပြီး သူမကမူ မွေးစားညီမ တစ်ယောက်သာ ဖြစ်သည်။

ကျန်းယွင်နန်က ရှောင်စိုင်ကို တည့်တည့်ကြည့်ကာ ပြောလိုက်၏။

“နင့်ကိုယ်နင် ငါ့ဆွေမျိုးမှန်း သိသေးရင်.. ဘာလို့ မကြံစည်သင့်တာကို ကြံစည်နေရတာလဲ”

ရှောင်စိုင်သည် ယောက်မဖြစ်သူထံမှ အကူအညီ မရသည့်အပြင် တူဖြင့် ငယ်ထိပ်ကို အထုခံလိုက်ရသလို ဖြစ်သွားလေသည်။

လျူရှောင်ရူမှာမူ သူမပြောသမျှကို ကျန်းယွင်နန်က ထောက်ခံပေးနေသဖြင့် အလွန် ပျော်ရွှင်နေပြီး မိသားစုဝင်များကဲ့သို့ ပိုမို ခံစားလာရသည်။

ရှောင်စိုင် စိတ်ပျက်သွားသော်လည်း ကျန်းကွမ်ကျုံးသည် သူမ၏ ကျောထောက်နောက်ခံ ဖြစ်သည်ကို သတိရပြီး ထပ်ပြောလိုက်ပြန်သည်။

“အစ်မ... ကွမ်ကျုံးက အိမ်ထဲမှာ ဖျားနေတုန်းပဲ... ကျွန်မကို ဆူချင်ရင်တောင် သူ့ရောဂါကို အရင် ကုပေးသင့်တယ်လေ”

လျူရှောင်ရူသည် ကျန်းယွင်နန် ကိုယ်စား ဆက်လက် ပြောဆိုပေးလိုက်သည်။

“စပြီး သရုပ်ဆောင်ပြန်ပြီ... နင့်ယောက်ျား သေမလား ရှင်မလား တကယ် ဂရုစိုက်တဲ့ ပုံစံမျိုးနဲ့”

အတော်ကြာအောင် ရုန်းကန်ပြီးနောက် ရှောင်စိုင်သည် ကျန်းကွမ်ကျုံး သေမလား ရှင်မလား ဂရုမစိုက်သူဟူသော တံဆိပ်ကပ်ခံလိုက်ရပြီး သူမ၏ နဖူးပေါ်တွင် စွဲမြဲသွားပြီ ဖြစ်သည်။

ရှောင်စိုင်သည် မိမိကိုယ်မိမိ ကာကွယ်ပြောဆိုသော်လည်း အရာမထင်တော့သဖြင့် ဆက်မပြောတော့ဘဲ ကျန်းယွင်နန်ကို ကြည့်ကာ တောင်းပန်လိုက်သည်။

“အစ်မ... ကွမ်ကျုံးအတွက် သမားတော် မြန်မြန်ခေါ်ပေးပါ... ကျွန်မတို့ပိုက်ဆံအားလုံးက ကုန်သွားပြီ... သူ့ကို ဒီအတိုင်း အဖျားတက်ပြီး သေသွားစေချင်တာလား”

ကျန်းယွင်နန် ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

“ငါတို့မှာလည်း လက်ထဲ ပိုက်ဆံ သိပ်မရှိဘူး”

ထိုစကားကို ကြားသောအခါ ရှောင်စိုင်သည် နေရာမှာတင် အော်ဟစ်ငိုယိုလေတော့သည်။

“မောင်နှမအရင်းတွေ ဖြစ်ပြီးတော့... ကိုယ်ကျတော့ စားကောင်းသောက်ဖွယ်တွေ စားပြီး မောင့်ရဲ့ အသက်အန္တရာယ်ကိုကျတော့ လျစ်လျူရှုရက်တယ်... အစ်မ တော်တော် ရက်စက်တာပဲ...”

ကျန်းယွင်နန်က သူမ ငိုသည်ကို စိတ်ရှည်လက်ရှည် နားထောင်နေသော်လည်း လျူရှောင်ရူက သည်းမခံနိုင်တော့ဘဲ ဆဲဆိုလေတော့သည်။

သူမတို့နှစ်ဦး ရန်ဖြစ်လုနီးပါး ဖြစ်နေချိန်တွင် ကျန်းယွင်နန်က ဝင်ပြောလိုက်၏။

“ငါတို့ ဖူချိန်မြို့မှာ ဘဏ်တစ်ခုနဲ့ ရင်းနှီးတယ်... အာမခံပေးလို့ရတယ်... နင်တို့အတွက် ပိုက်ဆံချေးပေးမယ်... သုံးလအတွင်း ပြန်ဆပ်ရမယ်... အတိုးက ပြားဝက်ပဲ ပေးရမယ်”

မူလက ကုမိသားစုကို ရက်စက်သည်ဟု ထင်နေကြသော လူများသည် ထိုစကားကို ကြားသောအခါ ချက်ချင်း လှည့်ကြည့်လာကြပြီး မေးလိုက်ကြသည်။

“ဘယ်ဘဏ်မို့လို့လဲ... အတိုးက ဒီလောက်နည်းတာ... သဘောကောင်းလိုက်တာ”

ဘဏ်က ငွေချေးလျှင် အတိုးနှုန်း မနည်းပေ။ တစ်လလျှင် တစ်ပြားအတိုးပေးရလျှင်ပင် သဘောကောင်းသော ဘဏ်ဟု သတ်မှတ်နိုင်သည်။ အချို့နေရာများတွင် ဘဏ်အတိုးနှုန်းက လူသတ်နိုင်လောက်အောင် မြင့်မားသည်။ သုံးလလောက် ကြွေးတင်သွားလျှင် အတိုးက အရင်းထက်ပင် များသွားနိုင်သည်။

ကုမင်တာ့က ရှင်းပြလိုက်၏။

“ဆိုင်ရှင်နဲ့ ကျွန်တော်က ရင်းနှီးလို့ အခုလို အာမခံပေးလို့ ရတာပါ... ဒီနေ့ ကျွန်တော့်ယောက်ဖအတွက် အာမခံပေးလိုက်ရတော့ ဆိုင်ရှင်နဲ့ ကျွန်တော့်ရဲ့ ခင်မင်မှုက ကုန်သွားပြီလို့ ပြောရမှာပေါ့”

လူအုပ်ထဲတွင် ငွေချေးချင်နေသူများ ရှိနေသည်ကို ကုမင်တာ့ သတိထားမိသည်။ ထို့ကြောင့် သူက ဦးအောင် ပြောလိုက်ခြင်းပင်။ သူ့ကို မျက်နှာသာပေးမှုက သည်တစ်ကြိမ်ဖြင့်ပင် ကုန်သွားပြီဖြစ်၍ နောက်ပိုင်း ဒီလောက် အတိုးနှုန်းသက်သာစွာဖြင့် ချေးပေးနိုင်တော့မည် မဟုတ်ကြောင်း ကြိုတင် ပြောထားလိုက်ခြင်း ဖြစ်သည်။

ကျန်းယွင်နန်ကလည်း သက်ပြင်းချကာ ဝင်ပြောလိုက်၏။

“သူများက ကိုယ့်ကျေးဇူးကို မှတ်ထားပေးတာ ရှားပါတယ်... အစက ကျွန်မ စီးပွားရေးလုပ်ဖို့ ငွေချေးချင်နေတာ... အခုတော့ မဖြစ်နိုင်တော့ဘူး ထင်ပါတယ်”

ရှိနေသူအားလုံးက စိတ်မကောင်း ဖြစ်သွားကြပြီး သူမသည် မောင်ဖြစ်သူအတွက် အစွမ်းကုန် ကူညီပေးခဲ့ကြောင်း အသိအမှတ် ပြုလိုက်ကြသည်။

သို့သော် ရှောင်စိုင်က လက်မခံဘဲ ပြောလိုက်သည်။

“ဘာလို့ ဘဏ်က ချေးရမှာလဲ... ဘာလို့ အတိုးပေးရမှာလဲ... နင်တို့မှာ ပိုက်ဆံရှိသားနဲ့ ဘာလို့ ငါ့ကို မချေးပေးနိုင်ရတာလဲ”

ဒါက ကုမင်တာ့တို့ လင်မယားကို အားကိုးပြီး ငွေပြန်မဆပ်ဖို့ ကြံစည်ထားသည့် သဘောပင်။ မဟုတ်လျှင် သာမန်လူဆိုပါက ပြားဝက်အတိုးနှုန်းကို ကြားသည်နှင့် ဝမ်းသာလွန်း၍ ရူးသွားလောက်သည်။

သွေးတိုးစေသော ထိုစကားများကို ကြားရသောအခါ လျူရှောင်ရူ သည်းမခံနိုင်တော့ဘဲ သူမကို ပါးရိုက်လိုက်တော့သည်။

“စကားတွေ ဘာလို့ ဒီလောက်များနေရတာလဲ... ငါ့မှာ လက်ပါသေးတယ်... နင့်ကို သေအောင် ရိုက်ပစ်မယ်”

All Chapters