အရာရှိနှင့် တွေ့ခြင်း
Vol. 6 Ch. 52
ပါးရိုက်သံ ထွက်ပေါ်လာပြီးနောက် ပွဲကြည့်ပရိသတ်များ ခဏတာ ကြောင်သွားကြသည်။
ဘာပဲဖြစ်ဖြစ် လူရိုက်လိုက်တာက လျူရှောင်ရူ ဖြစ်နေတော့... အင်း... ဒါ ဖြစ်သင့်တာပါပဲ။
တကယ်လို့ ကျန်းယွင်နန်က ရိုက်လိုက်မယ်ဆိုရင်တောင် သူတို့က ဖြစ်သင့်တယ်လို့ပဲ ထင်ကြမှာ။
ဒီအိမ်တွင် ရေပန်းအစားဆုံး ပုဂ္ဂိုလ်များအဖြစ် လျူရှောင်ရူနှင့် ကျန်းယွင်နန်တို့သည် လူတိုင်း၏ မျက်လုံးထဲတွင် ညီအစ်မအရင်းများကဲ့သို့ ဖြစ်နေကြပြီ။ သူတို့နှစ်ဦးစလုံးက ကျားမကြီးများကဲ့သို့ ရဲရင့်သည်ဟု ဆိုရမည်။
သို့သော် ရှောင်စိုင်သည် ဒီအိမ်သို့ ရောက်နေသည်မှာ ရက်ပိုင်းသာ ရှိသေးသလို အခြားသူများကလည်း သူမကို အဖက်မလုပ်ကြသဖြင့် လျူရှောင်ရူသည် ယောက္ခမနှင့် ခင်ပွန်းသည်ကို အဖေကယ်ပါ အမေကယ်ပါ အော်ရသည်အထိ ရိုက်နှက်ဖူးသော အမျိုးသမီးဖြစ်ကြောင်း မသိရှာပေ။
“နင် ငါ့ကို ရိုက်တယ်... နင်ကများ ငါ့ကို ရိုက်ရဲတယ်ပေါ့... ဘယ်သူက နင့်ကို သတ္တိတွေ ပေးလိုက်တာလဲ...”
ရှောင်စိုင် စကားမဆုံးသေးခင်မှာပင်
“ဖြောင်း”
နောက်ထပ် ပါးရိုက်ချက်တစ်ခု သူမ၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပြန်သည်။
ရှောင်စိုင်၏ မျက်နှာပေါ်တွင် လက်ဝါးရာ အနီရောင်အစင်းကြောင်းကြီး နှစ်ကြောင်းကို အထင်းသား မြင်လိုက်ရသည်။
ရှောင်စိုင်၏ ထင်ယောင်ထင်မှား ဖြစ်မလားတော့ မသိပေ။ လျူရှောင်ရူ၏ ရိုက်ချက်က ကျန်းကွမ်ကျုံး ရိုက်တာထက် ပိုပြင်းထန်ပြီး ပိုနာသည်ဟု သူမ ခံစားလိုက်ရသည်။
“ရိုက်ချင်ရင် ရိုက်လိုက်တာပဲ... ဘယ်သူမှ သတ္တိမွေးပေးစရာ မလိုဘူး”
လျူရှောင်ရူသည် ရိုက်ပြီးသော်လည်း မကျေနပ်နိုင်သေးဘဲ တစ်ခုခု လိုနေသလို ခံစားနေရသည်။
ခြောက်နှစ်အရွယ် ကုကျောက်က တံမြက်စည်းကို ဆွဲလာပြီး အော်ပြောလိုက်သည်။
“အန်တီလျူ... လက်နက် မပါသေးဘူးလေ”
တံမြက်စည်း ရလိုက်သည်နှင့် လျူရှောင်ရူသည် ရွှေတုတ်ရသော စွန်းဝူခုန်းကဲ့သို့ ဖြစ်သွားသည်။ ကျားတစ်ကောင်လို အားအင်ပြည့်ဝသွားပြီး ရှောင်စိုင်ကို တံမြက်စည်းဖြင့် လိုက်ရိုက်ရာ ခြံဝင်းတစ်ခုလုံး ပတ်ပြေးနေရတော့သည်။
ဒီမိန်းမကို ပညာပေးဖို့ အခွင့်အရေး ရပြီ...။
လျူရှောင်ရူကသာ သူမကို ကောင်းကောင်း မဆုံးမရင် နျိုနျိုကို နှိပ်စက်ခဲ့တာတွေအတွက် ဘယ်လို လက်စားချေနိုင်မလဲ။
ခြံဝင်းထဲတွင် ဆူညံနေသော်လည်း ကျန်းယွင်နန်က မမြင်သလိုနေပြီး လူအများရှေ့တွင် တည်ငြိမ်စွာ ပြောလိုက်၏။
“ကျွန်မရဲ့ ယောက်မက စိတ်ထားမကောင်းဘူး... အရင်တုန်းကလည်း ကျွန်မကို အစ်မကြီးတစ်ယောက်လို မလေးစားခဲ့ဘူး... ဒါပေမဲ့ ကွမ်ကျုံးက ကျွန်မရဲ့ မောင်ဝမ်းကွဲပါ... သူ့အမေက ကျွန်မအပေါ် မကောင်းခဲ့ပေမဲ့... သူက ကျွန်မကို အစ်မအရင်းလို သဘောမထားခဲ့ရင်တောင်... ကျွန်မ သူ့ကို ပစ်ထားလို့ မရပါဘူး... ဘာပဲဖြစ်ဖြစ် အစ်မကြီးဆိုတာ အမေနဲ့တူပါတယ်... ဒါ ကျွန်မ လုပ်သင့်တဲ့အလုပ်ပါ”
ကျန်းယွင်နန်သည် ကျန်းကွမ်ကျုံး လင်မယားအတွက် သူတို့၏ ယုတ်မာမှုများကို ဖုံးကွယ်ပေးရန် အစီအစဉ် မရှိပေ။ ရှောင်စိုင်က ပိုက်ဆံလိုချင်ကြောင်း သိသာနေသဖြင့် သူမကလည်း မိသားစုနှစ်ခုကြားမှ အငြိုးအတေးများကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ခြင်းပင်။
ကျန်းယွင်နန်သည် နျိုနျိုကို ရှောင်စိုင်တို့ မွေးစားခဲ့သည့် ကိစ္စကို တမင် ဖုံးကွယ်ထားလိုက်သည်။ ရှောင်စိုင်နှင့် ကျန်းကွမ်ကျုံးတို့သည် နျိုနျိုကို ကောင်းကောင်း မဆက်ဆံခဲ့သော်လည်း ၅ နှစ်ကြာအောင် ကျွေးမွေးခဲ့သည်မှာ အမှန်ပင်။
ပြင်ပလူများက နျိုနျို ထို ၅ နှစ်တာ ကာလအတွင်း မည်မျှ ဆင်းရဲဒုက္ခရောက်ခဲ့သည်ကို မသိကြသဖြင့် ကျေးဇူးတရားကို ထောက်ပြပြီး ကိုယ်ကျင့်တရားအရ ဖိအားပေးလာနိုင်သည်။ ယနေ့ခေတ် နျိုနျိုကဲ့သို့ ကလေးမျိုးသည် ကျေးဇူးတရားကို သိတတ်သင့်သည်ဟု ပြောလာနိုင်ကြသည်။
ကျန်းယွင်နန်သည် သူမ၏ သမီးလေး အပြစ်တင်ခံရမည်ကို လုံးဝ မလိုလားပေ။
ကံကောင်းစွာပင် ယခုအချိန်၌ ရှောင်စိုင်၏ အာရုံအားလုံးကို လျူရှောင်ရူက ဆွဲဆောင်ထားသဖြင့် သူမ ဘာမှ ခွဲခြားသိမြင်နိုင်ခြင်း မရှိတော့ပေ။
ကျန်းယွင်နန်သည် အဖွားချန်ဘက်သို့ လှည့်ကာ ယဉ်ကျေးစွာ ပြောလိုက်၏။
“အဖွား... အဖွားက ဒီဒေသခံဆိုတော့ ကျွန်မမောင်အတွက် သမားတော်တစ်ယောက်လောက် ကူရှာပေးပါ... ပိုက်ဆံအတွက် စိတ်မပူပါနဲ့”
အဖွားချန်သည် ကုမင်တာ့ကို လှမ်းကြည့်လိုက်ပြီး သူက ခေါင်းညိတ်ပြသည်ကို တွေ့သောအခါ တုံ့ဆိုင်းမနေတော့ဘဲ လှည့်ထွက်သွားလေသည်။
ချီကတော်က သူတို့နှစ်ဦး ဆက်ဆံရေး မဆိုးသည်ကို အခွင့်ကောင်းယူကာ လျှောက်လာပြီး ပြောလိုက်သည်။
“အစ်မကု... ရှင်တို့ယောက်မက ဘဏ်ကနေ ပိုက်ဆံမချေးချင်ဘူးဆိုရင် အဲ့ဒီ ပြားဝက်အတိုးနှုန်း အခွင့်အရေးကို ကျွန်မကို ပေးလိုက်ပါလား... ကျွန်မ ကျေးဇူး မမေ့ပါဘူး”
သုံးလခွဲ အတိုးဆိုသည်မှာ ငွေ ၁၀၀ ချေးလျှင် သုံးလပြည့်သောအခါ ၁၀၅ တုံးသာ ပြန်ဆပ်ရမည် ဖြစ်သည်။
ငွေ ၅ တုံးဆိုသည်မှာ များသည်ဟု ထင်ရသော်လည်း ဈေးကွက်ထဲရှိ ဘဏ်အများစုသည် တစ်လလျှင် ၂ ပြားအတိုးဖြင့် ချေးကြသည်။ အကယ်၍ ၃ လ ချေးပါက အနည်းဆုံး ၁၆၀ တုံး ပြန်ဆပ်ရမည် ဖြစ်သည်။ ဒါက ဓားပြတိုက်တာနှင့် မခြားပေ။ သာမန်လူများသည် မဖြစ်မနေ အခြေအနေမှလွဲ၍ ဘဏ်မှ ငွေမချေးကြပေ။
ဖူချိန်မြို့မှာ မဆိုထားနှင့်၊ အောက်ခြေ မြို့နယ်များတွင်ပင် သုံးလခွဲ အတိုးနှုန်းယူသော ဘဏ်မျိုး တစ်ခါမှ မကြားဖူးပေ။ တိုက်ဆိုင်စွာပင် ချီကတော်၏ မိသားစုသည် ငွေလိုနေသဖြင့် ဒီအခွင့်အရေးကို ရယူချင်နေခြင်းပင်။
ကျန်းယွင်နန်က ခါးသီးစွာ ပြုံးပြီး ပြောလိုက်၏။
“ချီကတော်... ကျွန်မ မကူညီချင်လို့ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်မမောင်က မချေးချင်လည်း ချေးရမယ့် အခြေအနေ ဖြစ်နေလို့ပါ... အခု အဖွားချန်ကို သမားတော်သွားခေါ်ခိုင်းလိုက်ပြီ... ခဏနေရင် ကျွန်မယောက်ျားက ဘဏ်ဆိုင်ရှင်ကို အိမ်အရောက် ခေါ်လာပါလိမ့်မယ်... ကျွန်မမောင် ဖျားနေပေမဲ့ လက်ဗွေနှိပ်ဖို့တော့ အားရှိပါသေးတယ်”
ချီကတော်လည်း သဘောပေါက်သွားသည်။ သူတို့က ကျန်းမိသားစုကို အတင်းအကျပ် ငွေချေးခိုင်းတော့မည် ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမ၏ ကိစ္စကို ဆက်မပြောတော့ပေ။
ကုမင်တာ့သည် ကလေးကို ကျန်းယွင်နန်လက်ထဲ အပ်ပြီးနောက် အလျင်အမြန် ထွက်သွားလေသည်။ သမားတော်က ဆေးစာရေးပေးပြီးချိန်တွင် သူသည် မုတ်ဆိတ်မွေးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့်အတူ ဝင်လာခဲ့သည်။
ထိုအမျိုးသားသည် အပြာရောင် ဝတ်ရုံရှည်နှင့် အနက်ရောင် ဦးထုပ်ကို ဆောင်းထားပြီး ကုမင်တာ့က သူ့ကို ဆိုင်ရှင်ကျန့်ဟု ခေါ်လေသည်။
ဆိုင်ရှင်ကျန့်သည် အခြားသူများနှင့် ဆက်ဆံရာတွင် မာနကြီးသော ပုံစံရှိပြီး ဂရုမစိုက်သော အမူအရာဖြင့် နှုတ်ဆက်တတ်သည်။ အချို့လူများက မျက်နှာပြောင်တိုက်ပြီး ပြားဝက်အတိုးနှင့် ချေးငှားရန် လာပြောကြသော်လည်း သူက မျက်နှာထားတင်းတင်းဖြင့် ငြင်းပယ်လိုက်၏။
ကုမင်တာ့နှင့် တွေ့သောအခါမှသာ ဆိုင်ရှင်ကျန့်က ပြုံးပြတော့သည်။
“ကျွန်တော့် ယောက်ဖ ဖျားနေလို့... ဆိုင်ရှင်ကျန့်ကပဲ ကူညီပြီး လက်ဗွေနှိပ်ပေးပါဦး”
ကုမင်တာ့က ပြောလိုက်သည်။
ဆိုင်ရှင်ကျန့်သည် ဒါကို အဆန်းဟု မထင်ပေ။ ပိုက်ဆံထုတ်ပေးပြီးနောက် ကျန်းကွမ်ကျုံး၏ လက်ကိုဆွဲကာ ကြွေးမြီစာချုပ်ပေါ်တွင် လက်ဗွေနှိပ်လိုက်လေသည်။
ရှောင်စိုင်သည် လျူရှောင်ရူ၏ ရိုက်နှက်မှုကြောင့် အရှက်ကွဲနေရ၏။ သမားတော်ကသာ အချိန်မီ ရောက်မလာလျှင် လျူရှောင်ရူက ဆက်လက် ထုနှက်နေဦးမှာပင်။
သမားတော်က ကျန်းကွမ်ကျုံးကို ကုသပေးနေချိန်တွင် ရှောင်စိုင်သည် အခန်းထောင့်၌ ကျုံ့ကျုံ့လေး ထိုင်နေ၏။ ဆိုင်ရှင်ကျန့် ဝင်လာသောအခါ သူမ ထွက်ပြေးချင်သော်လည်း တံခါးပေါက်က ပိတ်နေသဖြင့် ထောင့်တွင် ငုံးလေးတစ်ကောင်လို ဆက်လက် ပုန်းအောင်းနေရသည်။
“ငါ ပိုက်ဆံမချေးဘူး... အတိုးက ပြားဝက်ပဲ ပေးရမယ်ဆိုရင်တောင် မချေးဘူး”
ရှောင်စိုင်က အော်ပြောလိုက်သည်။
လျူရှောင်ရူ၏ အသံက သူမထက် ပိုကျယ်လောင်စွာ ထွက်ပေါ်လာ၏။
“နင့်ယောက်ျား သေလုမျောပါး ဖြစ်နေတာကို မကယ်ချင်ဘူးပေါ့... နင်က တကယ်ပဲ သူ့ကို သေစေချင်နေတာကိုး”
အသံက ကျယ်လွန်းသဖြင့် အဖျားတက်ပြီး သတိလစ်နေသော ကျန်းကွမ်ကျုံးပင် ကြားလိုက်ရပြီး တစ်ခုခု ပြောချင်သကဲ့သို့ လက်ကို ကြိုးစားမြှောက်လိုက်သည်။
လျူရှောင်ရူက မြင်လိုက်ပြီး အသံချဲ့စက်ဖြင့် အော်သကဲ့သို့ ဆက်အော်လိုက်သည်။
“တွေ့လား... နင့်ယောက်ျားက နင့်ကို ဒေါသထွက်လွန်းလို့ လက်ပါ မြှောက်နေပြီ”
ရှောင်စိုင် ဒေါသထွက်နေသော်လည်း ကြွေးမြီစာချုပ်ပေါ်တွင် လက်ဗွေနှိပ်ရန် ငြင်းဆန်နေဆဲပင်။
ကျန်းယွင်နန်က လျူရှောင်ရူကို မျက်စပစ်ပြလိုက်ရာ သူတို့နှစ်ဦးသည် ဘယ်တစ်ဖက် ညာတစ်ဖက်ဖြင့် ရှောင်စိုင်ကို ဖမ်းချုပ်လိုက်ပြီး လက်ကိုဆွဲကာ လက်ဗွေနှိပ်ခိုင်းလိုက်တော့သည်။
ယခုအခါ လင်မယားနှစ်ယောက်စလုံး၏ လက်ဗွေရာများ ကြွေးမြီစာချုပ်ပေါ်တွင် ရှိနေပြီဖြစ်၍ သူတို့ ငြင်းဆန်ချင်လျှင်တောင် ငြင်း၍ မရတော့ပေ။
သမားတော်က ဆေးကုသစရိတ် တောင်းခံရာ ကုမင်တာ့က ငွေလက်ခံရရှိကြောင်း ပြေစာထုတ်ပေးရန် တောင်းဆိုလိုက်သည်။
ငွေကို တကယ်ပေးလိုက်ပြီဖြစ်၍ သမားတော်ကလည်း မငြင်းဆန်ပေ။
ခြံဝင်းထဲတွင် ပွဲကြည့်နေသူ အများအပြား ရှိနေသည်။ ကျန်းယွင်နန်သည် ဘဏ်ကြွေးမြီစာချုပ်၊ ဆေးကုသစရိတ် ပြေစာနှင့် ကျန်ငွေများကို လူအများရှေ့တွင် ရှောင်စိုင်လက်ထဲသို့ ထည့်ပေးလိုက်ပြီး အားလုံးရှေ့တွင် စာရင်းရှင်းပြလိုက်သည်။
ဆေးကုသစရိတ် သုံးတုံးကျသင့်ပြီး စုစုပေါင်း ငွေ ဆယ်တုံချေးယူခဲ့ရာ ပိုနေသော ငွေ ခုနစ်တုံးကို သူတို့လင်မယား ဖူချိန်မြို့တွင် သုံးစွဲရန် ပေးလိုက်သည်။
ရှောင်စိုင်သည် ငွေတုံးများကို ကိုင်ထားသော်လည်း ကြွေးကို ငြင်းဆန်နေဆဲပင်။
“ဒီစာရင်း မှားနေတယ်... သူတို့နှစ်ယောက်ပေါင်းပြီး ငါ့ပိုက်ဆံကို လာယူသွားတာ”
"ဒီနေ့ စာရင်းက ရှင်းနေပြီ... ဘဏ်ဆိုင်ရှင်နဲ့ သမားတော်လည်း မပြန်သေးဘူး"
“ကျန်းကတော်... ဘယ်နေရာက မှားနေလို့လဲ... ဆေးဖိုးက မှားနေတာလား... ဒါမှမဟုတ် ကျွန်တော်ချေးတဲ့ ပိုက်ဆံက မှားနေတာလား... တကယ်လို့ မရှင်းရင် ကျွန်တော် နောက်တစ်ခေါက် ထပ်ရှင်းပြပေးမယ်”
ဆိုင်ရှင်ကျန့်က မျက်လုံးမှေးလျက် ပြောလိုက်သည်။
ရှောင်စိုင်က ပြောလိုက်၏။
“မှားတယ်... နှစ်ခုစလုံး မှားတယ်... ရှင်နဲ့ ကုမင်တာ့က တစ်ဖွဲ့တည်းပဲ... ဒါကြောင့် သူ့ဘက်က ကူပြောပေးနေတာ... ရှင်တို့ ငါ့ကို အတင်းအကျပ် လက်ဗွေနှိပ်ခိုင်းတာ... ရှင်တို့ မကောင်းကြံနေတာ”
ဆိုင်ရှင်ကျန့် ဘာမှမပြောရသေးခင် သမားတော်က အေးစက်စွာ ပြောလိုက်သည်။
“ကျန်းကတော်... ခင်ဗျားယောက်ျား အသည်းအသန် ဖျားနေလို့ ခင်ဗျားပဲ ဆေးကောင်းကောင်း လိုချင်တယ်လို့ တောင်းဆိုခဲ့တာလေ... ကျွန်တော် ဒီမှာ ဆေးကုလာတာ ၁၀ နှစ်ကျော်ပြီ... အိမ်နီးနားချင်း ဘယ်သူက ကျွန်တော့်ဂုဏ်သတင်းကို မသိဘဲနေမလဲ... ငွေ သုံးတုံး ဆိုတာ အသက်သာဆုံး ယူထားတာ... တကယ်လို့ ကျွန်တော်က ငွေလိမ်တယ်လို့ ထင်ရင် ခင်ဗျား သေသာသေလိုက်တော့”
သမားတော်က ပြန်လှည့်ပြီး အခန်းထဲ ဝင်သွားကာ “ဆေးတွေ ပြန်သိမ်းမယ်" ဟု ပြောလိုက်သည်။
ရှောင်စိုင်က ကမန်းကတန်း တားလိုက်ပြီး အတော်ကြာ ချော့ပြောလိုက်မှ ကျေနပ်သွားလေသည်။
သမားတော်ကို ချော့ပြီးသောအခါ ဆိုင်ရှင်ကျန့်က ပြောလိုက်ပြန်သည်။
“ကျန်းကတော်... ကျွန်တော် ပိုက်ဆံ ဘယ်လောက်ချေးထားလဲ... စာရွက်အဖြူပေါ်မှာ စာလုံးအမည်းနဲ့ အထင်အရှား ရေးထားပြီးသား... ခင်ဗျားရဲ့ ပေါက်ကရစကားတွေက ကျွန်တော့်ရဲ့ ဖြူစင်တဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်... အခုပဲ အရာရှိဆီ သွားကြစို့... မြို့တော်ဝန်ရုံးက လူကြီးမင်းတွေကို အဆုံးအဖြတ် ပေးခိုင်းလိုက်မယ်”