ရင်းနှီးမှု မရှိခြင်း
Vol. 6 Ch. 53
ဘဏ်ဆိုင်ရှင်က "ဖြူစင်တဲ့ ဂုဏ်သိက္ခာ" ဟု ပြောသောအခါ လူတိုင်း ရယ်ချင်သွားကြ၏။
ဘဏ်ဆိုသည်မှာ လူကို အရိုးပါမချန် ဝါးစားတတ်သော နေရာမျိုး ဖြစ်သည်။
ဘယ်ကလာ ဂုဏ်သိက္ခာ ဖြူစင်ရမှာလဲ။
သို့သော် ရှောင်စိုင်ကတော့ ထိုစကားကို ကြားပြီး တကယ် ကြောက်သွားလေသည်။
ကျန်းယွင်နန်က သူတို့လင်မယားကို အတင်းအကျပ် လက်ဗွေနှိပ်ခိုင်းလိုက်သော်လည်း ပိုက်ဆံက သူတို့လက်ထဲ ရောက်နေပြီဖြစ်၏။
အတိုးနှုန်းကလည်း အပြင်က အတိုးပေးစားသူတွေနဲ့ ယှဉ်ရင် ဘာမှမပြောပလောက်ပေ။ တကယ်လို့များ မြို့ဝန်ရုံးကို ရောက်သွားခဲ့ရင် ကံဆိုးမယ့်သူက ရှောင်စိုင်သာ ဖြစ်ပေလိမ့်မည်။
ကျန်းယွင်နန်က ညင်သာစွာ ချောင်းဟန့်လိုက်ပြီး အစ်မကြီးတစ်ယောက်၏ ဟန်ပန်ကို ပြန်လည် ဖမ်းယူကာ ဆူပူကြိမ်းမောင်းလိုက်သည်။
“အရှက်ရှိစမ်းပါ... တကယ်လို့ ငါ့မောင်ကို သေစေချင်တယ်ဆိုရင်လည်း ဖွင့်ပြောလိုက်... ဒါဆို ငါ နင့်မိဘတွေကို သွားမေးမယ်... ဘာလို့ ငါတို့ ကျန်းမိသားစုကို ဒုက္ခပေးမယ့် မိန်းမမျိုးနဲ့ ပေးစားလိုက်တာလဲလို့”
ရှောင်စိုင်သည် ထိုသူများ၏ တစ်ယောက်တစ်လှည့် ဖိနှိပ်မှုကို လုံးဝ မယှဉ်နိုင်တော့ပေ။ ငွေတုံးများကို ရင်ခွင်ထဲ ပိုက်ကာ ထောင့်တစ်နေရာတွင် ကွေးကွေးလေးသာ နေလိုက်ရတော့သည်။
ကုမင်တာ့သည် သမားတော်အိုကြီးနှင့် ဆိုင်ရှင်ကျန့်တို့ကို အိမ်ပြန်ပို့ရန် လိုက်သွားလေသည်။
သမားတော်အိုကြီးက အပြင်ရောက်သည်နှင့် ပြောလိုက်၏။
“ဒီလောက် ဉာဏ်များတဲ့ မိန်းမမျိုး တစ်ခါမှ မတွေ့ဖူးဘူး”
ထိုသို့ပြောပြီးနောက် သူသည် အင်္ကျီလက်စကို ခါလိုက်ပြီး ဆေးသေတ္တာကို သယ်ကာ ဒေါသတကြီး ထွက်သွားလေတော့သည်။
ကုမင်တာ့သည် ဆိုင်ရှင်ကျန့်ဘက်သို့ လှည့်ကာ အားနာသော မျက်နှာဖြင့် ပြောလိုက်သည်။
“အစ်ကိုကျန့်... ကျွန်တော့် မိသားစုကိစ္စကြောင့် အစ်ကို ပင်ပန်းသွားပြီ...ကျေးဇူးတင်ပါတယ်ဗျာ”
ဆိုင်ရှင်ကျန့်က ရယ်မောကာ ပြောလိုက်၏။
“ခင်ဗျားကလည်း ဘာတွေ ပြောနေတာလဲ... ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီလောက်ကိစ္စလေးနဲ့ ပြောစရာ လိုလို့လား”
ကုမင်တာ့က ထပ်ပြောလိုက်ပြန်သည်။
“ဒီကြွေးမြီစာချုပ်ကို ကွမ်အန်းမြို့နယ်ကို ပြန်ရောက်ရင် တစ်ယောက်ယောက်နဲ့ ပြန်ပေးလိုက်ပါ... ပြီးတော့ ကွမ်အန်းမြို့နယ်က ဘဏ်ခွဲကိုပဲ ကြွေးတောင်းခိုင်းလိုက်ပါ”
ဆိုင်ရှင်ကျန့်က ခေါင်းညိတ်ပြပြီး သိကြောင်း ပြောလိုက်သည်။
“နှမြောစရာပဲဗျာ... မင်တာ့က စာမေးပွဲဖြေဖို့ပဲ စိတ်အားထက်သန်နေလို့... မဟုတ်ရင် ကွမ်အန်းမြို့နယ်က ဆိုင်ရှင်ကြီးနေရာက ခင်ဗျားဖြစ်သင့်တာ... အခုထိ သခင်လေးက ခင်ဗျားကို မျှော်လင့်နေတုန်းပဲ”
“အစ်ကိုကျန့်... သခင်လေးက သဘောကောင်းလွန်းပါတယ်... ကျွန်တော် လက်ခံဖို့ အားနာပါတယ်ဗျာ”
ကုမင်တာ့က နှိမ့်ချစွာ ပြောလိုက်သည်။
ကုမင်တာ့သည် ဧည့်သည်များကို လမ်းကြားထိပ်အထိ လိုက်ပို့ပြီးနောက် ပြန်လှည့်လာခဲ့သည်။ သူ လှည့်လိုက်သည်နှင့် အိမ်ရှေ့တံခါးဝတွင် အပြင်သို့ မျှော်ကြည့်နေသော နျိုနျိုကို တွေ့လိုက်ရလေသည်။
သမီးဖြစ်သူကို မြင်လိုက်ရသည်နှင့် သူ့နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ခြေလှမ်းကျဲကျဲဖြင့် ကလေးအနားသို့ လျှောက်သွားကာ နူးညံ့စွာ မေးလိုက်သည်။
“နျိုနျို... ဒီမှာ ဖေဖေကို စောင့်နေတာလား”
နျိုနျို ခေါင်းညိတ်ပြသည်။
ကုမင်တာ့က ကလေးကို ပွေ့ချီလိုက်ပြီးနောက် ပြောလိုက်၏။
“ဘာလို့ တစ်ယောက်တည်း စောင့်နေတာလဲ”
နျိုနျိုက တိုးတိုးလေး ပြောလိုက်သည်။
“တစ်ယောက်တည်း မဟုတ်ပါဘူး... ကိုကိုကြီးနဲ့ ကိုကိုလတ်တို့လည်း ရှိပါတယ်”
ထိုစကားကို ကြားသောအခါ ကုမင်တာ့သည် နျိုနျို၏ နောက်ကျောဘက်သို့ လှမ်းကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ကုယန်နှင့် ကုကျောက်တို့ကို တွေ့လိုက်ရသည်။
ကုကျောက်က ဘေးနားရှိ မြက်ခင်းထဲတွင် ပိုးကောင် ရှာနေပြီး ကုယန်က လက်ထဲတွင် စာအုပ်ကိုင်ထားကာ မောင်နှမများကို ရံဖန်ရံခါ လှမ်းကြည့်နေသည်။
ကုမင်တာ့သည် ကလေးကို ပွေ့ချီလျက် လျှောက်သွားလိုက်ရာ ကုယန်အနားသို့ ရောက်သည်နှင့် ကုယန်က မတ်တပ်ရပ်လိုက်သည်။
“သားက အစ်ကိုကြီးကောင်း တစ်ယောက်ပဲ”
ကုမင်တာ့က ချီးကျူးလိုက်သည်။
ကုယန်သည် ဖခင်၏ ချီးကျူးစကားကို ကြားသောအခါ တည်ငြိမ်နေသော်လည်း နီရဲနေသော နားရွက်များက သူ့ရင်ထဲတွင် လှုပ်ရှားနေမှုကို ဖော်ပြနေလေသည်။
ကုမင်တာ့သည် နျိုနျိုကို ပွေ့ချီလျက် ထိုင်လိုက်ပြီး နူးညံ့စွာ မေးလိုက်၏။
“ဖေဖေကို ပြောစရာ ရှိလို့လား”
နျိုနျို ခေါင်းငုံ့သွားပြီး သူမ၏ နုနယ်သော မျက်နှာလေးပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ဝေခွဲမရသော အမူအရာ ပေါ်လာသည်။
သူမ ဘာမှမပြောသော်လည်း ကုမင်တာ့က အတင်းမတိုက်တွန်းဘဲ ပြောလိုက်သည်။
“နျိုနျို... ဖေဖေက သမီးရဲ့ အဖေပါ... ဖေဖေ ပြောဖူးသလိုပေါ့... ဖေဖေနဲ့ မေမေက သမီးကို အမြဲ ကာကွယ်ပေးသွားမှာပါ”
နျိုနျို မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးဝိုင်းကြီးများထဲတွင် မျက်ရည်များ ပြည့်နေပြီး တောအုပ်ထဲမှ သမင်ငယ်လေးကဲ့သို့ ဖြစ်နေလေသည်။
ကုမင်တာ့သည် သမီးဖြစ်သူ၏ သနားစဖွယ်ပုံစံကို ကြည့်ပြီး ရင်ထဲတွင် မခံစားနိုင် ဖြစ်သွားသည်။ သူနှင့် ယွင်နန်တို့သည် ဒီကလေးကို သမီးအဖြစ် အသိအမှတ်ပြုကတည်းက တစ်သက်လုံး ကာကွယ်သွားရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
“ဘယ်သူက သမီးကို အနိုင်ကျင့်လို့လဲ... ဖေဖေကို ပြော... ဖေဖေ ရှင်းပေးမယ်”
နျိုနျို ခေါင်းခါလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဘယ်သူမှ အနိုင်မကျင့်ပါဘူး... သမီးက မဖြစ်သင့်ဘူးလို့ ခံစားရလို့ပါ”
“ဟေ”
ကုမင်တာ့သည် ကလေးက ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမှန်း နားမလည်သဖြင့် ပြောလိုက်၏။
“သူများ အနိုင်ကျင့်တာ မဟုတ်လို့ ဖေဖေ ဝမ်းသာပါတယ်... ဒါပေမဲ့ သမီးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရင် ဖေဖေလည်း စိတ်မကောင်းဘူးကွယ်”
ထိုစကားကို ကြားသောအခါ နျိုနျို မျက်လုံးပြူးသွားပြီး ပါးစပ်အနည်းငယ် ဟသွားသည်။ သူမ အတော်ကြာ တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။
“ဖေဖေ... ကျန်းမိသားစုက အဖေက သေတော့မှာလား”
ကုမင်တာ့ ခဏတာ ကြောင်သွားပြီးနောက် ပြဿနာ၏ အရင်းအမြစ်ကို သိလိုက်ရလေသည်။ သူ ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
“သမားတော်က ဆေးပေးသွားပါပြီ... ဒီညသာ ကျော်သွားရင် စိုးရိမ်စရာ မရှိတော့ပါဘူး”
နျိုနျို သက်ပြင်းချလိုက်ပြီး ထပ်မေးလိုက်ပြန်သည်။
“ကျန်းမိသားစုက မိဘတွေက သမီးကို မိသားစုလို့ မသတ်မှတ်ခဲ့ဘူးဆိုတော့... သမီးက သူတို့ကို လွမ်းစရာ မလိုဘူးပေါ့”
ကုမင်တာ့က ပြန်မေးလိုက်သည်။
“သမီးက ကျန်းမိသားစုဆီ ပြန်ချင်လို့လား”
နျိုနျိုက ခေါင်းကို တွင်တွင်ခါပြီး အော်ပြောလိုက်သည်။
“သမီး မပြန်ချင်ဘူး... ဖေဖေ... သမီးကို ပြန်မပို့ပါနဲ့နော်”
ကုမင်တာ့က အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။
“မပို့ပါဘူး... သမီးက ဖေဖေနဲ့ မေမေရဲ့ သမီးလေးပဲ... ဖေဖေတို့က သမီးကို ဘယ်လိုလုပ် စွန့်ပစ်ရက်မှာလဲ... ပြန်မပို့ပါဘူး”
ထိုစကားကို ကြားသောအခါ နျိုနျို သက်ပြင်းချလိုက်သည်။
“ဒါဆို သမီးက ကျန်းမိသားစုက မိဘဟောင်းတွေကို ဖေဖေတို့လောက် သံယောဇဉ် မရှိတော့ဘူးပေါ့”
ကုမင်တာ့က မေးလိုက်ပြန်သည်။
နျိုနျိုက ချက်ချင်း ဖြေလိုက်သည်။
“သမီး သူတို့ကို သံယောဇဉ် မရှိပါဘူး... သမီး ဖေဖေတို့ကိုပဲ အချစ်ဆုံး”
ကုမင်တာ့က ပြုံးလျက် ပြောလိုက်သည်။
“ဒါဆိုရင်လည်း သမီး သူတို့ကို လွမ်းစရာ မလိုပါဘူး”
နျိုနျိုက ခေါင်းလေးစောင်းကာ စိတ်ရှုပ်ထွေးသော ပုံစံဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ သမီးက ကျန်းမိသားစုက အဖေကို မသေစေချင်ဘူး... အရင်တုန်းက သူ သမီးအပေါ် မကောင်းခဲ့ပေမဲ့... သူ့ကို မသေစေချင်တာ... သမီးက မကောင်းတဲ့ ကလေး ဖြစ်နေပြီလား”
ကုမင်တာ့က သူမ၏ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး ပြောလိုက်၏။
“လူဆိုတာ အကြောင်းမဲ့ သေသွားတာကို မလိုလားတာ ပုံမှန်ပါပဲ... လူစိမ်းဆိုရင်တောင် သေပါစေလို့ ကျိန်ဆဲမှာ မဟုတ်ဘူးလေ... ပြီးတော့ သူက သမီး သိတဲ့လူပဲဟာ”
နျိုနျို၏ မျက်နှာတွင် စိတ်သက်သာရာ ရသွားသည်ကို သိသိသာသာ တွေ့လိုက်ရသည်။
ကုမင်တာ့ ရုတ်တရက် တစ်ခုခုကို နားလည်သွားပြီး မေးလိုက်သည်။
“သမီးလေး... ဒါကြောင့် ဝမ်းနည်းနေတာလား”
နျိုနျိုက တိုးတိုးလေး ဖြေလိုက်သည်။
“ဖေဖေက သမီးကို အလိုက်ကမ်းဆိုးမသိတဲ့လူလို့ ထင်သွားမှာ ကြောက်လို့ပါ”
ကုမင်တာ့ မျက်မှောင်ကြုတ်လိုက်သည်။
“အလိုက်ကမ်းဆိုးမသိတဲ့လူ ... ဒီစကားလုံးကို သမီးကို ဘယ်သူ သင်ပေးတာလဲ”
နျိုနျိုက ဖခင်ဖြစ်သူ ဒေါသထွက်နေသည်ကို သတိမထားမိဘဲ ဖြေလိုက်သည်။
“အန်တီလေးက သူများကို ပြောနေတာ ကြားလို့ပါ”
ကုမင်တာ့သည် ကလေးရှေ့တွင် ဒေါသထွက်လေ့ မရှိပေ။ သူ စိတ်ကို ထိန်းလိုက်ပြီး ပြောလိုက်သည်။
“တခြားလူတွေ ပြောတိုင်း မှန်တာ မဟုတ်ပါဘူး... သမီးအန်တီလေး ပြောတာတွေကို စိတ်ထဲ မထားနဲ့... ဖေဖေတို့က သမီးကို အလိုက်ကမ်းဆိုးသိအောင် မွေးစားထားတာ မဟုတ်သလို... သမီးဆီက တစ်ခုခု ပြန်ရဖို့လည်း မမျှော်လင့်ပါဘူး”
ဒီစကားများကို နျိုနျို နားလည်ရန် ခက်ခဲနေသေးသော်လည်း သတ္တိမွေးကာ မေးလိုက်သည်။
“ဖေဖေတို့က သမီးကို ဘာလို့ ကျွေးမွေးစောင့်ရှောက်တာလဲ... ဘာလို့ အိမ်က အစားအစာတွေကို သမီးကို ခွဲဝေပေးတာလဲ”
နျိုနျိုက ဒါကို အရေးကြီးသော ကိစ္စဟု အမြဲ တွေးထင်ခဲ့သည်။ သူမက ကျန်းယွင်နန်ကို အကြိမ်ကြိမ် မေးချင်ခဲ့သော်လည်း မမေးရဲခဲ့ပေ။
ကုမင်တာ့သည် သမီးလေး၏ ရင်ထဲတွင် ဖုံးကွယ်ထားသော စိုးရိမ်ပူပန်မှုကို ရိပ်မိလိုက်သည်။ သူက လက်ကိုင်ပဝါကို ထုတ်ကာ သမီးလေး၏ မျက်နှာပေါ်မှ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။
“ဘာလို့ နျိုနျိုကို ကျွေးမွေးတာလဲ ဆိုတော့... နျိုနျိုက ဖေဖေတို့ရဲ့ သမီးလိမ္မာလေးမို့လို့ပေါ့... ဖေဖေတို့က သမီးကို အကောင်းဆုံး အစားအစာတွေ ကျွေးချင်တယ်... သမီးလေး အရွယ်ရောက်လာတဲ့အထိ စောင့်ရှောက်ပေးချင်တယ်”
နျိုနျိုက မျက်လုံးရဲရဲလေးဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ သမီးက ဖေဖေတို့ မွေးထားတဲ့ သမီးအရင်း မဟုတ်ဘူးလေ... ကောက်ရထားတဲ့ ကလေးပါ”
ကုမင်တာ့က သူမကို ကြင်နာစွာ ကြည့်ပြီး ပြောလိုက်သည်။
“နျိုနျိုက အစကတည်းက ဖေဖေတို့ရဲ့ သမီးပါ... အရင်တုန်းက လမ်းမှားပြီး သူများဗိုက်ထဲ ရောက်သွားတာလေ... နျိုနျိုက လမ်းပျောက်နေတာ ကြာပြီမို့လို့ အခုမှ ဖေဖေတို့ဆီ ပြန်ရောက်လာတာပါ”