← Chapters

တရားမျှတမှု ဆိုသည်မှာ

Vol. 6 Ch. 55

တရားမျှတမှု ဆိုသည်မှာ

Vol. 6 Ch. 55

အိပ်နေရင်း ယောင်ရမ်းပြီး ခင်ပွန်းသည် ပထမရရမယ်ဟု သမီးလေးက ပြောလိုက်သော်လည်း ကျန်းယွင်နန်မှာ လုံးဝ မပျော်ရွှင်နိုင်ခဲ့ပေ။

သူမသမီးလေးက စိတ်ဆန္ဒစောပြီး ပြောလိုက်သော စကားလုံးတိုင်းအတွက် တန်ဖိုးပေးဆပ်ရတတ်သောကြောင့်ပင်။

ရရှိလာမည့် အကျိုးအမြတ်ထက် ထင်မထားသည့် အရာများဖြင့် ပြန်လည်ပေးဆပ်ရမည်ကို ကျန်းယွင်နန် ကြောက်ရွံ့နေမိသည်။

ယခုအခါ သမီးလေးက ကျန်းမာပြီး ဘေးကင်းသည်ဟု ထင်ရသော်လည်း ကံတရားက အမှောင်ထဲတွင် ခွန်အားများ စုစည်းပြီး ပေါက်ကွဲထွက်လာမည့်အချိန်ကို စောင့်နေမလားဆိုတာ ဘယ်သူသိနိုင်မည်နည်း။

နျိုနျိုက ဆက်လက် အော်ဟစ်နေပြန်သည်။

“ဒီတစ်ခါတင် မဟုတ်ဘူး... နောက်ပြီးတော့...”

ကျန်းယွင်နန်က ကလေးကို ကမန်းကတန်း လှုပ်နှိုးလိုက်သည်။ သမီးဖြစ်သူကို ဆက်အော်ခွင့် မပေးရဲတော့ပေ။

နျိုနျို မျက်လုံးပွင့်လာပြီး မိခင်ဖြစ်သူကို ဇဝေဇဝါ မျက်နှာဖြင့် ကြည့်ကာ မေးလိုက်သည်။

“မေမေ... သမီး အိပ်ရာထ နောက်ကျသွားပြီလား”

နေဖင်ထိုးအောင် အိပ်ပျော်သွားသည်ဟု နျိုနျို ထင်လိုက်သော်လည်း အိမ်ထဲတွင် အလင်းရောင် သိပ်မရှိသဖြင့် ကျန်းယွင်နန်၏ မျက်နှာကို ဝါးတားတားသာ မြင်နေရသည်။

ကျန်းယွင်နန်က သူမ၏ ခေါင်းလေးကို ပွတ်ပေးရင်း မေးလိုက်သည်။

“နျိုနျို အိပ်မက် မက်နေတာလား... ဘာတွေ မက်နေတာလဲ”

နျိုနျိုက နားမလည်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“မုတ်ဆိတ်ဖြူဖြူနဲ့ အဘိုးကြီးတစ်ယောက်ကို အိပ်မက်မက်တယ်... သူက ဖေဖေက ဒီတစ်ခါ ဒုတိယပဲ ရမယ်တဲ့... သမီးက လက်မခံဘူး... ဖေဖေက ပထမပဲ ရရမယ်လို့ ပြောလိုက်တယ်... ပြီးတော့ သမီးလည်း အမြဲတမ်း ပထမပဲ ရရမယ်လို့ ပြောလိုက်တယ်... ဒါပေမဲ့ စကားမဆုံးခင် နိုးလာတာ”

“နောက်တစ်ခါ သူ့ကို ဘယ်တော့မှ ပြန်တွေ့မလဲ မသိဘူး...”

နျိုနျို၏ မျက်နှာလေးတွင် ဝမ်းနည်းရိပ်များ ပြည့်နှက်နေသည်။

ကျန်းယွင်နန်က ညင်သာစွာ ပြောလိုက်သည်။

“နျိုနျို... ဖေဖေနဲ့ မေမေက သမီးကို အရင်တုန်းက ဘယ်လို သင်ပေးထားလဲ... မှတ်မိလား”

နျိုနျိုက ခေါင်းလေးစောင်းပြီး ပြောလိုက်သည်။

“ဖေဖေနဲ့ မေမေက အများကြီး သင်ပေးထားပါတယ်... နျိုနျို မှတ်မိပါတယ်”

“ဖေဖေနဲ့ မေမေ လိုချင်တဲ့အရာ ဆိုရင်ကော...”

ကျန်းယွင်နန်က မေးလိုက်သည်။

နျိုနျိုက တိုးတိုးလေး ပြောလိုက်သည်။

“ဖေဖေနဲ့ မေမေ လိုချင်တာဆိုရင် ဖေဖေတို့ဘာသာ ကြိုးစားယူမယ်တဲ့... သမီးကို စိတ်ထဲကနေ ဆုမတောင်းပေးနဲ့တဲ့”

သူမ တကယ် မှတ်မိနေလိမ့်မည်ဟု ကျန်းယွင်နန် မထင်ထားခဲ့ပေ။

နျိုနျိုက ချက်ချင်း ထပ်ပြောလိုက်သည်။

“ဒီတစ်ခါ သမီးက စိတ်ထဲကနေ ဆုတောင်းတာ မဟုတ်ဘူးလေ... အိပ်မက်ထဲမှာ ဆုတောင်းတာ”

ကလေးမလေး၏ ဉာဏ်များသော မျက်နှာလေးကို ကြည့်ရင်း ကျန်းယွင်နန် ရယ်ချင်စိတ် ဖြစ်မိသွားသည်။ သူမက "အိပ်မက်ထဲမှာ" နှင့် "စိတ်ထဲမှာ" ဆိုသော ဆက်စပ်မှုကို သမီးဖြစ်သူနှင့် ငြင်းခုံမနေတော့ဘဲ တည့်တိုးပင် ပြောလိုက်သည်။

“ဒါဆို နျိုနျို... နောက်ကျရင် အိပ်မက်ထဲမှာလည်း ဖေဖေနဲ့ မေမေအတွက် ဆုမတောင်းပေးနဲ့တော့နော်... ဖေဖေနဲ့ မေမေ လိုချင်တာကို ကိုယ်တိုင် ကြိုးစားယူမယ်လို့ ကတိပေးထားတယ်လေ... တကယ်လို့ ဖေဖေ စာမေးပွဲမအောင်ရင်တောင် အဲ့ဒါ ဖေဖေ စာမကြိုးစားလို့ပဲ... တခြားသူကို အပြစ်တင်မှာ မဟုတ်ဘူး”

နျိုနျိုက လိမ္မာစွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“သမီး မှတ်ထားပါ့မယ်”

ကျန်းယွင်နန်သည် သူမ၏ လိမ္မာပြီး ချစ်စရာကောင်းသော ပုံစံလေးကို ကြည့်ကာ ပါးလေးကို မနမ်းဘဲ မနေနိုင်တော့ပေ။

“စောပါသေးတယ်... သမီး နည်းနည်းလောက် ထပ်အိပ်လိုက်ဦး”

နျိုနျို ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“မအိပ်ချင်တော့ဘူး... ထတော့မယ်”

ကျန်းယွင်နန် အတင်းမတိုက်တွန်းတော့ဘဲ ကုတင်ဘေးရှိ အဝတ်အစားများကို ယူကာ ဝတ်ပေးရန် ပြင်လိုက်သည်။

နျိုနျိုက ခေါင်းခါလိုက်သည်။

“သမီးဘာသာ ဝတ်မယ်... သမီး ဝတ်တတ်တယ်”

ကျန်းမိသားစုတွင် နေစဉ်က နျိုနျိုသည် အရာရာ ကိုယ်တိုင် လုပ်ခဲ့ရသည်။ အဝတ်အစားလည်း ကိုယ်တိုင် ဝတ်ခဲ့ရသည်။ ရှောင်စိုင်နှင့် အဖွားစိုင်တို့၏ နှိပ်စက်မှုများကြားတွင် သူမသည် အရာအားလုံကို ကိုယ့်ဘာသာကိုယ် လုပ်တတ်ရန် သင်ယူခဲ့ရသည်။

ကျန်းယွင်နန်က သူမကို ညင်သာစွာ အဝတ်ဝတ်ပေးရင်း ပြောလိုက်၏။

“မေမေက နျိုနျိုကို ဝတ်ပေးချင်လို့ပါ... နျိုနျိုက မေမေ ဝတ်ပေးတာ မကြိုက်ဘူးလား”

နျိုနျို ကြောင်သွားသည်။

သူမ ကျန်းမိသားစုတွင် ရှိစဉ်က ကျင်းပေါင်ကို ဘယ်လောက် အားကျခဲ့ရလဲဆိုတာ မပြောပြတတ်အောင်ပင်။ တစ်မိသားစုလုံး သူ့နား ဝိုင်းနေပြီး သူကိုယ်တိုင် ဘာမှလုပ်စရာ မလိုပေ။ နေ့တိုင်း အဝတ်အစား ဝတ်ပေး၊ ဆံပင်ဖြီးပေးတာတွေကို ရှောင်စိုင် ကိုယ်တိုင် လုပ်ပေးခဲ့သည်။

ကျန်းယွင်နန်က အဝတ်အစား ဝတ်ပေးပြီးနောက် ဘေးမှ ခေါင်းဖြီးကို ယူကာ ဆံပင်ကို ညင်သာစွာ ဖြီးပေးရင်း မေးလိုက်သည်။

“ဒီနေ့ ဆံပင် တစ်စုစည်းမလား... နှစ်စုစည်းမလား”

မနေ့က ကုမင်တာ့၏ စကားများက သူမ၏ စိတ်အဖုအထစ်များကို ဖြေလျော့ပေးလိုက်သောကြောင့် ဖြစ်မည်။ နျိုနျိုက ဆန်းဆန်းပြားပြား တွေးလိုက်မိသည်။

“သမီးက ငါးစု စည်းချင်တယ်... အရှေ့မှာ နှစ်စု... အနောက်မှာ သုံးစု... မေမေ... ရလားဟင်... ရှုပ်သွားမလား”

ကျန်းယွင်နန်က ဒီအကြံအစည်ကို ထူးဆန်းသည်ဟု ထင်သော်လည်း သမီးဖြစ်သူ၏ ရှားရှားပါးပါး တောင်းဆိုမှုကို မငြင်းဆန်လိုပေ။

“ဒီနေ့ စောစောထထားတာဆိုတော့ တစ်မနက်လုံး ဆံပင်စည်းလို့ ရတယ်”

နျိုနျိုသည် ကျန်းယွင်နန်၏ ရင်ခွင်ထဲတွင် မှီကာ ချိုသာစွာ ရယ်မောလိုက်သည်။ သူမသည် မိခင်ဖြစ်သူနှင့် ကုန်ဆုံးရသော အချိန်ကို အလွန် နှစ်သက်သည်။ နွေးထွေးပြီး စိတ်လုံခြုံမှု အပြည့်ရှိကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နူးညံ့သော တိမ်တိုက်များဖြင့် ထွေးပိုက်ထားသကဲ့သို့ ခံစားရ၏။

အလင်းရောင် စတင် လာချိန်တွင် ကုယန် အိပ်ရာထပြီး မနက်ခင်း စာဖတ်ခြင်း စတင်လေသည်။

ဘေးနားမှ စာသင်သားသည် ကြက်တွန်သည်နှင့် ထပြီး စာဖတ်လေ့ရှိသော်လည်း ကုမင်တာ့သည် ကုယန်ကို စောစောစီးစီး စာဖတ်ခိုင်းခြင်း မရှိပေ။

မနက်ခင်း အလင်းရောင် သိပ်မကောင်းသဖြင့် ဖယောင်းတိုင် ထွန်းထားလျှင်ပင် နေ့ခင်းဘက်လောက် မလင်းပေ။ ကုမင်တာ့သည် စာအလွန်ကြိုးစားလွန်း၍ မျက်လုံးပျက်စီးသွားသော စာသင်သားများစွာကို မြင်ဖူးသည်။ ထို့ကြောင့် သားဖြစ်သူကို ကြိုးစားစေချင်သော်လည်း ကျန်းမာရေး ထိခိုက်သည်အထိ မကြိုးစားစေချင်ပေ။

ကျန်းယွင်နန်သည် နျိုနျို၏ ဆံပင်ကို ပြင်ပေးပြီးနောက် ကလေးသုံးယောက်အတွက် မနက်စာ စတင် ပြင်ဆင်လေသည်။

နျိုနျိုသည် အမြီးလေးတစ်ချောင်းကဲ့သို့ ကျန်းယွင်နန်နောက်သို့ တကောက်ကောက် လိုက်နေသည်။ သူမက မိခင်ဖြစ်သူကို ဟင်းချက်ကူချင်သော်လည်း ကျန်းယွင်နန်က တားထားသည်။

“မေမေ မအားလို့ သမီးအကူအညီ မလိုပါဘူး... သမီးအစ်ကိုတွေလည်း မကူဘူးလေ... သမီးက ဘေးကပဲ ကြည့်နေနော်”

ကျန်းယွင်နန်က ပြုံးလျက် ပြောလိုက်သည်။

“ဒါပေမဲ့ အစ်ကိုတွေက ယောက်ျားလေးလေ... သမီးက မိန်းကလေးဆိုတော့... မိန်းကလေးတွေက ဒီအလုပ်တွေ လုပ်ရတာ မဟုတ်ဘူးလား”

ကျန်းယွင်နန်သည် ဒီကိစ္စကို အခိုင်အမာ ငြင်းဆန်သည်။ သူမနှင့် ကုမင်တာ့သည် ဒီကိစ္စနှင့် ပတ်သက်ပြီး သဘောတူညီမှု ရထားပြီး ဖြစ်သည်။

သူတို့လင်မယား၏ ကလေးလေးယောက်နှင့် ဆိုလျှင် ကုမင်တာ့ စာမေးပွဲမဖြေလျှင်တောင် ငွေကြေးပြတ်လပ်မည် မဟုတ်သဖြင့် ကလေးများကို ခွဲခြားဆက်ဆံမည် မဟုတ်ပေ။

အဖွားကု လက်ထက်ကတည်းက ကုမိသားစုသည် ယောက်ျားလေးကို ဦးစားပေးပြီး မိန်းကလေးကို နှိမ်သော အလေ့အထ မရှိခဲ့ပေ။ မိန်းကလေးများသည် တစ်နေ့ အိမ်ထောင်ပြုသွားကြမည် ဖြစ်သော်လည်း ကိုယ့်သွေးသားရင်းများသာ ဖြစ်သည်။

နျိုနျိုသည် နောင်တစ်ချိန်တွင် ဒီအလုပ်များကို လုပ်ရကောင်း လုပ်ရနိုင်သော်လည်း လက်မထပ်ခင် အချိန်မှာတော့ မလုပ်စေချင်ပေ။ အကယ်၍ နျိုနျို စာသင်နိုင်ပါက ကုမင်တာ့က သူမကို ပညာတတ် အမျိုးသမီးတစ်ဦး ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးမည်။ သို့မှသာ တစ်သက်လုံး အိမ်မှုကိစ္စများကြားတွင် ပိတ်မိမနေမှာပင်။

“သမီးရဲ့ အစ်ကိုတွေက ဖေဖေနဲ့ မေမေရဲ့ သားတွေဖြစ်သို သမီးကလည်း ဖေဖေနဲ့ မေမေရဲ့ သမီးပဲလေ.... လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ မရှိပါဘူး... နောက်ကျရင် အလုပ်တွေကို မျှတအောင် ခွဲလုပ်ရမယ်... တကယ်လို့ သမီးက အခု မေမေကို ကူညီချင်တယ်ဆိုရင် သမီးအစ်ကို နှစ်ယောက်ကို သွားခေါ်လိုက်... အလုပ်တွေ ခွဲပေးလိုက်မယ်”

ကျန်းယွင်နန်က ပြောလိုက်သည်။

နျိုနျို မျက်လုံး အနည်းငယ် ပြူးသွားပြီး အတော်ကြာ တုံ့ဆိုင်းနေကာ ပြောလိုက်သည်။

“ဒါဆို မလုပ်တော့ပါဘူး”

ကိုကိုကြီးက စာကျက်နေပြီး ကိုကိုလတ်က အိပ်နေသည်။ နျိုနျိုက ဒါတွေက အရေးကြီးသည်ဟု ခံစားရပြီး သူတို့ကို မနှောင့်ယှက်ချင်ပေ။

ကျန်းယွင်နန် ခေါင်းညိတ်လိုက်သည်။ မနက်စာ လုပ်ရသည်မှာ သိပ်ပင်ပန်းသော အလုပ် မဟုတ်ပေ။ သူမ၏ ဘဝသည် အခြားအမျိုးသမီးများနှင့် ယှဉ်လျှင် အလွန် သက်တောင့်သက်သာ ရှိလှသည်။

သူမ လှည့်ကြည့်လိုက်သည်နှင့် သမီးလေးက သူမဘေးတွင် လိမ္မာစွာ ထိုင်နေပြီး ချိုသာသော အပြုံးလေးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။

ကျန်းယွင်နန်သည် ကြက်ဥတစ်လုံးကို ယူကာ ခွဲလိုက်ပြီး ပန်းကန်လုံးထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ ဆားအနည်းငယ် ဖြူးပြီးနောက် ရေနွေးပူပူဖြင့် လောင်းထည့်လိုက်သည်။

ကြက်ဥအနှစ်နှင့် အကာများ ကွဲသွားပြီး ပန်းကန်လုံးထဲတွင် ပန်းပွင့်လေးများကဲ့သို့ ပေါလောပေါ်လာကာ သွားရည်ကျစရာကောင်းသော မွှေးရနံ့များ ထွက်ပေါ်လာသည်။

“သမီး စောစောထထားတာဆိုတော့ ဗိုက်ဆာနေရောပေါ့... ဒီကြက်ဥလေး အရင်သောက်လိုက်”

ကျန်းယွင်နန်က ပန်းကန်လုံးကို နျိုနျိုထံ ကမ်းပေးလိုက်သည်။

နျိုနျိုသည် အရင်က ကျင်းပေါင် ကြက်ဥပန်းပွင့်လေး သောက်သည်ကို ကြည့်ပြီး အားကျခဲ့ဖူးသည်။ ကုမိသားစု အိမ်ဟောင်းတွင် ရှိစဉ်က ကျန်းယွင်နန်သည် သူမအတွက် သီးသန့် လုပ်ပေးရန် အဆင်မပြေခဲ့ပေ။ သို့သော် ဖူချိန်မြို့သို့ ရောက်ပြီးနောက် မနက်တိုင်းလိုလို သူမအတွက် ကြက်ဥပန်းပွင့် တစ်ခွက် လုပ်ပေးလေ့ ရှိသည်။

နျိုနျို သောက်နေကျ ဖြစ်သော်လည်း ရုတ်တရက် မေးလိုက်သည်။

“အစ်ကိုတွေ မသောက်ရဘူးဆိုတော့... သမီးလည်း မသောက်သင့်ဘူး မဟုတ်လား”

All Chapters