သမီးကို ဆုံးမခြင်း
Vol. 6 Ch. 57
ကုမင်တာ့၏ ဒုတိယအဆင့် စာမေးပွဲသွားရာလမ်းတွင် အခက်အခဲများ ရှိနေဆဲဖြစ်သော်လည်း အားလုံး ဘေးကင်းစွာ ရောက်ရှိခဲ့ကြသည်။
လမ်းတစ်လျှောက်လုံး ဘယ်နေရာက ဘာဖြစ်မလဲ မသိနိုင်သော မတော်တဆမှုများကို စိုးရိမ်နေရသဖြင့် စိတ်က တခြားရောက်နေကာ စာမေးပွဲအတွက် စိတ်လှုပ်ရှားမှုများ လျော့နည်းသွားခဲ့သည်။
ထိုလူများသည် စာမေးပွဲခန်းမထဲသို့ ဝင်ရန် မလောကြဘဲ ကုမင်တာ့ကို ဆွဲထားပြီး ပြောလိုက်ကြသည်။
“အစ်ကိုကု... ပြီးခဲ့တဲ့ စာမေးပွဲတုန်းက အကို့ရဲ့ အားပေးစကားကြောင့် ကျွန်တော် စာမေးပွဲကိုပဲ အာရုံစိုက်နိုင်ခဲ့တာ... တကယ်တော့ ဒီတစ်ခါ ဖူချိန်မြို့ကို လာတုန်းက ဆရာက ကျွန်တော့်ကို မျှော်လင့်ချက်တောင် မထားခဲ့ဘူး... ဒါပေမဲ့ အခု ဒီအထိ ရောက်လာခဲ့ပြီ”
“အစ်ကိုကု... ဒီတစ်ခါရော အားပေးစကား နည်းနည်းလောက် ပြောပါဦး”
အခြားသူများလည်း မျှော်လင့်ချက် မျက်လုံးများဖြင့် ကုမင်တာ့ကို ကြည့်နေကြသည်။
ကုမင်တာ့ ရယ်ချင်စိတ် ဖြစ်မိသော်လည်း မငြင်းဆန်ခဲ့ပေ။ သူက ညင်သာစွာ ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။
“မိတ်ဆွေတို့... အခက်အခဲနဲ့ အန္တရာယ်တွေကို ကျော်ဖြတ်နိုင်ခဲ့ပြီ... ရှေ့ခရီးက ရှင်းလင်းနေပြီ... ဘာကို ကြောက်စရာ လိုသေးလဲ... ပညာရှိဘွဲ့ထူး ဂုဏ်ထူးက လက်တစ်ကမ်းမှာ ရှိနေပြီ... ကိုယ့်အရည်အချင်းကို ဒီနေ့ ပြသလိုက်ကြစို့”
“အစ်ကိုကု ပြောတာ ဟုတ်တယ်”
စိတ်ဓာတ်တက်ကြွစေသော စကားများကြောင့် ရှိနေသူများ၏ စိတ်ဓာတ်များ နိုးကြားလာပြန်သည်။ သူတို့သည် စိတ်ကို ပြင်ဆင်လိုက်ကြပြီး ခြင်းတောင်းကို လွယ်ကာ ရင်ကော့ပြီး စာမေးပွဲခန်းမထဲသို့ ဝင်ရောက်သွားကြသည်။
စစ်ဆေးရေး အရာရှိများသည် သူတို့၏ ဟန်ပန်ကို ကြည့်ပြီး အံ့သြသွားကာ စစ်ဆေးမှုကိုလည်း ပေါ့ပေါ့ပါးပါး ပြုလုပ်ပေးလိုက်ကြသည်။
ပြီးခဲ့တဲ့ စာမေးပွဲတွင် လူအများစု ပြုတ်ကျန်ခဲ့ပြီး ဒီစာမေးပွဲက ပြန်လည်စစ်ဆေးခြင်း ဖြစ်သည်။
ပြီးခဲ့တဲ့အကြိမ်နှင့် ယှဉ်လျှင် ကုမင်တာ့၏ စိတ်အခြေအနေ အနည်းငယ် သက်သာရာ ရနေပြီး ပုံမှန်ထိုင်ခုံတစ်နေရာ ရရှိခဲ့သည်။
နှစ် ၂၀ ကျော် စာလေ့လာခဲ့သဖြင့် ကုမင်တာ့အတွက် အသိပညာ ဗဟုသုတများစွာ ပိုင်ဆိုင်ထားပြီးပြီပင်။
သူသည် မေးခွန်းများကို တရစပ် ဖြေဆိုလိုက်သည်။ အဖြေလွှာ ကူးရေးပြီးနောက် အပ်လိုက်ပြီး စာမေးပွဲခန်းမထဲတွင် ကြာကြာမနေဘဲ ထွက်လာခဲ့သည်။
မနက်က ဝင်သွားချိန်တွင် မိုးအုံ့နေသော်လည်း နေ့လယ် ပြန်ထွက်လာချိန်တွင် ကောင်းကင်က ကြည်လင်နေသည်။ ကုမင်တာ့သည် မြို့ထဲရှိ လမ်းမများပေါ်တွင် ပေါ့ပါးသွက်လက်စွာ လျှောက်လှမ်းနေသည်။ သူက အိမ်ပြန်ရန် မလောဘဲ ခဏတာ လျှောက်လည်ပြီးမှ ပြန်လာခဲ့သည်။
“မေမေ... ဖေဖေ ပြန်လာပြီ”
ခြံဝင်းထောင့်တွင် ကစားနေသော ကုကျောက်သည် ကုမင်တာ့ကို မြင်သည်နှင့် ကျန်းယွင်နန်ကို သွားပြောလေသည်။
ကျန်းယွင်နန်က နျိုနျိုကို ဆွဲကာ ကြိုဆိုရန် ထွက်လာသည်။
ကုမင်တာ့က ခြင်းတောင်းကို သားကြီး ကုယန်ထံ ကမ်းပေးလိုက်ပြီး ငုံ့ကာ နျိုနျိုကို ပွေ့ချီလိုက်သည်။
“နျိုနျို... ဒီနေ့ အိမ်မှာ ပျော်ရဲ့လား”
နျိုနျိုက ကိုယ်လေးကို လှည့်လိုက်ပြီး ပြောလိုက်သည်။
“အရမ်းကြီးတော့ မပျော်ပါဘူး”
ကုမင်တာ့က ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်း ဖြစ်သော်လည်း ဒီအဖြေကို မျှော်လင့်မထားခဲ့ပေ။ သူက ဇနီးသည်ကို အံ့သြစွာ ကြည့်လိုက်သည်။
ကျန်းယွင်နန် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“သမီးလေး ဒီနေ့ အစားနည်းနေတယ်... သိပ်မလှုပ်ရှားချင်ဘူး ဖြစ်နေတယ်... မနက်က စောစောထထားလို့ နေ့လယ်ကျရင် ပြန်အိပ်မလားလို့ ချော့သိပ်တာလဲ မအိပ်ဘူး... ပါးစပ်တွေ ခါးနေတယ်တဲ့... သမားတော် သွားပြတော့လည်း ဘာမှမဖြစ်ဘူးတဲ့”
ကုမင်တာ့က နျိုနျို၏ နဖူးကို စမ်းကြည့်လိုက်ပြီး ကိုယ်မပူကြောင်း သေချာမှ သက်ပြင်းချနိုင်တော့သည်။
ကျန်းယွင်နန်က နျိုနျို၏ မနက်က အိပ်မက်အကြောင်း တိုးတိုးလေး ပြောပြလိုက်သည်။
ဇနီးသည်က သမီးကို ဆုံးမပြီးဖြစ်ကြောင်း သိသဖြင့် သူက ဒုတိယအကြိမ် ထပ်မပြောတော့ပေ။
သူနှင့် ဇနီးသည်က နျိုနျိုကို ဒီကိစ္စနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် ပြောပြထားသော်လည်း ကလေးများသည် မိဘများ၏ လိုအင်ဆန္ဒများ ပြည့်ဝဖို့ကိုသာ မျှော်လင့်ချက် အပြည့်ထားကြရာ မိဘများအတွက် ပါဝင်ကူညီချင်ကြသည်မှာ မဆန်းပေ။
သူ ဝမ်းသာမိသော်လည်း ဒီအတိုင်း ဆက်လွှတ်ထား၍ မဖြစ်ကြောင်း ခံစားမိသည်။ နျိုနျို၏ စွမ်းရည်ကို ဘယ်တော့မှ အသုံးမပြုလျှင် အကောင်းဆုံးပင်။
ကုမင်တာ့က ကလေးကို ရက်စက်ချင်တာ မဟုတ်ပေ။ နျိုနျိုကို ပြောလိုက်သည်။
“နျိုနျို သမီးလေး အစားမစားနိုင် အိပ်မပျော်နိုင် ဖြစ်နေတော့ ဖေဖေ စိတ်မကောင်းဘူး... သမီးက ဖေဖေကြောင့် ဒီလိုဖြစ်ရတာဆိုတော့ ဖေဖေ သမီးနဲ့အတူတူ အဲ့လို နေပေးမယ်”
ကုမင်တာ့သည် နျိုနျို မမှတ်မိဘဲ လျှောက်ဆုတောင်းမိမှာ စိုးရိမ်သဖြင့် ပြောသည့်အတိုင်း လုပ်လေသည်။
ညစာစားချိန်တွင် နျိုနျိုစားသလောက်ပဲ သူလိုက်စားသည်။
အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်၏ အစားပမာဏသည် ၅ နှစ်အရွယ် မိန်းကလေးနှင့် ယှဉ်လို့မရပေ။ သို့သော် အရပ်ရှည်သော ကုမင်တာ့သည် ဗိုက်ဆာတာကို အောင့်ထားပြီး နျိုနျို၏ စားသောက်ပုံကို အတုခိုးကာ ထမင်းအနည်းငယ်သာ စားလေသည်။
နျိုနျို၏ စိတ်ထဲတွင် ထမင်းစားခြင်းသည် အရေးကြီးသော ကိစ္စဖြစ်သည်။ ကုမင်တာ့ အရင်က ဘယ်လောက်စားလဲဆိုတာ သူမ မသိဘဲ မနေပေ။ ဒီမြင်ကွင်းကို ကြည့်ပြီး သူမ ပါးစပ်ထဲ ထမင်းများများ ဝင်အောင် ကြိုးစားလေသည်။
သို့သော် စားနေရင်း နျိုနျို ရုတ်တရက် ရပ်သွားသည်။
ကုမင်တာ့က အရင်ဆုံး သတိထားမိပြီး အမြန် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
နျိုနျိုသည် ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီး တံခါးအပြင်ဘက်သို့ ပြေးထွက်သွားကာ ခြံဝင်းထဲရှိ လူပြတ်သော ထောင့်တစ်နေရာတွင် ထိုင်ချပြီး အန်လေတော့သည်။
လင်မယားနှစ်ယောက်စလုံး စိတ်ပူသွားကြသည်။
ကုမင်တာ့က ကလေးကို ပွေ့ချီလိုက်ပြီး ပြောလိုက်၏။
“သမီးကို သမားတော် သွားပြမယ်”
“မသွားဘူး”
နျိုနျိုက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ သူမပုံစံက အားအင်ပြည့်ဝနေပြီး ခုနလေးကမှ အန်ထားသူနှင့် မတူပေ။
မိဘများ၏ သံသယ မျက်လုံးများကို ကြည့်ပြီး နျိုနျိုက ရှင်းပြသည်။
“သမီး...”
ကျန်းယွင်နန်က ကုယန် ကမ်းပေးသော ရေနွေးကို ယူကာ သမီးကို နည်းနည်းချင်း တိုက်လိုက်သည်။
နျိုနျိုက ထမင်းနှစ်လုပ်လောက် ပြန်အန်ထွက်သွားရုံသာ ဖြစ်ပုံရသည်။ သူမ၏ အခြေအနေက ကုယန်ကို တိုးတိုးလေး ပြောနိုင်သေးသည်။
“ကျေးဇူးပါ ကိုကိုကြီး... ရေငှဲ့ပေးလို့”
ဘေးနားမှ ကုကျောက်သည် အစ်ကိုကြီးက ကျေးဇူးတင်စကား ကြားရပြီး သူက မကြားရသဖြင့် မနေနိုင် ဖြစ်သွားသည်။ သူက စဉ်းစားပြီးနောက် သူ့ကိုယ်ပေါ်မှ ညစ်ပတ်နေသော လက်ကိုင်ပဝါကို ထုတ်ကာ နျိုနျိုကို ပေးလိုက်သည်။
“မြန်မြန်သုတ်လိုက်... ပါးစပ်မှာ ပေနေတယ်”
နျိုနျိုသည် ညစ်ပတ်နေပြီး အရာရာ ရောနှောပေကျံနေသော မည်းတူးနေသည့် လက်ကိုင်ပဝါကို ကြည့်ကာ စိတ်ဒုံးဒုံးချနေရသည်။ ဘာပဲဖြစ်ဖြစ် အစ်ကို့ကို စိတ်မပျက်စေချင်သဖြင့် တုန်တုန်ယင်ယင်နှင့် လှမ်းယူရန် ပြင်လိုက်သည်။
ကျန်းယွင်နန်က လက်ကိုင်ပဝါကို အရင်ယူလိုက်ပြီး ကုကျောက်ကို ပြောလိုက်သည်။
“ရပြီ... သားက ညီမလေးကို ဂရုစိုက်မှန်း သိပါတယ်... ဒီလောက် ညစ်ပတ်နေတဲ့ လက်ကိုင်ပဝါနဲ့ သုတ်ရင် ပိုညစ်ပတ်ကုန်မှာပေါ့”
ကုကျောက် ပြုံးလိုက်ကာ
နျိုနျိုက ပြောလိုက်သည်။
“ကိုကိုလတ်... ကျေးဇူးပါပဲ”
ကုကျောက်သည် သဘောထားကြီးသူ ဖြစ်ပြီး ကျေးဇူးတင်စကား ကြားရလျှင် တရားမျှတပြီဟု ခံစားရသူပင်။ နျိုနျို သူ့လက်ကိုင်ပဝါကို မသုံးလည်း ကိစ္စမရှိပေ
နောက်ဆုံးတွင် ကုမင်တာ့သည် သူ့လက်ကိုင်ပဝါကို ထုတ်ကာ နျိုနျို၏ ပါးစပ်ကို သုတ်ပေးလိုက်၏။
ကျန်းယွင်နန်သည် လက်လှမ်းလိုက်ပြီး နျိုနျို၏ နဖူးလေးကို ဖွဖွလေး ထောက်ကာ ညည်းတွားလိုက်သည်။
“အန်ချင်နေမှန်း သိသိကြီးနဲ့ မစားနဲ့တော့ပေါ့... ကလေးရယ်... ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရတာလဲ”
နျိုနျိုက အားနာသော မျက်နှာဖြင့် ပြောလိုက်သည်။
“သမီးအမှားပါ... မေမေ စိတ်မဆိုးပါနဲ့”
ကုမင်တာ့က သမီးဖြစ်သူကိုယ်စား ဝင်ရှင်းပြလိုက်သည်။
“နျိုနျိုက ကိုယ့်အတွက် လုပ်ပေးတာပါ... ကိုယ် အစားနည်းရင် ဗိုက်ဆာမှာ စိုးရိမ်လို့လေ”
ထိုစကားကို ကြားသောအခါ ကျန်းယွင်နန် အနည်းငယ် ကြောင်သွားသည်။
နျိုနျိုက ရှက်ရွံ့စွာ ပြောလိုက်သည်။
“သမီးက တုံးလိုက်တာ... ဖေဖေ အများကြီး စားစေချင်လို့ လုပ်လိုက်ပေမဲ့... ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်မိသလို ဖြစ်သွားတယ်”
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရခြင်းသည် နုနယ်သော ပန်းပင်လေးတစ်ပင်ကို ဂရုတစိုက် ပြုစုရသကဲ့သို့ပင်။ အပွင့်ပွင့် အသီးသီးမည့်အချိန်ကို စောင့်မျှော်ရင်း အလွန် စိတ်ရှည်လက်ရှည် ရေလောင်း ပေါင်းသင်ပေးရသည်။ ကျန်းမိသားစုတွင် နျိုနျို ၅ နှစ်တာ ကာလအတွင်း ကံဆိုးမိုးမှောင် ကျခဲ့ရသဖြင့် ကုမင်တာ့သည် သူမအပေါ်တွင် အခြားကလေးများထက် သည်းခံစိတ် ပိုရှိလေသည်။
“ဖေဖေက လူကြီးလေ... ထမင်းတစ်လုပ် ပိုစားတာ လျှော့စားတာနဲ့ ငတ်သေမသွားပါဘူး”
ကုမင်တာ့က ပြောလိုက်သည်။
နျိုနျို ခေါင်းခါလိုက်သည်။
“ငတ်မသေပေမဲ့ နေရခက်တယ်လေ”
ကုမင်တာ့က နူးညံ့စွာ ပြောလိုက်သည်။
“ဗိုက်ဆာတာက အန်ထွက်တာလောက် မခံစားရခက်ပါဘူး... ဖေဖေက လူကြီးဆိုတော့ ဒီလောက် ကိစ္စသေးသေးလေးနဲ့ လဲကျမသွားပါဘူး”
“နျိုနျို... သမီး မှတ်ထားရမှာက... တခြားလူအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မထိခိုက်စေရဘူး... သမီး အရမ်းချစ်တဲ့သူအတွက် ဖြစ်နေရင်တောင်မှပေါ့”
“တခြားလူကို မကာကွယ်ပေးခင်... နျိုနျိုက ကိုယ့်ကိုယ်ကိုယ် အရင် ကာကွယ်ရမယ်”