← Chapters

မျက်နှာလိုက်ခြင်း

Vol. 6 Ch. 58

မျက်နှာလိုက်ခြင်း

Vol. 6 Ch. 58

ညဘက်တွင် နျိုနျို အိပ်မပျော်နိုင် ဖြစ်နေပြီး ကုမင်တာ့သည်လည်း အလွန် အိပ်ချင်နေသော်လည်း သမီးနှင့်အတူ အဖော်လုပ်ပေးနေလေသည်။

နျိုနျိုကို ဘယ်လောက်ပဲ သနားမိပါစေ၊ ကုမင်တာ့သည် ဒီပြစ်ဒဏ်ကို ဆက်လက် ခံယူရန် ဆုံးဖြတ်ထားသည်။

ထိုသို့ အစားမစား၊ အိပ်မပျော်သော အခြေအနေသည် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။

နျိုနျိုက သိပ်အပြောင်းအလဲ မရှိသော်လည်း ကုမင်တာ့မှာမူ အတော်လေး ပိန်သွားပြီး မျက်ကွင်းများ ညိုမည်းလာသည်။

ဒီနေ့ မနက်စာ စားချိန်တွင် နျိုနျို၏ ခေါင်းလေးသည် ကြက်ကလေး စပါးကောက်သလို တဆတ်ဆတ်လှုပ်ရှားနေပြီး သူမရှေ့မှ အစားအစာများကို တစ်လုပ်ပြီးတစ်လုပ် စားသောက်နေလေသည်။

“မစားနိုင်ရင် မစားနဲ့တော့လေ”

ကျန်းယွင်နန်က စိတ်မကောင်းစွာ ပြောလိုက်သည်။

နျိုနျို ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“သမီး အများကြီး စားနိုင်တော့မယ် ထင်တယ်”

သူမသည် ထမင်းတစ်ပန်းကန်လုံး ကုန်အောင် စားလိုက်ပြီးနောက် ဗိုက်ထဲတွင် အချိန်အတော်ကြာ ပျောက်ဆုံးနေသော ပြည့်ဝမှုကို ခံစားလိုက်ရသည်။

ကျန်းယွင်နန်သည် နျိုနျို၏ စူထွက်နေသော ဗိုက်လေးကို ဖွဖွလေး ကိုင်ကြည့်ရင်း မေးလိုက်သည်။

“နျိုနျို... နေမကောင်းတာ ရှိသေးလား... နေမကောင်းရင် မေမေ့ကို ပြောနော်... ကြိတ်မှိတ် သည်းမခံနဲ့”

နျိုနျို ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“နေမကောင်းတာ မရှိပါဘူး... အိပ်ပဲ အိပ်ချင်တယ်”

“ထမင်းစားပြီးခါစ ဆိုတော့... ခဏစောင့်ပြီးမှ အိပ်ရမယ်”

ကုမင်တာ့က သတိပေးလိုက်သည်။

နျိုနျိုသည် သန်းဝေလိုက်ပြီးနောက် လက်ကလေးနှစ်ဖက်ဖြင့် မျက်နှာကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။ ထိုသို့ လုပ်ခြင်းဖြင့် အိပ်ချင်ပြေအောင် ကြိုးစားနေခြင်း ဖြစ်သည်။

“ကုယန်... ကုကျောက်... ညီမလေးကို ခြံဝင်းထဲ ခဏလောက် ခေါ်သွားပြီး ဆော့ပေးလိုက်ဦး... ပြီးမှ ပြန်လာအိပ်ခိုင်းလိုက်”

ကျန်းယွင်နန်က သားနှစ်ယောက်ကို မှာလိုက်သည်။

ကလေးသုံးယောက် အိမ်ထဲတွင် မရှိတော့သည့်အခါ ကျန်းယွင်နန်သည် ခင်ပွန်းသည်ကို သနားစဖွယ် ကြည့်ပြီး ပြောလိုက်၏။

“ရှင် ဒီရက်ပိုင်း ဗိုက်ဆာနေရောပေါ့... ခဏနေရင် ကျွန်မ ခေါက်ဆွဲတစ်ပွဲလောက် ပြုတ်ပေးမယ်”

ကုမင်တာ့သည် တကယ် ဗိုက်ဆာနေခဲ့သော်လည်း မည်မျှပင် နေရခက်ပြီး ဗိုက်ဆာနေပါစေ သူသည် တိတ်တဆိတ် ခိုးမစားခဲ့ဘဲ ယခုအချိန်ထိ တောင့်ခံခဲ့ခြင်း ဖြစ်သည်။

ယခု နျိုနျို ပြန်ကောင်းလာပြီဖြစ်၍ သူသည် ခေါက်ဆွဲတစ်ပွဲကို မငြင်းဆန်တော့ဘဲ ပြောလိုက်သည်။

“ဒီတစ်ခါတော့ သမီးလေး မှတ်လောက်သားလောက် ဖြစ်သွားပါစေလို့ မျှော်လင့်ရတာပဲ... သူများအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် စတေးဖို့ အမြဲ တွေးမနေစေချင်ဘူး”

“သမီးက ရှင့်ကို ချစ်လွန်းလို့ အိပ်မက်မက်တာပေါ့... ရှင် စာမေးပွဲ ပထမမရမှာ စိုးရိမ်လို့လေ”

ကုမင်တာ့သည် ထိုစကားမျိုး ကြားရသည်ကို နှစ်သက်သဖြင့် မျက်နှာတွင် အပြုံးပန်းများ ဝေဆာလာပြီး ပြောလိုက်သည်။

“စာမေးပွဲ ရလဒ် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ... သမီးလေးက ကူညီပေးနိုင်သလောက် ကူညီပေးတာပဲလေ... ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် သမီးမွေးတာနဲ့ သားမွေးတာ တကယ် မတူပါဘူး... သားကောင်စုတ်လေးတွေက ဒီလောက် စိတ်မဝင်စားတတ်ကြဘူး... ကုကျောက်ဆိုရင် နေ့တိုင်း စားဖို့နဲ့ ပိုးကောင်ဖမ်းဖို့ပဲ သိတယ်”

ကျန်းယွင်နန်သည် သူ့၏ မျက်နှာလိုက်မှုကို ဖွင့်မပြောတော့ဘဲ ထောက်ခံလိုက်သည်။

“ကုကျောက် ပြဿနာရှာတာ မြင်တိုင်း ကျွန်မ ဒေါသထွက်ရတယ်... သူ့ကို မရိုက်မိအောင် မနည်း ထိန်းထားရတာ... ဒါပေမဲ့ နျိုနျို အမှားလုပ်မိလို့ ကျွန်မကို သနားစရာ မျက်လုံးလေးတွေနဲ့ ကြည့်လိုက်ရင် ကျွန်မ ဘာမှ မပြောရက်တော့ဘူး”

သမီးအကြောင်း ပြောကြပြီဆိုလျှင် ဇနီးမောင်နှံနှစ်ယောက်သည် သုံးရက်သုံးည မနားတမ်း ပြောနိုင်ကြပြီး တဖြည်းဖြည်းနှင့် ပိုပိုပြီး ချီးမွမ်းခန်း ဖွင့်လာကြတော့သည်။

“သူ့မျက်လုံးတွေက မင်းနဲ့ တူတယ်... ရေဝပ်နေသလိုပဲ... မင်းမျက်လုံးလောက် လှတဲ့ မျက်လုံးမျိုး ကိုယ် တစ်ခါမှ မမြင်ဖူးဘူး”

ကုမင်တာ့က သားအမိနှစ်ယောက်လုံးကို တစ်ပြိုင်နက် ချီးကျူးလိုက်သည်။

ကျန်းယွင်နန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“သူ့မျက်ခုံးတွေက ထူပြီး ကွေးနေတာ... ရှင်နဲ့ တစ်ပုံစံတည်းပဲ”

ကုမင်တာ့က ထပ်ပြောလိုက်ပြန်သည်။

“သူက စာဖတ်တာလည်း တော်တယ်... အရမ်းလည်း ဝီရိယရှိတယ်... ပြောစရာမလိုဘဲ သူ့ဘာသာ ပြန်လေ့လာတတ်တယ်... တကယ်လို့သာ ယောက်ျားလေးဆိုရင် သုံးနှစ်လောက် သင်ပေးပြီးတာနဲ့ စာမေးပွဲဝင်ဖြေလို့ ရလောက်ပြီ... အဲ့ဒီကျရင် ဒီမင်းဆက်ရဲ့ အသက်အငယ်ဆုံး ပညာရှိ ဖြစ်လာမှာ”

ကျန်းယွင်နန်သည် နျိုနျိုမှာ မွေးစားကလေး ဖြစ်ပြီး သူတို့နှင့် သွေးမတော်သားမစပ် ဆိုသည်ကိုပင် မေ့လျော့နေပြီ ဖြစ်သည်။

“ဒီကလေးက ကျွန်မတို့နှစ်ယောက်ရဲ့ အားသာချက်တွေ အကုန် ပေါင်းစပ်ထားတာပဲ”

ဇနီးမောင်နှံနှစ်ယောက်သည် မနက်ခင်း တစ်ခုလုံး ကလေးအကြောင်း ပြောရင်း အချိန်ကုန်ဆုံးခဲ့ကြသည်။ နေ့လယ်စာ စားပြီးနောက် ကုမင်တာ့သည် နေ့လယ်စာစားပြီး တစ်ရေးအိပ်ကာ ရက်ပေါင်းများစွာ ပျက်ကွက်ခဲ့သော အိပ်ချိန်များကို ပြန်လည် ဖြည့်ဆည်းလိုက်၏။

အိပ်ရာနိုးသောအခါ သစ်ပင်ရိပ်အောက်တွင် လက်ကိုင်ပဝါ ပန်းထိုးနေသော ကျန်းယွင်နန်ကို တွေ့သဖြင့် လှမ်းသွားပြီး သူမ၏ ဆံထုံးပေါ်တွင် ငွေဆံထိုးတစ်ခု တပ်ပေးလိုက်၏။

“ကြိုက်လား”

ကုမင်တာ့က နူးညံ့စွာ မေးလိုက်သည်။

ကျန်းယွင်နန် ကြောင်သွားပြီး ဆံထိုးကို ဖြုတ်ကြည့်လိုက်သည်။ ငွေဆံထိုးသည် သတင်းကောင်း သယ်ဆောင်လာသော အနီရောင် ဇီးပန်းပွင့် ပုံသဏ္ဍာန်ဖြစ်ပြီး အလွန် လက်ရာမြောက်လှသည်။

သူမက ဈေးနှုန်းကို မမေးဘဲ ပြုံးလျက် မေးလိုက်သည်။

“ဘယ်တုန်းက ဝယ်လိုက်တာလဲ... ရှင် အပြင်ထွက်တာ မတွေ့လိုက်ပါဘူး”

ကုမင်တာ့က ရှင်းပြသည်။

“စာမေးပွဲဖြေပြီးတဲ့နေ့က ဝယ်လာတာ... ပြီးတော့ မာဖူကျစ်လည်း ရလာတယ်”

မာဖူကျစ်ဆိုသည်မှာ ငရုတ်ကောင်း၏ အခြားအမည် ဖြစ်သည်။ ဒီမင်းဆက်တွင် ငရုတ်ကောင်း မစိုက်ပျိုးနိုင်သဖြင့် အနောက်တိုင်းဒေသများမှ ကုန်သည်များ တင်သွင်းလာရသည်။ ဈေးနှုန်းမှာ တစ်ချိန်က ရွှေနှင့် တန်းတူ ရှိခဲ့ဖူးသည်။ ယခုအခါ သိပ်မဈေးကြီးတော့သော်လည်း ဈေးပေါသည်တော့ မဟုတ်ပေ။ မကြာခဏ ပစ္စည်းပြတ်လပ်တတ်သည်။

ကျန်းယွင်နန် အံ့သြသွားပြီး မေးလိုက်သည်။

“ဘယ်လိုလုပ် ရလာတာလဲ... အနည်းဆုံး လဝက်လောက် စောင့်ရမယ်လို့ ပြောထားတာ မဟုတ်ဘူးလား”

ကုမင်တာ့က ရှင်းပြသည်။

“တိုက်ဆိုင်သွားတာပါ... အဲ့ဒီနေ့က ကိုယ် ဝင်မေးကြည့်လိုက်တာ... တစ်ယောက်က မှာထားပြီးမှ မယူတော့လို့ ပြန်အမ်းထားတာနဲ့ ကြုံပြီး ဆိုင်ရှင်က ကိုယ့်ကို ရောင်းပေးလိုက်တာ”

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျန်းယွင်နန်သည် နေ့တိုင်းလိုလို အပြင်ထွက်ခဲ့သည်။ တစ်ခါတစ်ရံ ဆေးဆိုင်၊ တစ်ခါတစ်ရံ ကုန်စုံဆိုင်သို့ သွားပြီး ပုရွက်ဆိတ် အသိုက်ဆောက်သလို ဟင်းပေါင်းချက်နည်းအတွက် လိုအပ်သော ပစ္စည်းများကို တစ်ခုချင်း စုဆောင်းခဲ့သည်။

ယခု ငရုတ်ကောင်း ရပြီဖြစ်၍ ပါဝင်ပစ္စည်းများ အားလုံး စုံလင်သွားပြီ ဖြစ်သည်။

“စီးပွားရေး မစရသေးဘူး... ဒီပစ္စည်းတွေ ဝယ်တာနဲ့တင် ပိုက်ဆံအများကြီး ကုန်နေပြီ... အရင်းပြန်ရပါ့မလား မသိဘူး”

ကျန်းယွင်နန်က စိုးရိမ်တကြီး ပြောလိုက်သည်။

ကုမင်တာ့က သူမကို နှစ်သိမ့်ပေးလိုက်၏။

“စီးပွားရေး လုပ်တယ်ဆိုတာ အမြတ်အရှုံး ရှိတာပဲလေ... ဒီတစ်ခါ ရှုံးရင် နောက်တစ်ခါ ပြန်မြတ်မှာပေါ့”

သူက အနီရောင် ကြိုးခြောက်ချောင်းကို ထုတ်ပြီး ဇနီးသည်ကို ပေးလိုက်သည်။

“အဲ့ဒီနေ့က လျှောက်ကြည့်တုန်းက ကောင်စုတ်လေးတွေအတွက် ဘာမှ ဝယ်စရာ မတွေ့ခဲ့ဘူး... ဒါပေမဲ့ နျိုနျို ခေါင်းပေါ်မှာ ဒီလို အနီရောင် ကြိုးလေး စည်းလိုက်ရင် သေချာပေါက် လှမှာပဲဆိုပြီး ဝယ်လာတာ... နောက်ကျရင် အကြောင်းပြချက်ရှာပြီး သူ့ကို စည်းပေးလိုက်”

ဒီပစ္စည်းများကို စာမေးပွဲပြီးသည့်နေ့က ဇနီးနှင့် သမီးကို ပေးရန် ရည်ရွယ်ထားသော်လည်း ထိုအချိန်က နျိုနျို အစားမစား၊ မအိပ်ဘဲ နေသဖြင့် သူစိတ်ဆိုးနေ၍ ထုတ်မပေးဖြစ်ခဲ့ခြင်း ဖြစ်သည်။ ယခုမှသာ ပေးဖြစ်တော့သည်။

ကျန်းယွင်နန်သည် အနီရောင် ကြိုးများကို ကြည့်ပြီး ပြောစရာစကားမဲ့သွားသည်။ သမီးဖြစ်သူ လဲပြီးစည်းမရှိမှာစိုးလို့ တစ်ခါတည်း ခြောက်ချောင်းတောင် ဝယ်လာခဲ့သည်တဲ့။ အရင်က ကလေးတွေကို မျှတစွာ ဆက်ဆံပါဆိုပြီး ဦးဆောင်ပြောခဲ့သူက သူ၊ အခု ကွယ်ရာမှာ မျက်နှာလိုက်နေသူကလည်း သူပင်။

သို့သော် ကျန်းယွင်နန် ဘာမှမပြောတော့ပေ။ အနီရောင် ကြိုးခြောက်ချောင်းကို သိမ်းဆည်းလိုက်ပြီး နျိုနျိုကို ချော့မော့ရန် အကြောင်းပြချက် ရှာကြံနေလိုက်သည်။

ယခုအချိန်တွင် ပိတ်ထားသော စာမေးပွဲရုံးခန်းအတွင်း၌ ဒုတိယအဆင့် စာမေးပွဲ အဖြေလွှာများကို အသည်းအသန် စစ်ဆေးနေကြသည်။

စာရေးတစ်ဦးသည် စာရွက်အပုံလိုက်ကို ပိုက်လျက် လျှောက်လမ်းအတိုင်း အလျင်အမြန် လျှောက်လာနေ၏။

ထောင့်ချိုးတစ်ခုသို့ ရောက်သောအခါ သတိမထားမိဘဲ အလျင်လိုနေသော အခြားလူတစ်ဦးနှင့် တိုက်မိသွားသည်။

တိုက်မိသော အရှိန်ကြောင့် ရင်ခွင်ထဲမှ အဖြေလွှာများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး တစ်ရွက်မှာ ပြန့်ကျဲသွား၏။

အတိုက်ခံရသူမှာ ဟန်ချက်ပျက်သွားပြီး ညာဘက်ခြေထောက်ဖြင့် ပြန့်ကျဲနေသော အဖြေလွှာကို နင်းမိမလို ဖြစ်သွားသည်။ ရုတ်တရက် ဘယ်ဘက်ခြေထောက် ကြွက်တက်သွားပြီး ထိန်းမရဘဲ ဘေးသို့ ယိုင်လဲသွားကာ ဒူးထောက်လျက်သား ပြန့်ကျဲနေသော အဖြေလွှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

“ဘာမှမဖြစ်ဘူးမလား... ဘယ်နားထိသွားလဲ”

တိုက်မိသော အရာရှိက စိုးရိမ်တကြီးဖြင့် သူ့ကို ထူပေးလိုက်သည်။

ထိုလူ၏ ဒူးခေါင်းမှာ နာကျင်လွန်းသဖြင့် မဲ့ရွဲ့နေသည်။ အချိန်အတော်ကြာမှ သက်သာသွားပြီး အဝတ်ကို လှန်ကြည့်လိုက်ရာ ဒူးခေါင်းတွင် အညိုအမည်း စွဲနေသည်ကို တွေ့လိုက်ရသည်။

“ခင်ဗျား ဒီမှာ ခဏစောင့်... ကျွန်တော် အဖြေလွှာတွေကို သခင်ကြီးချန်ဆီ သွားပို့လိုက်ဦးမယ်... ပြီးရင် ခင်ဗျားကို ပြန်လိုက်ပို့ပေးမယ်”

အရာရှိက အားနာစွာ ပြောလိုက်သည်။

လုပ်ဖော်ကိုင်ဖက်ချင်း ဖြစ်သဖြင့် တခြားတစ်ယောက်က မငြင်းတော့ဘဲ အရင်သွားနှင့်ရန် လက်ကာပြလိုက်သည်။

အရာရှိသည် ကြမ်းပြင်ပေါ်မှ အဖြေလွှာများကို တစ်ရွက်ချင်း ကောက်ယူနေစဉ် လုပ်ဖော်ကိုင်ဖက် ဒူးထောက်မိသော အဖြေလွှာပေါ်သို့ မျက်လုံးရောက်သွားသည်။

“လက်ရေးက တော်တော်လှတာပဲ”

သူ မနေနိုင်ဘဲ ချီးကျူးလိုက်မိသည်။

လုပ်ဖော်ကိုင်ဖက်က ထိုစကားကို ကြားသောအခါ နောင်တရသလို ဖြစ်သွားပြီး ကမန်းကတန်း လျှောက်လာကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“သပ်ရပ်လိုက်တာ... ငါ နင်းမိမလို့ ဖြစ်သွားတာ... တကယ်သာ နင်းမိရင် သခင်ကြီးချန် သဘောကျမှာ မဟုတ်ဘူး”

သခင်ကြီးချန်သည် ဒီစာမေးပွဲ၏ စစ်ဆေးရေးမှူးချုပ် ဖြစ်သည်။ သူသည် သန့်ရှင်းသပ်ရပ်မှုကို အလွန် ကြိုက်နှစ်သက်သူ ဖြစ်သည်။ အကယ်၍ ဒီအဖြေလွှာကို သူတို့ နင်းမိသည်ဟု သိလျှင် ကံဆိုးသည်ဟု ယူဆပေလိမ့်မည်။ ဒီဖြေဆိုသူ ရလဒ်ကောင်းရဖို့ ရှားပါးသွားပေလိမ့်မည်။

အရာရှိသည် ဒီအဖြေလွှာကို ထိပ်ဆုံးတွင် တင်လိုက်သည်။

အဖြေလွှာများ သခင်ကြီးချန်၏ စားပွဲပေါ်သို့ ရောက်ရှိလာချိန်တွင် သူသည် လက်ထဲရှိ အခြားအဖြေလွှာများကို စစ်ဆေးပြီးစ ဖြစ်သည်။

သူသည် အဖြေလွှာပုံ ထိပ်ဆုံးမှ စာရွက်ကို ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်ရာ ကြောင်သွားသည်။ ထို့နောက် သေချာ ဂရုတစိုက် ဖတ်ရှုပြီးနောက် လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။

“လှလိုက်တာ”

ဒုတိယအဆင့် စာမေးပွဲ ရလဒ်သည် ပညာရှိဖြစ်မဖြစ် ဆုံးဖြတ်ပေးမည် ဖြစ်သဖြင့် ပထမအဆင့်ထက် ပိုမို တင်းကျပ်သည်။ ယခင်က တစ်ဦးတည်း အမှတ်ပေးခြင်းမှ လူ ၇ ဦး ပူးပေါင်းစစ်ဆေးခြင်းသို့ ပြောင်းလဲလိုက်သည်။

မူလက အားလုံး ပင်ပန်းနေကြသော်လည်း ထိုအသံကို ကြားသောအခါ လက်ထဲမှ အလုပ်များကို ချကာ စုရုံးရောက်ရှိလာကြသည်။

“ဘာများ လှလို့လဲ... ဆောင်းပါးက အရမ်းကောင်းနေလို့လား”

သခင်ကြီးချန် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“လက်ရေး ကောင်းတယ်... ပညာရှင်ဆန်တယ်... ဆောင်းပါးလည်း ကောင်းတယ်... သူ့ရဲ့ တင်ပြချက်တွေက ထူးချွန်ပြီး ပြည့်စုံတယ်”

စစ်ဆေးသူ တစ်ဦးက ရုတ်တရက် ပြောလိုက်သည်။

“ဒီလက်ရေးကို ကျွန်တော် သိတယ်... ပထမအဆင့် စာမေးပွဲမှာ ပထမရတဲ့ ကုမင်တာ့ရဲ့ လက်ရေးပဲ”

All Chapters