အောင်စာရင်း စောင့်မျှော်ခြင်း
Vol. 6 Ch. 59
သခင်ကြီးချန်လည်း ဒီလူကို မှတ်မိနေသည်။ ပထမအဆင့် စာမေးပွဲတွင် အခြားသူများ၏ အဖြေလွှာများကို သူ ဖတ်စရာ မလိုသော်လည်း ပထမရသူ၏ အဖြေလွှာကိုမူ ဖတ်ရှုခဲ့ရသည်။
“ပထမအဆင့်တုန်းက ဒီလူက တော်တော် ပါရမီပါတယ်လို့ ခံစားခဲ့ရတာ... အခု ဒုတိယအဆင့် အဖြေလွှာကို ကြည့်လိုက်တော့ တကယ်ကို အံ့မခန်း ပါရမီရှင်ပဲ”
သခင်ကြီးချန်က သက်ပြင်းချကာ ပြောလိုက်သည်။
ကုမင်တာ့၏ အရည်အချင်းကို အခြားသူများက အသိအမှတ်ပြုကြသဖြင့် ကြားရသူများက ခေါင်းညိတ် ထောက်ခံကြသည်။
သခင်ကြီးချန်က ဆက်ပြောသည်။
“ဒီလူက အရမ်းတော်တယ်... တကယ်လို့ နောက်ဆုံးအဆင့်ထိ ဒီထက်ကောင်းတဲ့သူ မရှိရင်... သူ့ကို ဒီစာမေးပွဲမှာ ပထမပေးချင်တယ်... မင်းတို့ ဘယ်လိုသဘောရလဲ”
စစ်ဆေးရေးမှူးချုပ် ကိုယ်တိုင် ပြောနေမှတော့ ဒုတိယ စစ်ဆေးရေးမှူးများက ငြင်းဆန်ပြီး လူဆိုးအဖြစ်ခံမည် မဟုတ်ပေ။ ထို့အပြင် ကုမင်တာ့၏ အဖြေလွှာသည် အမှန်တကယ် ကောင်းမွန်သဖြင့် ပထမနေရာနှင့် ထိုက်တန်သည်ဟု ယူဆကြသည်။
မျက်စိတစ်မှိတ်အတွင်း အောင်စာရင်း ထုတ်ပြန်မည့်နေ့သို့ ရောက်ရှိလာသည်။ အိမ်ရှင်အဖွားချန်၏ ခြံဝင်းထဲတွင် မနက်စောစောကတည်းက လူရှင်းနေပြီ ဖြစ်သည်။
အိမ်ရှင်မများ မည်မျှပင် အလုပ်ရှုပ်စေကာမူ ဒီနေ့တွင်တော့ ခင်ပွန်းသည်များနှင့်အတူ မြို့ဝန်ရုံးရှေ့သို့ သွားရောက်ပြီး အောင်စာရင်း ကြည့်ကြလေ့ ရှိသည်။
ကုမိသားစု ငါးယောက်နှင့် လျူရှောင်ရူတို့ မြို့ဝန်ရုံးရှေ့သို့ မရောက်မီကပင် အောင်စာရင်း ကပ်မည့်နေရာ၌ လူအုပ်ကြီး စုဝေးနေသည်ကို တွေ့လိုက်ရသည်။
“ဖေဖေ... ဒီလောက် လူအများကြီးနဲ့ စာမေးပွဲ ဖြေခဲ့တာလား”
နျိုနျိုက ရုတ်တရက် မေးလိုက်သည်။
ကုမင်တာ့ ကြောင်သွားပြီး ရှင်းပြလိုက်သည်။
“ပထမအဆင့် စာမေးပွဲမှာ ဖြေဆိုသူ ၂၀၀၀ ရှိတယ်... ဒုတိယအဆင့်မှာ ၆၀၀ ကျန်တယ်... နောက်ဆုံးမှာ ပညာရှိ ၃၀၀ ပဲ ရွေးချယ်မှာ”
နျိုနျို မျက်လုံးပြူးသွားပြီး ပြောလိုက်သည်။
“ဖေဖေက တော်လိုက်တာ... လူ ၁၄၀၀ ကို အနိုင်ယူခဲ့တာပေါ့... ဟာ... မဟုတ်သေးဘူး... ဖေဖေက ပထမအဆင့်မှာ ပထမရထားတာဆိုတော့ လူ ၂၀၀၀ လုံးကို အနိုင်ယူခဲ့တာပေါ့”
ကုမင်တာ့ အနည်းငယ် အံ့သြသွားပြီး ချီးကျူးလိုက်သည်။
“နျိုနျို... ပထမအဆင့်မှာ ပထမရတိုင်း ဒုတိယအဆင့်မှာ ပထမရမယ်လို့ မဆိုလိုဘူးလေ... အဲ့လို တွက်လို့မရဘူး”
ထိုစကားကို ကြားသောအခါ နျိုနျိုသည် သူမ၏ မုတ်ဆိတ်ဖြူ အဘိုးကြီးနှင့် ပထမရရန် ညှိနှိုင်းခဲ့သည့်အကြောင်း ပြောချင်သွားသော်လည်း ဖေဖေက သူမ ဆုတောင်းတာကို မကြိုက်မှန်း သတိရသွားသဖြင့် မပြောတော့ပေ။
“ဘာပဲဖြစ်ဖြစ်... ဖေဖေက ပထမအဆင့်မှာ ပထမရခဲ့တာပဲ... နျိုနျိုစိတ်ထဲမှာတော့ ဖေဖေက အတော်ဆုံးပဲ”
ကုမင်တာ့က သူမ၏ လှပသော နှာခေါင်းလေးကို ဆွဲလိုက်ပြီး ပြောလိုက်သည်။
“နျိုနျိုရဲ့ သင်္ချာတွက်တာ တော်လိုက်တာ... ဒီနေ့ အောင်စာရင်းမှာ ပါဖို့အတွက် နျိုနျိုရဲ့ မင်္ဂလာရှိတဲ့ စကားလေးတွေကို ဖေဖေ ယူထားလိုက်မယ်”
နျိုနျို အနည်းငယ် ဂုဏ်ယူသွားသော်လည်း ပြောလိုက်သည်။
“ဒါ ကလေးတွက်တဲ့ သင်္ချာပဲလေ... အတည်ယူလို့ မရပါဘူး”
သို့သော် ဘေးနားမှ ကုကျောက်ကမူ နားမလည်နိုင် ဖြစ်နေပြီး မေးလိုက်သည်။
“ဖေဖေက ဘယ်တုန်းက လူ ၁၄၀၀ ကို နိုင်လိုက်တာလဲ... ဘယ်တုန်းက လူ ၂၀၀၀ ကို နိုင်လိုက်တာလဲ... ဘာသင်္ချာလဲ... ဘာတွေလဲ”
ကုကျောက်သည် တွက်လို့မရရုံသာမက မေးခွန်းကိုပင် နားမလည်ကြောင်း တွေ့လိုက်ရသဖြင့် အားလုံး ရယ်ချင်သွားကြသည်။
ကုယန်သည် အမြဲတမ်း စေ့စပ်သေချာပြီး စာနာတတ်သော အစ်ကိုကြီး ဖြစ်သဖြင့် ကုကျောက်ကို ဆွဲကာ သေချာ ရှင်းပြလေသည်။
ကုယန် သုံးကြိမ်လောက် ရှင်းပြမှ ကုကျောက် နားလည်သွားသည်။ သူသည် ညီမလေး၏ ဉာဏ်ကောင်းမှုကို မနာလိုမဖြစ်ဘဲ ခေါင်းကုတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ညီမလေးက တော်တာပဲ”
ဖြေဆိုသူများ စိတ်လောလေ... အောင်စာရင်း ထွက်တာ နှေးလေပင်။
“ဒီနေ့ မြို့ဝန်ရုံးက လူတွေ ဘာဖြစ်နေကြတာလဲ... ဒီအချိန်ရောက်နေပြီ ဘာလို့ အောင်စာရင်း မထုတ်ပြန်သေးတာလဲ... အိပ်ပျော်ကုန်ကြပြီလား”
တစ်စုံတစ်ယောက်က မကျေမနပ် ညည်းတွားလိုက်သည်။
တိုက်ဆိုင်စွာပင် ထိုလူ ပြောပြီးသည်နှင့် ရှေ့နားတွင် ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။
“အောင်စာရင်း ထွက်ပြီ... အောင်စာရင်း ထွက်ပြီ”
ထိုအသံကို ကြားသည်နှင့် ဝိုင်းအုံနေသော လူအုပ်ကြီးသည် ရှေ့သို့ အလုအယက် တိုးဝင်သွားကြသည်။
ကုမိသားစု ကလေးများလည်း အတွင်းသို့ တိုးဝင်ချင်ကြသော်လည်း ကုမင်တာ့နှင့် ကျန်းယွင်နန်က ပြန်ဆွဲထားလိုက်သည်။
“လူတွေများတယ်... အနင်းခံရမယ်... သတိထား”
လူအုပ် လှုပ်ရှားသည်နှင့် နျိုနျိုနှင့် ကျန်းယွင်နန်ကို မျက်ခြည်မပြတ် ကြည့်နေသော လျူရှောင်ရူက ကျယ်လောင်စွာ သတိပေးလိုက်သည်။
ကျန်းယွင်နန်က နျိုနျိုကို ပွေ့ချီပြီး နောက်ဆုတ်လိုက်သည်ကို မြင်မှ လျူရှောင်ရူ စိတ်အေးသွားသည်။
ရှေ့တိုးတာထက် နောက်ဆုတ်တာက ပိုလွယ်ကူပုံ ရသည်။
လမ်းမပေါ်ရှိ လူအုပ်ကြီး ရှေ့သို့ တိုးဝှေ့နေကြသည်ကို ကုမင်တာ့ ကြည့်လိုက်သည်။ မည်းမှောင်နေသော ခေါင်းများကို ကြည့်ပြီး ဘေးအန္တရာယ်မှ လွတ်မြောက်လာသူ တစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။
“နျိုနျို... သမီး အဆင်ပြေရဲ့လား... ထိခိုက်မိသေးလား”
ကျန်းယွင်နန်က နျိုနျိုကို ခေါင်းအစ ခြေအဆုံး ကြည့်ကာ မေးလိုက်သည်။
ခုနက တိုးဝှေ့နေစဉ် နျိုနျို အော်လိုက်သံ ကြားလိုက်ရသလိုပင်။
နျိုနျို ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
“မေမေ... သမီး ဆံပင်ကို ဘယ်သူဆွဲလိုက်လဲ မသိဘူး”
ကျန်းယွင်နန်က နျိုနျို၏ ခေါင်းကို ကြည့်လိုက်ရာ ဆံပင်ပါးသွားပုံ မရသော်လည်း အနီရောင် ကြိုးနှစ်ချောင်း ပျောက်နေသည်ကို တွေ့လိုက်ရသည်။
ကုမင်တာ့က အနီရောင် ကြိုးခြောက်ချောင်း ဝယ်ပေးထားသဖြင့် ကျန်းယွင်နန်သည် မနက်တိုင်း နျိုနျို၏ ခေါင်းပေါ်တွင် ဆံပင်ခြောက်စု စည်းပေးလေ့ ရှိသည်။
လျူရှောင်ရူသည် နျိုနျို၏ ဆံပင်ပုံစံကို မှတ်မိသဖြင့် ချက်ချင်း ဒေါသတကြီး အော်ပြောလိုက်သည်။
“ဘယ်သူက အောက်တန်းကျပြီး ကလေးရဲ့ ဆံပင်စည်းကြိုးကို လုယူသွားရတာလဲ... လမ်းလျှောက်ရင် ခလုတ်တိုက်ပြီး လဲပါစေ”
ကျန်းယွင်နန်သည် မူလက ဒေါသထွက်နေသော်လည်း လျူရှောင်ရူက ပိုဒေါသထွက်နေသည်ကို မြင်သောအခါ သူမကို ပြန်နှစ်သိမ့်ပေးလိုက်ရသည်။
“နှစ်ချောင်းပဲ ပျောက်သွားတာပါ... ကလေး ဘာမှမဖြစ်ရင် ပြီးတာပါပဲ... ကိစ္စမရှိပါဘူး”
ကျန်းယွင်နန်သည် ရင်ခွင်ထဲမှ ခေါင်းဖြီးလေးကို ထုတ်ကာ နျိုနျို၏ ဆံပင်ကို ပြန်ဖြီးပေးလိုက်သည်။
နျိုနျိုသည် သူမ၏ ရင်ခွင်ထဲတွင် လိမ္မာစွာ မှီနေပြီး အလွန် ချစ်စရာ ကောင်းနေသည်။
“အီး.... ဟီး....”
သို့သော် ကုကျောက် ရုတ်တရက် ထငိုလေတော့သည်။
အားလုံး စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
“သားရဲ့ ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီ... အဲ့ဒါ မေမေ ချုပ်ပေးထားတာ”
ကုကျောက်က ငိုယိုပြီး ပြောလိုက်သည်။
ကုမင်တာ့ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
“အောင်စာရင်း ထွက်တိုင်း ရေနွေးပူထဲက ငါးဖမ်းချင်တဲ့ လူတွေ ရှိစမြဲပဲ... ဒီတစ်ခါတော့ ကလေးတွေကိုပါ ဒုက္ခပေးကြတယ်”
ကုကျောက် ဝမ်းနည်းနေသည်ကို မြင်သောအခါ ကျန်းယွင်နန် စိတ်မကောင်းဖြစ်သွားပြီး သားငယ်ကို နှစ်သိမ့်ပေးလိုက်သည်။
“ပျောက်သွားရင်လည်း နောက်တစ်ခါ မေမေ အားတဲ့အချိန် အသစ်ပြန်ချုပ်ပေးပါ့မယ်”
သို့သော် ကုကျောက်က ဝမ်းနည်းပက်လက် ငိုရင်း ပြောလေသည်။
“ပိုက်ဆံအိတ် ပျောက်တာက ထားလိုက်ပါတော့... သားရဲ့ အချစ်ဆုံး ဗိုလ်ချုပ်ကျင်းပါ ပါသွားပြီ... သားနဲ့တူတူ နေတာ ရက်နည်းနည်းပဲ ရှိသေးတာကို... ဟီး... ဟီး”
ကျန်းယွင်နန်သည် ရင်ထဲမှ သနားစိတ်များ ရေကဲ့သို့ ချက်ချင်း ခန်းခြောက်သွားသည်ဟု ခံစားလိုက်ရပြီး ရင်ဘတ်ထဲတွင် တစ်ခုခု တစ်ဆို့နေသလို ဖြစ်သွားရ၏။
လျူရှောင်ရူ နားမလည်နိုင် ဖြစ်သွားပြီး မေးလိုက်သည်။
“အစ်မ... ဗိုလ်ချုပ်ကျင်းဆိုတာ ဘာကြီးလဲ”
ကျန်းယွင်နန်က ဒေါသတကြီး ပြောလိုက်သည်။
“သူမွေးထားတဲ့ ပုရစ်ကောင်လေ... နေ့တိုင်း လူတွေကို ခေါင်းကိုက်အောင် လုပ်နေတာ”
ကုကျောက်က မကျေမနပ်ဖြင့် ပြန်ပြောသည်။
“ဗိုလ်ချုပ်ကျင်းက အတော်ဆုံး ပုရစ်ကောင်ပါ... သူက လိမ္မာတယ်... မေမေ သူ့ကို အဲ့လို မပြောပါနဲ့”
ကျန်းယွင်နန်သည် သူ့ကို ဆက်ဂရုမစိုက်တော့ဘဲ သမီးဖြစ်သူ၏ ဆံပင်ကို ပြန်ဖြီးပေးရန်သာ အာရုံစိုက်လိုက်သည်။
လူအုပ်ကြားတွင် ရောနှောနေသော သူခိုးသည် အောင်စာရင်းထွက်ချိန်တွင် ရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူကာ လူအများအပြား၏ အိတ်ကပ်များကို နှိုက်ခဲ့ပြီး ပစ္စည်းအများအပြား ရရှိထားသည်။ သူသည် လူအုပ်ကြားမှ အသည်းအသန် တိုးဝှေ့ထွက်ခွာလာခဲ့သည်။
“အနီရောင်ကြိုး နှစ်ချောင်း ရလာတယ်... အိမ်က သမီးလေးကို ပြန်ချော့လို့ရပြီ”
သူခိုးက တွေးရင်း ရှေ့သို့ နှစ်လှမ်း တိုးလိုက်စဉ် ရုတ်တရက် ထိန်းမရဘဲ လဲကျသွားပြီး ခေါင်းနှင့် မြေကြီး ဆောင့်မိကာ ခေါင်းကွဲသွားလေသည်။
သူခိုးက မြေကြီးပေါ်မှ ထလိုက်ပြီး ချက်ချင်း ဆဲဆိုလိုက်သည်။
“ကံဆိုးလိုက်တာ... မြက်ခင်းထဲမှာ ဘယ်သူက ခလုတ်တိုက်စရာ ကျောက်ခဲ လာထားသွားတာလဲကွ”
အကယ်၍ ကုမင်တာ့သာ ဒီနေရာတွင် ရှိနေလျှင် မြက်ခင်းထဲမှ ကျောက်ခဲကို ရင်းနှီးနေလိမ့်မည်ပင်။
သူခိုးက သွေးထွက်နေသော ခေါင်းကို စမ်းကြည့်လိုက်ပြီး ဒီနေရာတွင် ဆက်နေလျှင် မကောင်းမှန်း သိသဖြင့် ထောင့်ချိုးတစ်ခုဆီသို့ အမြန် ပြေးထွက်သွားလေသည်။
“ခုနစ်... ရှစ်... ကိုး... ပိုက်ဆံအိတ် ကိုးလုံးတောင် ရတယ်... ငါတော့ ဌေးပြီ”
သူခိုးက သူ့လက်ရာများကို ရေတွက်ရင်း ပိုက်ဆံအိတ်ထဲမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခု သွန်ချလိုက်သည်။
သို့သော် ပစ္စည်းများ ထွက်လာလေလေ သူ့မျက်နှာထားက ပိုဆိုးလေလေ ဖြစ်လာသည်။
“ဘာလဲဟ... ပိုက်ဆံ နည်းနည်းလေးပါလား”
ပိုက်ဆံအိတ် အများစုထဲတွင် ကြေးပြားအနည်းငယ်သာ ပါရှိပြီး တကယ့်ကို ဆင်းရဲလွန်းလှသည်။
“နောက်ဆုံး ပိုက်ဆံအိတ်ကတော့ အပြည့်ပဲ... ဒီထဲမှာ သေချာပေါက် ပစ္စည်းကောင်းလေးတွေ ပါမှာ”
သူခိုးက နောက်ဆုံး ပိုက်ဆံအိတ်ကို စိတ်လှုပ်ရှားစွာ ဖွင့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ပုရစ်ကောင် ၁၀ကောင်ကျော်လောက် ပိုက်ဆံအိတ်ထဲမှ တပြိုင်နက် ခုန်ထွက်လာကြသည်။ သူက မျက်နှာနှင့် အနီးကပ် ကြည့်နေမိသဖြင့် ပုရစ်ကောင်တစ်ကောင်က သူ့ပါးစပ်ထဲသို့ တန်းဝင်သွားလေသည်။
သူခိုးက နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြန်သည်။
“ထွီ... ထွီ... ဘယ်လို လူမျိုးက ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံမထည့်ဘဲ ပုရစ်ကောင်တွေ ထည့်ထားရတာလဲ... ယုတ်မာလိုက်တာ”