ချည်နှောင်မှုများကို ဖြတ်ကျော်ခြင်း
Vol. 6 Ch. 60
“ပထမရတာ ကုမင်တာ့တဲ့”
“ကုမင်တာ့က ဘယ်ကလဲ”
“ငါ သိတယ်... ကုမင်တာ့က ငါတို့ ကွမ်အန်းမြို့နယ်ကလေ... ပထမအဆင့် စာမေးပွဲမှာလည်း ပထမရထားတဲ့သူပဲ”
ကုမိသားစုသည် အောင်စာရင်းကပ်ထားသော နေရာနှင့် ဝေးကွာနေသော်လည်း သတင်းစကားများကို လှမ်းကြားနေရသည်။
ကျန်းယွင်နန်က မနေနိုင်ဘဲ မေးလိုက်သည်။
“ကျွန်မ နားကြားမှားတာလား... ယောက်ျားရဲ့ နာမည်ကို ကြားလိုက်သလိုပဲ”
လျူရှောင်ရူသည် နားစွင့်လိုက်ပြီး ရှေ့သို့ တိတ်တဆိတ် တိုးသွားလိုက်သည်။ ထို့နောက် မျက်နှာများ နီရဲလျက် ပြန်ပြေးလာပြီး ကျန်းယွင်နန်နှင့် နျိုနျိုကို စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“သူတို့က ခဲအိုနာမည်ကို ပြောနေကြတာ တကယ်ပဲ... အစ်ကိုကြီးက ပထမရတယ်တဲ့... တကယ် ပထမတဲ့... အစ်မက ပညာရှိကတော် ဖြစ်သွားပြီ... နျိုနျိုလေးကလည်း ပညာရှိမိသားစုက သခင်မလေး ဖြစ်သွားပြီ”
သူမ၏ စိတ်လှုပ်ရှားနေပုံကို ကြည့်ပြီး နားမလည်သူများက သူမကိုယ်တိုင် ပညာရှိ ဖြစ်သွားသည်ဟု ထင်မှတ်သွားနိုင်လေသည်။
ကျန်းယွင်နန်သည် ကုမင်တာ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
သူမနှင့် ကုမင်တာ့ လက်ထပ်လာသည်မှာ ၁၀ နှစ်ကျော် ရှိပြီဖြစ်ပြီး ကုမင်တာ့ စာမေးပွဲဖြေဆိုရန် ကြိုးစားနေသည်ကို နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့ရသည်။ ဒီခရီးလမ်း၏ အခက်အခဲနှင့် ပင်ပန်းဆင်းရဲမှုများကို သူမထက် ပိုနားလည်သူ မရှိနိုင်ပေ။
“ယောက်ျား... ရှင် တကယ် စာမေးပွဲအောင်ပြီ”
ကျန်းယွင်နန်က ပြောရင်း မျက်ရည်များ ကျဆင်းလာသည်။
ကုမင်တာ့သည် စိတ်ပျက်စရာများနှင့် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူးသဖြင့် နောက်ဆုံးတွင် ခြေတစ်လှမ်း တိုးတက်သွားပြီဟု သိလိုက်ရသော်လည်း မြူနှင်းကြားမှ ပန်းပွင့်ကို ကြည့်နေရသလို မယုံနိုင်အောင် ဖြစ်နေလေသည်။
ထိုအချိန်တွင် ဆံပင်စုတ်ဖွားနှင့် လူငယ်တစ်ဦး လူအုပ်ကြားမှ တိုးထွက်လာသည်။ သူ့အဝတ်အစားများ စုတ်ပြဲနေပြီး ဖိနပ်တစ်ဖက်လည်း ကျွတ်ကျန်ခဲ့သည်။
သို့သော် သူ့မျက်နှာတွင် ဖုံးကွယ်ထား၍ မရနိုင်သော ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး အော်ဟစ်ခုန်ပေါက်နေလေသည်။
“ငါ အောင်ပြီ... ငါ ပညာရှိဖြစ်ပြီ... ငါ ပညာရှိဖြစ်ပြီဟေ့”
ထိုလူငယ်သည် အော်ဟစ်နေရင်း မလှမ်းမကမ်းတွင် မျက်လုံးများ ဗလာဖြစ်ကာ ရပ်နေသော ကုမင်တာ့ကို ရုတ်တရက် မြင်လိုက်ရသည်။ သူက ခုန်ပေါက်နေသည်ကို ရပ်လိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်လိုက်ကာ ကုမင်တာ့ရှေ့သို့ လျှောက်သွားလိုက်သည်။
ထိုလူငယ်မှာ အခြားသူမဟုတ်ပေ။ ပထမအဆင့် စာမေးပွဲတွင် ကုမင်တာ့နှင့်အတူ အာမခံယူခဲ့သော ကျန့်ချီပင်။ ကုမင်တာ့နှင့် အတူ အာမခံယူခဲ့သော ငါးယောက်အနက် ကုမင်တာ့အပြင် စာမေးပွဲအောင်မြင်သူမှာ သူတစ်ယောက်တည်းသာ ရှိလေသည်။
“အစ်ကိုကု... ကျွန်တော် ပညာရှိဖြစ်ပြီ... အဆင့် ၂၀၀ ကျော်မှ ပါတာဆိုတော့ အစ်ကိုကုလောက် မတော်ပေမဲ့... အခုဆိုရင် ရွာပြန်ပြီး မိဘတွေကို မျက်နှာပြလို့ရပြီ... ကျွန်တော် စာသင်နိုင်ဖို့အတွက် သူတို့တွေ ဆွေမျိုးတွေရဲ့ အပြစ်တင်တာကို ခံခဲ့ရတာ...”
ကျန့်ချီသည် နှစ်ပေါင်းများစွာ စာကြိုးစားခဲ့ရသည့် ဒုက္ခများကို ပြန်တွေးမိပြီး မျက်ရည်ကျလာသည်။
“နောက်ကျရင် စာမေးပွဲ ဆက်မဖြေနိုင်ရင်တောင် စာသင်ကျောင်းဖွင့်ပြီး မိသားစုကို လုပ်ကျွေးလို့ ရပြီ... မိဘတွေ ကျွန်တော့်ကြောင့် ဆင်းရဲဒုက္ခ ခံစရာ မလိုတော့ဘူး”
အနာဂတ်အကြောင်း ပြောသောအခါ ကျန့်ချီ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
ပညာရှိဖြစ်လာခြင်းသည် ပညာသင်ဘဝနှင့် ယှဉ်လျှင် အရည်အသွေးပိုင်းအရ ကြီးမားသော ခုန်ပျံကျော်လွှားမှုတစ်ခု ဖြစ်သည်။ ဒါက အနိမ့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့သာ ဖြစ်သော်လည်း တစ်နှစ်လျှင် လယ်မြေ ခြောက်ဧကစာ အခွန်ကင်းလွတ်ခွင့် ရရှိပြီး အရာရှိများနှင့် တွေ့လျှင် ဒူးထောက်စရာ မလိုတော့ပေ။
ပြင်ပလူများက "ပညာရှိက ဆင်းရဲတယ်" ဟု ပြောကြသော်လည်း စာမေးပွဲ ဆက်ဖြေနေသ၍ ဆင်းရဲနေမည်သာ ဖြစ်သည်။ အကယ်၍ စာမေးပွဲ ဆက်မဖြေတော့ဘဲ အလုပ်ရှာမည် ဆိုပါက မိသားစု စားဝတ်နေရေးအတွက် ပူစရာမလိုသော အလုပ်ကောင်းတစ်ခု ရရှိနိုင်မည် ဖြစ်သည်။
ကျန့်ချီ၏ ပုံစံသည် ယခု ပညာရှိအဖြစ် ရွေးချယ်ခံရသူ အားလုံး၏ ကိုယ်စားပြုပုံရိပ် ဖြစ်နေသည်။
ကုမင်တာ့သည် ပထမရသော်လည်း သူ့ရင်ထဲတွင် သိပ်မပျော်ရွှင်လှပေ။ နှစ်ပေါင်းများစွာ စိတ်ဓာတ်ကျမှုနှင့် ရည်မှန်းချက်ကြီးမှုများက သူ့ကို မလှဲသိပ်နိုင်ခဲ့သော်လည်း အတွေးတစ်ခု၏ လမ်းဆုံးသို့ ရောက်သွားစေခဲ့သည်။
တစ်ဖက်တွင် သူသည် စာမေးပွဲကို လက်မလျှော့ချင်သော်လည်း အခြားတစ်ဖက်တွင်မူ နောက်ဆုံးတွင် စာမေးပွဲမအောင်မြင်ဘဲ ဘာမှရလိုက်မည် မဟုတ်ဟု ခံစားနေရသည်။
ယခုအခါ သူသည် နောက်ဆုံးတွင် ပညာရှိအဖြစ် ရွေးချယ်ခံလိုက်ရပြီ။ သူ့ရှေ့တွင် နှစ်ပေါင်းများစွာ ပိတ်ဆို့ထားသော တံတိုင်းကြီး ရုတ်တရက် ပြိုကျသွားသလို ခံစားလိုက်ရသည်။ သူသည် နောက်ဆုံးတွင် ချည်နှောင်မှုများမှ လွတ်မြောက်သွားပြီး မမြင်ရသော သံကြိုးများကို ရိုက်ချိုးနိုင်လိုက်ပြီ ဖြစ်သည်။
သူ ရှေ့ဆက်သွားနိုင်ပြီး ပိုမို ရှုပ်ထွေးသော အနာဂတ်ကို ရင်ဆိုင်နိုင်ပြီ ဖြစ်သည်။
ကျန့်ချီက စာမေးပွဲ ဆက်မဖြေတော့ဘဲ လက်လျှော့ကောင်း လျှော့နိုင်သော်လည်း ကုမင်တာ့ကမူ ဆုံးဖြတ်ချက် ခိုင်မာနေပြီ ဖြစ်သည်။
သူ့ရည်မှန်းချက်များကို ယခုလောက် ရှင်းရှင်းလင်းလင်း သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူ မိသားစုကို ချစ်သည်။ ဇနီးသည်နှင့်အတူ နေချင်သည်။ သားသမီးများ ကြီးပြင်းလာသည်ကို မြင်ချင်သည်။ သို့သော် သူ မြို့တော်သို့ သွားချင်သည်။ သူ့အရည်အချင်းများကို ထုတ်ပြချင်သည်။ သူတို့ကို ပိုမို ကျယ်ပြန့်သော အနာဂတ်ဆီသို့ ခေါ်ဆောင်သွားချင်၏။
ကုမင်တာ့ နောက်လှည့်ကြည့်လိုက်သည်။
ကုကျောက်နှင့် နျိုနျိုတို့သည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။
“ဖေဖေက ပထမ... ဖေဖေက ပထမ”
ကုမင်တာ့သည် သူ့ရင်ထဲမှ ပေါက်ကွဲထွက်ချင်သော စိတ်များကို ထုတ်မပြသော်လည်း ကလေးနှစ်ယောက်က သူ့အစား ထုတ်ပြနေကြသည်။
“လေတိုက်နေပြီ... အိမ်ပြန်ကြရအောင်”
ကုမင်တာ့က ဇနီးသည်ကို ညင်သာစွာ ပြောလိုက်သည်။
ကျန်းယွင်နန် ကြောင်သွားပြီး မေးလိုက်သည်။
“ရှင် သူတို့နဲ့ သွားမတွေ့တော့ဘူးလား”
ပုံမှန်ဆိုလျှင် ခင်ပွန်းသည်များသည် အခြားအောင်မြင်သူများနှင့် တွေ့ဆုံပြီး မိတ်ဖွဲ့လေ့ ရှိကြသည်။
သို့သော် ကုမင်တာ့က ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
“သူတို့နဲ့ သောက်စားပြီး ကြွားလုံးထုတ်နေမယ့်အစား အိမ်ပြန်ပြီး မင်းနဲ့အတူ နေချင်တယ်… အိမ်မှာပဲ စာအုပ် လေးငါးမျက်နှာလောက် ပိုဖတ်ရတာက ပိုကောင်းပါတတယ်”
ဘေးနားမှ ကျန့်ချီသည် ထိုစကားကို ကြားသောအခါ သောက်စားပျော်ပါးရန် ဖိတ်ခေါ်ချင်သော စိတ်ကူးများ ပျောက်ကွယ်သွားတော့သည်။
ပထမရတဲ့လူတောင် ပြန်ပြီး စာကျက်မယ် ပြောနေရင် အောက်ဆုံးက ကပ်ပါတဲ့ သူလိုလူက ဘာလို့ မကြိုးစားဘဲ နေရမှာလဲ။
ကျန့်ချီသည် ချက်ချင်း အကြံပြောင်းလိုက်ပြီး အခြားသူများ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ကာ နေအိမ်သို့ အမြန်ပြန်ပြီး စာဆက်ကျက်လေတော့သည်။
မိသားစုအချို့ ပျော်ရွှင်နေကြသော်လည်း အချို့မှာမူ ဝမ်းနည်းနေကြသည်။ ကုမင်တာ့ အောင်မြင်သော်လည်း ဝမ်ယောက်ကျူ ကျရှုံးခဲ့သည်။
စာမေးပွဲမတိုင်မီ လျူရှောင်ရူနှင့် ကွဲသွားခြင်းက သူ့စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်စေခဲ့ပုံ ရ၏။ ပုံမှန်ဆိုလျှင် စာမေးပွဲအောင်နိုင်ခြေရှိသော ဝမ်ယောက်ကျူသည် စာမေးပွဲကာလတစ်လျှောက်လုံး စိတ်မငြိမ်မသက် ဖြစ်နေခဲ့ပြီး ဒုတိယအဆင့်ကို မနည်း ဖြေဆိုခဲ့ရသော်လည်း ရလဒ်ကောင်း မထွက်ခဲ့ပေ။ သူသည် အောင်စာရင်းကို အကြိမ်ကြိမ် ပြန်ကြည့်သော်လည်း သူ့နာမည်ကို ရှာမတွေ့ပေ။
“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... ငါ အောင်သင့်တာ... ငါ အောင်သင့်တာ...”
ဝမ်ယောက်ကျူက တစ်ယောက်တည်း ရေရွတ်နေသည်။
သူ၏ စိတ်ဓာတ်ကျနေသော ပုံစံကြောင့် ဘေးနားမှ စာမေးပွဲကျသော အခြားသူတစ်ယောက်၏ လှောင်ပြောင်မှုကို ခံလိုက်ရသည်။
“မင်းက အောင်သင့်တယ် ထင်တာလား... ငါလည်း ငါ့ကိုယ်ငါ အောင်သင့်တယ် ထင်တာပဲ... စစ်ဆေးရေးမှူးက မင်းအဖေလို့ ပြောလိုက်ပါလား... ဒါဆို မင်းသဘောအတိုင်း ဖြစ်လာမှာပေါ့”
ထိုစကားကို ကြားသောအခါ ဝမ်ယောက်ကျူ ဒေါသထွက်သွားပြီး ပြန်ပြောရန် ပြင်လိုက်သည်။ သို့သော် မော့ကြည့်လိုက်သောအခါ သူ့ကို လှောင်ပြောင်သူသည် အရပ် ကိုးပေခန့် မြင့်ပြီး ပခုံးကျယ်ကာ သန်မာထွားကျိုင်းသော လူသန်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
လျူရှောင်ရူကိုတောင် သူ မနိုင်ခဲ့တာ... ဒီလောက်လူကောင်ကြီးတဲ့သူကိုဆိုရင် ပိုလို့တောင် မနိုင်နိုင်ဘူး...။
သူက ဒေါသတကြီး ကြည့်ရုံသာ တတ်နိုင်ပြီး အရှက်တကွဲ ထွက်ခွာသွားရတော့သည်။
ကုမိသားစု အိမ်ပြန်ရောက်သောအခါ ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်နေပြီး လူသူ အရိပ်အယောင် သိပ်မတွေ့ရပေ။ အများစုက အောင်စာရင်း သွားကြည့်နေကြဆဲပင်။
အိမ်ရှင်အဖွားချန်ပင် မြေးလေးကို ခေါ်ပြီး ဘယ်ထွက်သွားမှန်း မသိပေ။
ဒီလို အခြေအနေမျိုးတွင် ခြံဝင်းထဲမှ အသံသေးသေးလေးပင် အလွန် ကျယ်လောင်စွာ ကြားနေရသည်။
“နင့်ခေါင်းပေါ်က ပိုးပန်းပွင့်တွေ ဘယ်ကရတာလဲ... ပြောစမ်း... အပြင်က ယောက်ျားတွေ ပေးတာမလား... မိန်းမပျက်မ”
ကျန်းကွမ်ကျုံးက ညစ်ညမ်းစွာ အော်ဟစ် ဆဲဆိုနေသည်။
ကျန်းယွင်နန်က နျိုနျို၏ နားကို အမြန် ပိတ်ပေးလိုက်သည်။ ကုမင်တာ့က ခြေလှမ်းနှေးသွားသဖြင့် နောက်လှည့်ပြီး ကုကျောက်၏ နားကို ပိတ်ပေးလိုက်သည်။
ကုယန်ကမူ ကျွမ်းကျင်စွာပင် ခေါင်းငုံ့ပြီး နားပိတ်ထားလိုက်သည်။ မိဘများ သတိပေးစရာပင် မလိုပေ။
သို့သော် ကုမိသားစု၏ ဆဋ္ဌမမြောက် အဖွဲ့ဝင်ဖြစ်သော လျူရှောင်ရူကမူ မျက်လုံးပြူးကာ ခြေသံလုံလုံဖြင့် နောက်ဖေးခြံဝင်းဘက်သို့ လျှောက်သွားလေသည်။
နျိုနျိုသည် ကိုယ်လေးကို ကွေးပြီး နောက်ဖေးခြံဝင်းဘက်သို့ ဦးတည်နေသည်။ လျူရှောင်ရူနောက်သို့ လိုက်ချင်နေကြောင်း သိသာသည်။
ကျန်းယွင်နန်က ရယ်ချင်သွားပြီး ပြောလိုက်သည်။
“နည်းနည်းတော့ ဆူညံနေတယ်... ကလေးတွေ ကြည့်လို့မကောင်းဘူး”
နျိုနျိုက ခေါင်းလေးစောင်းကာ အပြစ်ကင်းစင်စွာ မေးလိုက်သည်။
“ကလေးတွေ ကြည့်လို့မရရင်... ကိုကိုကြီးနဲ့ ကိုကိုလတ်တို့လို ကလေးအကြီးတွေကော ကြည့်လို့ရလားဟင်”