အစပြုခြင်း
Vol. 1 Ch. 1
"ငါ့ဘဝက ဒီလိုနဲ့ပဲ ဇာတ်သိမ်းရတော့မှာလား..."
၎င်းမှာ လုံချန်း၏ စိတ်အာရုံထဲသို့ ပထမဦးဆုံး ဝင်ရောက်လာသည့် အတွေးဖြစ်ပေသည်။ အမှန်စင်စစ် ဤနေ့သည် သူ၏ဘဝတွင် ပျော်ရွှင်ကြည်နူးစရာ အကောင်းဆုံးနေ့တစ်နေ့ ဖြစ်သင့်သည် မဟုတ်လော။
ယနေ့သည် သူ၏ ၁၉ နှစ်ပြည့် မွေးနေ့ဖြစ်သကဲ့သို့ အချိန်အတော်ကြာ ဝေခွဲမရဖြစ်နေရာမှ သတ္တိကို အားမွေးကာ ငယ်သူငယ်ချင်းဖြစ်သူအား ချစ်ရေးဆိုခဲ့သည့် နေ့လည်း ဖြစ်သည်။ လင်းယင်ကလည်း သူ၏ချစ်ရေးဆိုမှုကို ကြည်ဖြူစွာ လက်ခံခဲ့လေရာ သူတို့နှစ်ဦး၏ သံယောဇဉ်မှာ တစ်ဦးနှင့်တစ်ဦး ထပ်တူကျခဲ့ကြပြီ ဖြစ်သည်။ သူ အချိန်အတော်ကြာ တိတ်တခိုး ချစ်မြတ်နိုးခဲ့ရသည့် မိန်းကလေးမှာ ယခုဆိုလျှင် သူ၏ချစ်သူ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း လောကဓံဆိုသည်မှာ လူတို့အလိုရှိသကဲ့သို့ အမြဲတမ်း ဖြစ်မလာတတ်ပေ။
အိမ်အပြန်လမ်းတွင် လူတစ်ယောက်သည် သူ့ထံသို့ အတင်းအဓမ္မ ပြေးဝင်လာသည်။ ထိုသူ၏နောက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက "သူခိုး... သူခိုး" ဟု အားကုန်အော်ဟစ်ကာ လိုက်လာသည်ကို တွေ့လိုက်ရသည်။
ပြေးလာသည့်သူမှာ သူခိုးမှန်း လုံချန်း ချက်ချင်း သိလိုက်သည်။ အမှုပွေမည်ကို စိုးသဖြင့် အသာရှောင်ပေးလိုက်ရန် စဉ်းစားမိသော်လည်း သူ၏ ကိုယ်ကျင့်သိက္ခာက ခွင့်မပြုခဲ့ပေ။ သူခိုးနောက်သို့ ငိုယိုကာ ပြေးလိုက်နေသော အမျိုးသမီး၏ မျက်နှာကို မြင်လိုက်ရသည့်အခါ သူ၏စိတ်အစုံမှာ ပျော့ညွှတ်သွားခဲ့ရသည်။
လုံချန်းသည် သူခိုး၏လမ်းကို ပိတ်ဆို့တားဆီးရန် ဆုံးဖြတ်လိုက်သော်လည်း အခြေအနေမှာ သူ မျှော်လင့်သကဲ့သို့ ဖြစ်မလာခဲ့ပေ။ သူသည် ငယ်ရွယ်သူဖြစ်သကဲ့သို့ အတွေ့အကြုံလည်း နည်းပါးသေးသူ ဖြစ်သည်။ သူခိုး၏ ထွက်ပေါက်ကို ပိတ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူခိုးသည် အိတ်ကပ်ထဲမှ ဓားကို လုံချန်း သတိမပြုမိခင် လျင်မြန်စွာ ထုတ်ယူလိုက်သည်။ လုံချန်းက သူခိုးကို ဖမ်းချုပ်လိုက်သည့် အခိုက်မှာပင် ဓားဦးမှာ သူ၏ရင်ဘတ်ထဲသို့ ပြင်းထန်စွာ ထိုးစိုက်ဝင်သွားတော့သည်။ ပြင်းပြသော နာကျင်မှုကြောင့် သူ၏တစ်ကိုယ်လုံး တုန်ရီသွားပြီး အသက်ရှူရန်ပင် ခက်ခဲလာသော်လည်း ဤမျှကြီးမားသော ဝေဒနာကြားမှ သူခိုးကို အလွတ်မပေးဘဲ ဖမ်းချုပ်ထားခဲ့သည်။
ဝန်းကျင်ရှိလူများ ရောက်ရှိလာပြီး ဝိုင်းဝန်းကူညီကြသဖြင့် သူခိုးကို ဖမ်းမိသွားသော်လည်း ထိုသူကို ထိန်းချုပ်နိုင်လိုက်သည်နှင့် လုံချန်းမှာ မြေပြင်ပေါ်သို့ လဲကျသွားကာ သွေးများ အဆက်မပြတ် စီးကျလာတော့သည်။ သူသည် အလွန်အမင်း နာကျင်မှုကို ခံစားနေရပြီး မိမိကိုယ်မိမိ ကြာရှည် အသက်ရှင်တော့မည်မဟုတ်ကြောင်း သိလိုက်သည်။ "ငါ အခုလို ဝင်ပါခဲ့တာ မှန်ရဲ့လား" သူ တွေးတောနေမိသည်။ အကယ်၍ သူခိုးကို လွှတ်ပေးလိုက်ပါက သူသည် ဒဏ်ရာရမည်မဟုတ်ဘဲ အသက်ရှင်နေဦးမည်သာ ဖြစ်သည်။
မနက်ဖြန်ဆိုလျှင် တနင်္ဂနွေနေ့ ဖြစ်သည်။ သူသည် ချစ်သူနှင့်အတူ ပထမဦးဆုံးအကြိမ် လည်ပတ်ကြရန် စီစဉ်ထားသော်လည်း ယခုအခါ ထိုဆန္ဒမှာ ဘယ်သောအခါမှ မဖြစ်နိုင်တော့သည့် အိပ်မက်တစ်ခုသာ ဖြစ်သွားခဲ့ရပြီ။
"ငါ့အမေသာ သိရင် ဘယ်လောက်တောင် ဝမ်းနည်းလိုက်မလဲ။ ယင်အာရော ဝမ်းနည်းနေမှာလား..."
"တောင်းပန်ပါတယ် အဖေ။ အဖေ ပြောတာ မှန်တယ်... အဖေ့သားက တကယ်ကို အူအူအထုံပါပဲ။ သူခိုးတစ်ယောက်ကိုတောင် အသက်မသေဘဲ မတားနိုင်ခဲ့ဘူး" သူသည် မိမိ၏ လက်ရှိအခြေအနေကို ရယ်မောလိုသော်လည်း နာကျင်မှုကြောင့် ညည်းတွားသံမျှသာ ထွက်လာသည်။
သူ သတိမထားမိခင်မှာပင် မြင်ကွင်းများမှာ တဖြည်းဖြည်း အမှောင်အတိ ကျလာသည်။ လူနာတင်ကား၏ ဥဩသံ အနီးအနားသို့ ရောက်ရှိလာသည်ကို နောက်ဆုံး ကြားလိုက်ရပြီး အရာအားလုံး ရုတ်တရက် ရပ်တန့်သွားသည်။ အသံလည်း မရှိ၊ အလင်းလည်း မရှိ၊ နာကျင်မှုလည်း မရှိတော့ပေ။
ဘာမှ မခံစားရတော့သည့်အတွက် သူ သေဆုံးသွားပြီဟုသာ ယုံကြည်နေမိသည်။ အချိန်ကာလပေါင်း ကုဋေကုဋာကြာအောင် တည်ရှိနေသကဲ့သို့ ခံစားရပြီးနောက် အချိန်အတော်ကြာမှ တစ်စုံတစ်ခုကို ပြန်လည် ခံစားမိလာသည်။ သူ ပြန်လည် ခံစားရသည်မှာ နာကျင်မှုပင် ဖြစ်သည်။ သို့သော် ဤနာကျင်မှုမှာ ယခင်က ခံစားခဲ့ရသည်နှင့် မတူပေ။ သေခါနီး ခံစားခဲ့ရသော နာကျင်မှုနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ ဘာမျှမဟုတ်တော့ပေ။
သူ၏ ခန္ဓာကိုယ်ကို သူ ပြန်လည် အာရုံရလာသကဲ့သို့ အခန်းထဲမှ လေဝင်လေထွက်သံနှင့် အနံ့အသက်များကိုလည်း ရရှိလာသည်။ သူသည် နူးညံ့သော အိပ်ရာတစ်ခုပေါ်တွင် လဲလျောင်းနေခြင်း ဖြစ်ပေသည်။ ဆေးရုံသို့ ရောက်ရှိနေပြီး ဆရာဝန်တစ်ဦးဦးက သူ့ကို ကယ်တင်လိုက်ခြင်းလောဟု သူ တွေးတောနေမိသည်။
မျက်လုံးများကို ဂရုတစိုက် ဖွင့်ကြည့်လိုက်သည့်အခါ ဝန်းကျင်ရှိ အရာများကို မြင်တွေ့လာရသည်။ မိမိ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သော်လည်း ရင်ဘတ်တွင် ဒဏ်ရာလည်း မရှိ၊ အမာရွတ်လည်း မရှိသည်ကို တွေ့ရသည်။ သူ ဇဝေဇဝါ ဖြစ်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားရသည်။ သူသည် တန်ဖိုးကြီးပစ္စည်းများ ပြည့်နှက်နေပြီး ရှေးဟောင်းအငွေ့အသက်များရှိသော အခန်းတစ်ခန်းထဲသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အခန်းထဲတွင် အိပ်ရာတစ်ခု၊ စာအုပ်အချို့ နှင့် တခြားပစ္စည်း အနည်းငယ်မျှသာ ရှိလေသည်။
အတွေးများ နယ်မချဲ့နိုင်မီမှာပင် ဦးခေါင်းမှာ ပေါက်ကွဲတော့မတတ် ပြန်လည် နာကျင်လာပြန်သည်။ ထူးဆန်းပြီး စိမ်းသက်သော မှတ်ဉာဏ်များသည် သူ၏ဦးနှောက်ထဲသို့ စီးဝင်လာတော့သည်။ ခေတ္တမျှ ကြာပြီးနောက် နာကျင်မှုများ ပျောက်ကွယ်သွားသည်။ သူသည် အခြေအနေကို နားလည်နိုင်လောက်အောင် ထက်မြက်သူဖြစ်ရာ မိမိသည် ကမ္ဘာမြေပေါ်တွင် သေဆုံးခဲ့ပြီး ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိလာကာ ဤခန္ဓာကိုယ်ကို ပိုင်စိုးလိုက်ပြီဖြစ်ကြောင်း သိလိုက်လေသည်။
ယခုအခါ သူ၏စိတ်ထဲတွင် မှတ်ဉာဏ် နှစ်စုံ ရှိနေပြီ ဖြစ်သည်။ တစ်ခုမှာ ကမ္ဘာပေါ်မှ သူ၏ မူလဘဝမှတ်ဉာဏ်ဖြစ်ပြီး ကျန်တစ်ခုမှာမူ သူ အစားထိုး ဝင်ရောက်နေသည့် ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ပင် ဖြစ်သည်။ သူသည် အိပ်ရာမှ ထကာ နံရံတွင် ချိတ်ထားသည့် ရှေးဟောင်းမှန်ရှေ့သို့ လျှောက်သွားလိုက်သည်။ မှန်ထဲတွင် မြင်နေရသည်မှာ သူ အသစ်ရရှိထားသော မှတ်ဉာဏ်ထဲမှ သူစိမ်းတစ်ယောက်၏ ရုပ်သွင်ပင် ဖြစ်ပေသည်။
ထိုမှတ်ဉာဏ်များအရ အခြေခံအချက်အလက်အချို့ကို သူ သိလိုက်ရသည်။ သူသည် ရွှေတိုင်းပြည်၏ မြို့တော်ဖြစ်သည့် နဂါးမြို့တော်တွင် နေထိုင်သူ ဖြစ်သည်။ သူ ပိုင်စိုးလိုက်သည့် ခန္ဓာကိုယ်ပိုင်ရှင်၏ အမည်မှာ လုံထျန်း ဖြစ်ပြီး ယခုနှစ်တွင် အသက် ၁၂ နှစ် ရှိပြီ ဖြစ်သည်။ သူ၏ ရုပ်ရည်မှာ အလွန်တရာ ချောမောခန့်ညားနေသဖြင့် သူကိုယ်တိုင်ပင် အံ့ဩနေမိသည်။
ရှည်လျားသော ဆံပင်အနက်ရောင်၊ ထင်ရှားသော မေးရိုး၊ စံပြလောက်သည့် နှာတံနှင့် လှပသော အပြုံးတို့ကို ပိုင်ဆိုင်ထားသော်လည်း သူ့ကို အဆွဲဆောင်နိုင်ဆုံးမှာ လှပသော မျက်လုံးဝါဝါတစ်စုံပင် ဖြစ်သည်။ သူ၏ မျက်ကြည်လွှာမှာ အဝါနုရောင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် မျက်လုံးအပြာရောင်၊ အညိုရောင်ရှိသူများကို သူ အများကြီး မြင်ဖူးသော်လည်း တောက်ပသည့် နေမင်းကြီးကဲ့သို့ ရွှေရောင်သန်းနေသော မျက်လုံးမျိုးကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ခေတ္တမျှ မိမိကိုယ်မိမိ မှန်ထဲတွင် ကြည့်ရှုပြီးနောက် အိပ်ရာပေါ်သို့ ပြန်လှဲကာ သိရှိထားသမျှကို ပြန်လည် ဆင်ခြင်နေမိသည်။ လုံထျန်းသည် လုံမျိုးနွယ်စု ခေါင်းဆောင်၏ မြေးဖြစ်ပေသည်။ လုံမျိုးနွယ်စုမှာ ရွှေတိုင်းပြည် မြို့တော်၏ အဓိက အင်အားကြီး မျိုးနွယ်စု သုံးစုထဲမှ တစ်စု ဖြစ်ပြီး ကျန်သည့် နှစ်စုမှာ ချင်းမျိုးနွယ်စု နှင့် ကုမျိုးနွယ်စုတို့ ဖြစ်ကြသည်။
ဤမျိုးနွယ်စု သုံးစုမှာ ရွှေတိုင်းပြည်၏ တော်ဝင်မိသားစုနှင့် အင်အားချင်း မတိမ်းမယိမ်း ရှိကြပြီး လုံထျန်း၏ အဖိုးဖြစ်သူ လုံရန်ကိုယ်တိုင်မှာလည်း ရွှေတိုင်းပြည်၏ အင်အားအကောင်းဆုံး ကျင့်ကြံသူများအနက် တစ်ဦး ဖြစ်ပေသည်။ သူ၏ ကျင့်စဉ်အဆင့်မှာ ဧကရာဇ်မင်းမြတ်ထက် အနည်းငယ်မျှသာ နိမ့်ကျလေသည်။
လုံထျန်း၏ ဖခင် လုံကျွင်းမှာ လုံရန်၏ ဒုတိယမြောက် သားဖြစ်ပြီး လုံရန်၏ သားသမီးများထဲတွင် ပါရမီအရှိဆုံးသူဟု ဆိုကြသည်။ သူသည် အသက် ၂၉ နှစ်အရွယ်မှာပင် ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ လူတိုင်းက သူ၏ ပါရမီကို ချီးကျူးကြပြီး သူသည် နောင်တစ်ချိန်တွင် မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာရန် သေချာသလောက် ရှိနေခဲ့သည်။ သို့သော် ဝမ်းနည်းစရာ ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာခဲ့လေသည်။
တစ်နေ့တွင် သူသည် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ကောလာဟလများအရ လုပ်ကြံသူ သုံးဦးသည် လုံကျွင်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ထိုသူအားလုံးမှာ လုံကျွင်းထက် ကျင့်စဉ်အဆင့် မြင့်မားကြသူများ ဖြစ်သည်။ သူသည် ပြင်းထန်စွာ ပြန်လည်ခုခံခဲ့ပြီး လုပ်ကြံသူတစ်ဦးကို သတ်ဖြတ်ကာ ဒုတိယတစ်ဦးကို ဒဏ်ရာရစေခဲ့သော်လည်း နှမြောစရာကောင်းစွာပင် ထိုတိုက်ပွဲအတွင်းမှာပင် ကွယ်လွန်သွားခဲ့ရသည်။
လုံရန်သည် ဒေါသအမျက် ချောင်းချောင်းထွက်ခဲ့ရပြီး တရားခံကို ရှာဖွေရန် ကြိုးပမ်းခဲ့သော်လည်း သူ ပြုလုပ်ခဲ့သမျှ စုံစမ်းစစ်ဆေးမှုတိုင်းမှာ လမ်းစပျောက်ခြင်းဖြင့် အဆုံးသတ်ခဲ့ရလေသည်။
လုံကျွင်းတွင် လုံထျန်းအမည်ရှိ သားတစ်ဦးတည်းသာ ရှိသည်။ လုံထျန်းမှာ သူ၏ဖခင်ထက်ပင် သာလွန်သော ပါရမီကို ပိုင်ဆိုင်ထားသူဖြစ်ရာ လုံမျိုးနွယ်စုကို ပိုမိုမြင့်မားသော အဆင့်အတန်းတစ်ခုသို့ ပို့ဆောင်ပေးနိုင်မည့်သူလည်း ဖြစ်ပေသည်။
လုံထျန်းကို နှစ်ပေါင်းသန်းချီမှ တစ်ယောက်သာ ပေါ်ထွန်းနိုင်သည့် ပါရမီရှင်အဖြစ် တင်စားကြသည်။ သူသည် အသက် ၆ နှစ်အရွယ်တွင် စတင်ကျင့်ကြံခဲ့ပြီး ၂ နှစ်အကြာမှာပင် ခန္ဓာကျစ်လျစ်ခြင်းအဆင့်၏ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ၎င်းမှာ သာမန်လူများအဖို့ အနည်းဆုံး ၄ နှစ်မှ ၅ နှစ်ခန့် အချိန်ပေးရမည့် အောင်မြင်မှုမျိုး ဖြစ်သည်။
သူ ရောက်ရှိနေသည့် လောကမှာ ကျင့်စဉ်များကို အလေးထားကြပြီး ကျင့်စဉ်အဆင့် တစ်ခုစီတွင် အဆင့်ငယ် ၁၀ ဆင့်စီ တည်ရှိသည်။ လုံထျန်းမှာ ခန္ဓာကျစ်လျစ်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ နောက်ထပ် ၆ လအတွင်း ဝိညာဉ်အခြေပြုခြင်းအဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သော်လည်း အခြေအနေများမှာ လူတိုင်းထင်သလို ဖြစ်မလာခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူသည်လည်း လုပ်ကြံသူတို့၏ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သောကြောင့်ပင်...။