ဟိုးကတည်းက ရေးထားသော ကံကြမ္မာ
Vol. 4 Ch. 48
ကျောက်ယွီဟွမ်က မဟာကျင်း၏ မြေပြင်အလှအပများကို ကြည့်ရှုရင်း တစ်ခါတစ်ရံတွင် တမ်းတတသစွာ သက်ပြင်းချကာ လျှောက်လှမ်းလာသည်။
“ဒီနေ့တော့ ငါ့ရဲ့ ဝှက်ဖဲတွေအကုန်လုံးကို ငါထုတ်သုံးလိုက်ပြီ။ ငါတစ်ယောက်တည်း ဒီမြို့တော်ကို လာရောက် စိန်ခေါ်လိုက်မယ်။ ဒီနေရာမှာပဲ ကျဆုံးမလား၊ ဒါမှမဟုတ် နေနဲ့လက ကောင်းကင်အသစ်ကို မြင်တွေ့ရမလား ဆိုတာ ကြည့်ကြသေးတာပေါ့...”
သူ၏ဘဝကို ပြန်လည်သုံးသပ်ကြည့်ရာ သူက ကိုယ်လုပ်တော်၏သား ဖြစ်နေသဖြင့် ယခင် ဧကရာဇ်မင်းမြတ်၏ အထင်သေးခြင်းကို ခံခဲ့ရပုံ၊ မင်းသား တစ်ပါးအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ခံခဲ့ရပုံနှင့် “ချင်း”ဟူသော မျိုးရိုးအမည်ကိုပင် ရုပ်သိမ်းခံရကာ မိခင်၏မျိုးရိုး ဖြစ်သော “ကျောက်”ကိုသာ ယူခဲ့ရပုံများကို ပြန်လည်၍ အမှတ်ရမိသည်။
သူ၏ မိခင်မှာ ရင်ကွဲနာကျကာ သေဆုံးခဲ့ပြီး၊ ဖခင်ဖြစ်သူ မဟာကျင်း၏ ယခင်ဧကရာဇ်ကလည်း သူ့ကို လျစ်လျူရှုခဲ့သည်။ ဦးလေး၊ အဒေါ်များ၏ ချစ်ခြင်းမေတ္တာကိုလည်း သူ မရရှိခဲ့ပေ။
အခြားကလေးများက မိဘများ၏ ချစ်ခြင်းနှင့် ကာကွယ်မှုကို တောင်းဆိုနေချိန်တွင်၊ ကျောက်ယွီဟွမ်သည် ငယ်ငယ်လေးကတည်းက ရိုးရှင်းသော ဓားရှည်တစ်လက်ကို ကျောပိုးကာ စစ်တပ်ထဲသို့ ပြတ်ပြတ်သားသား ဝင်ရောက်ခဲ့သည်။
နှစ်ပေါင်း(၁၀၀)ကြာ စစ်သည်ဘဝတွင် အမည်မသိ စစ်သားလေးတစ်ဦးအဖြစ်မှ ထိုဓားကို အသုံးချကာ သူ၏ လမ်းကြောင်းကို ကိုယ်တိုင်ဖောက်ထွက်ခဲ့ပြီး ယခုလက်ရှိ ရှုနယ်စား ကျောက်ယွီဟွမ် ဖြစ်လာခဲ့သည်။
“ငါ့ဘဝက ပါးလွှာတဲ့ ရေခဲပြင်ပေါ်မှာ လမ်းလျှောက်နေရသလိုပဲ။ ထူးခြားတဲ့ ကျင့်ကြံခြင်း ပါရမီမရှိဘူး။ ပါရမီရှင် ဦးနှောက်လည်း မရှိဘူး။ ငါ ဒီနေ့ဒီအချိန်ကို ရောက်လာဖို့အတွက် (၁၀)နှစ်တိုင်တိုင် ငါ့ရဲ့အစွမ်းတွေကို ဖုံးကွယ်ပြီး သေချာစနစ်တကျ စီစဉ်ခဲ့ရတာ။”
“ငါသာ နဂါးဝတ်ရုံကို မဝတ်နိုင်ဘူးဆိုရင် ကိုယ်လုပ်တော်က မွေးတဲ့သားသမီးတွေက အသုံးမကျတဲ့သူတွေ မဟုတ်ဘူးဆိုတာနဲ့ ငါ ကျောက်ယွီဟွမ်က ဘယ်သူ့ထက်မှ နိမ့်ကျတဲ့သူဟုတ်ဘူးဆိုတာ အဲဒီ အရင်ဧကရာဇ်ကို ငါ ဘယ်လိုသက်သေပြနိုင်တော့မှာလဲ...”
ကျောက်ယွီဟွမ်၏ ရယ်သံမှာ ရိုင်းစိုင်းကာ ထိန်းချုပ်မရနိုင်ပေ။ သူ၏ စစ်မှန်သော သဘာဝမှာ မောက်မာ ရိုင်းစိုင်းပြီး နတ်ဆိုးအငွေ့အသက်များ ပြည့်နှက်နေ၏။
“ကြယ်နက် ဆင်းသက်စေ...”
ကျောက်ယွီဟွမ်က လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်ကာ တစ်ခုခုကို စောင့်ဆိုင်းနေသည့်အလား မျက်လုံးကို မှိတ်ထားလိုက်သည်။
နောက်တစ်စက္ကန့်တွင် နေမင်းကြီး၏အပေါ်၌ အရိပ်တစ်ခု ကျရောက်လာပြီး အရိပ်ထဲမှ မျက်လုံးသူငယ်အိမ် အမည်းရောင်ရှိသော နေမင်းတစ်စင်း ထွက်ပေါ်လာသည်။
ထိုအမည်းရောင်နေမင်းမှာ အောက်သို့ ဆင်းသက်လာပြီးနောက် အသွင်ပြောင်းလဲကာ ကျောက်ယွီဟွမ်၏ ကိုယ်ပေါ်ရှိ ချွေးပေါက်တိုင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။
“အား... နေလို့ကောင်းလိုက်တာ...”
ကျောက်ယွီဟွမ် မျက်လုံးဖွင့်လိုက်သည့် အခါတွင် သူ၏မျက်လုံးများမှာ လုံးဝမည်းနက်သွားကာ နတ်ဆိုး တစ်ကောင်ကဲ့သို့ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။
သူ၏ အရှိန်အဝါများမှာ ဟုန်ခနဲ တက်လာ၏။ ခြေဖဝါးအောက်ရှိ မြေပြင်များ အက်ကွဲသွားပြီး ထွက်ပေါ်လာသော လှိုင်းအရှိန်များမှာ မြို့တော်၏ အကာအကွယ်အစီအရင်ကို သွားရောက်ရိုက်ခတ်သည်။
အကာအကွယ်အစီအရင်မှာ တကျွိကျွိအသံများ မြည်လာပြီး မျက်နှာပြင်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ထင်ကျန်ရစ်ခဲ့သည်။
...
ရွှေပလ္လင်ခန်းမဆောင်...
လရောင်ထွန်းလင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် တုန်တုန်ရင်ရင်ဖြစ်နေပြီး ချွေးစေးများ ထွက်လာကာ ပြောလိုက်သည်။ “သူ့ရဲ့အစွမ်းက နံနက်ခင်းအလင်းနယ်ပယ်နဲ့ အနီးစပ်ဆုံး ရောက်နေပြီ။ မဟုတ်သေးဘူး။ အခု ကျောက်ယွီဟွမ်က စစ်မှန်တဲ့ နံနက်ခင်းအလင်းနယ်ပယ် မဟာပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီ...”
ဧည့်သည်များမှာလည်း ထိတ်လန့်တုန်လှုပ်ကာ မငြိမ်မသက် ဖြစ်နေကြသည်။
“ကျောက်ယွီဟွမ်က သူ့အစွမ်းကို ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာလား။ မဟာချန် တိုင်းပြည်မှာတောင် နံနက်ခင်းအလင်းနယ်ပယ် မဟာပုဂ္ဂိုလ် မရှိဘူး။ ကျောက်ယွီဟွမ်မှာ အဲဒီလိုအစွမ်းမျိုး ရှိနေတာတောင် လျှို့ဝှက်ထားတာပဲ။ သူ့ရဲ့ သည်းခံနိုင်စွမ်းက ကြောက်စရာကြီး...”
“ကြယ်နက်လျို့ဝှက်ပညာပဲ။ အဲဒါက ရှေးဟောင်းတားမြစ် နတ်ဘုရားစွမ်းအားပဲ။ ကျောက်ယွီဟွမ်က သေဖို့ လမ်းရှာနေတာလား...”
“ကြယ်နက်လျို့ဝှက်ပညာကို သုံးလိုက်ပြီဆိုရင် အသုံးပြုတဲ့သူ သေတဲ့အထိ ရပ်လို့မရတော့ဘူးလို့ ကြားဖူးတယ်။ ဆင့်ခေါ်လိုက်တဲ့ ကြယ်နက်က ပေါက်ကွဲသွားလိမ့်မယ်။ အဲဒီကထွက်လာတဲ့ စွမ်းအင်က လရောင်ထွန်းလင်း နယ်ပယ် ကျင့်ကြံသူကိုတောင် သတ်နိုင်တယ်။ ကျောက်ယွီဟွမ်က ဘာအတွက် ရည်ရွယ်နေတာလဲ၊။အတူတူ သေချင်နေတာလား...”
...
မုန့်ချင်ကျိုး၏ မျက်ခွံများ လှုပ်သွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
ဘာတွေ ဖြစ်ကုန်တာလဲ...
ကြယ်နက်လျို့ဝှက်ပညာက ပေါက်ကွဲမှာလား။ လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူတောင် မခံနိုင်ဘူး ဆိုတော့...
အဲဒါဆိုရင် ကျောက်ယွီဟွမ်က တစ်မြို့တော်လုံးကို သူနဲ့အတူ အသေခံခေါ်သွားဖို့ ကြံစည်နေတာပေါ့...
ဘယ်သူကများ ဇာတ်လမ်းကို လာရှုပ်ပြီး ကျောက်ယွီဟွမ်ကို ဒီလောက်အထိ အကျပ်ရိုက်အောင် လုပ်လိုက်တာလဲ အခုတော့ လူရိုးတစ်ယောက်ကို အသည်းအသန်ဖြစ်အောင် လုပ်လိုက်လို့ လူတွေ အများကြီး သေကုန်တော့မယ်...
မုန့်ချင်ကျိုးက မတတ်သာဘဲ ခေါင်းခါလိုက်သည်။
မျက်စိကွယ်နေသော သုံးနှစ်အတွင်း သူ စုဆောင်းထားသော အတွေ့အကြုံ အမှတ်များ ရှိနေသေးသလို၊ လွန်ခဲ့သောတစ်ခေါက် ကျောက်ကော်ဆီမှ (၁၀)နှစ်စာ မျက်မမြင်အတွေ့အကြုံတွေကိုလည်း သူ့ခန္ဓာကိုယ်ထဲ ဖိနှိပ်ထားခဲ့သည်။
၎င်းတို့က သူ့ကို လရောင်ထွန်းလင်းနယ်ပယ်ထဲ ရောက်အောင် လုပ်ပေးရန် လုံလောက်သည်။
“စနစ်... အမှတ်တွေ ပေါင်းထည့်လိုက်တော့...”
ရွှေပလ္လင်ခန်းမဆောင်အတွင်း လူတိုင်း ထိတ်လန့်တုန်လှုပ်နေချိန်တွင် မုန့်ချင်ကျိုးက လူအုပ်နောက်ဘက်သို့ တိတ်တဆိတ် ဆုတ်ခွာသွားသည်ကို မည်သူမျှ သတိမထားမိကြပေ။
ခဏချင်းမှာပင် သူက လရောင်ထွန်းလင်းနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
မုန့်ချင်ကျိုးက မျက်စိမမြင်ရသေးသော်လည်း ပြောင်းလဲသွားမှုကိုမူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။
သူ၏ ဒန်တျန်သည် ယခုအခါ ဝိညာဉ်အင်အားများ ပြည့်နှက်နေသော သမုဒ္ဒရာကြီးတစ်ခု ဖြစ်လာပြီး၊ စွမ်းအင်များ ပိုမိုသိပ်သည်းလာကာ ပြောင်းပြန်လှန်ထားသော လပြည့်ဝန်းကြီးကဲ့သို့ ဖြစ်နေသည်။
သူ၏ စိတ်အာရုံထဲရှိ အချိန်နှင့်နေရာလွတ် ဓားအသိသည်လည်း ပိုမိုနက်ရှိုင်းလာကာ အဆုံးအစမရှိသယောင် ခံစားရသည်။
အကယ်၍ တစ်စုံတစ်ယောက်က မုန့်ချင်ကျိုးကို အနီးကပ် ကြည့်ရှုမည်ဆိုလျှင် တစ်ကိုယ်လုံးရှိ အငွေ့အသက်မှာ မထိတွေ့နိုင်သော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး မျက်လုံးကို ဖုံးအုပ်ထားသော အမည်းရောင် ပိုးစကြောင့် ပို၍ နက်နဲကာ မြင့်မြတ်သည့် ပုံစံပေါက်နေသည်ကို တွေ့ရလိမ့်မည်။
“အသက်တစ်ရှိုက် သုံးပါးသန့်စင်ခြင်း၊ သုံးထပ်ကွမ်း ပေါင်းစပ်ခြင်း...” မုန့်ချင်ကျိုးသည် အင်္ကျီလက်စထဲတွင် လက်ကွက်တစ်ခု ဖော်ဆောင်လိုက်သည်။
လူအုပ်၏ ထောင့်တစ်နေရာတွင် ချန်ယွမ် ဓားသူတော်စင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားပြီး သူနှင့် ထပ်တူကျသော အရိပ်နှစ်ခု လာရောက်ပေါင်းစပ်သွားသကဲ့သို့ ဖြစ်သွားသည်။
အသက်တစ်ရှိုက် သုံးပါးသန့်စင်ခြင်းရဲ့ တကယ့်စွမ်းအားက အခုမှ ထွက်ပေါ်လာတာပဲ။ မူလကိုယ်ထည်ရဲ့ အစွမ်း ၇၀%ရှိတဲ့ ကိုယ်ပွားသုံးခု ပေါင်းစပ်လိုက်တာက နယ်ပယ်ကို မူလထက် ပိုမြင့်အောင် လုပ်ပေးနိုင်တယ်။
ဒါတင်မကဘူး။ ငါသာ အလိုရှိရင် အဲဒီကိုယ်ပွားသုံးခုလုံးကို ငါ့ကိုယ်ထဲ ပေါင်းစပ်ပြီး ကျောက်ယွီဟွမ်ကို တိုက်ရိုက် ရင်ဆိုင်လို့ရမလား...
မုန့်ချင်ကျိုးက နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိသည်။
အမှန်တကယ်တွင် အသက်တစ်ရှိုက် သုံးပါးသန့်စင်ခြင်း၏ တကယ့်အသုံးဝင်ပုံမှာ ကိုယ်ပွားသုံးခု ဖန်တီးပြီး မူလကိုယ်ထည်ထဲ ပြန်လည်ပေါင်းစပ်ကာ၊ ဘေးထွက်ဆိုးကျိုးမရှိဘဲ အစွမ်းကို ခဏတာ မြှင့်တင်ခြင်းပင်။
သို့သော် မုန့်ချင်ကျိုးက လှည့်ကွက်များလွန်းသဖြင့် ဤဘက်သို့ ဘယ်တော့မှ မစဉ်းစားခဲ့ပေ။ စဉ်းစားမိလျှင်လည်း ယခုအချိန်တွင် အသုံးမပြုနိုင်သေးပေ။
သူက အမှန်တကယ် ပြိုင်ဘက်ကင်း ဖြစ်မလာမချင်း လူရှေ့သို့ ထွက်ပြသမည် မဟုတ်ပေ။ သူက ကျောက်ယွီဟွမ်၏ စိတ်ဓာတ်ကို သင်ယူပြီး သူ့ထက်သာအောင် လုပ်ရမည်။ ကမ္ဘာကြီး ပျက်သုဉ်းသည်အထိ အသက်ရှင်ကျန်ရစ်ရပေမည်...
“ဧကရီမှာ အဖြေရှိမလား ကြည့်ရသေးတာပေါ့။ မရှိဘူးဆိုရင် ချန်ယွမ် ဓားသူတော်စင်ကိုပဲ လွှတ်ရတော့မယ်။ သူ့ကို တစ်ခါလောက် အသေခံခိုင်းဖို့ အကြောင်းပြချက်ကောင်းပဲ။” မုန့်ချင်ကျိုးက ထိုအကြံမှာ အလွန်ပင် ကောင်းသည်ဟု ခံစားရသဖြင့် ခေါင်းညိတ်လိုက်သည်။
မြို့ပြင်တွင်...
ကျောက်ယွီဟွမ်က နေရာလွတ်ကို ဆုပ်ကိုင်လိုက်ကာ ကြယ်နက်၏ စွမ်းအားကို အသုံးချပြီး ဖန်ထျန်းလှံရှည်ကြီး တစ်လက်ကို ဖန်တီးလိုက်သည်။ သူက မြို့တော်ဆီသို့ ဦးတည်ကာ လေးကို အဆုံးထိ ဆွဲထားသကဲ့သို့ နောက်သို့ ဆုတ်လိုက်ပြီး ရုတ်တရက် ပစ်လွှတ်လိုက်သည်။
ဝုန်း...
ဧရာမ လှံကြီး ထွက်ပေါ်သွားပြီး မြို့တော်၏ အကာအကွယ်အစီအရင်ကို တိုက်ရိုက်ပင် အပိုင်းပိုင်း ကြေမွ၍ သွားစေသည်။
“ချင်းလျူလီ၊ ထွက်လာပြီး တိုက်စမ်း။” ကျောက်ယွီဟွမ်က လေထဲသို့ ပျံတက်သွားပြီး မြို့တော်တံခါးရှေ့သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်ကာ ပြုံးလိုက်သည်။
ခဏချင်းမှာပင် မြို့တော်အတွင်းမှ ကြယ်တံခွန်များကဲ့သို့ အလင်းတန်းများ ပျံတက်လာကြသည်။ ထိုသူများမှာ မဟာကျင်း၏ ပုန်းကွယ်နေကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။
နှစ်ပေါင်းရာချီပြီးနောက် မဟာကျင်း မြို့တော်မှာ အန္တရာယ်နှင့် ထပ်မံရင်ဆိုင်ရပြီ ဖြစ်သည်။ အချက်ပေးသံများ မြည်လာပြီး နန်းတွင်းစောင့်တပ်များမှာ မြို့သူမြို့သားများကို ဘေးလွတ်ရာသို့ ပို့ဆောင်ရန် ပြင်ဆင်ကြသည်။
“ချင်းလျူလီ၊ မင်း ငါ့ကို ကြောက်နေတာလား...” ကျောက်ယွီဟွမ် ရယ်မောလိုက်သည်။ “ငါ တစ်ယောက်တည်းနဲ့ ဒီမြို့ကို နှိမ်နင်းပြမယ်၊ မင်း ထွက်ပြေးလို့ မရဘူး...”
တုန်းဖန်လျူလီ၏ မျက်နှာမှာ အေးစက်နေပြီး ဘာမှမပြောသော်လည်း မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များမှာ သိသာလှသည်။
“ဧကရီ၊ မလုပ်ပါနဲ့... ကျွန်တော်မျိုး အဲဒီသစ္စာဖောက်နယ်စားကို သွားတိုက်ပါရစေ...”
“ကျွန်တော်မျိုးတို့ကို တိုက်ခိုက်ခွင့်ပြုပါ...”
...
မဟာကျင်း၏ စစ်သူကြီးများမှာ ဒူးထောက်လိုက်ကြသည်။ သူတို့၏ မျက်နှာများတွင် သေဖို့အသင့်ဖြစ်နေသော ပြတ်သားမှုများ ရှိနေသည်။
တုန်းဖန်လျူလီက လက်ဝေ့ယမ်းလိုက်ပြီး သူ၏နဂါးဝတ်ရုံမှာ စစ်ချပ်ဝတ်တန်ဆာအဖြစ်သို့ ပြောင်းလဲသွားသည်။
“မလိုဘူး။ ဧည့်သည် ရောက်လာပြီဆိုမှတော့ အိမ်ရှင်အနေနဲ့ ကြိုဆိုတာကပဲ မှန်ကန်တဲ့ကိစ္စပဲ။”
ထိုသို့ပြောပြီးနောက် တုန်းဖန်လျူလီက ခြေတစ်လှမ်း လှမ်းလိုက်ရာ မြို့ပြင်သို့ ချက်ချင်း ရောက်ရှိသွားပြီး ကျောက်ယွီဟွမ်နှင့် အဝေးမှ ရင်ဆိုင်လိုက်သည်။
“ကျောက်ယွီဟွမ်၊ ငါ မင်းကို နှစ်ပေါင်းများစွာ လွတ်လပ်ခွင့် ပေးခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ ကျားကို အစာကျွေးတာက ဘေးဒုက္ခပဲ လာတာပဲ။ မင်း ငါ့ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်တာပဲ။”
“အခုတော့ မင်းအတွက် ဟိုးကတည်းက ရေးထားတဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်ရမယ့် အချိန်ရောက်ပြီ။”
ကျောက်ယွီဟွမ်က နှာခေါင်းရှုံ့လိုက်သည်။ “အို... အဲဒီကံကြမ္မာက ဘာလဲဆိုတာ ငါ သိပါရစေ။”
တုန်းဖန်လျူလီက အရှိန်အဝါကို ထပ်မံ ထိန်းချုပ်မထားတော့ပေ။ နံနက်ခင်းအလင်းနယ်ပယ်၏ အထွတ်အထိပ် စွမ်းအားများသည် ကျောက်ယွီဟွမ်၏ ကြယ်နက်အရိပ်များနှင့် ပြင်းထန်စွာ ရိုက်ခတ်ကုန်သည်။
“မင်းရဲ့ ကံကြမ္မာကတော့... သေခြင်းတရားပဲ...”