ပျောက်ဆုံးသွားသော ကြင်ရာတော်နှင့် မိုင်ပေါင်းထောင်ချီ ကြင်ရာတော် ရှာပုံတော်ဖွင့်မည့် ဧကရီ
Vol. 4 Ch. 52
ဆောင်းဦးပေါက်ကာလ မြေပြင်ထက်တွင် ကြွေကျနေသော မေပယ်ရွက်များမှာ ဖူးပွင့်နေသည့် မီးလျှံများအလား နီရဲနေကြသည်။
မဟာကျင်းတိုင်းပြည်၏ ဧကရီ ချင်းလျူလီက ယခုအခါ ပစ္စုပ္ပန်ကျေးရွာရှိ မြေပြာအိမ်ငယ် ဖြစ်နေသော ထိုက်ကျိနန်းဆောင်ရှေ့တွင် ရပ်နေသည်။ သူက မိုးကုတ်စက်ဝိုင်းဆီသို့ မျှော်ကြည့်နေပြီး သူ၏မျက်ဝန်းများမှာ ဗလာဟင်းလင်းဖြစ်ကာ အသက်ဓာတ် ကင်းမဲ့နေသယောင် ရှိနေသည်။
ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် စုချင်ချိုးက ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ဧကရီ၏ နောက်မှ တိတ်တဆိတ် လိုက်ပါလာသည်။ သူကလည်း ထုံးစံအတိုင်း သွက်လက်ချက်ချာသော အမူအရာများ ပျောက်ဆုံးနေပြီး နှုတ်ဆိတ်နေတော့သည်။
“ကြင်ရာတော်ကို ရှာတွေ့ကြပြီလား...” တုန်းဖန်လျူလီ၏ အသံမှာ အနည်းငယ် အက်ရှနေသည်။
“အရှင်မကို တင်ပြပါတယ်... လွန်ခဲ့တဲ့ နှစ်ရက်က မြို့တော်တံခါးဝ တိုက်ပွဲမှာ သူပုန် ကျောက်ယွီဟွမ်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ ကြယ်နက်ကို ဖောက်ခွဲလိုက်ပြီးတဲ့နောက်မှာ ကြင်ရာတော်နဲ့ ချန်ယွမ် ဓားသူတော်စင်တို့ လုံးဝ ပျောက်ကွယ်သွားခဲ့ပါတယ်။ နေရာလွတ် အက်ကွဲကြောင်းထဲ ပါသွားပြီး အဝေးတစ်နေရာကို ရောက်သွားတယ်လို့ ယူဆရပါတယ်...” စုချင်ချိုးက ပြန်လည်ဖြေကြားသည်။
လွန်ခဲ့သော နှစ်ရက်က ကျောက်ယွီဟွမ် သေဆုံးပြီးနောက် ရှုဒေသမှ ပုန်ကန်မှုမှာ တဖြည်းဖြည်း ငြိမ်သက် သွားခဲ့ပြီး ဧကရီ၏ မွေးနေ့သဘင်မှာလည်း ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။
တုန်းဖန်လျူလီ၏မျက်ဝန်းများ ခဏတာ မှေးမှိန်သွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
တကယ်ပါပဲ။
အဲဒီလူအ၊ အဲဒီငါးပိကောင် ပျောက်ဆုံးသွားတာ နှစ်ရက်နဲ့ နှစ်ည ရှိခဲ့ပြီ။ တတ်နိုင်သမျှ နည်းလမ်းတွေ အကုန် သုံးခဲ့ပေမဲ့ သူ့ကို ရှာမတွေ့ခဲ့ဘူး။
၎င်းက လွန်ခဲ့တဲ့ သုံးနှစ် ဘုရားကျောင်းပျက်ထဲ၌ မိုးရွာသော ညတစ်ညတွင် မုန့်ချင်ကျိုးက သူ၏ ကမ္ဘာထဲကို ရုတ်တရက် ကျူးကျော်ဝင်ရောက်လာခဲ့သလိုပင်။ အခုလည်း ရုတ်တရက်ကြီး ပြန်ပျောက်ကွယ်သွားပြန်ပြီ။
ထိုစဉ်က တုန်းဖန်လျူလီက မဟာကျင်း၏ ဧကရီ မဟုတ်သေးပေ။ လောကကြီးကို လှည့်ပတ်ကြည့်ချင်နေသော ပုန်ကန်ချင်စိတ်ရှိသည့် ထွက်ပြေးလာသူ မင်းသမီးလေးတစ်ပါးသာ ရှိသေးသည်။ ထိုအချိန်တွင် သူက အစိမ်းရောင်ဝတ်ရုံနှင့် ထူးခြားလှသော မုန့်ချင်ကျိုးကို မတော်တဆ ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က တုန်းဖန်လျူလီသည် စိတ်လိုက်မာန်ပါနှင့် မေးခဲ့ဖူးသည်။ “မိန်းမတစ်ယောက်က ဧကရာဇ် ဖြစ်နိုင်မယ်လို့ ရှင်ထင်လား...”
သူ အံ့ဩသွားရသည်မှာ မုန့်ချင်ကျိုးက “ထင်တာပေါ့။ ငါကတော့ ဒီမင်းသမီးလေးကို အပြည့်အဝ ယုံကြည်တယ်။ သူ တစ်နေ့မှာ ထီးနန်းတက်နိုင်မှာ သေချာတယ်” ဟူ၍ ပြတ်ပြတ်သားသား ဖြေခဲ့ခြင်းပင်။
မုန့်ချင်ကျိုး ပြောသော မင်းသမီးလေး ဆိုသည်မှာ ထိုအချိန်က တုန်းဖန်လျူလီကို ဆိုလိုခြင်း ဖြစ်သည်။
အမျိုးသမီးတစ်ဦး ဧကရာဇ်ဖြစ်လာခြင်းဆိုသည်မှာ အစဉ်အလာမရှိခဲ့ဖူးသည့်အပြင် သာမန်လူများ စိတ်ကူးပင် မယဉ်ရဲသော အရာဖြစ်သည်။
တုန်းဖန်လျူလီ အရှိန်အဟုန်ဖြင့် တက်လှမ်းလာစဉ် အစောပိုင်းကာလများတွင် သူနှင့် အနီးကပ်ဆုံးသူများပင် သူ၏ ရည်မှန်းချက်ကို မသိခဲ့ကြပေ။ မုန့်ချင်ကျိုး တစ်ဦးတည်းသာ သူ ဧကရီ ဖြစ်လာလိမ့်မည်ဟု ကြိုတင်၍ ဟောကိန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ထိုစကားတစ်ခွန်းကပင် သူ့ကို ယနေ့အထိ အားပေးကူညီခဲ့ခြင်း ဖြစ်သလို၊ တုန်းဖန်လျူလီက မုန့်ချင်ကျိုးနှင့် သုံးနှစ်တာ ကတိကဝတ်ပြုခဲ့ခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
“ချင်းဖုန်းဟော်ရဲ့ဒဏ်ရာ ဘယ်လိုနေလဲ..” တုန်းဖန်လျူလီက ကြွေကျနေသော မေပယ်ရွက်များကို ရေတွက်ရင်း စိတ်ပျက်လက်ပျက် သက်ပြင်းချကာ မေးလိုက်သည်။
စုချင်ချိုးက ရိုသေသမှုဖြင့် ပြန်ပြောသည်။ “ကျန်းမာရေး ကောင်းမွန်ပါတယ်။ ဒါပေမဲ့ သူက ကြင်ရာတော်ကို တွေ့ခွင့်ရဖို့ အတင်းအကျပ် တောင်းဆိုနေပါတယ်။ သူ့ကို အမှန်အတိုင်း ပြောပြလိုက်ရမလား...”
တုန်းဖန်လျူလီက ဆိုသည်။ “မလိုဘူး။ ချင်းဖုန်းဟော်က စိတ်တိုလွယ်တဲ့သူ။ သူ့ကို ပြောလိုက်ရင် ပြဿနာတွေ တက်ကုန်လိမ့်မယ်...”
ချင်းဖုန်းဟော်၏ ကိုယ်ပွားမှာ သေဆုံးသွားခဲ့ပြီး သူ၏ ပင်မခန္ဓာမှာ နတ်ဘုရားမြှုပ်နှံရာ တားမြစ်နယ်မြေတွင် သံမှိုရိုက်နှက် ခံထားရသည်။ ဧကရီ အောင်ပွဲခံပြီး ပြန်လာမှသာ ထိုနယ်မြေသို့ ကိုယ်တိုင်သွားရောက်၍ သူ့ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက နောက်ဆုံးတိုက်ပွဲကို မမြင်တွေ့ခဲ့ရသလို မုန့်ချင်ကျိုး ပျောက်ဆုံး နေသည်ကိုလည်း မသိရှိပေ။
“ကြင်ရာတော်က...” စုချင်ချိုး စကားတစ်ခွန်း ပြောရန် တုံ့ဆိုင်းသွားသော်လည်း ဧကရီ၏ မျက်ဝန်းထဲမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်အသစ်ကို မြင်လိုက်ရသောအခါ စကားကို ချက်ချင်း ပြန်လည်၍ မျိုချလိုက်ရသည်။
တုန်းဖန်လျူလီက ရုတ်တရက် ပြောလိုက်သည်။ “တစ်ရက်ထဲမှာပဲ ငါတို့ တိုင်းပြည်က နယ်စားတစ်ပါးရဲ့ ပုန်ကန်မှုကိုရော၊ အဓိက အင်အားစု (၇)ခုရဲ့ ဝိုင်းရံမှုကိုရော ကြုံတွေ့ခဲ့ရတယ်။ သူတို့ရဲ့ အဆုံးမရှိတဲ့ ရည်မှန်းချက်တွေနဲ့ ဒီစစ်မက်ဖြစ်ပွားနေတဲ့ ခေတ်ပျက်ကြီးကြောင့်ပဲ ချင်ကျိုး ပျောက်ဆုံးသွားရတာ၊ အခုထိ ဘယ်ရောက်နေမှန်း မသိရသေးဘူး...”
“ငါ ကလဲ့စားချေချင်တယ်။ ဒီဝိုင်းရံမှုမှာ ပါဝင်ခဲ့တဲ့ အင်အားစု (၇)ခုစလုံးကို ငါ အမြစ်ပြတ် သုတ်သင်မယ်...”
စုချင်ချိုး၏ မျက်ဆံများ ကျုံ့သွားပြီး ခေါင်းငုံ့ကာ တိတ်ဆိတ်နေတော့သည်။ ဘာစကားမျှ မပြောရဲပေ။
ယခုအချိန်တွင် ဧကရီက စိတ်အေးချမ်းရသည့် တစ်ဦးတည်းသောနေရာဖြစ်သော မုန့်ချင်ကျိုးကို ဆုံးရှုံးလိုက် ရသဖြင့် သူ၏ ရက်စက်ကြမ်းကြုတ်မှုများ ပြန်လည် နိုးထလာသယောင် ရှိနေသည်။
“ချင်းဖုန်းဟော်၊ ကျန်းစန်းဟိုင်နဲ့ အဆင့်(၃)အထက် အရာရှိအားလုံးကို ဆင့်ခေါ်လိုက်။ ငါ စစ်ကြေညာတော့မယ်။ အဲဒီအင်အားစု (၇)ခုထဲက တစ်ယောက်မှ အသက်မရှင်စေရဘူး။ သွေးချောင်းစီးအောင် လုပ်ပစ်မယ်”
“သူတို့ကို နာကျင်အောင် လုပ်မယ်။ ကြောက်လန့်အောင် လုပ်ပစ်မယ်...”
သူ စကားပြောနေစဉ် စစ်မက်နှင့် သတ်ဖြတ်ခြင်း အရှိန်အဝါများ လေထုထဲတွင် ပြည့်နှက်သွား၏။
ဧကရီက စကားကို ခဏရပ်ကာ မုန့်ချင်ကျိုး အမြဲထိုင်လေ့ရှိသည့် ကုလားထိုင်ကို လှည့်ကြည့်လိုက်သည်။ သူက ထိုကုလားထိုင်ကို အကြာကြီး စိုက်ကြည့်နေပြီးနောက် ပြန်လှည့်လာသောအခါ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။
...
ကျန်းစန်းဟိုင်နှင့် အခြားသော စစ်သေနင်္ဂဗျူဟာရှင်များ၏ အခြေအတင် ဆွေးနွေးမှုများအကြားတွင် အင်အားစု (၇)ခုကို တိုက်ခိုက်မည့် စစ်အစီအစဉ်ကို လျင်မြန်စွာ ရေးဆွဲခဲ့ကြသည်။
တိုက်ခိုက်မည့်အချိန်ကို နောက် (၁၅)ရက်အကြာဟု သတ်မှတ်လိုက်သည်။
ရည်မှန်းချက်မှာ တိုင်းပြည်များကို ဖျက်ဆီးပြီး ဂိုဏ်းဂဏများကို အမြစ်ပြတ် သုတ်သင်ရန်ပင်...
“(၁၅)ရက်တောင်လား။ အရမ်းကြာလွန်းတယ်။ အခုချက်ချင်းပဲ မြောက်ဘက်ကို စစ်ချီပြီး အင်အားစု (၇)ခုကို တိုက်ရိုက် တိုက်ခိုက်သင့်တယ်လို့ အကြံပြုတယ်...ဟု ချင်းဖုန်းဟော်က ဆိုသည်။
ကျန်းစန်းဟိုင်က မုတ်ဆိတ်ကို ပွတ်သပ်ရင်း အေးအေးဆေးဆေးပင် ပြောသည်။ “တိုင်းပြည်က အခုတင် အပြောင်းအလဲကြီးတစ်ခု ကြုံထားရတာဆိုတော့ နားနားနေနေ ပြန်လည်ထူထောင်ဖို့ အချိန်လိုတယ်။ အလောတကြီး လုပ်လို့မရဘူး...”
ချင်းဖုန်းဟော်က ဒေါသတကြီး ပြန်အော်သည်။ “ဘာကို စောင့်နေရဦးမှာလဲ။ ဒီတိုက်ပွဲမှာ အဲဒီ အင်အားစု (၇)ခုလည်း အထိနာထားတာပဲ။ ကြယ်နက်ပေါက်ကွဲမှုမှာ သူတို့ရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေ အများကြီး သေကုန်ပြီ။ သံပူခိုက်မှာ ရိုက်ရမယ်ဆိုတာ ရှေးကတည်းက ရှိခဲ့တဲ့ မပြောင်းလဲတဲ့ နိယာမပဲ...”
၎င်းကို ကြားသော် ကျန်းစန်းဟိုင်က ဘာမှပြန်မပြောဘဲ ဧကရီကိုသာ ကြည့်လိုက်သည်။
ရောက်ရှိနေသော အရာရှိများထဲတွင် ဧကရီနှင့် ကျန်းစန်းဟိုင်တို့ နှစ်ဦးသာလျှင် အဘယ်ကြောင့် တိုက်ခိုက်မှုကို နှောင့်နှေးနေရသနည်းဆိုသည်ကို သိကြသည်။
အကြောင်းမှာ ကြင်ရာတော် ပျောက်ဆုံးနေသောကြောင့်ပင်။
ဧကရီသည် သူတို့အား (၁၅)ရက် အချိန်ပေးလိုက်ခြင်းမှာ ထိုအချိန်အတွင်း မည်သည့်နည်းလမ်းဖြင့်မဆို ကြင်ရာတော်ကို ရှာဖွေနိုင်ရန် မျှော်လင့်ထားခြင်း ဖြစ်သည်။
“မင်းတို့ ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာလား...” ချင်းဖုန်းဟော်က သံသယဖြင့် မေးသည်။
တုန်းဖန်လျူလီက တည်ငြိမ်စွာပင် ပြန်ဖြေသည်။ “ငါ ဒဏ်ရာရထားတယ်။ အဲဒီအကြောင်းပြချက်က လုံလောက်ရဲ့လား...”
ချင်းဖုန်းဟော် အံ့ဩသွားပြီး ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူသည် ချက်ချင်းယုံကြည်သွားပြီး ဦးညွှတ်ကာ ပြောသည်။ “လုံလောက်ပါတယ်၊ အရှင်မ ကျန်းမာရေးကို ဂရုစိုက်ပါ။”
“ကောင်းပြီ။ ကျန်းစန်းဟိုင်ပဲ နေခဲ့။ ကျန်တဲ့သူတွေ အကုန်သွားတော့...”
...
...
လူအားလုံး ထွက်သွားပြီးနောက် တုန်းဖန်လျူလီက ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ကာ ကျန်းစန်းဟိုင်ထံ ပေးလိုက်သည်။
“ဒီအဆောင်ကို မိုင်သောင်းချီနေရာပြောင်းရွှေ့အဆောင်လို့ ခေါ်တယ်။ အရင်ဧကရာဇ် ချန်ထားခဲ့တဲ့ ရတနာပဲ။ တကယ်လို့ တိုင်းပြည်မှာ ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ကြုံလာရင် ဒီလက်ဖွဲ့ကို ခွဲလိုက်တာနဲ့ ငါ့ကို ဒီနေရာကို ချက်ချင်း ပြန်ပို့ပေးလိမ့်မယ်...”
“ဒီလက်ဖွဲ့ကို တစ်ကြိမ်ပဲ သုံးလို့ရတာ။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ရင် ငါ့ကို အလွယ်တကူ မခေါ်နဲ့...”
ကျန်းစန်းဟိုင်က လက်ဖွဲ့ကို ယူလိုက်ပြီး ဧကရီကို ကြည့်ကာ မေးလိုက်သည်။ “အရှင်မ... ကြင်ရာတော်ကို ရှာဖို့ သွားတော့မလို့လား...”
တုန်းဖန်လျူလီ အကြာကြီး တိတ်ဆိတ်နေသည်။ သူ ကျန်းစန်းဟိုင်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ဆိုသည်။ “မင်းကိုတော့ ဘာမှ ဖုံးကွယ်လို့ မရပါလား...”
ကျန်းစန်းဟိုင်က အဆောင်ကို လက်ချောင်းများဖြင့် ပွတ်သပ်ရင်း လေးနက်စွာ ပြောသည်။ “ကျွန်တော်မျိုးမှာ တင်ပြစရာ တစ်ခုရှိပါတယ်။ ဒီမနက်တင် ကင်းထောက် တစ်သောင်းကျော်က ကြယ်နက်ပေါက်ကွဲပြီးနောက် ပျက်စီးသွားတဲ့ နေရာလွတ် အက်ကွဲကြောင်းတွေကို မနားမနေ ရှာဖွေခဲ့ကြပြီး နောက်ဆုံးတော့ တစ်ခုခု ရှာတွေ့ခဲ့ပါတယ်...”
၎င်းကို ကြားလိုက်ရသော် ဧကရီ၏ မျက်ဝန်းများက ချက်ချင်း တောက်ပသွားခဲ့သည်။ သူက အလောတကြီးပင် မေးလိုက်သည်။ “ဘာလဲ။ ကြင်ရာတော်ကို ရှာတွေ့ပြီလား...”
“မတွေ့သေးပါဘူး၊ ဒါပေမဲ့ ကြင်ရာတော် ရောက်သွားနိုင်ခြေ အရှိဆုံး နေရာအချို့ကိုတော့ ကျွန်တော်မျိုး ခွဲခြားသတ်မှတ်နိုင်ခဲ့ပါတယ်...”
ထို့နောက် ကျန်းစန်းဟိုင်က သဲမြေပုံတစ်ခုကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။
ထိုသဲပုံမြေပုံတွင် မဟာကျင်း၏ မြေမျက်နှာသွင်ပြင် တစ်ခုလုံးကို ပြသထားပြီး တောင်တန်း၊ မြစ်ချောင်း၊ ရှေးဟောင်းမြို့ပြနှင့် အထင်ကရ နေရာတိုင်းကို တိကျစွာ ပုံဖော်ထားသည်။
၎င်းက ကျန်းစန်းဟိုင် တစ်သက်လုံး မဟာကျင်းတစ်ခွင် လှည့်လည်ပြီး ကိုယ်တိုင် တိုင်းတာရေးဆွဲခဲ့သော သူ၏ အသက်သွေးကြောရတနာ တောင်တန်းနှင့် မြစ်ချောင်းများ မြေပုံပင်။
“အရှင်မ ကြည့်ပါ။ အဝေးဆုံး မြောက်ဘက် နယ်စပ်နားမှာ ရှေးဟောင်း နတ်ဘုရားမြို့တော် ရှိပါတယ်။”
“အရှေ့တောင်ဘက်မှာတော့ ဂိုဏ်းဂဏတွေနဲ့ ဘာသာရေး အဖွဲ့အစည်းတွေ စုဝေးရာ၊ အမွှေးတိုင်မီးတွေ ထိန်ထိန်ညီးနေတဲ့ နေရာတစ်ခု ရှိပါတယ်...”
“အနောက်ဘက်မှာတော့ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မိုင်သောင်းချီ ဗုဒ္ဓတိုင်းပြည်ဆိုတာ ရှိပါတယ်...”
ကျန်းစန်းဟိုင်က ဆက်ပြောသည်။ “လောလောဆယ် သံသယရှိတဲ့ နေရာက ဒီသုံးနေရာပဲ ရှိပါတယ်။ ကျွန်တော်မျိုး အရှင်မကို တားမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်မျိုး လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာပါပဲ...”
တုန်းဖန်လျူလီ ခေါင်းညိတ်လိုက်သည်။ “နားလည်ပြီ။ မင်း သွားလို့ရပြီ။ ငါ ထွက်သွားမယ့်အကြောင်းကို ဘယ်သူ့ကိုမှ မပြောမိစေနဲ့..”
“အမိန့်အတိုင်းပါ။”
...
ထိုနေ့ မွန်းလွဲပိုင်းတွင် နေရောင်ခြည်က တောက်ပစွာ ထွန်းလင်းနေ၏။
မြို့တော်တံခါးဝရှေ့တွင် ဝါးခမောက် ဆောင်းထားသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး တစ်ကိုယ်တည်း ရပ်နေသည်။
ဖြတ်သွားဖြတ်လာ လူများက သူ့ကို မကြည့်ဘဲ မနေနိုင်ကြပေ။ သူက ရုပ်ဖျက်ထားသော်လည်း သူ၏ ထူးခြားသော အရှိန်အဝါကိုမူ ဖုံးကွယ်ထား၍ မရနိုင်ချေ။
အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက သက်ပြင်းတစ်ချက်ကို အသာအယာချကာ အဝေးဆုံး မြောက်ဘက်ဆီသို့ မျှော်ကြည့်လိုက်သည်။
“ရှေးဟောင်း နတ်ဘုရားမြို့တော် ဟုတ်လား...”