← Chapters

ပုန်းနေသောနဂါး ဧကရီကြင်ရာတော် နှင့် ဇာမဏီငှက်ငယ် ဧကရီ

Vol. 4 Ch. 51

ပုန်းနေသောနဂါး ဧကရီကြင်ရာတော် နှင့် ဇာမဏီငှက်ငယ် ဧကရီ

Vol. 4 Ch. 51

“အချုပ်အခြာကျမ်းစာ...”

“ပထမအမိန့်တော် - ဝိညာဉ်စွမ်းအားများ ချိတ်ပိတ်စေ၊ နိယာမတရားအားလုံး သုညသို့ ပြန်လည်ရောက်ရှိစေ...”

တုန်းဖန်လျူလီက နတ်ဘုရားစွမ်းအားများဖြင့် စုစည်းထားသော ကောင်းကင်ကျမ်းစာတစ်အုပ်ကို ကိုင်ထားပြီး သူ၏မျက်ဝန်းများမှာ ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။ ပေသုံးထောင်ရှည်လျားသော အနက်ရောင် ဆံနွယ်များက လေထဲတွင် လွင့်ပျံနေပြီး အရှိန်အဝါကြီးမားလှသော သူ၏ ပုံရိပ်က ဝေဟင်ထက်၌ ပေါ်လွင်နေကာ ဂါထာမန္တန်များကို ရွတ်ဆိုနေတော့သည်။

ချက်ချင်းဆိုသလိုပင် ကျောက်ယွီဟွမ်က ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ သူ၏ သွေးကြောများ အတွင်း စီးဆင်းနေသော ဝိညာဉ်စွမ်းအားများမှာ ထုံထိုင်း၍ ပိတ်ဆို့သွားသည်ကို သူ သတိပြုမိလိုက်သည်။ မိုင်ပေါင်းထောင်ချီ ဖြန့်ကြက်နိုင်သော သူ၏ နတ်ဘုရားအာရုံမှာလည်း ယခုအခါ (၁၀)မီတာပင် မပြည့်တော့ပေ။

သူနှင့် တစ်သားတည်း ပေါင်းစပ်ထားသော ကြယ်နက်ပင်လျှင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

“အချုပ်အခြာကျမ်းစာလား... ဒါက မင်းရဲ့ လမ်းစဉ်ဆိုတာပေါ့...” ကျောက်ယွီဟွမ်က ခက်ခဲစွာ စကားဆိုလိုက်ပြီး နေရာလွတ်အက်ကွဲကြောင်းမှ ကမောက်ကမ ဖြစ်နေသော မတည်ငြိမ်များကို အားတင်းခုခံနေရသည်။

ကြယ်နက်လျို့ဝှက်ပညာနှင့် ဝိညာဉ်စွမ်းအားမရှိဘဲ သူက ခဏချင်းအတွင်းမှာပင် သတ်ဖြတ်ခြင်း ခံရတော့မည့် သိုးသူငယ်လေးတစ်ကောင်အဖြစ်သို့ လျော့ကျသွားပြီး မောက်မာမှုများကို ဆက်လက်မထိန်းသိမ်းနိုင်တော့ပေ။

“ဟုတ်တယ်...” တုန်းဖန်လျူလီက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ ငယ်ငယ်ကတည်းက တစ်ဦးတည်းသော အုပ်ချုပ်သူ ဖြစ်လာမယ်၊ တောင်တန်းနဲ့ မြစ်ချောင်းတွေကို အမိန့်ပေးမယ်၊ တိုင်းနိုင်ငံတွေကို ပြန်လည် သိမ်းပိုက်ပြီး တားမြစ်နယ်မြေတွေကို ရှင်းလင်းပစ်မယ့် ကံကြမ္မာ ပါလာတယ်လို့ ကြိုတင်သိမြင်ခဲ့တယ်...”

“စကြဝဠာထဲက သက်ရှိအားလုံးကို အုပ်ချုပ်ရုံတင်မကဘူး၊ မဟာလမ်းစဉ် ၃၀၀၀ စလုံးကိုလည်း ငါကပဲ စိုးမိုးမှာ။ ဒါကြောင့် ငါ့ရဲ့ ထူးခြားတဲ့ လမ်းစဉ်ကို အချုပ်အခြာလမ်းစဉ်လို့ ခေါ်တယ်...”

“ဒီအချုပ်အခြာကျမ်းစာက ငါ့ရဲ့ လမ်းစဉ်ကနေ ဆင်းသက်လာတာပဲ”

၎င်းက ဧကရီသည် တကယ့်ဒေါသကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခြင်းဖြစ်သလို၊ အချုပ်အခြာ ကျမ်းစာကို ပထမဆုံး အသုံးပြုခြင်းလည်း ဖြစ်သည်။ ယခင်က လူတိုင်း ၎င်းကို စွမ်းအားပြင်းသော နျူကလီးယားဗုံးတစ်လုံးလို သိထားကြသော်လည်း ထိုမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု မထင်မှတ်ထားကြချေ။

“နိယာမအားလုံး သုညဆီ ပြန်သွားတယ် ဟုတ်လား... ဟားဟားဟား... ကောင်းလိုက်တဲ့ သုည...”

“ဝိညာဉ်စွမ်းအားနဲ့ ကြယ်နက်လျို့ဝှက်ပညာ မရှိရင်တောင် ငါ တိုက်ခိုက်နိုင်သေးတယ်...”

ကျောက်ယွီဟွမ်သည် ဝတ်ရုံကို ဆွဲချွတ်လိုက်ရာ ကိုယ်ခန္ဓာမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မရေတွက်နိုင်သော အပ်စိုက်မှတ်များမှာ သွေးနှင့် စွမ်းအင် ပင်လယ်ကြီးအလား ပြည့်လျှံနေသည်။

၎င်းက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရဟန္တာအဆင့် ရောက်တော့မည့် နိမိတ်လက္ခဏာပင်...

“ကိုယ်ခန္ဓာရော သိုင်းပညာပါ နှစ်မျိုးတွဲ ကျင့်ကြံတာလား။ မင်းရဲ့ ခန္ဓာကိုယ်က ရဟန္တာအဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပဲ။ တကယ်ကို အံ့ဩစရာကောင်းတဲ့သူပဲ...” တုန်းဖန်လျူလီက အသိအမှတ်ပြုသည့် သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။

မုန့်ချင်ကျိုးပင် အံ့အားသင့်သွားရသည်။

ဒီအဘိုးကြီးမှာ ဝှက်ဖဲတွေက များလွန်းတယ်။ အလွှာပေါင်း တစ်ထောင်ရှိတဲ့ ကိတ်မုန့်အတိုင်းပဲ၊ တစ်လွှာပြီး တစ်လွှာ ထွက်လာနေတာပဲ။

ပထမဦးစွာ သူက မဟာကျင်းအရာရှိ ထက်ဝက်ကျော်ကို ပုန်ကန်ရန် လှုံ့ဆော်ခဲ့သည်။ လျို့ဝှက်စွာဖြင့် စစ်သည် သန်းပေါင်းများစွာ စုဆောင်းခဲ့သည်။ ထို့နောက် နတ်ဘုရားမြှုပ်နှံရာ တားမြစ်နယ်မြေတွင် တမင်တကာ ပုန်းအောင်းနေခဲ့သည်။ ထိုမျှဖြင့် မကျေနပ်သေးဘဲ ဧကရီ သံသယမဝင်စေရန် သူ၏ သားဖြစ်သူကို မြို့တော်သို့ လွှတ်ကာ ရှုပ်ထွေးအောင် လုပ်ခဲ့သေးသည်။

သူ၏ အစီအစဉ်များ ပေါ်ပေါက်သွားသောအခါ ကျောက်ယွီဟွမ်က ရုတ်တရက် ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအချိန် သာမန်လူဆိုလျှင် အောင်ပွဲက သေချာပြီဟု ထင်ကြပေမည်။ ဧကရီ ချင်းလျူလီဆိုသည်မှာ အသက်(၂၀) အစောပိုင်း မိန်းကလေးတစ်ယောက်သာ ရှိသေးသည်။ လွန်ခဲ့သော လဝက်ကမှ လရောင်ထွန်းလင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်ခဲ့၏။ သူက နံနက်ခင်းအလင်းနယ်ပယ်ကို ဖောက်ထွက်နိုင်လိမ့်မည်ဟု မည်သူက ယုံကြည်မည်နည်း။

ကျောက်ယွီဟွမ်က ၎င်းကို ကြိုတင်တွက်ဆပြီး အင်အားကြီးအဖွဲ့အစည်း (၇)ခု၏ ခေါင်းဆောင်များနှင့် ပူးပေါင်းကာ သူ့ကို ဝိုင်းရံခဲ့သည်။

မုန့်ချင်ကျိုးကိုယ်တိုင်ပင် ထိုအခြေအနေဆိုလျှင် ထီးနန်းကို သိမ်းပိုက်ရန် လုံလောက်ပြီ၊ ချင်းလျူလီ ရှုံးနိမ့်တော့မည်ဟု ထင်ခဲ့၏။

သို့သော် ထို့နောက်တွင် ချန်ယွမ်ဓားသူတော်စင်က နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်း အကြီးအကဲများကို သံသရာထဲ ပိတ်လှောင်လိုက်သည်။ ကျောက်ယွီဟွမ်ကလည်း “နိယာမအားလုံးသုညသို့ပြန်ခြင်း”ဒဏ်ကို ထိသွားသည်။ သို့တိုင် သူ့တွင် ဝှက်ဖဲ နောက်တစ်ခု ကျန်နေသေးသည်။

သူက ကိုယ်ခန္ဓာရော သိုင်းပညာပါ နှစ်မျိုးတွဲကျင့်သူဖြစ်ပြီး ခန္ဓာကိုယ်က ရဟန္တာအဆင့် ရောက်တော့မည် ဖြစ်သည်။

“ပါရမီရှင်ပဲ...” မုန့်ချင်ကျိုးက ရင်ထဲကလာသော လေးစားမှုနှင့်အတူ သက်ပြင်းချလိုက်မိသည်။

ရှင်သန်ခြင်း လမ်းစဉ်မှာတော့ ကျောက်ယွီဟွမ်တစ်ယောက်ပဲ သူ့ကို ယှဉ်နိုင်လိမ့်မည်။

ကံမကောင်းစွာဖြင့် တစ်စုံတစ်ယောက်က သူ၏ အစီအစဉ်အားလုံးကို ကြိုတင်ဖျက်ဆီးထားခဲ့လေပြီ။

“သေစမ်း...” ကျောက်ယွီဟွမ်က ကြယ်စင်ကောင်းကင်ယံကို ဖြတ်သန်းကာ ကမ္ဘာမြေပေါ်သို့ ကျဆင်းလာသည့် ဥက္ကာခဲတစ်ခုကဲ့သို့ တုန်းဖန်လျူလီကို ဦးတည်ပြီး ထိုးနှက်လိုက်သည်။

တုန်းဖန်လျူလီ၏ မျက်ဝန်းများက အေးစက်နေပြီး ကျောက်ယွီဟွမ် အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်ကို တည်ငြိမ်စွာ ကြည့်နေသည်။ သူက စကားအနည်းငယ်ကို အသာအယာ ပြောလိုက်သည်။

“ဒုတိယအမိန့်တော် - မဟာလမ်းစဉ် ၃၀၀၀က ငါ့ကို ခစားစေ၊ အချုပ်အခြာအာဏာကသာ အထွတ်အထိပ် ဖြစ်စေ...”

“ခန္ဓာကိုယ်ကျင့်စဉ်လမ်းဆိုတာလည်း လမ်းစဉ် ၃၀၀၀ထဲက တစ်ခုပဲ။ ငါ့ရှေ့မှာ ဒူးထောက်စမ်း...”

နတ်ဆိုးနတ်ဘုရားတစ်ပါး၏ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ကျောက်ယွီဟွမ်က မဆိုင်းမတွဘဲ သူ၏ပုံစံကို ချက်ချင်းပြောင်းလဲကာ ဝုန်းခနဲ ဒူးထောက်ကျသွားတော့သည်။ သူ၏ အရှိန်ကြောင့် လေထဲတွင် မီတာရာနှင့်ချီ လျှောတိုက်ပါသွားခဲ့သည်။

ကျောက်ယွီဟွမ် တစ်ယောက် ကြောင်အသွားပြီး ဒူးထောက်လျက်သား ဖြစ်နေသော မိမိကိုယ်ကိုယ် ကြည့်ကာ ဘဝကိုပင် သံသယဝင်သွားတော့သည်။

“ဒါ ဘာကျင့်စဉ်လမ်းလဲ... မင်း ပြောသမျှ ဖြစ်နေတာပဲ။ ဒါက စကားက နိယာမဖြစ်သွားတဲ့ သဘော မဟုတ်ဘူးလား။ တောက်... ဒါက အကန့်အသတ်ရော မရှိဘူးလား...” ကျောက်ယွီဟွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

မုန့်ချင်ကျိုးကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ဟုတ်တယ်၊ ဒါက အရမ်းလွန်လွန်းတယ်။ ငါ့ရဲ့ အချိန်နဲ့ နေရာလွတ် ဓားအသိနဲ့တောင် ယှဉ်လို့ရနေပြီ။

“တကယ်တော့... အကန့်အသတ်တွေ ရှိပါတယ်...” တုန်းဖန်လျူလီက မုန့်ချင်ကျိုးကို ကြည့်ကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော မျက်နှာဖြင့် တုံ့ဆိုင်းစွာ ပြောလိုက်သည်။ “ဒီကျမ်းစာကို သုံးဖို့ အခြေအနေတွေက အရမ်းတင်းကျပ်တယ်။ ငါနဲ့ အဆင့်တူ ဒါမှမဟုတ် နိမ့်တဲ့ ကျင့်ကြံသူတွေပေါ်မှာပဲ သုံးလို့ရတာ။ ပြီးတော့ ဒီအချိန်အတွင်းမှာ ငါက ကျမ်းစာကိုပဲ ရွတ်ဆိုနေရမှာ။ တခြား ဘာမှ လုပ်လို့မရဘူး...”

“ကျောက်ယွီဟွမ်ကို သတ်ဖို့ ချန်ယွမ် ဓားသူတော်စင်ကို အချိန်ခဏလောက် ပေးနိုင်မလား မေးပေးပါ...”

ကျောက်ယွီဟွမ် - “...”

မုန့်ချင်ကျိုး - ...

အရှင်မ၊ အရှင်မ ဘာတွေပြောနေတာလဲ ကိုယ်တိုင်ရော ကြားရဲ့လား။ ကျောက်ယွီဟွမ်ရဲ့ ခံစားချက်ကိုလည်း နည်းနည်းလောက် ထည့်စဉ်းစားပေးပါဦး။

“အဲ... အမှန်အတိုင်း ပြောရရင် အရှင်မ၊ ချန်ယွမ်က လရောင်ထွန်းလင်းနယ်ပယ်ကို ရောက်တာ မကြာသေးဘူး။ သူက အချိန်ပိုင်နက်ကို သုံးပြီး နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်း (၁၂)ယောက်ကို ထိန်းထားရတာတင် အတော်လေး အားကုန်နေပါပြီ။ သူလည်း ဘာမှ လုပ်လို့မရဘူး။” မုန့်ချင်ကျိုးက ခေါင်းခါပြလိုက်သည်။

“ပြီးတော့ အဲဒီ (၁၂)ယောက်က အချိန်သံသရာထဲမှာ ပိတ်မိနေတာပဲ ရှိတာ။ တစ်ချိန်ကျရင် လွတ်မြောက်မယ့် နည်းလမ်းကို ရှာတွေ့သွားမှာပဲ”

“ကျမ်းစာထဲက တခြားအမိန့်တော်တွေ ထပ်ရွတ်ပါလား၊ ဥပမာ- ကောင်းကင်ပြစ်ဒဏ်တို့၊ နတ်ဘုရားသတ် ဓားဝင်္ကပါတို့ ဘာတို့လေ...”

တုန်းဖန်လျူလီက နဖူးကို လက်ညှိုးဖြင့် ကုတ်လိုက်ပြီး ရှားရှားပါးပါး ချစ်စရာကောင်းသော အမူအရာလေးဖြင့် ပြောလိုက်သည်။ “အဲဒါက... မဖြစ်နိုင်ဘူး။ အခုလောလောဆယ် အချုပ်အခြာအာဏာကျမ်းစာမှာ အမိန့်တော် (၄)ခုပဲ ရှိသေးတာ။ တစ်ခုက နိယာမအားလုံး သုညသို့ ပြန်ခြင်း၊ တစ်ခုက မဟာလမ်းစဉ်(၃၀၀၀) ခစားခြင်း၊ ကျန်တဲ့ နှစ်ခုကတော့ အကူအညီပေးတဲ့ သဘောမျိုးတွေပဲ။”

မုန့်ချင်ကျိုး အံ့ဩသွားရသည်။ “တိုက်ခိုက်တဲ့ အမိန့်တော် မပါဘူးလား...”

“မပါဘူး၊ ဘာလို့လဲဆိုတော့ တိုက်ခိုက်ရေးအတွက် ဘယ်လိုအမိန့်တော် ရေးရမလဲဆိုတာ ငါ မစဉ်းစားရသေးလို့။ တိမ်တက်နယ်ပယ်ကနေစပြီး နယ်ပယ်တစ်ခု တိုးတိုင်း အမိန့်တော်တစ်ခုပဲ ထပ်တိုးလို့ရတာ။ အခု လောလောဆယ် (၅)ခုအထိပဲ ရေးလို့ရသေးတယ်။ လိုအပ်ရင်တော့ အခုချက်ချင်း တစ်ခု စဉ်းစားလိုက်မယ်လေ။” တုန်းဖန်လျူလီက ရိုးသားစွာ ဖြေလိုက်သည်။

“ဒါကတော့...” မုန့်ချင်ကျိုး ဘာပြောရမှန်း မသိတော့ပေ။

အရှင်မ၊ အရှင်မရဲ့ ပုံရိပ်တွေ ပျက်ကုန်ပြီ...

သတ်ဖြတ်ခြင်း ဧကရီ၊ ကြောက်စရာကောင်းတဲ့ ဧကရီဆိုပြီးတော့ အရှင်မရဲ့ လမ်းစဉ်မှာ တိုက်ခိုက်တဲ့နည်းလမ်း မရှိဘူး ဟုတ်လား...

ပြောစမ်းပါဦး၊ အရှင်မက လူကောင်းကြီး လုပ်တော့မလို့လား...

လေထဲ စိတ်ပျက်လက်ပျက် ဒူးထောက်နေရသော ကျောက်ယွီဟွမ်က ညည်းတွားလိုက်သည်။ “ငါ့မှာ အကြံတစ်ခု ရှိတယ်။ အခု ငါတို့အားလုံး တစ်ယောက်ကို တစ်ယောက် ဘာမှလုပ်လို့မရတဲ့ အခြေအနေဆိုတော့၊ ချန်ယွမ် ဓားသူတော်စင်လည်း လူတစ်စုနဲ့ အချိန်သံသရာထဲမှာ ပိတ်မိနေတယ်။ ချင်းလျူလီကလည်း ဘာမှလုပ်လို့မရဘူး။ ငါကလည်း ဒူးထောက်ရလွန်းလို့ ခြေထောက်တွေ ထုံနေပြီ။”

“ဒီတော့ ခဏ နားကြမလား၊ နောက်မှပဲ ပြန်တိုက်ကြတာပေါ့...”

၎င်းကို ကြားသော် မုန့်ချင်ကျိုး မျက်ခုံးပင့်လိုက်သည်။

နားမယ် ဟုတ်လား။ မဖြစ်နိုင်တာ...

ခင်ဗျားကိုသာ လွှတ်ပေးလိုက်ရင် ခင်ဗျားက ထာဝရ ပုန်းနေတော့မှာ။ အဲဒီကျရင် ကျုပ် ခင်ဗျားရဲ့ မျိုးရိုးနာမည်ကိုပဲ ယူလိုက်တော့မယ်။

“မလိုဘူး... ကျုပ်မှာ တိုက်ခိုက်နိုင်တဲ့ နည်းလမ်းရှိတယ်...”

မုန့်ချင်ကျိုးက ရုတ်တရက် အကြံရသွားပြီး အိတ်ကပ်ထဲမှ အမွှေးတိုင်တစ်တိုင်ကို ထုတ်လိုက်သည်။

မှန်ပေသည်။ ထိုအရာမှာ သူ တွမ့်ဝူချိုးထံမှ သိမ်းဆည်းခဲ့သော တတိယမြောက် လောကဖျက်ဆီးခြင်း အမွှေးတိုင် [နတ်ဘုရားများ မြှုပ်နှံရာနယ်မြေ)] ပင် ဖြစ်သည်။

“ဒီနတ်ဘုရားမြှုပ်နှံခြင်း အမွှေးတိုင်ကို မဟာကမ္ဘာပေါင်း ရာချီကို ယဇ်ပူဇော်ပြီး ရှေးဟောင်းနတ်ဘုရားတွေ ပျက်သုဉ်းစေခဲ့တဲ့ ကပ်ဘေးတွေကို စုပ်ယူပြီး ပြုလုပ်ထားတာလို့ ပြောကြတယ်...”

မုန့်ချင်ကျိုးက သူ၏ နှလုံးသွေးဖြင့် နတ်ဘုရားမြှုပ်နှံခြင်း အမွှေးတိုင်ကို မီးညှိလိုက်ပြီး လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကျောက်ယွီဟွမ်ကို အဝေးမှနေ၍ အရိုအသေပြုလိုက်သည်။

“နတ်ဘုရားမြှုပ်နှံခြင်း အမွှေးတိုင် တစ်တိုင်နဲ့ မင်းကို ပို့ဆောင်ပေးလိုက်မယ်။ ရှုဘုရင်... သွားပေတော့”

နတ်ဘုရားမြှုပ်နှံခြင်း အမွှေးတိုင်မှ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ထိုအခိုးအငွေ့ထဲတွင် နတ်ဆိုးများက လွတ်မြောက်ရန် ဟိန်းဟောက်နေကြသလိုပင်။

ထိုအခိုးအငွေ့များထဲတွင် သမိုင်းတစ်လျှောက် ကျော်ကြားခဲ့သော နတ်ဘုရားအချို့၏ ပုံရိပ်များကိုလည်း မြင်တွေ့ရသည်။

အမွှေးတိုင်မှ အနက်ရောင် အခိုးအငွေ့များက ကျောက်ယွီဟွမ်ထံသို့ ဖြည်းညှင်းစွာ လွင့်ပါသွားပြီး သူ၏ ချွေးပေါက်များမှတစ်ဆင့် ဝိညာဉ်အထိ ထိုးဖောက်ဝင်ရောက်ကာ သူ၏ ဝိညာဉ်ကို တိုက်စားတော့သည်။

“မလုပ်နဲ့...”

ကျောက်ယွီဟွမ်သည် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသလို နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားသည်။

သူ၏ တာအိုသစ်သီးမှာ အနက်ရောင် အခိုးအငွေ့များ၏ တိုက်စားခြင်းကို ခံနေရပြီး ကျင့်ကြံမှုအဆင့်မှာလည်း လျင်မြန်စွာ ကျဆင်းလာသည်။

ခဏချင်းအတွင်းမှာပင် သူက သာမန်လူတစ်ယောက် ဖြစ်သွားပြီး ရာစုနှစ်ချီ ကြိုးစားခဲ့သော ကျင့်ကြံမှုများမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားကာ ဝိညာဉ်မှာလည်း အနက်ရောင် အမှုန်အမွှားများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ကျောက်ယွီဟွမ်၏ ဝိညာဉ်မှာ ပုံပျက်ပန်းပျက်ဖြစ်ကာ ကြည့်ရဆိုးလှသော အခြေအနေသို့ ရောက်သွားသည်။

“ငါ့ကို... အမြန်ဆုံး သေခွင့်ပေးပါ...” ကျောက်ယွီဟွမ်က မြေပြင်ပေါ်မှာ လူးလှိမ့်ကာ ဂုဏ်သိက္ခာမဲ့စွာဖြင့် မုန့်ချင်ကျိုးကို လက်ကမ်းပြီး တောင်းပန်တိုးလျှိုးနေတော့သည်။

မုန့်ချင်ကျိုးက ခေါင်းခါပြလိုက်သည်။ “စိတ်မကောင်းပါဘူး၊ ကျုပ်က ကျင့်ကြံမှု မရှိတဲ့ သာမန်လူတစ်ယောက် ဆိုတော့ ခင်ဗျားကို မသတ်နိုင်ဘူး...”

“ဒါဆို... အရှင်မ၊ ကျေးဇူးပြုပြီး ငါ့ကို သတ်ပေးပါ...” ကျောက်ယွီဟွမ်က အော်ဟစ်တောင်းပန်ပြန်သည်။

တုန်းဖန်လျူလီက ပို၍ပင် အနေခက်သွားကာ ပြောလိုက်သည်။ “ငါလည်း လက်မအားဘူး၊ မင်းကို ဆက်ပြီး ထိန်းထားရဦးမယ်။ မဟုတ်ရင် မင်းရဲ့ အားအင်တွေ ပြန်ရလာရင် ဒီသက်တမ်းကုန်နေတဲ့ နတ်ဘုရားမြှုပ်နှံခြင်း အမွှေးတိုင်ကို နံနက်ခင်းအလင်းနယ်ပယ် ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အလွယ်တကူ ဖြေရှင်းနိုင်သွားလိမ့်မယ်။”

၎င်းကို ကြားသော် ကျောက်ယွီဟွမ်က နာကျင်မှုကိုပင် မေ့သွားပြီး အော်ဟစ်ခြင်းကို ရပ်ကာ ခါးသီးစွာ ရယ်မောလိုက်တော့သည်။

“မင်းတို့နှစ်ယောက်... ဝှက်ဖဲတွေ ဒီလောက်များတဲ့သူတွေရဲ့ လက်ထဲမှာ ငါ ကျရှုံးရတာလား... ငါ မကျေနပ်ဘူး...”

ထို့နောက် ကျောက်ယွီဟွမ်က ဟိန်းဟောက်လိုက်သည်။

“ကြယ်နက်... ပေါက်ကွဲစမ်း... မင်းတို့ နှစ်ယောက်လုံးကို ငါနဲ့အတူ ခေါ်သွားမယ်...”

သေခါနီးအချိန်ကျမှသာ ကျောက်ယွီဟွမ်က သူ၏ရှေ့မှ မျက်စိစည်းထားသော လူငယ်မှာ မည်သူဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

ဒီလောက် သိသာထင်ရှားတဲ့ ပြဿနာရှာဖွေသူ အရှိန်အဝါမျိုးဆိုရင် ဒါက မဟာကျင်းတိုင်းပြည်ရဲ့ ဧကရီ ကြင်ရာတော်ပဲ ဖြစ်ရမယ်...

ဧကရီရဲ့ နောက်ကွယ်က အမျိုးသားပေါ့...

ကျောက်ယွီဟွမ်၏ ကျရှုံးမှုအားလုံးဟာ ထိုသူကြောင့်ပင်။ သူ မည်ကဲ့သို့ မနာကျည်းဘဲ နေမည်နည်း...

“ကြင်ရာတော်... ဧကရီ... ငါနဲ့အတူ လိုက်ခဲ့ကြ...”

ကြယ်နက်က စတင်ဖောင်းကားလာပြီးနောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသွားတော့သည်။

နားကွဲမတတ် ပေါက်ကွဲသံကြီးက ကောင်းကင်ကိုးထပ်စလုံးကို တုန်ခါသွားစေသည်။ နေရာလွတ် အက်ကွဲကြောင်းအတွင်း၌ အကြီးအကျယ် မြေငလျင်လှုပ်ခတ်သွားပြီး ကြယ်စင်များ ကြွေကျကာ ဟင်းလင်းပြင် အတားအဆီးများမှာ စက္ကူကဲ့သို့ စုတ်ပြတ်သတ်သွားပြီး မိုင်ပေါင်းသန်းချီသော နယ်ပယ်မှာ ခဏချင်း ပျက်စီးသွားတော့သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင်။

တုန်းဖန်လျူလီက မဆိုင်းမတွဘဲ ကျမ်းစာကို အော်ဟစ်ရွတ်ဆိုကာ မုန့်ချင်ကျိုးကို ကြည့်လိုက်သည်။ သူကိုယ်တိုင်ကမူ ကြယ်နက်ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် မည်သည့်ကာကွယ်မှုမျှမရှိဘဲ ဖြစ်နေသည်။

“စတုတ္ထအမိန့်တော် - ဘုရင်မ၏ အကြည့်ကျရောက်ရာ နိယာမအားလုံး ထိုးဖောက်၍ မရစေရ...”

မုန့်ချင်ကျိုး၏ မျက်နှာအမူအရာ ပြောင်းသွားပြီး ချန်ယွမ် ဓားသူတော်စင်ကို အမြန်ခေါ်ယူကာ အချိန်သံသရာကို ဖျက်လိုက်သည်။

“အချိန်ပိုင်နက်... အရှင်မကို ကာကွယ်ပေးလိုက်...”

ဟင်းလင်းပြင်ထဲမှ အချိန်မြစ်၏ မြစ်လက်တက်တစ်ခု စီးဆင်းလာပြီး တုန်းဖန်လျူလီကို လွှမ်းခြုံကာ ကာကွယ်ပေးလိုက်သည်။

ဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ဧကရီက မိမိကို ကာကွယ်ရန် စဉ်းစားနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဧကရီကလည်း ထိုပျင်းရိသော ဝန်ကြီးနှင့် စာချုပ်ခင်ပွန်းက အန္တရာယ်ကြုံချိန် မိမိကို ကာကွယ်ပေးရန် စဉ်းစားပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ချန်ယွမ် ဓားသူတော်စင်က...

ဧကရီ၏ လျစ်လျူရှုခြင်းကို ခံလိုက်ရသည်။ ဆရာ၏ စကားသာ နားထောင်သော အမျိုးသားတစ်ယောက်က သူ့အတွက် အရေးမပါပေ။

ကျွန်မက ဧကရီ၊ ရှင်ရဲ့ ဇနီးမှ မဟုတ်တာ။ ဒီလောက် အရေးကြီးတဲ့ အချိန်မှာတောင် ရှင်က ဧကရီကို ကာကွယ်ဖို့ စဉ်းစားနေတယ်ပေါ့။ ရှင်က ရှင်ရဲ့ ဇနီးကို သစ္စာဖောက်ဖို့ ကြံနေတာလား...

တုန်းဖန်လျူလီက အနည်းငယ် မနာလိုစိတ်ဖြင့် တွေးနေမိသည်။

မုန့်ချင်ကျိုးကတော့ ယခုလို တွေးနေ၏။

ဧကရီက အရမ်းစွမ်းတာပဲ။ ငါ သူ့အပေါ် အထင်ကြီးအောင် လုပ်ထားရမယ်။ ဘာပဲဖြစ်ဖြစ် ဒီကြယ်နက် ပေါက်ကွဲမှုက ငါ့ကို မထိခိုက်နိုင်ပါဘူး။ အဆိုးဆုံး ဖြစ်လာရင် အချိန်မြစ်ရဲ့ အပိုင်းအစတစ်ခုထဲ ခုန်ဝင်ပြီး ပေါက်ကွဲမှုပြီးတဲ့အထိ ပုန်းနေလိုက်ရုံပဲ။

...

...

ဝုန်း....

အဖွဲ့အစည်း ခေါင်းဆောင်(၁၂)ဦးက အချိန်သံသရာထဲမှ လွတ်လာ၍ ကြောင်အအနှင့် မျက်လုံးကို ဖွင့်လိုက်ချိန်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရ၏။ သူတို့ နောက်လှည့်ကြည့်လိုက်သော အချိန်မှာပင် ကြယ်နက်ပေါက်ကွဲမှုကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။

All Chapters