မုန့်ချင်ကျိုး၏ ဝန်ခံချက်နှင့် ဇောက်ထိုးမိုးမျှော်ဖြစ်သွားသော ကျောက်ကော်
Vol. 4 Ch. 54
ဆေးခန်းလေးအတွင်း၌။
မုန့်ချင်ကျိုးက စားပွဲတွင် ထိုင်နေပြီး တစ်ဖက်တွင် ထိုင်နေသော တုန်းဖန်လျူလီထံသို့ အသစ်စက်စက် ဖျော်ထားသည့် လက်ဖက်ရည်ပူပူ တစ်ခွက်ကို တိုးပေးလိုက်သည်။ သူက ခွက်ထဲရှိ ရေလှိုင်းတွန့်လေးများကို ငေးကြည့်နေပြီး မျက်ဝန်းများမှာ အနည်းငယ် မှေးမှိန်နေတော့သည်။
“လျူလီ... မင်းက ငါ့ကိုရှာဖို့ သီးသန့်လာခဲ့တာလား။” မုန့်ချင်ကျိုးက ဝမ်းသာအားရ မျက်နှာဖြင့် မေးလိုက်သည်။
ဘဝမှာ တိုင်းတပါးမြေထဲ မိတ်ဆွေဟောင်းနဲ့ ဆုံရတာထက် ပိုပြီး အံ့ဩစရာကောင်းတာ မရှိပါဘူး။ အခုတော့ လူသားတစ်ယောက်မှ မရှိတဲ့ မျိုးနွယ်စု စုံလင်လှတဲ့ မြို့တော်ကြီးထဲကို မတော်တဆ ရောက်နေရတာ။ သူက အေးအေးဆေးဆေး နေရတာကို နှစ်သက်တယ် ဆိုပေမဲ့လည်း တစ်ယောက်တည်းမို့ အထီးကျန်သလိုတော့ ခံစားနေရတာ အမှန်ပဲ။
ဒါပေမဲ့ အခုတော့ အဲဒီအထီးကျန်မှုတွေက ပျောက်ဆုံးသွားပါပြီ၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ ဇနီးသည် ရောက်လာလို့ပဲ...
တုန်းဖန်လျူလီက သူ၏ နီရဲသော နှုတ်ခမ်းလွှာလေးကို ဟကာ “ဟုတ်တယ်၊ ကျွန်မ ရှင့်အတွက် အရမ်းစိုးရိမ်နေတာ။ ရှင် သေသွားပြီလားဆိုပြီး ကြောက်နေခဲ့တာ။ တစ်လောကလုံး အနှံ့ ရှင့်ကို ရှာခဲ့တာ။ အခု ကျွန်မနဲ့အတူ အိမ်ပြန်ရအောင်...” ဟု အားတက်သရော ပြောချင်နေမိသည်။
သို့သော်လည်း ခုနက မြင်ကွင်းအချို့ကို တွေ့ခဲ့ပြီးနောက် တုန်းဖန်လျူလီ တုံ့ဆိုင်းသွားခဲ့သည်။
သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ ပြန်မေးနေမိသည်။ သူက မုန့်ချင်ကျိုးကို မဟာကျင်းသို့ သူ့သဘောဖြင့် ခေါ်ဆောင်လာခဲ့ပြီး ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
သူ တကယ်ရော ပျော်ရဲ့လား။
“ငါးပိကောင်မုန့်” ဆိုတဲ့ နာမည်ပြောင်က သူ၏ ပျင်းရိငြိမ်သက်ချင်သော စရိုက်ကို ဖော်ပြနေသလိုပင်။
ဒါတင်မကသေးဘူး၊ ရှေးဟောင်းနတ်ဘုရားမြို့တော်ဟာ လူသားတွေကို လက်ခံတဲ့နေရာ မဟုတ်ဘူးဆိုတာ တုန်းဖန်လျူလီ ကောင်းကောင်းသိတယ်။ မုန့်ချင်ကျိုးက ဒီမှာ ဝင်ဆံ့အောင် နေထိုင်နိုင်နေပြီဆိုတော့ ဒီမှာနေဖို့က သူ့ရဲ့ စိတ်ရင်းအတိုင်း ရွေးချယ်မှု ဖြစ်ရမယ်။
စိတ်အပန်းဖြေဖို့လား။ ဒါမှမဟုတ် ထွက်ပြေးဖို့လား...
ဘယ်သူ့ဆီက ထွက်ပြေးတာလဲ။ ဧကရီ တုန်းဖန်လျူလီဆီကလား၊ ဒါမှမဟုတ် ငြီးငွေ့စရာကောင်းတဲ့ နန်းတွင်း အလုပ်တွေဆီကလား။
နူးညံ့သိမ်မွေ့ပြီး လှပသော တမန်တော်မလေးကို တွေးမိရင်း တုန်းဖန်လျူလီက ခေါင်းခါလိုက်ပြီး ပြောသည်။ “ဟင့်အင်း... မဟုတ်ပါဘူး၊ ကျွန်မက ဧကရီရဲ့ အမိန့်တော်နဲ့ ဒီရှေးဟောင်းမြို့တော်ကို ရောက်လာတာ။ ကျွန်မတို့ မတော်တဆ ဆုံကြတာပဲ။”
ပိုးသားအနက်စနောက်က မုန့်ချင်ကျိုး၏ မျက်ဝန်းများက သူ၏အပြုံးကို ဖုံးကွယ်မထားနိုင်ပေ။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ဒါဆိုရင်တော့ ဒါဟာ ကံကြမ္မာပဲ။ ကောင်းကင်က ဖန်တီးပေးတဲ့ အစီအစဉ်ပေါ့။ ငါ ပိုပြီးတော့တောင် ဝမ်းသာသွားပြီ...”
၎င်းကို ကြားသော် တုန်းဖန်လျူလီ၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ လက်ဖက်ရည်ခွက်ကို ကိုင်ထားသော သူ့လက်များက တုန်ရီနေပြီး ခံစားချက်ကို ထိန်းချုပ်ရန် ခွက်ကို တစ်ငုံ သောက်လိုက်သည်။ ထို့နောက်တွင် မအောင့်နိုင်ဘဲ မေးလိုက်မိသည်။ “ရှင်က မိန်းကလေးတွေကို အမြဲ ဒီလိုပဲ ချွဲတတ်တာလား။ တွေ့သမျှ မိန်းကလေးတိုင်းကို ဒီလိုပဲ ပြောတာလား...”
မုန့်ချင်ကျိုး မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် မကျေမနပ်ဖြစ်သံဖြင့် ပြောသည်။ “ဘယ်သူက မင်းကို ငါ့အကြောင်း မကောင်းပြောထားတာလဲ။ ဒီလောကမှာ ငါ့အကြောင်း အသိဆုံးက မင်းဖြစ်သင့်တယ်။ တကယ်လို့ ငါသာ လူရှုပ်လူပွေ... နှာဘူးတစ်ယောက် ဖြစ်ခဲ့ရင်၊ ငါ့ကို တခြားကမ္ဘာက ထရပ်ကားကြီးက တိုက်ပြီးတော့ 2D ကမ္ဘာထဲကို ပို့ပစ်ပါစေ...”
မုန့်ချင်ကျိုး၏ စိတ်ထဲတွင်တော့ တုန်းဖန်လျူလီနှင့် သူ၏ ပတ်သက်မှုက ရိုးရိုး စာချုပ်လက်ထပ်ပွဲထက် အများကြီး ကျော်လွန်နေလေပြီ။
သူက တုန်းဖန်လျူလီကို တကယ့်ဇနီးအဖြစ် သတ်မှတ်ထားပြီးသားပင်...
သို့သော် တုန်းဖန်လျူလီ၏ ခံစားချက်ကို သူ မသေချာသောကြောင့် သူတို့၏ ဆက်ဆံရေးကို ပိုနက်ရှိုင်းအောင် မလုပ်ရဲသလို စည်းကျော်ဖို့လည်း မကြိုးစားခဲ့ပေ။
တုန်းဖန်လျူလီ၏ သံသယဝင်နေသော လေသံကို ကြားသော် မုန့်ချင်ကျိုးက သူ၏ အရင်ဘဝက ပေါင်းရင်လည်း ပေါင်း၊ မပေါင်းရင်လည်းပြတ် ဆိုပြီး အမြဲသွေးထိုးတတ်သော သူငယ်ချင်းမများကို သတိရသွားမိသည်။ တုန်းဖန်လျူလီလည်း အဲဒီလို အခြေအနေမျိုး ကြုံနေရတာလား။
တုန်းဖန်လျူလီက နှုတ်ခမ်းနီလေးကို ကိုက်ကာ စိတ်ထဲမှ တွေးနေမိသည်။
ငါတို့က ဟန်ဆောင်လင်မယားတွေပဲ။ တစ်ယောက်နဲ့တစ်ယောက် ဘာမှ ပတ်သက်တာမှ မဟုတ်တာ။ ငါ ဘာလို့ သူ့ဘဝထဲ ဝင်စွက်ဖက်နေရမှာလဲ။ ချင်ကျိုးက သာမန်ယောကျ်ား တစ်ယောက်ပဲ။ သူ မိန်းမတစ်ယောက် လိုချင်တာ သဘာဝပဲလေ။
သို့သော် သူ၏နှုတ်ဖျားက ထွက်လာသော စကားကတော့ နောက်ထပ် မေးခွန်းတစ်ခု ဖြစ်နေပြန်သည်။ “ခုနကတင် ရှင် အဲဒီတမန်တော်မလေးကို ဘယ်လို စကားမျိုးတွေ ပြောခဲ့လဲဆိုတာ ကျွန်မ ကိုယ်တိုင် မြင်ခဲ့တာ။ သူ ဆေးခန်းထဲက ထွက်သွားတဲ့ အမူအရာကလည်း လုံးဝ ထူးခြားနေတာပဲ...”
မုန့်ချင်ကျိုး နဖူးကို လက်နှင့် ရိုက်လိုက်ပြီးမှ သဘောပေါက်သွားသည်။ “မင်းက သူ့ကို ပြောတာကိုး...”
ထို့နောက် မုန့်ချင်ကျိုးသည် ခုနက ဖြစ်ပျက်ခဲ့သည်များကို သူ၏ မူလလက္ခဏာနှင့် ကျင့်စဉ်အဆင့်များကို ဖုံးကွယ်ထားပြီး ပြန်လည်ပြောပြလိုက်သည်။
အတန်ကြာမှ တုန်းဖန်လျူလီ၏ မျက်ဝန်းများ ပြန်လည် ကြည်လင်လာတော့သည်။ သူက မေးစေ့ကို လက်ဖြင့်ထောက်ကာ ခန့်ညားလှသော မုန့်ချင်ကျိုးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “ဒါဆို ရှင်ပြောချင်တာက ကြယ်နက်ပေါက်ကွဲပြီးနောက်မှာ ချန်ယွမ် ဓားသူတော်စင်ရဲ့ ကာကွယ်မှုကြောင့် ဒီမြို့ကို ရောက်လာတာပေါ့။ တောနက်ထဲမှာ သားရဲတွေ အစားမခံရအောင် ဒီမှာ သမားတော်ယောင်ဆောင်ပြီး နေနေတာပေါ့ ဟုတ်လား။”
မုန့်ချင်ကျိုး ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ အဲဒီ တမန်တော်မလေးနဲ့ ငါနဲ့ ဘာမှ မပတ်သက်ဘူး။ သူက ငါ့ရဲ့ ဆေးပညာကို စမ်းသပ်နေတာပဲ ရှိတာ...”
တုန်းဖန်လျူလီက တဝက်သာ ယုံကြည်သလိုဖြင့် ပြောသည်။ “တကယ်လား။ ကျွန်မကို လိမ်နေတာ မဟုတ်ဘူးနော်။”
မုန့်ချင်ကျိုး သတ္တိမွေးလိုက်ပြီး ထိုအခွင့်အရေးကို သုံးကာ တုန်းဖန်လျူလီ၏ သဘောထားကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ မတ်တပ်ထရပ်ကာ ရှေ့သို့ နှစ်လှမ်းတိုးပြီး သူ၏ နူးညံ့လှသော လက်ကလေးကို ဘာမှ အသိမပေးဘဲ ဆွဲကိုင်လိုက်သည်။
“မင်း ယုံယုံ၊ မယုံယုံ၊ အချိန်က အဖြေပေးပါလိမ့်မယ်။ လွန်ခဲ့တဲ့ သုံးနှစ်က ငါ အခက်အခဲတွေနဲ့ ကြုံနေရချိန်မှာ မင်းက ငါ့အတွက် အမှောင်ထဲက အလင်းတိုင်လေး ဖြစ်ခဲ့သလိုပဲ။ အခုလည်း ငါက မင်းရဲ့ နံဘေးမှာ အမြဲတမ်း ထွန်းလင်းနေမယ့် မီးအိမ်တစ်လုံးပါပဲ...”
မျက်လုံးများကို ဖုံးထားသော်လည်း သူ့လက်၏ နွေးထွေးမှုကို ခံစားနေရသည်။ ထိုအရာက ပူလောင်နေသော နှလုံးသားတစ်ခုလိုပင်။
လူငယ်လေး၏ အသံမှာ ကတိသစ္စာပြုနေသကဲ့သို့ နက်ရှိုင်းလှ၏။
ဘယ်တုန်းကမှ ရည်းစား မထားဖူး၊ ယောကျ်ားတစ်ယောက်၏ ချွဲနွဲ့မှုကို မခံဖူးသော တုန်းဖန်လျူလီက ရက်စက် ကြမ်းကြုတ်လှသော ဇာမဏီမျက်ဝန်းလေးများမှာ မျက်ရည်တွေ ဝိုင်းလာပြီး မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရရှာသည်။
သူ ခဏတာ မှင်တက်သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းလာတော့သည်။
“ရှင်... ရှင် ဒါ ဘာကို ဆိုလိုတာလဲ။”
စကားပြောနေရင်း တုန်းဖန်လျူလီက သူ၏လက်ကို ပြန်ဆွဲထုတ်ရန် ဟန်ပြလောက်သာ ရုန်းကန်နေမိသည်။
မုန့်ချင်ကျိုးက သူ၏ အားနည်းလှသော ခုခံမှုကို ခံစားလိုက်ရပြီး ၎င်းက အမျိုးသမီးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့လောက်သာဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူ့စိတ်ထဲ အေးသွားတော့သည်။ သူက လက်ကို ပိုပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
မုန့်ချင်ကျိုးက သူ့ကို အနားသို့ ဆွဲယူလိုက်ပြီး နားရွက်ဖျားလေးနားမှာ ခပ်တိုးတိုး လေမှုတ်လိုက်သည်။ “ငါတို့က လက်ထပ်ထားတာလေ၊ တစ်သက်လုံး အတူနေရမှာ။ ဘာကို ဆိုလိုတာလဲဆိုတာ မင်း မသိဘူးလား...”
“ဒါဟာ လင်မယားအကြား ပြောတဲ့ ချစ်စကားတွေပေါ့...”
တုန်းဖန်လျူလီ၏ဦးနှောက်မှာ ဗလာဖြစ်သွားပြီး သူ၏ ဆံပင်များမှ အငွေ့များ ထွက်လာသယောင် ခံစားရကာ ဖြူဖွေးလှသော အသားအရေမှာလည်း နီရဲသွားတော့သည်။
ရှက်လွန်းလို့ အငွေ့ထွက်နေတဲ့ မိန်းကလေးလိုပင်...
ကံမကောင်းစွာဖြင့် မုန့်ချင်ကျိုးကတော့ ထိုမြင်ကွင်းကို မမြင်ရပေ။ သူက နောက်ထပ် ခြေတစ်လှမ်း တိုးလိုက်ပြီး လက်ချောင်းလေးများက တစ်ခုနှင့်တစ်ခု ယှက်သွယ်လိုက်သည်။
“ငါတို့က ဟန်ဆောင်လင်မယားတွေပဲလေ။ တစ်ယောက်နဲ့တစ်ယောက် ဘဝထဲ ဝင်မစွက်ဖက်ဖို့ သဘောတူ ထားတာပဲ..” တုန်းဖန်လျူလီက သူ၏ မျက်နှာကို ရင်ဘတ်ထဲအထိ ငုံ့ထားပြီး အသံမှာလည်း တိုးလွန်းလှသည်။
မုန့်ချင်ကျိုးက အားရပါးရ ရယ်မောလိုက်သည်။ “ဟန်ဆောင်လင်မယားလား။ ဒါဆိုလည်း အခုကစပြီး တကယ့် လင်မယား လုပ်လိုက်ကြတာပေါ့...”
တုန်းဖန်လျူလီ တစ်ယောက် ဘာလုပ်ရမှန်းမသိဘဲ သူ့လက်ကို မုန့်ချင်ကျိုး အသာတကြည် ကိုင်ထားသည်ကို ခွင့်ပြုလိုက်မိသည်။ သူ၏ စိတ်ထဲမှာတော့ ရှုပ်ထွေးနေပြီး ဝမ်းသာခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ရင်ခုန်ခြင်းတို့ ရောပြွမ်းနေကာ နှလုံးခုန်သံတွေက အရမ်းမြန်နေသဖြင့် မေ့လဲသွားမတတ်ပင်။
အတန်ကြာမှ တုန်းဖန်လျူလီ အနည်းငယ် တည်ငြိမ်သွားပြီး မုန့်ချင်ကျိုးကို သေချာ စိုက်ကြည့်လိုက်သည်။ “ဒါ ဝန်ခံလိုက်တာလား...”
မုန့်ချင်ကျိုးက ပြုံးလျက် ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ “မသိသာဘူးလား။ ဒါဆို ငါ ပိုပြီး ရှင်းအောင် ပြောမယ်၊ လျူလီ... ကိုယ် မင်းကို ချစ်တယ်။ ကျန်တဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး မင်းနဲ့အတူ ဖြတ်သန်းပြီး အတူတူ အိုမင်းသွားချင်တယ်။”
သာမန် မွန်းလွဲပိုင်း အချိန်လေးတစ်ခု၊ တိုင်းတပါး နယ်မြေတစ်ခု၏ ဆေးခန်းလေးထဲသို့ နေဝင်ရိုးရီ အလင်းတန်းလေးများ ဖြာကျနေသော အချိန်။
အမြဲတမ်း အေးအေးဆေးဆေး နေတတ်သော မုန့်ချင်ကျိုးက ပထမဆုံးအကြိမ်အဖြစ် သူကိုယ်တိုင် စတင်လှုပ်ရှားလိုက်ပြီး ရှားရှားပါးပါး ဩဇာလွှမ်းမိုးငေည အသွင်အပြင်မျိုး ပေါ်ထွက်နေ၏။
အခြားတစ်ဖက်တွင်တော့ တုန်းဖန်လျူလီက အမြဲရှိနေကျ ခန့်ညားထည်ဝါသော အရှိန်အဝါများ ပျောက်ဆုံးသွားပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေသော မိန်းကလေး တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
တုန်းဖန်လျူလီက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။ “ရှင် ကျွန်မကို နောက်ပြောင်နေတာ၊ ကျွန်မရဲ့ ခံစားချက်ကို ကစားနေတာ မဟုတ်ဘူးဆိုတာ သေချာလား။”
“မုန့်ချင်ကျိုး... ကျွန်မ ရှင့်ကို နောက်ဆုံးအကြိမ် သတိပေးမယ်။ အခု ပြန်ဆုတ်ဖို့ အချိန်မနှောင်းသေးဘူးနော်။ တကယ်လို့ ရှင် ကျွန်မကို လိမ်ညာပြီး နှလုံးသားကို ကစားနေတာလို့ သိလိုက်ရရင် ကျွနမ...”
တုန်းဖန်လျူလီ၏ အသံမှာ အေးစက်သွား၏။ “ကျွန်မ ရှင့်ကို တကယ် သတ်ပစ်မှာ...”
မုန့်ချင်ကျိုး မျက်ခုံးပင့်လိုက်မိသည်။
ဘာကြောင့်မှန်း မသိသော်လည်း ထိုအချိန်တွင် သူ တစ်ခုခုကို သတိပြုမိလိုက်သည်။ ဧကရီ ကျောက်ယွီဟွမ်နှင့် တိုက်ခိုက်တုန်းက ထွက်ပေါ်လာသော သတ်ဖြတ်ချင်စိတ်မျိုးနှင့် တူနေသလိုပင်။
ငါ့စိတ်ထင်တာ နေမှာပါ...
မုန့်ချင်ကျိုးက ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။
ဒါက အရေးကြီးတဲ့ အချိန်လေ၊ တခြား အမျိုးသမီးတစ်ယောက်အကြောင်း တွေးပြီး အာရုံပျံ့လို့ မဖြစ်ဘူး။
မုန့်ချင်ကျိုးက လေးနက်စွာ ပြောလိုက်သည်။ “ကိုယ် မုန့်ချင်ကျိုးမှာ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ မရှိပါဘူး။ ကိုယ့်ဘဝရဲ့ အကြီးမားဆုံး ရည်မှန်းချက်က ကမ္ဘာကြီး ငြိမ်းချမ်းဖို့နဲ့ လူတွေ သာယာဝပြောဖို့ပါပဲ။ တခြား တစ်ယောက်က အဲဒီဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးထားရင် ကိုယ်ကတော့ ဘာမှမလုပ်ဘဲ လှဲနေရုံပဲ...”
“ကိုယ်တို့ နှစ်ယောက်လုံးက သာမန်လူသားလေးတွေပဲဆိုတော့ ကိုယ့်တို့အတွက် နွေးထွေးမှုလေး နည်းနည်းပဲ လိုအပ်တာ။ အဲဒီနွေးထွေးမှုကို မင်းက ဖြည့်ဆည်းပေးလိုက်သလိုပဲ...”
တုန်းဖန်လျူလီ၏ အေးစက်သော မျက်ဝန်းများမှာ နွေဦးနှင်းများ အရည်ပျော်သကဲ့သို့ ပျောက်ကွယ်သွားပြီး မုန့်ချင်ကျိုးကို နွေးထွေးစွာ စိုက်ကြည့်နေမိသည်။
ထိုအချိန်တွင် ဧကရီဟာ နိုင်ငံရေးကိစ္စများကို မတွေးတော့ပေ။ ဘာကိုမှ မစိုးရိမ်တော့သလို၊ ဘာကိုမှလည်း မတွန့်ဆုတ်တော့။
အကြောင်းအကျိုး စဉ်းစားလွန်းတဲ့ ဘဝတစ်ခုမှာ တစ်ခါတလေတော့လည်း နဂိုအတိုင်း အမှားတစ်ခုလောက် လုပ်မိသင့်တယ် မဟုတ်လား။ မဟုတ်ရင် နောင်တရနေရလိမ့်မယ်။
[ ငါတော့ ကိုယ်ရောစိတ်ပါ လုံးဝ ရှုံးနိမ့်သွားပြီ.. ]
ရုတ်တရက်...
တုန်းဖန်လျူလီက မုန့်ချင်ကျိုး၏ လည်ပင်းကို ဖက်လိုက်ပြီး သူ့ကို နမ်းလိုက်တော့သည်။ သူတို့၏ နှုတ်ခမ်းများမှာ အတွေ့အကြုံမရှိဘဲ ခပ်ရိုင်းရိုင်းနှင့် စိတ်အားထက်သန်သော အနမ်းတစ်ခုအဖြစ် ဆုံတွေ့သွားကြ၏။
မုန့်ချင်ကျိုး စစချင်း လန့်သွားသော်လည်း ထို့နောက်မှာတော့ သူက တုန်းဖန်လျူလီ၏ခေါင်းကို အားပါပါနှင့် ထိန်းကိုင်လိုက်ပြီး နဂါးတစ်ကောင်လို ကျူးကျော်ကာ နှုတ်ခမ်းလွှာများကို ပြန်လည် သိမ်းပိုက်လိုက်တော့သည်။
“အင်း....”
တုန်းဖန်လျူလီ၏ တင်းတင်းစိထားသော မျက်လုံးများ ရုတ်တရက် ပွင့်သွားပြီး သူ၏ အံ့ဩမှုမှာ တဖြည်းဖြည်းနှင့် စွဲလမ်းမှုအဖြစ် ပြောင်းလဲသွားကာ သူ၏ ကိုယ်ခန္ဓာမှာလည်း ပျော့ခွေသွားတော့သည်။
...
ဆေးခန်းအပြင်ဘက်တွင်။
“ခမည်းတော် ဘယ်လိုလုပ် သေနိုင်မှာလဲ၊ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ မုန့်ချင်ကျိုး... ကြင်ရာတော်... မင်းကို ငါ အပိုင်းပိုင်း မဖြတ်ရရင် ငါ့နာမည်က ကျော်ကော် မဟုတ်ဘူး...”
ပင်ပန်းနွမ်းနယ်နေပြီး မျက်တွင်းဟောင်းလောင်းဖြစ်နေသော လူငယ်တစ်ဦးမှာ လမ်းလျှောက်လာနေသည်။ သူ ခေါင်းအလှည့်တွင် ဆေးခန်းထဲရှိ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက မျက်စိစည်းထားသော လူငယ် တစ်ဦးကို စိတ်ပါလက်ပါ နမ်းနေသည်ကို မြင်လိုက်ရသည်။
“မဟာကျင်းရဲ့ ဧကရီ...”
“ပြီးတော့ မုန့်ချင်ကျိုး...”
ကျော်ကော်၏ မေးရိုးမှာ ပြုတ်ကျမတတ် ဟသွားပြီး လည်ချောင်းထဲမှ ထူးဆန်းသောအသံများ ထွက်ပေါ်၍ လာခဲ့သည်။
ဒါက ဘာတွေ ဖြစ်နေတာလဲ။
သူ ခုနကတင် ကြင်ရာတော်အကြောင်း တွေးနေတာလေ၊ အခုတော့ တစ္ဆေခြောက်သလိုမျိုး ရှေ့မှာ ပေါ်လာတာလား...
ပြီးတော့ ဧကရီကလည်း မုန့်ချင်ကျိုးရဲ့ လက်ထဲမှာ လုံးဝ ပျော့ခွေနေပြီး ဆေးခန်းတံခါးကြီး ဟင်းလင်းဖွင့်ထားပြီး တိုင်းတပါးမှာ စိတ်ပါလက်ပါ နမ်းနေကြတာ။
ကျော်ကော် စိတ်ပျက်အားငယ်သွားပြီး မျက်ရည်များနှင့် နှပ်များ ကျလာတော့သည်။ သူ ဧကရီ သိသွားမည်ကို ကြောက်သဖြင့် ပါးစပ်ကို ပိတ်ကာ ထောင့်တစ်နေရာသို့ ပြေးသွားပြီး စိတ်ပျက်လက်ပျက် လဲကျသွားတော့သည်။
“တောက်... မုန့်ချင်ကျိုး၊ ငါ မင်းကို မုန်းတယ်....”
“ငါ့အဖေက မင်းကြောင့် သေခဲ့ရတာ၊ ငါ အလေးစားဆုံး အမျိုးသမီးကလည်း မင်းရဲ့ ကစားစရာ ဖြစ်နေပြီ။ မင်းက ငါ့ရဲ့ ကံကြမ္မာရန်သူပဲလား...”
ကျော်ကော်က ဝမ်းနည်းပက်လက်ဖြင့် ခေါင်းကို မြေကြီးနှင့် ဆောင့်နေမိသည်။
သူ့ဘဝရဲ့ အစပိုင်းက ဂုဏ်သိက္ခာတွေနဲ့ ပြည့်နေခဲ့တာလေ။ အနာဂတ်ကလည်း တောက်ပနေတယ်၊ သူ့ရဲ့ အဖေကလည်း ရည်မှန်းချက်ကြီးပြီး အားအင်တွေ ပြည့်နေခဲ့သလို၊ သူ့မှာလည်း ကမ္ဘာပေါ်မှာ အားအင်အရှိဆုံး ခန္ဓာကိုယ် ရှိနေခဲ့တာ။
ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်လက ပစ္စုပ္ပန်ကျေးရွာ မှာ ဟင်းသီးဟင်းရွက် ရောင်းသူအဖြစ် ဟန်ဆောင်နေတုန်း အဲဒီလူနဲ့ ဆုံခဲ့ရာကစပြီး သူ့ရဲ့ ဂုဏ်သိက္ခာတွေ ပျောက်ဆုံးသွားပြီးတော့ သူ့ဘဝက တဖြည်းဖြည်းနဲ့ ပိုပြီး သနားစရာ ကောင်းလာခဲ့တာပဲ။
ကျော်ကော်က ထောင့်တစ်နေရာမှ ချောင်းကြည့်ရင်း သွေးမျက်ရည်များ စီးကျနေကာ အင်္ကျီလက်ကို ကိုက်ပြီး ကြည့်နေမိသည်။
သို့သော် ကြည့်နေရင်းနှင့် ကျော်ကော် မှင်တက်သွား၏။
မမျှော်လင့်ထားသော ထိတ်လန့်စရာ တွေ့ရှိမှုတစ်ခုက သူ့ကို မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရစေသည်။
“ဒါ... ကောင်းကင်ကံထူးရှင်ခန္ဓာ မဟုတ်လား။”
“ဒါ ငါ့ရဲ့ ကောင်းကင်ကံထူးရှင်ခန္ဓာ မဟုတ်လား...”
ကျော်ကော်က မမြင်ရသလောက်နီးပါးရှိသော နေရောင်ခြည်တန်းများမှာ မုန့်ချင်ကျိုးထံသို့ ချဉ်းကပ်သွားပြီး ခရမ်းရောင် စွမ်းအင်များအဖြစ် ပြောင်းလဲကာ ခန္ဓာအတွင်းသို့ စီးဝင်သွားသည်ကို မြင်လိုက်ရသည်။
ကောင်းကင်ကံထူးရှင်ခန္ဓာ၏ အမှတ်အသားမှာ အရာအားလုံး၏ အဆီအနှစ်တွေကို စုပ်ယူပြီး နေနှင့် လကိုပင် ကျင့်စဉ်စွမ်းအင်အဖြစ် ပြောင်းလဲကာ ပိုင်ရှင်၏ ကျင့်စဉ်ကို အမြဲ တိုးတက်နေစေခြင်းပင်။
လွန်ခဲ့သော ရက်အနည်းငယ်က ကျော်ကော်၏ ကောင်းကင်ကံထူးရှင်ခန္ဓာ လျို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံး သွားခဲ့၍ သူ စိတ်ပျက်အားငယ်ခဲ့ရသည်။ ကောင်းကင်ကြီးက သူ့ကို မျက်ကွယ်ပြုပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် ကြံစည်ခဲ့၏။
“ခွင့်မလွှတ်နိုင်ဘူး၊ လုံးဝ ခွင့်မလွှတ်နိုင်ဘူး...”
ကျော်ကော်၏ နှာခေါင်းများမှာ ဒေါသကြောင့် ပွထွက်နေတော့သည်။ ကျောက်ယွီဟွမ် သေဆုံးခဲ့စဉ်ကပင် သူ ထိုမျှလောက် မဒေါသထွက်ခဲ့ပေ။
လူတစ်ယောက်ရဲ့ ကျင့်စဉ်အခြေခံကို ခိုးယူတာက သူ့ရဲ့မိဘကို သတ်တာထက်တောင် ပိုပြီး ဆိုးရွားတဲ့ ကိစ္စပဲ...
“ငါ ရှေးဟောင်းသားရဲချုံးရဲ့ ယုံကြည်မှုကို ရတာနဲ့ မင်းတို့နှစ်ယောက်လုံး ပြီးပြီသာ မှတ်ထားလိုက်...”
...
တစ်နာရီခန့် ကြာပြီးနောက် သူတို့၏ နှုတ်ခမ်းများ ခွာလိုက်ကြသည်။
တုန်းဖန်လျူလီက အမောတကော အသက်ရှူနေပြီး ကိုယ်ခန္ဓာမှာ ရွှံ့နွံလိုပျော့ခွေကာ မုန့်ချင်ကျိုး၏ ရင်ခွင်ထဲ မှီထားတော့သည်။ သူ၏ နူးညံ့လှသော လက်ချောင်းလေးများဖြင့် မုန့်ချင်ကျိုး၏ ပါးပြင်ကို အသာအယာ ပွတ်သပ်နေမိသည်။
[ ငါ့ရဲ့ ပထမဆုံး အနမ်းတော့ ပေးလိုက်ရပြီ... ]
“ရှင် ကျွန်မကို တာဝန်ယူရမယ်နော်။ တကယ်လို့ ရှင် စိတ်ပြောင်းသွားတာနဲ့ ကျွန်မ ရှင့်ကို အရင်သတ်မယ်။ ပြီးရင် တစ်လောကလုံးကို သိမ်းပိုက်ပြီးတော့ နောက်ဆုံးမှာ ရှင့်နောက်ကို လိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် သတ်ပစ်မယ်...”
တုန်းဖန်လျူလီ၏ ချိုသာလှသော ခြိမ်းခြောက်မှုကို ကြားသော် မုန့်ချင်ကျိုးက ဘာမှပြန်မပြောဘဲ သူ၏ မေးစေ့ကို မကာ အနမ်းကြမ်းကြမ်းတစ်ခု ထပ်ပေးလိုက်ပြန်သည်။
တခြား အကြောင်းပြချက် မရှိပေ၊ သူက အရမ်းကို အရသာရှိလွန်း၍ပင်။
ချိုမြိန်ပြီး နူးညံ့တယ်။ ချောမွတ်ပြီး အရသာရှိတာက ကမ္ဘာပေါ်မှာ ရှိသမျှ အကောင်းဆုံး စားဖွယ်တွေထက်တောင် ပိုကောင်းနေသေးတယ်။
ကျင့်ကြံသူတွေရဲ့ ကိုယ်ခန္ဓာကတော့ အရင်ဘဝက သာမန်လူတွေရဲ့ ကိုယ်ခန္ဓာနဲ့ တကယ်ကို ယှဉ်လို့မရပါလား...
“စိတ်မပူပါနဲ့၊ ဧကရီဆီက ကတိရထားပြီးသားပါ။ မဟာကျင်းမှာ နှစ်နှစ်၊ သုံးနှစ်လောက် အမှုထမ်းပြီးတာနဲ့ သူက ကိုယ်တို့ကို လွှတ်ပေးမှာ။ အဲဒီကျရင် ကိုယ်တို့ လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနိုင်ပြီ...” မုန့်ချင်ကျိုးက ပြောလိုက်သည်။
၎င်းကို ကြားသော် တုန်းဖန်လျူလီ ချက်ချင်း အသိပြန်ဝင်လာသည်။
ငါက မဟာကျင်းရဲ့ ဧကရီလေ၊။ တစ်နေ့ကျရင် သူ သိသွားမှာပဲ။ အဲဒီကျရင် သူ လက်ခံနိုင်ပါ့မလား...
ငါးပိကောင်မုန့်က ဒုက္ခရောက်မှာကို အကြောက်ဆုံးပဲ။ သူက ရိုးရှင်းတဲ့ ဘဝလေးကိုပဲ လိုချင်တာ။ ငါကတော့ တိုက်ပွဲတွေနဲ့ သွေးချောင်းစီးတဲ့ လမ်းစဉ်ကို လျှောက်ရမယ့်သူ။
တကယ်လို့ သူ ငါ့ရဲ့ တကယ့်သရုပ်မှန်ကို သိသွားပြီး ထွက်ပြေးသွားရင် ငါ ဘာလုပ်မလဲ။ ဘာပဲဖြစ်ဖြစ် အစကတည်းက ငါ့အမှားပဲလေ။
တုန်းဖန်လျူလီ တစ်ယောက် အကြပ်ရိုက်သွားပြီး အသစ်စက်စက် အချစ်များအပေါ် ရေအေးနှင့် အပက် ခံလိုက်ရသလို ခံစားလိုက်ရသည်။
မုန့်ချင်ကျိုးလည်း တစ်ခုခုကို တွေးမိသွား၏။
ငါက အချိန်နဲ့နေရာလွတ် ဓားသူတော်စင်လေ။ အနာဂတ်မှာ ပေါ်ထွက်လာပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ် စေမယ့်သူ။
လျူလီက ငါးပိကောင်မုန့်ကို ချစ်တာလား၊ ဒါမှမဟုတ် မုန့်ချင်ကျိုးကို ချစ်တာလား...
ထိုနာမည်နှစ်ခုက အဓိပ္ပာယ်များ ကွဲပြားနေသည်။
ငါးပိကောင်မုန့်ဆိုတာက သူ့ရဲ့ အေးအေးဆေးဆေး နေတတ်တဲ့ စရိုက်ကို ကိုယ်စားပြုတယ်။
မုန့်ချင်ကျိုး ဆိုတာကတော့ သူ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ၊ သူ့ရဲ့ အချစ်တွေကတော့ ကျန်ရှိနေမယ့် သူ့ကိုယ်သူ ကိုယ်စားပြုတယ်။
“ခေါင်းကိုက်လိုက်တာ...” မုန့်ချင်ကျိုး မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ခုနက စိတ်ပါလက်ပါ နမ်းနေကြသော စုံတွဲသည် အခုတွင် တစ်ယောက်နှင့်တစ်ယောက် စကားမပြောဘဲ စစ်အေးတိုက်ပွဲ စတင်လိုက်ကြတော့သည်။