ကောင်းကင်ကြီး ဖျားနေတယ်၊ ကူးစက်ခံရမှာ သတိထား
Vol. 4 Ch. 56
ရောက်လာသူ၏ အသံက သိပ်မကျယ်သော်လည်း လူတိုင်းကြားနိုင်လောက်အောင် ရှင်းလင်းလှသည်။
လူအုပ်ကြီးက အသံလာရာဘက်ကို လှည့်ကြည့်လိုက်ကြ၏။
အတောင်ပံခြောက်ခုနှင့် တမန်တော်မလေး လျန်ယွဲ့ တစ်ယောက်သာ ခေါင်းမလှည့်ခဲ့ပေ။ သူက ဒူးတစ်ဖက် ထောက်ပြီး ပြောလိုက်သည်။ “လျန်ယွဲ့ မြို့တော်ဝန်ကို ဂါရဝပြုပါတယ်...”
တမန်တော် သက်တော်စောင့်တစ်ဦးအနေနဲ့ လျန်ယွဲ့က ရှေးဟောင်းနတ်ဘုရားမြို့တော်၏ မြို့တော်ဝန်အသံကို ကောင်းကောင်းသိ၏။
လျန်ယွဲ့က စိတ်လှုပ်ရှားစွာဖြင့် လက်ယှက်ကာ ဂါရဝပြုရင်း ပြောလိုက်သည်။ “မြို့တော်ဝန်... ကျွန်မ မြို့ထဲကို ခိုးဝင်လာတဲ့ လူသားတစ်ယောက်ကို ရှာတွေ့ထားပါတယ်။ သူ့ကို ဘယ်လိုစီရင်မလဲဆိုတာ ဆုံးဖြတ်ပေးပါဦး။”
ရောက်လာသူက မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ မြို့ထဲမှ တိုင်းတပါးမျိုးနွယ်စုများ အားလုံးက ဒူးထောက်လိုက်ကြပြီး ကြည်ညိုလေးစားမှုအပြည့်ဖြင့် ဟစ်ကြွေးလိုက်ကြသည်။ “မြို့တော်ဝန်ကို ဂါရဝပြုပါတယ်...”
ဤမြို့က တိုင်းတပါးသားများအတွက်တော့ ချုံးသည် သူတို့၏ကောင်းကင်၊ သူတို့၏နတ်ဘုရားပင်...
ချုံး ရှိနေသရွေ့ မည်သူ၊ မည်သည့်အင်အားစုကမှ နတ်ဘုရားမြို့တော်ကို မစော်ကားရဲသလို၊ မြို့ထဲမှ တိုင်းတပါးသားတွေကိုလည်း ရန်မပြုရဲကြပေ။
တုန်းဖန်လျူလီက မျက်မှောင်ကြုတ်ပြီး ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်ကို လှမ်းကြည့်လိုက်၏။
မဟုတ်သေးဘူး... သူ့ကို မိန်းကလေးလို့ ခေါ်လို့မရဘူး၊ သူက ရင်သားပြားပြားနဲ့ သွယ်လျတဲ့ ကလေးမလေး တစ်ဦးလိုပဲ။
ထိုအမျိုးသမီးငယ်လေးက ဆံပင်ကို မြင်းမြီးပုံစံ အမြင့်စီးထားပြီး မျက်ဝန်းတွေက ထက်မြက်လှ၏။ သူက မုန့်ချင်ကျိုးကို စိုက်ကြည့်နေပြီး တစ်ခုခုကို စဉ်းစားနေသလိုမျိုး မျက်ခုံးလေးများ အနည်းငယ် တွန့်နေသည်။
“ဟေး...”
တုန်းဖန်လျူလီက ထိုအမျိုးသမီးငယ်လေး၏ ရှေ့တွင် ပိတ်ရပ်ပြီး မြင်ကွင်းကို ကာလိုက်သည်။ သူက ခပ်ယဲ့ယဲ့ပြုံးရင်း အေးစက်တဲ့မျက်ဝန်းနှင့် ပြောလိုက်သည်။ “သူများယောကျ်ားကို ဒီလိုမျိုး စိုက်ကြည့်နေတာက မယဉ်ကျေးရာမကျဘူးလား...”
ဒီအမျိုးသမီးငယ်လေးက တခြားသူ မဟုတ်ပေ။ ရှေးဟောင်းနတ်ဘုရားမြို့တော် အရှင်သခင်၊ ရှေးဟောင်း သားရဲကြီးချုံးပင် ဖြစ်သည်။
ချုံးက တုန်းဖန်လျူလီကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းလေး အသာလှုပ်ရုံနှင့် အသံလွှင့်ကာ ပြောလိုက်သည်။ “မဟာကျင်းရဲ့ ဧကရီ၊ ငါ နင့်ကိုသိတယ်။ နင့်ရဲ့နာမည်က ကျော်ကြားပါတယ်။ ဒါပေမဲ့ ကောင်းတဲ့ဘက်မှာတော့ မဟုတ်ဘူးပေါ့။ နင့်ယောကျ်ားက နင်ဟာ သွေးဆာနေတဲ့၊ ရက်စက်တဲ့ အာဏာရှင်တစ်ယောက်ဆိုတာကို သိသွားမှာကိုတော့ နင် အလိုရှိမှာမဟုတ်ဘူး မဟုတ်လား။”
“ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေပါ။ ငါက ပြဿနာရှာဖို့ လာတာမဟုတ်ဘူး...”
တုန်းဖန်လျူလီ မျက်လုံးများ မှေးသွားရသည်။
ထိုမျှ မောက်မာသော အမျိုးသမီးမျိုးကို သူ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
နှစ်ပေါင်း သိန်းချီ ရှင်သန်လာခဲ့သော ရှေးဟောင်းအကြွင်းအကျန်၊ နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းက အထွတ်အထိပ်သတ္တဝါဖြစ်၍သာ သူကို တစ်ချက်ကြည့်ရုံနှင့် အကဲခတ်မိသည်မှာ မဆန်းပေ။
“ဘာလိုချင်လို့လဲ...” တုန်းဖန်လျူလီက အသံလွှင့်ပြီး ပြန်မေးလိုက်သည်။
“အဲဒါကို ငါ နင့်ကို မေးရမှာ။ လူသားတွေရဲ့ ဧကရီက ဘာဖြစ်လို့ နတ်ဘုရားမြို့တော်ထဲကို ခိုးဝင်လာတာလဲ။” ချုံးက မေးလိုက်သည်။
“ငါ့ကြင်ရာတော်ကို လာရှာတာ...” တုန်းဖန်လျူလီက ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။
ချုံးက အသာအယာ ခေါင်းညိတ်ပြီး အသံလွှင့်လိုက်ပြန်သည်။ “စိတ်ဝင်စားစရာ ကောင်းသားပဲ။ မဟာကျင်းရဲ့ အစွမ်းထက်လှတဲ့ ဧကရီက သာမန်လူသားတစ်ယောက်ကို ကြင်ရာတော်အဖြစ် ယူထားတယ်ပေါ့...”
“ငါ သဘောကျလို့ ယူတာလေ။ ဘာပြဿနာရှိလို့လဲ..” တုန်းဖန်လျူလီက ပြတ်ပြတ်သားသား ပြန်ပက်လိုက်၏။
စနစ်က ဖုံးကွယ်ပေးထားတာကြောင့် ချုံးပင် မုန့်ချင်ကျိုး၏ လရောင်ထွန်းလင်းနယ်ပယ် ဓားသူတော်စင် အဆင့်ကို မမြင်နိုင်ပေ။ ဒဏ္ဍာရီလာ ကောင်းကင်ထောက်တိုင်နယ်ပယ်က ပုဂ္ဂိုလ်များပင် မုန့်ချင်ကျိုး၏ ကျင့်စဉ်ကို မြင်နိုင်မည် မဟုတ်ပေ။
ချုံးက တုန်းဖန်လျူလီကို ဂရုမစိုက်တော့ဘဲ ပြောလိုက်သည်။ “နင်တို့နှစ်ယောက်ကို စားသောက်ပွဲ ဖိတ်ချင်လို့ပါ။ သမားတော်မုန့်က ဘာလို့ ငြင်းရတာလဲ...”
“မသွားချင်လို့ပါ။” မုန့်ချင်ကျိုးက အေးအေးဆေးဆေး ပြောလိုက်သည်။
ချုံး၏ အမူအရာက မပြောင်းလဲဘဲ ဆက်ပြောသည်။ “ငါနဲ့အတူ ထမင်းတစ်နပ်လောက် စားပေးပြီး မေးခွန်း အနည်းငယ်ကို ဖြေပေးမယ်ဆိုရင်၊ နတ်ဘုရားမြို့တော်ထဲကို ခိုးဝင်လာတဲ့ ရှင့်ဇနီးရဲ့ အပြစ်ကို ခွင့်လွှတ်ပေးမယ်။ ဘယ်လိုလဲ။”
တမန်တော်မလေး လျန်ယွဲ့က မနေနိုင်ဘဲ ဝင်ပြောသည်။ “မြို့တော်ဝန်... လူသားတွေက ယုတ်မာပြီး ကောက်ကျစ်တတ်တယ်။ သူတို့ကို အလွယ်တကူ လွှတ်မပေးသင့်ဘူး...”
ချုံး၏ အေးစက်သော မျက်ဝန်းများက လျှပ်စီးလို ဝင်းလက်သွားသည်။ “ငါ ဘာလုပ်ရမယ်ဆိုတာကို နင်က ဘယ်တုန်းကစပြီး ညွှန်ကြားရဲသွားတာလဲ။”
လျန်ယွဲ့ဟာ ထိတ်လန့်တကြားနှင့် ချက်ချင်း ဒူးထောက်လိုက်၏။ “ကျွန်မ အမှားလုပ်မိပါတယ်...”
၎င်းကို မြင်သော် အကြံပေးချင်နေကြသော တခြားတိုင်းတပါးသားများလည်း ပါးစပ်ကို ပိတ်ထားလိုက် ကြတော့သည်။
“သဘောတူတယ်၊ ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်။ ကျုပ် တစ်ယောက်တည်းပဲ လိုက်ခဲ့မယ်။ ကျုပ်ဇနီးကတော့ လိုက်လို့မဖြစ်ဘူး...” မုန့်ချင်ကျိုးက ပြောလိုက်သည်။
“နင့်သဘောအတိုင်းပဲ...” ချုံးက ခေါင်းညိတ်သဘောတူလိုက်၏။
တုန်းဖန်လျူလီ ကြောင်သွားပြီး မုန့်ချင်ကျိုးကို မျက်တောင်ခတ်ရင်း ကြည့်နေမိတယ်။ သူက မုန့်ချင်ကျိုး၏ အားနည်းချက်ကို ဆွဲကိုင်လိုက်ပြီး မာဆတ်ဆတ်နှင့် မေးလိုက်သည်။ “ရှင် ဘာကို ဆိုလိုတာလဲ။”
“မြို့တော်ဝန်မိန်းမလှနဲ့ ရှင့်ရဲ့ ရိုမန့်တစ်ဆန်တဲ့ တွေ့ဆုံပွဲကို ကျွန်မ ကြားဖြတ်နှောင့်ယှက်မှာ ကြောက်လို့လား။”
မုန့်ချင်ကျိုး စိတ်ညစ်သွားပြီး ချက်ချင်း ရှင်းပြလိုက်သည်။ “ဘုရား... ဘုရား... ကိုယ့်မှာ အဲဒီလို ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ မြို့တော်ဝန်က ဖျားနေတာ။ မင်း လိုက်လာရင် ကူးစက်ခံရမှာ စိုးလို့ပါ...”
သူ ထိုသို့ ပြောလိုက်သည်နှင့် တုန်းဖန်လျူလီ တစ်ယောက်တည်း ကြောင်အသွားသည် မဟုတ်ပေ။
လမ်းပေါ်တွင် စုရုံးနေသော တိုင်းတပါးသားများပင် မှင်တက်သွားကြသလို၊ တမန်တော်မလေး လျန်ယွဲ့လည်း အံ့ဩလွန်းလို့ မျက်လုံးများ ပြူးထွက်မတတ်ပင်။
တိတ်ဆိတ်နေသော ချုံး၏ မီးခိုးရောင်မျက်ဝန်းများက ဇဝေဇဝါဖြစ်မှုများ ပေါ်လာပြီး မေးလိုက်သည်။ “သမားတော်မုန့်... နင့်စကားက ငါ့ကို စော်ကားလိုက်တာလား။”
တုန်းဖန်လျူလီက မုန့်ချင်ကျိုးက ထိုမျှထိ သတ္တိကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အခြားသူတွေက ဧကရီမှာ ကမ္ဘာကို သိမ်းပိုက်ဖို့ အကန့်အသတ်မရှိတဲ့ ရည်မှန်းချက်နဲ့ သတ္တိရှိတယ်လို့ ပြောကြတယ်။ အခုကြည့်ရတာတော့ အဲဒီအကဲဖြတ်ချက်ကို ရှင့်ကိုပဲ ပေးသင့်တာ ထင်တယ်။
ရှင်က ငါးပိကောင်မုန့် မဟုတ်ဘူး၊ သတ္တိခဲမုန့် ပဲ...
“ဟင့်အင်း... မဟုတ်ပါဘူး၊ ဒါ အထင်လွဲတာပါ...” မုန့်ချင်ကျိုးက လက်ကို အမြန် ဝေ့ယမ်းလိုက်သည်။ “မြို့တော်ဝန်... ကျုပ် ပွင့်ပွင့်လင်းလင်း ပြောတာကို ခွင့်လွှတ်ပါ။ ဒါပေမဲ့ မြို့တော်ဝန်က ကိုယ့်အခြေအနေကိုယ် မသိဘူးလား။”
မုန့်ချင်ကျိုး၏ အသံက ရုတ်တရက် တည်ငြိမ်သွားသည်။ “ကျုပ်ဇနီးနဲ့ ကျုပ်မှာ ဘာကျင့်စဉ်မှ မရှိဘူး။ နတ်ဘုရားကပ်ဘေးရဲ့ တိုက်စားမှုကို ကျုပ်တို့ မခံနိုင်ဘူး။ ကျုပ် စားသောက်ပွဲကို လိုက်လာတာက ဇနီးသည်ရဲ့ အပြစ်ကို ဆေးကြောဖို့ပါ။ နောက်ထပ် လူတစ်ယောက်ကိုတော့ ဆွဲမထည့်ပါနဲ့တော့။ ဘယ်လိုလဲ။”
၎င်းကို ကြားလိုက်သောအခါ ချုံး၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး မုန့်ချင်ကျိုးကို စိုက်ကြည့်လိုက်၏။
နတ်ဘုရားကပ်ဘေးဒုက္ခ ဆိုတာက အမြဲတမ်း လျို့ဝှက်ချက် ဖြစ်နေခဲ့တာ။ ဒီသာမန်လူသားက ဘယ်လိုလုပ် သိနေတာလဲ။
ပြီးတော့ သူက အတော်လေး သိနေတာပဲ။ မုန့်ချင်ကျိုးရဲ့ စကားအနည်းငယ်က သူဟာ နတ်ဘုရား ဘေးဒုက္ခအကြောင်း သိရုံတင်မကဘဲ အဲဒါဟာ နှစ်တစ်ရာမှာ တစ်ကြိမ်ဖြစ်တတ်တယ်ဆိုတာကိုပါ တွက်ဆ ထားနိုင်မှန်း ပေါ်လွင်နေတယ်။ မဟုတ်ရင် သူ့ဇနီး တိုက်စားခံရမှာကို ဘာလို့ စိုးရိမ်နေမှာလဲ။
“နင်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ...” ချုံးက ခပ်ယဲ့ယဲ့လေး ပြုံးရင်း ပြောလိုက်သည်။ “ဒါပေမဲ့ စိတ်ချပါ၊ အဲဒီကပ်ဘေးကို နှိမ်နင်းထားပြီးသားမို့လို့ အချိန်တိုအတွင်းတော့ ပျံ့နှံ့မှာ မဟုတ်ဘူး...”
မုန့်ချင်ကျိုး၏ အမူအရာက ပြေလျော့သွားပြီး အားတုံ့အားနာနှင့် ပြုံးလိုက်သည်။- “အာ... ဟုတ်လား။”
“အဲ... အဲဒါကို အစောကြီးကတည်းက ပြောရမှာပေါ့... ကဲ... မိန်းမ၊ ကိုယ်နဲ့အတူ စားသောက်ပွဲ လိုက်ခဲ့လို့ ရပြီ။”
တုန်းဖန်လျူလီက ခေါင်းလေးစောင်းလိုက်သည်။ “မိန်းမ... အဲဒါ ဘာကို ဆိုလိုတာလဲ။”
“အဲဒါက “ဇနီး”လို့ ပြောတာ...”
“ဪ... ဒါနဲ့၊ ခုနက ရှင်နဲ့ မြို့တော်ဝန်က ဘာပဟေဠိတွေ ပြောနေကြတာလဲ။ ကြည့်ရတာ ရည်းစားတွေကြားက လျို့ဝှက်စကားတွေနဲ့ တူနေသလိုပဲ။ ကျွန်မကို ပြောပြလို့ရမလား။” တုန်းဖန်လျူလီက အန္တရာယ်ရှိသော အပြုံးလေး ပြလိုက်သည်။
မုန့်ချင်ကျိုး၏ အန္တရာယ်အချက်ပေးသံများ မြည်လာပြီး ပြုံးလျက် ပြောလိုက်သည်။ “အိမ်ရောက်မှ ပြောပြမယ်လေ။ လူပုံအလယ်မှာ မြို့တော်ဝန်ကို အရှက်မခွဲပါနဲ့။ မင်း သိတဲ့အတိုင်း သူက ဖျားနေတာကို...”
တုန်းဖန်လျူလီ အံ့ဩဟန်ဆောင်ပြီး အသံကို မြှင့်လိုက်သည်။ “အဲဒီလို... အရှက်ရစရာကောင်းတဲ့ ရောဂါမျိုးလား။ မြို့တော်ဝန်က ဒီလောက်အထိ အကျင့်ပျက်လိမ့်မယ်လို့ မထင်ထားဘူး”
မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “အဒေါ်ကြီးရယ်... အဲဒီလိုတွေ မပြောပါနဲ့။ သူ ကြားသွားလိမ့်မယ်...”
...
...
ထိုစုံတွဲက တစ်ယောက်နှင့်တစ်ယောက် ကပ်ပြီး ဟိုအကြောင်း ဒီအကြောင်းများ စကားစမြည်ပြောရင်း မျက်နှာပျက်နေသော ချုံး၏နောက်ကို လိုက်ပြီး မြို့စားဂေဟာဆီ သွားနေကြသည်။
သူတို့နှစ်ယောက်လုံးက ချုံးကို ထူးထူးခြားခြား ကြောက်မနေကြပေ။ အကယ်၍ တိုက်ခိုက် မနိုင်လျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်သည် မဟုတ်ပါလား။
ထို့ပြင် ချုံးက မြို့ထဲတွင် စတင်၍ မတိုက်ခိုက်ရဲကြောင်းကိုလည်း သူတို့ သေချာပေါက် သိနေကြသည်။ မဟုတ်လျှင် တစ်မြို့လုံးက လူများ အသက်ရှင်မည် မဟုတ်တော့ပေ။
မုန့်ချင်ကျိုးက ချုံးအကြောင်းကို ပိုသိထားပြီး နတ်ဘုရားကပ်ဘေးကာလတွင် သူ၏ ခွန်အားများ အများကြီး လျော့နည်းသွားပြီး အရမ်းအားနည်းသွားတတ်ကြောင်းကို သိနေ၏။
ထို့ကြောင့် သူတို့နှစ်ယောက်က ရဲရဲတင်းတင်း စကားပြောနေကြခြင်းပင်။
ချုံး၏ လှပသောမျက်နှာလေးကတော့ ဒယ်အိုးဖင်လို မည်းမှောင်နေလေပြီ။ အကြာကြီး အောင့်အည်းသည်းခံ ပြီးနောက်တွင်တော့ မြို့စားဂေဟာ၏ စားသောက်ပွဲခန်းမကို ရောက်လာခဲ့ကြသည်။
စားပွဲပေါ်တွင်တော့ အရသာရှိသော ဟင်းလျာများ၊ မဟာကျင်းနန်းတော်တွင်ပင် မတွေ့နိုင်သော အဖိုးတန် ပါဝင်ပစ္စည်းမျိုးစုံနှင့် ပြည့်နှက်နေ၏။
“ကဲ... စကားတွေ ရပ်ပြီး အရင်ဆုံး စားကြပါဦး...” ချုံးက တောင့်တင်းသော အပြုံးလေးနှင့် ပြောလိုက်တော့သည်။