လှည့်ဖြားခြင်း
Vol. 33 Ch. 322
သူတော်စင် ယွိယောင်က ဆေးလုံးများကို မြင်လိုက်ရသည့် ခဏ၌ စိတ်ထဲတွင် အတွေး တစ်ခုသာ ရှိတော့သည်။ ဒီဆေးလုံးတွေက အစစ်ပဲ...
တန်ယွင်က ဝေလုံအစပ်ချောင်းကို အရန်ပစ္စည်းအဖြစ် အသုံးပြုခဲ့သော်လည်း တကယ်တမ်း ဖော်စပ်သည့် ထိပ်တန်းအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးကသာ အဆာပြေမုန့်နံ့ ထွက်နေမည် ဆိုပါက တစ်ခုခု မှားနေပြီဟု ဧကန်မုချ သံသယဝင်မိပေလိမ့်မည်။
အကြောင်းမှာ သူ့ထံတွင် တစ်ချိန်က နတ်ဘုရားအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး တစ်လုံး ရှိခဲ့ဖူးသောကြောင့်ပင်။ ထိုဆေးလုံးတွင် ထူးဆန်းသော အနံ့အသက် လုံးဝမရှိဘဲ မွှေးပျံ့လှသော ဆေးရနံ့သာ ရှိခဲ့သည်။
ယခုအချိန်တွင် ထိုအန္တိမအဆင့် ကမ္ဘာဦးကောင်းကင်ဖာထေးဆေးလုံးက ပေးစွမ်းနေသည့် ခံစားချက်မှာလည်း ထိုနည်းတူပင်။ နတ်ဘုရားအဆင့် ဆေးလုံးများတွင် တွေ့ရလေ့ရှိသည့် ကောင်းကင်ဘုံဖြစ်စဉ်များနှင့် ဆေးရနံ့များက ဝိညာဉ်သားရဲသဏ္ဌာန်အဖြစ် ဆေးအိုးဘေးတွင် ပြေးလွှားနေခြင်းမျိုး မရှိသည်မှအပ ကျန်သည့်အချက်များမှာ နတ်ဘုရားအဆင့် ဆေးလုံး၏ အားနည်းသော ဗားရှင်းတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
သူက ထိုဆေးလုံးကို ကောက်ယူကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ ဆေးရနံ့များက နှာခေါင်းထဲသို့ တိုးဝင်သွားပြီး သူ၏ ဝိညာဉ်ပင် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
“ဒီတစ်ကြိမ်မှာ ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး တစ်လုံးတည်း ဖော်စပ်နိုင်တာလား။” သူက ဆေးတိမ်တိုက်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ဆေးလုံးက အစစ်ဖြစ်ကြောင်း အတည်ပြုပြီးသည့်တိုင် သူ၏ သံသယများက လုံးဝ ဥဿုံ ပျောက်ကွယ်မသွားသေးပေ။ သူ လိုချင်သည်မှာ အကြွင်းမဲ့ သေချာမှုပင်...
“တစ်လုံးတည်းတော့ ဘယ်ရှိပါ့မလဲ၊” တန်ယွင်က အေးစက်သော မျက်ဝန်းများဖြင့် ခပ်အေးအေး ပြန်ပြောလိုက်သည်။ “ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး တစ်သုတ်မှာ ဆေးလုံး ဆယ်လုံး ပါတယ်။ အဲဒီထဲကမှ အန္တိမအဆင့် ဖြစ်မဖြစ်ဆိုတာကတော့ ဒီတစ်သုတ်ရဲ့ ကံတရားပေါ်မှာပဲ မူတည်တယ်။ ဒီတစ်သုတ်က ကျန်တဲ့ဆေးလုံးတွေကတော့ သာမန်အဆင့်တွေပဲ... ဘာလဲ။ သခင်မက သာမန်ဆေးလုံးတွေကို လိုချင်လို့လား။”
“ဒီတစ်သုတ်ထဲကပဲ ထွက်တဲ့ သာမန်အဆင့် ကမ္ဘာဦးကောင်ကင်ဖာထေး ဆေးလုံးတွေကိုလည်း ထုတ်ပြဦး။ ငါ ကြည့်ချင်တယ်...”
ထိုစကားကို ကြားသောအခါ တန်ယွင် ဘာမှ ထွေထွေထူးထူး မပြောဘဲ သူ၏ သိုလှောင် လက်စွပ်ထဲမှ ကျန်ရှိသော သာမန်ဆေးလုံး ကိုးလုံးကို ထုတ်ပေးလိုက်သည်။ ဘေးရှိ ယောင်ချီ အမျိုးသမီးကျင့်ကြံသူက ချက်ချင်း ရှေ့တိုးလာကာ ဆေးလုံးများကို ယူလိုက်ကာ သူတော်စင် ယွိယောင်၏ ရှေ့ရှိ စားပွဲပေါ်တွင် တစ်လုံးချင်း စီတင်လိုက်သည်။
ဆေးလုံးတစ်သုတ်တည်းမှ ထွက်ပေါ်လာသော ဆေးလုံးများတွင် တူညီသော ပုံစံများ ပါဝင်နေခြင်းက ဆေးလုံးများကို ခွဲခြားရာတွင် အရေးကြီးသော သက်သေပင် ဖြစ်သည်။
ဆေးလုံးများတွင် ဘာပြဿနာမှ မရှိကြောင်း အတည်ပြုပြီးနောက် သူတော်စင် ယွိယောင်က ဆေးလုံးတစ်လုံးကို ကောက်ယူကာ အခန်းထဲရှိ လူအားလုံးကို ဝေ့ကြည့်လိုက်သည်။
“သာမန်အဆင့် ကမ္ဘာဦးကောင်ကင်ဖာထေး ဆေးလုံးတွေက ဒန်တျန်ရဲ့ အရည်အသွေးကို မမြှင့်တင်ပေးနိုင်ပေမဲ့၊ ကျင့်ကြံမှုအဆင့်ကို ခိုင်မာစေပြီး အဆင့်တက်ဖို့ အဟန့်အတားဖြစ်နေတဲ့ အကျပ်အတည်းတွေကို ကျော်လွှားဖို့ ကူညီပေးနိုင်တယ်။ ဒီမှာ အန္တိမအဆင့်နဲ့ တစ်သုတ်တည်း ထွက်တဲ့ သာမန်အဆင့် ဆေးလုံး ကိုးလုံး ရှိတယ်။ စမ်းသပ်သောက်ကြည့်ချင်တဲ့ တပည့် ရှိလား။”
ဆေးစမ်းသပ်ခြင်းပင်...
ယောင်ချီ တပည့်တစ်စုမှာ တစ်ယောက်ကိုတစ်ယောက် တွေဝေစွာ ကြည့်လိုက်ကြသည်။ တန်ယွင်ကို ယောင်ချီ မြင့်မြတ်နယ်မြေသို့ မဖမ်းလာခင် အချိန်ကို သူတို့ မမှတ်မိဘဲ မနေနိုင်ကြပေ။
ထိုစဉ်က ကမ္ဘာဦး ဆေးလုံးကို ဖော်စပ်နိုင်ရန် သူတော်စင် ယွိယောင်က ဆေးဖော်စပ်သူ အများအပြားကို ဖိတ်ခေါ်ကာ ဆေးနည်းကို လေ့လာစေခဲ့ပြီး ဆေးလုံး အမျိုးမျိုးကို ဖော်စပ်ခဲ့ကြသည်။ သို့သော် ထိုဆေးလုံးများက ထိရောက်မှု ရှိ၊ မရှိ ဆိုသည်မှာ တစ်စုံတစ်ဦးက စမ်းသပ်ရန် လိုအပ်သည်။
အစပိုင်းတွင်မူ ယောင်ချီ တပည့်များမှာ ဆေးစမ်းသပ်ရန် တက်ကြွခဲ့ကြသည်။ သို့သော် အာနိသင် မသေချာသော ဆေးများကို သောက်ပြီးနောက် လူအတော်များများမှာ ရူးသွပ်သွားခဲ့ကြသည်။ ထို့နောက်တွင်မူ မည်သူမှ ဆေးစမ်းသပ်ရန် မိမိသဘောဖြင့် ရှေ့မထွက်ကြတော့ပေ။
ထို့ကြောင့် သူတော်စင် ယွိယောင်က နာမည်တိုက်ရိုက်ခေါ်ကာ ခိုင်းစေလိုက်တော့သည်။
အမည်ခေါ်ခြင်း ခံရသော တပည့်မှာ ကွပ်မျက်ခံရတော့မည့်အလား စိုးရိမ်ပူပန်နေပုံရသည်။
တန်ယွင် ဖော်စပ်တဲ့ ဆေးလုံးတွေကတော့ ချီစွမ်းအင်ဖောက်ပြန်ခြင်း မဖြစ်လောက်ပါဘူး၊ ဟုတ်တယ်မလား။
တပည့်တစ်ဦးက စိတ်ထဲမှ တွေးနေမိသည်။
နောက်ဆုံးတွင် ထိုသူက အဂ္ဂိရတ်သူတော်စင်ဟု ကျော်ကြားသူ မဟုတ်ပါလား။ သို့သော်လည်း ဖြစ်နိုင်ခြေကိုတော့ လုံးဝ ပယ်ဖျက်၍ မရပေ။ ဆေးသောက်ပြီး တစ်ခုခု မှားယွင်းသွားပါက ခက်ခက်ခဲခဲ ကျင့်ကြံထားသမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
မည်သူမျှ လောင်းကြေးမထပ်ရဲကြပေ။
အချို့က ကြောက်ရွံ့နေချိန်တွင် အချို့ကမူ စိန်ခေါ်မှုကို လက်ခံရန် ရှေ့ထွက်လာသည်။
လူအုပ်ထဲမှ လက်တစ်ဖက် မြင့်မားစွာ ထောင်တက်လာ၏။
ထိုအမျိုးသားက တည်ကြည်သော မျက်နှာထား၊ ဖြောင့်မတ်သော စကားလုံးများဖြင့် ရှေ့သို့ လှမ်းလာသည်။ “တပည့် ကျန်းကျီဖိန်က သခင်မအတွက် ဆေးစမ်းသပ်ပေးဖို့ အသင့်ပါပဲ...”
လူအုပ်ကြီးက ကျန်းမုန့်ချူးအတွက် လမ်းဖယ်ပေးလိုက်ကြသည်။
သူတော်စင် ယွိယောင်မှာ အစပိုင်းတွင် စိတ်တိုနေသော်လည်း ယောင်ချီ မြင့်မြတ်နယ်မြေသို့ အသစ်ဝင်လာသည့် ကျန်းကျီဖိန်က ရှေ့ထွက်၍ ဆေးစမ်းသပ်ပေးမည်ဆိုသည်ကို မြင်လိုက် ရသောအခါ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး ထိုတပည့်ကို ပို၍ပင် သဘောကျ သွားတော့သည်။
သို့သော် ကျန်းကျီဖိန်နှင့် မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ကိစ္စမှာ အလွန်ပင် အရေးကြီးသည်။ ကျန်းကျီဖိန်ကို ဆေးစမ်းသပ်ခြင်းကဲ့သို့ အန္တရာယ်ရှိသော အလုပ်မျိုးတွင် မပါဝင်စေသင့်ပေ။
“ငါ့ရဲ့ ယောင်ချီ မြင့်မြတ်နယ်မြေက တပည့်တွေ အများကြီးထဲမှာ၊ အသစ်ဝင်လာတဲ့ တပည့် တစ်ယောက်လောက်တောင် သတ္တိမရှိကြဘူးလား။ အခု ဆေးစမ်းသပ်ပေးမယ့်သူတွေကို ငါ နောင်တစ်ချိန်မှာ အင်မော်တယ်ဘုံကို တက်လှမ်းတဲ့အခါ ဒီလို စွန့်လွှတ်အနစ်နာခံစိတ်ရှိတဲ့ တပည့်တွေကို ဦးစားပေး ခေါ်သွားမယ်...”
ဆုလာဘ်ကြီးကြီးပေးလျှင် သတ္တိရှိသူများ ပေါ်ထွက်လာစမြဲပင်။
ထိုစကားကို ကြားသည်နှင့် ယောင်ချီ တပည့်များမှာ ဆေးစမ်းသပ်ရန် ချက်ချင်းပင် ရှေ့သို့ ထွက်လာကြတော့သည်။
သူတော်စင် ယွိယောင်က သာမန်အဆင့် ကောင်းကင်ဖာထေး ဆေးလုံး ကိုးလုံးကို အစဉ်လိုက် ဝေပေးလိုက်ပြီး ဆေးသောက်သည့် တပည့်များကို စောင့်ကြည့်သကဲ့သို့ တန်ယွင်၏ မျက်နှာထားကိုလည်း လေ့လာနေသည်။ သို့သော် တန်ယွင်က တစ်ချိန်လုံး တည်ငြိမ်နေဆဲပင်။ သူ၏ နှုတ်ခမ်းဖျားတွင် အနည်းငယ်သော လှောင်ပြုံးအရိပ်အယောင်ပင် ရှိနေသေးသည်။
ခဏအကြာတွင် တပည့်များအားလုံး ဆေးသောက်ပြီးသွားကြသည်။ သူတော်စင် ယွိယောင်က တစ်ဦးချင်းစီကို ကိုယ်တိုင် စစ်ဆေးကြည့်ရာ ထိုတပည့်များ၏ ကျင့်ကြံမှုမှာ ပိုမိုခိုင်မာလာပြီး၊ အရှိန်အဝါများ ပိုမိုနက်ရှိုင်းလာကာ အချို့သော ဒဏ်ရာဟောင်းများပင် ပြန်လည်၍ သက်သာသွားသည်ကို တွေ့လိုက်ရသည်။
၎င်းက သာမန်အဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေး ဆေးလုံးတစ်လုံး ရှိသင့်သည့် အာနိသင်ပင်။ ထိုအချက်က ဆေးလုံးတစ်သုတ်လုံးတွင် ဘာပြဿနာမှ မရှိကြောင်း သက်သေပြနေသည်။
သူတော်စင် ယွိယောင်က တန်ယွင်ကို မသိမသာ လှမ်းကြည့်လိုက်သည်။ ဆေးအာနိသင် လျော့နည်းအောင် တစ်ခုခု လုပ်ထားမည်ဟု သူ ထင်ထားသော်လည်း တန်ယွင်၏ ရိုးသားမှုက သူ့ကို အံ့ဩစေခဲ့သည်။
ထိုစဉ် တန်ယွင်၏ အေးစက်သော မျက်ဝန်းများကလည်း သူဘက်သို့ လှည့်လာပြီး လှောင်ရယ်လိုက်သည်။ “ဘာလဲ၊ ဂုဏ်သရေရှိလှတဲ့ ယောင်ချီရဲ့ သခင်မက ငါ့လို ဆေးဖော်စပ်သူလေးတစ်ယောက်ရဲ့ အကွက်ဆင်တာကို ကြောက်နေတာလား။ ငါ့မှာ အဲဒီလို အစွမ်းရှိရင် အခုလို ဒီမှာ ရှိနေပါဦးမလား။”
သူတော်စင် ယွိယောင်က ရှက်ရွံ့ခြင်း မရှိပေ။ သူက အန္တိမအဆင့် ဆေးလုံးကို သေတ္တာထဲ ပြန်ထည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ “သတိထားတော့ ပိုကောင်းတာပေါ့။ ငါ မဟာတက်လှမ်းခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာက ပါရမီနဲ့ ကံကောင်းခြင်းကြောင့်တင် မဟုတ်ဘူး။”
သူက ထိုအန္တိမအဆင့်ဆေးလုံးကို အသုံးပြု၍ ဒဏ်ရာများကို ကုသရန် ပြင်ဆင်နေပြီ ဖြစ်သည်။ သံသရာဓားအသိကြောင့် ဆုံးရှုံးသွားသော ကျင့်ကြံခြင်း အဆင့်ကို ပြန်မရနိုင်တော့သော်လည်း၊ ဒဏ်ရာသာ သက်သာသွားပါက နောင်တစ်ချိန်တွင် ပြန်လည် တက်လှမ်းနိုင်မည့် အခွင့်အရေး ရှိနေသေးသည်။
တန်ယွင်က ကျန်းမုန့်ချူးကို နှစ်မွှာကျင့်စဉ်ကိစ္စတွင် မည်သို့ ကူညီရမည်ကို စဉ်းစားနေသည်။
ရုတ်တရက် သူတော်စင် ယွိယောင်က မေးလိုက်သည်။ “တန်ယွင်၊ နင်က ဆေးနတ်ဘုရား တစ်ယောက် ဖြစ်သလို ချင်းယွန်ဘုံရဲ့ ထိပ်တန်း အဂ္ဂိရတ်ပညာရှင် တစ်ယောက်လည်း ဖြစ်တယ်။ ပြီးတော့ နင့်မှာ ဝိညာဉ်မျက်လုံး လည်း ရှိတယ်...”
“ငါ့ကို တစ်ချက်လောက် ကြည့်ပေး။ ဒီအန္တိမအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေး ဆေးလုံးက ငါ့ဒဏ်ရာတွေကို အပြီးတိုင် ကုသပေးပြီးတာ့ ငါ့ရဲ့ ကျင့်ကြံမှုကို ပထမအကြိမ်မြောက် အတိဒုက္ခ မဟာတက်လှမ်းခြင်းအဆင့် ထိပ်ဆုံးမှာ ခိုင်ခိုင်မာမာ တည်ငြိမ်စေဖို့ ဖြစ်နိုင်ပါ့မလား။”
တန်ယွင်၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားသည်။ “အိပ်ချင်နေတုန်း ခေါင်းအုံးလွှဲပေးသလိုပဲ”ဟု စိတ်ထဲမှ တွေးလိုက်မိ၏။
သူက မျက်နှာကို အေးစက်စွာ ထားကာ လှောင်ပြောင်လိုက်သည်။ “ငါ့ကို စမ်းမနေပါနဲ့။ ငါ ပြောတာကိုမှ မယုံတာ။ ဘာလို့ မေးနေဦးမှာလဲ။”
“ပြောရမှာက နင့်တာဝန်၊ ယုံတာ မယုံတာကတော့ ငါ့အပိုင်းပဲ။”
သူတော်စင် ယွိယောင်က ကျောက်စိမ်းဖျာပေါ်တွင် မှီလျက် အန္တိမအဆင့် ဆေးလုံးပါသည့် သေတ္တာကို အမှတ်မထင် ကစားနေသည်။ သူက တန်ယွင်၏ အားနည်းချက်ကို ဆုပ်ကိုင် ထားနိုင်သည်ဟု ယုံကြည်ထားသဖြင့် တန်ယွင် လိမ်ပြောမည်ကို မစိုးရိမ်ပေ။ ထို့အပြင် သူကိုယ်တိုင်လည်း အမှားအမှန်ကို ခွဲခြားနိုင်စွမ်း ရှိသည်။
တန်ယွင် ခဏ တိတ်ဆိတ်သွားပြီးနောက် အမှန်တရားကို လက်ခံလိုက်သလိုမျိုး သက်ပြင်းချကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “နင့်ရဲ့ ကျင့်ကြံမှုကို တဖြည်းဖြည်း တိုက်စားနေတာက သံသရာဓားအသိပဲ။ အန္တိမအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးက ဒန်တျန် ပျက်စီးတာကို ကုသဖို့ အဓိကပဲ။ ဒီလို ဓားအသိမျိုးကို ဖယ်ရှားဖို့ မဟုတ်ဘူး။ ဒါကြောင့် ဒီဆေးကို သုံးရင်တောင် သံသရာဓားအသိကို အပြီးတိုင် ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။”
ထိုစကားကို ကြားသောအခါ သူတော်စင် ယွိယောင်၏ မျက်နှာမှာ ဆိုးရွားစွာ မှောင်ကျသွားပြီး ငေါက်လိုက်သည်။
“အန္တိမအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံးက ဘယ်လိုဒဏ်ရာမျိုးကိုမဆို ကုသပေးနိုင်တယ် မဟုတ်လား။ သေတော့မယ့် လူကိုတောင် ပြန်ရှင်စေနိုင်တယ်ဆို...”
တန်ယွင်၏ နဖူးတွင် လခြမ်းအလင်းတန်း တစ်ချက် တောက်ပသွားပြီး သူတော်စင် ယွိယောင်၏ ဒေါသတကြီး သံသယအကြည့်ကို မကြောက်မရွံ့ ရင်ဆိုင်ကာ လှောင်ပြုံးလိုက်သည်။
“ဒီကျယ်ပြောလှတဲ့ ချင်းယွန်ဘုံမှာ နင်ကလွဲလို့ သံသရာဓားအသိရဲ့ နှိပ်စက်မှုကို ခံနေရတဲ့သူ တစ်ယောက်ယောက် ရှိလို့လား။”
သူတော်စင် ယွိယောင်မှာ ခေတ္တမျှ စကားမဲ့သွားပြီး တန်ယွင်နှင့် အကြည့်ချင်းဆုံရာတွင် ရှုံးနိမ့်သွားတော့သည်။ သမိုင်းတစ်လျှောက်တွင် ကျန်းယိပိုင် တစ်ဦးတည်းသာ သံသရာ ဓားတာအိုကို အမှန်တကယ် နားလည်သဘောပေါက်ခဲ့သူ ဖြစ်သည်။
သူ့တွင် ယခုအခါ တန်ယွင်၏ စကားကို ယုံကြည်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ အကြောင်းမှာ တန်ယွင်တွင် ဝိညာဉ်မျက်လုံး ရှိသောကြောင့်ပင်။
“နင် ဘာကို ဆိုလိုတာလဲ။” သူက မေးလိုက်သည်။
“မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ်က အကောင်းဆုံး ကုသရေး ကျင့်ကြံရေးအိုးပဲ...” တန်ယွင်က သူ၏ လက်စွပ်ကို လက်ချောင်းများဖြင့် အသာအယာ ပွတ်သပ်ရင်း တိုးတိုးလေး ပြောလိုက်သည်။ “ယင်နဲ့ယန်၊ အဖိုနှင့်အစ်မ ညီညွတ်မျှတပြီး ရေနှင့်နို့ကဲ့သို့ တစ်သားတည်း ဖြစ်သွားတဲ့အချိန်မှာ... အကယ်လို့ သခင်မအနေနဲ့ မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားတဲ့ လူပျိုစစ်စစ် ကျင့်ကြံသူတစ်ယောက်ကို ရှာနိုင်မယ်ဆိုရင်... အဲဒီ မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ်ကို ကျင့်ကြံရေးအိုးအဖြစ် အသုံးပြုပြီးတော့ အန္တိမအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေး ဆေးလုံးနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် သံသရာဓားအသိကို အပြီးတိုင် အမြစ်ပြတ်အောင် လုပ်နိုင်လိမ့်မယ်...”
ထိုစကားများ ထွက်ပေါ်လာသောအခါ...
သူတော်စင် ယွိယောင်မှာ အချိန်အတော်ကြာ မှင်သက်သွားတော့သည်။
သူက လူအုပ်ထဲရှိ ကျန်းကျီဖိန်ကို မသိမသာ လှမ်းကြည့်လိုက်မိသည်။
ဘာကြောင့်မှန်းမသိ ထိုသို့ ကြည့်လိုက်ပြီးနောက်တွင် ထိုလူက ပို၍ပင် မျက်စိပသာဒ ဖြစ်စရာ ကောင်းလာသလို ခံစားလိုက်ရတော့သည်။
...