← Chapters

ဒီနေ့ထက် ကောင်းတဲ့နေ့ မရှိတော့ဘူး

Vol. 33 Ch. 323

ဒီနေ့ထက် ကောင်းတဲ့နေ့ မရှိတော့ဘူး

Vol. 33 Ch. 323

သူတော်စင် ယွိယောင်က တစ်သက်တာလုံးတွင် တာအိုလက်တွဲဖော် တစ်ဦးတစ်ယောက်မျှ ရှာဖွေခဲ့ဖူးခြင်း မရှိပေ။ ၎င်းမှာ သူ ရုပ်မလှ၍တော့ မဟုတ်။ နောက်ဆုံးတွင် သူသည် တစ်ချိန်က အလှဆုံးစာရင်းတွင် ထိပ်ဆုံးငါးဦးစာရင်းဝင်ခဲ့သူ မဟုတ်ပါလား။

သို့သော်လည်း ချစ်မှုရေးရာများကို စတင်ခံစားရမည့် အရွယ်တွင် သူသည် ကျင့်ကြံခြင်း၌သာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားခဲ့သည်။ သူ တာအိုလက်တွဲဖော် ရှာရန် စိတ်ကူးပေါ်လာချိန်တွင်မူ သူ၏ ပါရမီနှင့် ကျင့်ကြံမှုအဆင့်မှာ သူနှင့် ရွယ်တူ ကျင့်ကြံသူများထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။

သူက သူ့လောက် ပါရမီမပါသူများကို အထင်သေးတတ်ပြီး၊ သူ့ထက် အစွမ်းထက်သူများကိုမူ အသက်ကြီးလွန်းသည်ဟု ယူဆသည်။ အခြေခံအားဖြင့် သူ မည်သူ့ကို တာအိုလက်တွဲဖော်အဖြစ် ရွေးချယ်ပါစေ ထိုသူမှာ ကံထူးသူဖြစ်သည်ဟု သူ ခံစားရသည်။ နောက်ဆုံးတွင်တော့ ယနေ့အထိ တစ်ကိုယ်တည်းသာ နေထိုင်ခဲ့တော့သည်။

သူ အသက်ကြီးလာသည်နှင့်အမျှ အစွမ်းမှာလည်း ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ သူတော်စင် ယွိယောင်၏ ရာဂဆန္ဒများမှာ တဖြည်းဖြည်း လျော့နည်းလာပြီး အေးစက်သည့် အခြေအနေသို့ ရောက်ရှိသွားရာ တာအိုလက်တွဲဖော် ရှာဖွေလိုသည့် စိတ်ကူးမှာလည်း ပျောက်ကွယ်သွားခဲ့သည်။

တာအိုလက်တွဲဖော်ပင် မရှိသည့်အတွက် နှစ်မွှာကျင့်စဉ် ဆိုသည်မှာ ဝေးလာဝေးပင်။ သူသည် ဂုဏ်သိက္ခာကို တန်ဖိုးထားသူဖြစ်ရာ သူ၏ တာအိုလက်တွဲဖော် မဟုတ်သူနှင့် မည်သည့်အခါမျှ ပေါ့ပေါ့တန်တန် ဆက်ဆံရေးမျိုး ထားရှိမည် မဟုတ်ပေ။

ယခုမူ တန်ယွင်က သူသည် ခန္ဓာကိုယ်မှ ဒဏ်ရာများကို အပြီးတိုင် ဖယ်ရှားရန်အတွက် မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် ပိုင်ရှင်နှင့်အတူ ကျင့်ကြံရမည်ဟု ပြောနေသည်။ သူတော်စင် ယွိယောင်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ မယုံကြည်နိုင်ခြင်းပင်။ သူက နေရာလွတ်လက်စွပ်ကို ပွတ်သပ်လိုက်ရာ လက်စွပ်ထဲမှ မရေမတွက်နိုင်သော စာအုပ်များ ထွက်ပေါ်လာပြီး သူ၏ ပတ်ပတ်လည်တွင် ဝဲပျံနေတော့သည်။ ထိုစာအုပ်များမှာ ကမ္ဘာဦး ကောင်းကင်ဖာထေးဆေးလုံး ရရှိရန်အတွက် နှစ်ပေါင်းများစွာအတွင်း သူ စုဆောင်းထားခဲ့သမျှ ဖြစ်သည်။

၎င်းတို့ထဲတွင် ကုသရန် ခက်ခဲနက်နဲသော ရောဂါဝေဒနာ အမျိုးမျိုးနှင့် ဒဏ်ရာများမှ ပြန်လည် သက်သာလာစေမည့် နည်းလမ်းများ မှတ်တမ်းတင်ထားသည်။ တန်ယွင်က သူတော်စင် ယွိယောင်က ရှေးဟောင်း ကျမ်းစာများကြားတွင် ကိုယ်ပွားပုံရိပ်များစွာဖြင့် ရှာဖွေနေသည်ကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။

သူ ပြောခဲ့သည်မှာ အမှန် ၇ပုံ၊ အလိမ်အညာ ၃ပုံ ဖြစ်သည်။ ကျွမ်းကျင်မှု မရှိသော သူတော်စင် ယွိယောင်ကို လှည့်စားရန်အတွက် ၇ပုံက အမှန်ဖြစ်နေလျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။

ခဏအကြာတွင် သူတော်စင် ယွိယောင်က ရှေးဟောင်းကျမ်းစာ အားလုံးကို ဖတ်ရှုပြီးနောက် မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ်ကို ကုသကျင့်ကြံရေးအိုးအဖြစ် အသုံးပြုသည့် ရှင်းလင်းချက်ကို လျင်မြန်စွာ ရှာတွေ့သွားသည်။ ထိုနည်းလမ်းမှာ လမ်းဘေးဆေးနည်း မဟုတ်ဘဲ ရှေးခေတ်က အစွမ်းထက် ကျင့်ကြံသူကြီးအချို့ အမြဲတမ်း ကျင့်သုံးလေ့ရှိသည့် နည်းလမ်းတစ်ခု ဖြစ်နေသည်။

ထိုကျင့်ကြံသူကြီးများသည် များသောအားဖြင့် ရေစိတ်ဝိညာဉ်အမြစ် သို့မဟုတ် မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်သည့် တပည့်များကို တပည့်လက်ခံသည့် အယောင်ပြကာ ရှာဖွေလေ့ ရှိသည်။ ထို့နောက် ထိုတပည့်များကို သေသေချာချာ သင်ကြားပေးပြီး ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးထားသည်။

အခြားသော ကျင့်ကြံသူကြီးများနှင့် တိုက်ခိုက်ရင်း သူတို့၏ အခြေခံဒဏ်ရာရလာသည့် အခါတွင် ထိုတပည့်များကို ဒဏ်ရာကုသရန် ကျင့်ကြံရေးအိုးများအဖြစ် အသုံးပြုတော့သည်။ ထိုအထဲတွင် မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ်မှာ အထိရောက်ဆုံးဖြစ်ပြီး အပျိုစင် (သို့မဟုတ် လူပျိုစင်) ဖြစ်ပါက အကောင်းဆုံးဟု ယူဆကြသည်။

ယခုအခါ သူ လက်ထဲရှိ စာအုပ်ထဲတွင် ရှေးခေတ် ဟင်းလင်းပြင်ပေါင်းစည်းအဆင့် ကျင့်ကြံသူ ယဲ့ချန်၏ မှတ်တမ်းတစ်ခု ရှိနေသည်။ သူက ရေစိတ်ဝိညာဉ်အမြစ်နှင့် မဟာရေဓာတ် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်သည့် တပည့် ဆယ်ဂဏန်းကျော်၏ အကူအညီဖြင့် ဟင်းလင်းပြင် ပေါင်းစည်း ဆဋ္ဌမအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။

သူက ထိုကျင့်ကြံသူနှင့် ရန်ငြိုးရှိရာ ရှုံးနိမ့်သည့် အကြိမ်တိုင်းတွင် သူ၏ ကျင့်ကြံဆောင်သို့ ပြန်လာပြီး ကျင့်ကြံရေးအိုးများကို သုံးကာ ဒဏ်ရာကုသလေ့ရှိသည်။ ဒဏ်ရာပျောက်သည်နှင့် နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ပြန်သည်။

ထိုအချိန်တွင် သူနှင့် တိုက်ခိုက်ပြီးကာစ ဖြစ်သော ဟင်းလင်းပြင်ပေါင်းစည်းခြင်း ဆဋ္ဌမအဆင့် ကျင့်ကြံသူမှာမူ ဒဏ်ရာ မသက်သာသေးပေ။ ကျင့်ကြံမှုအဆင့် ပိုမြင့်သော်လည်း နောက်ဆုံးတွင်တော့ ယဲ့ချန်၏ အကြိမ်ကြိမ် တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရသည်။

၎င်းက ကုသမှုအပိုင်းတွင် ရေစိတ်ဝိညာဉ်အမြစ်နှင့် မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ်တို့၏ ထိရောက်မှုကို သက်သေပြနေခြင်း ဖြစ်သည်။ တန်ယွင် ပြောသည်မှာ အမှန်ပင်။

“တခြား နည်းလမ်းများ မရှိတော့ဘူးလား။” သူတော်စင် ယွိယောင်မှာ တွန့်ဆုတ်နေဆဲ၊ ရုန်းကန်နေဆဲပင်။

“ဒါ အမှန်လို့ မထင်ရင်လည်း လိုက်ရှာကြည့်ဦးလေ။ ဘာပဲဖြစ်ဖြစ် ငါ့ဆီမှာတော့ ဒီနည်းလမ်း တစ်ခုပဲ ရှိတယ်။ ယုံတာ မယုံတာကတော့ နင့်အပိုင်းပဲ။” တန်ယွင် အေးစက်စွာ ပြောလိုက်သည်။ သူတော်စင် ယွိယောင်က မိမိကို တကယ် မသတ်ရဲမှန်း သိသာနေသဖြင့် သူက တတ်နိုင်သမျှ အဆိုးဝါးဆုံး စကားများကိုသာ ပြောတော့သည်။

သူတော်စင် ယွိယောင် ခေတ္တမျှ တိတ်ဆိတ်သွားသည်။

သူ၏ ဒဏ်ရာများမှာ ဓာတ်ကြီးငါးပါး အန္တိမခန္ဓာကိုယ်အတွက် အင်မော်တယ် ကိုယ်ထည် တည်ဆောက်ခြင်းကို အနှောင့်အယှက် မပေးနိုင်သော်လည်း၊ အကယ်၍ သူ၏ ကျင့်ကြံခြင်း အဆင့်က ဆက်တိုက် ကျဆင်းနေပြီး နောက်ဆုံးတွင် ကတ္တီပါဝတ်ရုံခြုံထားသည့် ဆရာတော် ဖန်ယဲ့အတွက် လှေကားထစ် ဖြစ်သွားခဲ့လျှင်ကော။

ဆရာတော် ဖန်ယဲ့၏ ရိုးသားပုံရသော ရုပ်သွင်ကို အထင်မကြီးလိုက်ပါနှင့်။ ထိုကတုံးမှာ တကယ်တမ်းတွင် အလွန်ပါးနပ်ပြီး ကောက်ကျစ်သူ ဖြစ်သည်။

အမှန်တကယ်တော့ သူက ကျန်းယိပိုင်ကို သတ်ဖြတ်ရန် စိတ်ကူးမရှိခဲ့ပေ။ နောက်ဆုံးတော့ သူတော်စင်ကျန်း၏ နံပါတ်တစ် ဓားသမားဟူသော ဂုဏ်သတင်းမှာ ငြင်းမရနိုင်သော အချက် မဟုတ်ပါလား။ သူက ကျန်းယိပိုင်နှင့် ယှဉ်ပြိုင်ဖူးသော်လည်း မယှဉ်နိုင်ခဲ့ပေ။ ကျန်းယိပိုင်ကို သစ္စာဖောက်ရန် ပထမဆုံး စိတ်ကူးခဲ့သူမှာ ဆရာတော် ဖန်ယဲ့သာ ဖြစ်သည်။ သူတို့နှစ်ဦး ဆွေးနွေးပြီးနောက်တွင် စိတ်ချင်း တိုက်ဆိုင်သွားခဲ့ကြခြင်း ဖြစ်သည်။

အစီအစဉ်ကို အတည်မပြုမီက ဆရာတော် ဖန်ယဲ့သည် ကျန့်ဝူမြင့်မြတ်နယ်မြေသို့ သွားရောက် လည်ပတ်ခဲ့ပြီး ကျန်းယိပိုင်နှင့် တာအိုအကြောင်း ဆွေးနွေးကာ အရက်သောက်ခဲ့ကြသည်။ သူတို့နှစ်ဦးမှာ ညီအစ်ကိုများကဲ့သို့ပင် ဖြစ်ခဲ့ကြသည်။

သူက မျက်နှာနှစ်မျိုးနှင့် အလွန်အဆိပ်ပြင်းသော မြွေတစ်ကောင်ပင်။ သတိထားရပေမည်။

သူတော်စင် ယွိယောင်က ဆရာတော် ဖန်ယဲ့အကြောင်း တွေးမိသည်နှင့် သူ၏ တွန့်ဆုတ်မှုနှင့် သတိထားမှုအားလုံး ပျောက်ကွယ်သွားတော့သည်။ ဓာတ်ကြီးငါးပါး အန္တိမခန္ဓာကိုယ်မှာ သူ့အတွက် အောင်မြင်မှုရတနာ ဖြစ်ရပေမည်။ ထို့မတိုင်ခင် သူ၏ ကျင့်ကြံမှုအဆင့် ဆက်လက်၍ မကျဆင်းရန် သေချာအောင် လုပ်ရပေမည်။

“ကောင်းပြီ၊ နှစ်မွှာကျင့်စဉ် ကျင့်ရုံပဲလေ...” သူတော်စင် ယွိယောင်က အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “တန်ယွင်၊ နင်က ဒီနည်းလမ်းကို သိတဲ့သူဆိုတော့ အချိန်တန်ရင် ငါ့ကို ကူညီပေးရမယ်။ ငါ လုံးဝ ဘေးကင်းဖို့အတွက် နင် သေချာအောင် လုပ်ရမယ်။ မဟုတ်ရင်တော့ နင့်သမီးလေးရဲ့ အခြေအနေကို သိတယ်နော်...”

တန်ယွင်က သူတော်စင် ယွိယောင်ကို စကားတစ်ခွန်းမျှ မပြောဘဲ ကြည့်လိုက်သည်။

အခုထိ သူ့ကို ခြိမ်းခြောက်နေတုန်းပဲလား။ သူတို့တွေ သေရတော့မှာလေ... ယွိယောင်...

သူတော်စင် ယွိယောင်နှင့် တန်ယွင်တို့၏ စကားဝိုင်းမှာ အလွန်လျို့ဝှက်လှပြီး ဘေးရှိ အကြီးအကဲ အနည်းငယ်မှအပ ကျန်သည့် ယောင်ချီ တပည့်များ မကြားခဲ့ရပေ။

သူက လူအုပ်ထဲတွင် ကြောင်အမ်းအမ်း ဖြစ်နေသော ကျန်းမုန့်ချူးကို ရှုပ်ထွေးသော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ သူ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ပေ။

“သခင်မ၊ တကယ်ပဲ ဒီမဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် တပည့်နဲ့ အတူတူ ကျင့်ကြံဖို့ ရည်ရွယ် ထားတာလား။” ဘေးရှိ အကြီးအကဲများမှာ ထိတ်လန့် အံ့ဩနေကြဆဲ ဖြစ်သည်။

“ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။”

သူတော်စင် ယွိယောင်က လှည့်ထွက်ကာ နန်းတော်ထဲသို့ လျှောက်လှမ်းသွားရင်း ဘေးရှိ အကြီးအကဲကို ပြောလိုက်သည်။ “ငါ့ကိုယ်ငါ ပြင်ဆင်ဖို့ အချိန်နည်းနည်း လိုတယ်။ ကျန်းကျီဖိန်ကို ယောင်ချီ နန်းတော်ထဲ အရင် ရွှေ့ခိုင်းလိုက်။ သူ့ကို နေ့တိုင်း မြင်နေရရင် ငါ ပိုပြီး စိတ်အေးရလိမ့်မယ်။”

အကြီးအကဲ၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွား၏။ သူက အမျိုးသား တစ်ဦးအဖြစ် မမွေးဖွားလာခဲ့ခြင်းနှင့် မဟာရေဓာတ်စိတ်ဝိညာဉ်အမြစ် မရှိခြင်းကိုသာ နောင်တရမိတော့သည်။ မဟုတ်လျှင် ထိုကဲ့သို့ ကံထူးမှုကို ရရှိနိုင်သည် မဟုတ်ပါလား။

ထိုသူမှာ အခြားသူဟုတ်ဘဲ သူတော်စင် ယွိယောင် ဖြစ်နေသည်။ သူက ချင်းယွန်ဘုံ တစ်ခုလုံးတွင် အထူးခြားဆုံး နတ်မိမယ်ပုံရိပ် ဖြစ်သည်ဟု ဆိုလျှင်လည်း မမှားပေ။ ယခုတော့ သူ၏ အပျိုစင်ဘဝကို အခြေတည်ဝိညာဉ်အဆင့် တပည့်လေးတစ်ယောက်ကို ပေးရတော့မည်။ ၎င်းက တကယ့်ကို အဓိပ္ပာယ်မရှိလွန်းလှသည်။

“ဒါနဲ့ ဟုန်လျန်နဲ့ ချုံးဟွားကော ဘယ်မှာလဲ။” သူတော်စင် ယွိယောင်က မျက်မှောင် ကြုတ်လိုက်သည်။ “သူတို့ကို လင်းရှီးတောင်ကြား သခင်မနဲ့ အဂ္ဂိရတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ဖမ်းလာဖို့ ခိုင်းထားတယ် မဟုတ်လား။ အချိန်တွေ အများကြီး ကုန်သွားပြီ။ အခုထိ ဘာသတင်းမှ မရသေးဘူးလား။”

“သခင်မ၊ ကျွန်မ အခုချက်ချင်း သွားပြီး သူတို့ကို အကြောင်းကြားလိုက်ပါ့မယ်။”

သူတော်စင် ယွိယောင်၏ မျက်နှာပေးမှာ မကောင်းလှသည်ကို မြင်ရသဖြင့် အကြီးအကဲမှာ ချက်ချင်းပင် စုံစမ်းရန် ထွက်သွားသည်။ သို့သော် မကြာမီမှာပင် သူတော်စင် ယွိယောင်ထံသို့ စိတ်မကောင်းသော မျက်နှာဖြင့် ပြန်ရောက်လာသည်။

အကြီးအကဲ၏ မျက်နှာကို မြင်လိုက်ရသည်နှင့် သူတော်စင် ယွိယောင်၏ ရင်ထဲတွင် အကြောင်းမဲ့ ထိတ်ခနဲ ဖြစ်သွား၏။

“သခင်မ... ဟုန်လျန်နဲ့ ချုံးဟွားတို့ရဲ့ ဝိညာဉ်မီးအိမ်တွေ ကွဲသွားပါပြီ...”

“ဘာပြောတယ်...” သူတော်စင် ယွိယောင်၏ အသံမှာ ရုတ်တရက် ကျယ်လောင်သွားသည်။ “သူတို့ရဲ့ ဝိညာဉ်မီးအိမ်တွေက ဘယ်လိုလုပ် ကွဲရတာလဲ။ တစ်ယောက်က ဟင်းလင်းပြင် ပေါင်းစည်းခြင်း သတ္တမအဆင့်၊ နောက်တစ်ယောက်က အဋ္ဌမအဆင့်လေ။ သူတို့ သွားဖမ်းတာက အဂ္ဂိရတ်ဂိုဏ်းနဲ့ လင်းရှီးတောင်ကြားက လူတွေပဲ။ သူတို့ ဝိညာဉ်မီးအိမ်ကို ဘယ်သူ ခွဲနိုင်မှာလဲ...”

“သူတော်စင် ချုံးဟွာကတော့ သူ့ရဲ့ ဝိညာဉ်အကြွင်းအကျန်ကိုတောင် ပြန်မခေါ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူတော်စင် ဟုန်လျန်နဲ့ ပတ်သက်လို့တော့ ကျွန်မ ဝိညာဉ်ခေါ်ယူတဲ့ အခမ်းအနားကို ချက်ချင်း လုပ်ခဲ့လို့ ဝိညာဉ်အပိုင်းအစ အချို့ ရခဲ့ပါတယ်... သူတော်စင် ဟုန်လျန်ကို သတ်လိုက်တဲ့ သူက အနက်ရောင်ဝတ်စုံဝတ်၊ ဆံပင်ဖြူနဲ့ ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အစွမ်းက ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်မှာ ရှိတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။”

“အဲဒီဓားကျင့်ကြံသူက ဓားကျောင်းတော် ဘိုးဘေးကလို့ တချို့က ပြောကြတယ်။ ဒါပေမဲ့ ကျွန်မ မှတ်မိသလောက် ဓားကျောင်းတော်ဘိုးဘေးကြီးက ဟင်းလင်းပြင် ပဉ္စမအဆင့်မှာပဲ ရှိတာလေ။”

သူတော်စင် ယွိယောင်ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်ချင်စိတ်များ ပြင်းထန်လာသည်နှင့် အမျှ အကြီးအကဲ၏ အသံမှာလည်း တဖြည်းဖြည်း တိုးဝင်သွားတော့သည်။

“အဲဒါ ဓားကျောင်းတော်ဘိုးဘေးပဲ။” သူတော်စင် ယွိယောင်၏ မျက်ဝန်းထဲတွင် လူသတ် လိုစိတ်များ ပြည့်နှက်သွားသည်။ “အဲဒီ ဓားကျောင်းတော်ဘိုးဘေးက ငါ့ရဲ့ အစီအစဉ်တွေကို အကြိမ်ကြိမ် ဖျက်ဆီးနေတာ။ ငါသာ သူ့ကို ရှာမတွေ့ခဲ့လို့... အဟွတ် အဟွတ်...”

သူ စကားကို ဆက်မပြောတော့ပေ။

သူ့အနေဖြင့် ဓားကျောင်းတော် သို့မဟုတ် ၎င်း၏ ဘိုးဘေးကို ရှာမတွေ့နိုင်ခဲ့ကြောင်းကို မထုတ်ဖော်နိုင်ပေ။

“ဒီဓားကျောင်းတော်ဘိုးဘေးကြီးက တကယ့်ကို ကိုင်တွယ်ရခက်တဲ့သူပဲ။ တစ္ဆေတစ်ကောင်လို ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့။” အကြီးအကဲက သူတော်စင် ယွိယောင်ကို ဂရုတစိုက် ကြည့်ရင်း ပြောလိုက်သည်။ “အကယ်လို့ သခင်မကိုယ်တိုင်သာ အရေးယူမယ်ဆိုရင်...”

“မဖြစ်သေးဘူး။ အခု ငါ့မှာ ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ်။” သူတော်စင် ယွိယောင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ “ဓာတ်ကြီးငါးပါး အန္တိမခန္ဓာကိုယ်ထက် အရေးကြီးတာ ဘာမှမရှိဘူး။ ဒါက ငါ အင်မော်တယ်အဖြစ် တက်လှမ်းဖို့အတွက် အခြေခံပဲ...”

သူက နန်းတော်ထဲသို့ ဆက်လက် လျှောက်လှမ်းသွားရင်း သူ၏ အသံမှာ လွင့်ပါးလာသည်။

“မကြာခင် ဓာတ်ကြီးငါးပါး အန္တိမခန္ဓာကိုယ် အောင်မြင်သွားတော့မယ်။ အဲဒီနေ့ကျရင် ငါ ကျင့်ကြံရာက ထွက်လာပြီး ဓားကျောင်းတော်ဘိုးဘေးကို သတ်ပစ်မယ်...”

အကြီးအကဲသည် သူတော်စင် ယွိယောင် ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ ပေးခဲ့သည့် မျှော်လင့်ချက်များကြောင့် ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်။

နောက်တစ်စက္ကန့်တွင် သူတော်စင် ယွိယောင်က ထပ်မံ၍ ပြောလိုက်သည်။ “ငါ့အတွက် သပ်သပ်ရပ်ရပ်နဲ့ လှပတဲ့ အခန်းတစ်ခန်း ပြင်ဆင်ထားလိုက်။”

အကြီးအကဲမှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် သူတော်စင် ယွိယောင် မည်သည်ကို ဆိုလိုကြောင်း ချက်ချင်း သဘောပေါက်သွားသည်။

“သခင်မ၊ နောက်ထပ် သုံးရက် စောင့်မယ်လို့ ပြောထားတယ် မဟုတ်လား။”

“မစောင့်နိုင်တော့ဘူး။” သူတော်စင် ယွိယောင် ခေတ္တ ရပ်တန့်လိုက်သည်။ “ဒီနေ့ထက် ကောင်းတဲ့နေ့ မရှိတော့ဘူး...”

...

All Chapters