← Chapters

တောင်သခင်

Vol. 33 Ch. 324

တောင်သခင်

Vol. 33 Ch. 324

ချန်ဟွိုက်အန်က သူတော်စင် ယွိယောင်အပေါ် သူ၏ ခြိမ်းခြောက်မှုက ကျန်းမုန့်ချူးအား သေလုနီးပါး အခြေအနေသို့ တွန်းပို့လိမ့်မည်ဟု မသိခဲ့ပေ။

သူက အကျဉ်းခန်း နံပါတ်(၀)ရှိ ဆိုဖာပေါ်တွင် ထိုင်ကာ စားပွဲပေါ်ရှိ ပန်းအိုးထဲမှ လူ့ဆံပင် တစ်ပင်ကို ကြောင်စီစီဖြင့် စိုက်ကြည့်နေသည်။

“ဟေ့ ကောင်လေး... မင်း ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ...” မုတ်ဆိတ်ဗလပွနှင့် လူက ချန်ဟွိုက်အန်ကို ခဏမျှ ပြန်စိုက်ကြည့်နေပြီးမှ ရုတ်တရက် ပါးစပ်ကြီးဖြဲကာ သွားကြီးများ ပေါ်သည်အထိ ပြုံးပြလိုက်သည်။

ချန်ဟွိုက်အန်က ကစားသူ ပစ္စည်းစာရင်းထဲမှ မိုးကြိုးမီး အဆောင်တစ်ခုကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး တည်ကြည်သော မျက်နှာထားဖြင့် ထိုလူ၏ နဖူးပေါ်သို့ ကပ်တော့မည့်အလား ဟန်ပြင်လိုက်သည်။

“ဟေ့... ကောင်လေး... မင်း သေချင်နေတာလား...”

ကိုးလှည့် စိတ်ဝိညာဉ်သစ်ခွကို ထောက်ပံ့ပေးထားသည့် မုတ်ဆိတ်မွေးနှင့်လူ၏ ခေါင်းကြီးမှာ တုန်ရင်သွားသည်။ ကံဆိုးသည်မှာ သူ ပုန်းကွယ်နိုင်သည့် နေရာမှာ အလွန်အစ်မင်း ကန့်သတ်ချက် ရှိနေသဖြင့် မြေကြီးထဲသို့သာ ကျုံ့ဝင်နေရတော့သည်။

“ကောင်လေး... ငါ အခုမှ ပြန်ရှင်လာတာနော်။ မင်း ငါ့ကို အရှင်မထားချင်ရင် ဘာလို့ အစထဲက စိုက်ခဲ့တာလဲ။”

ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားပြီး စကားမဲ့စွာဖြင့် ပြောလိုက်သည်။ “ဦးလေး... ဦးလေးက ကောင်းကောင်း မဖွံ့ဖြိုးသေးဘူး ထင်လို့ ကျွန်တော်က ဦးလေးကို သတ်ပြီး ပြန်စိုက်မလို့လေ။ ဒါဆိုရင် ရင့်ကျက်တဲ့ ခန္ဓာကိုယ်မျိုး ရလာနိုင်မလားလို့ပါ။”

သူက ထိုစကားကို အပျော်ပြောခြင်း မဟုတ်ပေ။

ယခင်က ပေါက်ဖွားလာသော မုတ်ဆိတ်မွေးနှင့်သတ္တဝါ၏ အရွယ်အစားကို ထည့်သွင်းစဉ်းစားပြီး သူက ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွနှင့် နွီဝါးမြေ ထည့်ထားသည့် အိုးကို ပိုကြီးသော အိုးဖြင့် လဲလှယ်ပေးခဲ့သည်။

နွီဝါးမြေက ပမာဏ အနည်းငယ်သာ ရှိသဖြင့် သာမန်မြေကြီးကိုသာ အစားထိုး အသုံးပြုခဲ့ရသည်။ ထိုမြေနှစ်မျိုးမှာ အရည်အသွေးချင်း လုံးဝကို ခြားနားလှသည်။ နွီဝါးမြေက ညစ်ညမ်းခြင်း မရှိရုံတင်မကဘဲ သာမန်မြေကြီးကိုပင် တဖြည်းဖြည်း ညစ်ညမ်း (ပြောင်းလဲ) စေပုံရသည်။ သို့သော် ထိုအခြေအနေတွင် ပေါက်ဖွားလာသော မုတ်ဆိတ်မွေးနှင့် သတ္တဝါမှာ လူကြီးခေါင်းနှင့် ကလေးငယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

၎င်းကို မည်သူက ခံနိုင်ရည် ရှိမည်နည်း။

မြေကြီးထဲမှ မုတ်ဆိတ်မွေးနှင့်လူကြီး ထွက်လာစဉ်က သူပင် လန့်သွားခဲ့ရသည်...

“ကောင်လေး... အလောမကြီးစမ်းပါနဲ့။” မုတ်ဆိတ်မွေးနှင့်လူက ပါးဖောင်းကာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ဒါက ကင်ဆာဆဲလ်တွေပါတဲ့ ခန္ဓာကိုယ်ပဲ။ အတော်လေး မြန်မြန် ကြီးထွားတယ်။ ဦးနှောက်ပိုင်း မသန်စွမ်း မဖြစ်အောင် ဦးနှောက်ကို အရင် ဖွံ့ဖြိုးအောင် လုပ်ရတာ ဦးစားပေး မဟုတ်လား။ စွမ်းအင် အများစုကို ဦးနှောက်ထဲမှာ သုံးလိုက်ရလို့ အခုလိုမျိုး ပုံစံ ဖြစ်နေတာပေါ့။”

ချန်ဟွိုက်အန်က သူ၏မုတ်ဆိတ်ကို ဆွဲကာ ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွကို ပြန်စိုက်ပေးရင်း အားကိုးရာမဲ့စွာ ပြောလိုက်သည်။ “ဦးလေး ပြောတာ အမှန်ပဲ ဖြစ်ပါစေ... ဘာပဲဖြစ်ဖြစ် ပြန်လာတာကို ကြိုဆိုပါတယ်။”

...

နာရီဝက်အကြာ...

C ပြည်နယ်၊ မိစ္ဆာနှိမ်နင်းသူဗျူရို၏ အစည်းအဝေးခန်းမ။

“ဘာ။ မင်းက C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်နေပြီ ဟုတ်လား။”

“ဘာတွေလဲဟ။ အထက်တန်းလွှာ မိသားစုတွေ အားလုံးနီးပါး သေကုန်ကြပြီလား။ ပြီးတော့ လျို့ဝှက်အင်အားစုတွေ အကုန် ပေါ်လာတယ် ဟုတ်လား။”

“နောက်နေတာလား... လူတိုင်း ကျင့်ကြံနိုင်တဲ့ခေတ် ရောက်တော့မယ် ဟုတ်လား။ ငါတို့ မိစ္ဆာနှိမ်နင်းသူဗျူရိုက ၁၀နှစ်ကျော် ပင်ပင်ပန်းပန်း အဓိပ္ပာယ်ဖော်ခဲ့ရတဲ့ အင်မော်တယ်နန်းတော် ကျောက်စာတိုင်တွေက ဘာဖြစ်ကုန်ပြီလဲ...”

လူကြီးဦးခေါင်းနှင့် ကလေးငယ် ခန္ဓာကိုယ်ရှိသည့် မုတ်ဆိတ်မွေးနှင့်လူက အစည်းအဝေးစားပွဲ၏ အလယ်တွင် ထိုင်နေရင်း လူအုပ်ကြီး၏ ထူးဆန်းသော အကြည့်များကြားတွင် ထိတ်လန့်တကြား အော်ဟစ်နေမိသည်။

“ဒါတွေက လမ်းဘေးက မုန့်ဖက်ထုပ်တွေလိုပဲ။” ကျောက်ရင်းက သူ၏ မျက်မှန်ကို ပင့်တင် လိုက်ရင်း မုတ်ဆိတ်မွေးနှင့်လူကို အားနာခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ခွန်းလွန်အင်မော်တယ်နန်းတော် အရင်က ပြောဖူးတယ်။ “မူလသို့ပြန်”ဆိုတဲ့ အသက်ရှူ ကျင့်စဉ်က သူတို့ ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ အနိမ့်ဆုံးအဆင့် အလုပ်သမားတပည့်တွေ ကျင့်တဲ့ နည်းလမ်းပဲတဲ့။ ဒါက လူသားတွေကို စမ်းသပ်ဖို့ စံနှုန်းတစ်ခုပဲ။ အကယ်လို့ ဒီကျင့်စဉ်ကိုတောင် နားမလည်ရင် ခွန်းလွန်နန်းတော်ထဲဝင်ပြီး ပိုကောင်းတဲ့ အင်မော်တယ် ပညာရပ်တွေ သင်ဖို့ မစဉ်းစားနဲ့တော့။ လူသားတစ်ယောက်အဖြစ်ပဲ နေလိုက်တော့။”

“ဒီခေတ်ကြီး ပြောင်းလဲသွားတဲ့ အရှိန်က မြန်လွန်းတယ်။ ငါ သေနေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။” မုတ်ဆိတ်မွေးနှင့်လူက သူ၏ ဒူးကို စိတ်ပျက်လက်ပျက် ရိုက်ကာ သက်ပြင်း ချလိုက်သည်။ “မင်းတို့အားလုံးက အခု ဗိုလ်ချုပ်အဆင့်တွေ ဖြစ်ကုန်ကြပြီ၊ ငါကတော့ စစ်သည်အဆင့်တောင် မဟုတ်သေးဘူး။ နောက် မင်းတို့ကို ဘယ်တော့မှ မှီမှာ မဟုတ်တော့ဘူး။”

“ရပါတယ် ဦးလေး....” လင်းလင်လင်က ပြုံးကာ နှစ်သိမ့်လိုက်သည်။ “ဦးလေးရဲ့ အခုပုံစံက ကျွန်မတို့ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ လာဘ်ကောင် လုပ်ဖို့ အကောင်းဆုံးပဲ။”

“လင်းအာ ပြောတာ မှန်တယ်။ မင်း အရင်က အလုပ်တွေ အရမ်းများခဲ့တာ။ အခု အနားယူသင့်ပြီ။ ဘယ်သူမှ မင်းကို အလုပ်ပျက်ကွက်တယ်လို့ မပြောပါဘူး။” အဘိုးကြီးလီက အလွန်အစ်မင်း သဘောတူသည့် ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။

သူက C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို တစ်ခုလုံးတွင် အရိုးသန့်စင်ဆေးလုံး၏ အကျိုးကျေးဇူးကို အများဆုံး ရရှိခဲ့သူဟု ဆိုနိုင်သည်။ စိတ်ဝိညာဉ်ချီစွမ်းအင်များ ပြန်လည်နိုးထခြင်း မတိုင်မီက သူက ကိုယ်ခံပညာရှင် တစ်ဦးဖြစ်ပြီး နိုးထလာပြီးနောက် ခန္ဓာကိုယ်ကြံ့ခိုင်မှု စွမ်းရည်များကို ရရှိခဲ့သည်။

ယခုအခါ အရိုးသန့်စင်ဆေးလုံးကို သောက်သုံးပြီးနောက် သူ၏ အိုမင်းနေသော ခန္ဓာကိုယ်မှာ ချက်ချင်းပင် နုပျိုသွားသည်။ သူ၏ မျက်နှာမှာ ထူးခြားသော ပုံစံရှိနေဆဲ ဖြစ်သော်လည်း သူက ၁.၈ မီတာအထိ မြင့်လာကာ တစ်ကိုယ်လုံးတွင် ကာယဗလမယ်များကဲ့သို့ ကြောက်မက်ဖွယ် ကြွက်သားများဖြင့် ဖုံးလွှမ်းနေသည်။

မုတ်ဆိတ်မွေးနှင့်လူသည် ပူဖောင်းနှစ်လုံးကဲ့သို့ ကြီးမားလှသော အဘိုးကြီးလီ၏ ရင်အုပ် ကြွက်သားကြီးများကို စိုက်ကြည့်ရင်း မျက်စိများပင် ပြာဝေသွားတော့သည်။ သူက လာဘ်ကောင် အဖြစ် မနေချင်ဘဲ မိစ္ဆာများကို ဆက်လက် နှိမ်နင်းချင်သေးသည်။

“ကဲ... မုတ်ဆိတ်နဲ့ဦးလေးကို လန့်အောင် မလုပ်ကြနဲ့တော့။” ချန်ဟွိုက်အန်က စားပွဲကို ခေါက်လိုက်ပြီး ပြောသည်။ “အခု မိစ္ဆာနှိမ်နင်းသူဗျူရိုက တိုးတက်နေပြီ။ တာဝန်ယူမယ့်သူ မရှိတဲ့ အခြေအနေမျိုး မဟုတ်တော့သလို အရင်းအမြစ်တွေလည်း ပေါပေါများများ ရှိတယ်။ ဦးလေးရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးပြီးတာနဲ့ အရင်းအမြစ်တွေ ချက်ချင်း ထုတ်ပေးမယ်။ ဦးလေးရဲ့ အစွမ်းက မြန်မြန် ပြန်တက်လာမှာပါ။”

ထိုစကားကို ကြားသောအခါ မုတ်ဆိတ်မွေးနှင့်လူမှာ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး တိုက်ရိုက် ပြောလိုက်သည်။ “ချန်လေးက တကယ် ကျေးဇူးသိတတ်တဲ့သူပဲ...”

အားလုံးက ရယ်မောလိုက်ကြပြီး လောကကြီး ပရမ်းပတာ ဖြစ်နေသည့်ကြားမှ ခဏတာ အေးချမ်းမှုကို ခံစားလိုက်ကြသည်။

သို့သော် ထိုခဏ၌ အစည်းအဝေးခန်းမ တံခါးကို ရုတ်တရက် လာခေါက်သံ ကြားလိုက်ရသည်။ ခွင့်ပြုချက် ရပြီးနောက် အဆင့်နိမ့် မိစ္ဆာနှိမ်နင်းသူ နှစ်ဦးမှာ လေးနက်သော မျက်နှာထားဖြင့် ဝင်လာသည်။

“အုပ်ချုပ်ရေးမှူး... ကပ္ပတိန် ကျောက်ရင်းဆီကို တင်ပြစရာ အရေးကြီး အစီရင်ခံစာ တစ်ခု ရှိပါတယ်။”

မိစ္ဆာနှိမ်နင်းသူ တစ်ဦးက ရှေ့တိုးလာပြီး စာရွက်စာတမ်းတစ်ခုကို ကမ်းပေးရင်း တိုးတိုးလေး ပြောလိုက်သည်။ “ဒါက ပန်လုံတောင် မစ်ရှင် အစီရင်ခံစာပါ။ အစောပိုင်း သတင်းအရ ပန်လုံတောင်မှာ ဝံပုလွေမိစ္ဆာ အမြောက်အမြားကို တွေ့ခဲ့ရပါတယ်။ ဝံပုလွေမိစ္ဆာတွေက သိပ်ပြီး မသန်မာတဲ့အတွက် ကျွန်တော်တို့ ဆရာသခင်အဆင့် အဖွဲ့ငယ်တစ်ခုကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့နဲ့ အဆက်အသွယ် ပြတ်သွားလို့ တာဝန်အဆင့်ကို မြှင့်တင်ပြီး ကယ်ဆယ်ရေး တာဝန်အဖြစ် ပြောင်းလဲခဲ့ပါတယ်။”

“မကြာသေးမီက ဗိုလ်ချုပ်အဆင့် တစ်ဦး ဦးဆောင်တဲ့ ကိုးယောက်ပါ အဖွဲ့တစ်ဖွဲ့က ဒီတာဝန်ကို ယူခဲ့ပါတယ်။ အစပိုင်းမှာ သူတို့နဲ့ အဆက်အသွယ် ရခဲ့ပေမဲ့ လွန်ခဲ့တဲ့ တစ်နာရီက သူတို့လည်း အဆက်အသွယ် လုံးဝ ပြတ်သွားပါတယ်။ ဒါပေမဲ့ သူတို့က ဓာတ်ပုံတချို့ တင်ပေးခဲ့တယ်။ အဲဒါကို အခု ပြပေးပါ့မယ်။”

သူသည် ယူအက်စ်ဘီ တစ်ခုကို ထုတ်ယူကာ ချန်ဟွိုက်အန်နှင့် ကျောက်ရင်းကို ခွင့်တောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“ကြည့်ရအောင်။” ကျောက်ရင်း၏ မျက်နှာမှာလည်း မှောင်ကျသွားပြီး လက်ပ်တော့ပ်ကို မိစ္ဆာနှိမ်နင်းရေးသမား၏ ရှေ့သို့ တိုးပေးလိုက်သည်။

ယူအက်စ်ဘီကို တပ်ပြီး ဖိုင်ကို ဖွင့်လိုက်သောအခါ ဓာတ်ပုံအချို့ ပေါ်လာသည်။

ပထမဓာတ်ပုံတွင် ချိုင့်ဝှမ်းအတွင်း ရပ်တည်နေသော ပေတစ်ရာခန့် မြင့်သည့် နက်မှောင်သော မျှော်စင်ကြီးတစ်ခုကို တွေ့ရသည်။ မျှော်စင်တွင် ဝိညာဉ်ခေါ်ယူရာ၌ သုံးသည့် အလံများနှင့် သံကြိုးများဖြင့် ဆင်ယင်ထားပြီး ပတ်ပတ်လည်တွင် အနက်ရောင် မြူခိုးများ ဝဲပျံနေသည်။ မျှော်စင်၏ သက်ရောက်မှုကြောင့် အပေါ်ယံကောင်းကင်မှာလည်း တိမ်ထူထပ်နေပြီး ပတ်ဝန်းကျင်ရှိ ရာသီဥတုနှင့် လုံးဝ ခြားနားနေသည်။

ဒုတိယဓာတ်ပုံတွင် လူခန္ဓာကိုယ်နှင့် ကျားခေါင်းရှိသည့် သတ္တဝါကြီးတစ်ကောင်ကို တွေ့ရသည်။ ၎င်း၏ မြင့်မားသော ခန္ဓာကိုယ်မှာ တောအုပ်နက်နက်ထဲတွင် တစ်ဝက်ခန့် ဖုံးကွယ်နေပြီး ၎င်း၏ ကျယ်ပြန့်သော ကျောပြင်ကြီးမှာ ဓာတ်ပုံရိုက်သူဘက်သို့ လှည့်နေသည်။ ၎င်း၏ ပတ်ပတ်လည်မှ ထွက်ပေါ်နေသော မိစ္ဆာစွမ်းအင်များကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာ ဓာတ်ပုံထဲတွင်ပင် ပုံပျက်နေပုံရသည်။

“သူတို့တွေ ဒီကျားမိစ္ဆာ လက်ချက်နဲ့ သေကုန်တာလား။” ကျောက်ရင်းက မေးလိုက်သည်။

သို့သော် မိစ္ဆာနှိမ်နင်းရေးသမားမှာ ရုတ်တရက် စကားပြောရပ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ထူးဆန်းစွာ တုန်ရင်လာသည်။

ဓာတ်ပုံထဲတွင် လူခန္ဓာကိုယ်နှင့် ကျားခေါင်းရှိသည့် သတ္တဝါကြီးမှာ ရုတ်တရက် ခေါင်းလှည့်လာသည်။ သွေးအလိမ်းလိမ်း ဖြစ်နေသော ကျားခေါင်းကြီးမှာ ကွန်ပျူတာ စခရင်နှင့် ကပ်သွားပြီး ၎င်း၏ နီရဲသော မျက်လုံးကြီးများမှာ စခရင်ကို ဖြတ်ကျော်ကာ အစည်းအဝေး ခန်းမအတွင်းရှိ လူတိုင်းကို စိုက်ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

ဓာတ်ပုံမှာ မည်သည်ကြောင့် ဗီဒီယိုအဖြစ် ပြောင်းလဲသွားကြောင်း အားလုံး အံ့ဩနေစဉ်မှာပင်...

ကျားမိစ္ဆာ၏ ပါးစပ်ကြီးမှာ ဟစိဟစိ ဖြစ်လာပြီး ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် ၎င်းက လူစကားဖြင့် စတင်ပြောဆိုတော့သည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ... မင်းတို့က မိစ္ဆာနှိမ်နင်းသူဗျူရိုကလား။ မင်းတို့နဲ့ မိစ္ဆာချုပ်နှောင် ဌာနနဲ့ ဘာပတ်သက်လဲ။”

“ဒါပေမဲ့ အရေးမကြီးပါဘူး။ မင်းတို့ တစ်ယောက်ချင်းစီရဲ့ မျက်နှာကို ငါ မှတ်မိသွားပြီ...”

“မိစ္ဆာချိပ်ပိတ်မျှော်စင်ကို အခု ဖွင့်လိုက်ပြီ။ မင်းတို့အားလုံး သေရမယ်...”

စကားအဆုံးတွင်...

ဓာတ်ပုံမှာ ရုတ်တရက် ကွဲကြေသွားသည်။ သတင်းလာပို့သည့် မိစ္ဆာနှိမ်နင်းသူ နှစ်ဦးမှာလည်း ခန္ဓာကိုယ်မှ ဒွါရ(၇)ပေါက်မှ သွေးများထွက်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

...

All Chapters