← Chapters

သတ်လို့ရတယ်

Vol. 33 Ch. 328

သတ်လို့ရတယ်

Vol. 33 Ch. 328

ကျန်းမုန့်ချူး ၏ ဓားပေါ်တွင် အဆိပ်ခတ်ထားခြင်းလား။

တန်ယွင်သည် သူတော်စင် ယွိယောင်က အထင်လွဲသွားပြီး အန္တိမအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေး ဆေးလုံး ကို သံသယမဝင်ဘဲ ကျန်းမုန့်ချူးကိုသာ သံသယဝင်သွားကြောင်း သိလိုက်သည်။ သို့သော် သူ ရှင်းပြရန် ပျင်းနေမိသည်။ အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေဖြင့် သူက အဆိပ်ခတ်နည်း အမျိုးမျိုးကို သိသော်လည်း ဓားအပေါ်တွင် အဆိပ်ခတ်ခြင်းမှာမူ သူ့အတွက်ပင် အနည်းငယ် မြင့်မားလွန်းသည့် ပညာရပ်တစ်ခု ဖြစ်နေသည်။

နောင်မျိုးဆက်များ လေ့လာသင်ယူနိုင်ရန် ထိုကဲ့သို့သော လှည့်ကွက်ယုတ်မာများကို မှတ်တမ်း တင်ထားသင့်သလားဟုပင် သူ တွေးလိုက်မိသည်။

“ဆရာ... ကျွန်တော့်ရဲ့ ဒီအိုမင်းတဲ့ ကျောပြင်ကြီးကို ကျေနပ်ရဲ့လား။”

ကျန်းမုန့်ချူးက ဓားကို အားပြုကာ သွေးများ ပေကျံနေသော နှုတ်ခမ်းထောင့်မှ ရက်စက်သော အပြုံးတစ်ခုဖြင့် မြေပြင်ပေါ်မှ ယိုင်နဲ့နဲ့ ထရပ်လိုက်သည်။

သူ အောင်မြင်သွားလေပြီ။

သူတော်စင် ယွိယောင် အနားယူဆုံး အချိန်တွင် သူက ဖိနှိပ်ထားသော စွမ်းအားများကို တိုက်ရိုက်ထုတ်လွှတ်ကာ သူတော်စင် ယွိယောင်အား ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးနိုင်ခဲ့သည်။ ထိုတိုက်ခိုက်မှုသည် ပုံမှန်ဆိုလျှင် သူတော်စင် ယွိယောင်အပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သော်လည်း ယခုတွင် အန္တိမအဆင့် ကမ္ဘာဦး ကောင်းကင်ဖာထေး ဆေးလုံးနှင့် ပေါင်းစပ်သွားကာ သေစေနိုင်သော ဒဏ်ရာတစ်ခု ဖြစ်သွားခဲ့သည်။

“ငါ မင်းကို သတ်ပစ်မယ်...”

သူတော်စင် ယွိယောင်က အိုးကွဲထဲမှ ရေများ စီးကျသွားသကဲ့သို့ မိမိ၏ ကျင့်ကြံခြင်းအဆင့်များ လျင်မြန်စွာ လျော့ပါးသွားသည်ကို ခံစားလိုက်ရသဖြင့် အလွန်ဒေါသထွက်သွားသည်။ သူက လက်ကိုမြှောက်ကာ ကျန်းမုန့်ချူးကို လက်ဝါးရိုက်ချက်တစ်ခုဖြင့် ရိုက်ချလိုက်၏။

ယောင်ချီ မြင့်မြတ်နယ်မြေ ကိုယ်တိုင်မှာ သူ၏ ကမ္ဘာငယ်ထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယခုအခါ သူ၏ လက်ဝါးရိုက်ချက်မှာ ကမ္ဘာငယ်လေးတစ်ခုလုံး၏ စွမ်းအားကို တိုက်ရိုက် ဆွဲယူလိုက်ခြင်းဖြစ်ရာ တောင်ပင်လယ်ကို တိမ်းမှောက်စေနိုင်သည့် စွမ်းအားမျိုး ချက်ချင်း ဖြစ်ပေါ်လာသည်။

လက်ဝါးရိုက်ချက် မကျရောက်မီမှာပင် ကျန်းမုန့်ချူးက လက်ဝါးလေတိုက်နှုန်း၏ ဖိအားကြောင့် ဒွါရ(၇)ပေါက်မှ သွေးများ ထွက်လာပြီး အရိုးများမှာလည်း တဂျွတ်ဂျွတ် မြည်လာတော့သည်။

“ငါ ထပ်ပြီး တောင့်မခံနိုင်တော့ဘူး... ဒီလက်ဝါးရိုက်ချက်သာ ထိလိုက်ရင် ငါ မသေရင်တောင် ဒုက္ခိတ ဖြစ်သွားတော့မှာ...”

ကျန်းမုန့်ချူးက မိမိ၏ ကံကြမ္မာကို မြင်ယောင်နေမိသည်။ ဆင်ပိန် ကျွဲလောက်ရှိ ဆိုသလိုပင်။ သူတော်စင် ယွိယောင်က နှစ်မွှာကျင့်စဉ် မစတင်ခင်တွင် မှော်ဝင်ရတနာအားလုံးကို ဖယ်ရှား ထားသဖြင့် သူ စိတ်ချလက်ချ ရှိနေခဲ့ခြင်းဖြစ်သည်။ သို့သော် မှော်ဝင်ရတနာများ မပါဝင်ဘဲနှင့်ပင် သူတော်စင်ယွိယောင်က သာမန်လက်ဝါးရိုက်ချက် တစ်ချက်တည်းနှင့် သူ့ကို သတ်နိုင်သေးသည်။

ယခုအချိန်တွင် တန်ယွင်၏ ကျင့်ကြံမှုမှာ ချိပ်ပိတ်ခံထားရသဖြင့် ဘေးမှသာ ကြည့်နေနိုင် တော့သည်။ ထိုအဂ္ဂိရတ်သူတော်စင်မှာမူ ထွက်ပြေးရန် အစီအစဉ်မရှိဘဲ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးများဖြင့် ပြည့်နှက်နေသည်။ သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီဟု သူ ယုံကြည်နေပုံရသည်။

သူတော်စင် ယွိယောင်၏ စွမ်းအားမှာ မဟာတက်လှမ်းခြင်းအဆင့်အောက်သို့ ကျဆင်းသွားပြီ ဖြစ်သည်။ ထိုအခါ သူသည် မြင့်မြတ်လှသော သခင်မ မဟုတ်တော့ဘဲ လက်လှမ်းမီနိုင်သည့် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်တော့သည်။

ချင်းယွန်ဘုံ တစ်ခုလုံးတွင် ကျင့်ကြံသူအချင်းချင်း သတ်ဖြတ်ခံရသော မဟာတက်လှမ်းခြင်း အဆင့်မှာ အလွန်နည်းပါးပြီး အများစုမှာ ကောင်းကင်ဘုံ အတိဒုက္ခအောက်တွင် သေဆုံးကြခြင်း ဖြစ်သည်။ သို့သော် သတ်ဖြတ်ခံရသည့် ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့်မှာမူ ရေတွက်၍ပင် မရနိုင်ပေ။

သူတော်စင် ယွိယောင်ကို သတ်ချင်နေသောသူ အများအပြား ရှိသည်။ ဘေးအိမ်မျ ဆရာတော် ဖန်ယဲ့မှာလည်း တစ်ဦးအပါအဝင် ဖြစ်ပေလိမ့်မည်။ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့်သို့ ကျဆင်းသွားသော သူတော်စင် ယွိယောင်နှင့် လူသေတစ်ယောက်မှာ မည်သည်များ ကွာခြား တော့မည်နည်း။

ဆိုလိုသည်မှာ သူ ကလဲ့စားချေနိုင်သွားပြီ ဖြစ်သည်။ သို့သော် ကျန်းမုန့်ချူးက ထိုသို့မတွေးပေ။ သူက အသက်ရှင်ချင်သည်။

ဧရာမလက်ဝါးကြီး သူ့ရှေ့သို့ ကျရောက်လာမည့် ဆဲဆဲတွင် ချန်ဟွိုက်အန် ပေးထားသော ထိပ်တန်းဝိညာဉ်လက်နက်ဖြစ်သည့် “တိမ်တိုက်ဖောက်မြှား”ကို သိုလှောင်အိတ်ထဲမှ အမြန်ဆုံး အတိကျဆုံးသော အရှိန်ဖြင့် ထုတ်ယူလိုက်သည်။ ထို့နောက် ဂါထာကို အလျင်အမြန် ရွတ်ဆို လိုက်သည်။

“တိမ်တိုက်ဖောက်မြား တစ်စင်းရှိလျှင် စစ်သည်သောင်းချီ ရောက်လာမယ်.. ဓားကျောင်းတော် ဘိုးဘေး၊ နတ်ဘုရားအမိန့်တော်ဖြင့် ပေါ်ထွက်လာလော့..”

သူ့စကားအဆုံးတွင် ရှေ့၌ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ပွင့်လာတော့သည်။

...

တစ်ချိန်တည်းမှာပင်...

ချန်ဟွိုက်အန် ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး အပန်းဖြေရေချိုးရန် ပြင်ဆင်နေစဉ် သူ၏ မျက်စိ အရှေ့တွင် အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။

[ သတိပြုရန်... ဂိမ်း NPC ကျန်းမုန့်ချူးသည် ကစားသူကို ဆင့်ခေါ်ရန် အထူးပစ္စည်းတစ်ခုကို အသုံးပြုနေသည်... ]

[ ရောက်ရှိရန် ၃ စက္ကန့်အလို... ကစားသမားသူ ကျေးဇူးပြု၍ ပြင်ဆင်ထားပါ... ]

ချန်ဟွိုက်အန် ထိုစာကို မြင်သောအခါ ကြောင်သွားသည်။ သူက ဂိမ်းထဲတွင်ပင် မရှိသေးဘဲနှင့် ဂိမ်းအသိပေးချက်က ဖုန်းစခရင်ကို ကျော်လွန်ကာ လက်တွေ့ဘဝထဲသို့ မည်ကဲ့သို့ ခုန်ဝင် လာသနည်း။ ထို့ပြင် သူက ယခု ရေချိုးကန်ထဲတွင် ရှိနေသေး၏။

စဉ်းစားနေရန် အချိန်မရှိပေ။ ၃စက္ကန့် ဆိုသည်မှာ အဝတ်အစား ဝတ်ရန် လုံလောက်သည်။ ချန်ဟွိုက်အန်က ရေချိုးကန်ထဲမှ ကန်ကျောက်ကာ ခုန်ထွက်လိုက်ပြီး အဝတ်အစား ဝတ်ရန် ပြင်လိုက်သည်။

၃...

ဝုန်း...

သူ့ရှေ့တွင် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ့ကို သူ၏ဝိညာဉ်၊ ရေချိုးကန်များနှင့်အတူ စုပ်ယူသွားတော့သည်။

“ဟာ... သွားပြီ။ ငါ ဘောင်းဘီတောင် မဝတ်ရသေးဘူး...”

ထိုအော်ဟစ်သံနှင့်အတူ ချန်ဟွိုက်အန်က အေးစက်သော ကြွေပြားများပေါ်တွင် အဝတ်ဗလာဖြင့် လဲကျသွားတော့သည်။

...

ချင်းယွန်ဘုံ၊ ယောင်ချီ မြင့်မြတ်နယ်မြေ။

ဟင်းလင်းပြင်အက်ကွဲကြောင်း ပွင့်လာသည်နှင့် တပြိုင်နက် မည်သည့်နေရာမှန်းမသိသော မိုးကြိုးသံတစ်သံ ထွက်ပေါ်လာသည်။ သူတော်စင် ယွိယောင်က ကျန်းမုန့်ချူးကို ပြာဖြစ်အောင် နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပေးရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ မျက်လုံးထောင့်မှ ကောင်းကင်ယံမှ ပျံသန်းလာသော အဖြူရောင်အရာဝတ္ထုတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။

သူ ချက်ချင်းပင် သတိထားလိုက်ပြီး ဖြစ်ပေါ်လုနီးပါး ဖြစ်နေသော တိုက်ခိုက်မှုကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

ဤနေရာမှာ သူ၏ ကမ္ဘာငယ်လေး ဖြစ်သည်။ ကမ္ဘာငယ်လေးတစ်ခုလုံးတွင် သူ၏ ဆန္ဒအတိုင်း ပြောင်းလဲနိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စည်းမျဉ်းများ ရှိသည်။ သူသည် ကမ္ဘာငယ်လေးထဲတွင် မည်သူမျှ အနိုင်ယူနိုင်သော ပြိုင်ဘက်က်ငး ဖြစ်သည်ဟု ဆိုနိုင်သည်။ တူညီသော အဆင့်ရှိသူ တစ်ဦးကို ခေါ်ဆောင်လာလျှင်ပင် ထိုကမ္ဘာ၏ စည်းမျဉ်းများက ဖိနှိပ်ထားပေလိမ့်မည်။

အကယ်၍ သူသာ ယနေ့ တန်ယွင်နှင့် ကျန်းမုန့်ချူးတို့၏ လှည့်ကွက်ထဲတွင် မကျရောက်ခဲ့ဘဲ ကျန်းမုန့်ချူးအပေါ် သတိမလွတ်ခဲ့လျှင် ထိုသူနှစ်ဦးက သူ့အား နာကျင်စေရန် အခွင့်အရေး လုံးဝရှိမည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် မည်သူက သူ၏ ကမ္ဘာငယ်လေးထဲတွင် ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဖွင့်နိုင်ခဲ့သနည်း...

ပျံသန်းလာသော အရာဝတ္ထု နီးကပ်လာသည်နှင့်အမျှ သူတော်စင် ယွိယောင်က လက်ကို ဝေ့ယမ်းလိုက်သည်။ ထူထဲသော နွယ်ပင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဧရာမ ခြောက်သွေ့နေသော လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲကာ လမ်းတွင်ရှိသမျှ အရာအားလုံးကို ဖယ်ရှားလိုက်သည်။

ဝုန်း...

ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင် ပေရာပေါင်းများစွာမှာ ပြားပြားဝပ် သွားတော့သည်။ ကြွေထည် အပိုင်းအစများ နေရာအနှံ့ ပျံနှံ့သွား၏။

သူတော်စင် ယွိယောင်၏ မျက်လုံးများမှာ လေးနက်နေသည်။ အဘယ်ကြောင့်ဆိုသော် သူက ထိုအဖြူရောင် အရာဝတ္ထုကို ကမ္ဘာငယ်လေးထဲတွင်ရော ချင်းယွန်ဘုံထဲတွင်ပါ တစ်ခါမျှ မမြင်ဖူးသောကြောင့် ဖြစ်သည်။ ပေါက်ကွဲမှုမှ အပျက်အစီးများမှာ လေပြင်းထဲတွင် ဖုန်မှုန့်များ အဖြစ် ကြေမွသွားပြီး ဖုန်များ ငြိမ်သက်သွားသည်နှင့်အမျှ ပုံရိပ်တစ်ခု ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။

“အဲဒါ ငါ့ရဲ့ အကြိုက်ဆုံး ရေချိုးကန်ကြီးဟ။”

မီးခိုးများနှင့် ဖုန်မှုန့်များကြားမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ပုံရိပ်မှာ တဖြည်းဖြည်း ရှင်းလင်းလာသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ လူတိုင်းကို ကျောခိုင်း၍ ရပ်နေပြီး ရှည်လျားသော ဆံပင်ဖြူများမှာ ရေတံခွန်ကဲ့သို့ စီးကျနေသည်။ အဝတ် မဝတ်ထားသော်လည်း သူ၏ အရှိန်အဝါမှာ ပြိုင်စံရှား ဆရာသခင်ကြီးတစ်ဦးကဲ့သို့ ခန့်ညားထည်ဝါနေဆဲပင်။

“ကိုယ်ပွားက ငါ့ရဲ့ ပင်ကိုယ်ပုံစံအတိုင်း ဘာလို့ အဝတ်အစားတစ်ထည်မှ မပါရတာလဲ။” ချန်ဟွိုက်အန် အံကြိတ်လိုက်သည်။

[ ပုံရိပ်ယောင်ကောင်မလေးဂိမ်းက လူသားချင်းစာနာထောက်ထားမှု အခြေခံမူများပေါ်တွင် အခြေခံထားပြီး ကစားသူရဲ့ လူနေမှုပုံစံကို အနီးစပ်ဆုံး ထင်ဟပ်စေပါတယ် ]

[ ကစားသူက လက်တွေ့ကမ္ဘာတွင် အဝတ်အစား ဝတ်ဆင်ထားပါက ချင်းယွန်ဘုံသို့ ဝင်ရောက်ချိန်တွင်လည်း အဝတ်အစား ပါဝင်မည်ဖြစ်ပြီး၊ ပြောင်းပြန်ဆိုလျှင်လည်း ထိုအတိုင်းပင် ဖြစ်ပါတယ် ]

“ကောင်းပြီ... ဒါဆို နောက်တစ်ခါ လီချင်းရန်ဆီ ငါ ဆင်းရင် ဘာအဝတ်မှ မဝတ်ဘဲ လာမယ်...”

[ ကစားသူရဲ့ အပြုအမူက ဂိမ်းရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ချိုးဖောက်ပါက ပုံရိပ်ယောင် ကောင်မလေး ပေါ်လာချိန်တွင် ကစားသူအတွက် သင့်တော်သော အဝတ်အစားများကို ဂိမ်းမှ အလိုအလျောက် ထည့်သွင်းပေးပါမယ် ]

ချန်ဟွိုက်အန် - “...”

ဒီဂိမ်းစနစ်ကတော့ တကယ့်ကို သူတော်ကောင်းယောင်ဆောင်တာပဲ။ ထားပါတော့။

သူက ကစားသူအိတ်ထဲမှ အဝတ်အစားတစ်စုံကို ကျပန်းထုတ်ယူလိုက်ရာ စိတ်ကူးလိုက်သည်နှင့် ထိုအဝတ်အစားမှာ သက်ရှိတစ်ခုကဲ့သို့ သူ၏ခန္ဓာကိုယ်ပေါ်တွင် အံကိုက် ဖြစ်သွားတော့သည်။ သူက အဝတ်ဗလာနှင့် အင်မော်တယ်တစ်ဦးအဖြစ်မှ ဝတ်ရုံနက်နှင့် ဆံပင်ဖြူရှိသော ပညာရှိကြီး တစ်ဦးအဖြစ် တိုက်ရိုက် ပြောင်းလဲသွားသည်။

“ဘယ်သူလဲ...”

သူတော်စင် ယွိယောင်က မိမိ၏ ကမ္ဘာငယ်လေးထဲသို့ ဖိတ်ကြားမခံဘဲ ကျူးကျော် ဝင်ရောက်လာသော ဧည့်သည်ကို မှောင်မှိုင်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏ ကမ္ဘာငယ်လေးထဲတွင် ဟင်းလင်းပြင်အက်ကွဲကြောင်းကို ဖြဲထုတ်ရုံတင်မကဘဲ ကိုယ်တိုင်ပါ ဆင်းသက်လာနိုင်သည်လား။ သူ၏ ကျင့်ကြံခြင်း အဆင့် လျော့နည်းသွားလျှင်ပင် ထိုကဲ့သို့ မဖြစ်သင့်ပေ...

ဒီလူက တကယ် ဘယ်သူလဲ...

ချန်ဟွိုက်အန်သည် လှည့်ကြည့်လိုက်သည်။ သူ၏ ညာဘက်လက်က ဓားရိုးကို ခပ်လျော့လျော့ ဆုပ်ကိုင်ထားပြီး သူ၏နောက်ကွယ်တွင် မင်စက်ပန်းချီဖြင့် ရေးဆွဲထားသော ရှေးဟောင်း လောကကြီး၏ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်။

“သူတော်စင် ယွိယောင်က တကယ်ပဲ အရေးကြီးတဲ့ ကိစ္စတွေကို မေ့လွယ်တာပဲ။”

သူ၏ ထက်မြက်သော မျက်လုံးများက သူတော်စင် ယွိယောင်၏ တုန်လှုပ်နေသော အကြည့်နှင့် ဆုံလိုက်ပြီး သူက ပြန်မေးလိုက်သည်။

“အရင်တုန်းက ချင်းယွန်ဘုံ တစ်ခုလုံးမှာ ငါ့ကို နေရာအနှံ့ လိုက်ရှာနေခဲ့တာ မင်း မဟုတ်လား။ အခုမှ ငါက ဘယ်သူလဲလို့ ဘာလို့ မေးနေတာလဲ။”

သူတော်စင် ယွိယောင်၏ ရင်ခုန်သံမှာ တစ်ချက် ရပ်သွားပြီး သူ၏ မျက်စိသူငယ်အိမ်မှာ သိသိသာသာ ကျုံ့ဝင်သွားကာ တုန်ရင်နေသော အသံဖြင့် ပြောလိုက်သည်။ “နင်... နင်က ဓားကျောင်းတော် ဘိုးဘေးလား...”

ချန်ဟွိုက်အန်က ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောပေ။

ယနေ့မတိုင်ခင်က သူတော်စင် ယွိယောင်သည် မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ပြီး၊ သူကမူ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်တွင်သာ ရှိသေးသည်။ သူတော်စင် ယွိယောင်ကို မြင်လျှင် သူ ထွက်ပြေးရုံသာ ရှိသည်။

ယနေ့တွင် သူက ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်တွင် ရှိနေပြီး၊ သူတော်စင် ယွိယောင်မှာမူ ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့်သို့ ကျဆင်းနေသည်။

အပြည့်အဝ စိတ်မချလို့ မရပေမဲ့...

ဘာပဲဖြစ်ဖြစ်... သတ်လို့ရတယ်...

…

All Chapters