ငါ့ရဲ့ဓားလေး...
Vol. 33 Ch. 330
သူတော်စင် ယွိယောင်က ကောင်းကင်ယံမှ ကြယ်တာရာမြစ်ကြီး ပြောင်းပြန်စီးဆင်းလာသည်ဟု ထင်မှတ်လိုက်ရသည်။
ညကောင်းကင်ယံတွင်သာ တည်ရှိပြီး လျို့ဝှက်ဆန်းကြယ်ကာ လက်လှမ်းမမီနိုင်သော နဂါးငွေ့တန်းက ကောင်းကင်အထက်မှ ပြုတ်ကျလာပြီး သူ၏ ဦးခေါင်းပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာတော့သည်။
သူ၏ သွားများပင် စိမ့်တက်သွားပြီး ကျောပြင်မှာလည်း ချွေးစေးများဖြင့် ချက်ချင်း စိုရွှဲသွားသည်။ သူက အလိုအလျောက်ပင် ခုခံကာကွယ်ရေး မှော်လက်နက်တစ်ခုကို အသက်သွင်းကာ ရှေ့မှ ကာရံလိုက်သည်။
သို့သော် ထိုဓားချက်ကို ထျန်းလန်ဓားအသိက တားဆီးလိုက်သည်။ ဓားအသိ နှစ်ခုမှာ သစ်တော အထက်တွင် ထိပ်တိုက်တွေ့ဆုံသွားကြ၏။
နားကွဲမတတ် ဓားချင်းထိသံများ သို့မဟုတ် ပေါက်ကွဲသံများ ထွက်မလာခဲ့ဘဲ တိတ်ဆိတ်ပြီး အေးစက်စက် လေထုတစ်ခုသာ ဖြစ်ပေါ်လာသည်။
မှောင်မိုက်နေသော အာရုံထဲတွင် သူတော်စင် ယွိယောင်သည် ဓားအသိနှစ်ခုကြား၌ အတုမဲ့ ဓားသမားနှစ်ဦး ဓားချင်းယှဉ်နေကြသည်ကို မြင်လိုက်ရသလိုပင်။ ပြင်းထန်သော တိုက်ပွဲ အချီပေါင်းများစွာအပြီးတွင် သူတို့နှစ်ဦးမှာ အင်အားချင်း မျှနေကြပြီး ဓားအသိများ လွင့်ပြယ် သွားသည်နှင့် ထူးဆန်းသော ဖြစ်ရပ်မှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ထျန်းလန်ဓားသည် အရောင်အဝါများ မှေးမှိန်သွားပြီး သူ၏ အနားသို့ ပြန်လည်ပျံသန်းလာသည်။ ၎င်းအတွင်းရှိ ဓားအသိမှာ အလုံးစုံ ကုန်ခမ်းသွားပြီဖြစ်ရာ နောက်တစ်ကြိမ် ပြန်လည် အသုံးမပြုနိုင်မီ အချိန်အတန်ကြာ ပြုစုပျိုးထောင်ရပေဦးမည်။ ဓားကျောင်းတော်ဘိုးဘေး၏ ပုံရိပ်မှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“သူ အကျေအလဲ ခံလိုက်ရပြီလား။”
ဒါပေမဲ့... ထျန်းလန်ဓားက ဘာလို့ အဲဒီလို တုံ့ပြန်မှုမျိုး မပေးတာလဲ။
သူတော်စင် ယွိယောင်သည် မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်နေသည်။ မဟာတက်လှမ်းခြင်း အဆင့်မှ ကျဆင်းသွားသောကြောင့် သူ၏ အာရုံခံစားမှုများ ဝေဝါးနှေးကွေးသွားပြီလားဟုပင် သူ သံသယဝင်မိသည်။
နောက်တစ်စက္ကန့်တွင်တော့...
အလွန်ဝေးကွာသော အရပ်တစ်ခုမှ ဓားအသိတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
“မကောင်းတော့ဘူး...”
သူတော်စင် ယွိယောင်၏ အကြည့်များမှာ ထက်ရှသွားသည်။ သူက လက်ကို ဝေ့ယမ်းလိုက်ရာ သစ်တောကြီး ပျောက်ကွယ်သွားပြီး ယောင်ချီ မြင့်မြတ်နယ်မြေ ပြန်လည်ပေါ်ထွက်လာသည်။
ငွေဖြူရောင် ဓားအရှိန်အဝါ တစ်ခုက မြင့်မြတ်နယ်မြေကို ကန့်လန့်ဖြတ်၍ ပေါ်လာပြီး ဝတ်ရုံနက်နှင့် ပုံရိပ်မှာ ထိုဓားအရှိန်အဝါပေါ်တွင် ရပ်နေကာ သူ၏ညာဘက်လက်ထဲတွင် နာမည်ကျော် မိန်းကလေးငယ်တစ်ဦးကို ပွေ့ချီထားသည်။
“အဘွားကြီးရေ... ဒီနေ့တော့ ငါ တော်တော်လေး ကျေနပ်သွားပြီ။ နောက်နေ့မှပဲ ငါတို့ တစ်ယောက်ချင်း တိုက်ကြတာပေါ့... ဟားဟားဟားဟား...”
ချန်ဟွိုက်အန်က ဖြဲပြုံး ပြုံးလိုက်ပြီး ယွဲ့ချန်ချီကို ပွေ့ချီလျက် မျက်စိတစ်မှိတ်အတွင်းမှာပင် သူတော်စင် ယွိယောင်၏ ကမ္ဘာငယ်လေးထဲမှ ထွက်ခွာသွားသည်။ နောက်တစ်ခဏ၌ သူက သူတော်စင် ယွိယောင်၏ စိတ်အာရုံ အာရုံခံနိုင်စွမ်းမှ အစအနမကျန် ပျောက်ကွယ်၍ သွားတော့သည်။
“သူခိုးတွေ... မပြေးနဲ့... ဓာတ်ကြီးငါးပါး အန္တိမခန္ဓာကို ထားခဲ့စမ်း...”
သူတော်စင် ယွိယောင် အသည်းအသန်ဖြစ်ကာ ဝိညာဉ်လက်နက် အများအပြားကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်သော်လည်း နောက်ဆုံးတွင် ဟင်းလင်းပြင်အလွတ်ကိုသာ ထိမှန်ခဲ့သည်။ ထို့အပြင် ထိပ်တန်းဝိညာဉ်လက်နက်များကို အတင်းအဓမ္မ အသက်သွင်း ခဲ့သောကြောင့် သူကိုယ်တိုင် အင်ကုန်ခမ်းသွားပြီး မျက်နှာမှာ ပို၍ ဖြူလျော့လာတော့သည်။
“သေစမ်း... အယောင်ပြ တိုက်ခိုက်မှုပဲ...”
ဘာဖြစ်သွားသည်ကို သူ သဘောပေါက်လိုက်သည်။ ဓားကျောင်းတော်ဘိုးဘေးက သူနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
သူက ထိုဓားချက်ကို ထုတ်လွှတ်ပြီးကတည်းက တိတ်တဆိတ် နောက်ဆုတ်ကာ သူ၏ မြင့်မြတ်နယ်မြေထဲသို့ လူသွားကယ်ရန် အပြေးသွားခဲ့ခြင်းဖြစ်သည်။ သူ၏ ခွန်အားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှရာ မြင့်မြတ်နယ်မြေရှိ မည်သည့်အကြီးအကဲက သူ့ကို တားနိုင်မည်နည်း။ စီနီယာအစ်မသာလျှင် သူ့ကို တားဆီးနိုင်သည်။
နှမြောစရာကောင်းသည်မှာ...
စီနီယာအစ်မသည် သူ၏ အပြုအမူများကို အမြဲတမ်း မနှစ်သက်ခဲ့ပေ။ အကယ်၍ ဓားကျောင်းတော်ဘိုးဘေးက ယောင်ချီ မြင့်မြတ်နယ်မြေကို ဖျက်ဆီးမည်ဆိုပါက စီနီယာအစ်မ သေချာပေါက် ဝင်ရောက်စွက်ဖက်ပေလိမ့်မည်။ သို့သော် လူကယ်သည့် ကိစ္စမျှသာဆိုလျှင်တော့ သူ၏ စီနီယာအစ်မမှာ မမြင်ချင်ယောင်ဆောင်နေမည်မှာ အသေအချာပင်။
ဝါးတောင်းဖြင့် ရေခပ်သလို အားလုံးဟာ အချည်းနှီးပင်။ သူတော်စင် ယွိယောင်က တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာပြီး မြင့်မြတ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ အေးစက်သော ရေကန်တစ်ခုသို့ လျှောက်သွားလိုက်သည်။ သူ၏ ရှေ့တွင်တော့ အေးစက်ပြီး သီးသန့်ဆန်သော အသွင်အပြင်ရှိသည့် မိန်းကလေးတစ်ဦး ထိုင်နေ၏။
သူက ရိုးရှင်းသော ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး မိတ်ကပ်မပါသော်လည်း ပန်းချီကားထဲကလို လှပနေဆဲပင်။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အစစ်အမှန် စွမ်းအားများ လှုပ်ရှားနေပြီး ၎င်းအတွင်းမှ သဲ့သဲ့မျှသော မိုးကြိုးသံများကို ကြားနေရသည်။ ၎င်းမှာ သူ့အား ကောင်းကင်ဘုံ အတိဒုက္ခက ပစ်မှတ်ထားထားပြီဖြစ်ကြောင်း အမှတ်အသားပင်။
“စီနီယာအစ်မ... ကျွန်မ ဒီလို အကျပ်အတည်းထဲ ရောက်နေတာကို အစ်မက ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့မှာလား။”
ထိုမိန်းကလေးမှာ မကြားသကဲ့သို့ အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။ သူတော်စင် ယွိယောင်၏ မျက်နှာမှာ ပို၍ မှောင်မှိုင်သွား၏။ သူက အံကြိတ်ကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
နောက်ဘက်မှနေ၍ ကင်းကွာသောအသံတစ်ခု ထွက်ပေါ်လာ၏။
“နင့်ရဲ့ အခုအခြေအနေက နင်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ ရလဒ်မဟုတ်ဘူးလား။”
“ယွိယောင်... ငါ အရင်ကလည်း ပြောခဲ့ပြီးပြီ၊ နင့်ရဲ့ လုပ်ရပ်တွေက ကောင်းကင်အလိုတော်ကို ဆန့်ကျင်နေတယ်။ နင် ဘေးဒုက္ခကို ရင်ဆိုင်ရတဲ့အခါ ကောင်းကင်က နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ နင့်မှာ ဒြပ်ကြီးငါးပါးခန္ဓာ ရှိနေရင်တောင် ကောင်းကင်က နင့်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကိုပါ ချေမှုန်းပစ်လိမ့်မယ်...”
သူတော်စင် ယွိယောင်က လှည့်ကြည့်ကာ ထိုမိန်းကလေးကို အေးစက်စွာ စိုက်ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။ “စီနီယာအစ်မ... အစ်မက တစ်သက်လုံး ကောင်းမှုတွေပဲ လုပ်ခဲ့တယ်၊ အသားတစ်ဖဲ့တောင် မစားခဲ့ဘူး။ ကျင့်ကြံလာတာလည်း နှစ်ပေါင်း၂၅၀၀ ရှိပြီ။ လူ့လောကက လူတိုင်းက အစ်မကို မေတ္တာရှင်ကြီးလို့ သိကြတာပေါ့။”
“ဒါနဲ့ ဘာဖြစ်လဲ။ အစ်မ အင်မော်တယ်အဖြစ် တက်လှမ်းတော့မယ့်အချိန်မှာပဲ အရိုက်ခံရပြီး လေလွင့်အင်မော်တယ်အဆင့်ကိုပဲ ကျဆင်းသွားတာ မဟုတ်ဘူးလား။ အစ်မရဲ့ ကုသိုလ်တွေက ဘာအသုံးကျလို့လဲ။ အဲဒီ မိုးကြိုးသံကို ကြားလား။ ကောင်းကင်က အစ်မကို လွှတ်ပေးခဲ့လို့လား။”
မေးခွန်းပေါင်းများစွာကြောင့် ထိုမိန်းကလေးမှာ မျက်မှောင်ကြုတ်သွားသော်လည်း ပြန်ပြောစရာ စကားမဲ့နေသည်။ သူက မျက်လုံးဖွင့်၍ ယွိယောင်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ့ရဲ့ လမ်းစဉ်က အင်မော်တယ်ဖြစ်ဖို့အတွက် မဟုတ်ဘူး၊ ငါ့ရဲ့ လမ်းစဉ်က ငါ့ကို အင်မော်တယ်ဖြစ်အောင် တွန်းပို့နေတာပဲ။ တကယ်လို့ ကောင်းကင်က ငါ့ကို အင်မော်တယ် ဖြစ်ခွင့်မပေးဘူးဆိုရင် ငါ အင်မော်တယ်ဖြစ်ဖို့ အချိန်မကျသေးလို့ပဲ။ အချိန်တန်ရင် ငါ ဘာမှမလုပ်ရင်တောင် အင်မော်တယ် ဖြစ်လာမှာပဲ။”
“အစ်မကတော့ တကယ့်ကို... ခေါင်းမာလွန်းတာပဲ။”
ထိုကဲ့သို့ တုံ့ပြန်မှုကို ရရှိခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူတော်စင် ယွိယောင်၏ နားထဲတွင် အသားမာပင် တက်နေပြီဖြစ်သည်။
သူ၏ စီနီယာအစ်မအပေါ် ထားရှိသော သံယောဇဉ်နှင့် သစ္စာတရားသာ မရှိပါက၊ စီနီယာအစ်မ ပျံ့နှံ့နေသော အင်မော်တယ်အဖြစ် ကျဆင်းသွားချိန်တွင် ကယ်တင်ခဲ့မည် မဟုတ်ပေ။ အခုတော့ သူ နောင်တရစပြုနေပြီ။ ထိုခေါင်းမာသော မြည်းကြီးကို မကယ်ခဲ့သင့်ဟု တွေးမိသည်။
“စီနီယာအစ်မ... ဒီမှာပဲ အချိန်ဖြုန်းနေလိုက်ပါဦး။” သူက အေးစက်သော ကျောက်တိုင်ကို ထိလိုက်ရာ သူ၏ မျက်ဝန်းထဲမှ အလင်းရောင်မှာ ပို၍ ပြတ်သားလာသည်။
“အင်မော်တယ်အဆင့်ကို ကျွန်မ သေချာပေါက် အောင်မြင်ရမယ်... အဲဒီအချိန်ကျရင် ကောင်းကင်တာအိုက ကျွန်မတို့ ကျင့်ကြံသူတွေကို ဘာလို့ ဒီလောက်အထိ နှိပ်စက်ရတာလဲ ဆိုတာကို မေးခွန်းထုတ်မယ်...”
“ယွိယောင်...” ဝတ်ရုံဖြူနှင့် မိန်းကလေးက တင်းမာစွာ ပြောလိုက်သည်၊ “နင်က အဲဒီလို ယုတ်မာတဲ့ အမှုတွေကို ဆက်လုပ်နေဦးမှာလား။”
“ငါ နင့်ကို သတိပေးရဦးမယ်၊ အဲဒီ ကျင့်စဉ်က ဘယ်ကလာမှန်း မသိဘူး၊ မပြည့်စုံဘူး၊ လျို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်။ ဒါက မိစ္ဆာပညာရပ်တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်ဖို့များတယ်။ နင် ဆက်ပြီး လမ်းမှားနေဦးမယ်ဆိုရင်တော့ ဒုက္ခရောက်မှာ အသေအချာပဲ...”
“အဟက်... ဒါက အစ်မကိစ္စ မဟုတ်ပါဘူး။” သူတော်စင် ယွိယောင်က သူ၏ ဝတ်ရုံလက်စကို ခါထုတ်ကာ ထွက်ခွာသွားပြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။
အေးစက်သော ရေကန်မှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချသံ ခပ်တိုးတိုး ထွက်ပေါ်လာသည်။
“နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေက ပျံ့နှံ့နေပြီ။ အခြေခံကလည်း ပျက်စီးသွားပြီ။ ကျင့်ကြံမှု အဆင့်ကလည်း ထိုးကျသွားပြီ။ တကယ်လို့ ဖန်ကျင်းနယ်မြေကအကောင် နင့်ကို ဒုက္ခပေးလာရင် ငါ့ဆီကို လာရှာလို့ရတယ်။
ထိုစကားကို ကြားသောအခါ သူတော်စင် ယွိယောင်က အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူက လှည့်မကြည့်ခဲ့သလို ပြန်လည်း မပြောခဲ့ပေ။
...
ကမ္ဘာငယ်လေးအတွင်း။
ချန်ဟွိုက်အန်က ယွဲ့ချန်ချီကို အောက်သို့ ချပေးလိုက်ပြီးသည်နှင့် သွေးတစ်လုပ်ကို အန်ထုတ်လိုက်သည်။
“တောက်... ဝိညာဉ်လက်နက်ဖြစ်နေတော့လည်း ဘာဖြစ်လဲ...”
ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို စကစားကတည်းက သူ၏ ကိုယ်ပွားမှာ ပထမဆုံးအကြိမ် အပြင်းအထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး၊ သွေးတန်းမှာ သုံးပုံတစ်ပုံခန့်သာ ကျန်တော့သည်။ အဓိကအချက်မှာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံးတွင် ပြင်းထန်သော နာကျင်မှုကို ခံစားနေရခြင်း ဖြစ်သည်။
ဇာတ်ကောင်၏ အခြေအနေကို ကြည့်လိုက်ပြီးနောက် ချန်ဟွိုက်အန် ရုတ်တရက် မူးဝေ၍ သွားတော့သည်။
[ ဓားစွမ်းအင် ခန္ဓာကိုယ်အား ဝါးမျိုခြင်း - ၉၉၉ထပ်၊ အတွင်းသွေးယိုစီးမှု - ၉၉၉ထပ်၊ ဝိညာဉ်ကြော ပြဲထွက်ခြင်း၊ ကလီစာပျက်စီးခြင်း၊ ဝိညာဉ် ဒဏ်ရာရခြင်း၊ သွေးအန်ခြင်း၊ မူးဝေခြင်း၊ ခြေလက်များ အားအင်ကုန်ခမ်းခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ အားနည်းခြင်း - ၉၉၉ထပ်၊ ပင်ပန်းနွမ်းနယ်ခြင်း - ၉၉၉ထပ်... ]
အားလျော့မှုအမျိုးမျိုးမှာ ဇာတ်ကောင် အခြေအနေ စာမျက်နှာတစ်ခုလုံးကို ပြည့်နှက်နေ၏။ ထို့အပြင် သူ၏ ကြေးခွံနက်ဓား မှာလည်း အက်ကွဲနေပြီဖြစ်သည်။ ၎င်းမှာ ငယ်ပါမွှေး ကျွတ်သည်ထက်ပင် သူ့ကို ပို၍ နာကျင်စေသည်။
သူက သတိမေ့နေသော ယွဲ့ချန်ချီကို လျိုရှားတောင်ထွတ်သို့ ပြန်ပို့ရန် အချိန်မရှိသေးသဖြင့် ဒဏ်ရာများကို တည်ငြိမ်စေရန် ချက်ချင်းပင် တင်ပလ္လင်ခွေထိုင်လိုက်သည်။
သူတော်စင် ယွိယောင်နှင့် တိုက်ပွဲတွင် သူ ရရှိခဲ့သော အကြီးမားဆုံး ဒဏ်ရာမှာ ထျန်းလန် ဓားအသိထံမှ ဖြစ်သည်။ ဓားကို ဆွဲထုတ်လိုက်သည့် အခိုက်အတန့်တွင် သူက ပုံရိပ်ယောင် အတွင်းသို့ ဆွဲခေါ်ခံလိုက်ရပြီး ရှေးဟောင်းဓားသူတော်စင်နှင့် တိုက်ခိုက်ခဲ့ရသည်။
အပြင်ပန်းတွင် ဓားအသိနှစ်ခုမှာ အင်အားချင်း မျှနေပုံရသော်လည်း ပုံရိပ်ယောင်အတွင်းတွင်မူ သူက ဓားသူတော်စင်၏ ရက်ရက်စက်စက် အရိုက်ခံခဲ့ရသည်။ အကယ်၍ ကြာစိမ်းဓားကျမ်း ဓားအသိသာ ထျန်းလန်ဓားအသိထက် မလျော့ခဲ့လျှင် သူ၏ ကိုယ်ပွားမှာ အခုလောက်ဆို သေနေလောက်ပြီ ဖြစ်သည်။
ဒါက သူတော်စင် ယွိယောင်ရဲ့ ဝိညာဉ်လက်နက်တွေထဲက တစ်ခုပဲ ရှိသေးတာ။ သူ့ဆီမှာ ဒီလိုမျိုး ဝိညာဉ်လက်နက် (၇)ခု ကျန်သေးတယ်။ သူတော်စင် ယွိယောင်က သူ့ရဲ့ အသက်စည်းနှာင် မှော်လက်နက်ကိုတောင် ထုတ်မသုံးရသေးဘူး...
ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားသည်ကို ခေတ္တဖယ်ထားဦး၊ သူတော်စင် ယွိယောင်ကိုယ်တိုင် မတိုက်ခိုက်ခဲ့ဘဲနဲ့ ပုံမှန်အသုံးပြုနေကျ ခုခံကာကွယ်ရေး ဝိညာဉ်လက်နက်လေးနဲ့တောင် ငါ့ကို ကြောင်သွားအောင် လုပ်နိုင်ခဲ့တယ်။
ကြေးခွံနက်ဓားကိုယ်တိုင်ကလည်း အဆင့်မြင့်လှတာ မဟုတ်ဘူး။ ကြယ်ကြွေဓားသိုင်းကို ထုတ်ဖော်ခဲ့တာတောင် အချိန်တိုအတွင်း ခံနိုင်ရည်ရှိတဲ့ အကန့်အသတ်ကို ရောက်နေပြီ။ အခု ထျန်းလန်ဓားအသိနဲ့ ထပ်ပြီးတော့ ရင်ဆိုင်လိုက်ရပြန်ပြီ။
နောက်ဆုံးတွင် သူက ယောင်ချီ မြင့်မြတ်နယ်မြေ၏ အချုပ်ခန်း အခင်းအကျင်းကို ဖြိုခွဲရန် နောက်ထပ် ဓားချက်တစ်ခု ထုတ်သုံးခဲ့ရသေးသည်။ ထိုမျှလောက် ဒုက္ခများကြားတွင် ဓားကြီး လုံးဝကျိုးမသွားခြင်းမှာပင် အံ့ဩစရာ ဖြစ်ရပ်တစ်ခုပင်။
ချန်ဟွိုက်အန်က ဒဏ်ရာများကို အလျင်အမြန် တည်ငြိမ်အောင် လုပ်ဆောင်ပြီးနောက်၊ ကြေးခွံနက်ဓားကို ထုတ်ယူကာ သူ၏ ဒူးပေါ်တွင်တင်၍ အသာအယာ ပွတ်သပ်ပေးလိုက်သည်။ ၎င်း၏ အခြေအနေကို စစ်ဆေးလိုက်ပြီးနောက် သူ၏ မျက်နှာမှာ စိုးရိမ်စိတ်များဖြင့် ချက်ချင်း ပျက်ယွင်းသွားသည်။ “ငါ့ရဲ့ ကြေးခွံနက်ဓားလေး... မင်း တော်တော်လေး ခံစားလိုက်ရတာပဲ...”
အနက်ရောင်အကြေးခွံဓား၏ ဝိညာဉ်မှာ ဘာမှပြန်မဖြေပေ။ ပုံမှန်ဆိုလျှင် ချန်ဟွိုက်အန်၏ အသံကို ကြားသည်နှင့် ၎င်းက အမြဲတမ်း တုံ့ပြန်လေ့ရှိသည်။
နောက်ဆုံးတော့ ထိုဓားမှာ သူ၏ ဓားအသိဖြင့် နေ့ညမပြတ် ပျိုးထောင်ထားသော သူ၏ တန်ဖိုးထားရသည့် သားသမီးနှင့် တူနေပြီဖြစ်သည်။ ထို့ကြောင့်လည်း ကြေးခွံနက်ဓားသည် မှော်လက်နက်တစ်ခုမှသည် ထိပ်တန်းဝိညာဉ်လက်နက် တစ်ခုအထိ တဖြည်းဖြည်း တက်လှမ်း၍ လာနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝိညာဉ်လက်နက်မှ ဝိညာဉ်ရတနာသို့ ကူးပြောင်းရန်မှာ ကြီးမားသော အခက်အခဲတစ်ခု ဖြစ်နေပြီး ထပ်မံပျိုးထောင်ပေးလျှင် အဆင့်တက်နိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
အခုတော့ အားလုံး သွားလေပြီ။
ဓားကျိုးသွားလျှင် ပြန်ပြင်လို့ရသော်လည်း၊ ဓားဝိညာဉ်ပါ သေလုနီးပါး ဖြစ်သွားလျှင် မည်သည်နှင့် ပြန်ပြင်ရပါ့မည်နည်း။
...