အခန်း (၃၁၀၁-၃၁၀၅)
Vol. 135 Ch. 3101-3105
အပိုင်း (၃၁၀၁)
ဘာသာပြန်သူ_တိမ်တိုက်
"ရောင်ရင်းရန်၊ ငါတို့နဲ့အတူ ပင်လယ်ပြာနန်းတော်ဆီ လိုက်ခဲ့ပါလား၊ ဘိုးဘေးနဲ့ ငါပါ ရှိနေတာဆိုတော့ ငါတို့သုံးယောက်သာ အတူဖြစ်သွားမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေသွားမှာပေါ့" ယန်လော့က ဖိတ်ခေါ်လိုက်လေသည်။
ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက်... "မိသားစုခေါင်းဆောင်ယန်၊အခုလို ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးပါပဲ၊ ဒါပေမဲ့ ငါ ပင်လယ်ပြာနန်းတော်ထဲကို ဝင်ဖို့ စိတ်မကူးထားသေးဘူး၊ ကဲ ဒီမှာပဲ လမ်းခွဲကြတာပေါ့၊ နောက်ပိုင်း ငါတို့ ထပ်မတွေ့ကြရင် ပိုကောင်းလိမ့်မယ်"
ထိုစကားကို ချန်းချွေ့လင်အား စကားတီးတိုး ပြောနေသည့် တွမ့်မူချီ ကြားသည့်အခါ သူ့မျက်နှာ မှုန်ကုပ်ကုပ် ဖြစ်သွားခဲ့လေသည်။ ရှင်းရှင်းပြောရသော် သူသည် ရန်ကိုင်အား လုံးဝ အရေးမစိုက်ပေ။ ယခုတစ်ကြိမ် ယန်ရန်ဟောင်နှင့် လိုက်လာခဲ့ရခြင်းမှာ ယန်ရန်ဟောင်နှင့် ရင်းနှီးသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ယန်မိသားစုနှင့် လူငယ်လေးအကြား ရန်ငြိုးရန်စများကိုတော့ သူ ဂရုစိုက်လိမ့်မည် မဟုတ်။
သို့သော်ငြား ထိုလူငယ်လေးသည် ပင်လယ်ပြာနန်းတော်ထဲသို့ မဝင်ချင်ရုံသာမက ပင်လယ်ပြာနန်းတော်ကိုပင်လျှင် အရေးမစိုက်သည့် ပုံစံမျိုး လုပ်ပြလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထိုအတွက်ကြောင့် သူ မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေ၏။ "ကောင်လေး၊ ပင်လယ်ပြာနန်းတော်က မူလကုန်းမြေထဲက အင်အားစုကြီးတွေထဲက တစ်ခုပဲကွ၊ ကျင့်ကြံသူအများစုဆို ငါတို့နန်းတော်ထဲကို ဝင်ချင်နေတာတောင် ဝင်လို့မရဘူး၊ အခု မင်းကို အခွင့်အရေး ပေးနေတုန်း မင်း တန်ဖိုးထားနိုင်ရင် ကောင်းလိမ့်မယ်၊ လွတ်သွားတော့မှ နောင်တ လာမရပြနဲ့နော်"
ရန်ကိုင်ကမူ ဘာမျှ ပြန်မပြောခဲ့ဘဲ ခေါင်းသာ ခါပြနေခဲ့သည်။
ထိုအချင်းအရာကို မြင်သည့်အခါ တွမ့်မူချီ၏ အမူအရာ သုန်မှုန်သွားခဲ့ပြီး နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ "ကျေးဇူးမသိတတ်တဲ့ ကောင်ပါလား"
[အဆင့်နိမ့် ကြယ်စီရင်စုက လာတဲ့ တောသားတစ်ကောင်ကများ ငါ့အရှေ့မှာ လာပြီးတော့ မောက်မာရဲတယ်]
ထိုသို့ စဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်အား ဖိအားပေးရန် အလို့ငှာ သူ၏ တာအိုသခင်အဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်လေသည်။
ထိုအချင်းအရာကို မြင်သော် ရန်ကိုင်မှာ ထအော်ရယ်လုမတတ် ဖြစ်သွားခဲ့သည်။
တာအိုသခင် ပထမအဆင့်သာ ရှိသေးသော တွမ့်မူချီသည် ရန်ကိုင်ကဲ့သို့သော ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး အရှေ့တွင် လာပြီး မောက်မာရဲနေခဲ့သည်။ ရန်ကိုင်သည်သာ သူ့ကျင့်ကြံခြင်းဖိအားကို အကုန်အစင် ထုတ်လွှတ်လိုက်မည်ဆိုပါက ဤနေရာတွင် ရှိနေသည့်လူအားလုံး ချက်ချင်း ဒူးထောက်ကျသွားရပေလိမ့်မည်။
"တွမ့်မူချီ၊ မင်း ဘာလုပ်နေတာလဲ" ထိုစဉ် အခြားသော တာအိုသခင်အဆင့် အရှိန်အဝါတစ်ရပ်သည် တွမ့်မူချီ၏ အရှိန်အဝါနှင့် လာရောက် ထိပ်တိုက်တွေ့ပြီး တစ်ခုကိုတစ်ခု ပျက်ပြယ်သွားစေခဲ့လေသည်။ ထိုလူသည် တွမ့်မူချီကဲ့သို့ပင် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကြွက်သားအမြောက်အမြားနှင့် လူထွားကြီးတစ်ဦး ဖြစ်ပေသည်။ တွမ့်မူချီ၏ လုပ်ရပ်ကို မြင်ပြီးသည့်နောက် ထိုလူက ပြောလိုက်လေ၏။ "ဒီက စည်းမျဉ်းစည်းကမ်းတွေကို မင်း မသိတာလား၊ ဘာလဲ မင်းက သူတို့ကို အတင်းအကျပ် ခေါ်ဖို့ လုပ်ချင်နေတာလား"
"ဟုတ်တယ်၊ သူ မင်းတို့ ပင်လယ်ပြာနန်းတော်ထဲ မဝင်ချင်ဘူးလို့ ပြောပြီးသွားပြီလေ၊ ဘာဖြစ်လို့ အတင်းအကျပ် ဖိအားလိုက်ပေးနေရတာလဲ၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ လုပ်နော်၊ မဟုတ်ရင် သူ ဒီမူလကုန်းမြေထဲက အင်အားစုတွေ အကုန်လုံးကို အထင်အမြင်သေးသွားနိုင်တယ်"
"ကောင်လေး၊ သူ့ကို ကြောက်မနေနဲ့၊ ပင်လယ်ပြာနန်းတော်ထဲ မဝင်တာ တကယ်ကောင်းတဲ့ ရွေးချယ်မှုပဲ၊ ဒီကောင်တွေက ဘာမှဟုတ်တာ မဟုတ်ဘူး၊ အဲဒီအစား ဘာဖြစ်လို့ ငါတို့ တော်ဝင်တောင်ဆီကိုသာ လာခဲ့လိုက်၊ ငါတို့ဆီကိုသာ လာခဲ့မယ်ဆိုရင် မင်းရဲ့အနာဂတ်က လုံးဝကို တောက်ပနေမှာ"
"ဟျောင့်၊ အပိုစကားတွေ ပြောမနေနဲ့၊ မင်းတို့ တော်ဝင်တောင်နဲ့ ယှဉ်လိုက်ရင် ငါတို့ ကြယ်ကိုးစင်းနန်းတော်က ပိုပြီးတော့တောင် သာသေးတယ်၊ ကောင်လေး မင်းသာ ပါရမီပါမယ်ဆိုရင် ဆယ်နှစ်အတွင်း တာအိုသခင်အဆင့်ကို ရောက်စေရမယ်လို့ ငါ အာမခံပေးတယ်"
"ဟဲဟဲ ကောင်လေး အဲဒီလိုနေရာတွေနဲ့ ယှဉ်လိုက်ရင် ယင်ယန်ဂိုဏ်းထဲကို ဝင်တာ ပိုပြီးကောင်းလိမ့်မယ်နော်၊ မောင်လေးသာ အစ်မတို့ဂိုဏ်းထဲကို ဝင်လာမယ်ဆိုရင် အစ်မတို့ရဲ့ စီနီယာအစ်မတွေထဲကဖြစ်ဖြစ် ဂျူနီယာအစ်မတွေထဲကပဲဖြစ်ဖြစ် တစ်ယောက်လောက်ကို အိမ်ပြန်ခေါ်သွားလို့ရတယ်၊ ပြီးတော့ မောင်လေးနဲ့အတူပါလာတဲ့ ကောင်မလေးကလည်း ချောချောလှလှလေး၊ သူ့ကိုယ်လုံးကိုယ်ပေါက်နဲ့ မျက်နှာအသွင်အပြင်ကို ကြည့်လိုက်ရုံနဲ့တင် အစ်မတို့ဂိုဏ်းထဲက ကျင့်စဉ်တွေနဲ့ သူက လုံးဝကို လိုက်ဖက်မယ်မှန်း အစ်မ ပြောနိုင်တယ်"
ထိုမြင်ကွင်းကို ကြည့်ရင်း ဟဲယွင်ရှန်းမှာ မှင်တက်နေခဲ့လေသည်။ တန်ခိုးရှင်ဘုရင်အထက်အဆင့် ကျင့်ကြံသူများ သူမနှင့် ရန်ကိုင်အား သူတို့၏ ဂိုဏ်းအသီးသီးထဲသို့ ဝင်ရန် အားတက်သရောဖြင့် ဖိတ်ခေါ်နေသည်ကို ကြည့်ရင်း ဟဲယွင်ရှန်းမှာ အမှန်တကယ်ကို ကြောင်နေမိတော့သည်။
[သူတို့တွေက တာအိုသခင်အဆင့်တွေ မဟုတ်ဘူးလား၊ သူတို့ရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ကို ရောက်ကုန်ကြတာလဲ]
ဟဲယွင်ရှန်းမှာ သူမကိုယ်သူမ ချမ်းသာကြွယ်ဝသည့် အမျိုးသမီးတစ်ဦး ပျံကျဈေးအုပ်ထဲသို့ ရောက်သွားသည့်အခါ ဈေးသည်များမှ သူတို့၏ ကုန်ပစ္စည်းများကို လာရောက် ဝယ်ယူပါရန် အလုအယက် အော်ရောင်းနေသလိုပင် ခံစားလိုက်ရလေသည်။
အကုန်လုံးမှာ သူတို့၏ ဂိုဏ်းအသီးသီးသို့ လာရောက်ရန် ဖိတ်ခေါ်ပြီးသည့်နောက် ဆေးတံကို ကိုင်ထားသည့် လူအိုကြီးတစ်ဦးသည် ဟဲယွင်ရှန်းဆီသို့ လျှောက်လာပြီး အလေးအနက် အမူအရာဖြင့် သူမလက်ထဲသို့ ပစ္စည်းတစ်ခုကို ထည့်ပေးကာ ပြောလိုက်လေသည်။ "ငါတို့ ထာဝရအသက်စံအိမ်ဆီကိုသာ လာခဲ့လိုက်၊ နင်သာ ငါတို့စံအိမ်အတွက် ကောင်းကောင်း အကျိုးဆောင်ပေးမယ်ဆိုရင် ဒါမျိုးတွေက နောက်ထပ် အများကြီး ထပ်ရမှာ" လူအိုကြီး လုပ်သည့်ပုံစံမှာ အခြားသူများနှင့် လုံးဝကို ကွဲလွဲနေခဲ့လေသည်။ သူ ထင်သည်မှာတော့ ရန်ကိုင်ဘေးနားတွင် ပါလာသော အမျိုးသမီးကိုသာ သူ့ဂိုဏ်းထဲသို့ ဝင်အောင် ဖိတ်ခေါ်လိုက်နိုင်မည်ဆိုလျှင် ရန်ကိုင်သည်လည်း သူ့ဂိုဏ်းထဲသို့ အလိုလို ဝင်လာလိမ့်မည် ဟူ၍ပင်။
ဟဲယွင်ရှန်းသည် လူအိုကြီး ပေးလာသည့် ပစ္စည်းကို ငုံ့ကြည့်လိုက်ရာ ဆေးလုံးတစ်လုံး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
[ဒါ အရင်းအမြစ်သိပ်သည်းခြင်း ဆေးလုံး မဟုတ်ဘူးလား]သူမကိုယ်တိုင်သည်လည်း အရင်းအမြစ်သိပ်သည်းခြင်း ဆေးလုံးများကို သောက်ဖူးခြင်းကြောင့် ဤဆေးလုံးများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနေခဲ့လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် လူအိုကြီးမှ ပေးလာသည့် ဆေးလုံးသည် ရန်ကိုင်မှ ပေးခဲ့သည့် ဆေးလုံးများထက် ပို၍ အရည်အသွေး နိမ့်ကျသည့်ပုံပင်။ ဆေးလုံးမှာ ဝိုင်းပါသော်ငြား အရောင်အသွေးမှာ အနည်းငယ် မှိုင်းထိုင်းထိုင်း ဖြစ်နေခဲ့ပြီး သင်းရနံ့မှာလည်း ထိုမျှ မွှေးပျံ့ခြင်း မရှိချေ။
ထိုအခါမှသာလျှင် ရန်ကိုင် သူမအား ပေးခဲ့သော အရင်းအမြစ်သိပ်သည်းခြင်း ဆေးလုံးများသည် အတော်လေးကိုမှ အဆင့်မြင့်သည့် ဆေးလုံးများ ဖြစ်မှန်း နားလည်သွားရတော့လေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဟဲယွင်ရှန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့သလို ရန်ကိုင်အပေါ်လည်း ပို၍ ယုံကြည်ချက် ရှိလာခဲ့ရလေသည်။ ရန်ကိုင် ပေးလာသည့် ဆေးလုံးများကို ကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင် ပိုင်ဆိုင်ထားသော အမွေအနှစ်သည် ဤလူများ၏ အမွေအနှစ်ထက် အဆပေါင်းများစွာ ပိုမြင့်မားလိမ့်မည်မှန်း ဟဲယွင်ရှန်း သေချာသွားတော့လေသည်။
အခြားသော အင်အားစုများမှ ရန်ကိုင်တို့ နှစ်ဦးအား သူ့ထက်ငါ အလုအယက် ခေါ်ယူနေသည်ကို ကြည့်ရင်း ပင်လယ်ပြာနန်းတော်မှ တွမ့်မူချီတို့ နှစ်ဦးနှင့်အတူ ယန်မိသားစုမှ ယန်ရန်ဟောင်နှင့် ယန်လော့တို့မှာ အလွန်ကိုမှ မကျေမနပ် ဖြစ်နေကြလေသည်။ ယန်လော့မှာတော့ သူ့ဘိုးဘေး အကူအညီဖြင့် ရန်ကိုင်အား သင်ခန်းစာပေးနိုင်မည်ဟု ထင်ခဲ့လေရာ ယခုကဲ့သို့ အဖြစ်နှင့် ကြုံရပြီးသည့်နောက် စတင်၍ စိုးရိမ်လာတော့လေသည်။ လက်ရှိအချိန်တွင် သူ့ဘိုးဘေး ရှိနေမည်ဆိုလျှင်ပင် ပညာရှင်ပေါင်းများစွာ၏ အရှေ့မှောက်၌ ရန်ကိုင်တို့အား သွားရောက် တိုက်ခိုက်၍ မဖြစ်ပေ။
ရန်ကိုင်သည်သာ အခြားသော ဂိုဏ်းတစ်ဂိုဏ်းထဲသို့ ဝင်သွားခဲ့မည် ဆိုလျှင် သူ့အနေဖြင့် ရန်ကိုင်အပေါ် လက်တုံ့ပြန်ဖို့ရာ ခက်ခဲသွားပေလိမ့်မည်။ ထိုအတွက်ကြောင့် မျှော်လင့်ချက် ရလိုရငြား သူ့ဘိုးဘေးဆီသို့ လှမ်းကြည့်လိုက်ရာ ယန်ရန်ဟောင်မှာ သူ့အား ခေါင်းသာ ခါပြနေသည်ကို တွေ့လိုက်ရလေသည်။
ထိုအချင်းအရာကို မြင်လိုက်သော် ယန်လော့မှာ ဒေါသထွက်ထွက်နှင့် လက်သီး တင်းတင်း ဆုပ်ထားရုံသာ တတ်နိုင်တော့လေ၏။
"အခုလို ဖိတ်ခေါ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်" ရန်ကိုင်က လက်သီးဆုပ်၍ ယဲ့ယဲ့လေး ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ဒါပေမဲ့ အခုလောလောဆယ် ကျုပ် ဘယ်အင်အားစုကြီးထဲကိုမှ မဝင်ချင်သေးတာမလို့ ကျေးဇူးပြုပြီး နားလည်ပေးဖို့ တောင်းဆိုပါတယ်"
ထိုစကားကို ကြားသော် အကုန်လုံးမှာ ရန်ကိုင်အား အရူးတစ်ယောက်ပမာ ကြည့်လိုက်ကြလေသည်။ ယင်ယန်ဂိုဏ်းမှ အမျိုးသမီးက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေ၏။ "မောင်လေး၊ နင်နဲ့ ယန်မိသားစုကြားမှာ ဘယ်လိုရန်ငြိုးတွေ ရှိလဲတော့ ငါ မသိပေမယ့် နင် အခုနေ ဘယ်သူ့လက်အောက်ကိုမှ မဝင်ဘူးဆိုရင် နင့်အတွက် ပြဿနာ အကြီးကြီး တက်သွားနိုင်တယ်နော်"
ဆေးတံကို ကိုင်ထားသည့် လူအိုကြီးက တိုးတိုးလေး ပြောလိုက်လေ၏။ "ဉာဏ်ရှိတဲ့ လူတစ်ယောက်ဆိုတာ အခြေအနေအချိန်အခါကို လိုက်ပြီး လှုပ်ရှားတတ်ရတယ်၊ လူတော်တစ်ယောက်ဆိုတာလည်း ကိုယ် ဘယ်အချိန် လက်လျှော့ရမယ်မှန်း သိသင့်တယ်၊ အခြေအနေ မဟန်သေးလို့ အခုလောလောဆယ် ခြေတစ်လှမ်း ဆုတ်လိုက်တာ ဘာမှ ကိစ္စမရှိဘူး၊ နောက်ကျရင် နှစ်လှမ်း ပြန်လှမ်းလို့ ရတယ်"
ရန်ကိုင်ကမူ ခေါင်းသာ ခါလျက် ပြန်ပြောလိုက်သည်။ "ရပါတယ်၊ ကျေးဇူးအများကြီး တင်ပါတယ်၊ ကျုပ် ဆုံးဖြတ်ပြီးသွားပြီမလို့ပါ"
ဟဲယွင်ရှန်းသည်လည်း လူအိုကြီးမှ ပေးလာသည့် ဆေးလုံးကို လူအိုကြီးဆီသို့ ပြန်၍ ပေးလိုက်လေသည်။ သူမအနေဖြင့် လူအိုကြီး၏ ဂိုဏ်းထဲသို့ ဝင်တော့လိမ့်မည် မဟုတ်သည့်အတွက်ကြောင့် ထိုဆေးလုံးကို လက်မခံသင့်ပေ။
လူအိုကြီးကမူ လက်ဝှေ့ယမ်း၍သာ ပြန်ပြောလိုက်သည်။"ကံကြမ္မာ ဖန်လို့ တွေ့ရတာပဲ၊ အဲဒီဆေးလုံးကို လက်ဆောင်အဖြစ်သာ ယူထားလိုက်"
အရင်းအမြစ်သိပ်သည်းခြင်း ဆေးလုံးတစ်လုံးလောက်ကိုတော့ လူအိုကြီးလည်း အရမ်းကြီး ဂရုမစိုက်ပေ။ သူ့အနေဖြင့် ထိုဆေးလုံးကို ရင်းနှီးလိုက်သည်ဟုသာ မှတ်ယူထားပေလိမ့်မည်။ နောက်နောင် ထိုလူများ စိတ်ပြောင်းသွားခဲ့သည် ရှိသော် သူ၏ ထာဝရအသက်စံအိမ် ထဲသို့ ဝင်လာကောင်း ဝင်လာနိုင်ပေသည်။
"နှုတ်ဆက်ပါတယ်" ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟဲယွင်ရှန်းနှင့်အတူ ပျံသန်းရေး မှော်ရတနာတစ်ခုကို ထုတ်၍ ထိုနေရာမှ ထွက်လာခဲ့လိုက်လေသည်။ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ယန်လော့မှာတော့ ရယ်ချင်စိတ်ကို မအောင့်အီးနိုင် ဖြစ်နေခဲ့လေသည်။ [ကောင်းလိုက်တာကွာ၊ ဒီကောင်က ပန်းမွေ့ရာပေါ်မှာ မနေချင်ဘဲ ဆူးခင်းလမ်းကို လျှောက်ချင်နေတာကိုး၊ မင်းတို့က ကိုယ့်သေတွင်း ကိုယ်ရွေးတယ် ဆိုမှတော့လည်း ငါတို့ကို အပြစ်မတင်နဲ့တော့ပေါ့ကွာ]
ထို့နောက် သူ့ဘိုးဘေးနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ ယန်ရန်ဟောင်က ပြောလိုက်လေ၏။ "စီနီယာ တွမ့်မူ၊ ကျုပ်တို့ အဲဒီကိစ္စကို မေ့ထားလိုက်ကြရအောင်၊ ပင်လယ်ပြာနန်းတော်ဆီ အရင်ပြန်ကြတာပေါ့"
"ကောင်းပြီ" တွမ့်မူချီလည်း အလိုက်သင့် လိုက်ပြောပေးလိုက်လေသည်။ ထို့နောက် လှေငယ်လေးတစ်စင်းကို ထုတ်၍ ယန်ရန်ဟောင်တို့ကို ခေါ်ကာ ထိုနေရာမှ ပျံသန်းထွက်ခွာလာခဲ့လေသည်။
ပင်လယ်ပြာနန်းတော်မှ လူများ ထွက်သွားသည့်အရပ်မှာတော့ အခြားမဟုတ်။ ရန်ကိုင်တို့ ထွက်သွားသည့်ဘက်သာ ဖြစ်လေသည်။
"ဒီကောင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာကွ"
"အဲဒီကောင် ခေါင်းရော ကောင်းသေးရဲ့လား"
"ခေါင်းမကောင်းတာလို့တော့ မထင်ဘူး၊ အဆင့်နိမ့် ကြယ်စီရင်စုက လာတဲ့ လူတွေအကုန်လုံးက ကိုယ့်ကိုယ်ကို သွေးနားထင်ရောက်နေတဲ့ ကောင်တွေချည်းပဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့နေရာမှာ သူတို့က ခေါင်းဆောင်တွေ ဖြစ်ခဲ့တာလေ၊ ဒီရောက်လည်း အဲဒီအတိုင်းပဲ ဆက်ပြီး ဖြစ်နေဦးမယ်လို့ ထင်ချင်ထင်နေကြတာ၊ အဲဒီတော့လည်း သူ့ဒုက္ခနဲ့သူ ခံပါစေပေါ့ကွာ"
အခြားသူများသည်လည်း ထိုနည်းအတိုင်းသာ တွေးနေကြလေသည်။ သူတို့ကိုယ်တိုင်သည်လည်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံဖူးသည့်အတွက်ကြောင့် အဆင့်နိမ့် ကြယ်စီရင်စုမှ လာသည့် လူများ ဘာကြောင့် မောက်မာဝံ့ကြွားရသလဲဆိုသည်ကို နားလည်ကြပေသည်။ ထိုလူများသည် သူတို့ နေထိုင်ရာ ကြယ်စီရင်စု အသီးသီးတွင် ခေါင်းဆောင်များ ဖြစ်ခဲ့ကြသူများ ဖြစ်ကြသည့်အလျောက် အခြားသူတစ်ဦး ရှေ့တွင် ဦးမညွှတ်လိုပေ။ သို့သော်ငြား သူတို့ နေထိုင်ရာ ကြယ်စီရင်စုကြီးထဲတွင် မည်မျှပင် အားကောင်းနေခဲ့စေကာမူ ဤမူလကုန်းမြေသို့ ရောက်လာပြီးသည့်နောက်တွင် ကျိန်းသေ ဦးညွှတ်ရပေလိမ့်မည်။
"အဲဒီ သနားစရာ ကောင်မလေးကတော့" ယင်ယန်ဂိုဏ်းမှ အမျိုးသမီး သက်ပြင်းချလိုက်လေသည်။ ဟဲယွင်ရှန်း၏ မျက်နှာနှင့် ကိုယ်လုံးကိုယ်ပေါက်သည် သူမတို့ဂိုဏ်းမှ ကျင့်စဉ်များကို ကျင့်ကြံရန်အတွက် သင့်တော်သည်ဟု ပြောနေခြင်းမှာ သူမ အပိုပြောနေခြင်း မဟုတ်ပေ။ အမှန်တကယ်ကို လိုက်ဖက်သည့်အတွက်ကြောင့်သာ ထိုကဲ့သို့ ပြောနေခြင်း ဖြစ်လေ၏။ သို့သော်ငြား ထိုကောင်မလေးမှာ သူမ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့လေ၏။ သို့ရာတွင် လူတိုင်းမှာ ကိုယ့်လမ်းကိုယ် လျှောက်ရမည် ဖြစ်သည့်အတွက်ကြောင့် အမျိုးသမီးလည်း ထိုကိစ္စကို ဆက်၍ မတွေးနေတော့ဘဲ ကံစီမံရာအတိုင်းသာ ဖြစ်စေတော့ဟုသာ ထားလိုက်တော့လေသည်။
ဤမူလကုန်းမြေကြီးထဲရှိ မိုးမြေစွမ်းအင်သည် ကြယ်စီရင်စုကြီးထဲရှိ မည်သည့်နေရာထက်မဆို ပို၍ သိပ်သည်းပါသော်ငြား ကြယ်တာရာအစုအဝေးကိုတော့ မယှဉ်နိုင်သေးပေ။ ကြယ်တာရာအစုအဝေးနှင့် မူလကုန်းမြေအကြား ကွာဟချက် ကြီးကြီးမားမား ရှိပေသေးသည်။ ထို့အပြင် ဤနေရာရှိ လောကနိယာမများသည် ကြယ်တာရာအစုအဝေးထဲရှိ လောကနိယာမများလောက် ပြီးပြည့်စုံခြင်း မရှိသလို ရန်ကိုင် ခံစားရပေသည်။
တစ်နည်း ဆိုရသော် တာအိုသခင်အဆင့်သည် ဤမူလကုန်းမြေ၏ အကန့်အသတ် ဖြစ်ပေသည်။ ဤနေရာတွင်သာ နေနေမည် ဆိုပါက ဧကရာဇ်အဆင့်သို့ ရောက်နိုင်လိမ့်မည် မဟုတ်ချေ။
အစောပိုင်းက အဖြစ်အပျက်ကြောင့်သာ မဟုတ်ပါက ဟဲယွင်ရှန်း အနေဖြင့် ပတ်ဝန်းကျင် အလှတရားများကို သေသေချာချာလေး လိုက်လံ ခံစားမိပေလိမ့်မည်။ သို့သော်ငြား လက်ရှိအချိန်တွင် သူမတို့ အနောက်သို့ ထပ်ကြပ်မကွာ လိုက်လာနေသည့် အရှိန်အဝါများကြောင့် ဟဲယွင်ရှန်းမှာ ထိုကဲ့သို့ လုပ်ချင်စိတ် မရှိတော့ပေ။
ပင်လယ်ပြာနန်းတော်နှင့် ယန်မိသားစုမှ လူများ သူမတို့ အနောက်သို့ ဘာကြောင့် လိုက်လာသလဲဆိုသည်ကို ဟဲယွင်ရှန်းအနေဖြင့် အချိန်ကုန်ခံ စဉ်းစားနေစရာပင် မလိုပေ။ ရန်ကိုင် မည်ကဲ့သို့ စီစဉ်ထားသလဲ ဆိုသည်ကို သွားမေးကြည့်ချင်လိုက်ပါသော်ငြား မမေးရဲသည့်အတွက်ကြောင့် ပါးစပ်ပိတ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။ သူမ စိတ်ထဲတွင်တော့ ရန်ကိုင် ဤကဲ့သို့ ယုံကြည်ချက် ရှိနေသည့်အတွက်ကြောင့် သူတွင် အစီအစဉ် ရှိပြီးသား ဖြစ်လိမ့်မည်ဟု ကြိတ်ကာ တွေးနေခဲ့လေသည်။ သူမစိတ်ထဲ ရန်ကိုင်အပေါ် မည်သို့ပင် ယုံကြည်ချက် ရှိနေစေကာမူ စိတ်မပူဘဲနှင့်တော့ မနေနိုင်ပေ။
"ကြယ်စီရင်စု အသီးသီးကနေပြီးတော့ ဒီကို ရောက်လာတဲ့ လူတွေ အကုန်လုံးက ထိပ်တန်းပညာရှင်တွေချည်းပဲ၊ အရည်အချင်းကလည်း ဘာမှ ပြောနေစရာ မလိုဘူး၊ ဒီတော့ သူတို့ရဲ့ အနာဂတ်က တောက်ပနေပြီးသား၊ အဲဒါကြောင့်ပဲ မူလကုန်းမြေက လူတွေက အဲဒီလို အဆင့်နိမ့် ကြယ်စီရင်စုက လာတဲ့ လူတွေကို သူတို့ဂိုဏ်းထဲ ဖိတ်ခေါ်နိုင်ဖို့အရေး ဒီမှာ လာစောင့်နေကြတာ" ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်သည်။
ဟဲယွင်ရှန်းက ပြန်ပြောလိုက်သည်။ "အဲဒါကြောင့်လား"
"မဟုတ်ရင် ဘာဖြစ်လို့ အဲဒီမှာ အချိန်ကုန်ခံပြီး ရပ်စောင့်နေမယ်လို့ ထင်လဲ၊ သူတို့ဘာသာသူတို့ သူတို့ဂိုဏ်းဆီမှာပဲ အေးအေးဆေးဆေး ထိုင်ပြီး ကျင့်ကြံနေမှာပေါ့"
ရန်ကိုင်ကိုယ်တိုင်သည်လည်း အလားတူ ဖြစ်ရပ်မျိုးနှင့် ကြုံခဲ့ဖူးပေသည်။ ထိုစဉ်က ရန်ကိုင်မှ ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာပြီးသည့်နောက် ပိရန်ယုချင်း၏ လက်အောက်သို့ ရောက်သွားခဲ့ရသည်။
သို့ရာတွင် မူလကုန်းမြေနှင့် ကြယ်စီရင်စုကြီးမှာ အနည်းငယ် ကွာခြားနေခဲ့လေသည်။ ကြယ်စီရင်စုများထဲမှ မူလကုန်းမြေထဲသို့ ဝင်လာနိုင်သည့် လမ်းကြောင်းများ ရှိကြပါသော်ငြား ကြယ်တာရာအစုအဝေးထဲသို့မူ သတ်မှတ်ထားသည့် လမ်းကြောင်းများ မရှိပေ။ ရန်ကိုင်မှ ကြယ်တာရာလမ်းကြောင်းကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် ကြယ်တာရာအစုအဝေးထဲရှိ ကြုံရာနေရာတစ်ခုဆီသို့ ရောက်သွားခဲ့ရသည်။ သို့သော်ငြား မူလကုန်းမြေဆီသို့ လာချိန်တွင်တော့ သတ်မှတ်ထားသည့် နေရာတစ်ခုဆီသို့သာ ရောက်သွားခဲ့သည်။
ကြည့်ရသလောက် မူလကုန်းမြေနှင့် ကြယ်စီရင်စုများအကြား ဆက်သွယ်နေသည့် သတ်မှတ်ထားသော လမ်းကြောင်းများ ရှိနေကြသည့်ပုံပင်။ ရန်ကိုင်မှာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ အဆုံးမဲ့ ကြယ်စီရင်စုကြီးထံသို့ ပြန်သွားနိုင်သည်ဟုပင် သူ့စိတ်ထဲ ခံစားနေခဲ့ရလေသည်။
ထိုအတွက်ကြောင့် ရန်ကိုင်မှာ စိတ်လှုပ်ရှားလာတော့လေ၏။ သူ့အနေဖြင့်သာ ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ သွားမည့်လမ်းကြောင်းကို ရှာမတွေ့နိုင်ပါက သူဘာသာသူ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ သူ့မွေးရပ်မြေဆီသို့ ပြန်သွားနိုင်ပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၀၂)
ဘာသာပြန်သူ_တိမ်တိုက်
"ဒါပေမဲ့ အဲဒီဂိုဏ်းတွေက ဒီလောက် အားမကောင်းကြဘူး၊ တကယ် အားကောင်းတဲ့ ဂိုဏ်းတွေက ဘယ်တော့မှ ဒီလိုမျိုး မလုပ်ဘူး" ရန်ကိုင်အနေဖြင့် ဤသို့ ပြောရခြင်းမှာ သူ့အား လာဖိတ်ခေါ်ကြသည့် လူများသည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည့်အတွက်ကြောင့်ပင်။ တကယ်အားကောင်းသည့် ဂိုဏ်းများထဲသို့ ဝင်ချင်နေသည့် ကျင့်ကြံသူများမှာ မရေမတွက်နိုင်အောင် များပြားပေလိမ့်မည်။ ထိုအတွက်ကြောင့် ထိုကဲ့သို့သော ဂိုဏ်းများအဖို့ သူတို့ကိုယ်သူတို့ ယခုကဲ့သို့ အောက်ကျို့နေစရာ မလိုပေ။
ဟဲယွင်ရှန်းက တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် ခေါင်းညိတ်လိုက်လေ၏။ "အင်း၊ ဆရာပြောတာ ဟုတ်လောက်တယ်"
"ဒီမှာ ရပ်ကြရအောင်" ရန်ကိုင်သည် ဟဲယွင်ရှန်း၏ ပခုံးကို ပုတ်လိုက်လေသည်။
ရန်ကိုင်၏ အမိန့်ကို ရသော် ဟဲယွင်ရှန်းသည် ကြယ်လွန်းပျံကို ရပ်လိုက်လေ၏။
လက်ရှိအချိန်တွင် ရန်ကိုင်တို့ ရောက်နေသည့် နေရာမှာ တောင်များဖြင့် ဝန်းရံနေသည့် နေရာတစ်ခု ဖြစ်ပေသည်။ ပတ်ဝန်းကျင်မှာ အတော်လေးကိုမှ လှပလှပြီး ပန်းရနံ့တို့ သင်းပျံ့နေသလို ကျေးငှက်တို့၏ တီတီတာတာ အော်မြည်သံများမှာလည်း ချိုသာစွာ ပျံ့လွင့်နေခဲ့လေသည်။
"မင်းက သေလို့ကောင်းမဲ့ နေရာတစ်ခုကို ရွေးထားတာပဲ" ထိုစဉ် ယန်လော့၏ အသံ နောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။ စကားထွက်ပေါ်လာစဉ်က ယန်လော့သည် အဝေးတစ်နေရာတွင်သာ ရှိနေသေးပါသော်ငြား ထိုစကားကို ပြောပြီးသွားသည့် အချိန်တွင်တော့ ရန်ကိုင်အရှေ့သို့ ရောက်နေခဲ့လေ၏။
ထို့နောက်တွင် ပင်လယ်ပြာနန်းတော်မှ လှေပျံလေးသည် ရန်ကိုင်အရှေ့ လေထဲတွင် ဝဲလာခဲ့သေလည်။
"သေလို့ကောင်းတဲ့ နေရာဆိုတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ငါသေဖို့အတွက်တော့ မဟုတ်ဘူးလေ" ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
အခြားသော ဂိုဏ်းများ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ခြင်းအားဖြင့် ပင်လယ်ပြာနန်းတော်မှ လူများ သူတို့အနောက်သို့ ကျိန်းသေ လိုက်လာလိမ့်မည်မှန်း ရန်ကိုင် ကြိုတင်ခန့်မှန်းထားမိပြီးသားပင်။ ပင်လယ်ပြာနန်းတော်နှင့် ယန်မိသားစုမှ လူများသည်သာ သူ့အနောက်သို့ လိုက်မလာခဲ့ပါက သူတို့အနေဖြင့် အသက်ရှင်နိုင်ချေ ရှိပေသေးသည်။ တကယ်တော့ ယန်မိသားစုသည် သူ့အား ဤနေရာသို့ လာနိုင်အောင် ကူညီပေးခဲ့သည် မဟုတ်ပေလော။ ထိုအတွက်ကြောင့် သူတို့အကြား ရန်ငြိုးရန်စများမှာ ထိုနည်းဖြင့်သာ ကျေအေးသွားရမည် ဆိုလျှင်တော့ အမှန်တကယ်ကို ကောင်းပေသည်။ သို့သော်ငြား ထိုလူများသည် ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး မနေဘဲ သူ့အနောက်သို့ လိုက်လာချင်မှဖြင့် ရန်ကိုင်ကလည်း ညှာတာနေတော့လိမ့်မည် မဟုတ်ပေ။
တကယ့်ပညာရှင်တစ်ဦးသည် အားနည်းသူများကို အနိုင်ကျင့် ဗိုလ်ကျလေ့ မရှိချေ။ မိမိရန်သူများကိုသာ အကြွင်းမဲ့ ဖျက်ဆီး ဖိနှိပ်ကြပေသည်။ အားနည်းသူများကို လိုက်လံ အနိုင်ကျင့် နှိပ်စက်နေသူများမှာ အမှန်တကယ် အားကောင်းကြသူများ မဟုတ်။ တကယ်အားကောင်းသည့် လူများနှင့် မတိုက်ခိုက်ယှဉ်ပြိုင်ရဲသည့်အတွက်ကြောင့် မိမိထက် နိမ့်ကျသည့် လူများကိုသာ လိုက်လံ အနိုင်ကျင့်နေတတ်ကြသည့် ငကြောက်များ ဖြစ်ကြပေသည်။
ရန်ကိုင်၏ စကားကို ကြားသော် ယန်လော့က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။ "မင်းက တကယ်ကို အရှက်မရှိပါလားကွ၊ ငါ့ဘိုးဘေး ဒီကို ရောက်နေတာတောင် ဟိုမှာတုန်းကလို မင်း စိတ်ကြိုက် လုပ်နေနိုင်ဦးမယ်လို့ ထင်နေသေးတာလား"
ယန်မိသားစုထဲတွင် သူ့အနေဖြင့် ရန်ကိုင်အရှေ့၌ ကြောက်ကြောက်ရွံ့ရွံ့နှင့် နေခဲ့ရသည်။ သို့သော်ငြား ယခုမူ လက်စားပြန်ချေနိုင်တော့မည် ဖြစ်သည့်အတွက်ကြောင့် သူ့စိတ်ထဲ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေလေ၏။ ထိုသို့ ပြောပြီးသည့်နောက်တွင် ယန်လော့က အံကြိတ်၍ ဆက်ပြောလိုက်လေသည်။ "ဘိုးဘေး၊ ကျေးဇူးပြုပြီး ဒုတိယအကြီးအကဲအတွက် ပြန်ပြီး လက်စားချေပေးပါဦး"
ယန်ရန်ဟောင်သည် ခေါင်းညိတ်ပြီးသည့်နောက် ရှေ့သို့ တစ်လှမ်း တိုးလိုက်လေသည်။ တစ်ချိန်တည်းတွင် တာအိုသခင် ပထမအဆင့် ကျင့်ကြံခြင်း အရှိန်အဝါသည် ရန်ကိုင်အပေါ်သို့ ဖိချလာခဲ့လေသည်။
တွမ့်မူချီကလည်း ပြောလိုက်သည်။ "မင်း အဲဒီလူကို ဘာပဲလုပ်လုပ် ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ အဲဒီမိန်းမကိုတော့ မသေစေနဲ့"
ထိုစကားကို ကြားသော် ချန်ချွေ့လင်သည် မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်လေသည်။ တွမ့်မူချီကမူ ပြုံး၍ ရှင်းပြလိုက်လေ၏။ "ငါ နင်တစ်ယောက်တည်း ဝန်မပိအောင်လို့ နင့်အတွက် ညီမလေးအသစ် တစ်ယောက် ရှာပေးတာလေ၊ ဘာလဲ မကြိုက်လို့လား"
တွမ့်မူချီသည် တဏှာကြီးသူ တစ်ဦး ဖြစ်သည့်အလျောက် သူ့အား သွား၍ ဖျောင်းဖျလို့ ရနေလိမ့်မည် မဟုတ်မှန်း သိထားသည့်အတွက်ကြောင့် ချန်ချွေ့လင်မှာ တွမ့်မူချီ၏ လက်မောင်းကို ဖက်ရင်းဖြင့်သာ ပြန်ပြောလိုက်လေသည်။ "အဲဒါဆိုရင်တော့ ကျွန်မက အစ်မကြီး လုပ်မှာနော်"
"ရတယ် ကိစ္စမရှိဘူး" တွမ့်မူချီက ပြုံး၍ ပြန်ပြောလိုက်လေသည်။
ထိုစကားကို ကြားသည့်အခါမှသာ ချန်ချွေ့လင် ပြုံးနိုင်တော့၏။ သို့သော်ငြား ဟဲယွင်ရှန်းကိုမူ အထင်အမြင်တသေးဖြင့် ကြည့်နေပေသေးသည်။
"ဘိုးဘေး သတိထားနော်၊ အဲဒီကောင်က လေဟာနယ်တာအိုကို ကျွမ်းကျင်တယ်"
"လေဟာနယ်တာအို" ယန်ရန်ဟောင်၏ အမူအရာ လေးနက်သွားခဲ့လေသည်။ သို့တိုင် မောက်မာဝံ့ကြွားစွာဖြင့် ပြန်၍ ပြောလိုက်သေး၏။ "အဲဒီတော့ ဘာဖြစ်လဲ"
အကြွင်းမဲ့ စွမ်းအား ရှေ့မှောက်တွင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် ပညာရှင်များသည်ပင်လျှင် အသုံးမဝင်တော့ပေ။ ယန်ရန်ဟောင်သည် ဆက်၍ အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်းပဲ ပြောလိုက်လေ၏။ "သေလိုက်ပေတော့"
ထိုသို့ ပြောပြီးသည့်နောက်တွင် ယန်ရန်ဟောင်သည် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်အရှေ့သို့ ရောက်လာခဲ့လေသည်။ ထို့နောက် သူ၏လက်ဖြင့် ရန်ကိုင်၏ ခေါင်းကို ဆုပ်ချလိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့လက်ဆီမှ အားကောင်းလှသည့် အရင်းအမြစ်ချီတို့ ထွက်လာခဲ့လေ၏။
ထိုအချင်းအရာကို မြင်လိုက်သော် ဟဲယွင်ရှန်းမှာ အထိတ်တလန့် ဖြစ်သွားခဲ့လေသည်။ သူမအနေဖြင့် ယခုမှသာလျှင် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး လှုပ်ရှားသည်ကို ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်လေသည်။ ယန်ရန်ဟောင် မည်ကဲ့သို့ လှုပ်ရှားလိုက်သလဲဆိုသည်ကိုပင် သူမအနေဖြင့် သေသေချာချာ မမြင်လိုက်ရ။ သူ မြင်လိုက်ရသည်မှာတော့ ယန်ရန်ဟောင်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်အရှေ့၌ ဗြုန်းစားကြီး ပြန်ပေါ်လာကာ ရန်ကိုင်၏ ခေါင်းကို သူ့လက်ဖြင့် ရိုက်ချလိုက်သည့် အချက်သာ ဖြစ်လေသည်။ ယန်ရန်ဟောင် သူမအရှေ့သို့ ရောက်လာပြီးသည့်နောက် ဟဲယွင်ရှန်းမှာ အထိတ်တလန့် အမူအရာဖြင့် ကြယ်လွန်းပျံကို ထိန်းချုပ်ကာ ရန်ကိုင်အား အဝေးတစ်နေရာသို့ ခေါ်သွားရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော်ငြား ရန်ကိုင်ကမူ မလှုပ်မယှက်သာ ရပ်နေလေ၏။
ကလန်။
သတ္တုချင်း ထိခိုက်သွားသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခက်ထန်ကြမ်းကြုတ်နေသည့် ယန်ရန်ဟောင်၏ အမူအရာမှာ ရေအေးဖြင့် လောင်းချခံလိုက်ရသည့်အလား ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူ့အရှေ့ရှိ လူငယ်လေးအား မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ကြည့်လိုက်လေသည်။
ယန်ရန်ဟောင်သည် သူ့ပစ်မှတ်အား တည့်တည့်ကို ထိမှန်သွားခဲ့လေသည်။ သို့သော်ငြား သူ ထင်ထားသကဲ့သို့ လူငယ်လေး၏ ခေါင်းမှာ ပေါက်ကွဲထွက်သွားခြင်း မရှိခဲ့သလို သွေးများလည်း ပန်းထွက်လာခဲ့ခြင်း မရှိချေ။ ထို့အပြင် သူကိုယ်တိုင်သည်လည်း သူ့လက်ဆီမှ လူတစ်ဦး၏ ခေါင်းကို ကိုင်ထားသလို မခံစားရဘဲ အလွန်တရာကိုမှ မာကျောလှသည့် သံမဏိတုံး တစ်တုံးကိုသာ ကိုင်ထားရသလို ခံစားနေရလေသည်။
[ဒီကောင့် ခေါင်းက ဘာတွေနဲ့ လုပ်ထားလို့ ဒီလောက်တောင် မာနေရတာလဲ]
ယန်ရန်ဟောင်မှာ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ဘဲ ချက်ချင်း အရင်းအမြစ်ချီများကို ထပ်မံပို့လွှတ်၍ ရန်ကိုင်၏ ခေါင်းကို ဖောက်ခွဲပစ်ရန် ကြိုးစားလိုက်လေသည်။။
ယန်ရန်ဟောင်ဘက်မှ အစွမ်းကုန် ကြိုးစား၍ တိုက်ခိုက်နေသည့်တိုင် ရန်ကိုင်၏ ခေါင်းမှာတော့ လုံးဝ ပေါက်ကွဲထွက်သွားခဲ့ခြင်း မရှိဘဲ ရန်ကိုင်ကိုယ်တိုင်သည်လည်း ယန်ရန်ဟောင်ကိုသာ မမှိတ်မသုန်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။
ထိုအချင်းအရာကို မြင်လိုက်သော် ယန်ရန်ဟောင် ငေးကြောင်ကြောင် ဖြစ်သွားခဲ့လေ၏။ ယန်ရန်ဟောင် သတိလက်လွတ် ဖြစ်သွားစဉ် အတောအတွင်း ရန်ကိုင်သည် ယန်ရန်ဟောင်၏ လက်ကို ဖမ်းဆွဲလိုက်လေသည်။ တစ်ခဏတည်းတွင် အရိုးကျိုးသံနှင့်အတူ ယန်ရန်ဟောင်၏ လက်အရိုးများ ကျိုးကြေကုန်လေ၏။
[မဟုတ်ဘူး၊ ငါ သူ့ပြိုင်ဘက် မဟုတ်ဘူး၊ ဒီကောင် အဆုံးမဲ့ကြယ်စီရင်စုဆီက လာတာရော ဟုတ်ရဲ့လား၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ] ပျာယီးပျာယာဖြင့် ယန်ရန်ဟောင်သည် သူ့ပါးစပ်ကို ဟ၍ အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်လေသည်။ ထိုအလင်းတန်းသည် စက်သွားဓားတစ်ချောင်း အသွင်သို့ ပြောင်းသွားခဲ့လေ၏။ သို့သော်ငြား စက်သွား ဦးတည်နေသည့် နေရာမှာ ရန်ကိုင် မဟုတ်ဘဲ ယန်ရန်ဟောင်၏ လက်ကောက်ဝတ်သာ ဖြစ်လေသည်။
သွေးများ ပန်းထွက်လာခဲ့ပြီး ယန်ရန်ဟောင်၏ လက်ကောက်ဝတ်တစ်ခုလုံး ပြတ်ထွက်သွားခဲ့လေသည်။ ထိုအတွက်ကြောင့် ယန်ရန်ဟောင် ကိုယ်တိုင်မှာလည်း ရန်ကိုင်၏ လက်မှ လွတ်မြောက်သွားခဲ့ရလေသည်။ ယန်ရန်ဟောင်သည် တုံ့ဆိုင်းခြင်း မရှိဘဲ သူ့လက်သူ ပြန်ဖြတ်ပစ်ခဲ့ရခြင်းမှာ ထိုသို့သာ မလုပ်ပါက သူ့အနေဖြင့် ထိုလူငယ်လေး၏ သတ်ဖြတ်ခြင်း ခံရလိမ့်မည်မှန်း သိထားသည့်အတွက်ကြောင့်ပင်။
ယန်ရန်ဟောင် အနေဖြင့် ယခုလက်ရှိ ကျင့်ကြံခြင်းအဆင့်သို့ ရောက်လာနိုင်ခဲ့ရခြင်းမှာ သူ၏ ပါရမီနှင့် ကံ သက်သက်ကြောင့်သာလျှင် မဟုတ်ဘဲ စူးရှသည့် အန္တရာယ်အပေါ် အာရုံခံစားနိုင်စွမ်းကြောင့်လည်း ပါပေသည်။
ရန်ကိုင်သည် သူ့အနောက်သို့ ပ်ကြပ်မကွာ ပြေးလိုက်လာနေသည်ကို မြင်သော် ယန်ရန်ဟောင်မှာ အထိတ်တလန့်ဖြင့် နောက်သို့ ပြန်ဆုတ်နေရင်းမှ အော်ပြောလိုက်လေ၏။ "ရောင်းရင်း၊ ကျေးဇူးပြုပြီး ရပ်လိုက်ပါကွာ ငါတို့ကြား နားလည်မှုလွဲတာ နေမှာပါ၊ ငါ့မိသားစုရဲ့ မျိုးဆက်တွေက ဘာကိုမှ သေချာမသိလို့ မင်းကို ရန်စမိလိုက်တာပါကွာ၊ မင်း သူ့ကို သတ်လိုက်တာအတွက်လည်း ငါ မင်းကို အပြစ်မတင်ပါဘူး၊ အဲ့ဒီအစား အဲဒီလိုမျိုး အမှိုက်တစ်ကောင်ကို ရှင်းပစ်ပေးတဲ့အတွက်တောင် ငါ မင်းကို ကျေးဇူးတင်နေတာပါ၊ ဒါနဲ့ ရောင်းရင်း ငါ မင်းနာမည်ကို မမေးရသေးဘူးနော်"
ယန်ရန်ဟောင်မှာ ယခုနေ မပြောလိုက်ရလျှင် နောက်တစ်ကြိမ် စကားပြောခွင့် မရတော့မည်ကို စိုးရိမ်နေသည့်အလား ကရားရေလွှတ် တရစပ် ပြောချသွားခဲ့လေသည်။
"သေလိုက်ပေတော့"
ရန်ကိုင်မှာ ယန်ရန်ဟောင်တို့အား အခွင့်အရေး တစ်ကြိမ် ပေးပြီးသွားလေပြီ။ သို့သော်ငြား တစ်ဖက်လူသည် သူပေးသည့် အခွင့်အရေးကို တန်ဖိုးမထားမှဖြင့် သူ့အပေါ် လာအပြစ်တင်နေ၍ မရတော့ချေ။
မည်သည့် စွမ်းအင် အရှိန်အဝါမျှ ဖြာထွက်နေခြင်း မရှိသော ရန်ကိုင်၏ လက်သီးသည် ယန်ရန်ဟောင်၏ ရင်ဘတ်တည့်တည့်သို့ တိုးဝင်လာခဲ့လေသည်။
ထိုအချင်းအရာကို မြင်သော် ယန်ရန်ဟောင်၏ မျက်နှာတစ်ပြင်လုံး သွေးစုပ်ဖြူလျော့သွားခဲ့ပြီး တွမ့်မူချီဘက်သို့ လှည့်၍ အော်ပြောလိုက်လေ၏။ "စီနီယာအစ်ကိုတွမ့်မူ ကျုပ်ကို ကယ်ပါဦး"
ထိုစကားကို ပြောပြီးပြီးချင်းမှာပင် ယန်ရန်ဟောင်သည် ရန်ကိုင်၏ လက်သီးစာ မိသွားခဲ့လေသည်။ ဘုန်းကနဲ မြည်သံနှင့်အတူ ယန်ရန်ဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့လေ၏။ သွေးမိုးများဟာလည်း သွေးကြာပန်းတစ်ပွင့် ပွင့်လန်းနေသည့်ပမာ ဖြာကျလာခဲ့လေသည်။
ယန်ရန်ဟောင်အား ရှင်းပစ်ပြီးသွားသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ပြန်ရုပ်၍ ယန်ရန်ဟောင်ကြောင့် ဖွာကျဲလန်သွားသော သူ့ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ပြန်သပ်ချလိုက်လေသည်။ ထို့နောက်တွင် ယန်လော့ဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။
ယန်လော့မှာမူ သူ့ဘိုးဘေး ထိုကဲ့သို့ သေသွားသည်ကို ကြည့်ရင်း လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်နေခဲ့လေသည်။
သူ့ဘိုးဘေး စတိုက်ခိုက်သည့် အချိန်မှစ၍ သေသွားသည့် အချိန်အထိ အသက်တစ်ရှိုက်စာလောက်သာ ကြာပေသေးသည်။ သို့သော်ငြား သူ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ဘဲ သူ့ဘိုးဘေးသည်သာ ရန်ကိုင်၏ ပြန်လည်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
လက်ရှိ အဖြစ်အပျက်သည် သူ မျှော်လင့်ထားသည်နှင့် လုံးဝကို ဆန့်ကျင်ဘက်ကြီး ဖြစ်နေသည့်အတွက်ကြောင့် ယန်လော့မှာ လိပ်ပြာလွင့်သွားသည့် လူတစ်ဦးပမာ ရန်ကိုင်ကိုသာ ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေလေသည်။
လူငယ်လေးနှင့် အကြည့်ချင်း ဆုံလိုက်မိသည့်အခါမှသာလျှင် ယန်လော့မှာ အသိပြန်ဝင်လာခဲ့ပြီး သေမင်းတံစဉ် သူ့လည်ပင်းအား လာထောက်ထားသည့်ပမာ သူတစ်ကိုယ်လုံး တစ်ဆက်ဆက် တုန်ယင်လာခဲ့လေသည်။ အထိတ်ထိတ်အလန့်လန့်ဖြင့် ယန်လော့မှာ တွမ့်မူချီ အနောက်၌ အလိုလို ပြေးပုန်းလိုက်လေ၏။
"မင်း ဘယ်လိုတောင် ပင်လယ်ပြာနန်းတော်က လူတစ်ယောက်ကို သတ်ရဲတာလဲကွ" တွမ့်မူချီမှာတော့ ချန်ချွေ့လင်နဲ့ ပရောပရည် ဆက်မလုပ်နိုင်တော့။ သူ သတိမထားမိလိုက်သည့် မျက်တောင်တစ်ခတ်အတွင်းမှာပင် ယန်ရန်ဟောင်မှာ အသတ်ခံလိုက်ရလေသည်။ ထို့အပြင် ဘာတွေဖြစ်သွားလို့ ဖြစ်သွားမှန်း တွမ့်မူချီ သေချာ မသိ။ ယန်ရန်ဟောင် သေသွားသည့် အချက်ကိုသာ သိထားခဲ့ပြီး ဒေါသထွက်ထွက်နှင့် ထအော်ပြောလေသည်။ "မင်း ဒီနေ့ သေရမယ်"
ရန်ကိုင် ပြောသကဲ့သို့ပင် ပင်လယ်ပြာနန်းတော်သည် မူလကုန်းမြေထဲရှိ ထိပ်သီး အင်အားစုတစ်ခု မဟုတ်ပေ။ ထိုအတွက်ကြောင့် သူတို့ဂိုဏ်းတွင် တာအိုသခင်အဆင့် ပညာရှင် များများစားစား မရှိလေရာ တာအိုသခင်အဆင့် ကျင့်ကြံသူ တစ်ဦးချင်းစီသည် ဂိုဏ်းအတွက် အလွန်ကိုမှ တန်ဖိုးရှိလှပေသည်။
အစကမူ လူငယ်လေးကို ရှင်းပစ်ဖို့ရာ အလွယ်လေးသာ ဖြစ်သည်ဟု တွမ့်မူချီ ထင်ခဲ့လေသည်။ သို့သော်ငြား ဤလူငယ်လေးကို လိုက်သတ်ရန် ကြိုးစားရာမှ သူ့ဂိုဏ်းမှ ပညာရှင်တစ်ဦး သေသွားရလိမ့်မည်ဟုတော့ ထင်ထားခြင်း မရှိခဲ့။ ထိုအတွက်ကြောင့် ယခုနေသာ ဂိုဏ်းဆီသို့ ပြန်ရောက်သွားမည် ဆိုလျှင် တာအိုသခင်အဆင့် ပညာရှင်တစ်ဦးအား သေအောင်လုပ်ခဲ့သည့်အတွက်ကြောင့် သူ့အနေဖြင့် ကျိန်းသေ အပြစ်ပေးခံရပေလိမ့်မည်။
အပြစ်ဒဏ် လျော့ပေါ့အောင် လုပ်လိုပါက တာအိုသခင်အဆင့် ပညာရှင်အား သတ်သွားသည့် လူသတ်သမားကို ပြန်သတ်နိုင်ဖို့ လိုပေလိမ့်မည်။
"ဒီကောင် ခေါင်းမကောင်းတော့တာလား" ရန်ကိုင်သည် ဟဲယွင်ရှန်းဘက်သို့ လှည့်၍ မေးလိုက်လေသည်။
ဟဲယွင်ရှန်းက ပြုံး၍ ပြန်ပြောလိုက်သည်။ "တော်ရုံ မကောင်းတာတင် မဟုတ်ဘူး၊ လုံးဝကို စိတ်မနှံ့တဲ့အထိကို သူ့ခေါင်းက လွတ်နေတာ"
တာအိုသခင်အဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူတစ်ဦး ရန်ကိုင်၏ လက်သီးတစ်ချက်ကိုပင် မခုခံနိုင်မှန်း သိလိုက်သော် ဟဲယွင်ရှန်းမှာ လုံးဝကို စိတ်ပူနေခြင်း မရှိတော့ချေ။ ရန်ကိုင် မည်မျှ အားကောင်းသလဲဆိုသည်ကို သူမ မသိသေးပါသော်ငြား တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးလောက်သည် ရန်ကိုင်၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်မှန်းတော့ သိသွားခဲ့လေသည်။
"ကောင်းပြီလေ အဲဒီလိုဆိုမှတော့ သူ့ကိုပါ ဟိုတစ်ယောက်နောက် ပို့ပေးရသေးတာပေါ့" ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်သည် တွမ့်မူချီ၏ အရှေ့၌ ချက်ချင်း ပြန်ပေါ်လာခဲ့လေသည်။ ထိုအခါမှသာလျှင် တွမ့်မူချီမှာလည်း အသိပြန်ဝင်လာခဲ့လေသည်။ သူ့အရှေ့၌ ဗြုန်းစားကြီး ပေါ်လာသည့် ရန်ကိုင်ကို ကြည့်ရင်း တွမ့်မူချီ၏ စိတ်ထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူညံသွားခဲ့လေသည်။
ထိုသို့ ဖြစ်နေလင့်ကစား ပျာယာခတ်သွားခဲ့ခြင်း မရှိဘဲ သူ့လက်ကို ဆန့်ထုတ်၍ ဓားရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ဓားရှည်မှ ထွက်ပေါ်နေသည့် အရှိန်အဝါအရ ထိုဓားရှည်မှာ တာအိုသခင်အဆင့် အဆင့်နိမ့် မှော်ရတနာတစ်ခု ဖြစ်မှန်း သိသာလှသည်။
ရန်ကိုင်သည်လည်း တွမ့်မူချီ လုပ်သည့်အတိုင်း သူ့လက်ကို လေထဲသို့ ဆန့်ထုတ်၍ ဓားတစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ သို့သော်ငြား ထုတ်ယူလိုက်သည့် ဓားမှာ အခြားသော ဓားရှည်များနှင့် အတော်လေးကိုမှ ကွာခြားနေခဲ့သည်။ ရန်ကိုင် ထုတ်ယူလိုက်သည့် ဓား၏ လက်ကိုင်ရိုးမှာ သာမန်ဓားရိုးများထက် အတော်လေးကိုမှ ကြီးမားလှနေသည့်အတွက်ကြောင့် သာမန်လူတစ်ဦးအတွက်ဆိုလျှင် ဤဓားအား လွှဲယမ်းလိုပါက လက်နှစ်ဖက်နှင့် ကိုင်မှသာ အဆင်ပြေပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်ကမူ ထိုဓားအား လွယ်လင့်တကူ ကိုင်ထားခဲ့လေသည်။
ထန်းကနဲ မြည်သံနှင့်အတူ တွမ့်မူချီမှာ သွေးအပွက်ပွက် အန်ထုတ်လိုက်ရပြီး သူ၏ တာအိုသခင်အဆင့် ဓားရှည်မှာလည်း နှစ်ပိုင်းကျိုးထွက်သွားခဲ့လေသည်။
ရန်ကိုင်သည် တစ်ချက်ကလေးမျှပင် ရပ်တန့်နေခြင်း မရှိဘဲ အနန္တဓားဖြင့် သူ့ပြိုင်ဘက်ကိုပါ ထပ်မံ၍ ခုတ်ချလိုက်သည်။
တွမ့်မူချီမှာတော့ ကြက်သေသေနေသည့်အလား ရန်ကိုင် သူ့အား ဓားဖြင့် ခုတ်ချလာသည်ကို ငေးကြောင်ကြောင်ဖြင့်သာ ရပ်ကြည့်နေခဲ့လေသည်။ "မင်း"
စွက်ခနဲ မြည်သံနှင့်အတူ တွမ့်မူချီ၏ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ထွက်သွားခဲ့ပြီး သွေးများ၊ ကိုယ်တွင်းအင်္ဂါများနှင့် အသားစများ နေရာအနှံ့ ကွာကျသွားခဲ့လေ၏။
တစ်ခဏအတွင်း ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်မှုတို့က လွှမ်းမိုးသွားခဲ့လေသည်။ ချန်ချွေ့လင်မှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ရည်လည်ရွှဲ တစ်ကိုယ်လုံးမှာလည်း တုန်တုန်ယင်ယင်ကို ဖြစ်နေခဲ့လေသည်။
တာအိုသခင် ပထမအဆင့် ကျင့်ကြံသူ နှစ်ဦးသည် ထိုလူငယ်လေး၏ တိုက်ကွက်တစ်ကွက်ကိုပင် ခုခံနိုင်ခဲ့ခြင်း မရှိဘဲ သေးနုပ်သည့် ပုရွက်ဆိတ်များပမာ အလွယ်တကူ သတ်ဖြတ်ခြင်း ခံလိုက်ကြရသည်။
သူမ စိတ်ထဲတွင်လည်း ဤနေရာသို့ လာခဲ့မိသည့်အပေါ် အလွန်ကိုမှ နောင်တရနေခဲ့ရလေပြီ။ ယခုကဲ့သို့ ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် တွမ့်မူချီ အနောက်သို့ လိုက်မလာခဲ့ပေ။
တွမ့်မူချီ အသတ်ခံလိုက်ရချိန် သူ့သွေးများ ပန်းထွက်လာခဲ့ရလေသည်။ ချန်ချွေ့လင်မှာ တွမ့်မူချီ ဘေးနားတွင် ရပ်နေသည့်အတွက်ကြောင့် သွေးများသည် သူမ တစ်ကိုယ်လုံးအား လာစင်သွားခဲ့လေ၏။ အချို့သော သွေးများဆိုလျှင် သူမ ပါးစပ်ထဲသို့ပင် ရောက်ကုန်ကြလေသည်။
ရန်ကိုင်ကမူ ချန်ချွေ့လင်အား တစ်ချက်မျှပင် ကြည့်မနေခဲ့ဘဲ အစောပိုင်းက တွမ့်မူချီ အနောက်တွင် ပုန်းအောင်းနေခဲ့သော ယန်လော့ကိုသာ ပြုံးဖြီးပြလိုက်သည်။
လက်ရှိအချိန်တွင်တော့ ယန်လော့သည်လည်း တွမ့်မူချီ အနောက်တွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်လေရာ သူ့ခန္ဓာကိုယ်မှာလည်း သွေးများဖြင့် စိုရွှဲနေခဲ့လေသည်။ ကြောက်ရွံ့မှုနှင့် ထိတ်လန့်တုန်လှုပ်မှုတို့ကိုလည်း သူ့မျက်လုံးထဲ အထင်းသား မြင်တွေ့နေခဲ့ရသည်။
[သူ ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ] ရန်ကိုင် ဤမျှ အားကောင်းလိမ့်မည်ဟု ယန်လော့ ထင်ထားခြင်း မရှိချေ။ ရန်ကိုင် လှုပ်ရှားလိုက်စဉ်က သူ့ဆီမှာ မည်သည့် စွမ်းအင် အရှိန်အဝါမျှ ဖြာထွက်လာခြင်း မရှိခဲ့။ သို့သော်ငြား လက်သီးဖြင့်ဖြစ်စေ ဓားဖြင့်ဖြစ်စေ ရန်ကိုင်သည် ယန်ရန်ဟောင်နှင့် တွမ့်မူချီတို့ နှစ်ဦးစလုံးအား လွယ်လင့်တကူ သတ်ဖြတ်ပြသွားနိုင်ခဲ့လေသည်။
ထိုနှစ်ဦးပင် ရန်ကိုင်ကို မနိုင်လေရာ သူကရော နိုင်ဦးမည်လား။ ထို့ကြောင့် ယန်လော့မှာ ထွက်ပြေးရန်သာ ဆုံးဖြတ်လိုက်တော့လေသည်။ သူ့အနေဖြင့် အသက်ရှင်လိုပါက အတတ်နိုင်ဆုံး မြန်နိုင်သမျှ မြန်အောင် ပြေးမှသာ ရပေလိမ့်မည်။
ရန်ကိုင်ကမူ ထွက်ပြေးသွားသည့် ယန်လော့ကိုသာ ပြုံး၍ ကြည့်နေခဲ့လေသည်။
ဟဲယွင်ရှန်းကမူ ပြောလိုက်၏။ "ဆရာ"
သူမအနေဖြင့် ယန်လော့ကို လွှတ်မပေးချင်ပေ။ ရန်ကိုင် အားကောင်းလှသည့်အတွက်ကြောင့်သာ မဟုတ်ပါက သူတို့နှစ်ဦးစလုံး ယန်လော့၏ ထောင်ချောက်ထဲသို့ ကျသွားရပေလိမ့်မည်။ ယခု အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားပြီ ဖြစ်လေရာ သူမအနေဖြင့် ယန်လော့အား လုံးဝ ခွင့်မလွှတ်ပေးနိုင်ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၀၃)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်မှာ ယန်လော့နောက်သို့ ပြေးမလိုက်သွားခဲ့ပေ။ ယန်လော့အား လွှတ်ပေးရန် စဉ်းစားထားသည့်အတွက်ကြောင့်တော့မဟုတ်။ ထို့အစား…။
ရုတ်တရက်ဆိုသလို အနီးအနားရှိ တောအုပ်တစ်ခုဆီမှ ပိုက်ကွန်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ယန်လော့ဆီသို့ တိုးဝင်သွားခဲ့သည်။ ယန်လော့မှာ အလစ်အငိုက် မိသွားခဲ့လေရာ ပိုက်ကွန်ထဲ ပါသွားခဲ့လေ၏။ အထိတ်ထိတ် အလန့်လန့်ဖြင့် သူတော်စင်ချီကို အရူးအမူးလှည့်ပတ်ရင်း ခုခံရန် ကြိုးစားလိုက်ပါသော်ငြား သူ့ဘက်မှ ပို၍ကြိုးစားရုန်းကန်လေ ပိုက်ကွန်မှာ ပို၍ တင်းကြပ်လာလေ ဖြစ်နေခဲ့လေသည်။ တစ်ခဏလေးအတွင်းမှာပင် ယန်လော့မှာ ကောက်ညှင်းထုပ်ပမာ ပိုက်ကွန်၏ တင်းတင်းကြပ်ကြပ် ရစ်ပတ်ခြင်း ခံလိုက်ရလေသည်။ ပါးလျသော ကြိုးမျှင်များသည် ချိတ်ပိတ်စွမ်းအားကို ပိုင်ဆိုင်ထားသည့်အလား ယန်လော့၏အသားထဲသို့ ဖောက်ဝင်၍ သူ့သူတော်စင်ချီအား လှည့်ပတ်၍မရအောင် ထိန်းချုပ်ထားခဲ့လေသည်။
ပိုက်ကွန်၏အဆုံးတွင်တော့ မျက်နှာဝါကျင့်ကျင့်နှင့် လူအိုကြီးတစ်ဦး ရှိနေခဲ့လေသည်။ လက်ရှိအချိန်တွင် လူအိုကြီးသည် ဆေးတံတစ်ချောင်းကို ကိုင်၍ ရန်ကိုင်အား ဒွိဟဖြစ်နေသည့်အမူအယာဖြင့် ကြည့်နေခဲ့သည်။
တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် လူအိုကြီးသည် ပိုက်ကွန်ဖြင့် ချုပ်နှောင်ထားခံရသည့် ယန်လော့ကို လက်တစ်ဖက်တွင်ကိုင်၍ ရန်ကိုင်ဆီသို့ လျှောက်လာလျက် မေးလိုက်လေသည်။ “မင်းရဲ့ကျင့်ကြံခြင်းက ဘယ်အဆင့်မှာလဲ…”
အစောပိုင်းက ရန်ကိုင်သည် သူ၏ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ပါသော်ငြား လူအိုကြီးသည် အလွယ်တကူလက်မလျော့ချင်ပေ။ အဆင့်နိမ့်ကြယ်စီရင်စုမှလာသည့် ပညာရှင်တစ်ဦးကို ပင်လယ်ပြာနန်းတော်မှလူများ၏လက်ထဲ အသေခံခွင့်ပြုလိုက်ရခြင်းမှာ နှမြောစရာဖြစ်သည်ဟု ထင်မိပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်တို့နောက်သို့ တိုးတိုးတိတ်တိတ်ဖြင့် လိုက်လာခဲ့သည်။ သူ့ရည်ရွယ်ချက်မှာတော့ ရန်ကိုင်တို့ဒုက္ခရောက်နေချိန် ဝင်ကယ်၍ ရန်ကိုင်မှ သူ့အပေါ် ကျေးဇူးတင်သွားအောင် လုပ်ရန်သာ ဖြစ်လေသည်။ သို့မှသာလျှင် ရန်ကိုင်တို့အား ထာဝရအသက်စံအိမ်သို့ ဝင်ခိုင်းနိုင်ပေလိမ့်မည်။
သို့သော်ငြား သူ့အား စောင့်ကြိုနေသည့် မြင်ကွင်းမှာတော့ အလွန်ကိုမှ ကြက်သီးမွေးညှင်းထစရာ ကောင်းလှပေသည်။ တာအိုသခင်ပထမအဆင့်တွင် ရှိနေသော ပညာရှင်နှစ်ဦးသည် ထိုလူငယ်လေး၏ အလွယ်တကူ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ထို့အတွက်ကြောင့် လူငယ်လေးသည်သာ သူ့အား သတ်ချင်ပါက လုံးဝ အားစိုက်စရာလိုလိမ့်မည်မဟုတ်ပေ။ လူအိုကြီးအား ပို၍ ထိတ်လန့်သွားစေရသည်မှာ သူ့အနေဖြင့် လူငယ်လေး၏ကျင့်ကြံခြင်းအား လုံးဝ မမြင်နိုင်ခြင်းပင်။
လူငယ်လေးသည် သူ့ကျင့်ကြံခြင်းအား မှော်ရတနာတစ်ခုခုကိုသုံး၍ ဖုံးကွယ်ထားမည်ဆိုလျှင်ပင် သူလှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် သူ့ကျင့်ကြံခြင်းမှာ ပေါ်သွားရပေလိမ့်မည်။
သို့သော်ငြား အစမှ အဆုံးထိ လူငယ်လေး၏ကျင့်ကြံခြင်းကို သူ့အနေဖြင့် လုံးဝ မြင်နိုင်ခြင်းမရှိခဲ့။
“အကြီးအကဲကို ကျုပ် ဘယ်လိုခေါ်ရမလဲ…” ရန်ကိုင်က ပြုံး၍ မေးလိုက်သည်။
လူအိုကြီးက ပြန်ပြောလိုက်သည်။ “ရှုဟိုတု…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အကြီးအကဲရှုပေါ့… အခုလိုမျိုးကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်…”
ရှုဟိုတုက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်လေသည်။ ရန်ကိုင်သည် တာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦးအား လွယ်လင့်တကူ သတ်ဖြတ်နိုင်လေရာ တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ရောက်သေးသော ယန်လော့အနေဖြင့် ရန်ကိုင်လက်မှ လွတ်စရာအကြောင်းမရှိချေ။ ရန်ကိုင်မှ ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်သည်ကိုကြည့်ရင်း ရန်ကိုင်အနေဖြင့် သူ့မေးခွန်းကို မဖြေချင်မှန်း လူအိုကြီး သဘောပေါက်သွားခဲ့လေသည်။
ထို့အတွက်ကြောင့် လူအိုကြီးက ပြန်၍ပြောလိုက်လေ၏။ “ပင်လယ်ပြာတာအိုနန်းတော်မှာ တာအိုသခင်အဆင့်ပညာရှင် ဆယ်ဦးလောက်ရှိတယ်… ပြီးတော့ သူတို့ရဲ့နန်းတော်သခင်က တာအိုသခင်ဒုတိယအဆင့်ပဲ… မင်း သူတို့လူနှစ်ယောက်ကို သတ်လိုက်တာဆိုတော့ ပင်လယ်ပြာနန်းတော်က မင်းကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ် တစ်ဂိုဏ်းလုံးကိုသတ်ဖို့ စိတ်မဝင်စားသေးဘူး… ဒါပေမယ့် သူတို့ဘက်က သေချင်နေတယ်ဆိုရင်တော့ ကျုပ်လည်း သူတို့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဝန်လေးနေမှာမဟုတ်ဘူး…”
ထိုစကားကိုကြားသော် ရှုဟိုတု ထပ်မံ၍ ထိတ်လန့်သွားခဲ့ရလေသည်။ သူ့အနေဖြင့် ရန်ကိုင်အား ပင်လယ်ပြာနန်းတော်အကြောင်း ပြောပြလိုက်ရခြင်းမှာ ရန်ကိုင်အပေါ် သတိပေးလိုသည့်အတွက်ကြောင့် ဖြစ်သလို ရန်ကိုင်၏ ခွန်အားအတိမ်အနက်ကိုလည်း စမ်းသပ်လိုသည့်အတွက်ကြောင့် ဖြစ်ပေသည်။ ဤလူငယ်လေးသည် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူကိုပင် လုံးဝ အရေးမစိုက်ကြောင်း တွေ့လိုက်ရသော် ဤလူငယ်လေးအား သူ့အနေဖြင့် အထင်သေးမိနေသေးမှန်း လူအိုကြီး သဘောပေါက်သွားခဲ့ရသည်။
ထို့အတွက်ကြောင့် ရန်ကိုင်အား ထာဝရအသက်စံအိမ်သို့ ဖိတ်ခေါ်ရန်အကြံအစည်ကို လက်လျှော့လိုက်တော့လေသည်။ ရန်ကိုင်ကဲ့သို့သောလူတစ်ဦးကို ထာဝရအသက်စံအိမ်ထဲသို့ ဖိတ်ခေါ်နိုင်မည်ဆိုလျှင်ပင် သူတို့အနေဖြင့် အေးအေးသက်သာ နေရလိမ့်မည်မဟုတ်ဘဲ ရန်ကိုင်ကြောင့်သာ စံအိမ်ထဲတွင်ရှိနေသည့်လူများ ဖိအားဝင်ကြရပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်အနေဖြင့် ဘာကြောင့်များ ဤမျှ အားကောင်းနေရလေသနည်း။ ရန်ကိုင် အဆင့်နိမ့်ကြယ်စီရင်စုမှ လာသည်ကို သူကိုယ်တိုင်မြင်ခဲ့ရလေသည်။ အဆင့်နိမ့်ကြယ်စီရင်စုမှလူတစ်ဦးသည် မည်ကဲ့သို့များ ဤမျှ အားကောင်းနေရလေသနည်း။ ယခင်က အဆင့်နိမ့်ကြယ်စီရင်စုမှ တက်လာသည့်လူတိုင်း အားကောင်းခဲ့ကြပါသော်ငြား ဤအတိုင်းအတာထိတော့ မဟုတ်ပေ။
“မိတ်ဆွေလေး… မင်း မူလကုန်းမြေဆီ ဘာလို့လာတာလဲ…”
ရန်ကိုင်အား သူ့ဂိုဏ်းထဲသို့ မဖိတ်ခေါ်နိုင်တော့လေရာ သူ့အနေဖြင့် ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ထားရန်သာ ကြိုးစားရပေတော့မည်။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဘာလို့လဲဆိုတော့ ဒီကနေပြီးတော့ အခြားကြယ်စီရင်စုကြီးတစ်ခုဆီ ပြန်သွားချင်လို့…”
ရှုဟိုတု သူ့နောက်သို့လိုက်လာသည်ကိုကြည့်ရင်း ရှုဟိုတုသည် မကောင်းသည့်လူတစ်ဦးမဟုတ်မှန်း ရန်ကိုင်သိပေသည်။ ထို့အပြင် သူကိုယ်တိုင်သည်လည်း မူလကုန်းမြေအကြောင်း ဘာဆိုဘာမှမသိသလို ဟဲယွင်ရှန်းကိုလည်း ယခုကိစ္စနှင့်ပတ်သက်၍ အားကိုး၍မရ။ ထို့အကြောင်းကြောင့် သူတို့ကိုသာ ဒေသခံတစ်ဦးမှ လမ်းပြပေးမည်ဆိုလျှင် အတော်လေးကိုမှ အကူအညီ ဖြစ်စေပေလိမ့်မည်။
“ကျုပ်က အဆုံးမဲ့ကြယ်စီရင်စုကမဟုတ်ဘူး… မတော်တဆ အဲ့ကိုရောက်သွားပြီးတော့ အခု ကျုပ်ရဲ့ မွေးရပ်မြေကြယ်စီရင်စုကြီးဆီ ပြန်ဖို့လုပ်နေတာ…”
ထိုစကားကိုကြားသော် ရှုဟိုတု နားလည်သွားခဲ့ပြီး ခေါင်းညိတ်ပြလိုက်လေ၏။ “ငါသိပြီ…”
မူလကုန်းမြေသည် ကြယ်စီရင်စုပေါင်းများစွာနှင့် ဆက်သွယ်နေသည်ဟု ပြောစမှတ်ရှိကြသည်။ ပညာရှင်ပေါင်းများစွာသည်လည်း မူလကုန်းမြေအား ထွက်ပေါက်တစ်ခုသဖွယ် အသုံးချလျက် အခြားသောကြယ်စီရင်စုများဆီသို့ သွားမည့်အကြောင်းကို ဆွေးနွေးခဲ့ကြဖူးသည်။ အားလုံး သဘောတူလိုက်သည့်အချက်မှာတော့ သူတို့အနေဖြင့် ထိုကဲ့သို့လုပ်နိုင်ပေသည်။ သို့သော်ငြား တန်ရာတန်ကြေး ကြီးကြီးမားမားတစ်ခု ပေးဆပ်ရန် လိုအပ်သလို သူတို့ကိုယ်တိုင်သည်လည်း အလွန်ကိုမှ အားကောင်းနေရန် လိုအပ်ပေလိမ့်မည်။
“ဒါပေမယ့် ကျုပ်အိမ်ဆီ ဘယ်လိုပြန်ရမလဲ မသိဘူး ဖြစ်နေလို့ အကြီးအကဲရှု ကျုပ်ကို အကြံလေးဘာလေး ပေးလို့ရမလား…” ရန်ကိုင်က မေးလိုက်သည်။
ရှုဟိုတုက ပြန်ပြောလိုက်သည်။ “မိတ်ဆွေလေး… မင်း ဘယ်ကြယ်စီရင်စုကနေ လာလဲဆိုတာကို ငါ့ကို ပြောပြလို့ရမလား… ငါ ကြွားပြောတာတော့ မဟုတ်ဘူးနော်… ငါ မူလကုန်းမြေထဲမှာ နေလာတာ နှစ်ပေါင်း ရာနဲ့ချီနေပြီ… အခြားကြယ်စီရင်စုတွေကလူတွေကို အများကြီး ငါတွေ့ဖူးတယ်… ဒီတော့ မင်းသာပြောပြမယ်ဆိုရင် ငါသိတဲ့လူတွေထဲမှာ မင်းကြယ်စီရင်စုကတစ်ယောက်ယောက် ပါကောင်း ပါနေနိုင်တယ်…”
ရန်ကိုင်၏အကြည့် ဝင်းပသွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “အကြီးအကဲရှု ဒါဆို ဟုန်းလော့ကြယ်စီရင်စုအကြောင်းကို ကြားဖူးလား…”
ရှုဟိုတုသည် အတန်ကြာအောင် စဉ်းစားနေပြီးသည့်နောက် ခေါင်းခါပြလိုက်လေ၏။
ထို့နောက်တွင် ရှုဟိုတုသည် ရန်ကိုင်အား နှစ်သိမ့်စကားပြောလိုက်လေသည်။ “ဒါပေမယ့် မူလကုန်းမြေကြီးက အကျယ်ကြီးပါကွာ… ငါ့ဂိုဏ်းကလူတွေ စောင့်ကြပ်နေတဲ့လမ်းကြောင်းဆိုလို ကြယ်တာရာလမ်းကြောင်း ငါးခုပဲရှိတယ်…. ဒီတော့ ငါ အနည်းဆုံးပြောနိုင်တာကတော့ အဲ့ဝင်ပေါက်တွေက မိတ်ဆွေလေးရဲ့ ဟုန်းလော့ကြယ်စီရင်စုကြီးနဲ့ မဆက်သွယ်ထားဘူးဆိုတာပဲ…”
ရန်ကိုင်က ထပ်မေးလိုက်လေသည်။ “ဒီတော့ အကြီးအကဲရှုပြောချင်တာက ဒီမူလကုန်းမြေကြီးထဲမှာ အဲ့လိုကြယ်တာရာလမ်းကြောင်းဝင်ပေါက်တွေ အများကြီး ထပ်ရှိနေသေးတယ်ပေါ့…”
“ဟုတ်တယ်… ရာနဲ့ချီပြီးတော့ ရှိတယ်…”
ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
ရှုဟိုတုက ပြောလိုက်သည်။ “အခုလောလောဆယ် မင်းအလုပ်သင့်ဆုံးအရာက အခြားကြယ်တာရာလမ်းကြောင်းဝင်ပေါက်တွေဆီသွားပြီးတော့ အဲ့မှာစောင့်နေတဲ့လူတွေကို မေးကြည့်ဖို့ပဲ… မင်းရဲ့မွေးရပ်မြေကြယ်စီရင်စုကြီးကလူတွေသာ အဲ့ကြယ်တာရာလမ်းကြောင်းကနေ မူလကုန်းမြေဆီ လာခဲ့မယ်ဆိုရင်တော့ အဲ့မှာစောင့်နေတဲ့လူတွေဆီကနေ မင်းလိုချင်တဲ့အကြောင်းအရာကို သိနိုင်လောက်တယ်…”
“အဲ့ဝင်ပေါက်တွေက ဘယ်မှာလဲ…”
ရှုဟိုတုသည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် သူ့လက်ကိုဖြန့်လိုက်ရာ သိုလှောင်လက်စွပ်နှစ်ကွင်း သူ့လက်ထဲသို့ ပျံသန်းလာလေ၏။ ထိုသိုလှောင်လက်စွပ်များမှာ သေဆုံးသွားသော ယန်ရန်ဟောင်နှင့် တွမ့်မုချီတို့၏ သိုလှောင်လက်စွပ်များ ဖြစ်ကြပေသည်။ ထို့နောက်တွင် သိုလှောင်လက်စွပ်ပေါ်ရှိ ချိတ်စည်းတံဆိပ်များကို အတင်းအကြပ် ဖျက်ဆီးပစ်လိုက်ပြီးသည့်နောက် သိုလှောင်လက်စွပ်အတွင်းပိုင်းအား လိုက်လံရှာဖွေကြည့်လေ၏။
ထို့နောက်တွင် စာလိပ်တစ်ခုနှင့် ဆင်တူသည့် အရာတစ်ခုကို ထုတ်ယူလာပြီး ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေသည်။
ရန်ကိုင်သည် စာလိပ်ကိုဖမ်းယူလိုက်ပြီး ရှုဟိုတုအား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။
ရှုဟိုတုက ပြန်ပြောလိုက်သည်။ “ကောင်းကင်စိတ်အာရုံကို အဲ့ထဲ ထည့်ကြည့်လိုက်…”
ထိုစကားကိုကြားသော် ရန်ကိုင်လည်း စာလိပ်ကိုဖြန့်၍ စာလိပ်ထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းကြည့်လိုက်ရာ ချက်ချင်းဆိုသလို စာလိပ်ပေါ်တွင် အလင်းစက်ပေါင်းများစွာ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး စိတ်စွမ်းအင်ကို ပိုမိုထည့်သွင်းကြည့်လိုက်ရာ အလင်းစက်များမှာ ပို၍ နီးကပ်လာခဲ့ရလေ၏။
စာလိပ်ပေါ်တွင်ရှိနေသည့် အလင်းစက်များသည် လက်ရှိ ရန်ကိုင်ရှိနေသည့်နေရာနှင့် အတော်လေးကိုမှ ဝေးကွာသည့်နေရာများတွင် ရှိနေကြပါသော်ငြား အလင်းစက်တစ်ခုမှာတော့ ရန်ကိုင်ရှိနေသည့်နေရာ၏ အနီးအနားတွင် ရှိနေခဲ့လေသည်။
ရှုဟိုတုက ရှင်းပြလိုက်သည်။ “ဒါ ကြယ်တာရာလမ်းကြောင်းမြေပုံပဲ… မူလကုန်းမြေထဲမှာရှာတွေ့ထားတဲ့ ကြယ်တာရာလမ်းကြောင်းဝင်ပေါက်တွေအကုန်လုံးကို ဒီထဲမှာ မှတ်တမ်းထင်ထားတယ်… အခု မင်းနဲ့အနီးဆုံးဝင်ပေါက်က မင်း အခုလေးတင်ဖြတ်လာတဲ့ ဝင်ပေါက်ပဲ…”
ရန်ကိုင်သည် စာလိပ်ထဲမှ သူ့ကောင်းကင်စိတ်အာရုံကို ပြန်ဆွဲယူလိုက်ပြီးသည့်နောက် ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။ “အင်း… ဒါနဲ့ဆို တကယ်မဆိုးဘူး…”
ရှုဟိုတုက ပြုံး၍ ပြောလိုက်သည်။ “ဒါက ဒီလောက်အဖိုးတန်တာမဟုတ်ဘူး… ပိုက်ဆံလေးနည်းနည်းပါးပါးရှိရင်ရှိ မရှိရင် မင်း ဂိုဏ်းသားတစ်ယောက်ဖြစ်နေရုံနဲ့တင် ဒီလိုကြယ်တာရာလမ်းကြောင်းမြေပုံတွေကို ဝယ်လို့ရတယ်…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “အခုလိုမျိုး ကူညီပေးတဲ့အတွက် အကြီးအကဲရှုကို ကျေးဇူးအများကြီးတင်ပါတယ်….”
ကြယ်တာရာလမ်းကြောင်းမြေပုံ ရလာပြီဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် အခြားသောကြယ်တာရာလမ်းကြောင်းဝင်ပေါက်များဆီသို့ သွားကာ စုံစမ်းနိုင်လေပြီ။
“ဘာမှမဟုတ်ပါဘူး… ဒီတော့ ငါ့ကို ကျေးဇူးတင်နေစရာမလိုဘူး… မင်းရည်ရွယ်ချက် အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးတယ်…”
“ဒါဆိုရင်တော့လည်း ဆုတောင်းတဲ့အတိုင်း ဖြစ်ပါစေလို့ မျှော်လင့်ရတာပေါ့…”
“အင်း အင်း… ဆက်လုပ်လေ… ငါ ဒီကကိစ္စတွေကို ရှင်းပေးထားလိုက်မယ်…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “ဒါဆိုရင် အကြီးအကဲရှုကိုပဲ အကူအညီတောင်းလိုက်တော့မယ်နော်… နှုတ်ဆက်ပါတယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟဲယွင်ရှန်းကိုခေါ်၍ ကြယ်လွန်းပျံပေါ်သို့တက်ကာ ထွက်သွားလေသည်။
ရန်ကိုင်တို့ ထွက်သွားပြီးပြီးချင်းမှာပင် ပစ္စည်းတစ်ခုသည် ရှုဟိုတုဆီသို့ ပျံသန်းလာခဲ့လေသည်။ ရှုဟိုတုလည်း ထိုပစ္စည်းကို လှမ်းဖမ်းပြီး သေသေချာချာစစ်ဆေးကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့ရလေသည်။
ထိုပစ္စည်းမှာ အခြားမဟုတ်။ ဆေးလုံးလေးတစ်လုံးသာ ဖြစ်ပေသည်။ သို့သော်ငြား ထိုကဲ့သို့သောဆေးလုံးမျိုးကို ရှုဟိုတု၏သက်တမ်းတစ်လျှောက် တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ဤဆေးလုံးထဲ ပါဝင်နေသည့် ဆေးအာနိသင်မှာ ရှုဟိုတုခန့်မှန်းကြည့်နိုင်သည်ထက်ကို ပိုနေခဲ့သည်။ ထို့အတွက်ကြောင့် ဆေးလုံးကိုများ သောက်လိုက်လျှင် မည်ကဲ့သို့များ ဖြစ်လာလေမလဲဟု တွေးရင်း ရှုဟိုတုမှာ စိတ်လှုပ်ရှားလာရတော့လေသည်။
အနာဂတ်ကိုမျှော်တွေးရင်းမှ ရန်ကိုင်အား ကူညီပေးလိုက်ခြင်းဖြစ်ပါသော်ငြား ချက်ချင်းလက်ငင်း အကျိုးထူးလာလိမ့်မည်ဟုတော့ ရှုဟိုတု မမျှော်လင့်ထားခဲ့ပေ။
ထို့နောက်တွင် ရှုဟိုတုသည် ငိုရှိုက်နေသည့် ချန်ချွေ့လင်နှင့် ချုပ်နှောင်ထားခံရသည့် ယန်လော့အား လှမ်းကြည့်လိုက်လေသည်။ ထို့နောက် သူ၏ဆေးတံကို မှုတ်ထုတ်လိုက်ရာ ဆေးတံမှ မီးခိုးများ ထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေ၏။ မီးခိုးများ ပျောက်ကွယ်သွားချိန်တွင်တော့ ထိုနေရာ၌ မည်သူမျှ ရှိမနေတော့ပေ။
“ဆရာ… ကျွန်မတို့ အခု ဘယ်သွားမှာလဲ….” ဟဲယွင်ရှန်းသည် ကြယ်လွန်းပျံနှင့် ပျံသန်းသွားနေရင်းမှ လှမ်းမေးလိုက်လေသည်။
ရန်ကိုင်မှ တာအိုသခင်အဆင့်သို့ ရောက်နေသော ကျင့်ကြံသူနှစ်ဦးအား လွယ်လင့်တကူ သတ်ပစ်လိုက်သည်ကို မြင်ပြီးသည့်နောက် ဟဲယွင်ရှန်းမှာ ရန်ကိုင်အပေါ် ပို၍ လေးစားလာတော့လေသည်။
ရန်ကိုင်သည် ကြယ်တာရာလမ်းကြောင်းမြေပုံကို ဟဲယွင်ရှန်းဆီကို ပစ်ပေးလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “အဲ့ထဲမှာ မှတ်တမ်းတင်ထားတဲ့ နေရာမှန်သမျှဆီ သွားလိုက်…”
ဟုန်းလော့ကြယ်စီရင်စုကြီးနှင့် ဆက်သွယ်နေသည့်ဝင်ပေါက် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို ရန်ကိုင်မသိသလို ဟုန်းလော့ကြယ်စီရင်စုကြီးနှင့် ဆက်သွယ်နေသည့်ဝင်ပေါက် ရှိနေသလားဆိုသည်ကိုလည်း ရန်ကိုင်မသိပေ။ ဘာဆိုဘာမျှ မသိသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဝင်ပေါက်တစ်ခုချင်းစီကို လိုက်လံစုံစမ်းကြည့်ရပေလိမ့်မည်။
ထိုနည်းလမ်းသည် အတော်လေးကိုမှ အချိန်ကုန်လူပင်ပန်းရပါသော်ငြား ထိုနည်းလမ်းမှအပ အခြားသောမည်သည့်နည်းလမ်းကိုမှ ရန်ကိုင်မစဉ်းစားမိသေးချေ။
ဟဲယွင်ရှန်းမှာ ခေါင်းညိတ်လိုက်ပြီးသည့်နောက် ကြယ်တာရာလမ်းကြောင်းမြေပုံကို ယူ၍ ထိုထဲသို့ သူမ၏ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်သည်။ သွားရမည့်ဦးတည်ရာနေရာကို အတည်ပြုလိုက်ပြီးသည့်နောက်တွင် ကြယ်လွန်းပျံကို ထိုနေရာသို့ ဦးတည်ကာ မောင်းနှင်လိုက်လေ၏။
ငါးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့သည် လူသူအရောက်အပေါက်ကင်းမဲ့သော နွံအိုင်တစ်ခုဆီသို့ ရောက်လာခဲ့လေသည်။ ထိုနွံအိုင်ထဲတွင် ရေများ ပလုံစီပွက်နေခဲ့ပြီး ရေထဲတွင်လည်း အရောင်အမျိုးမျိုး ရောယှက်ပါဝင်နေခဲ့လေသည်။ အပေါ်စီးမှ ငုံ့ကြည့်လိုက်မည်ဆိုပါက ဤရေကန်လေးမှာ အတော်လေးကိုမှ ကြည့်ချင်စဖွယ်ဖြစ်ကြောင်း မြင်တွေ့နိုင်ပေလိမ့်မည်။
ထိုရေအိုင်ပတ်လည်တွင်တော့ ကျင့်ကြံသူအချို့ ကင်းစောင့်နေကြလေသည်။ အချို့သည် တာအိုသခင်အဆင့် ကျင့်ကြံသူများ၏ အရှိန်အဝါကို ထုတ်လွှတ်နေကြလေသည်။
ထိုလူများသည် ဤနေရာတွင် လူသစ်များကို လာရောက်စောင့်ဆိုင်းနေကြခြင်း ဖြစ်လေသည်။ ဤကဲ့သို့စောင့်ရသည့်တာဝန်မှာ အလွန်ကိုမှ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည့် တာဝန်တစ်ရပ် ဖြစ်သည့်အတွက်ကြောင့် ထိုလူများသည် အချိန်ကို အလကား မဖြုန်းတီးချင်လေရာ ဤနေရာ၌ ကျင့်ကြံခြင်းရင်းဖြင့်သာ လူသစ်များကို ထိုင်စောင့်လေ့ရှိကြပေသည်။ သို့မှသာလျှင် သူတို့၏ကျင့်ကြံခြင်း တိုးတက်သည့်နှုန်း မနှေးကွေးဘဲ နေပေလိမ့်မည်။
ရုတ်တရက်ပေါ်လာသည့် အလင်းတန်းတစ်ခုသည် ထိုလူများ၏အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။ ထိုလူများမှာ မည်သူကများ သူတို့အား လာနှောင့်ယှက်ရဲသလဲဟု တွေးရင်း အလင်းတန်းအား လှမ်း၍ ကြည့်လိုက်ကြသည်။
အလင်းတန်းပျောက်ကွယ်သွားပြီးသည့်နောက် ကြယ်လွန်းပျံတစ်ခု ပေါ်လာခဲ့လေသည်။ ကြယ်လွန်းပျံအား မောင်းနှင်လာသည့်လူမှာ စွဲမက်ဖွယ်ကောင်းလှသော အမျိုးသမီးတစ်ဦး ဖြစ်နေမှန်း သိလိုက်ပြီးသည့်နောက် အကုန်လုံး၏အကြည့်များ ဝင်းပသွားကုန်ကြလေသည်။ အမျိုးသမီးသည် ကြယ်လွန်းပျံအား ရှေ့မှနေ၍ မောင်းနှင်လာပြီး သူမ၏နောက်တွင်တော့ လူငယ်လေးတစ်ဦး ပါလာခဲ့လေသည်။ ထိုလူများကို မကျေမနပ်ဖြစ်သွားစေသည့်အချက်မှာ ထိုအမျိုးသမီးနှင့်အတူ ပါလာသည့် လူငယ်လေးသည် ကြယ်လွန်းပျံပေါ် နဖူးလက်တင်၍ ခြေချိတ်ကာ ဇိမ်ယူနေသည့်အချက်ပင်။
(ဒီသွေးနားထင်ရောက်နေတဲ့ကောင်က ဘယ်ကကောင်လဲကွ…)
လူငယ်လေးအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် လူငယ်လေး၏ကျင့်ကြံခြင်းအား လုံးဝမမြင်နိုင်မှန်း သိလိုက်သော် ထိုလူအားလုံး ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေသည်။
ဟဲယွင်ရှန်းသည် ကြယ်လွန်းပျံပေါ်တွင် ရပ်ရင်းမှ ကျော့ရှင်းစွာပြုံးလျက် မေးလိုက်လေသည်။ “အခုလိုနှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်နော်… ကျွန်မ ဒီကအစ်ကိုတို့ကို မေးချင်တာလေး ရှိလို့ပါ….”
သူတို့အား လာမေးနေသည့်လူမှာ အမျိုးသမီးချောချောလှလှလေးတစ်ဦး ဖြစ်သလို ထိုအမျိုးသမီးကိုယ်တိုင်ကလည်း တယဉ်တကျေးဖြင့် မေးနေခြင်း ဖြစ်သည့်အတွက်ကြောင့် ထိုလူများမှာ မငြင်းဆန်နိုင်ကြတော့ချေ။
“ခင်ဗျား ဘာမေးချင်တာလဲ…”
“အစ်ကိုတို့ ဟုန်းလော့ကြယ်စီရင်စုကြီးအကြောင်း ကြားဖူးလား…”
တစ်ယောက်က ပြန်ပြောလိုက်သည်။ “ကြားဖူးတယ်…”
ထိုစကားကိုကြားသော် ဟဲယွင်ရှန်း၏အကြည့် ဝင်းပသွားခဲ့လေသည်။ ဤနေရာသို့ ရောက်ရောက်ချင်းမှာပင် အကျိုးထူးလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိသည့်အလျောက် ဟဲယွင်ရှန်းမှာ ဝမ်းသာအားရဖြင့် ထိုလူကိုကြည့်၍ မေးလိုက်လေသည်။ “အစ်ကို ကျွန်မကို တစ်ချက်လောက် ပြောပြပေးလို့ရမလား…”
ထိုလူမှာ အခြားမဟုတ် ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်သည့် လူထွားကြီးတစ်ဦး ဖြစ်လေသည်။ ဟဲယွင်ရှန်း၏စကားကိုကြားသော် ထိုလူထွားကြီးက အဓိပ္ပာယ်ပါပါ ပြုံးလျက် “ရတယ်လေ… ဒါပေမယ့် နင် ငါနဲ့ နေရာတစ်ခုဆီ လိုက်ခဲ့ပေးရမယ်… အဲ့အချိန်ကျရင် နင်သိချင်တာအားလုံး ငါပြောပြပေးမယ်…” ပြောပြီးသည့်နောက် ဟဲယွင်ရှန်းအား မျက်စိတစ်ဖက်မှိတ်ပြလိုက်လေသည်။
ထိုစကားကိုကြားသော် ဟဲယွင်ရှန်း မျက်နှာပျက်သွားခဲ့လေသည်။ ကြယ်လွန်းပျံနောက်တွင်ရှိနေသည့် ရန်ကိုင်မှာတော့ အိပ်ပျော်နေသည့်အလား မျက်လုံးပိတ်ထားခဲ့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၀၄)
ဘာသာပြန်သူ_တိမ်တိုက်
သူမစိတ်ထဲ မကျေမနပ်ဖြစ်သွားလင့်ကစား ထိုမကျေနပ်ချက်တို့ကို တတ်နိုင်သမျှ မျိုသိပ်ထားရင်းမှ ဟဲယွင်ရှန်းက ပြန်ပြောလိုက်လေသည်။ “အစ်ကိုတို့သာ ဟုန်းလော့ကြယ်စီရင်စုကြီးနဲ့ပတ်သက်တဲ့သတင်း ကျွန်မကို ပေးနိုင်မယ်ဆိုလို့ရှိရင် ကျွန်မ အစ်ကိုတို့ကို ဆုတစ်ခုပြန်ပေးမယ်…”
လူထွားကြီးက ပြုံးလျက် ပြန်မေးလိုက်လေသည်။ “ဘယ်လိုဆုမျိုးလဲ…”
ဟဲယွင်ရှန်းသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပေသေးသည်။ ထိုသို့ဖြစ်လေရာ သူမတွင် သူတို့အတွက်ပင် အဖိုးတန်လောက်မည့် ရတနာမျိုး ရှိပါမည်လား။ သူမသည်သာ သူတို့နှင့်အတူ တစ်ညလောက် ပျော်ပါးပေးမည်ဆိုလျှင်တော့ သူတို့အနေဖြင့် သူမအား ကူ၍ ဟုန်းလော့ကြယ်စီရင်စုအကြောင်း ရှာပေးကောင်း ရှာပေးပေလိမ့်ဦးမည်။
အနည်းဆုံးတော့ လူထွားကြီးသည် သူမအား ကျိန်းသေ ကူညီပေးပေလိမ့်မည်။ ထိုကြောင့်သာမဟုတ်ပါက သူမအား စနောက်ခဲ့လိမ့်မည်မဟုတ်။
ဟဲယွင်ရှန်းက ယဲ့ယဲ့လေးပြုံးလျက် ပစ္စည်းတစ်ခုကို ထုတ်ပြလိုက်လေသည်။ “ဒါပဲ…”
ဟဲယွင်ရှန်းထုတ်ပြလာသည့်အရာမှာ အမျိုးသမီးများ သုံးလေ့သုံးထရှိသည့် မှန်တစ်ချပ် ဖြစ်ပေသည်။ မှန်ပုံစံမှာ အတော်လေးကိုမှ ရှေးကျပြီး အိုဟောင်းနေသည့်ပုံစံ ပေါက်ပါသော်ငြား ဟဲယွင်ရှန်းမှ သူမ၏ သူတော်စင်ချီကို ထိုမှန်ထဲသို့ ထည့်သွင်းလိုက်ချိန် မှန်မျက်နှာပြင်ထက် အရောင်တလက်လက် တောက်ပလာခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း အံ့အားသင့်ဖွယ်ရာ စွမ်းအင်အရှိန်အဝါတို့သည် မှန်ဆီမှ ဖြာထွက်လာခဲ့လေသည်။
မှန်ဆီမှ ဖြာထွက်လာသည့် စွမ်းအင်အရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် အောက်ဘက်တွင်ရှိနေသည့် ကျင့်ကြံသူအားလုံး၏မျက်လုံးထဲ လောဘရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။
(တာအိုသခင်အဆင့်မှော်ရတနာပါလား… ရိုးရိးတောင်မဟုတ်သေးဘူး… အလယ်အလတ်အဆင့်… မဟုတ်သေးဘူး… အဆင့်မြင့်ဟ…)
ဤကြေးမုံ၏ အသုံးဝင်ပုံကို သူတို့ မသိရသေးပါသော်ငြား ဤကြေးမုံသည် တာအိုသခင်အဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်သည့်အတွက်ကြောင့် သူတို့အနေဖြင့် လုံးဝကို ငြိမ်နေ၍ မရတော့ပေ။ ဤနေရာရှိဝင်ပေါက်ကို စောင့်ကြပ်နေကြသည့်လူများမှာ တာအိုသခင်ပထမအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သူတို့တွင် တာအိုသခင်အဆင့် မှော်ရတနာများ ရှိကြပါသော်ငြား ထိုမှော်ရတနာများမှာ တာအိုသခင်အဆင့်နိမ့်မှော်ရတနာများသာ ဖြစ်ကြသည်။ ရှင်းရှင်းပြောရသော် သူတို့ထဲရှိမည်သူ့တွင်မှ တာအိုသခင်အဆင့်မှော်ရတနာတစ်ခု ရှိမနေခဲ့ပေ။ တာအိုသခင်အဆင့်မြင့်မှော်ရတနာဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။ တကယ့်တကယ်ပြောရလျှင် ဤနေရာရှိ မည်သူမျှ တာအိုသခင်အဆင့်မြင့်မှော်ရတနာတစ်ခုကို မမြင်ဖူးကြပေ။
သူတို့ဂိုဏ်း၏ ဂိုဏ်းချုပ်များသည်ပင်လျှင် ထိုကဲ့သို့သောရတနာမျိုးကို ပိုင်ဆိုင်ထားကြခြင်း မရှိကြ။ မူလကုန်းမြေကြီး၏ အားအကောင်းဆုံးသောဂိုဏ်းများတွင်သာ ထိုကဲ့သို့သောမှော်ရတနာများ ရှိကြပေသည်။ ထိုသို့ဆိုလျှင်ပင် ထိုမှော်ရတနာများသည် ထိုဂိုဏ်းများ၏ အဖိုးတန်ဆုံးသောမှော်ရတနာများ ဖြစ်နေကြလေသည်။
“ဂလု…” အကုန်လုံး တံတွေးတစ်လုပ်စီ မျိုချလိုက်ကြသည်။
လူတိုင်းသည် မိမိအတွက် အကျိုးအမြတ်ရှိမှသာလျှင် လှုပ်ရှားကြသည်မှာ အမှန်ဖြစ်ပေသည်။ ကျင့်ကြံသူများအတွက်မူ ဆေးလုံးများနှင့် အဆင့်မြင့်မှော်ရတနာများမှာ အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းကြပေသည်။ ထိုအရာများကိုသာ ရလိုက်မည်ဆိုပါက သူတို့၏ခွန်အားကို သိသိသာသာ တိုးတက်လာအောင် လုပ်နိုင်ပေလိမ့်မည်။
“ဟုန်းလော့ကြယ်စီရင်စုကြီးနဲ့ပတ်သက်ပြီးတော့ ငါ နည်းနည်းပါးပါး သိထားတယ်… ဒါပေမယ့် ငါ့ကို အဲ့မှန်ကို အရင်ကြည့်ခွင့်ပေး… အဲ့မှန်က ကောင်းတယ်ဆိုရင် ငါ သိထားသမျှ အကုန်ပြောပြပေးမယ်…” ထိုသို့ပြောပြီးသည့်နောက် လူထွားကြီးသည် ချက်ချင်း လေပေါ်သို့ ခုန်တက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ၏ တာအိုသခင်အဆင့်ဖိအားကို ထုတ်လွှတ်၍ ဟဲယွင်ရှန်းအား ဖိအားပေးလိုက်ပြီးသည့်နောက် မှန်ကိုလုယူရန် ကြိုးစားလိုက်သည်။
လူထွားကြီး၏လုပ်ရပ်ကိုမြင်သော် အခြားသောတာအိုသခင်အဆင့်ကျင့်ကြံသူများ ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေသည်။ တစ်ချိန်တည်းတွင်လည်း လူထွားကြီးအား ကြိတ်ကာ ကျိန်ဆဲလိုက်ကြလေ၏။ သူတို့အားလုံး ဤနေရာ၌ အတူရှိနေသည်မှာ အတော်လေးကိုမှ ကြာပြီဖြစ်သည့်အတွက်ကြောင့် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိထားကြသည်။ ဤလူထွားကြီးသည် အလွန်ကိုမှ တဇွတ်ထိုးနိုင်ကာ အကျိုးသင့်အကြောင်းသင့် ပြော၍ရသည့်လူတစ်ဦး မဟုတ်ပေ။ သူသည်သာ ထိုမှန်ကို ရသွားမည်ဆိုလျှင် သူ့ဆီမှ ရအောင်တောင်းဖို့ရာ လွယ်တော့လိမ့်မည်မဟုတ်ပေ။
ထို့အတွက်ကြော်င့ အကုန်လုံးမှာလည်း ချက်ချင်း လေပေါ်သို့ ပျံတက်လာကြပြီး ဟဲယွင်ရှန်းဆီသို့ ခုန်ဝင်လာခဲ့လေသည်။
ဟဲယွင်ရှန်းကမူ သက်ပြင်းချရင်းမှ သူမဆီသို့ ခုန်ဝင်လာနေကြသည့်လူများကို သနားစဖွယ်အမူအယာဖြင့် ကြည့်လိုက်လေသည်။
တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်ထားလင့်ကစား တာအိုသခင်အဆင့် ပညာရှင်ပေါင်းများစွာ သူမဆီသို့ ပြေးဝင်လာနေသည်ကို မြင်နေရသည့်တိုင် အနည်းငယ်မျှပင် ထိတ်လန့်သွားခဲ့ခြင်းမရှိဘဲ သနားနေသည့်အမူအယာမျိုးဖြင့် လုပ်ပြနေခဲ့လေသည်။ ဟဲယွင်ရှန်း၏ပုံစံကိုမြင်သော် သူမအား တိုက်ခိုက်လိုက်သည့်လူများ အံ့ဩတကြီး ဖြစ်သွားကြသလို အချို့မှာလည်း တစ်ခုခုမှားယွင်းနေပြီဟု ခံစားလိုက်ကြရလေသည်။
ထိုအခိုက်အတန့်မှာပင် လက်သီးတစ်လုံးသည် အဆန်းတကျယ် ထွက်ပေါ်လာခဲ့ပြီး လူထွားကြီးဆီသို့ အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် တိုးဝင်လာခဲ့လေ၏။ ထိုလက်သီး တိုးဝင်လာသည့်နှုန်းမှာ အလွန်တရာကိုမှ မြန်ဆန်လှလေရာ လက်သီးဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဟင်းလင်းပြင်ထက်တွင် အက်ကြောင်းရာများ ထွက်ပေါ်လာခဲ့ရလေသည်။
လက်သီးချက်မှာ မရောက်သေးပါသော်ငြား လူထွားကြီးမှာတော့ သူ့ဆီသို့ တိုးဝင်လာနေသည့် လက်သီးချက်ကိုကြည့်ရင်းမျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။ တစ်ခုခုကိုပြောချင်နေသည့်အလား ပါးစပ်ကိုဟလိုက်ပါသော်ငြား ဘာမှမပြောနိုင်သေးခင်မှာပင် လက်သီးချက်သည် သူ့မျက်နှာတည့်တည့်သို့ လာရောက်ထိမှန်လေသည်။
“ဘုန်း”ခနဲမြည်သံနှင့်အတူ လူထွားကြီး၏ခေါင်း ပေါက်ကွဲထွက်သွားခဲ့ပြီး ခေါင်းမရှိသည့်သူ့ခန္ဓာကိုယ်ကြီးမှာလည်း ဗွမ်းခနဲမြည်သံနှင့်အတူ နွံအိုင်ထဲသို့ ပြုတ်ကျသွားခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကုန်ကြလေသည်။ သူတို့၏ခန္ဓာကိုယ်များမှာလည်း ကျောက်ရုပ်တုများပမာ လေထဲ မလှုပ်မယှက် တောင့်တောင့်ကြီး ဝဲနေကြလေ၏။
လက်ရှိအချိန်တွင်တော့ အကုန်လုံး၏အကြည့်သည် ကြယလွန်းပျံနောက်တွင် အမျိုးသမီးနှင့်အတူပါလာသည့် လူငယ်လေးဆီသို့ ရောက်နေခဲ့လေသည်။ ထိုလူငယ်လေးကိုကြည့်နေသည့် လူတိုင်း၏အကြည့်ထဲ ကြောက်ရွံ့မှုတို့ကို အထင်းသား မြင်နေခဲ့ရသည်။ အစောပိုင်းက လူထွားကြီးအသတ်မခံလိုက်ရစဉ်က ထိုလူငယ်လေးလှုပ်ရှားလိုက်သည်ကို လူတိုင်း မြင်လိုက်ကြရပေသည်။
လူထွားကြီး၏စွမ်းအားအကြောင်းကို သူတို့အားလုံး ကောင်းကောင်းသိထားကြသည့်အလျောက် မည်သူမျှ လူထွားကြီးအား တစ်ယောက်ချင်းယှဉ်တိုက်လျှင် အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိကြချေ။ သို့သော်ငြား လူငယ်လေးကမူ လူထွားကြီးအား လက်သီးတစ်ချက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်ပစ်သွားခဲ့သည်။
(ဒီလူဘယ်လူလဲ…) လူတိုင်းမှာ အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့နေကြလေရာ အသက်ကိုပင်လျှင် ရဲရဲမရှူရဲကြတော့ပေ။
ဟဲယွင်ရှန်းကမူ ယဲ့ယဲ့လေးပြုံးရင်းမှ လူတိုင်းကိုဝေ့ကြည့်လျက် ပြောလိုက်လေ၏။ “ဘယ်သူမှ ဟုန်းလော့ကြယ်စီရင်စုကြီးအကြောင်း မကြားဖူးကြဘူးလား…”
မည်သူမျှ ပြန်မဖြေကြ။ အကုန်လုံးမှာ သူတို့ စကားမှားပြောလိုက်မိ၍ အသတ်ခံနေရမည်ကို ကြောက်ရွံ့နေကြလေသည်။
ဟဲယွင်ရှန်းက ထပ်ပြောလိုက်သည်။ “ဆရာက ကိုယ့်စကားကိုယ်တည်တဲ့လူ… ရှင်တို့ထဲက တစ်ယောက်ယောက်သာ ဟုန်းလော့ကြယ်စီရင်စုကြီးနဲ့ပတ်သက်တဲ့ သတင်းကို ပေးနိုင်မယ်ဆိုလို့ရှိရင် ဒီမှန်က ရှင်တို့အပိုင်ပဲ… မပြောပြနိုင်ဘူးဆိုရင်လည်း ဟုန်းလော့ကြယ်စီရင်စုကြီးဆီ ဦးတည်နေတဲ့ ကြယ်တာရာလမ်းကြောင်းဝင်ပေါက်ကို ပြောပြပေးနိုင်မယ်ဆိုရင်တောင် ရတယ်… ရှင်တို့သာ အဲ့လိုသတင်းမျိုး ပေးနိုင်မယ်ဆိုရင် အခြားဆုတွေပါ ထပ်ပေးဦးမယ်လို့ ဆရာက ပြောထားပြီးသား…”
တစ်ခဏကြာသွားသည့်အခါမှသာ အသက်ကြီးကြီးလူအိုကြီးတစ်ဦးက ရဲဆေးတင်၍ ပြန်ပြောလိုက်လေသည်။ “မိန်းကလေး… ငါတို့ ဟုန်းလော့ကြယ်စီရင်စုကြီးအကြောင်း ဘာမှမသိဘူး… အဲ့ကြယ်စီရင်စုကြီးအကြောင်းလည်း တစ်ခါမှ မကြားဖူးဘူး…”
သူ့အနေဖြင့် ဤနေရာမှ မြန်နိုင်သမျှမြန်မြန်သာ ထွက်သွားချင်မိတော့လေသည်။
“ဆိုးတာပဲ…” ဟဲယွင်ရှန်း စိတ်ပျက်ပျက်ဖြင့် ငြီးတွားလိုက်လေသည်။
“ကျုပ် အမှန်အတိုင်းပြောနေတာ…” လူအိုကြီးက ထပ်၍ ပြောလိုက်သည်။
ဟဲယွင်ရှန်းက ပြုံးလျက် “ကိစ္စမရှိပါဘူး.. ကျွန်မ ရှင်တို့ကို ယုံပါတယ်… ဒါပေမယ့် ရှင်တို့အားလုံးက ဒီနေရာကို စောင့်နေကြတာဆိုတော့ ကျေးဇူးပြုပြီး အဲ့ဒါနဲ့ပတ်သက်ပြီး တစ်ချက်လောက် စောင့်ကြည့်ပေးထားပေါ့နော်… တစ်ယောက်ယောက်သာ ဒီဝင်ပေါက်ကနေလာခဲ့မယ်ဆိုရင် သူတို့ ဘယ်ကနေလာလဲ အရင်ဆုံးမေးပေးပါ… သူတို့ ဟုန်းလော့ကြယ်စီရင်စုကြီးက လာတာဆိုတော့ သုံးနှစ်ကြာသွားခဲ့ရင် မိုးပြာနဂါးမြို့တော်ဆီ သွားဖို့ ပြောပေးပါနော်… အဲ့မှာ သူတို့ကို ရန်ကိုင်က စောင့်နေမယ်လို့ပါ တစ်ခါတည်း ထပ်ပြောပေးပါဦး…”
မိုးပြာနဂါးမြို့တော်သည် မူလကုန်းမြေထဲရှိ ထိပ်တန်းမြို့ကြီးများအနက် တစ်မြို့ဖြစ်လေရာ မူလကုန်းမြေထဲရှိလူတိုင်း ထိုမြို့အကြောင်းကို သိကြပေသည်။ ထို့အတွက်ကြောင့် ထိုနေရာသည် လူအချိန်းအချက်ပြုလုပ်ရာတွင် အလွန်ကိုမှ အသုံးဝင်သည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။ သုံးနှစ်ကြာပြီးမှ သွားခိုင်းရခြင်းမှာ ရန်ကိုင်အနေဖြင့် မူလကုန်းမြေထဲရှိ ကြယ်တာရာလမ်းကြောင်းဝင်ပေါက်အားလုံးကို လိုက်လံစုံစမ်းကြည့်ရန်အတွက် သုံးနှစ်ခန့်ကြာမည်ဟု ယူဆထားသည့်အတွက်ကြောင့်ပင်။ လိုက်လံစုံစမ်းနေစဉ်အတောအတွင်း သဲလွန်စတစ်ခုခု ရခဲ့လျှင် အကောင်းဆုံးပင်။ မရခဲ့လျှင်တော့ မိုးပြာနဂါးမြို့ဆီသို့ သွား၍ ပြန်စောင့်ရုံသာ ရှိပေတော့မည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့…” လူအိုကြီးက အလျင်စလို သဘောတူလိုက်လေသည်။
ဟဲယွင်ရှန်းက ပြန်ပြောလိုက်သည်။ “ဖြစ်နိုင်လို့ရှိရင် အဲ့လိုမျိုး ဟုန်းလော့ကြယ်စီရင်စုက လူတစ်ယောက်ယောက် ထွက်လာခဲ့မယ်ဆိုရင် သူ့ကို မိုးမြေနဂါးမြို့ဆီ ကိုယ်တိုင်ကိုယ္ လိုက်ပို့ပေးလိုက်ပါနော်…. အဲ့ဒါဆိုရင် ဆရာက ရှင်တို့ကို ဆုကောင်းကောင်းချမှာပါ…”
ထိုသို့ပြောပြီးသည့်နောက် ဟဲယွင်ရှန်းသည် ကြေးမုံကိုပြ၍ “ဆရာ့မှာ ဒါမျိုးပစ္စည်းတွေ အများကြီးရှိတယ်…”
ထိုစကားကိုကြားသော် အကုန်လုံး ထိတ်လန့်သွားခဲ့ကြသလို စိတ်လည်း လှုပ်ရှားသွားကြလေသည်။
ဤသည်မှာ မယုံကြည်နိုင်စရာသတင်းတစ်ခု ဖြစ်လေသည်။ လူတစ်ဦးကို မိုးပြာနဂါးမြို့တော်ဆီသို့ လိုက်လံပို့ဆောင်ပေးရုံဖြင့် သူတို့အနေဖြင့် တာအိုသခင်အဆင့်မြင့်မှော်ရတနာတစ်ခုကို ရရှိနိုင်ပေလိမ့်မည်။ ဒီထက်ပိုကောင်းမည့်အလဲအလှယ်မျိုးကို မည်သည့်နေရာတွင်မှ တွေ့နိုင်တော့လိမ့်မည်မဟုတ်။ သို့သော်ငြား သူတို့လိုက်လံပို့ဆောင်ပေးရမည့်လူသည် ပထမဦးစွာ ဟုန်းလော့ကြယ်စီရင်စုမှ ကျင့်ကြံသူတစ်ဦး ဖြစ်နေရပေလိမ့်မည်။
လူတိုင်းသည် ရန်ကိုင်၏နာမည်ကို သေချာ မှတ်သားထားလိုက်ကြလေသည်။ တစ်ချိန်တည်းတွင်လည်း ဤလူငယ်လေးသည် အလွန်တရာကိုမှ အားကောင်းလှသည့် နောက်ခံတစ်မျိုးမျိုးကို ပိုင်ဆိုင်ထားရမည်ဟုလည်း တွေးနေကြသည်။ ထို့ကြောင့်သာမဟုတ်ပါက ဤကဲ့သို့အကြောင်းအရာမျိုးကို သူတို့အား ပေါ်ပေါ်ထင်ထင် ထုတ်ပြောရဲလိမ့်မည်မဟုတ်ပေ။
ထို့အပြင် လူငယ်လေးလှုပ်ရှားသွားသည့်ပုံကို ကြည့်ရသလောက် သူ့ကျင့်ကြံခြင်းမှာ အလွန်ကိုမှ မြင့်မားရပေလိမ့်မည်။ ထို့အတွက်ကြောင့် တစ်ယောက်ယောက်သည်သာ သူ့အား တိုက်ခိုက်ရန် ကြိုးစားလာပါက ကိုယ့်သေသွင်းကိုယ့်တူးခြင်းသာ ဖြစ်လိမ့်မည်ဖြစ်လေရာ လူငယ်လေးအနေဖြင့် ဘာကိုများ ကြောက်နေစရာ လိုပါဦးမည်နည်း။
ပြောစရာရှိသည်များကို ပြောပြီးသည့်နောက်တွင် ဟဲယွင်ရှန်းသည် ကြယ်လွန်းပျံကို မောင်းနှင်၍ အခြားသောကြယ်တာရာလမ်းကြောင်းဝင်ပေါက်ဆီသို့ ဦးတည်သွားလိုက်လေသည်။
ကျန်ရက်များအတောအတွင်း ရန်ကိုင်တို့နှစ်ဦးသည် အခြားသောကြယ်တာရာလမ်းကြောင်းဝင်ပေါက်များဆီသို့ သွားခဲ့ပြီး ပထမကြယ်တာရာဝင်ပေါက်တွင် ပြောခဲ့သည့်အတိုင်း ထိုနေရာရှိလူများကို ပြောခဲ့လေသည်။
အချို့သောလောဘကြီးသည့်လူများမှာ ရန်ကိုင်၏သတ်ဖြတ်ခြင်း ခံလိုက်ရပြီး အများစုမှာတော့ ရန်ကိုင်၏နာမည်ကို သေချာ မှတ်ထားကြကာ ဟုန်းလော့ကြယ်စီရင်စုမှ ကျင့်ကြံသူတစ်ဦး ရောက်လာပါက မိုးပြာနဂါးမြို့တော်ဆီသို့ သုံးနှစ်ကြာလျှင် ခေါ်သွားပေးမည်ဟု ကတိပေးခဲ့ကြလေသည်။
ထိုသို့ဖြင့် နှစ်ဝက် ကုန်ဆုံးသွားခဲ့လေသည်။ ထိုအချိန်အတောအတွင်း ရန်ကိုင်နှင့် ဟဲယွင်ရှန်းတို့မှာတော့ သွားနိုင်သမျှ ကြယ်တာရာလမ်းကြောင်းဝင်ပေါက်အားလုံးဆီသို့ သွားနေခဲ့ကြသည်။ ယခုကိစ္စသည် ရန်ကိုင်အတွက် အရေးကြီးမှန်း သိထားသည့်အတွက်ကြောင့် ဟဲယွင်ရှန်းမှာ သေသေချာချာကို ဂရုစိုက်ကာ လုပ်ဆောင်ပေးနေခဲ့လေသည်။ ကြယ်လွန်းပျံကို မောင်းနှင်ပေးစဉ်အတောအတွင်း ဟဲယွင်ရှန်းသည် သူမ၏ အားလပ်သည့်အချိန်အများစုကို ကျင့်ကြံရာတွင်သာ ကုန်ဆုံးစေခဲ့လေသည်။
သူမတို့အနေဖြင့် မူလကုန်းမြေကြီးဆီသို့ ရောက်သည်မှာ နှစ်ဝက်ခန့် ကြာသွားခဲ့ပြီ ဖြစ်ပါသော်ငြား မူလကုန်းမြေကြီး၏ ရှုခင်းများကို တစ်ခါမှ သေသေချာချာ မကြည့်ခဲ့ရဖူးပေ။ သူမ၏အချိန်အများစုကို ကြယ်တာရာလမ်းကြောင်းဝင်ပေါက်အား လိုက်လံစုံစမ်းရာတွင်သာ ကုန်ဆုံးနေခဲ့ရလေသည်။
“ဆရာ… မကြာခင် ကျွန်မတို့ နောက်ထပ် ဝင်ပေါက်တစ်ခုဆီ ရောက်ပါတော့မယ်…” ကြယ်တာရာလမ်းကြောင်းဝင်ပေါက်များကို ရှာဖွေရာတွင် သူမလက်ထဲရှိ ကြယ်တာရာလမ်းကြောင်းမြေပုံသည် အလွန်ကိုမှ အသုံးဝင်ခဲ့ပေသည်။ ထိုအရာသာမရှိပါက သူမအနေဖြင့် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသလို ဖြစ်နေပေလိမ့်မည်။
ပြောနေရင်းမှ ဟဲယွင်ရှန်းသည် အသက်ခုနှစ်နှစ် ရှစ်နှစ်လောက်သာ ရှိမည်ထင်ရသော ကောင်မလေးအား လှမ်း၍ ကြည့်လိုက်လေသည်။
လွန်ခဲ့သောလဝက်ခန့်လောက်က တင်ပလင်ခွေထိုင်ကျင့်ကြံလို့ပြီး၍ နောက်သို့ လှည့်ကြည့်လိုက်စဉ် သူမ၏ကြယ်လွန်းပျံပေါ်၌ မိန်းမငယ်လေးတစ်ဦး ရောက်နေကြောင်းကို ဟဲယွင်ရှန်း ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရလေသည်။ ထိုကောင်မလေး၏ရုပ်ရည်မှာ ကလေးငယ်လေးတစ်ဦး၏ ပုံစံမျိုးသာ ဖြစ်ပေသည်။ ရန်ကိုင်မှ သူမအား ခေါ်နေသည့်ပုံကို နားထောင်ပြီးသည့်နောက် ထိုကောင်မလေး၏နာမည်သည် လျို့ယန်ဖြစ်နေကြောင်း ဟဲယွင်ရှန်း သိသွားခဲ့ရသည်။
သို့သော်ငြား လျို့ယန် သူမ၏ကြယ်လွန်းပျံပေါ် မည်ကဲ့သို့ ပေါ်လာသလဲဆိုသည်ကို ဟဲယွင်ရှန်း လုံးဝ သတိမထားမိခဲ့ပေ။ ထို့အပြင် ဤကောင်မလေးသည် ရန်ကိုင်ကဲ့သို့ပင် ထူးဆန်းလှသည်။ သူမဆီမှ မည်သည့်စွမ်းအင်အရှိန်အဝါမှ ဖြာထွက်နေခြင်းမရှိ။
ထိုသို့ပင်ဖြစ်လင့်ကစား ထိုကောင်မလေးနှင့် ရင်ဆိုင်နေရချိန်တွင် သူမဆီမှ ရန်ကိုင်နှင့် ရင်ဆိုင်ခဲ့ရစဉ်က ကြုံခဲ့ရသော ဖိအားကဲ့သို့ အားကောင်းလှသည့် ဖိအားတစ်ရပ်ကို ခံစားခဲ့ရပေသည်။ (သူကရော ဆရာ့လိုမျိုး အားကောင်းတာလား…)
ဟဲယွင်ရှန်းမှာ လုံးဝကို မယုံကြည်နိုင် ဖြစ်သွားရလေသည်။ ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းမှာ ပိုမိုမြင့်မားလာသည်နှင့်အမျှ ထိုလူ၏ အိုမင်းသည့်နှုန်းမှာ နှေးကွေးသွားလိမ့်မည်ဖြစ်လေရာ လူတစ်ဦး၏အသက်အား ရုပ်ရည်ကိုကြည့်ကာ ဆုံးဖြတ်၍မရတော့ပေ။ သို့သော်ငြား ဤကလေးမလေးသည် ကလေးမလေးတစ်ဦးသာ ဖြစ်လေရာ သူမသည် မည်မျှများ အားကောင်းနိုင်ပါမည်နည်း။
ဟဲယွင်ရှန်းသည် စိတ်ဝင်တစားဖြင့် လျို့ယန် မည်သည့်နေရာမှ လာသလဲဆိုသည်ကို ရန်ကိုင်အား မေးမြန်းခဲ့လေသည်။ ရန်ကိုင်ကမူ လျို့ယန်ကမူ တစ်နေရာရာမှ ကောက်ယူလာခြင်းသာ ဖြစ်သည်ဟု ပြန်ပြောခဲ့သည့်အတွက်ကြောင့် ဟဲယွင်ရှန်းမှာ ရန်ကိုင်စကားအပေါ် ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့ရလေ၏။
ထို့အပြင် လျို့ယန်မှ ရန်ကိုင်အပေါ် ခေါ်ဝေါ်ပုံနှင့်ပတ်သက်၍လည်း ဟဲယွင်ရှန်းမှာ အလွန်ကိုမှ ဇဝေဇဝါ ဖြစ်ရသည်။ ထိုကောင်မလေးသည် အနည်းငယ်မျှပင် ရှက်ရွံ့ခြင်းမရှိ ရန်ကိုင်အား သခင် သခင်ဟု တောက်လျှောက် ခေါ်နေခဲ့လေသည်။ ထိုကောင်မလေး၏ ခေါ်ဝေါ်ပုံကို ကြားပြီးသည့်နောက် ရန်ကိုင်၏အကြိုက်မှာ အတော်လေးကိုမှ ထူးဆန်းလှပြီး ထိုအကြောင်းကြောင့်ပင်လျှင် သူမကဲ့သို့သော စွဲမက်ဖွယ်ရာအမျိုးသမီးတစ်ဦးကို စိတ်မဝင်စားခြင်းဖြစ်သည်ဟု ဟဲယွင်ရှန်း ထင်သွားရတော့လေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်သည် ကြယ်လွန်းပျံပေါ်၌ တင်ပလင်ခွေထိုင်နေခဲ့သည်။ လျို့ယန်မှာတော့ ရန်ကိုင်ပေါင်ပေါ် တက်ထိုင်နေခဲ့လေသည်။ နှစ်ဦးလုံးမှာတော့ အတော်လေးကိုမှ ပျင်းရိငြီးငွေ့နေကြသည့်အလား သန်းဝေနေခဲ့လေသည်။
ရုတ်တရက် ရန်ကိုင်သည် အဝေးတစ်နေရာဆီသို့လှမ်းကြည့်၍ ပြုံးဖြီးကာ ပြောလိုက်လေသည်။ “အဲ့ဘက်မှာ တကယ်ကို စည်နေတာပါလား…”
လျို့ယန်က ချက်ချင်းပြောလိုက်သည်။ “သွားကြည့်ရအောင်…”
“မသွားဘူး… ပုရွတ်ဆိတ်တွေတိုက်ခိုက်နေတာကို ကြည့်ရတာ ဘာအကျိုးရှိမှာမို့လို့လဲ… အခုတာဝန်ကိုပဲ အာရုံစိုက်ရအောင်…”
လျို့ယန် နှုတ်ခမ်းဆူသွားလေသည်။
“ကောင်းပြီ ကောင်းပြီ… သွားကြည့်ရအောင် ဟုတ်ပြီလား…” ရန်ကိုင်လည်း ကူကယ်ရာမဲ့သွားပြီး လျို့ယန်၏ပါးလေးကို ကောက်ဖျစ်လိုက်လေသည်။
ထိုအခါမှသာလျှင် လျို့ယန်၏မျက်နှာ ပြုံးပြုံးရွှင်ရွှင် ဖြစ်လာခဲ့လေသည်။ စိတ်ဝိဉာဉ်သားရဲကျွန်းပေါ်၌ ဖီးနစ်မီးတောက်နှင့် စတင်ပေါင်းစပ်ပြီးသွားသည့်အချိန်မှစ၍ လျို့ယန်၏ စိတ်နေစိတ်ထားမှာ အတော်လေးကိုမှ ပြောင်းလဲသွားခဲ့သည်။ မသိလျှင် လျို့ယန်သည် မွေးဖွားပြီးခါစ ကလေးငယ်တစ်ဦး အသွင်သို့ ပြန်ပြောင်းသွားသည့်အလား။
ရန်ကိုင်အမိန့်ကိုပင် စောင့်မနေတော့ဘဲ ဟဲယွင်ရှန်းသည်လည်း လူအုပ်ကြီးဆီသို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း ပညာရပ်တစ်ခုကိုသုံး၍ သူမ၏အရှိန်အဝါနှင့် ရန်ကိုင်တို့၏အရှိန်အဝါကိုပါ ဖုံးကွယ်ပစ်လိုက်လေ၏။
ရန်ကိုင်ပြောသည့်အတိုင်း ဤနေရာတွင် အမှန်တကယ်ကိုမှ စည်ကားနေခဲ့ပေသည်။ ရာနှင့်ချီသောလူများသည် လှုပ်ရှားမှုပညာရပ်အသီးသီးကို ထုတ်သုံးရင်းမှ အရှိန်ကုန်တင်ကာ ရှေ့သို့ ဦးတည်သွားနေကြသည်။ လူတစ်အုပ်ကမူ ဟိုးရှေ့ဆုံးမှနေ၍ ဦးဆောင်ကာ သွားနေလေ၏။ ထိုလူများ၏အရှိန်အဝါမှာ အတော်လေးကိုမှ အားကောင်းလှပေသည်။ အကုန်လုံးမှာ တာအိုသခင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး အားအကောင်းဆုံးမှာ တာအိုသခင်တတိယအဆင့် ဖြစ်ပေသည်။ ထိုလူအပြင် တာအိုသခင်ဒုတိယအဆင့်သို့ ရောက်နေသော အခြားသောလူငါးဦးလည်း ရှိနေခဲ့သည်။
ထိုလူများဆီမှ ကြီးစွာသောဖိအားကို ဟဲယွင်ရှန်း ခံစားနေရလေသည်။
ဟဲယွင်ရှန်း၏ကိုယ်ပျောက်ပညာရပ်မှာ ထိုလူများ၏ အာရုံခံနိုင်စွမ်းမှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိခဲ့။ ထို့အတွက်ကြောင့် ဟဲယွင်ရှန်းရှိရာဆီသို့ တစ်ချက်လှမ်းကြည့်လာခဲ့ပြီးသည့်နောက် အကြည့်ပြန်လွှဲသွားကြလေသည်။ လက်ရှိအချိန်တွင် သူတို့၌ ဟဲယွင်ရှန်းတို့ထက် ပို၍အရေးကြီးသည့်ကိစ္စတစ်ရပ် ရှိနေသည့်ပုံပင်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၀၅)
ဘာသာပြန်သူ_တိမ်တိုက်
ဟဲယွင်ရှန်းသည် ထိုလူများဆီမှ ကြီးစွာသော ဖိအားကို ခံစားနေရပါသော်ငြား ရန်ကိုင်မှ ရပ်ရန် အမိန့်မပေးသေးသည့်အတွက်ကြောင့် သူမအနေဖြင့် ထိုလူများ အနောက်သို့ ဆက်လိုက်နေရုံသာ တတ်နိုင်ခဲ့လေသည်။
နေ့ဝက်ခန့် ကြာအောင် ပျံသန်းနေပြီးသည့်နောက်တွင် ထိုလူအုပ်ကြီးသည် တောင်တစ်လုံး ရှေ့တွင် ရပ်သွားခဲ့ကြသည်။
ထိုတောင်မှာ မီတာတစ်ထောင်ခန့် အမြင့်ရှိပြီး တောင်ထိပ်တွင် ဝါးတဲလေးတစ်လုံး ရှိနေခဲ့သည်။ တောင်ပေါ်တွင်မူ ဝါးပင်ပေါင်းများစွာဖြင့် ပြည့်နေခဲ့လေရာ ဤတောင်တစ်ခုလုံးသည် ပန်းချီဆရာတစ်ဦးမှ စုတ်ချက်ဖော်ထားသည့် ပန်းချီကားတစ်ချပ်နှင့်ပင် တူနေပေသေးသည်။
ရာနှင့်ချီသော ကျင့်ကြံသူများ၏ ရောက်ရှိလာမှုသည် ထိုတောင်တစ်ခုလုံး အနှံ့ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်သွားစေခဲ့လေသည်။ ထိုလူအားလုံးကို ကြည့်ရသည်မှာ တစ်ဂိုဏ်းတည်းသားများ ဖြစ်ကြသည့်ပုံပင်။ ရောက်ရောက်ချင်းပင် အတိုင်အဖောက်ညီညီနှင့် လူခွဲလိုက်ကြပြီး တောင်တစ်ခုလုံးကို ဘက်ပေါင်းစုံမှ ဝိုင်းရံလိုက်ကြသည်။
ထို့နောက်တွင် ထိုလူအားလုံးသည် တောင်ပတ်လည်၌ အစီအရင်ကြီးတစ်ခုကို စတင် ခင်းကျင်းတော့လေသည်။ ထိုလူများ အစီအရင်ကြီးတစ်ခု ခင်းကျင်းနေသည်ကို ကြည့်ရင်း မည်ကဲ့သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်နေရ၍များ ယခုကဲ့သို့သော အစီအရင်ကြီးတစ်ခုကို ခင်းကျင်းနေရသလဲဟု ဟဲယွင်ရှန်း စိတ်ထဲ တွေးမိသွားခဲ့လေသည်။ ထိုလူများ လုပ်နေသည်ကို ကြည့်ရင်း ဟဲယွင်ရှန်းသည် သူမနှင့်အတူ ပါလာသည့် ရန်ကိုင်အား လှမ်း၍ ကြည့်လိုက်လေသည်။
ရန်ကိုင်၏ စိမ်ပြေနပြေ အမူအရာကို မြင်သော် သူမနှင့်အတူ ပါလာသည့်လူသည် အလွန်တရာကိုမှ အားကောင်းလှသည့် ပညာရှင်တစ်ဦး ဖြစ်မှန်း ဟဲယွင်ရှန်း ပြန်သတိရသွားခဲ့လေသည်။
သူမ စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးသည့်နောက် ဟဲယွင်ရှန်းသည် အောက်ဘက်ရှိ လူများ လုပ်နေသည်ကို ထိုင်ကြည့်နေတော့လေသည်။
"ဒါကြီးက ဘာစိတ်ဝင်စားစရာ ရှိလို့လဲ" ရန်ကိုင်သည် လျို့ယန်၏ နားရွက်ကို ဆွဲညစ်လိုက်ရင်းမှ ပြောလိုက်လေသည်။
လျို့ယန်ကမူ အောက်ဘက်အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေရင်းမှ ပြောလိုက်လေ၏။ "ဖီးနစ်ကလန်ထဲမှာ အနာဂတ်ကို ကြိုတင်ပြီး ခန့်မှန်းလို့ရတဲ့ ပညာရပ်တစ်ခု ရှိတယ်၊ အခုလေးတင် အဲဒါကို သုံးပြီးတော့ ကြည့်လိုက်တာ၊ သခင့်ရဲ့ ဆန္ဒက ဒီနေ့ ဖြစ်လာတော့မယ်လို့ ခံစားလိုက်ရတယ်"
ထိုစကားကို ကြားသော် ရန်ကိုင် ချက်ချင်း ထထိုင်လိုက်ပြီး လျို့ယန်အား ထိတ်လန့်တကြားဖြင့် ကြည့်လိုက်လေသည်။ "နင် တကယ်ပြောနေတာလား"
လျို့ယန်က ပြန်ပြောလိုက်သည်။ "တကယ် ဟုတ်မဟုတ်တော့ မသိပေမဲ့ စောင့်ကြည့်လိုက်လို့လည်း ဘာမှ နစ်နာသွားမှာမှ မရှိတာ"
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီးသည့်နောက် သူ့ကောင်းကင်စိတ်အာရုံဖြင့် တောင်တစ်လုံးလုံးကို လွှမ်းခြုံလိုက်လေသည်။ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် တောင်တစ်လုံးအား အပြည့်အဝ လွှမ်းခြုံသွားခဲ့ပါသော်ငြား တဲအိမ်လေး အရှေ့သို့ အရောက်တွင်မူ ရှေ့သို့ ဆက်၍ မတိုးနိုင်တော့ပေ။
ထိုအခိုက်အတန့်မှာပင် မီးခိုးရောင် ဆံပင်နှင့် လူအိုကြီးတစ်ဦး လေပေါ်သို့ ခုန်တက်လာခဲ့လေသည်။ လူအိုကြီးသည် ပိန်သွယ်သွယ် ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားပြီး သူ့မျက်နှာထက်တွင် အရေးအကြောင်းများနှင့် အိုမင်းရာမှ ဖြစ်ပေါ်လာသည့် အမဲစက်အချို့ ရှိနေခဲ့လေသည်။ လူအိုကြီး ကိုယ်တိုင်သည် သင်္ချိုင်းကုန်း ခြေတစ်ဖက် လှမ်း နေသည့် ပုံစံမျိုး ပေါက်နေပါသော်ငြား သူ့အကြည့်မှာတော့ ခြောက်ခြားဖွယ်ရာ ကောင်းစွာ တလက်လက် တောက်ပနေလေသည်။
လူအိုကြီးသည် လေပေါ်သို့ ခုန်တက်လာပြီးသည့်နောက်တွင် တောင်ထိပ်ပေါ်ရှိ ဝါးတဲလေးဆီသို့ လှမ်းကြည့်ရင်းမှ အော်ပြောလိုက်လေသည်။ "ငါတို့ နဂါးရိုင်းစံအိမ်ထဲကို ခိုးဝင်ပြီး ဂိုဏ်းရဲ့ အထွတ်အမြတ် ရတနာကို ခိုးယူသွားရဲတယ် ဆိုမှတော့ ဒီနေ့ ဒီနေရာက မင်းသေရမယ့် နေရာပဲ"
"နဂါးရိုင်းစံအိမ်" ဟဲယွင်ရှန်း ထိတ်လန့်သွားခဲ့လေသည်။
သူမ မူလကုန်းမြေကြီးဆီသို့ ရောက်နေခဲ့သည်မှာ နှစ်ဝက်ခန့် ကြာသွားခဲ့လေပြီ။ ထိုအချိန် အတောအတွင်း ရန်ကိုင်၏ အမိန့်အတိုင်း ကြယ်တာရာလမ်းကြောင်း ဝင်ပေါက်များကို လိုက်လံရှာဖွေနေခဲ့ရပါသော်ငြား မူလကုန်းမြေကြီး အကြောင်းကို ဘာမျှမသိသူ တစ်ဦးတော့ မဟုတ်တော့ပေ။ ကြယ်တာရာလမ်းကြောင်း ဝင်ပေါက်များကို လိုက်လံစုံစမ်းနေရင်းမှ မူလကုန်းမြေကြီး အကြောင်းကို အတော်လေး သိလာခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် နဂါးရိုင်းစံအိမ်ကို သူမ သိနေရခြင်း ဖြစ်လေသည်။ နဂါးရိုင်းစံအိမ်သည် မူလကုန်းမြေကြီးထဲရှိ အားအကောင်းဆုံးသော အင်အားစုများအနက် တစ်ခု အပါအဝင် ဖြစ်ပေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် ယခု ဤနေရာသို့ ရောက်နေသည့် အဖွဲ့ထဲတွင် တာအိုသခင် တတိယအဆင့် ပညာရှင်တစ်ဦးနှင့်တကွ အခြားသော အားကောင်းလှသည့် ပညာရှင်ပေါင်းများစွာ ရှိနေရခြင်း ဖြစ်၏။
ထိုကဲ့သို့သော အားကောင်းလှသည့် အင်အားစုတစ်ခု၏ ထွတ်မြတ် ရတနာကို မည်သူကများ ခိုးယူရဲသနည်း။ ထို့အပြင် ထိုလူသည် ထိုရတနာကို ခိုးယူပြီးသည့်နောက် ဤနေရာအထိသို့ လွတ်လွတ်ကင်းကင်း ထွက်ပြေးလာနိုင်ခဲ့လေသည်။ ထိုသို့ လုပ်နိုင်ဖို့ရာ ထွတ်မြတ် ရတနာကို ခိုးယူသွားသည့် လူ၏ခွန်အားမှာလည်း လုံးဝကို နိမ့်ကျနေ၍ မဖြစ်ပေ။ ထိုအတွက်ကြောင့် ဟဲယွင်ရှန်းမှာ ရုတ်တရက်ဆိုသလို ဝါးတဲလေးထဲတွင် ပုန်းနေသည့် လူအကြောင်းကို သိချင်မိလာခဲ့လေသည်။
"ဝါးတဲလေးထဲမှာပဲ ပုန်းမနေနဲ့တော့ အခု အပြင်ထွက်လာခဲ့တော့" ကုန်းယန်ရှီမှာ အလွန်ကိုမှ ဒေါသူပုန်ထနေခဲ့လေသည်။ သူတို့ဂိုဏ်း၏ ထွတ်မြတ် ရတနာမှာ မည်သူမျှ သတိမထားမိဘဲ ခိုးယူခြင်း ခံလိုက်ရသည်။ ခိုးသွားသည့် သူခိုးသည်သာ သဲလွန်စများ ချန်ထားခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် သူတို့ဂိုဏ်း၏ ထွတ်မြတ် ရတနာ ခိုးယူခံလိုက်ရမှန်းပင် သိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ခိုးယူသွားသည့် လူ၏နောက်သို့လည်း လိုက်လာနိုင်ခဲ့လိမ့်မည် မဟုတ်။
သူတို့ဂိုဏ်း၏ ထွတ်မြတ် ရတနာကို ခိုးသွားသည့် သူခိုးမှာ နဂါးရိုင်းစံအိမ်အား လုံးဝ အမှုမထားသည်မှာ သိသာလှပေသည်။ မည်သူကများ သူတို့ နဂါးရိုင်းစံအိမ်အား ယခုကဲ့သို့ အထင်အမြင်သေး၍ စော်ကားရဲသလဲဆိုသည်ကို ကုန်းယန်ရှီ အမှန်တကယ် သိချင်နေမိပေသည်။
"ထွက်လာစမ်း" နဂါးရိုင်းစံအိမ်မှ အခြားသော ကျင့်ကြံသူများကလည်း သူတို့ခေါင်းဆောင်နည်းတူ သံယောင်လိုက်ကာ အော်ပြောလိုက်ကြလေသည်။
ထိုစဉ် ဝါးတဲလေးထဲမှ အသံတစ်သံ ထွက်လာခဲ့လေသည်။ "ငါ့ပစ္စည်း ငါပြန်ယူတာကို မင်းတို့က ငါ့ကို သူခိုးလို့ ခေါ်ရဲတယ် ဟုတ်လား၊ မင်းတို့ အမှိုက်ကောင်တွေ ကိုယ့်စကားကို သတိထားပြော၊ ငါ ဒီနေ့ စိတ်ကောင်းဝင်နေလို့ မင်းတို့ကို မသတ်ဘဲ လွှတ်ပေးလိုက်မယ်၊ အခု မင်းတို့လာတဲ့ နေရာဆီ ပြန်သွားလိုက်ပေတော့"
ထိုစကားကို ကြားသည့်အခါ ကုန်းယန်ရှီမှာ ဒေါသထွက်လွန်းသဖြင့် အော်ရယ်မိလိုက်တော့လေသည်။ "မင်းက တကယ်ကို အရှက်မရှိတဲ့ ကောင်ပါလားကွ"
ကုန်းယန်ရှီသည် တာအိုသခင် တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်လေရာ မူလကုန်းမြေကြီးထဲ အားအကောင်းဆုံးသော ပညာရှင်များအနက် တစ်ဦးအပါအဝင် ဖြစ်ပေသည်။ ထိုအတွက်ကြောင့် သူ့အနေဖြင့် မည်သူ့ကိုမျှ ကြောက်နေစရာ မလိုပေ။
ထိုအတွက်ကြောင့် အစောပိုင်းကလူ ပြောသွားသည့် စကားမှာ သူ့အတွက်တော့ အမှန်တကယ်ကိုမှ ရယ်ဖွယ်ကောင်းလှပေသည်။ သူတို့ဂိုဏ်း၏ အထွတ်အမြတ် ရတနာသည် သူတို့ဂိုဏ်းကို တည်ထောင်ခဲ့သော ဘိုးဘေးမှ ချန်ထားရစ်ခဲ့သည့် အမွေတစ်ခု ဖြစ်ပေသည်။ ထိုဘိုးဘေး သေသွားခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်းသောင်းနှင့်ချီမက ရှိနေခဲ့လေပြီ။ ထိုသို့ ဖြစ်လေရာ ထိုအထွတ်အမြတ် ရတနာသည် မည်ကဲ့သို့များ အပြင်လူတစ်ဦး၏ အပိုင် ဖြစ်နေရပါမည်နည်း။
"ဆရာ" ဟဲယွင်ရှန်းမှာ ဝါးတဲလေးထဲက လူ၏စကားကြောင့် အထိတ်တလန့် ဖြစ်နေစဉ်မှာပင် ရန်ကိုင် ရုတ်တရက် ထရပ်လိုက်သည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရလေသည်။ ပုံမှန်အားဖြင့် ရန်ကိုင်သည် အမြဲလိုလို တည်တည်ငြိမ်ငြိမ် နေတတ်သူတစ်ဦး ဖြစ်ပေ၏။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ သူ၏ မျက်နှာအမူအရာမှာ ထူးထူးခြားခြားကို လေးနက်တည်ငြိမ်နေခဲ့လေသည်။ အမှန်တကယ်ကို အားကောင်းလှသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလား ရန်ကိုင်သည် ဝါးတဲလေးအား မမှိတ်မသုန် စိုက်ကြည့်နေလေ၏။
[ဘာတွေဖြစ်နေတာလဲ] ဟဲယွင်ရှန်းမှာ လက်ရှိ အဖြစ်အပျက်နှင့် ပတ်သက်၍ လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။
ရန်ကိုင် မည်မျှ အားကောင်းသလဲဆိုသည်ကို ဟဲယွင်ရှန်း မသိပေ။ ရန်ကိုင်နှင့်အတူ ရှိနေစဉ် ကာလအတောအတွင်း ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကို ဖြစ်စေ တာအိုသခင်အဆင့် ကျင့်ကြံသူများကို ဖြစ်စေ တိုက်ကွက်တစ်ကွက်နှင့်သာ သတ်ပစ်ခဲ့လေသည်။ ရန်ကိုင် သူ့အစစ်အမှန် ခွန်အား ထုတ်သုံးသည်ကို ဟဲယွင်ရှန်း တစ်ခါမျှ မမြင်ခဲ့ဖူးပေ။
ထိုအကြောင်းကြောင့် ရန်ကိုင်သည် တာအိုသခင်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေရလိမ့်မည်ဟု ဟဲယွင်ရှန်း ခန့်မှန်းလိုက်လေသည်။ ထိုကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် တာအိုသခင် ပထမအဆင့် ရှိနေသော ကျင့်ကြံသူများကို မည်ကဲ့သို့များ လက်သီးတစ်ချက်ဖြင့် သတ်ပစ်နိုင်ပါမည်နည်း။
ရန်ကိုင်၏ ကျင့်ကြံခြင်းအရ ရန်ကိုင်သည် မူလကုန်းမြေကြီး တစ်ခုလုံးတွင်ပင် ထိပ်တန်းကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။ သူ့အနေဖြင့် မည်သူ့ကိုမျှ ကြောက်နေစရာ မလို။ ထိုသို့ ဖြစ်လေရာ ဝါးတဲလေးထဲရှိ လူသည် မည်သူများ ဖြစ်နေ၍များ ရန်ကိုင်အား ယခုကဲ့သို့ လေးနက်တည်ကြည်သွားစေရလေသနည်း။
"သခင်" တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည့်အလား လျို့ယန်သည်လည်း ရန်ကိုင်အား မော့ကြည့်လိုက်လေသည်။
ရန်ကိုင်သည် တံတွေးတစ်လုတ် မျိုချလိုက်ပြီးသည့်နောက် လျို့ယန်၏ ခေါင်းကို အသာအယာ ပွတ်ပေးလျက် ခါးသက်သက် လေသံဖြင့် ပြောလိုက်လေ၏။ "နင် ပြောတာ တကယ် မှန်နေတာပဲ၊ ဒီနေ့ ငါ့ဆန္ဒတစ်ခု တကယ်ကြီး ဖြစ်လာခဲ့ပြီ"
"အိုး ငါ့ရဲ့ မိတ်ဆွေလေးပါလား၊ မင်းလည်း ဒီရောက်နေတာကိုး၊ တိုက်ဆိုင်လိုက်တာဟ" ဝါးတဲလေးထဲမှ အသံ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်လေသည်။
ထိုအသံကို ကြားလိုက်သည့်နောက် ရန်ကိုင် တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ အစောပိုင်းက ရန်ကိုင်မှာ သူ့ခန့်မှန်းချက်နှင့် ပတ်သက်၍ သိပ်မသေချာသေးပေ။ သို့သော်ငြား ယခု ဝါးတဲလေးထဲမှလူ ပြောလိုက်သည့် စကားကို ကြားပြီးသည့်နောက် ဝါးတဲလေးထဲတွင် ရှိနေသည့် လူသည် သူ တွေးနေသည့် လူမှန်း တစ်ရာရာခိုင်နှုန်း သေချာသွားတော့လေသည်။
[သူ ဒီရောက်နေမယ်လို့ ငါ တကယ်ကို ထင်မထားဘူး]
ထိုကဲ့သို့သော ပညာရှင်တစ်ဦး အရှေ့တွင် သူတို့အနေဖြင့် ပုန်းနေ၍လည်း ဘာမျှ ထူးလိမ့်မည် မဟုတ်။ ထိုအတွက်ကြောင့် ရန်ကိုင်တို့ သုံးဦး ရောက်လာကတည်းက ထိုလူသည် သူတို့အား သတိထားမိသွားခဲ့လေပြီ။
ထိုသို့ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ပုန်းမနေတော့ဘဲ လှမ်းအော်ပြောလိုက်လေ၏။ "သူခိုးကောင်၊ ခင်ဗျား ဘယ်လောက် အားကောင်းကောင်း ကျုပ် ဂရုမစိုက်ဘူး၊ သူများဂိုဏ်းရဲ့ အထွတ်အမြတ် ရတနာကိုများ သွားပြီး ခိုးရဲတယ်၊ အဲဒီလို လုပ်ရပ်မျိုးဆိုတာ ပညာရှင်တစ်ဦး လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်မျိုး မလို့လား၊ ကျုပ် မမြင်ရင်တော့ ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ အခု ကျုပ် မြင်သွားပြီ ဆိုမှတော့ ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်တော့ဘူး"
ထို့နောက်တွင် နဂါးရိုင်းစံအိမ်မှ လူအိုကြီးဘက်သို့ လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ "လူအိုကြီး၊ ဒီကိစ္စက ကျုပ်နဲ့ ဘာမှ မဆိုင်ပေမဲ့ ကံကြမ္မာက အကြောင်းဖန်ပေးလာတယ်ဆိုမှတော့ ခင်ဗျား အကူအညီ လိုရင် တုံ့ဆိုင်းမနေနဲ့၊ ပြောသာပြောလိုက်၊ ကျုပ် ချက်ချင်း ကူညီပေးမယ်"
ရန်ကိုင်၏ လေသံမှာ တရားဘတ်တော်သားတစ်ဦး၏ လေသံနှင့်ပင် တူနေပေသေးသည်။
[လူ လူအိုကြီး] ကုန်းယန်ရှီ အံ့အားသင့်သွားခဲ့လေသည်။ နဂါးရိုင်းစံအိမ်၏ စံအိမ်သခင် ရာထူးကို ရယူပြီးသည့် အချိန်မှစ၍ မည်သူမျှ သူ့အား လူအိုကြီးဟု မခေါ်ရဲကြဘဲ စံအိမ်သခင်ဟုသာ တလေးတစားဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ ထိုအတွက်ကြောင့် ဤလူငယ်လေးမှ သူ့အား လူအိုကြီးဟု ခေါ်လာသည်ကို ကြားသည့်အခါ ကုန်းယန်ရှီ၏ အမူအရာ အနည်းငယ် ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့လေသည်။ လက်ရှိအချိန်သည် ဒေါသထွက်ရမည့် အချိန် မဟုတ်သေးသည့်အတွက်ကြောင့် ထိုစကားကို စိတ်ထဲ ထားမနေတော့ပေ။
ဝါးတဲထဲတွင် ရှိနေသည့်လူသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်၍ ပြောလိုက်လေသည်။ "မိတ်ဆွေလေး၊ မင်း ငါ့ကို မသိချင်ယောင်ဆောင်နေတာလား"
"ခင်ဗျား ဘယ်သူလဲ၊ ကျုပ် မသိဘူး"
[ငါလည်း မင်း ဘယ်သူလဲ မသိဘူးကွ] ကုန်းယန်ရှီမှာ လူငယ်လေးနှင့် ပတ်သက်၍ ကူကယ်ရာမဲ့နေခဲ့ရလေသည်။ လူငယ်လေးတို့ သူ့နောက်လိုက်လာမှန်း သိထားခဲ့ပါသော်ငြား ပို၍ အရေးကြီးသည့် ကိစ္စတစ်ရပ် ရှိနေသည့်အတွက်ကြောင့် လူငယ်လေးတို့ အဖွဲ့ကို လျစ်လျူရှုထားခဲ့သည်။ သို့သော်ငြား ဤလူငယ်လေးသည် သူ့ကိစ္စထဲ လက်ဝင်လျှိုလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
[ငါ့ကို ကူညီချင်တယ် ဟုတ်လား] လူငယ်လေး ပြောသည့် စကားကို ယုံရလောက်သည်အထိ ကုန်းယန်ရှီ တုံးအမနေခဲ့ပေ။ ဝါးတဲလေးထဲတွင် ရှိနေသည့်လူနှင့် သူ့အရှေ့တွင် ရှိနေသော လူငယ်လေးသည် အသိအကျွမ်းများ ဖြစ်ကြသည်။ သို့သော်ငြား ရင်းနှီးဖော်ရွေသည့် အသိအကျွမ်းများ မဟုတ်ကြဘဲ ရန်ငြိုးရန်စ ရှိသည့် အသိအကျွမ်းများ ဖြစ်လောက်ပေသည်။
သို့တိုင် လက်ရှိ အခြေအနေကို ပို၍ ရှုပ်ယှက်ခတ်မသွားစေလိုသည့်အတွက်ကြောင့် လူငယ်လေးအား ပြန်၍ ပြောလိုက်လေသည်။ "အခုလိုမျိုး ကူညီပေးချင်တဲ့အတွက် မိတ်ဆွေလေးကို ကျေးဇူးအများကြီး တင်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စက နဂါးရိုင်းစံအိမ်ရဲ့ အတွင်းရေးကိစ္စ ဖြစ်နေတော့ အပြင်လူတွေကို ဝင်မပါစေချင်ဘူး၊ ဒါကြောင့်ပဲ မိတ်ဆွေလေး ကျေးဇူးပြုပြီး ဘေးထွက်နေပေးလို့ ရမလား"
လူအိုကြီးအနေဖြင့် ရန်ကိုင်အား ယခုကိစ္စတွင် ဝင်မပါစေလိုခြင်းမှာ ရန်ကိုင်နှင့် ဝါးတဲထဲရှိလူတို့သည် တစ်ဖွဲ့တည်း ဖြစ်နေမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
"ရတယ်လေ" ရန်ကိုင်က ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။ "ခင်ဗျားက အဲလိုပြောလာတယ် ဆိုမှတော့လည်း ကျုပ်လည်း ဘေးထွက်နေပေးရသေးတာပေါ့ လူအိုကြီးရယ်" သူ့အနေဖြင့် ဝင်ပါလို့ မရတော့သည့်အတွက်ကြောင့် နဂါးရိုင်းစံအိမ်မှ လူများ၏ ခွန်အားကို သုံး၍ ဝါးတဲလေးထဲရှိ လူ၏ ခွန်အားကို စမ်းသပ်ကြည့်ရပေလိမ့်မည်။
အဆင့်နိမ့် ကြယ်စီရင်စုကြီးသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကောင်းကင်လမ်းစဉ်၏ ဖိနှိပ်တုံ့ပြန်ခြင်း ခံခဲ့ရသည်။ ဝါးတဲလေးထဲတွင် ရှိနေသည့် လူသည်လည်း ထိုကန့်သတ်ချက်ကို ကြုံရလိမ့်မည်ဟု ရန်ကိုင် သိပေသည်။ သူတို့နှစ်ဦးသာ တိုက်ခိုက်ကြမည်ဆိုလျှင် တစ်ဖက်လူ မည်မျှ အားကောင်းနေသေးသလဲ ဆိုသည်ကို ရန်ကိုင်အနေဖြင့် အဖြေရှာနိုင်လိမ့်မည် ဖြစ်ပါသော်ငြား ကုန်းယန်ရှီမှ ထိုလူအား အထင်သေးလိုက်မည်ကို ရန်ကိုင် စိုးရိမ်နေမိခဲ့သည်။ ထိုအတွက်ကြောင့် အလေးအနက် အမူအရာဖြင့် သတိပေးလိုက်လေ၏။ "လူအိုကြီး ကျုပ် ခင်ဗျားကို ခြိမ်းခြောက်ချင်နေတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဝါးတဲထဲကလူက ရင်ဆိုင်ဖို့ လွယ်တဲ့လူတစ်ယောက်တော့ မဟုတ်ဘူးနော်၊ ဒီတော့ သတိထား၊ မဟုတ်ရင် ခင်ဗျား ခံသွားရလိမ့်မယ်"
ကုန်းယန်ရှီ မျက်မှောင်ကြုတ်သွားခဲ့ပြီးသည့်နောက် ပြန်၍ ပြောလိုက်လေသည်။ "အခုလိုမျိုး သတိပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်"
သို့သော်ငြား သူ့အမူအရာအရ လူငယ်လေး၏ စကားကို ဂရုမစိုက်သည်မှာ သိသာလှသည်။ သူသည် တာအိုသခင် တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ကာ မူလကုန်းမြေကြီးထဲရှိ အားအကောင်းဆုံးသော ပညာရှင်များအနက် တစ်ဦးအပါအဝင် ဖြစ်လေသည်။ သူ့ထက် ပိုအားကောင်းသည့် လူတစ်ဦးဦး ဤမူလကုန်းမြေကြီးထဲ ရှိနေမည်ဆိုလျှင်ပင် သူ့ထက် အဆပေါင်းများစွာ ပိုအားကောင်းနေလိမ့်မည် မဟုတ်။ ထို့အပြင် နဂါးရိုင်းစံအိမ်မှ ထိပ်တန်းပညာရှင် အားလုံး ဤနေရာ၌ စုဝေးနေကြလေရာ ဝါးတဲလေးထဲရှိလူ အလွန် အားကောင်းနေမည် ဆိုလျှင်ပင် သူတို့၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်လား။
ထို့နောက်တွင် လူအိုကြီးသည် မှုန်ကုပ်ကုပ် အမူအရာဖြင့် ဝါးတဲလေးဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ "ငါ မင်းကို နောက်ဆုံးအကြိမ် ထပ်မေးမယ်၊ မင်း ခိုးသွားတဲ့ ပစ္စည်းကို ပြန်ပေးမှာလား မပေးဘူးလား"
"ဒါက ငါ့အပိုင်လို့ ငါ ပြောပြီးသွားပြီလေ၊ အပိုစကားတွေ လာပြောမနေတော့နဲ့၊ နားငြီးတယ်"
"ကောင်းပြီလေ၊ အဲဒီလိုဆိုမှတော့ ဒီကုန်းကို ရက်စက်တယ်လို့ ဆိုပြီး အပြစ်မတင်နဲ့တော့ သေလိုက်စမ်း" ထိုသို့ ပြောပြီးသည့်နောက်တွင် ကုန်းယန်ရှီသည် အရင်းအမြစ်ချီကို လှည့်ပတ်၍ သားကောင်တစ်ကောင်ကို အမဲလိုက်နေသည့် မုဆိုးတစ်ဦးပမာ ဝါးတဲလေးဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့လေသည်။
သို့တိုင် ဝါးတဲလေးထဲရှိ လူဆီမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာခဲ့ပေ။
ဝါးတဲဆီသို့ ရောက်သွားချိန်တွင် ကုန်းယန်ရှီသည် ဝါးတဲ၏ တံခါးတည့်တည့်သို့ သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ "ကိုယ့်မျက်နှာတောင် မပြရဲတာ ရှက်စရာ ကောင်းတယ်လို့ မထင်ဘူးလား၊ အခု ထွက်လာလိုက်စမ်း"
ကျွီ။ ထိုအခိုက်အတန့်မှာပင် ဝါးတဲ၏ တံခါး ရုတ်တရက်ကြီး ပွင့်သွားခဲ့ပြီး လေပြင်းများ တိုက်ခတ်လာခဲ့လေသည်။ ရက်စက်ကြမ်းကြုတ်လှသည့် ကုန်းယန်ရှီ၏ မျက်နှာမှာလည်း ရုတ်တရက်ဆိုသလို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့လေ၏။ ရာနှင့်ချီသော လူပေါင်းများစွာ၏ မှင်တက်နေသည့် အကြည့်အောက်တွင်ပင် ကုန်းယန်ရှီသည် ဝါးတဲလေးဆီသို့ ဆွဲယူခြင်း ခံလိုက်ရလေသည်။
ဘုန်း။ ဝါးတဲတံခါးမှာ ချက်ချင်း ပြန်ပိတ်သွားခဲ့သည်။ သို့သော်ငြား ဝါးတဲလေး အတွင်းပိုင်းဆီမှ မည်သည့် တိုက်ခိုက်သံမျှ ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။ ပတ်ဝန်းကျင် တစ်ခုလုံးသည် လေတိုးသံများနှင့် ကျေးငှက်များ၏ အော်မြည်သံများမှလွဲ၍ ပကတိ တိတ်ဆိတ်နေခဲ့လေသည်။
လူတိုင်းမှာ နားကိုစွင့် မျက်စိကို ရှင်းရှင်းထားရင်းမှ ဝါးတဲလေးအား အသက်မရှူတမ်း စိုက်ကြည့်နေကြလေသည်။ သို့သော်ငြား ဝါးတဲအတွင်းပိုင်းမှာ ချောက်ချားဖွယ်ရာ ကောင်းစွာ တိတ်ဆိတ်နေသည့်အတွက်ကြောင့် လူတိုင်းမှာ စိုးရိမ်စိတ် မကင်းနိုင် ဖြစ်နေကြရလေသည်။
လက်ရှိအချိန်တွင် ဝါးတဲလေးသည် ကုန်းယန်ရှီကို ဝါးမျိုသွားသော ရှေးဟောင်း သားရဲကြီးတစ်ကောင်နှင့်ပင် တူနေပေသေးသည်။