← Chapters

အခန်း (၃၁၀၆-၃၁၁၀)

Vol. 135 Ch. 3106-3110

အခန်း (၃၁၀၆-၃၁၁၀)

Vol. 135 Ch. 3106-3110

အပိုင်း (၃၁၀၆)

ဘာသာပြန်သူ_တိမ်တိုက်

တစ်ခဏ ကြာပြီးသည့်နောက်တွင် ဝါးတဲလေး၏ တံခါး ပြန်ပွင့်လာခဲ့လေသည်။ လူတိုင်း၏ မှင်တက်နေသည့် အကြည့်အောက်တွင် ဖြူဖတ်ဖြူလျော် ဖြစ်နေသည့် ကုန်းယန်ရှီ အပြင်သို့ ထွက်လာခဲ့သည်။ အပြင်သို့ ရောက်လာပြီးသည့်နောက် နောက်သို့ ပြန်လှည့်၍ ဝါးတဲတံခါးကို သေသေချာချာလေး ပိတ်လိုက်သည်။ ထို့နောက် တလေးတစားဖြင့် ဦးညွှတ်၍ ပြောလိုက်လေ၏။ "စီနီယာကို နှောင့်ယှက်မိလိုက်တဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး အေးအေးဆေးဆေး နားပါတော့ စီနီယာ"

ထိုမြင်ကွင်းကို ကြည့်ရင်း နဂါးရိုင်းစံအိမ်မှ ရာနှင့်ချီသော ကျင့်ကြံသူများ ပါးစပ်အဟောင်းသား ဖြစ်သွားကုန်ကြလေသည်။

"သွားကြရအောင်" ထိုသို့ အော်ပြောလိုက်ပြီးသည့်နောက်တွင် ကုန်းယန်ရှီသည် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်း၍ အဝေးတစ်နေရာဆီသို့ ပျံသန်းထွက်သွားလေသည်။

နဂါးရိုင်းစံအိမ်မှ လူများမှာ မယုံသင်္ကာ ဖြစ်နေကြပါသော်ငြား မည်သူမျှ ဘာမျှ သွားမမေးခဲ့ကြပေ။ သူတို့၏ ပျံသန်းရေးမှော်ရတနာများကို ဖြစ်စေ လှုပ်ရှားမှု ပညာရပ်များကို ဖြစ်စေ သုံးကာ ထိုနေရာမှ ထွက်ခွာလာခဲ့ကြသည်။ မျက်တောင်တစ်ခတ်အတွင်း ရာနှင့်ချီသော လူအုပ်ကြီးသည် ထိုနေရာမှ သဲလွန်စမကျန် ပျောက်ကွယ်သွားကုန်ကြလေသည်။

မိုင်တစ်ရာကျော်မက ပျံသန်းလာပြီးသည့်နောက်တွင် ရှေ့ဆုံးမှ ဦးဆောင်ပျံသန်းနေသည့် ကုန်းယန်ရှီ ဒယိမ်းဒယိုင် ဖြစ်သွားခဲ့ပြီး သွေးအပွက်ပွက် ထိုးအန်ချလေသည်။ သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း ရုတ်တရက်ဆိုသလို အားနည်းလာခဲ့လေ၏။ မူလကတည်းက အသက်ကြီးနေပြီဖြစ်သော ကုန်းယန်ရှီမှာ ယခင်ကထက် ပို၍ အိုစာသွားသည့်အလား သူ့မျက်နှာမှာ လူသေကောင်ပမာ ဖြစ်လာခဲ့လေသည်။

"စံအိမ်သခင်" ထိုအချင်းအရာကို မြင်သော် အခြားသော အကြီးအကဲများ အားလုံး ထိတ်လန့်သွားကုန်ကြလေသည်။

[ဝါးတဲထဲမှာ ဘာတွေများ ဖြစ်ခဲ့လို့များ စံအိမ်သခင် အခုလိုတွေ ဖြစ်နေရတာလဲ၊ သူတို့ ဝါးတဲထဲမှာ ဘာတွေများ ပြောနေခဲ့တာလဲ]

မည်သူမျှ လက်ရှိ အဖြစ်အပျက်အပေါ် နားမလည်နိုင်ကြပေ။

ကုန်းယန်ရှီသည် သူ့ကိုယ်သူ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းပြီးသည့်နောက် သူ အဆင်ပြေကြောင်း အားလုံးကို လက်မြှောက်၍ အချက်ပြလိုက်သည်။

"စံအိမ်သခင် အဲဒီလူက…" အကြီးအကဲတစ်ဦးမှာ သိချင်စိတ်ကို မအောင့်အည်းနိုင်တော့သည့်အဆုံး ကောက်မေးလိုက်လေသည်။

"ဘာမှ မမေးနဲ့" ကုန်းယန်ရှီ၏ မျက်နှာထက် ကြောက်ရွံ့ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။

"ဒါပေမဲ့ ကျုပ်တို့ဂိုဏ်းရဲ့ ထွတ်မြတ် ရတနာက…"

"အဲဒီအကြောင်းကို ထပ်မပြောတော့နဲ့" ကုန်းယန်ရှီက ချက်ချင်းပဲ ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "ငါတို့မှာ အဲဒီလို ထွတ်မြတ် ရတနာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလို့သာ သဘောထားလိုက်"

"ဘယ်လို" အကုန်လုံး အလန့်တကြား ဆိုလိုက်ကြသည်။

[ဝါးတဲလေးထဲမှာ ရှိနေတဲ့လူက ဘယ်သူမို့လို့ ငါတို့နဲ့အတူ နှစ်ပေါင်းသောင်းနှင့်ချီ ရှိလာတဲ့ ထွတ်မြတ် ရတနာကို စံအိမ်သခင် ပြန်မယူချင်တော့လောက်တဲ့အထိ ကြောက်သွားအောင် လုပ်နိုင်ရတာလဲ] အကြီးအကဲများ ဆက်မတွေးရဲတော့။ ဆက်သာတွေးနေပါက သူတို့ တစိုက်မတ်မတ် ယုံကြည်ထားရသည့် သိုင်းတာအို ယိုင်နဲ့သွားနိုင်ပေသည်။

ဝါးတဲလေး၏ အပြင်ဘက်၌ ဟဲယွင်ရှန်း၏ ပါးစပ်လေးမှာ မသိမသာလေး ဟနေခဲ့လေသည်။ မသိလျင် သူမ ပါးစပ်ထဲ လက်နှစ်ချောင်း ထိုးထည့်ထားသည့်အလား။ နဂါးရိုင်းစံအိမ်မှ လူများ ပျာယီးပျာယာဖြင့် ထွက်သွားသည်ကို ကြည့်ရင်း ဟဲယွင်ရှန်းမှာ လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့ရလေသည်။

[ဒီလူတွေက မူလကုန်းမြေကြီးရဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းက လာတဲ့သူတွေ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ဒီလောက်တောင် ပျာယီးပျာယာနဲ့ ထွက်ပြေးသွားကုန်ကြတာလဲ] ထိုလူများ၏ စွမ်းအားကိုသာ မခံစားမိခဲ့ပါက ဤလူသည် မူလကုန်းမြေကြီးရှိ အခြားသော နဂါးရိုင်းစံအိမ်တစ်ခုမှ ဖြစ်လိမ့်မည်ဟု ထင်မိသွားရပေလိမ့်မည်။

ရန်ကိုင်မှာတော့ မျက်နှာကြီးကို မှုန်ကုပ်လို့ နေခဲ့လေသည်။ ဖြစ်သာဖြစ်နိုင်လျှင် သူသည်လည်း ဤနေရာမှ ချက်ချင်း လှည့်ထွက်သွားချင်မိပေသည်။

သို့သော်ငြား ဝါးတဲလေးထဲတွင် ရှိနေသည့် လူသည် သူ လိုချင်နေသည့် အရာကို ရအောင်ယူနိုင်မည့် သော့ချက်တစ်ခု ဖြစ်သည့်အလျောက် ရန်ကိုင်မှာ ထွက်သွားဖို့ရာ တုံ့ဆိုင်းနေမိလေသည်။ အတန်ကြာအောင် တုံ့ဆိုင်းနေပြီးသည့်နောက်တွင် အံကို တင်းတင်းကြိတ်၍ ဆုံးဖြတ်လိုက်တော့သည်။ ဟုန်းလော့ကြယ်စီရင်စုကြီးသို့ ပြန်နိုင်ဖို့အရေး သူ့အနေဖြင့် ထိုဝါးတဲလေးထဲ နွားချေးပုံများ ရှိနေမည်ဆိုလျှင်ပင် ထိုနွားချေးပုံကို တက်နင်းရင် နင်းရပေလိမ့်မည်။

"ဒီမှာ စောင့်နေ၊ ငါ အခုပဲ ပြန်လာခဲ့မယ်" ရန်ကိုင်သည် လျို့ယန်၏ ခေါင်းကို အသာအယာလေး ပွတ်ပေးလိုက်သည်။

လျို့ယန်ကမူ သူမပါ လိုက်ချင်နေသည့်အလား ရန်ကိုင်၏ အင်္ကျီလက်ကို လှမ်းဆွဲထားခဲ့လေသည်။

"လွှတ်" ရန်ကိုင်က ပြန်ပြောလိုက်သည်။

"မလွှတ်ဘူး" လျို့ယန်ကမူ ရန်ကိုင်အား မျက်လုံးကို ပြူးကာ စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ကြက်ဥတွေ အကုန်လုံးကို တောင်းတစ်တောင်းထဲမှာပဲ ထည့်ထားလို့ မဖြစ်ဘူးဆိုတာ နင် သိတယ်မလား၊ တစ်ခုခု ဖြစ်သွားရင် ငါ နင့်ကို ချက်ချင်း လှမ်းအကြောင်းကြားလိုက်မယ်၊ အဲဒီအချိန်ကျရင် အိမ်ထဲကို ချက်ချင်း ပြေးလာပြီးတော့ အဲဒီကောင်ကို ပြာချပစ်လိုက်"

ထိုစကားကို ကြားမှသာ လျို့ယန်သည် ခေါင်းညိတ်၍ ရန်ကိုင်အား လွှတ်ပေးလိုက်လေသည်။ "ကောင်းပြီ"

ရန်ကိုင်ကမူ ထိုလူအရှေ့၌ ဂရုစိုက်နေ၍လည်း အပိုဟုသာ ကြိတ်၍ ညည်းတွားနေခဲ့လေသည်။ ထို့နောက်တွင် ဝါးတဲလေးဆီသို့ လျှောက်သွားလိုက်ပြီးသည့်နောက် တံခါးရှေ့သို့ ရောက်သော် ချောင်းဟန့်၍ တံခါးကို ခေါက်လိုက်သည်။ ထို့နောက် အော်မေးလိုက်လေ၏။ "အိမ်ထဲမှာ တစ်ယောက်ယောက် ရှိလား"

ထိုမြင်ကွင်းကို ကြည့်ရင်း ဟဲယွင်ရှန်းမှာ မအောင့်အည်းနိုင်တော့ဘဲ ထအော်ရယ်လိုက်လေသည်။ သို့သော်ငြား ချက်ချင်းပဲ သူမ ပါးစပ်ကို လက်ဖြင့် အမြန် ပြန်အုပ်လိုက်လေ၏။

မည်သည့် ပြန်ထူးသံမျှ မကြားရသော် ရန်ကိုင်သည် သူ့အင်္ကျီကို အနည်းငယ် သပ်ရပ်အောင် လုပ်၍ ထပ်ပြောလိုက်လေသည်။ "နှောင့်ယှက်မိသွားသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်နော်"

ထိုသို့ ပြောပြီးသည့်နောက်တွင် တဲအိမ်တံခါးကို တွန်းဖွင့်၍ တဲအိမ်လေးထဲသို့ ဝင်လိုက်လေသည်။ ရန်ကိုင် အထဲသို့ ရောက်သွားသည်နှင့် တဲအိမ်တံခါးမှာ ချက်ချင်း ပြန်ပိတ်သွားခဲ့သည်။

မှောင်မိုက်နေသော တဲအိမ်လေးထဲရှိ ဖျာတစ်ချပ်ပေါ်တွင် လူတစ်ဦးသည် တင်ပျဉ်ခွေထိုင်ကာ ရန်ကိုင်အား ပြုံး၍ ကြည့်နေခဲ့လေသည်။

အကြည့်ချင်း ဆုံသွားသည့်အခိုက် ရန်ကိုင် ရင်ထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူညံသွားခဲ့သည်။ သို့သော်ငြား ဘာမျှ မဖြစ်ချင်ယောင် ဆောင်လျက် လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ "ရောင်းရင်းဝူ၊ ခင်ဗျား အဆင်ပြေရဲ့လား" [မင်းက ဝူခွမ်းဆိုပြီး နာမည်ပြောင်းထားမှတော့ ငါလည်း မင်းကို ရောင်းရင်းဝူလို့ပဲ ခေါ်ပေးရသေးတာပေါ့၊ မင်းကိုယ်မင်း ကြယ်တာရာအစုအဝေးရဲ့ အားအကောင်းဆုံး ပညာရှင်တစ်ဦး ဖြစ်လို့ ငါ မင်းကို စီနီယာဝူလို့ ခေါ်မယ်လို့ ထင်နေတာလား၊ ဟမ့်]

ဝူခွမ်းကမူ ရန်ကိုင်၏ အခေါ်အဝေါ်နှင့် ပတ်သက်၍ စိတ်ထဲမထားဘဲ သူ့လက်ကို ဆန့်ထုတ်၍သာ ပြောလိုက်သည်။ "အရင် ထိုင်လိုက်လေ"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "မတ်တတ်ရပ်လည်း ရတယ်၊ကိစ္စမရှိဘူး"

ရန်ကိုင်သည် သူ့အရှေ့ရှိ လူနှင့် အချိန်မရွေး တိုက်ခိုက်နိုင်ရန်အတွက် သူ၏ချီကို အဆင်သင့် လှည့်ပတ်ထားခဲ့လေသည်။

ဝူခွမ်းက ပြန်ပြောလိုက်သည်။ "ဒါပေမဲ့ မင်း အဲဒီလို လုပ်မယ်ဆိုရင် ငါ မင်းကို ခေါင်းမော့ပြီး စကားပြောနေရမှာ"

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေ၏။ သေသေချာချာ စဉ်းစားကြည့်ပြီးသည့်နောက် သူဘက်ကသာ ယခုကဲ့သို့ ဆက်လုပ်နေလျှင် ဝူခွမ်း ဒေါသထွက်လာနိုင်လိမ့်မည်မှန်း သဘောပေါက်သွားခဲ့သည်။ ထိုအတွက်ကြောင့် လက်လျှော့ကာ ထိုင်ချလိုက်လေသည်။

နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်ချလိုက်ပြီးသည့်နောက်တွင် ဝူခွမ်းသည် ရေနွေးခွက်များကို ထုတ်၍ ရေနွေးကြမ်း စတင်ဖော်စပ်တော့လေ၏။

ဝူခွမ်း လုပ်နေသည့်ပုံကို ကြည့်ရင်း ရန်ကိုင် စိတ်ထဲ ဂုဏ်ယူမိချင်သလိုပင် ဖြစ်သွားခဲ့လေသည်။ ဝူခွမ်းသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ကြယ်တာရာအစုအဝေး တစ်ခုလုံးကို ကပ်ဘေးဆိုက်အောင် လုပ်ခဲ့သူတစ်ဦး ဖြစ်သလို ကြယ်စီရင်စုပေါင်းများစွာကို ဖျက်ဆီးပြီး မရေမတွက်နိုင်သော ကျင့်ကြံသူပေါင်းများစွာကို သတ်ပစ်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် သူသည် ကြယ်တာရာအစုအဝေး၏ ဏ အားအကောင်းဆုံး ပညာရှင်တစ်ဦး ဖြစ်ခဲ့ကာ မဟာဧကရာဇ်အချို့ကိုပင် သတ်ပစ်ခဲ့သူတစ်ဦးလည်း ဖြစ်ပေသည်။ ထိုအတွက်ကြောင့် ထိုကဲ့သို့သော ပညာရှင်တစ်ဦးမှ ရန်ကိုင်အား ရေနွေးကြမ်း ဖျော်စပ်ပေးနေသည့်အပေါ် ရန်ကိုင် စိတ်ထဲ ဂုဏ်ယူမိချင်သလိုပင် ဖြစ်နေခဲ့သည်။

ဝူခွမ်း၏ လုပ်ပုံကို ကြည့်ရင်း ရန်ကိုင်စိတ်ထဲ ရန်လိုစိတ်တို့ အတော်လေး လျော့နည်းသွားခဲ့ရလေသည်။ ဤသည်မှာ ပညာရှင်တစ်ဦး ရှိသင့်ရှိထိုက်သည့် ပုံစံမျိုး ဖြစ်ပေသည်။ နောက်ပိုင်းကျလျှင် သူ့အနေဖြင့် ကြယ်တာရာအစုအဝေး၏ သမိုင်းကြောင်းတစ်လျှောက် အားအကောင်းဆုံးသော ပညာရှင်တစ်ဦး ဖြစ်သည့် ဝူခွမ်းမှ သူ့အား ရေနွေးကြမ်း ဖော်စပ်ကာ တည်ခင်းဧည့်ခံပေးကြောင်းကို အခြားသူများအား လိုက်လံပြောပြနိုင်လိမ့်မည်။

"မိတ်ဆွေလေး၊ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ" ဝူခွမ်းက ထူးမခြားနားဟန်ဖြင့် မေးလိုက်သည်။ တကယ်တော့ သူကိုယ်တိုင်သည်လည်း ရန်ကိုင်အား ဤနေရာတွင် လာတွေ့ရလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။

ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ပြောရရင်တော့ အရှည်ကြီးပဲ၊ ဒါပေမဲ့ ကျုပ်ရဲ့ ရည်ရွယ်ချက်ကတော့ ခင်ဗျားကို အမဲလိုက်ဖို့ပဲ"

ဝူခွမ်းက ပြုံးလျက်... "အခုကရော"

"ခင်ဗျား ကျုပ်ကို ပေးသတ်မှာလား" ရန်ကိုင်က ပြန်မေးလိုက်သည်။

"အဲဒါကတော့ မင်း ဘယ်လောက် အားကောင်းလဲဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့"

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ခေါင်းခါလိုက်သည်။ "ကျုပ်မှာ လုံလောက်တဲ့ စွမ်းအား ရှိနေရင်တောင် ခင်ဗျားကို သတ်နိုင်မှာ မဟုတ်ဘူး" ဝူခွမ်းအား သတ်လိုက်မည် ဆိုပါက တွမ့်ဟုန်ချန်လည်း သေသွားရပေလိမ့်မည်။

ထို့နောက်တွင် ရန်ကိုင်သည် ချက်ချင်းပဲ ဒေါမာန်တကြီး အမူအရာဖြင့် ထအော်ပြောလေသည်။ "ခင်ဗျား စောင့်နေ၊ ကျုပ် ခင်ဗျားကို စီနီယာတွမ့်ဟုန်ချန် ကိုယ်ထဲကနေ ဆွဲထုတ်နိုင်တဲ့ တစ်နေ့၊ ခင်ဗျားကို ကျုပ် ကျိန်းသေသတ်မှာ"

"အဲဒါဆိုရင်တော့ မင်း ပိုပြီး ကြိုးစားကျင့်ကြံဖို့ လိုလိမ့်မယ်ကွ" ဝူခွမ်းက ပြုံးဖြီးလျက် ပြောလိုက်သည်။

ရန်ကိုင်မှာမူ စိတ်ထဲ သိပ်၍ မသက်မသာ ဖြစ်နေခဲ့ရလေသည်။ ဘာကြောင့်မှန်းမသိ လက်ရှိ အဖြစ်အပျက်သည် သူ ထင်ထားသည်နှင့် အတော်လေးကို လွဲချော်နေခဲ့ရသည်။ [ဒီကောင်က အားနေယားနေ သတ်ဖို့ပဲ သိတဲ့လူ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ သူ့ကိုယ်သူ ဆရာသမားတစ်ဦးလိုမျိုး လုပ်နေရတာလဲ]

"ခင်ဗျား ရုတ်တရက် သတ်သတ်လွတ်သမား ဖြစ်သွားတာလား" ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်သည်။

"မင်း ဘာပြောချင်တာလဲ" ဝူခွမ်း ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

"ခင်ဗျား ဘာဖြစ်လို့ အဲဒီ နဂါးရိုင်းစံအိမ်က လူတွေကို မဝါးမျိုပစ်တာလဲ" တကယ်ဆိုလျှင် နဂါးရိုင်းစံအိမ်မှ လူများ လွတ်လွတ်လပ်လပ်နှင့် ထွက်သွားနိုင်သည့်အပေါ် ရန်ကိုင် စိတ်ထဲ အမှန်တကယ်ကို အံ့အားသင့်မိရလေသည်။ သူတို့အနေဖြင့် ဤနေရာမှ အသက်ရှင်လျက် လွတ်မြောက်သွားနိုင်ရခြင်းသည် သူတို့၏ ဘဝသက်တမ်းတစ်လျှောက် ကံအကောင်းဆုံးသော အခိုက်အတန့်တစ်ခု ဖြစ်ပေသည်။

ဝူခွမ်း၏ စရိုက်မှာ အတော်လေးကိုမှ ပြောင်းလဲသွားခဲ့သည်။ လွန်ခဲ့သော နှစ်ဝက်ခန့်ကဆိုလျှင် ဝူခွမ်းသည် နဂါးကျွန်းပေါ်၌ အဆင့်ရှစ် နဂါးတစ်ကောင်ကိုပင် စားခဲ့ပေသေးသည်။

"သူတို့ကို စားလိုက်လို့ ငါ့အတွက် သွားကြားတောင် မညှပ်ဘူး၊ အဲဒါကို ဘာဖြစ်လို့ အလုပ်ရှုပ်ခံနေရဦးမှာလဲ"

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ "ဒါဆိုရင် ခင်ဗျား မူလကုန်းမြေကြီးဆီ ဘာလို့ လာခဲ့တာလဲ၊ ဒီနေရာကို လာဖို့အရေး နဂါးကျွန်းဆီ သွားခဲ့တာလား"

ဝူခွမ်းက ပြန်ပြောလိုက်သည်။ "ငါ့ပစ္စည်းတစ်ခုကို ပြန်ယူဖို့နဲ့ အနာဂတ်အတွက် ပြင်ဆင်ဖို့ လာခဲ့တာ"

"အနာဂတ်" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

"အနာဂတ် အကြောင်းကိုတော့ နောက်ပိုင်းကျမှပဲ ပြောကြတာပေါ့" ရေနွေးကြမ်း အဆင်သင့် ဖြစ်လာသည့်အခါ ဝူခွမ်းသည် ရေနွေးကြမ်းတစ်ခွက် ငှဲ့လိုက်ပြီး ကောက်မော့သောက်လိုက်လေသည်။

ဤနေရာတွင် ရေနွေးကြမ်းတစ်ခွက်သာ ရှိပြီး နောက်ထပ် အပိုတစ်ခွက် မရှိမှန်း သိလိုက်သော် ရန်ကိုင်သည် ရေနွေးကြမ်းအိုးကို ကောက်ကိုင်၍ တိုက်ရိုက် မော့သောက်လိုက်လေ၏။ ထို့နောက် ပြန်၍ ပြောလိုက်လေသည်။ "အဲဒီလူတွေကို ခင်ဗျား မဝါးမျိုလိုက်တာ ခင်ဗျား မဝါးမျိုချင်လို့ မဟုတ်ဘဲ မဝါးမျိုနိုင်လို့မလား"

ဝူခွမ်း၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်အား စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်လေသည်။ "မင်း ဘာပြောချင်နေတာလဲ၊ ဒီလောကကြီးထဲမှာ ငါ မလုပ်နိုင်တဲ့အရာ ဘာမှ မရှိဘူးကွ"

"အဲဒီလူတွေက ဒီလောက် အားမကောင်းဘူး ဆိုပေမဲ့ ခြင်တစ်ကောင်ကလည်း အသားပဲဟာကို၊ ပြီးတော့ ခင်ဗျားက အားပြန်ဖြည့်နေရတာ၊ ခင်ဗျား ဒီအဆင့်နိမ့် ကြယ်စီရင်စုဆီမှာ လာပုန်းနေတာ ပြန်အားကောင်းလာအောင် လုပ်ချင်လို့မလား”

"အဲဒီတော့" ဝူခွမ်းသည် ရန်ကိုင်အား ပြုံး၍သာ ကြည့်နေခဲ့လေသည်။

ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ "စီနီယာတွမ့်ကတော့ ဘယ်တော့မှ အဲဒီလိုမျိုး အဖြစ်ခံမှာ မဟုတ်ဘူး၊ သူ ခင်ဗျားကို တားလိုက်တာမလား" ထိုသို့ ပြောနေပြီးသည့်နောက် ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် ဝူခွမ်းအား သေသေချာချာကို စစ်ဆေးကြည့်တော့လေ၏။

စစ်ဆေးကြည့်နေရင်းမှ ရန်ကိုင် စိတ်ထဲ မယုံကြည်နိုင်စရာ အတွေးတစ်ခု ပေါ်လာခဲ့လေသည်။

ဝူခွမ်းကမူ ပြုံးမြဲပြုံးနေခဲ့သည်။

ရုတ်တရက် ရန်ကိုင်၏ ခန္ဓာကိုယ် တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ပြီး တုံ့ဆိုင်းတုံ့ဆိုင်း အမူအရာဖြင့် မေးလိုက်လေ၏။ "စီနီယာတွမ့်လား"

ထိုအခါမှသာလျှင် ဝူခွမ်း၏ အပြုံး ကူကယ်ရာမဲ့သွားရတော့လေသည်။

ရန်ကိုင်က မယုံကြည်နိုင်ဟန်ဖြင့် ထပ်မေးလေ၏။ "တကယ်ကြီး စီနီယာတွမ့်လား"

ရုတ်တရက်ဆိုသလို ဝူခွမ်းက ရယ်သွမ်းသွေးလျက်... "လူအိုကြီးတွမ့်၊ မင်း ငါ့ပုံစံကို အတုမခိုးနိုင်ပါဘူးလို့ ငါ ပြောသားပဲ၊ မင်းပုံစံက ကျားယောင်ဆောင်ချင်ပေမဲ့ ကျားမဟုတ်ဘဲ ခွေးဖြစ်သွားတဲ့ ပုံစံမျိုး ပေါက်နေပြီကွ"

ချက်ချင်းပဲ ဝူခွမ်းက ပြန်ပြောလိုက်လေသည်။ "မင်း ပါးစပ်ကို ပိတ်ထားလိုက်စမ်း"

ရန်ကိုင်၏ နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေ၏။ သူ့စိတ်ထဲ မယုံသင်္ကာ ဖြစ်မိပါသော်ငြား ယခုမှသာလျှင် သေချာသွားရတော့လေသည်။ တဲအိမ်လေးထဲကို ဝင်လာပြီးသည့် အချိန်မှစ၍ သူနှင့် စကားပြောနေသည့် လူမှာ ဝူခွမ်း မဟုတ်ဘဲ တွမ့်ဟုန်ချန်သာ ဖြစ်နေခဲ့လေသည်။

ရန်ကိုင်က မျက်စိပျက် မျက်နှာပျက်ဖြင့် ပြန်မေးလိုက်လေ၏။ "စီနီယာတွမ့် ဘာတွေ ဖြစ်နေတာလဲ"

သူ ထင်နေသည်မှာတော့ တွမ့်ဟုန်ချန်အား ဝူခွမ်းမှ ဖိနှိပ်ထားသည် ဟူ၍ပင်။ ထိုသို့သာ မဟုတ်ပါက ဝူခွမ်းအနေဖြင့် နဂါးကျွန်းသို့ သွားကာ နဂါးတစ်ကောင်ကို သတ်၍ အဆင့်နိမ့် ကြယ်စီရင်စုထဲ၌ လာပုန်းနေလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား လက်ရှိ အခြေအနေကို ကြည့်ရသလောက် ထိုသို့ မဟုတ်သည့်ပုံပင်။ တွမ့်ဟုန်ချန်သာ သူ ထင်ထားသကဲ့သို့ အပြည့်အဝ ဖိနှိပ်ထားခြင်း မခံရ။

ထိုမျှသာ မဟုတ်သေး။ ယခု ဝူခွမ်းနှင့် တွမ့်ဟုန်ချန်တို့ စကားပြောပုံကို ကြည့်ရသလောက် သူတို့နှစ်ဦးမှာ ယခင်ကကဲ့သို့ တိုက်ခိုက်နေခြင်း မရှိတော့သည့် ပုံပင်။

ဝူခွမ်းအနေဖြင့် ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ကိစ္စများကို လုပ်သည်မှာ အထူးအဆန်း မဟုတ်။ သို့သော်ငြား တွမ့်ဟုန်ချန်သည်သာ ထိုကိစ္စများထဲ ပါဝင်ပတ်သက်နေမည်ဆိုပါက လုံးဝကို မတူကွဲပြားသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားလေပြီ။

ရန်ကိုင် သူ့အား မေးနေမှန်း သိသည့်အလျောက် တွမ့်ဟုန်ချန်က ပြန်၍ ပြောလိုက်လေ၏။ "ငါလည်း ဒီနေရာကို ရောက်ပြီးတော့မှ လွတ်လာတာ၊ ငါ မင်းကို ဘာမှ ဖုံးကွယ်မထားဘူး"

ထိုစကားကို ကြားမှသာလျှင် ရန်ကိုင် သက်ပြင်းချနိုင်သွားတော့လေသည်။ တွမ့်ဟုန်ချန်သည်သာ နဂါးကျွန်းမှ ကိစ္စများထဲ ပါဝင်ပတ်သက်နေမည်ဆိုပါက အမှန်တကယ်ကို ပြဿနာများသွားရပေလိမ့်မည်။

တွမ့်ဟုန်ချန်က ထပ်၍ ပြောလိုက်လေသည်။ "အခု လောလောဆယ်တော့ ဘာမှ မစဉ်းစားနဲ့ဦး၊ ငါတို့ အတူပူးပေါင်းမယ်ဆိုရင်တောင် သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ သူ့ကြောင့်ပဲ ငါလည်း အခုမှ အသက်ကောင်းကောင်း ရှူခွင့်ရတာ၊ သူ ငါ့ကို ဖိနှိပ်မယ်လို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ငါ ဘယ်လိုမှ ရုန်းကန်နိုင်မှာ မဟုတ်ဘူး"

မတတ်နိုင်တော့သည့်အဆုံး ရန်ကိုင်လည်း ကူကယ်ရာမဲ့စွာဖြင့် ပြန်မေးလိုက်လေသည်။ "ဒါဆို ကျုပ်တို့ အခု ဘာလုပ်ကြရမှာလဲ"

တွမ့်ဟုန်ချန်က ပြန်ပြောလိုက်သည်။ "ကံကြမ္မာ သတ်မှတ်ပေးထားတဲ့ အတိုင်းပဲ သွားရတော့မှာပေါ့၊ ဒါပေမဲ့ ငါတို့ ကံကောင်းလို့ ပြန်တွေ့နိုင်မယ်ဆိုရင် ငါ မင်းဆီကနေ အကူအညီ တောင်းစရာတစ်ခု ရှိတယ်"

ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "အကူအညီ တောင်းစရာ ရှိတယ်ဆို ဒီမှာပဲ တစ်ခါတည်း ပြောလိုက်လေ၊ ကျွန်တော် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်"

တွမ့်ဟုန်ချန်က ဆက်ပြောလိုက်သည်။ "မင်း ကြယ်တာရာအစုအဝေးကို ပြန်ရောက်သွားရင် ဝူခွမ်း အကြောင်းကို မင်းကို မေးကြလိမ့်မယ်၊ အဲဒီအချိန်ကျရင် ဘာမှ မပြောနဲ့"

ရန်ကိုင်က ပြန်၍ မေးလိုက်လေသည်။ "ဘာလို့လဲ"

ယခုတစ်ကြိမ် ပြန်တွေ့ပြီးသည့်နောက် ဝူခွမ်းအပေါ် တွမ့်ဟုန်ချန်၏ သဘောထားမှာ အပြောင်းအလဲကြီး ပြောင်းလဲသွားသည်ဟု ရန်ကိုင် စိတ်ထဲ ခံစားနေရလေသည်။ တွမ့်ဟုန်ချန်သည် ယခင်ကကဲ့သို့ ဝူခွမ်းအပေါ် ရန်လိုခြင်း မရှိတော့။ မသိလျှင် ဝူခွမ်းနှင့်ပင် မဟာမိတ်များ ဖြစ်သွားကြသည့်အလား။

[ဘာတွေ ဖြစ်နေတာလဲ၊ စီနီယာတွမ့်က ဘာဖြစ်လို့ ဝူခွမ်း ပုန်းနေတဲ့ နေရာကို လိုက်ပြီး ဖုံးကွယ်ပေးချင်နေရတာလဲ]

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၀၇)

ဘာသာပြန်သူ_တိမ်တိုက်

“ကျေးဇူးပြုပြီးတော့သာ သဘောတူလိုက်စမ်းပါ…”

“ကောင်းပြီလေ… စီနီယာတွမ့်ကိုယ်တိုင်က ပြောနေတယ်ဆိုမှတော့ ကျုပ်လည်း သဘောတူရတာပေါ့…”

ထိုအခါမှသာလျှင် တွမ့်ဟုန်ချန်က ခေါင်းညိတ်၍ ထပ်ပြောလိုက်သည်။ “သေသေချာချာ ကြိုးစားကျင့်ကြံထား… မင်းအရည်အချင်းနဲ့ဆိုလို့ရှိရင် အဲ့အချိန်ရောက်ရင် အတော်လေး အားကောင်းနေလောက်ပြီ… အဲ့လိုဆိုရင် ငါတို့ အတူတူ စစ်ပွဲကို သွားလို့ရပြီ…”

ထိုစကားကိုကြားသော် ရန်ကိုင် စိတ်လှုပ်ရှားသွားခဲ့လေသည်။ မဟာဧကရာဇ်တစ်ပါးနှင့်အတူ စစ်တိုက်ခွင့်ရခြင်းသည် အတော်လေးကိုမှ ဂုဏ်ယူဖွယ်ကောင်းလှပေသည်။ သို့သော်ငြား စိတ်လှုပ်ရှားပြီးပြီးချင်းမှာပင် ချက်ချင်းဆိုသလို ဇဝေဇဝါ ဖြစ်သွားခဲ့ရပြန်လေ၏။ (စစ်တိုက်ဖို့… ဘယ်သူနဲ့တိုက်ရမှာလဲ… ဝူခွမ်းနဲ့လား…)

သို့သော်ငြား တစ်ခုခုမှားယွင်းနေသည်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။ ထို့အပြင် စစ်ပွဲအကြောင်းကို ပြောသွားစဉ်က တွမ့်ဟုန်ချန်၏မျက်နှာမှာ အတော်လေးကိုမှ သုန်မှုန်နေခဲ့သည်။

ထို့နောက်တွင် ရန်ကိုင်သည် တွမ့်ဟုန်ချန်အား နေမင်းပြာကျောင်းတော်၏ လတ်တလောကိစ္စများနှင့်တကွ ဝူခွမ်း နဂါးကျွန်းမှ ထွက်သွားပြီးသည့်နောက် ဘာတွေဆက်ဖြစ်သွားသလဲဆိုသည်ကို ရှင်းပြလိုက်လေသည်။ ရန်ကိုင်ပြောသည့်စကားကိုကြားသော် တွမ့်ဟုန်ချန်းက သက်ပြင်းချ၍ ပြန်ပြောလိုက်လေ၏။ “နဂါးတစ်ကောင် အသတ်ခံလိုက်ရတာ နှမြောစရာပဲ…”

ထိုသို့ပြောပြီးပြီးချင်းမှာပင် ဝူခွမ်းက ရုတ်တရက်ဝင်ပြောလိုက်လေသည်။ “ဘာနှမြောစရာရှိလို့လဲ… နဂါးကလန်သားတွေအကုန်လုံး ငါ့အစာဖြစ်သင့်တာ…”

“ခင်ဗျားပါးစပ်ကို ပိတ်ထားလိုက်စမ်း…” ရန်ကိုင်က ထအော်လိုက်လေသည်။ (ငါ့ဘာသာငါ စီနီယာတွမ့်ဟုန်ချန်နဲ့ စကားကောင်းကောင်းကန်းကန်းပြောနေတာကို အားနေ လာလာဝင်ရှုပ်နေတာ…)

ဝူခွမ်းက ညစ်ကျယ်ကျယ်ပြုံးလျက် အပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ရင်းမှ မေးလိုက်လေသည်။ “မင်းရဲ့ကျောက်တုံးဝိဉာဉ်ရော… ဟို ကျောက်တုံးကိုယ်ပွားဆိုတဲ့ကောင်လေ…”

“ခင်ဗျား ဘာလုပ်ချင်နေတာလဲ…” ရန်ကိုင်သည် ဝူခွမ်းအား အလန့်တကြားအမူအယာဖြင့် ကြည့်လိုက်လေသည်။ ဝူခွမ်း ကျောက်တုံးကိုယ်ပွားအကြောင်း သိနေသည်မှာ အထူးအဆန်းတော့မဟုတ်။ ဝူခွမ်းကိုယ်တိုင်သည်လည်း ကျောက်တုံးကိုယ်ပွားအား တွေ့ဖူးသည် မဟုတ်လေလော။ ထို့အပြင် သူ၏ကျောက်တုံးကိုယ်ပွားသည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားလေရာ ကျောက်တုံးကိုယ်ပွားနှင့်ဝူခွမ်းကြား မမြင်နိုင်သည့်ဆက်သွယ်ချက်တစ်ခု ရှိနေသည်ဟုပင် ပြော၍ရသည်။

“ရှင်းရှင်းပြောရရင် ငါ့ရဲ့ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေက လူသားတွေကျင့်ကြံဖို့ မသင့်တော်ဘူး… ဒါပေမယ့် ကျောက်တုံးဝိဉာဉ်ကလန်နဲ့ကတော့ ထူးထူးခြားခြားကို သင့်တော်နေတာပဲ… မင်း သူ့ကို ခေါ်လာလို့ရှိရင် ငါ သူ့ကို လက်ဆောင်လေးဘာလေး ပေးမလားလို့ စဉ်းစားနေတာ… မပါလာဘူးဆိုမှတော့လည်း ထားလိုက်ပေတော့ပေါ့…”

ဝူခွမ်းမှ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ကျောက်တုံးကိုယ်ပွားသည် လေထဲ၌ ဗြုန်းစားကြီး ပေါ်လာခဲ့လေသည်။

ကံကောင်းစွာဖြင့် ရှီဟွော့၏အမြုတေကို စုပ်ယူပြီးသည့်နောက်တွင် ကျောက်တုံးကိုယ်ပွားသည် လူတစ်ဦးအရွယ်အစားအဖြစ်သို့ သူ့ခန္ဓာကိုယ်ကို ချုံ့လာနိုင်ခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက ကျောက်တုံးကိုယ်ပွားသည် ဤဝါးတဲလေးထဲတွင် ကာနိုင်လိမ့်မည်မဟုတ်ပေ။

“လေဟာနယ်တာအိုက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ…” ဝူခွမ်းက ချီးကျူးလိုက်လေသည်။ ရန်ကိုင် ကျောက်တုံးကိုယ်ပွားအား မည်ကဲ့သို့ ပေါ်လာအောင် လုပ်လိုက်သလဲဆိုသည်ကို ဝူခွမ်း နားမလည်ခဲ့ပေ။ ရန်ကိုင်တွင် ထူးခြားသည့်သိုလှောင်ရေးမှော်ရတနာတစ်ခုခု ရှိနေသည်ဟုသာ ထင်သွားခဲ့လေသည်။

ကျောက်တုံးကိုယ်ပွားပေါ်လာပြီးသည့်နောက်တွင် ဝူခွမ်း၏အရှိန်အဝါကို ချက်ချင်း ခံစားမိလိုက်လေ၏။ ချက်ချင်းဆိုသလို နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီး ၎င်း၏မျက်လုံးများမှာ တလက်လက်ကို တောက်ပလာတော့လေသည်။

“သူ မင်းကို တစ်ခုခုပေးချင်နေတယ်လို့ ပြောတယ်…” ရန်ကိုင်က ပြောလိုက်သည်။

ကျောက်တုံးကိုယ်ပွားက လေသံတိုးတိုးဖြင့် ပြန်မေးလိုက်၏။ “ဘာပေးချင်တာလဲ…”

ရန်ကိုင်ကမူ ပုခုံးသာ တွန့်ပြလိုက်သည်။

ဝူခွမ်းသည် ယဲ့ယဲ့လေးပြုံးလျက် သူ့လက်အား ကျောက်တုံးကိုယ်ပွားဆီသို့ ဆန့်ထုတ်လိုက်လေသည်။ ကျောက်တုံးကိုယ်ပွားသည် အစပိုင်းတွင် တုံ့ဆိုင်းနေခဲ့ပါသော်ငြား အဆုံးတွင်တော့ မခုခံရန် ဆုံးဖြတ်လိုက်လေသည်။ ထို့နောက်တွင် ဝူခွမ်း၏လက်သည် ကျောက်တုံးကိုယ်ပွား၏ ကျောက်တုံးခေါင်းအား သွားရောက်ထိလေ၏။ ချက်ချင်းဆိုသလို အားကောင်းလှသည့် စွမ်းအင်လှိုင်းတို့ ဝူခွမ်း၏လက်နှင့် ကျောက်တုံးကိုယ်ပွား၏ခေါင်းတို့ ထိနေရာ‌ နေရာဆီမှ ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင်မှာ လုံးဝကို ဂရုမစိုက်သည့်ပုံစံမျိုး လုပ်ပြထားပါသော်ငြား သူ့စိတ်ထဲတွင်တော့ နိုးနိုးကြားကြား ဖြစ်နေခဲ့လေသည်။ ဝူခွမ်း ဘာကြံလို့ ကြံနေမှန်းမသိ။ ထို့အတွက်ကြောင့် တစ်ခုခုမှားယွင်းသွားသည်နှင့် အချိန်မရွေးလှုပ်ရှားနိုင်ရန် ပြင်ဆင်ထားခဲ့သည်။ သို့သော်ငြား အစမှအဆုံးထိ ကျောက်တုံးကိုယ်ပွားမှာ ဘာဆိုဘာမှ ဖြစ်မသွားခဲ့ပေ။

တစ်ခဏအကြာတွင် ဝူခွမ်းသည် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်လေ၏။ ရန်ကိုင်လည်း ကျောက်တုံးကိုယ်ပွားအား လှမ်းကြည့်လိုက်ရာ ကျောက်တုံးကိုယ်ပွားမှာ အတွေးနက်နေကြောင်း တွေ့လိုက်ရလေသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံဖြင့် လှမ်း၍ မေးမြန်းကြည့်လိုက်ရာမှ ဝူခွမ်းဆီမှ မည်ကဲ့သို့လက်ဆောင်မျိုး ကျောက်တုံးကိုယ်ပွား ရသွားသလဲဆိုသည်ကို ရန်ကိုင် သိသွားခဲ့ရသည်။

ဝူခွမ်းသည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသနှင့် ပတ်သက်သည့် ဉာဏ်အလင်းများကို ကျောက်တုံးကိုယ်ပွားအား ပေးခဲ့ခြင်း ဖြစ်လေသည်။

ဝူခွမ်းသည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအား ကျင့်ကြံရာတွင် သူကြုံခဲ့ရသည့် အတွေ့အကြုံအားလုံးကို ကျောက်တုံးကိုယ်ပွားဆီသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်လေသည်။ ဝူခွမ်းကိုယ်တိုင်သည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ဖန်တီးကာ ကျင့်ကြံခဲ့သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအကြောင်းကို ဝူခွမ်းထက် ပိုသိသည့်လူဆို၍ မရှိတော့ချေ။ ထို့အတွက်ကြောင့် သူ၏ နှစ်သန်းပေါင်းမြောက်မြားစွာ ကျင့်ကြံလာခဲ့သော အတွေ့အကြုံများသည် အလွန်ကိုမှ အဖိုးထိုက်တန်ပေသည်။

ရန်ကိုင်သည် ဝူခွမ်းအပေါ် အမြဲတစေ ရန်လိုနေခဲ့ပါသော်ငြား လက်ရှိအချိန်တွင်တော့ ဝူခွမ်း၏လုပ်ရပ်နှင့်ပတ်သက်၍ အတော်လေးကိုမှ စိတ်လှုပ်ရှားသွားရလေသည်။ (ဒါ ငါတို့ ပါးစပ်ပိတ်ထားဖို့ လာဘ်ထိုးတာလား… လာဘ်ထိုးတယ်ဆိုရင်တောင် ပေးတဲ့တန်ကြေးက မသေးဘူးပဲ…)

ဝူခွမ်း၏အမွေအနှစ်ကို ရရှိသွားပြီးသည့်နောက်တွင် ကျောက်တုံးကိုယ်ပွား၏ ကျင့်ကြံခြင်းခရီးလမ်းမှာ အတော်လေးကိုမှ ဖြောင့်ဖြူးသွားခဲ့လေသည်။ တစ်နေ့နေ့တွင် ကျောက်တုံးကိုယ်ပွားသည် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်သလို ဝူခွမ်းထက်လည်း ပိုမိုအားကောင်းသည့် မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ပေသည်။ တကယ်တော့ ကျောက်တုံးကိုယ်ပွားသည် ကျောက်တုံးဝိဉာဉ်တစ်ကောင်ဖြစ်သလို ရှီဟွော့၏အမွေအနှစ်ကိုလည်း ရရှိထားသည်မဟုတ်ပေလော။ ထို့အတွက်ကြောင့် သူ၏စမှတ်သည် ဝူခွမ်းထက်ပိုသာသည်ဟု ပြော၍ရပေသည်။

ရန်ကိုင်မှာ မယုံသင်္ကာလည်းဖြစ် အထိတ်တလန့်လည်းဖြစ်နေသည်ကို သတိထားမိလိုက်သော် ဝူခွမ်းက ပြုံး၍ ပြောလိုက်လေ၏။ “တစ်နေ့နေ့ကျလို့ရှိရင် ငါတို့တွေက ရန်သူတွေမဟုတ်တော့ဘဲ မိတ်ဆွေတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်…”

“အဲ့အကြောင်းကိုတော့ စဉ်းတောင်မစဉ်းစားနဲ့…” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။ သို့သော်ငြား သူ့လေသံမှာ ယခင်ကနှင့်စာလျှင် အတော်လေးကိုမှ ပျော့ပျောင်းနေခဲ့သည်။

ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့မဟုတ်။ သူရထားသည့်လက်ဆောင်မှာ အတော်လေးကိုမှ အဖိုးတန်သည်မဟုတ်ပေလော။ ရန်ကိုင်သည် အရှက်မရှိသည့်လူတစ်ဦးမဟုတ်။ ထို့အတွက်ကြောင့် ဝူခွမ်းဆီမှ ဤမျှ များပြားလှသော အကျိုးအမြတ်များကို ရပြီးသည့်နောက် တစ်ဖက်လူအပေါ် သိပ်၍ ရိုင်းပျမနေချင်တော့ပေ။ သို့သော်ငြား ဝူခွမ်းနှင့် မိတ်ဆွေဖြစ်ဖို့ရာမှာလည်း လွယ်တော့မလွယ်ပေ။ တကယ်တော့ ဝူခွမ်းသည် ကြယ်တာရာအစုအဝေးထဲတွင် လူတိုင်းမုန်းတီးရသည့်လူတစ်ဦး မဟုတ်ပေလော။

ထိုသို့ပင်ဖြစ်လင့်ကစား ဤလောကကြီးထဲ ထာဝရရန်သူဆိုသည်မှာ မရှိပေ။ အကျိုးအမြတ်များသည်သာ ရန်သူလား မိတ်ဆွေလား ဆိုသည်ကို ခွဲခြားပေးနိုင်သည့်အရာများ ဖြစ်ကြသည်။ သို့သော်ငြား ဝူခွမ်းလုပ်သွားခဲ့သည့် အကြောင်းအရာများမှာ မည်သူမဆို လက်သင့်ခံနိုင်သည့် ဘောင်အထက်ကို ကျော်လွန်နေခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်သည်သာ ဝူခွမ်းနှင့် မိတ်ဆွေဖြစ်သွားပါက စိတ်လွတ်နေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

“ဘယ်အရာကမှ မတည်မြဲဘူး… နှစ်တစ်ရာအတွင်း မဖြစ်နိုင်ဘူးဆိုရင်တောင် နှစ်တစ်ထောင်အတွင်း မဖြစ်နိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ…” ဝူခွမ်းကမူ ရန်ကိုင်၏အပြုအမူနှင့်ပတ်သက်၍ စိတ်ထဲမထားခဲ့။

ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားကို ပြန်သိမ်းလိုက်ပြီးသည့်နောက် ပြုံးဖြီး၍ ပြောလိုက်လေသည်။ “ခင်ဗျား အဲ့အချိန်ထိ အသက်ရှင်နေသေးရင်ပေါ့…”

ထို့နောက်တွင် ရန်ကိုင်၏အမူအယာ လေးနက်သွားခဲ့ပြီး ထပ်၍ ပြောလိုက်လေသည်။ “ဝူခွမ်း… ခင်ဗျားက အရင်ကလိုမျိုးမနေတော့ဘဲ ကောင်းကောင်းမွန်မွန်နေချင်လာပြီဆိုတော့ ကျုပ် ခင်ဗျားကို ခင်ဗျားကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ပတ်သက်ပြီး အခွင့်အရေးတစ်ခုပေးမယ်…”

ဝူခွမ်းက ပြုံး၍ ပြန်ပြောလိုက်သည်။ “ဘယ်လိုအခွင့်အရေးမျိုးလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ် ကျုပ်ရဲ့မွေးရပ်မြေကြယ်စီရင်စုကြီးဆီ ပြန်ချင်တယ်… ဒါပေမယ့် ဘယ်လိုပြန်ရမလဲဆိုတာ မသိဘူးဖြစ်နေလို့… ခင်ဗျားက ဒီကိစ္စမှာ ဆရာတစ်ဆူဆိုမှတော့ ကျုပ်ကြယ်စီရင်စုကြီးဆီ ဘယ်လိုပြန်လို့ရမလဲ ပြောပြပေးပါလား…”

ထိုအကြောင်းကြောင့်ပင်လျှင် ဤဝါးတဲလေး၌ ဝူခွမ်းရှိနေမှန်းသိသည့်တိုင် ရန်ကိုင် ဝင်လာခဲ့ခြင်း ဖြစ်လေသည်။

ဝူခွမ်းသည် မြောက်မြားလှစွာသော ကြယ်စီရင်စုများကို ဖျက်ဆီးခဲ့သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကြယ်စီရင်စုကြီးတစ်ခုမှ အခြားကြယ်စီရင်စုကြီးတစ်ခုဆီသို့ မည်ကဲ့သို့သွားရမလဲဆိုသည်ကို သိနေပေလိမ့်မည်။ ရန်ကိုင်သည်သာ ဝူခွမ်းဆီမှ အကြံဉာဏ်ရယူနိုင်မည်ဆိုပါက သူ့ဘာသာသူ ဦးတည်ရာမဲ့ လိုက်လံရှာဖွေနေခြင်းထက် အများကြီး ပိုအဆင်ပြေသွားပေလိမ့်မည်။

“မင်း ဘယ်ကြယ်စီရင်စုကြီးဆီက လာတာလဲ…” ဝူခွမ်းက မေးလိုက်သည်။

“ဟုန်းလော့ကြယ်စီရင်စုကြီးပဲ…”

ထိုစကားကိုကြားသော် ဝူခွမ်း ခေါင်းခါလိုက်လေသည်။ “တစ်ခါမှ မကြားဖူးဘူး…” ဝူခွမ်းသည် မရေမတွက်နိုင်အောင်များပြားလှသော ကြယ်စီရင်စုများဆီသို့ ရောက်ခဲ့ဖူးပါသော်ငြား ထိုကြယ်စီရင်စုများ၏ နာမည်များကိုတော့ မှတ်မထားခဲ့ပေ။ သူ့အတွက်မူ အဆင့်နိမ့်ကြယ်စီရင်စုများသည် သူ့အား အားကောင်းလာအောင်လုပ်ပေးမည့် အရင်းအမြစ်များသာ ဖြစ်ကြပေသည်။

ထိုစကားကိုကြားသော် ရန်ကိုင် စိတ်ပျက်မိသွားခဲ့လေသည်။ သေချာစဉ်းစားကြည့်လိုက်ပြီးသည့်နောက် ဝူခွမ်းသည်သာ ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ရောက်ခဲ့ဖူးပါက ဟုန်းလော့ကြယ်စီရင်စု၊ ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းတို့မှာ ဝူခွမ်း၏ဝမ်းဗိုက်ထဲသို့ ရောက်နေလိမ့်မည်မှန်း ရန်ကိုင် သဘောပေါက်သွားခဲ့သည်။

“ဒီကနေပြီးတော့ အဆင့်နိမ့်ကြယ်စီရင်စုတစ်ခုဆီ ပြန်သွားချင်တယ်ဆိုရင် နည်းလမ်းတစ်ခုကတော့ ကြယ်တာရာလမ်းကြောင်းဝင်ပေါက်တွေကိုသုံးဖို့ပဲ… ဒါပေမယ့် မင်းသုံးတဲ့ကြယ်တာရာလမ်းကြောင်းဝင်ပေါက်က မင်းသွားချင်တဲ့ကြယ်စီရင်စုနဲ့ ဒီမူလကုန်းမြေကြီးကို ဆက်ပေးထားရမယ်… ဒါပေမယ့် အဲ့လိုဝင်ပေါက်မျိုး မင်း ရှာမတွေ့သေးဘူးမလား…”

“အခြားနည်းလမ်းကရော…”

ဝူခွမ်းက ပြုံး၍ ပြန်ပြောလိုက်သည်။ “ကြယ်စီရင်စုကြီးရဲ့ အမြုတေကို သုံးဖို့ပဲ…”

“ကြယ်စီရင်စုရဲ့အမြုတေ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး အတွေးနက်သွားခဲ့သည်။

“ကြယ်တိုင်းမှာ ကြယ်အမြုတေဆိုတာ ရှိတယ်ကွာ… ဒီတော့ ကြယ်စီရင်စုတိုင်းမှာလည်း ကြယ်စီရင်စုရဲ့အမြုတေဆိုတာ ရှိတာပေါ့… မတူတဲ့အချက်ကတော့ ကြယ်အမြုတေဆိုတာ ကျင့်ကြံရေးကြယ်တစ်လုံးထဲမှာ ရှိနေတာ… ဒီတော့ အားကောင်းသင့်သလောက်သာ အားကောင်းမယ်ဆိုရင် အဲ့ကြယ်အမြုတေကို သန့်စင်ပြီးတော့ ကြယ်သခင်တစ်ဦး ဖြစ်လာနိုင်တယ်… ဒါပေမယ့် ကြယ်စီရင်စုအမြုတေကို ရှာဖို့ကတော့ အဲ့လောက်မလွယ်တော့ဘူး… ကြယ်စီရင်စုကြီးက အကျယ်ကြီးပဲ… အဲ့ကြယ်စီရင်စုထဲမှာ ရှိနေတဲ့ ပန်းလေးတစ်ပွင့်၊ သစ်ပင်လေးတစ်ပင်၊ လမ်းပေါ်မှာတွေ့လိုက်တဲ့လူတစ်ယောက်၊ ဒါမှမဟုတ် ကြယ်တာရာကောင်းကင်ကြီးထဲမှာ မင်းမြင်ခဲ့တဲ့ဂြိုလ်သိမ်တစ်ခု၊ အဲ့လိုမှမဟုတ်ဘဲ တောအုပ်ထဲမှာ လျှောက်ပြေးနေတဲ့ ယုန်တစ်ကောင်… အဲ့ဒါတွေအကုန်လုံးက ကြယ်စီရင်စုအမြုတေ ဖြစ်နေနိုင်တယ်… ဒီတော့ သာမန်လူတစ်ယောက်က ကြယ်စီရင်စုအမြုတေကို တွေ့လိုက်မယ်ဆိုရင်တောင် သူတွေ့လိုက်တဲ့အရာက ကြယ်စီရင်စုအမြုတေမှန်း သိမှာမဟုတ်ဘူး… ဒါပေမယ့် မင်းသာ အဲ့ကြယ်စီရင်စုအမြုတေကို သန့်စင်လိုက်နိုင်မယ်ဆိုရင် ကြယ်စီရင်စုကြီးတစ်ခုလုံးကို ထိန်းချုပ်သွားနိုင်ပြီး အဲ့ကြယ်စီရင်စုရဲ့ သခင်လည်းဖြစ် ကာကွယ်သူလည်း ဖြစ်လာနိုင်လိမ့်မယ်…”

ဝူခွမ်းပြောသည်ကို နားထောင်ရင်းမှ ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ သူ့အနေဖြင့် ကြယ်စီရင်စုကာကွယ်သူအကြောင်းကို ယခုမှသာလျှင် ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းမဟုတ်။ အခြားသူတစ်ဦးသည်လည်း ထိုအကြောင်းကို သူ့အား ပြောပြခဲ့ဖူးပေသည်။

ယခင်က ဟုန်းလော့ကြယ်စီရင်စုကြီးဆီမှ ကြယ်တာရာအစုအဝေးသို့ မလာခင်က ရန်ကိုင်သည် တစ်နေ့ကျလျှင် ဟုန်းလော့ကြယ်စီရင်စုကြီး၏ ကာကွယ်သူ ဖြစ်လာရမည်ဟု ဆုံးဖြတ်ထားခဲ့လေသည်။

“မင်းသာ ကြယ်စီရင်စုရဲ့ ကာကွယ်သူ ဖြစ်လာနိုင်မယ်ဆိုရင် မင်း ဘယ်လောက်ပဲဝေးတဲ့နေရာမှာ ရှိနေရှိနေ အဲ့ကြယ်စီရင်စုရဲ့ တည်နေရာကို အာရုံခံနိုင်လိမ့်မယ်… အဲ့လို ဖြစ်သွားပြီဆိုလို့ရှိရင် ဒီမူလကုန်းမြေထဲကနေ အဲ့ကြယ်စီရင်စုဆီသွားဖို့ မင်း ဘာမှအားစိုက်နေစရာမလိုတော့ဘူး…”

ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “သိပြီ… ကျေးဇူးပါပဲ…”

သူ့စိတ်ထဲတွင်တော့ သူ့ကိုယ်သူ ဤမျှ တုံးအရလေသလားဟု ကြိတ်ကာ ပြစ်တင်နေမိလေသည်။ ယနေ့တွင်သာ ဝူခွမ်းနှင့်လာမတွေ့ခဲ့ဘဲ ဝူခွမ်းပြောသည်ကိုလည်း နားမထောင်ခဲ့လိုက်ရပါက သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသည့် ကြယ်မြေပုံကိုပင် ရန်ကိုင် လုံးဝ မေ့လျော့သွားလောက်ပေပြီ။

သူ့အသိစိတ်ပင်လယ်ထဲ၌ ဟုန်းလော့ကြယ်စီရင်စုကြီးတစ်ခုလုံးကို မှတ်တမ်းတင်ထားသည့် ကြယ်မြေပုံတစ်ခုရှိပေသည်။ ထိုကြယ်မြေပုံမှာ ကြယ်သခင်တစ်ဦးမှ ဆွဲထားသည့် မြေပုံတစ်ခုမဟုတ်။ ထို့အစား နက်နဲဆန်းကြယ်လှသည့် အမွေအနှစ်တစ်ခုသာ ဖြစ်လေသည်။

ရန်ကိုင်သည် ဤကြယ်မြေပုံကို ထုန်းရွှမ်လောကကြီးထဲမှ ထွက်လာပြီးပြီးချင်း မကြာမီမှာပင် ရရှိခဲ့ခြင်း ဖြစ်လေသည်။ ထိုစဉ်က ရန်ကိုင်စီးနင်းလာသည့် ကြယ်သင်္ဘောသည် အန္တရာယ်တစ်ခုခုနှင့်ကြုံရပြီး ပျက်စီးသွားခဲ့ရသည်။ ထိုကြယ်သင်္ဘောထဲတွင် လိုက်ပါလာသော ကြယ်သခင်သည်လည်း ရန်ကိုင်အနားတစ်နေရာတွင် သေသွားခဲ့ပြီး အလင်းတန်းတစ်ခုသည် ရန်ကိုင်၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။ ထို့နောက်တွင် ကြယ်စီရင်စုကြီးတစ်ခုလုံး၏ ကြယ်မြေပုံသည် ရန်ကိုင်၏အသိစိတ်ပင်လယ်ထဲ ရုတ်တရက် ပေါ်လာတော့လေသည်။

ဟုန်းလော့ကြယ်စီရင်စုကြီးထဲတွင် ရှိနေစဉ်ကာလအတောအတွင်း ရန်ကိုင်သည် ဤကြယ်မြေပုံအားကိုးဖြင့် ကြယ်တာရာကောင်းကင်ကြီးထဲ လမ်းမပျောက်အောင် နေခဲ့ခြင်း ဖြစ်လေသည်။

ဟုန်းလော့ကြယ်စီရင်စုကြီးထဲတွင် ရှိစဉ်ကပင် ပညာရှင်တစ်ဦးသည် ရန်ကိုင်၏ အသိစိတ်ထဲပင်လယ်ထဲသို့ ဝိဉာဉ်ကိုယ်ပွားဖြင့် ထိုးဖောက်ဝင်ရောက်လာခဲ့လေသည်။ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ၌ ရှိနေသော ဤကြယ်မြေပုံကိုမြင်သော် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါးကို ရလိုက်ပြီဟု ထိုလူ အထင်ရောက်သွားခဲ့သည်။ ကံမကောင်းစွာဖြင့် ယန်ယန်သည် ထိုလူကိုဖမ်းပြီး ကြယ်တာရာအစုအဝေးထဲသို့ ပြန်ခေါ်သွားခဲ့လေသည်။

ယခင်ကဆိုလျှင် သူ့အသိစိတ်ပင်လယ်ထဲရှိ ကြယ်မြေပုံသည် မည်သို့သောအရာမှန်း ရန်ကိုင် သေချာ အတည်မပြုနိုင်ခဲ့ပေ။ သို့သော်ငြား ယခု ဝူခွမ်းပြောသည်ကို ကြားပြီးသည့်နောက် ဤကြယ်မြေပုံသည် ကြယ်စီရင်စုအမြုတေမှန်း ရန်ကိုင်သိသွားခဲ့ရလေပြီ။

ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာပြီးသည့်တိုင် ကြယ်မြေပုံကြောင့်ပင် သူ၏မွေးရပ်မြေနှင့် ဆက်သွယ်နေသေးသလို သူ့စိတ်ထဲခံစားနေရခြင်းဖြစ်ကြောင်း ရန်ကိုင် သိသွားခဲ့ရလေသည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ ထိုဆက်သွယ်ချက်မှာ တဖြည်းဖြည်း အားနည်းလာခဲ့လေသည်။

ကြယ်စီရင်စုအမြုတေ သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤကြယ်မြေပုံအားကိုးဖြင့် ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ သွားမည့်လမ်းကို အလွယ်တကူ ရှာနိုင်လေပြီ။

သူ့စိတ်ထဲ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေခဲ့ပါသော်ငြား လုံးဝကို မျက်နှာသေထားလျက် ပြန်ပြောလိုက်လေသည်။ “ကျုပ် နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးမယ်…”

“မေး…”

ဝူခွမ်းမှာတော့ စိတ်ကောင်းဝင်နေသည့်အလား ရန်ကိုင်မေးလာသည့်မေးခွန်းများကို မချွင်းမချန် ပြန်ဖြေပေးနေခဲ့လေသည်။

“ခင်ဗျားရော ကောင်းကင်လမ်းစဉ်ရဲ့ ငြင်းဆန်တာ ခံရလား…” လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က ဝူခွမ်းသည် မရေမတွက်နိုင်သော ကြယ်စီရင်စုများကို ဖျက်ဆီးပစ်ခဲ့ပေသည်။ ထိုကဲ့သို့လုပ်နိုင်ဖို့ရာ ဝူခွမ်းအနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေ၍မရချေ။

ဝူခွမ်းသည် ထိုကြယ်စီရင်စုများထဲ သူ့စိတ်ကြိုက် ပြုမူနိုင်ခဲ့သည့်အတွက်ကြောင့် သူထုတ်သုံးခဲ့သည့်ခွန်အားသည် တန်ခိုးရှင်ဘုရင်အဆင့်ကို ကျော်လွန်နေရပေလိမ့်မည်။ ဖြစ်နိုင်သည်မှာတော့ ထိုနေရာများတွင် ဝူခွမ်းသည် သူ့ခွန်အားအကုန်အစင်ကိုပင် ထုတ်သုံးခဲ့လောက်သည်။ သို့သော်ငြား ဝူခွမ်းသည် မဟာဧကရာဇ်တစ်ပါး ဖြစ်နေသည့်တိုင် ကောင်းကင်လမ်းစဉ်၏ ငြင်းဆန်မှုမှာ ပေါ့သေးသေးအရာတစ်ခုမဟုတ်ပေ။ ထိုသို့ဖြစ်လေရာ ဝူခွမ်းအနေဖြင့် အပြစ်ပေးမခံရဘဲ မည်ကဲ့သို့များ နေပါမည်နည်း။

ဝူခွမ်းက ပြန်၍ရှင်းပြလိုက်သည်။ “အရင်တုန်းက ငါလုပ်ခဲ့တာကတော့ ကြယ်စီရင်စုတစ်ခုဆီကို သွားပြီဆိုရင် အဲ့ကြယ်စီရင်စုရဲ့ ကြယ်စီရင်အမြုတေကို လိုက်ရှာတာပဲ… ဘယ်လိုနည်းလမ်းပဲသုံးသုံး ငါ ရအောင် ရှာတယ်… အဲ့ကြယ်စီရင်စုအမြုတေကို သန့်စင်လိုက်ပြီဆိုရင် အဲ့ကြယ်စီရင်စုကြီးတစ်ခုလုံးရဲ့ သခင် ဖြစ်သွားပြီပဲဟာကို… ကောင်းကင်လမ်းစဉ်က ဘယ်လိုလုပ်ပြီး ငါ့ကို ငြင်းဆန်ဦးမှာလဲ…”

ရန်ကိုင် ချက်ချင်း နားလည်သွားတော့လေသည်။

ကျင့်ကြံသူတစ်ဦးမှ ကျင့်ကြံရေးကြယ်တစ်လုံး၏အမြုတေကို သန့်စင်လိုက်ခြင်းအားဖြင့် ကြယ်သခင်တစ်ဦး ဖြစ်လာသကဲ့သို့ပင် ကြယ်စီရင်စုကြီး၏သခင် ဖြစ်လာဖို့ရာလည်း ကြယ်စီရင်စုအမြုတေကို သန့်စင်လိုက်ရုံသာ ရှိပေသည်။ ထိုသို့သာဖြစ်သွားမည်ဆိုပါက ထိုကြယ်စီရင်စု၏ လောကနိယာမများသည် မိမိအပေါ် ငြင်းဆန်ခြင်း ရှိလာတော့လိမ့်မည်မဟုတ်ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၀၈)

ဘာသာပြန်သူ_တိမ်တိုက်

ကြယ်စီရင်စုတစ်ခုအား မထိခိုက်စေလိုပါက ကြယ်စီရင်စုကာကွယ်သူသည် အလွန်အားကောင်းသည့် စွမ်းအားမျိုးကို ထုတ်ဖော်မပြသင့်ပေ။ ဝူခွမ်းကဲ့သို့သော မည်သည့်အရာကိုမဆို သူ့အစာအဖြစ် သဘောထားသည့်လူတစ်ဦးသည်သာ ကြယ်စီရင်စုကိုပင်လျှင် ပြန်လည်ထိခိုက်စေမည့် လုပ်ရပ်မျိုးကို လုပ်ပေလိမ့်မည်။

ဝါးတဲအပြင်ဘက်တွင် လျို့ယန်သည် ကြယ်လွန်းပျံထက် အငြိမ်သားထိုင်ရင်း သူမရှေ့ရှိ တောင်ကို ထိုင်ကြည့်နေခဲ့လေသည်။

“နင့်ကို ဆရာ ကောက်လာခဲ့တာလား…” ဟဲယွင်ရှန်းသည် ကောင်မလေး၏ခေါင်းကို ပွတ်ပေးရင်းမှ မေးလိုက်သည်။ ဤမျှချစ်စဖွယ်ကောင်မလေး၏ခေါင်းကို သူမစိတ်ထဲ မပွတ်ရ မနေနိုင်ပေ။ အထူးသဖြင့် ထိုဆံပင်လေးများကို သူမလက်ဖြင့်ပင် ဆော့ကစားချင်နေမိလေသည်။

“ဟုတ်တယ်…” ရှင်းရှင်းပြောရသော် လျို့ယန်ကို ရန်ကိုင်မှ ကောက်ယူလာခဲ့ခြင်း ဖြစ်လေသည်။ သူမသည်သာ ရန်ကိုင်နှင့် မတွေ့ခဲ့ပါက ပန်းပဲမီးဖိုထဲတွင် ပိတ်မိနေသော မှော်ရတနာဝိဉာဉ်တစ်ခုသာ ဖြစ်နေပေလိမ့်ဦးမည်။ ယခုဆိုလျှင် သူမတွင် ကိုယ်ပိုင်ခန္ဓာကိုယ် ရှိနေပြီဖြစ်သလို ဖီးနစ်ကလန်၏ အမွေအနှစ်ကိုလည်း ရရှိထားခဲ့လေပြီ။ ထို့အတွက်ကြောင့် လျို့ယန်မှာ အတော်လေး ကံကောင်းသည်ဟုပင် ပြော၍ရသည်။

“ဆရာ အခုသွားတွေ့နေတာ ဘယ်သူလဲ…”

လျို့ယန် ခေါင်းခါလိုက်သည်။ သူမကိုယ်တိုင်သည်လည်း ဝါးတဲလေးထဲတွင် မည်သူရှိနေမှန်းမသိပေ။ သို့သော်ငြား သူမနှင့်ရန်ကိုင် အတူပူးပေါင်းမည်ဆိုလျှင်ပင် ထိုဝါးတဲလေးထဲ၌ ရှိနေသည့်လူကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ဟု လျို့ယန် ခံစားနေရလေသည်။ ရုတ်တရက် လျို့ယန်သည် ဟဲယွင်ရှန်းကိုမော့ကြည့်၍ မေးလိုက်လေသည်။ “နင် သခင့်ရဲ့မိန်းမ ဖြစ်ချင်လား…”

“ဘယ်လို…” ဟဲယွင်ရှန်း ရှက်သွေးဖြာသွားခဲ့လေပြီ။ (ဒါ ကလေးတစ်ယောက်မေးသင့်တဲ့ မေးခွန်းမျိုး မဟုတ်ဘူးလေ…)

ထို့နောက်တွင် ဟဲယွင်ရှန်းသည် ဆောင့်ကြောင့်ထိုင်လျက် မေးလိုက်လေ၏။ “ဒီလိုစကားမျိုးကို ဘယ်သူက နင့်ကို သင်ပေးထားတာလဲ…”

လျို့ယန်က ပြန်ပြောလိုက်သည်။ “နင့်မှာ အခွင့်အရေးရှိမယ်လို့တော့ ငါမထင်ဘူး… ဘာဖြစ်လို့လဲဆိုတော့ ငါ့သခင်မှာ မိန်းမတွေအများကြီးရှိလို့ပဲ…” ထိုသို့ပြောပြီးသည့်နောက် လျို့ယန်သည် ရှေ့တည့်တည့်သို့ ပြန်ကြည့်နေလိုက်လေသည်။

ထိုစဉ် ရန်ကိုင်သည် ဝါးတဲတံခါးကိုဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။ ဝါးတဲရှေ့တွင် မေးစေ့ကိုထိုင်ပွတ်ရင်း အတန်ကြာအောင် အတွေးနက်နေပြီးသည့်နောက် ရန်ကိုင်သည် ရုတ်တရက် လေပေါ်သို့ ခုန်တက်၍ ကြယ်လွန်းပျံဆီသို့ ပြန်လာခဲ့သည်။

“ဆရာ… ကျွန်မတို့ ဆက်သွားကြမလား…” ဟဲယွင်ရှန်းက မေးလိုက်သည်။

“အင်း… သွားကြတာပေါ့…” ရန်ကိုင်သည် ကြယ်လွန်းပျံထက် တင်ပလင်ခွေထိုင်ရင်းမှ သူ့လက်ကို ဝှေ့ယမ်းလိုက်လေ၏။ လျို့ယန် သူ့အား စိုက်ကြည့်နေသည်ကိုမြင်သော် ရန်ကိုင်လည်း ကူကယ်ရာမဲ့စွာဖြင့် လျို့ယန်ကို သူ့ပေါင်ပေါ်သို့ ဆွဲခေါ်လိုက်လေသည်။

ထိုအခါမှသာလျှင် လျို့ယန်၏မျက်နှာလေး ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားခဲ့လေသည်။ ထို့နောက်တွင် ကြယ်လွန်းပျံသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ အဝေးတစ်နေရာဆီသို့ ပျံသန်းထွက်သွားလေ၏။

ထို့နောက်တွင် ဝါးတဲအတွင်းဆီမှ အသံဗလံများ ထွက်ပေါ်လာတော့လေသည်။

“ငါ့လိုဂုဏ်သတင်းကြီးမားတဲ့လူတစ်ယောက်က မင်းလိုလူတစ်ယောက်နဲ့ပေါင်းပြီးတော့ အခုလိုမျိုးလုပ်ရမယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး…”

“ဟမ့်… တကယ်အောင်မြင်ချင်လို့ရှိရင် အသေးအမွှားတွေကို ဂရုစိုက်မနေရဘူးကွ… အဲ့နေ့ရောက်လာခဲ့ရင် မင်း ရွေးချယ်မှုမှန်သွားတယ်ဆိုတာကို မင်း နားလည်လာလိမ့်မယ်…”

“မျှော်လင့်ရတာပဲ…”

ထိုသို့ဖြင့် ဝါးတဲလေးမှာ တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားတော့လေသည်။

“အဲ့လမ်းအတိုင်းသွား…” တစ်ရက်ကြာပြီးသည့်နောက် ရန်ကိုင် ရုတ်တရက် မျက်လုံးဖွင့်လာပြီး တစ်ခုသောဘက်ဆီသို့ ညွှန်ပြလိုက်လေသည်။

လက်ရှိအချိန်တွင် သူ့စိတ်ထဲ အလွန်ကိုမှ ဝိုးတိုးဝါးတားဖြစ်နေသည့် ရေးတေးတေးခံစားချက်တစ်ခုကို ခံစားနေရသည်။ ထိုခံစားချက်အတိုင်းသာ သွားလိုက်မည်ဆိုလျှင် ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်ရောက်လိမ့်မည်ဟုလည်း သူ့စိတ်ထဲ ခံစားနေရသည်။

ထိုသို့ဖြစ်ရခြင်းမှာ သူ့အသိစိတ်ပင်လယ်ထဲတွင်ရှိနေသော ကြယ်မြေပုံကြောင့်သာ ဖြစ်လေသည်။ ထိုကြယ်မြေပုံမှာ ဟုန်းလော့ကြယ်စီရင်စုကြီး၏ ကြယ်အမြုတေဖြစ်သည်။ သို့သော်ငြား ထိုကဲ့သို့သော ကြယ်အမြုတေကြီးကို တစ်ရက်အတွင်း သန့်စင်ဖို့ရာ မဖြစ်နိုင်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် ထိုကြယ်အမြုတေနှင့် အကြိမ်ပေါင်းများစွာ ဆက်သွယ်ရန် ကြိုးစားကြည့်ခဲ့လေသည်။ ယနေ့တွင်မူ သူ၏ကြိုးစားမှုမှ အသီးအပွင့်တို့ ပြန်လည်ရရှိလာခဲ့လေသည်။

သူ့စိတ်ထဲ ခံစားနေရသည့် ရေးတေးတေးခံစားချက်အတိုင်းသာ သွားလိုက်မည်ဆိုလျှင် ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ကျိန်းသေ ပြန်ရောက်နိုင်ပေလိမ့်မည်။ လက်ရှိ ရန်ကိုင်အဖြစ်မှာ စွန်လွှတ်နေသည့် လူတစ်ဦးနှင့်ပင် တူနေပေသေးသည်။ လွှတ်လိုက်သည့်စွန်မှာ လှမ်း၍မမြင်နိုင်တော့လောက်သည့်အမြင့်သို့ ရောက်နေခဲ့လေပြီ။ သို့သော်ငြား လက်ထဲတွင် စွန်နှင့် ချိတ်ဆက်ထားသော ကြိုးကို ကိုင်ထားဆဲ။ ထို့အတွက်ကြောင့် ထိုကြိုးသာ ရှိနေသေးသရွေ့ စွန်နှင့် စွန်လွှတ်သူကြားရှိ ဆက်သွယ်ချက်မှာ ပြတ်တောက်သွားလိမ့်ဦးမည်မဟုတ်ပေ။

ထိုအခိုက်အတန့်ဝယ် အမျိုးမျိုးသောမျက်နှာများ ရန်ကိုင်စိတ်ထဲ ထွက်ပေါ်လာခဲ့လေသည်။ စုယန်၊ ရှနင်းချန်၊ ရှန်ချင်းလော့၊ ရွှယ့်ယွယ်၊ သူ၏ အခြားသောမိတ်ဆွေများနှင့် မိသားစုဝင်များ၊ ရန်ကိုင်မေ့လျော့နေလောက်ပြီဖြစ်သော နာမည်များပင်လျှင် သူ့စိတ်ထဲ ပြန်ပေါ်လာခဲ့လေသည်။ ထိုအကြောင်းများကို စဉ်းစားရင်းမှ ရန်ကိုင်မှာ ရင်တဒုန်းဒုန်း ခုန်လာရတော့လေသည်။ လျို့ယန်မှာလည်း ထိုအချက်ကို သတိထားမိသွားခဲ့ပြီး ရန်ကိုင်၏ရင်ဘတ်နားသို့ ပူးကပ်လာခဲ့လေသည်။

ရန်ကိုင်သည် ကြယ်မြေပုံမှရသည့် ခံစားချက်အတိုင်း ဟဲယွင်ရှန်းအား မည်သည့်နေရာသို့ သွားရန် အဆက်မပြတ် လမ်းညွှန်ပေးနေခဲ့လေသည်။

တစ်လကြာပြီးသည့်နောက်တွင် ခြောက်ကပ်လှသည့် ကုန်းမြေတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။ ထိုနေရာ၌ မြေပြင်အထက် မီတာပေါင်းများစွာအမြင့်တွင် ဝဲနေသော အရောင်အသွေးစုံလင်လှသည့် ကြယ်တာရာလမ်းကြောင်းဝင်ပေါက်တစ်ခု ရှိနေခဲ့လေသည်။ သစ်သားအိမ်အချို့မှာလည်း ထိုဝင်ပေါက်အနီးတစ်ဝိုက်တွင် ပြန့်ကျဲကာ တည်ရှိနေကြပြီး အချို့သောကျင့်ကြံသူများမှာ ထိုအိမ်လေးများထဲ တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေကြလေသည်။ ထိုလူများမှာ အခြားမဟုတ်။ အမျိုးမျိုးသောဂိုဏ်းများမှ ထိုဝင်ပေါက်မှထွက်လာသည့်လူများကို ခေါ်ယူစုဆောင်းရန်အတွက် စေလွှတ်ထားသည့်လူများ ဖြစ်ကြပေသည်။

မူလကုန်းမြေထဲတွင်ရှိနေသော ကြယ်တာရာလမ်းကြောင်းဝင်ပေါက်အားလုံး ယခုကဲ့သို့ချည်းသာ ဖြစ်ကြသည်။ ထိုဂိုဏ်းများသည် အဆင့်နိမ့်ကြယ်စီရင်စုမှ လာကြသည့် ကျင့်ကြံသူများကို အလွန်ကိုမှ သဘောကျကြပေသည်။ အဆင့်နိမ့်ကြယ်စီရင်စုမှ လာကြသည့်လူများမှာလည်း ဤကဲ့သို့သောတာဝန်မျိုးကို အထူးတလည် လက်ခံယူလေ့ ရှိကြပေသည်။ ဤနည်းဖြင့် သူတို့လာခဲ့သည့် ကြယ်စီရင်စုမှ ကျင့်ကြံသူတစ်ဦး ရောက်လာခဲ့သည်ရှိသော် ထိုလူများကို သူတို့ရောက်နေသည့်ဂိုဏ်းထဲသို့ ဆွဲခေါ်နိုင်ပေလိမ့်မည်။

ပြောသာပြောရပါသော်ငြား ကြယ်တာရာလမ်းကြောင်းဝင်ပေါက်တိုင်း စည်ကားသိုက်မြိုက်လှသည်တော့မဟုတ်။ အချို့သော ကြယ်တာရာလမ်းကြောင်းဝင်ပေါက်များမှာ လူသူကင်းမဲ့လှပြီး အချို့မှာတော့ လူများစွာဖြင့် စည်ကားနေကြလေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကြယ်တာရာလမ်းကြောင်းဝင်ပေါက်တစ်ခုဆီမှ ဆက်သွယ်ထားသည့် ကြယ်စီရင်စုအရေအတွက်မှာ တူညီခြင်းမရှိသည့်အတွက်ကြောင့်ပင်။ အချို့သောဝင်ပေါက်များသည် ကြယ်စီရင်စုပေါင်းများစွာကို ဆက်သွယ်ထားကြပါသော်ငြား အချို့မှာတော့ အနည်းငယ်ကိုသာ ဆက်သွယ်ထားကြသည်။ ထို့အတွက်ကြောင့် ကြယ်တာရာလမ်းကြောင်းဝင်ပေါက်တစ်ခုဆီမှ ထွက်လာလေ့ရှိကြသည့် ကျင့်ကြံသူအရေအတွက်မှာလည်း ဆက်သွယ်ထားသည့်ကြယ်စီရင်စုပေါ်မူတည်၍ ကွာခြားသွားလေ့ ရှိကြပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် အချို့သောကြယ်တာရာလမ်းကြောင်းဝင်ပေါက်များကို မူလကုန်းမြေထဲရှိ ဂိုဏ်းများမှ ပို၍ တန်ဖိုးထားရခြင်းပင် ဖြစ်လေသည်။

လက်ရှိ ရန်ကိုင်တို့ရှေ့တွင် ရှိနေသော ဝင်ပေါက်မှာ လူသူကင်းမဲ့လှသည့် ဝင်ပေါက်မျိုး ဖြစ်ပေသည်။ ထို့အပြင် ဤနေရာသို့ စေလွှတ်ထားသည့် ကျင့်ကြံသူအားလုံးမှာလည်း တန်ခိုးရှင်ဘုရင်အဆင့်ချည်းသာ ဖြစ်ကြပြီး တာအိုသခင်အဆင့် တစ်ယောက်ပင် ပါဝင်နေခြင်းမရှိခဲ့ပေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဤနေရာကို မည်သည့်ဂိုဏ်းမှ အရေးတယူတန်ဖိုးထားခြင်းမရှိမှန်း သိနိုင်ပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်အမြင်တွင်တော့ ဤဝင်ပေါက်မှာ ဤလောကကြီးထဲရှိ အလှဆုံးသောအရာတစ်ခု ဖြစ်ပေသည်။ ရန်ကိုင်မှာ သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ကြယ်မြေပုံနှင့် နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို အစောပိုင်းက သူခံစားနေရသည့် ရေးတေးတေးခံစားချက်မှာ ဤဝင်ပေါက်ဆီမှ လာနေခြင်းဖြစ်ကြောင်း အတည်ပြုနိုင်သွားခဲ့လေ၏။

(ဒါဆိုတာ သေချာသွားပြီ…)

ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ဆက်သွယ်နေသော ဝင်ပေါက်တစ်ခု မူလကုန်းမြေထဲ ရှိနေသည့်အပေါ် ရန်ကိုင်မှာ အမှန်တကယ်ကို အံ့အားသင့်မိခဲ့လေသည်။ ယခင်က ကြယ်စီရင်စုကြီးမှ ထွက်မလာခင် ရန်ကိုင်မှာ မူလကုန်းမြေအကြောင်း တစ်ခါမှ မကြားခဲ့ဖူးပေ။ ကောလဟာလများပင် မကြားဖူးခဲ့။

ထိုစဉ် သစ်သားအိမ်တံခါးများ ပွင့်လာခဲ့ပြီး အထဲတွင်ရှိနေသော ကျင့်ကြံသူများ အပြင်သို့ ထွက်လာကြသည်။ ထို့နောက် အပေါ်သို့ လှမ်းမော့ကြည့်လိုက်ရာ ရန်ကိုင်တို့ကို တွေ့သွားလေ၏။ ထိုလူအုပ်ကြီးထဲမှ တစ်ယောက်က လက်သီးဆုပ်၍ မေးလိုက်လေသည်။ “ရောင်းရင်းတို့ ဘယ်ကလာတာလဲ ဘယ်ကိုသွားနေတာလဲ သိလို့ရမလား…”

ရန်ကိုင်မှာ စိတ်ကောင်းဝင်နေသည့်အလျောက် လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။ “ဒီအတိုင်း ဖြတ်သွားရုံပဲ… ကျုပ်ကို စိတ်ပူနေစရာမလိုဘူး…”

ရန်ကိုင်၏ပုံစံကြောင့် စကားပြောလိုက်သည့်လူ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သို့သော်ငြား ဘာမှတော့ ထပ်မပြောခဲ့ပေ။

ထို့နောက်တွင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ကြယ်တာရာလမ်းကြောင်းဝင်ပေါက်ကို စစ်ဆေးကြည့်လိုက်သည်။ ဤဝင်ပေါက်သည် ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ဆက်သွယ်နေသည့် ဝင်ပေါက်တစ်ခု ဖြစ်ပါသော်ငြား ရန်ကိုင်အနေဖြင့် ဤဝင်ပေါက်မှတစ်ဆင့် ဟုန်းလော့ကြယ်စီရင်စုကြီးသို့ ပြန်လိုပါက အနည်းငယ်တော့ ကြိုးစားရပေလိမ့်ဦးမည်။

အခြားသူများအနေဖြင့် ဟင်းလင်းပြင်ကို ချိုးဖြတ်ဖို့ရာ အတော်လေးကိုမှ အားကောင်းနေရန် လိုအပ်ပါသော်ငြား လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားသူတစ်ဦးပီပီ ရန်ကိုင်အနေဖြင့် သင့်တင့်ရာလမ်းကြောင်းတစ်ခုကိုသာ ရွေးချယ်လိုက်ရုံဖြင့် သူ့အိမ်သူယာသို့ အလွယ်တကူ ပြန်နိုင်ပေလိမ့်မည်။ ရန်ကိုင်သည် ဟင်းလင်းပြင်အား ဖြတ်သွားဖြတ်လာလုပ်ရသည်နှင့်ပတ်သက်၍ အသားကျနေပြီ မဟုတ်လေလော။

တစ်ခဏအကြာ၌ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ဟဲယွင်ရှန်း၏ပုခုံးကို ကိုင်၍ ပြောလိုက်လေသည်။ “နင့်မှာ ရွေးစရာနှစ်ခုရှိတယ်… ပထမတစ်ခုက ဒီမူလကုန်းမြေထဲမှာပဲ နေခဲ့ဖို့ပဲ… ဒီနေရာက သိပ်မဆိုးဘူးဆိုတော့ နင်သာ ဒီမှာနေမယ်ဆိုရင် နင့်အနာဂတ်က လုံးဝကို တောက်ပနေမှာ… ငါ နင်သုံးဖို့အတွက် ဆေးလုံးတွေနဲ့ အခြားလိုအပ်တဲ့ပစ္စည်းလေးတွေ နည်းနည်းပါးပါး ထားခဲ့ပေးမယ်…”

“ဒုတိယတစ်ခုကိုရွေးမယ်…” ဟဲယွင်ရှန်းသည် တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းပြန်ပြောလိုက်သည်။ ယခင်အဖြစ်အပျက်များနှင့်သာ မကြုံခဲ့ရပါက သူမအနေဖြင့် မူလကုန်းမြေထဲတွင်သာ နေခဲ့ရန် ရွေးချယ်ခဲ့လောက်ပေသည်။ သို့သော်ငြား ရန်ကိုင်နှင့် မူလကုန်းမြေထဲ သွားလာနေစဉ်အတောအတွင်း မျက်စိပွင့်နားပွင့်စရာ အဖြစ်အပျက်ပေါင်းများစွာနှင့် ကြုံခဲ့ရပြီး မူလကုန်းမြေကြီးသည် အားအကောင်းဆုံးသောလောကကြီးတစ်ခု မဟုတ်မှန်းလည်း သိသွားခဲ့ရသည်။ တာအိုသခင်တတိယအဆင့်သည်လည်း သိုင်းတာအို၏ အထွဋ်အထိပ်မဟုတ်သေးပေ။

ဟဲယွင်ရှန်းသည် အဆုံးမဲ့ကြယ်စီရင်စုမှနေ၍ ရန်ကိုင်နှင့်အတူ ဤမူလကုန်းမြေကြီးဆီသို့ လာခဲ့ရသည်။ ထို့အတွက်ကြောင့် သူမ၏ခရီးလမ်းကို ဤနေရာတွင်ပင် မရပ်တန့်လိုက်ချင်ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် သူမအား ဒုတိယရွေးချယ်စရာကို မပြောရသေးပါသော်ငြား ဟဲယွင်ရှန်းကမူ ဆုံးဖြတ်ပြီးသွားခဲ့လေပြီ။

“ကောင်းပြီလေ…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ လူတစ်ယောက်ကိုခေါ်လာရ၍ သူ့အတွက် ဘာမှတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်မသွားပေ။

ထို့နောက်တွင် ရန်ကိုင်သည် ရှေ့သို့တစ်လှမ်းလှမ်း၍ အောက်ဘက်ရှိလူအုပ်ကြီးကို ဝေ့ကြည့်ကာ မေးလိုက်လေသည်။ “ရောင်းရင်းတို့ ဟုန်းလော့ကြယ်စီရင်စုကြီးဆီက လူတစ်ယောက်ယောက် ရောက်လာတာကိုများ တွေ့ခဲ့ဖူးလား…”

မူလကုန်းမြေကြီးဆီသို့ ရောက်လာပြီးသည့်နောက် ကြယ်တာရာလမ်းကြောင်းဝင်ပေါက်ဆီသို့ ရောက်တိုင်း ရန်ကိုင်သည် ဤကဲ့သို့သောမေးခွန်းမျိုးကို အမြဲတမ်း‌မေးခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ယခင်ကကဲ့သို့ပင် ပုံမှန်အတိုင်း မေးလိုက်ခြင်းသာ ဖြစ်လေသည်။ ထိုလူများဆီမှ အဖြေပြန်ရဖို့ရာ မျှော်လင့်ထားခြင်းမရှိခဲ့။ သူ၏ကြယ်စီရင်စုကြီးဆီသို့ ပြန်တော့မည်ဖြစ်သည့်အတွက်ကြောင့် သူတွေ့ချင်နေသည့်လူများကို တွေ့ရတော့မည်ဖြစ်လေရာ ဘာကြောင့်များ ထိုလူများဆီမှအဖြေကို မျှော်လင့်နေပါဦးမည်နည်း။

“ခင်ဗျား ဘာလို့ အဲ့လိုမေးခွန်းမျိုးကို လာမေးနေတာလဲ…” လူတစ်ဦးသည် ရန်ကိုင်အား နိုးနိုးကြားကြားဖြင့် မျက်မှောင်ကျုံ့ကာ လှမ်းကြည့်လိုက်လေသည်။ ဤလူသည် အစောပိုင်းက ရန်ကိုင်အား စကားလာပြောခဲ့သည့်လူသာ ဖြစ်လေသည်။

ရန်ကိုင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းမှ ပြန်မေးလိုက်လေသည်။ “ခင်ဗျား ဟုန်းလော့ကြယ်စီရင်စုကြီးဆီက တစ်ယောက်ယောက်ရောက်လာတာကို တကယ်ကြီး တွေ့ဖူးတာလား…”

“မတွေ့ဖူးပါဘူး…” ထိုလူ ချက်ချင်း ခေါင်းခါလိုက်သည်။

ထိုလူ၏ပုံစံကို မြင်ပြီးသည့်နောက် ထိုလူပြောသည်ကို ရန်ကိုင် ယုံပါဦးမည်လား။ ချက်ချင်းပဲ သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ထိုလူသည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ရန်ကိုင်ဆီသို့ အလိုလို ပျံသန်းသွားလေ၏။ ရန်ကိုင်မှ သူ့လည်ပင်းအား တင်းတင်းကြပ်ကြပ် ဆွဲညှစ်ထားလိုက်ပြီးသည့်နောက်တွင် ထိုလူ၏မျက်နှာတစ်ခုလုံး နီရဲတက်လာခဲ့လေသည်။ ရန်ကိုင်၏ လည်ပင်းညှစ်ထားခံရစဉ်အတောအတွင်း သူ၏သူတော်စင်ချီကိုလည်း အနည်းငယ်မျှပင် အသုံးပြုနိုင်ခြင်းမရှိကြောင်း သတိပြုလိုက်ပြီးသည့်နောက် ထိုလူမှာ အလွန်ကိုမှ တုန်လှုပ်ခြောက်ခြားသွားတော့လေ၏။

ရန်ကိုင်က ခက်ထန်ကြမ်းကြုတ်သည့်အမူအယာဖြင့် မေးလိုက်လေသည်။ “ကျုပ်အမုန်းဆုံးက ဘာလဲသိလား… အခြားသူတွေကို ကျုပ်ကို လာလိမ်တာကိုပဲ… ခင်ဗျား ကျုပ်ကို အမှန်အတိုင်းပြောရင်ပြော မပြောဘူးဆိုရင်တော့ ဒီနေ့က ခင်ဗျား နေထွက်တာကို နောက်ဆုံးမြင်ရတဲ့နေ့ ဖြစ်သွားလိမ့်မယ်…”

တစ်ခါတစ်ရံ အနုနည်းထက် အကြမ်းနည်းက ပို၍ အသုံးဝင်ပေသည်။

ရန်ကိုင် မည်မျှအားကောင်းကြောင်းကို မြင်လိုက်သည့်အခိုက် အခြားသောကျင့်ကြံသူများ၏မျက်နှာ ဖြူလျော်ကုန်ကြလေသည်။ ယခုမှသာလျှင် ဤလူငယ်လေးသည် သူတို့သွားရန်စလို့ရသည့်လူတစ်ဦးမဟုတ်မှန်း နားလည်သွားကြရတော့သည်။

“ဟုတ်… ဟုတ်ကဲ့…” ထိုလူမှာ အတတ်နိုင်ဆုံး အားတင်း၍ ပြန်ပြောလိုက်လေသည်။

(တကယ်ကြီလားဟ…) ရန်ကိုင်မှာ သူ့နားသူ မယုံနိုင်အောင် ဖြစ်နေခဲ့သည်။ ထို့နောက် ထပ်၍ မေးလိုက်လေသည်။ “ခင်ဗျား ဘယ်တုန်းက မြင်လိုက်တာလဲ… အဲ့လူပုံစံကရော ဘယ်လိုရှိလဲ… သူတို့ ဘယ်ကိုသွားလဲ… ကျုပ်ကို အကုန်လုံး အသေးစိတ်သေချာပြောပြ… တစ်ခုခုကို ဖုံးကွယ်ထားရဲထားကြည့်နော်… နောက်နှစ် ဒီအချိန်က ခင်ဗျားရဲ့နှစ်ပတ်လည်နေ့ ဖြစ်သွားလိမ့်မယ်…”

“ဘယ်အချိန်ကလည်းဆိုတာကတော့ သေချာမမှတ်မိတော့ဘူး.. ဒါပေမယ့် အနည်းဆုံး နှစ်နှစ်ဆယ်လောက်ရှိသွားပြီ… အဲ့တုန်းက သူ့ကိုလာကြိုဆိုတဲ့လူက ကျုပ်မဟုတ်ဘူး… ဒါပေမယ့် သူပြောတာကိုကြားတာတော့ အဲ့စီနီယာအစ်မက သူ့ကိုယ်သူ ဟုန်းလော့ကြယ်စီရင်စုကြီးကနေ လာတယ်လို့ ပြောသွားတယ်…”

“စီနီယာအစ်မ…” ရန်ကိုင်အမူအယာ လေးနက်သွားခဲ့လေသည်။ “သူ့နာမည် ဘယ်လိုခေါ်လဲ…”

“စုယန်…”

ထိုစကားကိုကြားသော် ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်သွားခဲ့လေသည်။ စုယန် မည်ကဲ့သို့များ မူလကုန်းမြေကြီးဆီသို့ ရောက်နေခဲ့ရလေသနည်း။ ထိုအဖြစ်အပျက်သည် ရန်ကိုင်၏စိတ်အစုံကို လုံးဝ တုန်လှုပ်သွားစေခဲ့သလို သူ့အတွေးအားလုံးကိုလည်း ရပ်တန့်သွားစေခဲ့လေသည်။

ထိုစဉ် လျို့ယန်က မေးလိုက်လေသည်။ “သူက ဟုန်းလော့ကြယ်စီရင်စုကြီးကဆိုတာ သေချာလား…”

“သေချာပါတယ်… ဘာလို့လဲဆိုတော့ အဲ့စီနီယာအစ်မစုက သူဘယ်ကလာလဲဆိုတာကို လုံးဝ ဖုံးကွယ်မထားလို့ပါပဲ… အဲ့အစား လူတိုင်းသိအောင်တောင် လုပ်လိုက်သေးတယ်… ဒါကြောင့်မလို့ ကျုပ်တို့လည်း သိနေရတာ…” သူတို့အနေဖြင့် သူမ၏နောက်ခံကို ထိုမျှဂရုစိုက်သည်မဟုတ်။ သူတို့ဂရုစိုက်သည်မှာ ထိုအမျိုးသမီးသည် အလွန်တရာကိုမှ ချောမောလှသည်ဟူသော အချက်သာ ဖြစ်လေသည်။

ရန်ကိုင် မင်သက်သွားခဲ့လေသည်။ မူလကမူ သိပ်၍ မယုံသင်္ကာ ဖြစ်မိသေးပါသော်ငြား ယခုအချိန်တွင်တော့ စုယန် မူလကုန်းမြေကြီးဆီသို့ ရောက်နေပြီမှန်း လုံးဝ သေချာသွားတော့လေသည်။

စုယန်၏နာမည်မှာ ထိုမျှမထူးခြားလှ။ ဤလောကကြီးထဲတွင် စုယန်နှင့် နာမည်တူသူများစွာ ရှိနေနိုင်ပေသည်။ သို့သော်ငြား ဟုန်းလော့ကြယ်စီရင်စုကြီးထဲတွင်တော့ စုယန်ဆိုသည့်လူ တစ်ဦးသာ ရှိပေသည်။

(နှစ်နှစ်ဆယ်… ဒီတော့ ငါ ကြယ်စီရင်စုကြီးက ထွက်လာပြီး မကြာခင်မှာပဲ သူလည်း လိုက်ထွက်လာတာပေါ့… ဒါပေမယ့် သူ ဒီကိုလာတဲ့ဝင်ပေါက်ကို ဘယ်လိုများ ရှာတွေ့သွားတာလဲ… စုယန်က စကားကို လက်လွတ်စပယ်ပြောတတ်တဲ့လူတစ်ယောက်မဟုတ်ဘူး… သူ့နာမည်ကို လူတိုင်းသိအောင် လိုက်လုပ်နေတဲ့ပုံကို ကြည့်ရသလောက် ငါ ဒီမှာရှိနေတယ်ထင်ပြီးတော့ သူ့ရောက်နေတဲ့အကြောင်းကို ငါသိအောင် လုပ်ချင်လို့ပဲ ဖြစ်ရလိမ့်မယ်…)

ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ စုယန်အတွက်ပင် စိတ်မကောင်းချင်သလို ဖြစ်သွားခဲ့ရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၀၉)

ဘာသာပြန်သူ_တိမ်တိုက်

ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာပြီးသည့်နောက်တွင် ချီယွဲ့နှင့် အိုက်အောင်တို့ မည်ကဲ့သို့သော အခက်အခဲမျိုးနှင့် ကြုံခဲ့ရသလဲဆိုသည်ကို ရန်ကိုင် မြင်တွေ့ခဲ့ရပေသည်။ ဟုန်းလော့ကြယ်စီရင်စုကြီး၏ အားအကောင်းဆုံး ပညာရှင်တစ်ဦး ဖြစ်ခဲ့သော ဝူတောက်သည်ပင်လျှင် ကြယ်တာရာအစုအဝေးထဲ၌ သေဆုံးသွားခဲ့ရလေရာ စုယန် ကဲ့သို့သော မိန်းမသားတစ်ဦးသာ ဆိုလျှင်တော့ ဘာမျှ ပြောနေစရာ မလိုတော့ပေ။

ထိုအတွက်ကြောင့် စုယန် မူလကုန်းမြေကြီးဆီသို့ ရောက်နေကြောင်း ကြားသိလိုက်ရပြီးနောက် ရန်ကိုင် စိတ်ထဲ စုယန်အား ချက်ချင်း သွားတွေ့ချင်လာမိတော့လေသည်။

"သခင်" လျို့ယန်သည် ရန်ကိုင်၏ လက်ကို အလျင်စလို လှုပ်ခါလိုက်လေသည်။ ထိုအခါမှသာလျှင် ရန်ကိုင်လည်း အသိပြန်ဝင်လာခဲ့ပြီး သူ လည်ပင်းညှစ်ထားသည့်လူမှာ အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ဘဲ မျက်နှာတစ်ပြင်လုံး ဖြူဖတ်ဖြူ‌လျော် ဖြစ်နေကာ မျက်ဖြူစိုက်နေကြောင်း တွေ့လိုက်ရလေ၏။

ထိုအချင်းအရာကို မြင်သော် ရန်ကိုင်လည်း ထိုလူအား အမြန် လွှတ်ပေးလိုက်လေသည်။

ထိုလူသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့ပြီး လည်ပင်းကို လက်ဖြင့် ကိုင်ရင်းမှ အဆက်မပြတ်ကို အော်ဟစ် ချောင်းဆိုးတော့လေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း အနီးအနားတစ်ဝိုက်တွင် ရှိနေကြသော ကျင့်ကြံသူများ၏ မျက်နှာများ ရှုံ့မဲ့သွားကုန်ကြလေသည်။

လက်ရှိအချိန်အတွင်း ရန်ကိုင်၏ လက်များမှာ ကတုန်ကယင် ဖြစ်နေခဲ့လေသည်။

ဤကျင့်ကြံခြင်းအဆင့်သို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်အား အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည့်အရာ အနည်းငယ်လောက်သာ ရှိပေတော့သည်။ သို့သော်ငြား စုယန် မူလကုန်းမြေကြီးဆီသို့ ရောက်နေသည့် သတင်းမှာမူ ရန်ကိုင်အား အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။ သူ့အရှေ့တွင် ရှိနေသည့်လူသည် စုယန်အား စီနီယာအစ်မဟု ခေါ်ဝေါ်ခဲ့ပေသည်။ တစ်နည်းဆိုရသော် စုယန်သည် မူလကုန်းမြေထဲသို့ ရောက်လာပြီးသည့်နောက်တွင် ဤလူ၏ဂိုဏ်းထဲသို့ ဝင်ခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ မည်သို့သော အကြောင်းကြောင့် ဖြစ်နေပါစေ ထိုလူသည် စုယန်၏ ဂျူနီယာမောင်လေးတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် တစ်ဖက်လူအပေါ် အနိုင်မကျင့်လိုတော့ပေ။ ထို့အပြင် သူ့အနေဖြင့် စုယန်ကို ရှာရန်အလို့ငှာ ဤလူ၏ အကူအညီကိုလည်း ယူရပေလိမ့်ဦးမည် မဟုတ်လော။

ထိုလူသည် အားတင်း၍ ပြန်ကုန်းထလာပြီးသည့်နောက် ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။

သူသည် တာအိုသခင် တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ပါလင့်ကစား ရန်ကိုင် အရှေ့တွင်တော့ အားနည်းလှသည့် ပုရွက်ဆိတ်တစ်ကောင်ပမာ ကူကယ်ရာမဲ့နေခဲ့ရသည်။ ထို့အပြင် ရန်ကိုင်၏ လျင်မြန်စွာ ပြောင်းလဲသွားသည့် သဘောထားကို ကြည့်ရင်း ရန်ကိုင်မှာ စိတ်အပြောင်းအလဲမြန်သည့် လူတစ်ဦးဖြစ်သည်ဟု ထိုလူ ယူဆသွားခဲ့လေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်အား ပို၍ ကြောက်ရွံ့သွားတော့လေသည်။ သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးသည် အလွန်ကိုမှ ထူးဆန်းရုံသာမက အားလည်းကောင်းသလို စိတ်အပြောင်းအလဲလည်း မြန်လေ၏။

"ဂျူနီယာညီလေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ" ရန်ကိုင်သည် အတတ်နိုင်ဆုံး လေသံကို ပျော့အောင်ထားရင်းမှ မေးလိုက်သည်။

ထိုလူသည် တံတွေးတစ်လုတ် မျိုချလျက် ပြန်ပြောလိုက်လေသည်။ "ရှန်းဖေး"

"ဒါဆိုရင် ငါမင်းကို ဂျူနီယာညီလေးရှန်းလို့ ခေါ်မယ်" ရန်ကိုင်မှ ပြုံးဖြီး၍ ထိုလူ၏ ပခုံးကို ပုတ်လိုက်ရာ ထိုလူ၏ ခန္ဓာကိုယ်မှာ တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ရလေသည်။

"အခုကိစ္စအတွက်တော့ အားနာပါတယ်ကွာ စိတ်ထဲ ထားမနေတော့နဲ့၊ မင်း ခုနတုန်းက စုယန်ကို စီနီယာအစ်မလို့ ခေါ်လိုက်တယ်နော်၊ ဒီတော့ စုယန်က မင်းတို့ဂိုဏ်းရဲ့ တပည့်တစ်ယောက်လား"

ရန်ကိုင် မျှော်လင့်ထားသည့်အတိုင်းပင် စုယန်သည် မူလကုန်းမြေကြီးဆီသို့ ရောက်လာပြီးသည့်နောက် ရှန်းဖေး၏ ဂိုဏ်းဖြစ်သော တိမ်တိုက်နီဂိုဏ်းထဲသို့ ဝင်ခဲ့သည်။ ထို့အပြင် စုယန်သည် မူလကုန်းမြေကြီးဆီသို့ ကြယ်တာရာလမ်းကြောင်း ဝင်ပေါက်မှတစ်ဆင့် လာခဲ့ခြင်း ဖြစ်လေသည်။

သို့သော်ငြား ထိုစဉ်က စုယန်အား တိမ်တိုက်နီဂိုဏ်းထဲသို့ ဖိတ်ခေါ်ခဲ့သူမှာ ရှန်းဖေး မဟုတ်ဘဲ အခြားတစ်ယောက် ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ရှန်းဖေးမှာ ထိုစဉ်က စုယန် အကြောင်းကို သိပ်မသိခဲ့။ စုယန် ဂိုဏ်းထဲသို့ ဝင်လာပြီးသည့်နောက်မှသာလျှင် သူမအကြောင်းကို ပိုသိခဲ့ရခြင်း ဖြစ်လေသည်။

စုယန်သည် အေးစက်စက် မျက်နှာထားနှင့် ချောမောလှပသည့် အမျိုးသမီးတစ်ဦး ဖြစ်သည့်အတွက်ကြောင့် တိမ်တိုက်နီဂိုဏ်းထဲသို့ ဝင်ပြီး မကြာခင်မှာပင် ထောက်ခံအားပေးသူများစွာ ရရှိခဲ့လေသည်။ ထိုနည်းတူစွာပင် ဂိုဏ်းထဲမှ စီနီယာအစ်ကို ဂျူနီယာမောင်လေး များစွာတို့ကလည်း စုယန်အား လိုက်လံပိုးပန်းကြလေ၏။

ထိုသို့ဖြင့် စုယန်သည် တိမ်တိုက်နီဂိုဏ်းထဲ နာမည်ကျော်တစ်ဦး ဖြစ်လာရာ သူမသည် အဆင့်နိမ့် ကြယ်စီရင်စုဖြစ်သော ဟုန်းလော့ကြယ်စီရင်စုမှ လာသည့် သတင်းမှာလည်း တစ်ဂိုဏ်းလုံးအနှံ့ အနှေးနှင့်အမြန်ဆိုသလို ပျံ့နှံ့သွားခဲ့ရလေသည်။

ရှန်းဖေးမှာ စုယန်အား တစ်ကြိမ်မက တွေ့ခဲ့ဖူးပေသည်။ သို့သော်ငြား သူမ၏ အေးစက်စက် မျက်နှာထားကြောင့် စုယန်နှင့် တစ်ခါမျှ စကားသွားမပြောရဲခဲ့ပေ။

"စီနီယာအစ်မစုက အရမ်းတော်တယ်၊ ဂိုဏ်းထဲကိုဝင်ပြီး ငါးနှစ်ပဲ ကြာသေးတယ် တာအိုသခင်အဆင့်ကို ရောက်နေပြီ၊ သူတို့နဲ့ ယှဉ်လိုက်ရင် ကျုပ်တို့က ဘာမှကို မဆိုင်တော့ဘူး" ရှန်းဖေးက ခါးသက်သက် အမူအရာဖြင့် ပြောလိုက်လေသည်။ ရန်ကိုင် စုယန်အား သိထားမှန်း သိသည့်အတွက်ကြောင့်ပင်လျှင် စုယန်အား ယခုကဲ့သို့ ချီးကျူးစကား ဆိုလိုက်ခြင်းလည်း ဖြစ်ပေသည်။

ထင်ထားသည့်အတိုင်းပင် ထိုစကားကို ကြားသော် ရန်ကိုင် ဝမ်းသာသွားခဲ့ပြီး ပြန်၍ ပြောလိုက်လေသည်။ "သူ တာအိုသခင်အဆင့်ကိုတောင် ရောက်နေပြီလား"

မူလကုန်းမြေကြီးထဲသို့ ရောက်လာပြီးသည့်နောက်တွင် စုယန်၏ ဘဝ အတော်လေးကိုမှ ခက်ခဲကြမ်းတမ်းမည်ကို ရန်ကိုင် စိတ်ပူနေခဲ့ရခြင်း ဖြစ်‌ေပသည်။ သို့သော်ငြား ယခုတွင်မူ သူထင်ထားသလို မဟုတ်ဘဲ စုယန်၏ ဘဝမှာ အတော်လေးကိုမှ သာယာနေသည့်ပုံပင်။

"သူ အခု ဘယ်လိုနေလဲ" ရန်ကိုင်က မေးလိုက်သည်။

ရှန်းဖေးက ပြန်ပြောလိုက်သည်။ "အဲဒါတော့ ကျုပ်မသိဘူး"

ရန်ကိုင်က ပြန်အော်လေသည်။ "တစ်ဂိုဏ်းတည်းသား အချင်းချင်းကို မင်းက ဘယ်လိုလုပ်ပြီး မသိရတာလဲ"

ရှန်းဖေးမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် ပြန်၍ ရှင်းပြလိုက်ရသည်။ "ကျုပ်က တိမ်တိုက်နီဂိုဏ်းရဲ့ တပည့်တစ်ယောက်ဆိုပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လုံးလုံး ဒီမှာပဲ နေနေရတာ၊ ပုံမှန်အားဖြင့် ဂိုဏ်းဆီ ပြန်လေ့ မရှိဘူး၊ ဒါကြောင့် အခုတလော ဂိုဏ်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို ကျုပ်မသိတာ"

ထိုစကားကို ကြားသော် ရန်ကိုင်သည် ရှန်းဖေးအား ဂရုဏာသက်နေသည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။ ပုံမှန်အားဖြင့် ကြယ်တာရာလမ်းကြောင်း ဝင်ပေါက်များတွင် စောင့်ရမည့်အလုပ်ကို တာဝန်ကျသည့် တပည့်များမှာ ဂိုဏ်းထဲတွင် အသုံးမဝင်သည့် လူများ ဖြစ်ကြသလို သူတို့တွင်လည်း အားကောင်းသည့် မည်သည့် ကျောထောက်နောက်ခံမျှ မရှိကြပေ။ ထိုအကြောင်းကြောင့်သာလျှင် ယခုကဲ့သို့ အချိန်ကုန် လူပင်ပန်းပြီး ဘာအကျိုးအမြတ်မျှ မရှိသည့် အလုပ်မျိုးကို လုပ်ခိုင်းခံရခြင်း ဖြစ်လေသည်။

"မင်း ဂိုဏ်းဆီ ပြန်ချင်လား"

"ပြန်ချင်တာပေါ့" ဤနေရာတွင် နေရသည်မှာ အတော်လေးကိုမှ ခက်ခဲလှသည့်အတွက်ကြောင့် ဂိုဏ်းထဲတွင် နေရသည့် သက်တောင့်သက်သာ ဘဝမျိုးကို သူ့အနေဖြင့် အမှန်တကယ် ပြန်လိုချင်မိပေသည်။

ရန်ကိုင်က ထိုလူ၏ ပခုံးကို လက်ဖြင့်ကိုင်၍ ပြောလိုက်လေ၏။ "ဒါဆိုရင်တော့ ဂုဏ်ယူပါတယ်ကွာ၊ မင်းရဲ့ဆန္ဒ မကြာခင် ပြည့်ဝတော့မယ်"

"ဘယ် ဘယ်လို" ရှန်းဖေးမှာ ရန်ကိုင် ဘာပြောချင်လို့ ပြောချင်မှန်း နားမလည်။ သို့သော်ငြား သူ့စိတ်ထဲတွင်တော့ အချက်ပေး ခေါင်းလောင်းသံတို့ ဆူဝေနေလေသည်။

"တိမ်တိုက်နီဂိုဏ်းကို သွားမယ်" ရန်ကိုင်က ဟဲယွင်ရှန်း ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။

"ဘယ်လိုသွားရမလဲ ငါတို့ကိုပြောပြ" ရန်ကိုင်သည် ရှန်းဖေး ဘက်သို့ လှည့်၍ ပြောလိုက်သည်။

ရှန်းဖေးမှာ ပျာယီးပျာယာဖြင့် ပြန်အော်ပြောလေ၏။ "မလုပ်ပါနဲ့၊ကျေးဇူးပြုပြီးတော့ ကျုပ်ကို သွားခွင့်ပေးပါနော်၊ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေရဲ့ ခွင့်ပြုချက် မရဘဲနဲ့ ဒီကနေ ထွက်သွားမယ်ဆိုရင်၊ အာ မဟုတ်ဘူး မဟုတ်ဘူး၊ အဲဒီဘက် မဟုတ်ဘူး၊ဒီဘက် ဒီဘက်" ရန်ကိုင်၏ လက်သီးကို သူ့မြင်ကွင်းထဲ မြင်လိုက်ရသော် ရှန်းဖေးမှာလည်း မတတ်သာတော့ဘဲ ပြောသည့်အတိုင်းသာ လုပ်လိုက်ရတော့လေသည်။ အနည်းဆုံး ဤကဲ့သို့ လုပ်လိုက်ခြင်းအားဖြင့် သူ့အနေဖြင့် ဂိုဏ်းသို့ ပြန်နိုင်ပေလိမ့်မည်။ တစ်ယောက်ယောက်သာ ဤအကြောင်းကို မေးလာခဲ့မည်ဆိုလျှင်လည်း သူ့အနေဖြင့် အကြောင်းပြချက် ပေးနိုင်ပေလိမ့်မည်။ သို့သော်ငြား ယခုကဲ့သို့ လုပ်လိုက်၍ မည်ကဲ့သို့ အပြစ်ပေးခံရမလဲ ဆိုသည်ကိုတော့ သူကိုယ်တိုင် သေချာ မသိပေ။ ဖြစ်နိုင်သည်မှာတော့ သူရမည့် နောက်တစ်နှစ်စာ ဝေစုအားလုံး ဖယ်ရှားခြင်း ခံရကောင်း ခံရသွားနိုင်ပေသည်။ နောက်တစ်နှစ်လုံးလုံး မည်သည့် ကျင့်ကြံရေး အရင်းအမြစ်မှ မရတော့မည့်အကြောင်း စဉ်းစားမိလိုက်သော် ရှန်းဖေး ငိုချင်လာလေ၏။

ထိုစဉ် ရန်ကိုင်၏ လက်သီးသည် ရှန်းဖေး၏ ရင်ဘတ်ပေါ်သို့ ကျလာခဲ့လေရာ ရှန်းဖေးမှာ အလွန်ကိုမှ ထိတ်လန့်သွားခဲ့ရလေသည်။ သို့သော်ငြား သူ့ခန္ဓာကိုယ် အနည်းငယ်မျှပင် ထိခိုက်သွားခြင်း မရှိကြောင်း သိလိုက်ရသော် ငိုတော့မည့် မျက်နှာကြီးဖြင့် ပြန်၍ ပြောလိုက်လေ၏။ "စီနီယာအစ်ကို ကျေးဇူးပြုပြီး ကျုပ်ကို မခြောက်ပါနဲ့လား"

"ငါ့ကို စုယန် အကြောင်း ထပ်ပြောပြ၊ မင်းပြောပြတာက အသုံးဝင်တယ်ဆိုရင် ငါမင်းကို ဆု နည်းနည်းပါးပါး ပေးမယ်"

[ဘာဆုမှ မလိုပါဘူးဗျာ ကျေးဇူးပြုပြီး ကျုပ်ကို ပြဿနာမတက်အောင် လုပ်ပေးရင်ကို အဆင်ပြေပါပြီ] ဤလူအား တိမ်တိုက်နီဂိုဏ်းသို့ ခေါ်သွားခြင်း မှန်ရော မှန်ရဲ့လေလား ရှန်းဖေး မဝေခွဲတတ်တော့။ ဤလူကို ကြည့်ရသည်မှာ စုယန်နှင့် အတော်လေး နီးကပ်သည့်ပုံပင်။ ကြည့်ရသလောက် ဤလူမှာ စုယန်အား လိုက်လံပိုးပန်းနေသည့် လူများအနက်မှ တစ်ဦးဖြစ်ရပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက စုယန် အကြောင်းကို ယခုကဲ့သို့ လိုက်လံမေးမြန်းနေလိမ့်မည် မဟုတ်။ ထို့အပြင် ဤလူသည် အတော်လေးကိုမှလည်း အားကောင်းပေသေးသည်။ ထိုအတွက်ကြောင့် တိမ်တိုက်နီဂိုဏ်းမှ ထိုလူများနှင့် ကျိန်းသေ ပြဿနာတက်ပေလိမ့်မည်။

တစ်ချက်မျှ စဉ်းစားကြည့်ပြီးသည့်နောက် ယခုကိစ္စသည် သူနှင့် ဘာမျှ မဆိုင်ကြောင်း ရှန်းဖေး နားလည်သွားခဲ့သည်။ ယောက်ျားတိုင်းသည် မိန်းမချောလေးများကို ကြိုက်ကြသည်မှာ သဘာဝသာ ဖြစ်သည်။ သို့သော်ငြား ကြိုက်သာ ကြိုက်ကြသည့်တိုင် တစ်ယောက်လောက်ကိုပင် မရနိုင်ကြဘဲ အဝေးမှ သွားရည်တမြားမြားဖြင့် ငေးကြည့်နေရုံသာ တတ်နိုင်ကြလေ၏။ ရန်ကိုင်သည်သာ ဂိုဏ်းထဲတွင် သွားပြဿနာရှာမည် ဆိုပါက ကျိန်းသေ သင်ခန်းစာ အပေးခံရပေလိမ့်မည်။

ထိုကဲ့သို့တွေးရင်း ရှန်းဖေးမှာ ရန်ကိုင် သိချင်နေသည့် အကြောင်းအရာများကို စတင် ပြောပြလိုက်တော့သည်။

တကယ်ဆိုလျှင်တော့ သူသည်လည်း စုယန် အကြောင်း ဘာမျှ သိပ်မသိပေ။ တိမ်တိုက်နီဂိုဏ်းသည် မူလကုန်းမြေထဲရှိ ထိပ်တန်းဂိုဏ်းများအနက် တစ်ဂိုဏ်း အပါအဝင် မဟုတ်ပါသော်ငြား ဒုတိယအဆင့် အင်အားစုတစ်စုတော့ ဖြစ်နေသေးဆဲ။ ဂိုဏ်းထဲတွင် တပည့်ပေါင်း ထောင်နှင့်ချီကာ ရှိနေလေရာ ထိုလူအကုန်လုံးမှာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြပေ။ စုယန်အကြောင်း သူသိထားသည်မှာလည်း တစ်ယောက်စကား တစ်ယောက်နားမှ ကြားသိခဲ့ရခြင်းများသာ ဖြစ်လေသည်။

ထိုအရာများ မှန်မှန် မမှန်မှန် ရန်ကိုင်ကမူ ရှန်းဖေး ပြောပြနေသည်ကို ပြုံးရင်းဖြင့်သာ ထိုင်နားထောင်နေခဲ့လေသည်။

"ဒါနဲ့ စီနီယာအစ်မစု ဂိုဏ်းထဲဝင်ပြီး မကြာခင်မှာပဲ အကြီးအကဲရွမ်က စီနီယာအစ်မစုယန်ကို တပည့်အဖြစ် လက်ခံလိုက်တယ်၊ အဲဒီအချိန်တုန်းက အကြီးအကဲရွမ်က အရမ်းကို ခေါင်းမာခဲ့တာတဲ့၊ အဲဒီအဖြစ်အပျက်ကြောင့်ပဲ တစ်ဂိုဏ်းလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားရသေးတယ်၊ တကယ်ဆိုရင် အဲဒီအဖြစ်အပျက်ကြောင့်ပဲ စီနီယာအစ်မစု အရမ်းနာမည်ကြီးသွားရတာ"

"အကြီးအကဲရွမ်က ယောက်ျားလား မိန်းမလား"

"မိန်း… မိန်းမပဲ၊ ရှင်းရှင်းပြောရရင် အကြီးအကဲရွမ်က ကျုပ်တို့ဂိုဏ်းက အကြီးအကဲတွေထဲမှာ အသက်အကြီးဆုံးနဲ့ ဝါအရင့်ဆုံးပဲ" ရန်ကိုင်မှ ထိုမေးခွန်းကို မေးလိုက်ချိန် သူ့မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသလို ရှန်းဖေး ခံစားလိုက်ရလေသည်။ သို့သော်ငြား နောက်တစ်ကြိမ် သေချာ ထပ်ကြည့်လိုက်သည့်နောက် ရန်ကိုင် မျက်လုံးထဲ မည်သည့် ရန်လိုသည့် အရိပ်အယောင်မျှ ရှိမနေတော့ကြောင်း တွေ့လိုက်ရလေသည်။ ထိုအတွက်ကြောင့် သူများ အမြင်မှားသွားလေသလားဟု ရှန်းဖေး ခံစားလိုက်ရလေသည်။

ရန်ကိုင်က ရယ်ရယ်မောမောနှင့် ရှန်းဖေး၏ ပခုံးကို ပုတ်၍ ပြောလိုက်လေ၏။ "မင်းတို့ရဲ့ အကြီးအကဲရွမ်က တကယ်ကို အမြင်စူးရှတာပဲကွ"

"ဟဲဟဲ" ရှန်းဖေးသည် ယဲ့ယဲ့လေး ပြုံးရင်းမှ ပြန်ပြောလိုက်သည်။ "အကြီးအကဲရွမ်က တကယ်ကို ထူးဆန်းတဲ့သူ၊ ရှင်းရှင်းပြောရရင် အကြီးအကဲရွမ် နေတဲ့ တောင်အနားဆီ ကျုပ်တို့ မသွားရဲဘူး၊ အကြီးအကဲရွမ်က တိမ်တိုက်နီဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဆိုပေမဲ့ ဂိုဏ်းကိစ္စတွေမှာ သိပ်ပြီး ပါဝင်လေ့ မရှိဘူး၊ တပည့်လည်း တစ်ယောက်မှ လက်မခံဖူးဘူး၊ စုယန်ကတော့ ချွင်းချက်ပေါ့၊ အဲဒါကြောင့် သူ တပည့်လက်ခံတဲ့အချိန် တစ်ဂိုဏ်းလုံး အုတ်အော်သောင်းနင်း ဖြစ်သွားရတာ"

ရှန်းဖေး ပြောပြသည်ကို နားထောင်ပြီးသည့်နောက် ထူးဆန်းပြီး ပါးရေတွန့်နေသည့် အဘွားအိုကြီးတစ်ဦးကို ရန်ကိုင် မြင်ယောင်မိသွားလေသည်။ မည်သို့ပင်ဖြစ်စေကာမူ တစ်ခါမျှပင် မတွေ့ခဲ့ဖူးသော ထိုအကြီးအကဲရွမ်အား ရန်ကိုင် အမှန်တကယ်ကို ကျေးဇူးတင်မိပေသည်။

ထိုကဲ့သို့သော သူမအား ဂရုစိုက်ပေးသည့် ဆရာကောင်းတစ်ဦးနှင့် တွေ့ရသည်မှာ စုယန်၏ ကံကောင်းမှုသာ ဖြစ်လေသည်။ ထိုသို့သာ မဟုတ်ပါက သူမ၏ ရုပ်ရည်ရူပကာဖြင့်သာဆိုလျှင် ဂိုဏ်းထဲသို့ ဝင်ပြီးသည့်နောက် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ဂိုဏ်းထဲတွင် ပါရမီပါပြီး အရည်အချင်း ရှိလှသည့် ကျင့်ကြံသူပေါင်းများစွာ ရှိကြပေသည်။ ထိုသို့ ဖြစ်လေရာ စုယန်သည် တာအိုသခင်အဆင့်သို့ ငါးနှစ်အတွင်း မည်ကဲ့သို့များ ရောက်နိုင်ခဲ့ရလေသနည်း။ ထိုသို့ ဖြစ်ရခြင်းမှာ အကြီးအကဲရွမ်၏ ကူညီပေးမှုကြောင့်သာ ဖြစ်ရပေလိမ့်မည်။ အကြီးအကဲရွမ်မှ စုယန် အသုံးပြုရန်အတွက် အရင်းအမြစ်သိပ်သည်းဆေးလုံးများစွာကို ထောက်ပံ့ပေးခဲ့သည့်အတွက်ကြောင့်သာလျှင် စုယန်အနေဖြင့် တာအိုသခင်အဆင့်သို့ ဤမျှ အချိန်အတိုအတွင်း ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်လေသည်။ စုယန် မူလကုန်းမြေဆီသို့ ရောက်လာစဉ်က သူမတွင် ထိုကဲ့သို့သော ဆေးလုံးများ ပါမလာခဲ့။ ထိုသို့ ဖြစ်လေရာ အရင်းအမြစ်သိပ်သည်းခြင်း ဆေးလုံးပေါင်းများစွာကို စုယန်အနေဖြင့် အချိန်တိုအတွင်း မည်ကဲ့သို့များ ရနိုင်ပါမည်နည်း။ အကြီးအကဲရွမ်က ထောက်ပံ့‌ပေးမှသာလျှင် ရနိုင်ပေလိမ့်မည်။

ရှန်းဖေးသည် စုယန် အကြောင်း တစ်လျှောက်လုံးကို ရှင်းပြနေခဲ့လေသည်။ သူဘက်မှ ခေါင်းခြောက်မတတ် စဉ်းစား၍ သူသိထားသမျှ စုယန်၏ အကြောင်းအရာများကို ရှင်းပြနေသည့်တိုင် ရန်ကိုင်မှာမူ မကျေနပ်နိုင်သေးဘဲ စုယန် အကြောင်းကို ထပ်ထပ်၍ မေးနေခဲ့သည်။ ရန်ကိုင်ပုံစံမှာ တစ်လုတ်ကျွေးလည်း မဝ၊ နှစ်လုတ်ကျွေးလည်း မဝ တစ်ပန်းကန်ကျွေးလည်း မဝ ဖြစ်နေသည့် အလွန်တရာကိုမှ ဆာလောင်နေသော လူတစ်ဦးပုံစံပင် ပေါက်နေ‌ပေသေးသည်။

ရှန်းဖေးတွင် ဘာမျှ ပြောစရာ မရှိတော့။ သို့သော်ငြား ရန်ကိုင်အား ဒေါသထွက်သွားအောင် လုပ်မိသလို ဖြစ်သွားမည်စိုးသည့်အတွက်ကြောင့် စုယန် အကြောင်း မပြောဘဲ နေ၍လည်း မရပြန်။ [ဒါက ဘယ်လိုလူကြီးလဲကွာ]

ထို့နောက်တွင် အံကို တင်းတင်းကြိတ်၍ အခြား အကြောင်းအရာတစ်ခုကို ပြောရန် ဆုံးဖြတ်လိုက်လေသည်။"စီနီယာအစ်မစုကို လိုက်ပြီး ပိုးပန်းနေတဲ့သူတွေ အများကြီးပဲ"

ဤလူငယ်လေးသည် စုယန်အား လိုက်လံပိုးပန်းနေသည့် လူတစ်ဦး ဖြစ်ရပေလိမ့်မည်။ အစောပိုင်းက ဤအကြောင်းအရာကို မပြောခဲ့ရခြင်းမှာ လူငယ်လေးအား ဒေါသထွက်သွားအောင် လုပ်မိသလို ဖြစ်သွားမည် စိုးသည့်အတွက်ကြောင့်ပင်။

ယခု သူ့တွင် ပြောစရာ မရှိတော့လေရာ ထိုအကြောင်းကို ပြောရုံသာ တတ်နိုင်တော့လေ၏။

သို့သော်ငြား ရှန်းဖေးမှ ထိုအကြောင်းကို ပြောနေသည့်တိုင် ရန်ကိုင်ကမူ ပြုံးသာ ပြုံးနေခဲ့လေသည်။

ရှန်းဖေး ပြောချင်နေသည့် အကြောင်းကို ရန်ကိုင် ခန့်မှန်းမိပြီးသားပင်။ တကယ်တော့ စုယန်၏ ရုပ်ရည်အရ သူမအား လိုက်လံပိုးပန်းနေသည့်လူ မရှိမှသာလျှင် ထူးဆန်းနေပေလိမ့်မည်။ သို့သော်ငြား စုယန်သည် အခြားသော ယောက်ျားများကို ကြိုက်လိမ့်မည် မဟုတ်။ ရန်ကိုင်အတွက်မူ စုယန်အား လိုက်လံပိုးပန်းနေသည့် လူများမှာလည်း သူ့ပြိုင်ဘက် မဟုတ်ကြ‌ချေ။

ရန်ကိုင်သည် မတုန်မလှုပ်ဖြင့် ရှိနေသည်ကို မြင်သော် ရှန်းဖေးက ဆက်၍ ပြောလိုက်လေသည်။

"လူအများစုကတော့ လက်လျှော့သွားတာပဲ၊ တကယ်တော့ စီနီယာအစ်မစုက အကြီးအကဲရွမ်ရဲ့ တစ်ဦးတည်းသော တပည့်လေ၊ ဒီတော့ သူ့ကို သိပ်ပြီးတော့ မနှောင့်ယှက်ရဲကြဘူး၊ သူတို့ အငြင်းခံလိုက်ရပြီ ဆိုတာနဲ့ အလိုက်တသိနဲ့ပဲ ထွက်သွားကြတယ်၊ ဒါပေမဲ့ တစ်ယောက်တော့ ရှိတယ်"

"ဘယ်သူလဲ"

"အဲဒီအကြောင်းကို ကျုပ်ပြောပြတယ်လို့တော့ ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်"

ရှန်းဖေးသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ လေသံကို တိုး၍ ပြောလိုက်လေသည်။ "ပြောသာပြော"

"ကျုပ်တို့ဂိုဏ်းရဲ့ သခင်လေးပဲ၊ သူက စီနီယာအစ်မစုကို အရမ်းကြိုက်နေတာ၊ စီနီယာအစ်မစုကို လက်ထပ်မယ်လို့တောင် လူသိရှင်ကြား ကြေညာထားသေးတယ်"

"ဘာကွ" ရန်ကိုင် ဒေါသူပုန်ထသွားခဲ့လေသည်။ သူ့မျက်နှာမှာလည်း ရုတ်ချည်းဆိုသလို ခက်ထန်လာတော့လေ၏။

[ခွေးကောင်၊ မင်း ငါနဲ့ တွေ့လို့ကတော့ကွာ၊ မင်းအမေတောင် မမှတ်မိအောင် ရိုက်ပစ်မှာ၊ မင်းဘာသာမင်း စုယန်ကို ကြိုက်ချင်ကြိုက်ပေါ့၊ ဘာတဲ့၊ စုယန်ကို လက်ထပ်မယ် ဟုတ်လား၊ ခွေးသူတောင်းစား]

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၁၀)

ဘာသာပြန်သူ_တိမ်တိုက်

တိမ်တိုက်နီတောင်တန်းသည် သာယာလှပသော သစ်ပင်ပန်းမန်တို့ဖြင့် ပြည့်နှက်နေပြီး မြစ်ချောင်းအသွယ်သွယ်တို့ ဖြတ်သန်းကာ စီးဆင်းနေသည့် နေရာတစ်ခု ဖြစ်ပေသည်။ ဤတောင်တန်းကြီးသည် လှိုင်းတွန့်ပမာ နိမ့်ကာမြင့်ကာ ဝေ့ဝိုက်တည်ရှိနေခဲ့ပြီး ကျေးငှက်တိရစ္ဆာန်ပေါင်းစုံတို့သည်လည်း ဤတောင်တန်းထဲ ကျင်လည်ကျက်စားနေကုန်ကြလေသည်။

တောင်ဝင်ပေါက်ရှေ့တွင် ရန်ကိုင်တို့စီးနင်းလာသည့် ကြယ်လွန်းပျံ ရပ်တန့်သွားခဲ့လေသည်။ ကြယ်လွန်းပျံပေါ်တွင် ပါလာသည့်လူတစ်ဦးကိုမြင်သော် ဂိတ်စောင့်များသည် ရှန်ဖေးအား အထိတ်အလန့်ဖြင့် ကြည့်၍ “စီနီယာအစ်ကိုရှန်… ဘာလို့ပြန်လာတာလဲ… သူတို့တွေကရော ဘယ်သူလဲ…”

ရှန်ဖေးသည် မည်သည့်နောက်ခံကိုမှ ပိုင်ဆိုင်ထားခြင်းမရှိသလို မည်သည့်အကြီးအကဲ၏ ပစားပေးခြင်းကိုမှ မခံရပါသော်ငြား တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက် ထိုတပည့်များမှာ ရှန်ဖေးအား မလေးမစားမလုပ်ရဲပေ။

ရှန်ဖေးမှာ ထိုအမေးကို မည်သို့ ပြန်ဖြေလို့ ဖြေရမှန်း မသိသည့်အတွက်ကြောင့် တုံ့ဆိုင်းသွားလေ၏။ ယခုတစ်ကြိမ်ပြန်လာခြင်းသည် ဂိုဏ်း၏ခွင့်ပြုချက် မပါရှိသည့်အတွက်ကြောင့် စည်းမျဉ်းများကို ချိုးဖောက်ခြင်း မည်ပေသည်။ သူသည်သာ အထဲသို့ ဆက်ဝင်သွားလိုပါက ထိုတပည့်များကို ရှင်းပြရန် လိုအပ်ပေလိမ့်မည်။ သို့မှသာလျှင် တပည့်များမှာ အကြီးအကဲများကို အရင်ဦးစွာ အကြောင်းကြားပေလိမ့်မည်။

ရှန်ဖေး ဘာကြောင့် တုံ့ဆိုင်းနေသလဲဆိုသည်ကို မသိလေရာ တပည့်များမှာ ရှန်ဖေးအား မယုံသင်္ကာဖြင့် ကြည့်လာကြလေသည်။

“ငါတို့ တစ်ယောက်ယောက်ကို ရှာနေတာ…” ရန်ကိုင်မှာ စုယန်နှင့် တွေ့ချင်နေသည့်အတွက်ကြောင့် အချိန်ဆက်မဖြုန်းလိုတော့ချေ။ ထိုအကြောင်းကြောင့် သူ့လက်ကိုဝှေ့ယမ်း၍ တပည့်များကို ဘေးသို့ တွန်းထုတ်လိုက်ပြီး တွင်းပေါက်ထဲသို့ ဝင်သွားလေ၏။

ရန်ကိုင်၏လုပ်ရပ်ကိုမြင်သော် ရှန်ဖေး ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ (ငါသိနေတယ်… ဒီကောင့်ကိုခေါ်လာတည်းက ပြဿနာတက်မယ်မှန်း ငါသိနေတယ်… ဒါပေမယ့် ဘာလို့ ဒီလောက်တောင် စိတ်မရှည်ဖြစ်နေရတာလဲကွာ… အေးအေးဆေးဆေးလေး မေးလိုက်ရင်တောင် ဘာပြဿနာမှမရှိဘဲနဲ့ အထဲဝင်သွားလို့ရမှာပဲကို… အခုတော့ သူ့ကြောင့် ငါပါ ပြဿနာတက်တော့မယ်… ဂိုဏ်းကသာ ငါ့ကို အပြင်လူတွေနဲ့ ပူးပေါင်းပြီးတော့ ဂိုဏ်းကို ပြဿနာရှာတယ်လို့ တွေးသွားလို့ရှိရင် ငါတော့ ပြဿနာအကြီးကြီးတက်ပါပြီ… ဘာလုပ်ရင်ကောင်းမလဲ… ထွက်ပြေးရင်ကောင်းမလား… ထွက်မပြေးရင် အကြီးအကဲတွေအပြစ်ပေးတာ ခံရမှာ… ဒါပေမယ့် ထွက်ပြေးမယ်ဆိုရင်တောင် ဘယ်ကိုထွက်ပြေးရမှာလဲ…)

ထိုအကြောင်းကိုစဉ်းစားမိလိုက်သည့်အခိုက် ရှန်ဖေးမှာ အံကိုတင်းတင်းကြိတ်၍ ရန်ကိုင်နောက်သို့ ပြေးလိုက်သွားကာ အော်ပြောလိုက်လေသည်။ “စီနီယာအစ်ကို… ကျေးဇူးပြုပြီး စောင့်ပါဦး…”

ဟဲယွင်ရှန်းသည် ရှန်ဖေး၏လမ်းကို ပိတ်ရပ်၍ ပြုံးကာ ပြောလိုက်လေသည်။ “အခုလိုမျိုး ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်… ဒီမှာ ဆရာပေးသွားတဲ့လက်ဆောင်… ရှင် အခု သွားလို့ရပါပြီ…” ထိုဆေးပုလင်းကို ပစ်ပေးပြီးသည့်နောက်တွင် ဟဲယွင်ရှန်းသည် ရန်ကိုင်နောက်သို့ ပြေးလိုက်သွားလေသည်။

တပည့်များမှာ တစ်ခဏမျှ မင်သက်နေကြပြီးသည့်နောက် ချက်ချင်း အသိပြန်ဝင်လာကုန်ကြလေ၏။ ထို့နောက်တွင် တပည့်တစ်ဦးသည် ဆက်သွယ်ရေးမှော်ရတနာကိုထုတ်၍ ထိုအထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်လေသည်။ တစ်ခဏအကြာတွင် တိမ်တိုက်နီဂိုဏ်းထဲ အချက်ပေးသံတို့ အစီအရီ ထွက်ပေါ်လာကုန်ကြလေ၏။

ထိုအချင်းအရာကိုမြင်သော် ရှန်ဖေး၏မျက်နှာ ဒယ်အိုးဖယ်နှင် မည်းမှောင်သွားတော့လေသည်။ သူ့လက်ထဲတွင် ကိုင်ထားသည့် ဆေးပုလင်းသည်ပင်လျှင် မီးခဲတစ်ခုပမာ စတင်၍ ပူလောင်လာတော့လေသည်။

ထို့နောက်တွင် အလင်းတန်းပေါင်းများစွာ ဂိုဏ်းအတွင်းပိုင်းဆီမှ ထွက်ပေါ်လာခဲ့ပြီး ဂိတ်ပေါက်ဆီသို့ ပျံသန်းလာကုန်ကြလေ၏။

မကြာမီတွင် ရန်ကိုင်သည် သူ၏ ပထမဦးဆုံးသော အတားအဆီးဖြစ်သော ဂိုဏ်းကာကွယ်ရေးအစီအရင်နှင့် တွေ့လိုက်ရတော့လေသည်။

သူ့ရှေ့တွင် မမြင်နိုင်သည့်နံရံတစ်ခု ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ရတော့လေသည်။

“ရွှစ်… ရွှစ်… ရွှစ်…”

လူပေါင်းများစွာ ရန်ကိုင်ပတ်လည်တွင် ပေါ်လာကြပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေခဲ့ကြသည်။ တိမ်တိုက်နီဂိုဏ်းသည် မူလကုန်းမြေကြီးထဲရှိ ထိပ်တန်းအင်အားစုတစ်ခု မဟုတ်ပါသော်ငြား အလွယ်တကူအနိုင်ကျင့်၍ရသော အားနည်းသည့်အင်အားစုတစ်ခုလည်း မဟုတ်ပေ။ လက်ရှိ သူတို့ရှေ့တွင် ရှိနေသည့်လူသည် ဂိုဏ်းထဲသို့ ခွင့်ပြုချက်မရှိဘဲ ချိုးဖောက်ဝင်ရောက်လာလေရာ သူတို့ဂိုဏ်းအား လုံးဝကို အရေးမစိုက်ကြောင်း သိသာလှပေသည်။ ဤကဲ့သို့သောလုပ်ရပ်မျိုးကို မည်သည့်ဂိုဏ်းကမှ သည်းခံနေလိမ့်မည်မဟုတ်ပေ။

“အဲ့မှာ ချက်ချင်းရပ်လိုက်စမ်း… မင်းဘယ်သူဆိုတာကို‌ ပြော…” ရှေ့ဆုံး၌ရပ်နေသည့် မျက်နှာနီနီနှင့်လူကြီးက လှမ်းအော်ပြောလိုက်လေသည်။ ထိုလူသည် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဂိုဏ်းထဲရှိ အဆင့်မြင့်ရာထူးကို ပိုင်ဆိုင်ထားသော ပညာရှင်တစ်ဦး ဖြစ်ရပေလိမ့်မည်။ ကြည့်ရသလောက် ထိုလူသည် အကြီးအကဲတစ်ဦး ဖြစ်သည့်ပုံပင်။

ထိုနေရာသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ့လမ်းကို ဂိုဏ်းကာကွယ်ရေးအစီအရင်မှ ပိတ်ကာထားသည့်အတွက်ကြောင့် မဟုတ်သလို လူပေါင်းများစွာ၏ ဝိုင်းရံထားခံရသည့် အတွက်ကြောင့်လည်းမဟုတ်။ ထို့အစား ဂိုဏ်းထဲတွင် စုယန်၏အရှိန်အဝါကို အာရုံမခံနိုင်သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။

ရန်ကိုင်သည် စုယန်နှင့်အတူ ယင်ယန်ပေါင်းစည်းခြင်းပညာရပ်ကို ရရှိခဲ့ရုံမက နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရာဇ်တို့၏ အမွေအနှစ်တို့ကိုလည်း အတူတကွ ရရှိခဲ့လေသည်။ ထိုအမွေအနှစ်များကို ရရှိပြီးသည့်နောက်ပိုင်း ရန်ကိုင်တို့နှစ်ဦးမှာ စုံတွဲဖြစ်လာခဲ့ကာ သူတို့နှစ်ဦးမှာလည်း ကြိုးတစ်ချောင်းဖြင့် ချိတ်ဆက်ထားသည့်အလား သူတို့၏ဝိဉာဉ်နှစ်ခုကြားဝယ် မမြင်နိုင်သည့်ချိတ်ဆက်မှုတစ်မျိုး ဖြစ်ပေါ်လာခဲ့ရသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်နှင့်စုယန်သည်သာ အကွာအဝေးတစ်ခုအတွင်း ရှိနေမည်ဆိုလျှင် တစ်ဦး၏တည်ရှိမှုကို တစ်ဦးမှ အာရုံခံနိုင်ပေလိမ့်မည်။

တိမ်တိုက်နီတောင်သည် မိုင်ရာဂဏန်းခန့်သာ ရှည်လျားလှသည့် တောင်တန်းတစ်ခု ဖြစ်သည့်အလျောက် စုယန်သည်သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် ရန်ကိုင်အနေဖြင့် စုယန်၏အရှိန်အဝါကို အာရုံခံနိုင်သင့်ပေသည်။ သို့သော်ငြား ဤနေရာသို့ ရောက်နေပြီးသည့်နောက် စုယန်အား အာရုံမခံရခဲ့။ တစ်နည်းဆိုရသော် စုယန်သည် တိမ်တိုက်နီဂိုဏ်းထဲတွင် ရှိမနေခဲ့ပေ.

(ငါပဲ အထင်မှားနေတာလား… ဒါမှမဟုတ် နာမည်တူတဲ့လူတွေများ ဖြစ်နေတာလား… အဲ့လိုတော့လည်း မဟုတ်လောက်ပါဘူး… ရှန်ဖေးပြောတဲ့ပုံကိုကြည့်ရတာ ငါသိတဲ့စုယန်ပါပဲ… ဒါဆို သူ ဘာဖြစ်လို့ တိမ်တိုက်နီဂိုဏ်းမှာ မရှိရတာလဲ… ကြည့်ရတာ ကိစ္စတစ်ခုခုကြောင့် အပြင်ရောက်နေတာနဲ့တူတယ်… ဟုတ်တယ်… အဲ့လိုပဲဖြစ်ရမယ်…)

မျက်နှာနီနီနှင့်လူကြီးမှာ တိမ်တိုက်နီဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်ပေသည်။ သို့သော်ငြား တပည့်ပေါင်းများစွာ၏ရှေ့တွင် တစ်ဖက်လူမှ သူ့မေးခွန်းအား လျစ်လျူရှုထားသည်ကိုမြင်သော် ထိုအကြီးအကဲမှာ စတင်၍ ဒေါသထွက်လာလေ၏။ ထို့နောက်တွင် ရန်ကိုင်တို့အဖွဲ့အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ကျူးကျော်လာသည့်လူများအနက် တစ်ဦးမှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး ကျန်နှစ်ဦးမှာတော့ ကျင့်ကြံထားသည့် မည်သည့်အရိပ်အယောင်ကိုမှ ထုတ်လွှတ်ထားခြင်းမရှိကြောင်း တွေ့လိုက်ရလေသည်။ သူ့အား ထိတ်လန့်သွားစေခဲ့သည့်အချက်မှာတော့ ထိုလူသုံးဦးထဲ အသက် ခုနှစ်နှစ် ရှစ်နှစ်အရွယ်ခန့်လောက်သာ ရှိမည်ဖြစ်သော ကောင်မလေးတစ်ဦးပင် ပါဝင်နေခြင်းပင်။

(ဒီမိသားစုသုံးယောက် လမ်းမှားပြီးတော့များ ငါတို့ဆီကို ရောက်လာတာလား…)

“မင်း နားပင်းနေတာလား… ငါ မင်းကို မေးနေတယ်လေ…” မျက်နှာနီနီနှင့်လူကြီးက အော်မေးလိုက်လေသည်။

ထိုအခါမှသာလျှင် ရန်ကိုင်လည်း ထိုလူကြီးဘက်သို့ ပြန်လှည့်လာပြီး သူ့လက်ကိုမြှောက်၍ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးပြလိုက်လေသည်။ ထိုပုံရိပ်ယောင်ထဲတွင် ဆံပင်ရှည်ရှည်နှင့် စွဲမက်ဖွယ်ကောင်းသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် ပြုံးနေသော အမျိုးသမီးတစ်ဦး ရှိနေခဲ့လေသည်။

ရန်ကိုင်သည် မျက်နှာနီနီနှင့်လူကြီးကို ကြည့်ရင်းမှ မေးလိုက်သည်။ “ဒီအမျိုးသမီး ခင်ဗျားတို့ဂိုဏ်းထဲမှာ ရှိလား…”

မျက်နှာနီနီနှင့်လူကြီး ပြန်မဖြေနိုင်သေးခင်မှာပင် အခြားသောတပည့်များဆီမှ အံ့ဩတကြီးရေရွတ်သံများ ထွက်ပေါ်လာခဲ့လေသည်။

“အဲ့ဒါ…”

“စီနီယာအစ်မစု မဟုတ်ဘူးလား…”

“ဟုတ်တယ်… စီနီယာအစ်မစုနဲ့ တကယ်တူတယ်…”

“ဘုရားရေ… စီနီယာအစ်မစု ပြုံးနေတာ ချစ်ဖို့ကောင်းလိုက်တာ…”

ရန်ကိုင်သည် သူမှတ်မိသော စုယန်၏ပုံစံကို ချီစွမ်းအင်သုံး၍ ဖန်တီးပေးလိုက်ခြင်း ဖြစ်လေသည်။ သို့သော်ငြား ထိုတပည့်များမှာ စုယန်ပြုံးသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးကြပေ။ စုယန်သည် အမြဲဆိုသလို မျက်နှာသေဖြင့်သာ ရှိနေခဲ့သည့်အတွက်ကြောင့် တိမ်တိုက်နီဂိုဏ်းထဲ ရေခဲနတ်သမီးဟုပင် နာမည်ကျော်နေသည့်လူတစ်ဦးလည်း ဖြစ်ပေသည်။ လက်ရှိအချိန်တွင်တော့ ရန်ကိုင်ထုတ်ပြလာသည့် ပုံရိပ်ယောင်ထဲတွင်ရှိနေသည့် စုယန်မှာ ပြုံးနေခဲ့သည့်အတွက်ကြောင့် ထိုလူများမှာ စုယန်မှန်း မမှတ်နိုင်အောင် ဖြစ်သွားရလေသည်။

(ဒီလူ ဘယ်သူလဲဟ… ဘယ်လိုလုပ်ပြီး စီနီယာအစ်မစုယန် ပြုံးနေတဲ့ပုံကို ဖန်တီးနိုင်ရတာလဲ…) ထိုကဲ့သို့ စဉ်းစားမိပြီးပြီးချင်းမှာပင် ထိုလူများမှာ ဒေါသူပုန်ထသွားကြလေသည်။

(ဒီကောင် ဘယ်လိုတောင် ကံကောင်းတဲ့ကောင်လဲကွ…)

ထိုလူများ ရေရွတ်ပြောဆိုနေကြသည်ကို နားထောင်ရင်း သူ့အထင်မှားနေခြင်းမဟုတ်ကြောင်း ရန်ကိုင် သဘောပေါက်သွားခဲ့လေသည်။ ထို့နောက်တွင် သက်ပြင်းတစ်ချက်ချ၍ မေးလိုက်လေ၏။ “သူအခုဘယ်မှာလဲ…”

“မင်း ဘယ်သူလဲ…” ရန်ကိုင်မှ သူ့မေးခွန်းအား ကြိမ်ဖန်ပေါင်းများစွာ လျစ်လျူရှုထားသည့်အခါတွင်တော့ မျက်နှာနီနီနှင့်လူကြီးမှာ လုံးဝကို သည်းမခံနိုင်တော့ပေ။

“သူ အခုဘယ်မှာလဲ…” ရန်ကိုင်သည် မျက်နှာနီနီနှင့်လူကြီးကို စိုက်ကြည့်ရင်းမှ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

မျက်နှာနီနီနှင့်လူကြီးမှာ ဒေါသထွက်လွန်းသည့်အတွက်ကြောင့် အော်ပင်မပြောနိုင်တော့ဘဲ ရယ်မောလျက်သာ ပြန်ပြောလိုက်လေသည်။ “ငါ ဘာလို့ မင်းကို ပြောပြရမှာလဲ…”

မျက်နှာနီနီနှင့်လူကြီး ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ဘုန်းခနဲမြည်သံနှင့်အတူ တိမ်တိုက်နီဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် ဂိုဏ်းကာကွယ်ရေးအစီအရင် တစ်စစီ ပျက်စီးသွားခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်သီးကို ပြန်ရုတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေ၏။ “ဒီနေ့ ကျုပ် စိတ်သိပ်မရှည်ဖြစ်နေတယ်… ဒီတော့ နည်းနည်း ရိုင်းသလိုဖြစ်သွားရင်တော့ ခွင့်လွှတ်ပေးပါနော်…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ရှေ့သို့တစ်လှမ်းလှမ်းလိုက်ရာ ချက်ချင်းဆိုသလို မျက်နှာနီနီနှင့် လူကြီးရှေ့သို့ ရောက်လာခဲ့လေသည်။

သူ့အား အလွန်ပြင်းထန်သည့်ဖိအားတစ်ရပ်မှ လွှမ်းခြုံလာချိန် မျက်နှာနီနီနှင့်လူကြီးမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့လေ၏။ ထို့နောက် ခေါင်းမော့၍ ကြည့်လိုက်ရာ ရန်ကိုင်သည် သူနှင့် လက်မအနည်းငယ်ခန့်အကွာတွင် ရှိနေကြောင်း တွေ့လိုက်ရလေသည်။ မျက်နှာနီနီနှင့်လူကြီးမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် နောက်သို့ဆုတ်ရင်းမှ ကတုန်ကယင်ဖြင့် ပြန်၍မေးလိုက်လေ၏။ “မင်း ဘာလိုချင်နေတာလဲ…”

ရန်ကိုင်သည် ဂိုဏ်းကာကွယ်ရေးအစီအရင်ကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးပြသွားခဲ့သည်။ ဂိုဏ်းကာကွယ်ရေးအစီအရင်အား အစွမ်းကုန်လှည့်ပတ်ထားခြင်း မရှိပါသော်ငြား ထိုအကာအကွယ်သည် မည်သူမဆို အလွယ်တကူ ဖျက်ဆီးနိုင်သည့် အရာမျိုးမဟုတ်ပေ။ ထို့အပြင် အစမှအဆုံးထိ ထိုလူငယ်လေးသည် မည်သည့်စွမ်းအင်အရှိန်အဝါကိုမှ ထုတ်လွှတ်မသွားခဲ့ပေ။ ထိုသို့ဖြစ်လေရာ ဤလူငယ်လေးသည် ရုပ်ခွန်အားသက်သက်ဖြင့် ဂိုဏ်းကာကွယ်ရေးအစီအရင်ကို မည်သို့များ ဖျက်ဆီးနိုင်လိုက်နိုင်ရလေသနည်း။

ထို့နောက်တွင် ရန်ကိုင်သည် မျက်နှာနီနီနှင့်လူကြီးအား အင်္ကျီလည်တိုင်မှ ဆွဲကိုင်၍ မေးလိုက်လေသည်။ “ခင်ဗျား နားပင်းနေတာလား… ကျုပ် တစ်ကြိမ်မက မေးပြီးသွားပြီလေ… သူ ဘယ်မှာလဲလို့… အဲ့ဒါကို ဘာဖြစ်လို့ ထပ်လာမေးနေသေးတာလဲ…”

ရန်ကိုင်မှ အော်ငေါက်၍မေးလိုက်ရာ မျက်နှာနီနီနှင့်လူကြီး၏ မျက်နှာတစ်ပြင်လုံး တံတွေးများ စင်ကုန်ရလေသည်။ ထို့အတွက်ကြောင့် မျက်နှာနီနီနှင့် လူကြီးမှာ ရန်ကိုင်အပေါ် ကြောက်ရွံ့နေလင့်ကစား ဒေါသထွက်ထွက်ဖြင့် ပြန်အော်ပြောလိုက်လေသည်။ “သိပ်ပြီးတော့ မောက်မာပြမနေနဲ့ကွ… ဒီနေရာက တိမ်တိုက်နီဂိုဏ်းပဲ… မင်း ကိုယ့်အကြောင်းကိုယ်သိတယ်ဆိုရင် ဒီနေရာကနေ ချက်ချင်းထွက်သွားလိုက်… မဟုတ်ရင် မင်းတစ်ဘဝလုံး နောင်တရနေရမှာ…”

ရန်ကိုင်မှာ အလွန်ကိုမှ အားကောင်းသည့်စွမ်းအားကို ထုတ်ပြသွားခဲ့ပါသော်ငြား ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အကြီးအကဲတစ်ဦး ဖြစ်သည့်အလျောက် သူ့အနေဖြင့် အားနည်းပြနေ၍မရပေ။ ဂိုဏ်းထဲတွင် တပည့်ပေါင်းထောင်နှင့်ချီကာ ရှိနေခဲ့သည်။ ထို့အပြင် တာအိုသခင်အဆင့်သို့ ရောက်နေသော အကြီးအကဲ ဆယ်ဦးကျော်မကလည်း ရှိနေပေသေးသည်။ ဂိုဏ်းချုပ်ဆိုလျှင် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။ ရန်ကိုင်သည်သာ ဤနေရာတွင် ပြဿနာရှာမည်ဆိုပါက ကျိန်းသေ ဒုက္ခရောက်သွားရပေလိမ့်မည်။

ထို့အပြင် ရန်ကိုင်မှ ဂိုဏ်းကာကွယ်ရေးအစီအရင်အား ဖျက်ဆီးပြီးပြီးချင်းမှာပင် မျက်နှာနီနီနှင့်လူကြီးသည် ဂိုဏ်းထဲရှိ အကြီးအကဲများအား တိတ်တဆိတ် သတင်းပို့လိုက်လေသည်။ ထို့အတွက်ကြောင့် ယခုဆိုလျှင် ထိုလူများ ဤနေရာသို့ လာနေလောက်ပေပြီ။

ထိုအခိုက်အတန့်မှာပင် အလင်းတန်းတစ်ခု ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့ပြီး ဆေဘာဓါးအသွင်သို့ ပြောင်းကာ သူ့အား ခုတ်ချလိုက်လေသည်။

ရန်ကိုင်မှာ တိုးဝင်လာနေသည့် ဆေဘာဓါးဆီသို့ လက်ညှိုးဖြင့် တောက်ချလိုက်ရာ ဆေဘာဓါးမှာ တဆတ်ဆတ်တုန်ခါသွားပြီးသည့်နောက် လွင့်ပျံထွက်သွားခဲ့လေသည်။ ထို့နောက်တွင် လူအိုကြီးတစ်ဦးသည် ထိုဆေဘာဓါးကို လှမ်း၍ ဖမ်းဆွဲလိုက်လေ၏။ သို့သော်ငြား သူ့မျက်နှာမှာ ပြုံးရွှင်နေခြင်းမရှိဘဲ မှုန်ကုပ်နေခဲ့လေသည်။ အကြောင်းမှာ သူ့ဆေဘာဓါး ထိခိုက်သွားရသည့် အတွက်ကြောင့်ပင်။

(ဒီလူ ဘယ်သူလဲဟ…)

“ရွှစ်… ရွှစ်… ရွှစ်…”

ပိုမိုအားကောင်းလှသည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် လူရှစ်ဦး ပေါ်လာခဲ့လေသည်။ ထိုလူများကိုမြင်သည့်အခါ တပည့်များအားလုံး ချက်ချင်းပဲ တလေးတစားဖြင့် ဦးညွှတ်လိုက်ကြလေသည်။ ထိုလူများမှာ အခြားမဟုတ်။ ဂိုဏ်းထဲတွင် အကြီးအကဲများအဖြစ် တာဝန်ထမ်းနေ‌ကြသော တာအိုသခင်အဆင့် ပညာရှင်များသာ ဖြစ်ကြလေသည်။ ပုံမှန်အားဖြင့် တပည့်များအဖို့ အကြီးအကဲတစ်ဦးကို တွေ့ရဖို့ရာပင် အတော်လေးကိုမှ ခက်ခဲလှပါသော်ငြား ယနေ့တွင်တော့ အကြီးအကဲအားလုံးကို ဤနေရာ၌ တစ်ပြိုင်တည်း တွေ့နေရလေသည်။ ကိစ္စအရပ်ရပ်ကြောင့် ဂိုဏ်းအပြင်သို့ရောက်နေသည့် အကြီးအကဲများမှလွဲ၍ ဂိုဏ်းထဲတွင်ရှိနေသည့် အကြီးအကဲအားလုံး ဤနေရာသို့ ရောက်နေကြသည်ဟု ပြော၍ရသည်။

ထို့နောက်တွင် အနက်ရောင်အဝတ်အစားများကို ဝတ်ဆင်ထားသည့်လူတစ်ဦး ရှေ့သို့ ထွက်လာခဲ့လေသည်။

“ဂိုဏ်းချုပ်…”

အခြားလူများမှာ ဦးညွှတ်နှုတ်ဆက်လာခဲ့သော် အနက်ရောင်ဝတ်ရုံဝတ်လူက အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။

သူသည် တိမ်တိုက်နီဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ဟန်ကျန်းယွမ် ဖြစ်ပေသည်။ ဂိုဏ်းကာကွယ်ရေးအစီအရင်မှာ ထိခိုက်သွားရပြီဖြစ်လေရာ မျက်နှာနီနီနှင့်လူကြီးမှ အကြောင်းမကြားလျှင်ပင် ဤမျှအရေးကြီးသည့်ကိစ္စကို သူကိုယ်တိုင် လာမကြည့်ဘဲ မနေပေ။

လူငယ်လေးတစ်ဦးမှ သူတို့ဂိုဏ်း၏ အကြီးအကဲတစ်ဦးအား အင်္ကျီလည်တိုင်မှ ဆွဲကိုင်ထားသည်ကိုမြင်သော် ဟန်ကျန်းယွမ်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။

“ငါ့ကိုလွှတ်ပေးလိုက်တော့…” မျက်နှာနီနီနှင့်လူကြီးသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ အော်ပြောလိုက်လေသည်။

ယခုဆိုလျှင်တော့ ရန်ကိုင်မှာ အတော်လေးတည်ငြိမ်သွားခဲ့လေပြီ။ ယခုကိစ္စတွင် စုယန်ပါနေသည့်အတွက်ကြောင့်သာ ရန်ကိုင်အနေဖြင့် ယခုကဲ့သို့ မဆင်မခြင် လုပ်မိလိုက်ခြင်း ဖြစ်လေသည်။ သို့ရာတွင် ဤဂိုဏ်းမှ စုယန်၏ဂိုဏ်း ဖြစ်နေသည့်အလျောက် ရန်ကိုင်လည်း ပြဿနာမရှာချင်တော့လေရာ ပြောသည့်အတိုင်း မျက်နှာနီနီနှင့်လူကြီးကို ပြန်လွှတ်ပေးလိုက်လေသည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်ကြောက်သွားပြီဟု တိမ်တိုက်နီဂိုဏ်းသားများ ထင်သွားကုန်ကြလေသည်။ မျက်နှာနီနီနှင့်လူကြီးမှာ ချက်ချင်းပဲ မောက်မာဝံ့ကြွားလာခဲ့ပြီး ဟန်ကျန်းယွမ်ဘက်သို့လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်…”

ဟန်ကျန်းယွမ်သည် မျက်နှာနီနီနှင့်လူကြီးအား ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ရန်ကိုင်ဘက်သို့လှည့်၍ ပြန်မေးလိုက်သည်။ “လူကြီးမင်းဘယ်သူလဲ… ဘာလို့ ဒီကိုရောက်လာလဲဆိုတာကို မေးလို့ရမလား…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်နာမည်ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိဘူး… ကျုပ် ဒီကို လူတစ်ယောက်လာရှာတာ…”

“ဘယ်သူလဲ…”

“စုယန်ပဲ….”

ဟန်ကျန်းယွမ်က မှောင်ကျုံ့၍ ပြန်မေးလိုက်လေသည်။ “လူကြီးမင်းက စုယန်နဲ့ ဘဘ်လိုပတ်နေတာလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်က သူ့ယောက်ျားပဲ…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့လေသည်။ တပည့်အားလုံးမှာ ရန်ကိုင်အား အရူးတစ်ယောက်ကို ကြည့်နေသည့်ပမာ မင်သက်နေသည့်အကြည့်များဖြင့် စိုက်ကြည့်နေကုန်ကြလေသည်။ စုယန် ဂိုဏ်းထဲသို့ ရောက်နေသည်မှာ နှစ်ပေါင်းနှစ်ဆယ်မက ကြာသွားခဲ့ပြီဖြစ်ပါသော်ငြား သူမတွင် ယောက်ျားတစ်ဦးရှိကြောင်း သူတို့ တစ်ခါမှ မကြားခဲ့ရဖူးပေ။ ပုံမှန်အားဖြင့် စုယန်သည် အခြားသောယောက်ျားများနှင့် စကားပြောလေ့မရှိပေ။ ထိုသို့ဖြစ်လေရာ သူမတွင် မည်ကဲ့သို့များ ယောကျ်ားတစ်ဦး ရှိနေရမည်နည်း။

စုယန်သည် တိမ်တိုက်နီဂိုဏ်းထဲ အလွန်ကိုမှ နာမည်ကျော်ကြားသည့်လူတစ်ဦး ဖြစ်သလို ဂိုဏ်းထဲရှိ ယောက်ျားလေးတပည့်ပေါင်းများစွာမှာလည်း သူမအား လိုက်လံပိုးပမ်းနေခြင်း ဖြစ်ကြလေသည်။ ထို့အတွက်ကြောင့် ဘယ်သူမှန်းမသိသည့် လူတစ်ဦးသည် ဂိုဏ်းထဲတွင် ရုတ်တရက်ပေါ်လာပြီး သူ့ကိုယ်သူ စုယန်၏ယောက်ျားဖြစ်သည်ဟု ပြောလာမည်ဆိုပါက ဂိုဏ်းထဲတွင်ရှိနေသည့် မည်သည့်ယောက်ျားမဆို ဒေါသထွက်သွားကြလိမ့်မည်မှာ သဘာဝသာ ဖြစ်လေသည်။

“လာပြီးတော့ လိမ်မနေနဲ့ကွ…” ဟန်ကျန်းယွမ် ပြန်မပြောနိုင်သေးခင်မှာပင် လူငယ်လေးတစ်ဦး ရုတ်တရက်ပေါ်လာပြီး ရန်ကိုင်အား အော်ပြောလိုက်လေသည်။

ရန်ကိုင်လည်း အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ သပ်သပ်ရပ်ရပ်ဝတ်စားထားသော လူတစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုလူ၏အသားအရေမှာ နှင်းသားပမာ ဖြူဖွေးနေပြီး ကိုယ်လုံးကိုယ်ပေါက်မှာတော့ သေးသွယ်သွယ်ပင်။ ထိုလူ၏ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင်အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေပါသော်ငြား သူ့အရှိန်အဝါမှာ သိပ်၍ တည်ငြိမ်ခြင်းမရှိပေ။ ကြည့်ရသလောက် သူ့အုတ်မြစ်မှာ ခိုင်မာကျစ်လျစ်ခြင်းမရှိသည်မှာ အသိသာကြီးပင်။ တစ်နည်းဆိုရသော် ထိုလူသည် သူ့လက်ရှိကျင့်ကြံခြင်းအား ဆေးလုံးများ၊ အဖိုးတန်ရတနာများ၏အကူအညီဖြင့် ရောက်ရှိလာခြင်းသာ ဖြစ်လေ၏။

သေသေချာချာ ကြည့်ကြည့်လိုက်သည့်နောက် ထိုလူသည် ဟန်ကျန်းယွမ်နှင့် အတော်လေးကိုမှ ရုပ်ဆင်နေကြောင်း တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလို ထိုလူမည်သူမှန်း ရန်ကိုင် သိသွားတော့လေ၏။

All Chapters