အခန်း (၃၁၁၁-၃၁၁၅)
Vol. 135 Ch. 3111-3115
အပိုင်း (၃၁၁၁)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်မှ သူ့အား ပြုံးဖြီးဖြီးဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်သော် ဟန်ကျန်းချန် ဒေါသထွက်သွားခဲ့လေသည်။ ရန်ကိုင်၏အပြုံးထဲ အဓိပ္ပာယ်တစ်မျိုးမျိုး ပါနေသည်ဟု သူ့စိတ်ထဲ ခံစားနေရပါသော်ငြား ထိုကိစ္စနှင့်ပတ်သက်၍ အချိန်မဖြုန်းလိုတော့သည့်အတွက်ကြောင့် မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်၍သာ ပြောလိုက်လေ၏။ “ကောင်လေး… မင်း အပိုစကားတွေ သိပ်မပြောနဲ့ကွ… မဟုတ်ရင် မင်း ပြဿနာတက်သွားနိုင်တယ်နော်…”
တိမ်တိုက်နီဂိုဏ်းထဲတွင် ရှိနေသည့် မည်သူမဆို စုယန်သည် သူ့အပိုင်မှန်း သိထားကြလေသည်။ လူပေါင်းများစွာသည် စုယန်အား နှစ်သက်ကြပါသော်ငြား အဝေးမှကြိတ်၍ အားကျနေရုံသာ တတ်နိုင်ကြလေသည်။ မည်သူမျှ စုယန်နှင့် နီးနီးကပ်ကပ် သွားမနေရဲကြပေ။ တစ်ခါက လူတစ်ဦးသည် မည်သူ့ကိုမှ အရေးမထားပဲ စုယန်နှင့် အနီးကပ် သွားစကားပြောခဲ့လေသည်။ နောက်တစ်နေ့တွင် ထိုလူမှာ အရိုးများကျိုးနေပြီး သွေးကြောများမှာ ဖျက်ဆီးထားခံရကြောင်း တွေ့လိုက်ရလေသည်။
ထိုအချိန်မှစ၍ တိမ်တိုက်နီဂိုဏ်းထဲရှိ မည်သူမျှ စုယန်နားသို့ မကပ်သွားရဲကြတော့ပေ။
ထို့အတွက်ကြောင့် တစ်ယောက်ယောက်သည် သူ့ကိုယ်သူ စုယန်၏ယောက်ျား ဖြစ်သည်ဟု တိမ်တိုက်နီဂိုဏ်းထဲ ပေါ်ပေါ်ထင်ထင် လာပြောရဲလိမ့်မည်ဟု ဟန်ကျန်းချန် မယုံကြည်နိုင်ခြင်း ဖြစ်သည်။ သူ့စိတ်ထဲ အလွန်ကိုမှ ဒေါသူပုန်ထနေလေရာ ရန်ကိုင်အား သေသေချာချာ စိုက်ကြည့်နေရင်းမှ ဤလူကို မည်ကဲ့သို့ နှိပ်စက်ရင်ကောင်းမလဲ ဆိုသည်ကိုပင် စတင်စဉ်းစားနေတော့လေသည်။
ထို့နောက်တွင် ဟန်ကျန်းယွမ်ဘက်သို့ လှည့်၍ “အဖေ… ဒီကောင့်လုပ်ပုံက ကျုပ်တို့ဂိုဏ်းကို လုံးဝအလေးမထားတာ အသိသာကြီးပဲ… ဂိုဏ်းကာကွယ်ရေးအစီအရင်ကိုလည်း ထိခိုက်အောင်လုပ်တယ်… ဂိုဏ်းထဲကိုလည်း အတင်းအကြပ် ချိုးဖောက်ဝင်ရောက်လာတယ်… သူ့လိုလူမျိုးကို လုံးဝ ခွင့်လွှတ်ပေးလို့မရဘူး… ဒါကြောင့် အခြားသူတွေကို နမူနာပေးလို့ရအောင် ကျေးဇူးပြုပြီး သူ့ကို သတ်ပစ်ပေးပါ အဖေ… မဟုတ်လို့ရှိရင် ကျုပ်တို့တွေက ငကြောက်တွေလို့ အခြားသူတွေ ထင်သွားနိုင်တယ်…”
ဟန်ကျန်းယွမ်ကမူ မျက်နှာသေအမူအယာဖြင့်သာ ပြန်ပြောလိုက်လေသည်။ “ပြန်ဆုတ်နေ… ငါ့ဘာသာငါလုပ်မယ်…”
“အဖေ…” ဟန်ကျန်းချန်က ထပ်၍ပြောလိုက်သည်။
“ပြန်ဆုတ်နေလို့ ငါပြောတယ်လေ…” ဟန်ကျန်းယွမ်၏မျက်နှာ ခက်ထန်သွားတော့လေသည်။
ထိုအခါမှသာလျှင် ဟန်ကျန်းချန်မှာလည်း မှုန်ကုပ်ကုပ်အမူအယာဖြင့် ပွစိပွစိလုပ်ရင်းမှ နောက်သို့ပြန်ဆုတ်နေလိုက်လေ၏။ ဟန်ကျန်းချန်ငယ်စဉ်ကတည်းက သူ့အဖေသည် သူ့အပေါ် အလွန်ကိုမှ အလိုလိုက်ခဲ့သည်။ ထို့အတွက်ကြောင့် ကြီးလာသည့်အခါ အဖေအားကိုးဖြင့် မောက်မာဝံ့ကြွားနေသည့် လူရမ်းကားတစ်ဦး ဖြစ်လာတော့လေသည်။ တိမ်တိုက်နီဂိုဏ်းထဲတွင် သူ့အနေဖြင့် သူလုပ်ချင်သည့် ကိစ္စအားလုံးနီးပါးကို လုပ်၍ရပေသည်။ ယခု ရန်ကိုင်သည် စုယန်၏ယောက်ျား ဖြစ်သည်ဟု ပြောလာသည့်အတွက်ကြောင့် သူ့စိတ်ထဲ ရန်ကိုင်ကို အလွန်သတ်ချင်နေခဲ့သည်။ သို့ရာတွင် သူ့အပေါ် အလွန် အလိုလိုက်သော သူ့အဖေသည် ဘာကြောင့်များ သူ၏တောင်းဆိုချက်ကို ငြင်းဆန်နေမှန်း နားမလည်နိုင်ပေ။ ယခုအချိန်တွင် အမှားလုပ်ထားသည့်လူမှာ ရန်ကိုင်သာလျှင် ဖြစ်သည်မဟုတ်ပေလော။ သူ့ဘက်မှမတောင်းဆိုလျှင်ပင် သူ့အဖေအနေဖြင့် ရန်ကိုင်အား ကျိန်းသေ အပြစ်ပေးသင့်ပေသည်။ သို့သော်ငြား ထိုသို့မလုပ်ခဲ့သည့်အတွက်ကြောင့် သူ့ခမျာ လူကြားထဲ၌ အရှက်ကွဲရတော့လေ၏။
အခြားလူတစ်ဦးဦးသာ ယခုကဲ့သို့ သူ့ဂိုဏ်းထဲ လာပြဿနာရှာမည်ဆိုလျှင်တော့ ဟန်ကျန်းယွမ်အနေဖြင့် ထိုလူအား အလွတ်ပေးလိမ့်မည်မဟုတ်ချေ။ ဂိုဏ်း၏ဂုဏ်သတင်းကို ကာကွယ်နိုင်ရန်အတွက် ထိုလူအား ကျိန်းသေ အပြစ်ပေးပေလိမ့်မည်။ သို့သော်ငြား လက်ရှိ သူ့ရှေ့တွင် ရပ်နေသည့် လူငယ်လေးဆီမှ မည်သည့်စွမ်းအင်အရှိန်အဝါမှ ဖြာထွက်နေခြင်းမရှိ။ ထို့အပြင် ထိုလူငယ်လေးဆီမှ ခြောက်ခြားဖွယ်ရာကောင်းသည့် ခံစားချက်တစ်မျိုးကို ဟန်ကျန်းယွမ် ရနေခဲ့ရသည်။
ထိုအရာမှာတော့ သူသည်သာ ထိုလူငယ်လေးနှင့် တိုက်ခိုက်မည်ဆိုလျှင် တကယ်တမ်း ဆိုးရွားသည့်အဆုံးသတ်နှင့် ကြုံရမည်မှာ ထိုလူငယ်လေးမဟုတ်ဘဲ တိမ်တိုက်နီဂိုဏ်း ဖြစ်သည်ဟူ၍သာ။ ထိုအကြောင်းကြောင့်ပင်လျှင် ဟန်ကျန်းယွမ်မှာ အတတ်နိုင်ဆုံး သတိထား၍ လုပ်နေခြင်း ဖြစ်လေသည်။
“ညီလေး… မင်းနာမည်ဘယ်လိုခေါ်လဲ…” ဟန်ကျန်းယွမ်က မေးလိုက်သည်။
ရန်ကိုင်မှ သူ့နာမည်ကို ပြောပြလိုက်သော် ဟန်ကျန်းယွမ် မျက်မှောင်ကျုံ့သွားခဲ့လေ၏။ (ဒီနာမည်ကို ငါ တစ်ခါမှ မကြားဖူးဘူး…)
ထို့နောက် အခြားသောအကြီးအကဲများဘက်သို့ လှမ်းကြည့်လိုက်ရာ အကြီးအကဲများမှာလည်း ဇဝေဇဝါဖြစ်နေကြကြောင်း တွေ့လိုက်ရလေသည်။
(အိုး… မင်းတို့တောင် သူ့နာမည်ကို မကြားဖူးဘူးလား… အဲ့လိုဆိုမှတော့ ဒီကောင့်မှာ ဘာနောက်ခံမှ မရှိလို့ပဲ ဖြစ်ရလိမ့်မယ်… ဒါဆိုရင်တော့ ဒီကိစ္စက ရှင်းလို့လွယ်သွားပြီ…)
“မင်းက စုယန်ရဲ့ယောကျ်ားလို့ ပြောတယ်နော်… မင်းမှာ ဘာသက်သေရှိလဲ…” ဟန်ကျန်းယွမ်က ထပ်မေးလိုက်သည်။ “ငါ မင်းကို သံသယဝင်နေတာတော့မဟုတ်ဘူး… ဒါပေမယ့် စုယန်က ငါ့ဂိုဏ်းကတပည့်လေ… ငါက ဒီဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆိုတော့ ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်ဖို့လိုတာပေါ့…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “စုယန်ကိုသာ လာခိုင်းလိုက်… အဲ့ဒါဆို ခင်ဗျားသိလိမ့်မယ်…”
ရန်ကိုင် အလွန်ကိုမှ ယုံကြည်ချက်ရှိနေသည်ကိုမြင်သော် ဟန်ကျန်းယွမ်မှာ ရန်ကိုင်အား စတင်၍ ယုံကြည်မိချင်လာလေသည်။ သို့ရာတွင် ဟန်ကျန်းချန်၏အမူအယာမှာတော့ ပိုပို၍ သုန်မှုန်လာခဲ့လေသည်။ (အဲ့မိန်းမမှာ တကယ်ကြီး ယောက်ျားရှိနေတာလား… သူ ဘယ်တုန်းက လက်ထပ်ထားတာလဲ… သူ ငါတို့ဂိုဏ်းထဲရောက်တာ နှစ်နှစ်ဆယ်ကျော်နေပြီ… ဘယ်အပြင်လူတစ်ယောက်နဲ့မှ နီးနီးကပ်ကပ်နေဖူးတာမဟုတ်ဘူး… အဲ့ဒါကို ဘယ်လိုလုပ်ပြီး သူ့မှာ ယောက်ျားရှိနေရတာလဲ… ဒီကောင် မဟုတ်သုခလျှောက်ပြောနေတာပဲ ဖြစ်ရလိမ့်မယ်…)
“စုယန် ငါတို့ဂိုဏ်းထဲကိုရောက်တာ နှစ်နှစ်ဆယ်ကျော်နေပြီ… အဲ့အချိန်အတောအတွင်း ဘယ်အပြင်လူတစ်ယောက်နဲ့မှ နီးနီးကပ်ကပ်မနေဖူးဘူး… ဒီတော့ မင်းက ဘယ်လိုလုပ်ပြီး သူ့ယောက်ျားဖြစ်ရလာတာလဲ…”
“ကျုပ်ကလား… ကျုပ်က ဟုန်းလော့ကြယ်စီရင်စုကြီးထဲကနေ လာခဲ့တာလေ…”
“ဘယ်လို…” ထိုစကားကိုကြားသော် ဟန်ကျန်းယွမ် ထိတ်လန့်သွားတော့လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့ကိုယ်သူ ပြန်လည်လှောင်ပြောင်ပြောဆိုလိုက်လေ၏။ (အသက်ကြီးလာလို့များ ငါအကြောက်လွန်သွားတာလား… ဘာလို့များ ဒီလောက်တောင် သတိကြီးနေရတာလဲ… ဟူး… ငါ ငယ်ငယ်တုန်းကလို ဘယ်ကိစ္စကိုမှ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်းနဲ့ မလုပ်နိုင်တော့ဘူးပဲ…)
စုယန် ဟုန်းလော့ကြယ်စီရင်စုမှလာသည့်ကိစ္စမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်လေရာ တိမ်တိုက်နီဂိုဏ်းထဲတွင် ရှိနေသော လူပေါင်းများစွာ ထိုအကြောင်းကို သိထားကြပေသည်။ ဂိုဏ်းချုပ်တစ်ဦးဖြစ်သည့်အလျောက် ဟန်ကျန်းယွမ်မှာလည်း ထိုအချက်ကို သိထားသည်။ စုယန်၏ပြောပုံအရ သူမသည် ဟုန်းလော့ကြယ်စီရင်စုကြီးထဲမှ ထွက်၍ မူလကုန်းမြေဆီသို့ ရောက်ရှိလာသည့် ပထမဦးဆုံးသော လူတစ်ဦး ဖြစ်ပေသည်။
တစ်နည်းဆိုရသော် ဤရန်ကိုင်ဆိုသည့်လူသည် စုယန်ရောက်လာပြီးသည့်နောက်မှသာ မူလကုန်းမြေကြီးဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ ရန်ကိုင် ဤနေရာသို့ရောက်သည်မှာ မကြာသေးသည့်အတွက်ကြောင့် သူ့ကျင့်ကြံခြင်းသည် အလွန်မြင့်မားနေစရာအကြောင်း မရှိပေ။
အများဆုံးမှ သူ့ကျင့်ကြံခြင်းသည် တာအိုသခင်ပထမအဆင့်လောက်သာ ရှိပေလိမ့်မည်။ ဟန်ကျန်းယွမ်အနေဖြင့် ထိုလူငယ်လေး၏ကျင့်ကြံခြင်းကို အာရုံမခံနိုင်ရခြင်းမှာ ရန်ကိုင်သည် ကျင့်စဉ်တစ်မျိုးမျိုးကို သုံး၍ သူ့ကျင့်ကြံခြင်းအား ဖုံးကွယ်ထားလျှင်ထား ထိုသို့မလုပ်ပါက အကာအကွယ်မှော်ရတနာတစ်မျိုးမျိုးကို အသုံးပြု၍ သူ့ကျင့်ကြံခြင်းအား ဖုံးကွယ်ထားသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ထို့နောက်တွင် ဟန်ကျန်းယွမ်သည် ခေါင်းခါ၍ ရယ်သွမ်းသွေးလျက် “ဒီတော့ မင်းနဲ့စုယန်က ကြယ်စီရင်စုကြီးတစ်ခုတည်းက လာခဲ့တာပေါ့…”
ထိုစကားကိုကြားသော် ဟန်ကျန်းချန်၏မျက်နှာ သံပုရာသီးကိုက်လိုက်ရသည့်ပမာ ရှုံ့မဲ့သွားခဲ့ပြီး သူ့စိတ်ထဲ စုယန်အား ကြိတ်ကာ အော်ဆဲတော့လေသည်။ (ခွေးမ… ငါတို့ရှေ့မှာတော့ အပျိုစင်လိုလို ဘယ်ယောက်ျားနဲ့မှ မဆက်ဆံချင်သလို လာလုပ်နေပြီးတော့ နောက်ကွယ်မှာတော့ ယောကျ်ားတစ်ယောက်နဲ့ အိပ်ခဲ့တာပေါ့… ဟုတ်လား… အဲ့လိုမှန်းသာသိခဲ့လို့ရှိရင် သူ့အပေါ် အခုလိုမျိုး ညှာညှာတာတာ လုပ်မနေပါဘူး… အချိန်ကုန်ခံမယ့်အစား တစ်ခါတည်းပဲ အားသုံးပြီးတော့ အတင်းအကြပ်ရအောင် လုပ်ပစ်လိုက်တယ်…)
“ဟုတ်တယ်… စုယန်နဲ့ကျုပ်က ကြယ်စီရင်စုထဲမှာတည်းက လင်မယားဖြစ်နေတာ… ရှင်းရှင်းပြောရရင် ကျုပ်တို့နှစ်ယောက်လုံးက တစ်ဂိုဏ်းတည်းကလာတာပဲ…” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ထပ်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ဟန်… ကျေးဇူးပြုပြီးတော့ ကျုပ်ရောက်နေတဲ့အကြောင်း စုယန်ကို ပြောပေးပါဦး…”
ရန်ကိုင်သည် စုယန်ကို ရှာရန်အတွက်သာ လာခြင်းဖြစ်သည့်အတွက်ကြောင့် ထိုလူများနှင့် အချိန်ကုန်ခံမနေလိုပေ။
ဟန်ကျန်းယွမ်က ပြန်ပြောလိုက်သည်။ “ကောင်းပြီလေ…” ထို့နောက် သူ့လေသံကို ရုတ်တရက်ပြောင်းလျက် “ဒါပေမယ့် စုယန်က အခု ဒီနေရာနဲ့ တော်တော်ဝေးတဲ့နေရာမှာ ရောက်နေတာကွ… ဒီတော့ ဒီကို ပြန်လာဖို့ဆိုရင် အတော်လေးအချိန်ကြာလိမ့်မယ်…”
“ကိစ္စမရှိဘူး… ကျုပ်စောင့်မယ်…” စုယန်ကိုတွေ့ရန်အတွက် ရန်ကိုင်မှာ နှစ်ပေါင်းများစွာကြာအောင် စောင့်ခဲ့ရပြီးဖြစ်လေရာ အချိန်အနည်းငယ်လောက် ထပ်စောင့်ရ၍လည်း ကိစ္စမရှိပေ။ (ဒါကြောင့်မို့လို့ သူ့ရဲ့အရှိန်အဝါကို ငါ အာရုံခံမရတာကိုး…)
“အကြီးအကဲချန်… ဒီကညီလေးကို ဧည့်ခန်းထဲခေါ်သွားပြီး ဧည့်ခံပေးထားလိုက်ပါဦး… ကျုပ် စုယန်ကိုတော့ ဒီကိုလာဖို့ လှမ်းအကြောင်းကြားလိုက်ဦးမယ်…” ဟန်ကျန်းယွမ်က မျက်နှာနီနီနှင့်လူကြီးအား လှမ်းပြောလိုက်သည်။
မျက်နှာနီနီနှင့်လူကြီးမှာ ကြောင်အမ်းအမ်းဖြစ်သွားခဲ့ပြီးသည့်နောက် ချက်ချင်းပဲ လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ “ကောင်းပါပြီ…” ထို့နောက်တွင် ရန်ကိုင်အား လှမ်းခေါ်လိုက်လေ၏။ “ဒီလမ်းအတိုင်း လိုက်ခဲ့ပေးပါ…”
ပုံမှန်အားဖြင့် အဆင့်နိမ့်ကြယ်စီရင်စုမှ ကျင့်ကြံသူတစ်ဦးကို ယခုကဲ့သို့ ဆက်ဆံစရာအကြောင်းမရှိပေ။ သို့သော်ငြား ရန်ကိုင်ထုတ်ပြသွားသည့်ခွန်အားမှာ အတော်လေးကိုမှ အားကောင်းလှသည့်အတွက်ကြောင့် အနည်းဆုံးတော့ သူ့အနေဖြင့် ယခုကဲ့သို့ ဆက်ဆံခံရဖို့ ထိုက်တန်ပေသည်။
ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် အကြီးအကဲချန်နောက်သို့ လိုက်သွားလေသည်။
ထိုလူများ ထွက်သွားသည်ကိုကြည့်ရင်း တပည့်များမှာ အနည်းငယ် မယုံကြည်နိုင် ဖြစ်နေကြလေသည်။ (ဒီကိစ္စက ဒီလိုပဲ ပြီးသွားတာလား… အခြားတစ်ယောက်က ငါတို့ပိုင်နက်နယ်မြေထဲကို ကျူးကျော်လာပြီးတော့ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ထိခိုက်အောင် လုပ်တာလေ… ဒါပေမယ့် အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်က ဘာဖြစ်လို့ သူ့ကို ဒီတိုင်း လွှတ်ပေးထားတာလဲ… လွှတ်ပေးထားရုံတင်မဟုတ်သေးဘူး… ဂိုဏ်းထဲခေါ်ပြီးတော့ပါ ဖော်ဖော်ရွေရွေနဲ့ ရေနွေးကြမ်း တည်ခင်းဧည့်ခံနေသေးတယ်… ငါတို့ဂိုဏ်းကအကြီးအကဲနဲ့ ဂိုဏ်းချုပ်တွေ ဘယ်တုန်းကများ ဒီလောက်တောင် ဖော်ရွေသွားကြတာလဲ… ပြီးတော့ စီနီယာစုယန်က ဂိုဏ်းထဲမှာ မရှိဘူးလား…)
ဤသည်မှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်းကိုတော့ အချို့လူများ သဘောပေါက်ကြပေသည်။ သူတို့စိတ်ထဲ အကြီးအကဲတို့နှင့် ဂိုဏ်းချုပ်၏လုပ်ရပ်အပေါ် အထင်သေးမိသည့်တိုင် သူတို့တတ်နိုင်သည့်အရာ ဘာမှမရှိ။ သက်ပြင်းချရင်းဖြင့်သာ လူငယ်လေးအား ကရုဏာသက်နေသည့်အကြည့်ဖြင့် ကြည့်လိုက်ကြလေသည်။
(ဒီလူသာ စီနီယာအစ်မစုရဲ့ ယောက်ျားဆိုရင်တော့ သူတော့ ကျိန်းသေ ပြဿနာတက်ပြီ…)
အခန်းထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုင်ခုံတစ်ခုံယူထိုင်၍ လှည့်ပတ်ကြည့်လိုက်သည်။ ဟဲယွင်ရှန်းသည် ရန်ကိုင်နောက်တွင် ရပ်နေပြီး လျို့ယန်သည် ရန်ကိုင်ဘေးနားတွင် ထိုင်နေခဲ့လေသည်။
ယခု ရန်ကိုင်တို့အား ဧည့်ခံနေသည်မှာ မျက်နှာနီနီနှင့် အကြီးအကဲချန်သာ ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်နှင့် စကားမပြောချင်နေသည့်အလား လိုရင်းတိုရှင်းသာ ပြောလေ၏။ “ဒီမှာ ခဏစောင့်နေနော်… မင်းရောက်နေတဲ့အကြောင်းကို စုယန်ကို ငါတို့အကြောင်းကြားသွားပြီ… ဒီတော့ သူ မကြာခင် ရောက်လာလိမ့်မယ်…” ထိုသို့ပြောပြီးသည့်နောက် မျက်လုံးပိတ်ကာ ထိုင်နေတော့လေ၏။ ကြည့်ရသလောက် သူ့လည်တိုင်ကို လူရှေ့သူရှေ့တွင် ဆွဲကိုင်ခဲ့သည့်အတွက် ရန်ကိုင်အပေါ် မကျေမနပ် ဖြစ်နေသေးသည့်ပုံပင်။
(မင်း မောက်မာနိုင်တုန်းတော့ မောက်မာထားဦးပေါ့ကွာ… ပြီးတော့မှ ငါ့ကိုလာရန်စတဲ့အတွက် ဘယ်လိုအကျိုးဆက်နဲ့ ရင်ဆိုင်ရမလဲဆိုတာကို မင်းသိသွားအောင် ငါလုပ်ပြပေးမယ်…) သူသာ မျက်လုံးဖွင့်လိုက်လျှင် ရန်ကိုင်အပေါ် ရန်လိုနေသည်ကို ရန်ကိုင်မှ သတိပြုမိသွားမည်ကို စိုးရိမ်နေသည့်အလား အကြီးအကဲချန်သည် သူ့မျက်လုံးကိုသာ တောက်လျှောက်ပိတ်ထားခဲ့လေသည်။
ထိုစဉ် မိန်းကလေးတပည့်တစ်ဦး ခန်းမထဲသို့ ဝင်လာပြီး ရန်ကိုင်တို့အတွက် ရေနွေးကြမ်းခွက်များ လာချပေးသွားလေ၏။
ထိုအခါမှသာလျှင် အကြီးအကဲချန် မျက်လုံးပြန်ဖွင့်လာခဲ့ပြီး ပြုံး၍ ပြောလိုက်လေသည်။ “ဒါက ငါတို့ဂိုဏ်းထဲမှာပဲရနိုင်တဲ့ တိမ်တိုက်နီရေနွေးကြမ်းလေ… ရှင်းရှင်းပြောရရင် ဒါက မူလကုန်းမြေထဲမှာတောင် တော်တော်နာမည်ကျော်တယ်… ညီလေး… မင်း တစ်ချက်လောက် သောက်ကြည့်လိုက်ပါလား… သာမန်လူတစ်ယောက်သာ ဆိုရင်တော့ ဒီလိုရေနွေးကြမ်းမျိုးကို သောက်နိုင်မှာမဟုတ်ဘူးကွ… ကြယ်စီရင်စုတွေထဲမှာ ရနိုင်တဲ့ ရေနွေးကြမ်းတွေတောင် ဒီရေနွေးကြမ်းကို လုံးဝမယှဉ်နိုင်ဘူး…” အကြီးအကဲချန်သည် ရန်ကိုင်အား တောသားမြို့ရောက်တစ်ဦးကို စကားပြောနေသည့်ပုံစံမျိုးဖြင့် တစ်ဖက်လူအပေါ် အထင်အမြင်တသေးဖြင့်ကြည့်ရင်းမှ ပြောနေခဲ့သည်။
ရန်ကိုင်ကမူ စကားတစ်ခွန်းမှမပြောခဲ့ဘဲ အကြီးအကဲချန်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
အကြီးအကဲချန်မှာ ပြုံးမြဲပြုံးနေပါသော်ငြား သူ့စိတ်ထဲတွင်တော့ အထိတ်ထိတ်အလန့်လန့်ဖြစ်နေခဲ့သည်။ (သူသတိထားမိသွားတာလား… မဖြစ်နိုင်ပါဘူး… ဒါက အရောင်မရှိ အနံ့မရှိတဲ့ဟာပဲကို… ငါကိုယ်တိုင်တောင် ကြိုသိနေလို့ ပြောနိုင်တာ… မဟုတ်ရင် ပြောနိုင်မှာမဟုတ်ဘူး… သူ့လို အဆင့်နိမ့်ကြယ်စီရင်စုကနေ လာတဲ့ တစ်ယောက်က ဘယ်လိုလုပ်ပြီး ကြိုသိမှာလဲ… ဂိုဏ်းချုပ်ကလည်း အပိုကို လုပ်လွန်းတယ်… ဒီကောင် အားကောင်းတာမှန်ပေမယ့် ငါတို့ဂိုဏ်းထဲမှာ လူတွေအများကြီးပဲကို… တစ်ခါတည်းရှင်းပစ်လိုက်ရင် ပြီးနေပြီ… ဘာလို့များ အခုလိုမျိုး အလုပ်ရှုပ်ခံပြီး လုပ်နေရတာလဲကို မသိတော့ဘူး…)
သူ့စိတ်ထဲ မကျေမနပ်ဖြစ်နေလင့်ကစား အကြီးအကဲချန်မှာ ပေးလာသည့်တာဝန်ကို သေချာသတိထား၍ ဆောင်ရွက်နေရလေသည်။ တကယ်တော့ ဤတာဝန်ကို ဂိုဏ်းချုပ်မှ သူ့အား မည်သူမှမသိအောင် ပေးခဲ့ခြင်းပင် မဟုတ်လေလော။ (ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းချုပ်က သခင်လေးကို အရမ်းချစ်တာ… စုယန်လိုပဲ ဒီကောင့်ကြည့်ရတာ တော်တော်ပါရမီပါတဲ့ပုံပဲ… ဒီကောင့်ကိုသာ ငါတို့ဂိုဏ်းထဲ ဆွဲသွင်းလိုက်နိုင်မယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို ငါတို့ဂိုဏ်းထဲမှာ အားကောင်းတဲ့ပညာရှင်တစ်ဦး ရှိလာမှာ… ဆိုးတာပဲ… ဒီကောင်က သခင်လေးရဲ့မိန်းမကိုမှ လာလုချင်နေတယ်… ဒီတော့ နောက်နေ့ နေထွက်မှာကို မြင်ရတော့မှာမဟုတ်တော့ဘူး…)
ထိုကဲ့သို့တွေးရင်း အကြီးအကဲချန်က မေးလိုက်လေသည်။ “ညီလေး… မင်း ဒီရေနွေးကြမ်းကို မကြိုက်တာလား…”
“မဟုတ်ပါဘူး…”
“ဒါဆို ဘာလို့မသောက်တာလဲ…” အကြီးအကဲချန်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “ဘာလဲ… မင်းက ငါတို့ဂိုဏ်းကို လုံးဝ အရေးမထားတာလား…”
ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံး၍ ရေနွေးကြမ်းခွက်ကို ကောက်ကိုင်ကာ ပြောလိုက်လေသည်။ “အကြီးအကဲချန်က အခုလိုမျိုးပြောလာတယ်ဆိုမှတော့ ကျုပ်ကလည်း သောက်ရတော့မှာပေါ့… အခု ဒီရေနွေးကြမ်းခွက်ကို စီနီယာအစ်မစုကို တောက်လျှောက်ပျိုးထောင်လာပေးခဲ့တာတွေအတွက် ကျေးဇူးတင်လက်ဆောင်အနေနဲ့ သောက်ပေးမယ်… ဟုတ်ပြီနော်…”
မည်သို့ပင်ဖြစ်နေစေကာမူ စုယန် တာအိုသခင်အဆင့်သို့ ရောက်နိုင်ခဲ့ခြင်းနှင့် မူလကုန်းမြေကြီးထဲ ခြေချနေနိုင်ခဲ့ရခြင်းမှာ တိမ်တိုက်နီဂိုဏ်း၏ ကျေးဇူး မကင်းပေ။ ဤရေနွေးကြမ်းခွက်ကို သောက်လိုက်ခြင်းသည် တစ်ဖက်လူအပေါ် သူ၏ကျေးဇူးတင်ကြောင်းကို ပြသသည့် လက္ခဏာဖြစ်ပေသည်။ ပြီးသွားလျှင်တော့ သူတို့ကြားရှိ ရန်ငြိုးများကို တိုက်ခိုက်ခြင်းဖြင့်သာ ဖြေရှင်းရပေတော့မည်။
(အဲ့အခါကျမှ အထွန့်တော့ လာမတက်နဲ့ပေါ့ကွာ…)
“ကောင်လေး… အဲ့ရေနွေးကြမ်းခွက်ကို ချထားလိုက်…” ရုတ်တရက် အပြင်ဘက်ဆီမှ အသံတစ်သံ ထွက်လာခဲ့သည်။
ထိုအသံကိုကြားသည့်အခါ အကြီးအကဲချန်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ခေါင်းမော့၍ လှမ်းကြည့်လိုက်ရာ ခန်းမထဲသို့ လူတစ်ဦးခုန်ဝင်လာပြီး ရန်ကိုင်လက်ထဲရှိ ရေနွေးကြမ်းခွက်ကို လှမ်းဆွဲယူလိုက်ကြောင်း တွေ့လိုက်ရလေသည်။
အကြီးအကဲချန်မှာ ဒေါသထွက်ထွက်ဖြင့် စားပွဲခုံကို ကောက်ရိုက်ချရင်းမှ အော်ပြောလိုက်လေသည်။ “အကြီးအကဲရွမ်… ခင်ဗျား ဘာလုပ်နေတာလဲ…”
ရန်ကိုင်သည် အကြီးအကဲရွမ်မှ သူ့လက်အား မဖမ်းမိနိုင်စေရန်အတွက် သူ့လက်ကို မသိမသာလေး ဝေ့ရှောင်လျက် ရေနွေးကြမ်းခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
ထိုအချင်းအရာကိုမြင်သော် အကြီးအကဲချန်မှာ ကြောင်အမ်းအမ်းဖြစ်သွားခဲ့ပါသော်ငြား ချက်ချင်းပဲ ဝါးလုံးကွဲအော်ရယ်မောတော့လေသည်။
ခန်းမထဲသို့ ဝင်လာသည့်လူမှာလည်း ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ သူမ၏ တာအိုသခင်ဒုတိယအဆင့်ကျင့်ကြံခြင်းအရ ရန်ကိုင်၏လက်ကို အလျင်စလို ဖမ်းဆွဲနိုင်သင့်ပေသည်။ သို့သော်ငြား ရန်ကိုင်သည် သူမလက်အား အလွယ်တကူ ရှောင်တိမ်းပြသွားခဲ့ပြီး ရေနွေးကြမ်းခွက်ကိုပင် တစ်ကျိုက်တည်း မော့သောက်ပြသွားခဲ့သည်။
သေသေချာချာ ကြည့်ကြည့်လိုက်ပြီးသည့်နောက် သူမကြားထားသည့် သတင်းများအတိုင်း ဤလူငယ်လေးဆီမှ မည်သည့်စွမ်းအင်အရှိန်အဝါမှ ဖြာထွက်နေခြင်းမရှိကြောင်း တွေ့လိုက်ရလေသည်။
“အကြီးအကဲရွမ်လား…” ထိုအခါမှသာလျှင် ရန်ကိုင်လည်း ခန်းမထဲဆီသို့ ဝင်လာသည့်လူကို ကြည့်မိလိုက်ပြီး ထိုလူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ အမျိုးသမီးသည် ရိုးရှင်းသောအဝတ်အစားများကို ဝတ်ဆင်ထားခဲ့ပါသော်ငြား သူမ၏ စွဲမက်ဖွယ်ရာကောင်းလှသော ကောက်ကြောင်းအဖြာဖြာကိုမူ ဖုံးကွယ်ထားနိုင်ခဲ့ခြင်းမရှိပေ။ အကြီးအကဲရွမ်ဆိုသည့်လူမှာ ဤကဲ့သို့သော စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် အမှန်တကယ်ကို မျှော်လင့်ထားခြင်း မရှိပေ။
တိမ်တိုက်နီဂိုဏ်းထဲတွင် တာအိုသခင်ဒုတိယအဆင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး မျိုးရိုးနာမည်ရွမ်နှင့် အကြီးအကဲဆို၍ စုယန်၏ဆရာဖြစ်သော အကြီးအကဲရွမ်သာ ဖြစ်ပေလိမ့်မည်။
“ကောင်လေး… နင်က စုယန်ရဲ့ ယောက်ျားလို့ ပြောတယ်နော်…” ရွမ်ပိတင်သည် ရန်ကိုင်အား မျက်မှောင်ကျုံ့၍ မေးလိုက်လေသည်။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်…”
“နင် ဘယ်လိုသက်သေပြမှာလဲ…”
“အင်း… သူ့ဓါးကို နှင်းခဲဓါးလို့ ခေါ်တယ်… ဟုတ်တယ်နော်… ပြီးလို့ရှိရင် သူ့မှာ နှင်းကြွေတိုက်ကွက်လို့ခေါ်တဲ့ သိုင်းပညာရပ်တစ်ခုလည်း ရှိသေးတယ်…”
ရွမ်ပိတင်၏အမူအယာ လေးနက်သွားတော့လေသည်။ “တကယ်ကြီးနင်ပါလား…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၁၂)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင် မည်သည့်အကြောင်းအား ပြောနေသလဲဆိုသည်ကို အခြားသူများ နားလည်လိမ့်မည် မဟုတ်ပါသော်ငြား စုယန်၏ ဆရာဖြစ်သည့် ရွမ်ပိတင်မှာတော့ ချက်ချင်းကို နားလည်လိုက်ပေသည်။ စုယန် ဤနေရာသို့ ရောက်လာစဉ်က သူမနှင့်အတူ တန်ခိုးရှင်ဘုရင်အဆင့် ဓားရှည်တစ်ချောင်းဖြစ်သော နှင်းခဲဓား ပါလာခဲ့လေသည်။ ထို့အပြင် သူမ ထုတ်သုံးသည့် တိုက်ကွက်တစ်ကွက်ဟာလည်း နှင်းကြွေတိုက်ကွက် မည်၏။
ရန်ကိုင်သည် စုယန်၏ ဓားနှင့် သူမ ထုတ်သုံးသည့် တိုက်ကွက်၏ အမည်ကို သေသေချာချာ ပြောနိုင်သည့်အတွက်ကြောင့် စုယန်နှင့် အလွန်ကိုမှ ရင်းနှီးသည့်လူတစ်ဦး ဖြစ်ရပေလိမ့်မည်။ ထို့အပြင် ရန်ကိုင်အကြောင်းကိုလည်း စုယန်ဆီမှ ရွမ်ပိတင် ကြားဖူးထားပြီးသားပင်။
"ငါ့နောက်လိုက်ခဲ့ ကောင်လေး" ရန်ကိုင်၏ ဇစ်မြစ်ကို အတည်ပြုပြီးသွားသော် ရွမ်ပိတင်သည် ရန်ကိုင်၏ လက်ကို လှမ်းဖမ်းဆွဲလိုက်သည်။
ယခုလေးတင် တပည့်တစ်ဦးဆီမှ စုယန်၏ ယောက်ျား သူမအား လာရှာနေသည် ဆိုသည့်အကြောင်းကို ရွမ်ပိတင် သတင်းရခဲ့လေသည်။ သို့သော်ငြား ထိုလူအား အကြီးအကဲချန်မှ ရေနွေးကြမ်း တည်ခင်းဧည့်ခံရန်အတွက် ဧည့်ခန်းထဲသို့ ခေါ်သွားခဲ့သည်။ ထိုအကြောင်းကို ကြားသည့်အခါ ထိုလူများ ဘာကြံနေသလဲဆိုသည်ကို ရွမ်ပိတင် ချက်ချင်း နားလည်သွားခဲ့ပြီး ဤနေရာသို့ အပြေးလာခဲ့ခြင်း ဖြစ်လေသည်။ သို့တိုင် တစ်ဖက်လူအား အချိန်မီ တားဆီးလိုက်နိုင်ခဲ့ခြင်း မရှိပေ။
လက်ရှိအချိန်တွင် ရွမ်ပိတင်၏ စိတ်ထဲ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့လေသည်။ ရန်ကိုင်အား လက်ဖက်ရည်ခွက်ကို ချရန် သတိပေးခဲ့သလို လက်ဖက်ရည်ခွက်ကိုလည်း သူမကိုယ်တိုင် လှမ်းဆွဲယူခဲ့သည်။ သို့သော်ငြား ရန်ကိုင်သည် သူမ လှမ်းဆွဲယူနေသည်ကို ရှောင်ထွက်သွားပြီး ရေနွေးကြမ်းခွက်ကို တစ်ကျိုက်တည်း မော့သောက်ပစ်ခဲ့သည်။
[စုယန်၊ စုယန်၊ နင် ဘယ်လို ယောက်ျားမျိုး ရထားတာလဲ၊ ဒီလောက် တုံးအတဲ့ပုံမျိုးနဲ့ သူ ဘယ်လိုလုပ်ပြီး ဒီအချိန်အထိ အသက်ရှင်နေရသေးတာလဲ၊ အပြင်လူတွေ ကျွေးတာ တိုက်တာတွေကို သတိထားပြီး သောက်စားရမယ်ဆိုတာကို သူ့ကို ဘယ်သူမှ သင်ပေးမထားဖူးဘူးလား]
ရန်ကိုင်အား စုယန်ဆီ ခေါ်သွားဖို့ရာ ရွမ်ပိတင်သည် ရန်ကိုင်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပါသော်ငြား ရန်ကိုင်မှာ တုတ်တုတ်မျှ မလှုပ်ခဲ့ပေ။
ထိုအတွက်ကြောင့် ရွမ်ပိတင်၏ မျက်လုံးများ မှေးစင်းသွားခဲ့ပြီး ပျာယာခတ်သွားခဲ့လေသည်။ သူမသည် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက် သူမဘက်မှသာ စောင့်ဆွဲလိုက်မည်ဆိုပါက ရန်ကိုင်အနေဖြင့် သူမ အနောက်သို့ မပါလာစရာ အကြောင်းမရှိပေ။
ရန်ကိုင်ကမူ ရွမ်ပိတင်အား ပြုံးသာ ပြုံးပြနေခဲ့သည်။ ရန်ကိုင်သည် ဂိုဏ်းထဲသို့ ရောက်ပြီးချိန်မှစ၍ တိမ်တိုက်နီဂိုဏ်းအား သိပ်၍ ကြည့်မရတော့ပေ။ ထိုအတွက်ကြောင့် စုယန်အား အရင်ရှာပြီးသည့်နောက် တစ်ဂိုဏ်းလုံးကို ရှင်းပစ်ရမည်ဟု တွေးထားခဲ့လေသည်။ သို့သော်ငြား ကြည့်ရသလောက် ဤနေရာတွင် စုယန်အပေါ် အမှန်တကယ် ဂရုစိုက်သည့် လူတစ်ဦး ရှိနေသေးသည့်ပုံပင်။
[ဒီလောက်ဆိုရင် လုံလောက်သွားပြီ၊ လူတိုင်းက ကောင်းကြတာမှ မဟုတ်တာ၊ ဆိုးတဲ့လူလည်း ရှိဦးမှာပဲ၊ အနည်းဆုံးတော့ ကောင်းတဲ့လူ တစ်ယောက်တစ်လေ ရှိနေသေးရင် အဆင်ပြေတာပါပဲ]
ရန်ကိုင်သည် ရွမ်ပိတင်အား သူ့လက်ကို လွှတ်ပေးရန် အချက်ပြလိုက်လေသည်။
ရွမ်ပိတင်က မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည်။ "နင် ဘာလုပ်နေတာလဲ"
တစ်ချိန်တည်းတွင် ကောင်းကင်စိတ်အာရုံကို သုံး၍ ပြောလိုက်သည်။ "ဒီနေရာက အန္တရာယ်များတယ်၊ အခု ငါနဲ့ လိုက်ခဲ့ပေတော့"
ရွမ်ပိတင်မှ သူ့အား အမှန်တကယ် စိတ်ပူနေကြောင်း တွေ့လိုက်ရသော် ရန်ကိုင် ရင်ထဲ နွေးထွေးသလို ခံစားလိုက်ရလေသည်။ သူတို့နှစ်ဦးသည် တစ်ယောက်အကြောင်း တစ်ယောက် မသိကြပါသော်ငြား စုယန်ကြောင့် ရွမ်ပိတင်မှာ ရန်ကိုင်အပေါ် စိတ်ပူနေရသည်။ ထိုအချက်ကို ကြည့်လျှင် ရွမ်ပိတင်သည် စုယန်အပေါ် ကျိန်းသေ ကောင်းကောင်းမွန်မွန် ဆက်ဆံရပေလိမ့်မည်။
"အကြီးအကဲရွမ်၊ ခင်ဗျား ဘာလုပ်နေတာလဲ" မျက်နှာနီနီနှင့် အကြီးအကဲချန်က ထအော်လေသည်။ ရွမ်ပိတင်သည် သူ့ထက် ပိုအားကောင်းသည့် လူတစ်ဦးမှန်း သိသည့်တိုင် တစ်ဖက်လူအပေါ် အနည်းငယ်မျှပင် လေးစားနေခြင်း မရှိ။ သူတို့နှစ်ဦးစလုံးသည် အကြီးအကဲများ ဖြစ်ကြပါသော်ငြား ရွမ်ပိတင်၏ ရာထူးမှာ ထိုမျှ အရေးမကြီးပေ။ ထို့အတွက်ကြောင့် ဂိုဏ်း၏ အတွင်းရေး ကိစ္စများနှင့် ပတ်သက်လာသော် သူမတွင် ဝင်စွက်ဖက်ပိုင်ခွင့် မရှိ။ ယခင်ဂိုဏ်းချုပ်၏ ဆန္ဒကြောင့်သာ မဟုတ်ပါက သူမအနေဖြင့် ဘာဆိုဘာမျှ မလုပ်ဘဲ အကြီးအကဲ ရာထူးကို ဤမျှ ကြာသည်အထိ ရယူထားနိုင်လိမ့်မည် မဟုတ်ပေ။
ရွမ်ပိတင်နှင့် တိမ်တိုက်နီဂိုဏ်း မည်ကဲ့သို့ ပတ်သက်သလဲ ဆိုသည်ကို မည်သူမျှ မသိကြ။ သိကြသည်မှာတော့ ယခင်ဂိုဏ်းချုပ်ဟောင်းသည် ရွမ်ပိတင်အပေါ် အကြွေးတင်ခဲ့သည့်အတွက်ကြောင့် သူမအား ဂိုဏ်းထဲတွင် နေထိုင်ခွင့် ပြုခဲ့သည် ဟူ၍ပင်။ သို့သော်ငြား ယခင်ဂိုဏ်းချုပ် ကွယ်လွန်သွားပြီးသည့်နောက် လက်ရှိဂိုဏ်းချုပ်မှ ဂိုဏ်းကိစ္စ အဝဝကို ကိုင်တွယ်လာခဲ့လေရာ ရွမ်ပိတင်မှာ ဂိုဏ်းထဲတွင် ရှိနေပါသော်ငြား အပြင်လူတစ်ဦးသာသာ ဖြစ်သွားရတော့သည်။
"နင့်ကိစ္စ မဟုတ်ဘူး" ရွမ်ပိတင်သည် အကြီးအကဲချန်အား ပြန်အော်လေသည်။
အကြီးအကဲချန်က ပြုံးဖြီးလျက်... "ကျုပ်ကိစ္စ မဟုတ်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ဒီက ညီလေးကို ဧည့်ခံပေးဖို့ ဂိုဏ်းချုပ် ကျုပ်ကို အမိန့်ပေးထားတာနော်၊ အကြီးအကဲရွမ် ခင်ဗျား ကျုပ်တို့ ဧည့်သည်တွေအပေါ် ရိုင်းပြနေတယ်လို့ မထင်ဘူးလား"
ရွမ်ပိတင်ကမူ အကြီးအကဲချန်ကို လျစ်လျူရှုလျက် ရန်ကိုင်ကို ကြည့်ကာ မေးလိုက်လေသည်။ "နင် သွားမှာလား၊ မသွားဘူးလား"
"ဒီကိစ္စက မပြီးသေးတော့ ကျုပ် သွားလို့မရသေးဘူး" ရန်ကိုင်က ပြုံး၍ အကြီးအကဲချန်ကို ကြည့်ရင်း... "ခင်ဗျား ကြည့်ရတာ တော်တော်လေး ကျေနပ်နေတဲ့ပုံပဲ၊ ခင်ဗျား ဘာတွေ ရယ်နေတာလဲ"
"ငါက ရယ်စရာလေး ရှိလို့ ရယ်တာပေါ့" အကြီးအကဲချန်သည် ရန်ကိုင်အား အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လျက်... "ငါတို့ရဲ့ တိမ်တိုက်နီ ရေနွေးကြမ်းက ဘယ်လိုနေလဲ"
"ရေနွေးကြမ်းကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ အရသာကတော့ သိပ်မသန့်သလိုပဲ" ထို့နောက်တွင် ရန်ကိုင်သည် ရေနွေးကြမ်းခွက်ကို ချ၍ ပြန်ပြောလိုက်လေသည်။ "ခင်ဗျား ရေနွေးကြမ်းထဲကို တစ်ခုခု ထည့်ထားတယ်မလား"
"အခုမှ သိသွားရင်တော့ မင်း နောက်ကျသွားပြီ" တစ်ဖက်လူ သိသွားပြီမှန်း သဘောပေါက်လိုက်သော် အကြီးအကဲချန်မှာ ဖော်ရွေနေခြင်း မရှိတော့ဘဲ သူ့မျက်နှာထားမှာ ချက်ချင်းဆိုသလို အေးစက်သွားခဲ့လေသည်။ ထိုအဆိပ် မိသွားသည့် လူတိုင်း မည်သူမဆို ချက်ချင်း ပျော့ခွေကျသွားရပေလိမ့်မည်။ တာအိုသခင် တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ထိုအဆိပ်ကို အလွယ်တကူ မဖြေနိုင်ပေ။ ယခုဆိုလျှင် အဆိပ်မိသွားပြီ ဖြစ်လေရာ ရန်ကိုင်သည် စဉ်းတီတုံးပေါ်သို့ ရောက်နေသည့် ငါးတစ်ကောင်သာသာ ဖြစ်သွားတော့လေပြီ။
"အကြီးအကဲချန် ခင်ဗျား ကြည့်ရတာ အဲဒီအဆိပ်ကို တော်တော်လေး ယုံကြည်ချက် ရှိနေတဲ့ပုံပဲနော်" ရန်ကိုင်မှာ သူ့ခေါင်းကို ငုံ့ထားလေရာ ဆံပင်များမှာ သူ့မျက်နှာကို ဖုံးနေသည့်အတွက်ကြောင့် သူ့ပုံစံမှာ အတော်လေးကို မှုန်ကုပ်ကုပ်ပုံစံ ပေါက်နေလေ၏။
"နင် ရေနွေးကြမ်းထဲမှာ အဆိပ်ရှိတာကို သိနေတာလား" ရွမ်ပိတင်သည် ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားပြီး အလန့်တကြား ထအော်မိလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း ရန်ကိုင် ရူးများ ရူးနေလေသလားဟု ကြိတ်တွေးနေမိလေ၏။
ဂလု၊ ဂလု။
ထိုကဲ့သို့ ဖြစ်နေစဉ်မှာပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ သုံးယောက်စလုံး အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ လျို့ယန်သည် အခြားသော ရေနွေးကြမ်းတစ်ခွက်ကို ကိုင်၍ မော့သောက်နေကြောင်း တွေ့လိုက်ရလေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း အကြီးအကဲချန်နှင့် ရွမ်ပိတင်တို့ နှစ်ဦးစလုံး မှင်တက်သွားကုန်ကြလေသည်။ [ဒီကောင်မလေးလည်း ဒီကောင်နဲ့ နေတာများပြီး ရူးသွားတာလား၊ နှစ်ယောက်စလုံးက တကယ်ကို စိတ်လွတ်နေကြတဲ့ လူတွေပဲ]
"ဒီထဲမှာ အဆိပ်ပါတယ်လို့ ပြောပြီးနေတာတောင် နင် ဘာဖြစ်လို့ သောက်ချင်နေရသေးတာလဲ" ရန်ကိုင်က လျို့ယန်၏ ခေါင်းကို ပွတ်ပေးရင်းမှ မေးလိုက်သည်။
"အရသာလေး မြည်းကြည့်ချင်ရုံပဲ" လျို့ယန်က ပြန်ပြောလိုက်သည်။ "ဒါပေမဲ့ အရသာ မကောင်းဘူး၊ ဒီတော့ ရှင့်ဆီပဲ ပြန်ပေးလိုက်တော့မယ်"
ထိုသို့ ပြောပြီးသည့်နောက် သူမ သောက်ထားသည့် ရေနွေးကြမ်းများကို အကြီးအကဲချန်ဆီသို့ ထွေးထုတ်လိုက်လေသည်။ ထိုရေနွေးကြမ်းများမှာ မြှားတစ်စင်းပမာ အကြီးအကဲချန်ဆီသို့ တိုးဝင်သွားရင်း လမ်းတစ်ဝက်မှာပင် မီးငှက်တစ်ကောင် အသွင်သို့ ပြောင်းသွားသည့်အလား နီရဲလာခဲ့လေသည်။
အခန်းထဲရှိ အပူချိန်မှာလည်း လျင်မြန်စွာ မြင့်တက်လာခဲ့လေသည်။
တိုးဝင်လာနေသည့် အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သော် အကြီးအကဲချန်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ တစ်ချက်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း မှော်ရတနာတစ်ခုကို ထုတ်ယူ၍ သူ့ကိုယ်သူ ကာကွယ်လိုက်လေ၏။ ဘုတ်ဟူသော မြည်သံနှင့်အတူ ရေနွေးကြမ်းသည် အကြီးအကဲချန်၏ မှော်ရတနာကို သွားရောက်ထိမှန်လေသည်။ ချက်ချင်းဆိုသလို မှော်ရတနာ၏ အရောင်မှာ မှိန်ကျသွားခဲ့ပြီး ရေနွေးကြမ်းသည်လည်း မှော်ရတနာကို ဖောက်ထွက်၍ အကြီးအကဲချန်ဆီသို့ ဆက်လက်တိုးဝင်သွားလေ၏။
"အား" အကြီးအကဲချန်မှာ နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့သည်။ ခေါင်းငုံ့၍ ကြည့်လိုက်ရာ သူ့ပခုံးနေရာတွင် အနက်ရောင် အပေါက်တစ်ပေါက် ရှိနေကြောင်း တွေ့လိုက်ရလေသည်။ သွေးများမှာမူ ထိုဒဏ်ရာမှတစ်ဆင့် အောက်သို့ တရဟော စီးကျနေခဲ့လေ၏။ တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသော မီးဓါတ်စွမ်းအင်တို့သည် ထိုဒဏ်ရာမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်နေပြီး သူ့အသားနှင့် သွေးကြောများကို ဖျက်ဆီးလောင်ကျွမ်းပစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
ထိုအဖြစ်အပျက်ကြောင့် အကြီးအကဲချန်မှာ လုံးဝကို မျက်လုံးပြူးသွားတော့လေ၏။ [ဘာတွေ ဖြစ်နေတာလဲ၊ သူတို့ အဆိပ်မိနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး အခုလိုမျိုး တိုက်ခိုက်နိုင်ရသေးတာလဲ၊ ပြီးတော့ ဒီကောင်မလေးကရော ဘယ်သူလဲ]
ရွမ်ပိတင်မှာလည်း လျို့ယန်အား ကြောင်တောင်တောင် အမူအရာဖြင့် စိုက်ကြည့်နေမိလေသည်။ သူမသာ ကိုယ်တိုင် မမြင်လိုက်ရလျှင် ဤကောင်မလေးသည် အကြီးအကဲချန်အား ရေနွေးကြမ်းတစ်ငုံဖြင့် ထိခိုက်သွားအောင် လုပ်နိုင်သည် ဟူသော အချက်ကို လုံးဝ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့နောက် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်မှာ ဘယ်အချိန်ကတည်းကမှန်းမသိ မတ်တတ်ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင် ပုံစံမှာ လုံးဝကို အဆင်ပြေနေကာ အဆိပ်မိထားသည့်ပုံ အနည်းငယ်မျှပင် မပေါ်ပေ။
"နင် အဆင်ပြေနေတာလား" ရွမ်ပိတင် သူမ မျက်လုံး သူမ ပြူးကျယ်လုမတတ် ဖြစ်သွားခဲ့လေသည်။
ရန်ကိုင်က ပြုံးလျက်... "ဒီလို အမှိုက်လောက်က ကျုပ်ကို ဘယ်လိုလုပ်ပြီး ထိခိုက်အောင် လုပ်နိုင်မှာလဲ"
[အ… အမှိုက်၊ ဒါ ငါတို့ဂိုဏ်းရဲ့ အပြင်းဆုံး အဆိပ်ဟဲ့၊ ဘယ်လိုလုပ်ပြီး သူ့အတွက် အမှိုက်ဖြစ်သွားရတာလဲ၊ ဒီလူ ဟုန်းလော့ကြယ်စီရင်စုကြီးကနေ လာတာ ဟုတ်ရော ဟုတ်ရဲ့လား]
ရန်ကိုင် နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်အား ကျင့်ကြံထားသည်ဟူသော အချက်ကို ရွမ်ပိတင် မသိပေ။ ရွှေနဂါး အမြုတေကို သန့်စင်ပြီးသည့်နောက် ရန်ကိုင်သည် အဆင့်မြင့် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်လာနိုင်ခဲ့သည်။ နဂါးကလန်သားများသည် အမျိုးမျိုးသော အဆိပ်များအပေါ် ခုခံနိုင်စွမ်း မြင့်မားပေသည်။
လက်ရှိ ရန်ကိုင် ပိုင်ဆိုင်ထားသည့် သွေးမျိုးဆက်နှင့် သူ့ခန္ဓာကိုယ် အနေအထားအရ ရန်ကိုင်သည် အဆိပ်အားလုံးအပေါ် ခုခံနိုင်သည်ဟု မပြောနိုင်ပါသော်ငြား သူ့အား အန္တရာယ်ပေးနိုင်သည့် အဆိပ်မှာမူ မူလကုန်းမြေကြီးထဲတွင် မရှိသေးပေ။ ရန်ကိုင်မှ အကြီးအကဲချန် ပေးလာသည့် ရေနွေးကြမ်းကို သောက်ခဲ့ရခြင်းမှာ ရူးနေသည့်အတွက်ကြောင့် မဟုတ်ဘဲ သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်ထားသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။
"အကြီးအကဲရွမ် ခင်ဗျား ဘာလုပ်နေတာလဲ၊ ဒီပုံစံကိုသာ စုယန် မြင်သွားရင် ရှင်းပြရ ခက်လိမ့်မယ်နော်" ရန်ကိုင်သည် ရွမ်ပိတင်ဘက်သို့ လှည့်၍ အချက်ပြလိုက်သည်။
ထိုအခါမှသာလျှင် ရွမ်ပိတင်လည်း သူမသည် ရန်ကိုင်၏ လက်ကို တစ်ချိန်လုံး ကိုင်ထားခဲ့ကြောင်း သဘောပေါက်သွားခဲ့ပြီး ရှက်ကိုးရှက်ကန်းဖြင့် ရန်ကိုင်၏ လက်ကို လွှတ်၍ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
ရွှစ်၊ ရွှစ်၊ ရွှစ်။
ထိုစဉ် လူပေါင်းများစွာ ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုလူအားလုံးမှာ အပြင်ဘက်တွင် ရပ်စောင့်နေကြသည့် ဂိုဏ်း၏ အကြီးအကဲများသာ ဖြစ်ကြသည်။ သူတို့အားလုံး ယခုကဲ့သို့ ခန်းမထဲသို့ ပြေးဝင်လာရခြင်းမှာ အကြီးအကဲချန်၏ အော်ဟစ်သံကို ကြားလိုက်ရသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ခန်းမထဲသို့ ရောက်လာပြီး အခြေအနေကို တွေ့ရှိလိုက်သော အကုန်လုံး မှင်တက်သွားကုန်ကြလေသည်။ ရန်ကိုင်မှာ အဆင်ပြေနေပါသော်ငြား အကြီးအကဲချန်မှာမူ ဒဏ်ရာရထားခဲ့လေသည်။
ဟန်ကျန်းယွမ်က အေးစက်စက် အမူအရာဖြင့် အော်ပြောလိုက်လေ၏။ "အကြီးအကဲရွမ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ကျုပ်ကို ဖြေရှင်းချက် ပေးဖို့ လိုတယ်လို့ မထင်ဘူးလား"
ဟန်ကျန်းယွမ် ကိုယ်တိုင်သည်လည်း ရွမ်ပိတင် ဧည့်ခန်းထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။ သို့သော်ငြား သူမအား အချိန်မီ မတားနိုင်ခဲ့ပေ။ ယခု သူ ဝင်လာသည့်အခါတွင် အကြီးအကဲချန်မှာ ဒဏ်ရာရထားသည့်အတွက်ကြောင့် အကြီးအကဲချန်ကို ဒဏ်ရာရလောက်အောင် လုပ်လိုက်သည့်သူမှာ ရွမ်ပိတင် ဖြစ်သည်ဟု ထင်နေခြင်းသာ ဖြစ်လေသည်။
[ငါ ဒီမိန်းမကို ဂိုဏ်းထဲမှာ နေခွင့်ပေးထားတာ တော်တော် ကြာလွန်းနေပြီ၊ ဒီနေ့တော့ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မောင်းထုတ်ပစ်ရတော့မယ်]
ရွမ်ပိတင်က ပြန်ထအော်လေ၏။ "ဟန်ကျန်းယွမ် စည်းကျော်မလာနဲ့နော်"
ဟန်ကျန်းယွမ်က ပြန်ပြောလိုက်သည်။ "ဘယ်သူက စည်းကျော်တာလဲ၊ ခင်ဗျားက ဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်တာတောင် အပြင်လူတစ်ယောက်နဲ့ ပူးပေါင်းပြီးတော့ ကိုယ့်ဂိုဏ်းသားကို ပြန်ထိခိုက်အောင် လုပ်သေးတယ်၊ ခင်ဗျား တိမ်တိုက်နီဂိုဏ်းသားတွေ အကုန်လုံးနဲ့ အရင်ဂိုဏ်းချုပ်ကို တကယ် စိတ်ပျက်အောင် လုပ်လိုက်တာပဲ"
"ခင်ဗျား ကိစ္စတွေ ခန ထားလိုက်ဦး၊ ကျုပ် စုယန်ကိုပဲ ရှာချင်နေတာ၊ ခင်ဗျား ဘာဖြစ်လို့ ကျုပ်ကို အခုလိုမျိုး ဆက်ဆံနေတာလဲ၊ ကျုပ် သိလို့ရမလား" ရန်ကိုင်သည် လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ရင်းမှ အဆုံးတွင် သူ့အကြည့်သည် ဟန်ကျန်းယွမ်ဆီ၌ ရပ်တန့်သွားခဲ့လေသည်။
ယခုကိစ္စနှင့် ပတ်သက်၍ အကြီးအကဲချန်သည် ဟန်ကျန်းယွမ်၏ အမိန့်အတိုင်းသာ လုပ်ဆောင်နေခြင်း ဖြစ်လေသည်။
"စုယန်က တိမ်တိုက်နီဂိုဏ်းထဲမှာ မရှိဘူး၊ သူ နင့်ကို လိမ်ထားတာ" ရွမ်ပိတင်က ရှင်းပြလိုက်သည်။
ရန်ကိုင်က ပြန်မေးလိုက်သည်။ "ဒါဆို သူ အခု ဘယ်မှာလဲ"
"မီးတိမ်တိုက်သတ္တုကြောမှာပဲ၊ အဲဒီနေရာက ငါတို့ဂိုဏ်းရဲ့ မီးတိမ်တိုက် သတ္တုတွေကို ထုတ်လုပ်တဲ့နေရာ၊ စုယန်ကို အဲဒီနေရာကို စောင့်ကြပ်ဖို့ စေလွှတ်ထားတာ ဆယ်နှစ် မကတော့ဘူး"
"သူက မီးတိမ်တိုက်သတ္တုကြောကို စောင့်ကြပ်ပေးနေရတာလား" ထိုစကားကို ကြားလိုက်သော် ရန်ကိုင် အနည်းငယ် စိတ်အေးသွားခဲ့သည်။ ထိုသို့သာဆိုလျှင်တော့ စုယန် မည်သည့် အန္တရာယ်မှ မရှိပေ။ သို့သော်ငြား မကြာမီ တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး နှာခေါင်းရှုံ့လျက်... "ဘာလို့ သူ့ကို အဲဒီနေရာဆီ ပို့ထားရတာလဲ"
မီးတိမ်တိုက်သတ္တုသည် မီးဓာတ်စွမ်းအင်ဖြင့် ကြွယ်ဝသည့် သတ္တုတွင်းဖြစ်လေရာ မီးဓာတ်ကျင့်စဉ်နှင့် သိုင်းပညာရပ်များကို ကျင့်ကြံထားသည့် လူများသည်သာ ထိုကဲ့သို့သော သတ္တုတွင်းများတွင် နေဖို့ရာ သင့်တော်ပေသည်။
သို့ရာတွင် စုယန်သည် မီးဓာတ်ကျင့်ကြံခြင်းကို ကျင့်ကြံထားသူ မဟုတ်။ သူမ ကျင့်ကြံထားသည်မှာ ရေခဲဓာတ် အမျိုးအစား ကျင့်စဉ်တစ်မျိုး ဖြစ်သည်။ ထို့အပြင် စုယန်၌ ရေခဲသလင်းကျောက်စိမ်း ခန္ဓာကိုယ်ဆောက်တည်ပုံလည်း ရှိပေသေး၏။ သူမသည်သာ ထိုကဲ့သို့သော နေရာမျိုးတွင် အတန်ကြာအောင် နေနေမည်ဆိုပါက သူမ၏ ကျင့်ကြံခြင်း လျော့ကျမသွားလျှင်ပင် ကံကောင်းနေပြီဟု ပြော၍ ရပေသည်။ သူမ၏ ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့ ထပ်တက်ဖို့ရာ လုံးဝကို မဖြစ်နိုင်ပေ။
တိမ်တိုက်နီဂိုဏ်းမှ ကျင့်ကြံသူများ စုယန် ကျင့်ကြံထားသည့် သဘာဝအမျိုးအစား အကြောင်းကို မသိစရာ အကြောင်းမရှိပေ။ သိလျက်သားနှင့် သူမအား ထိုနေရာဆီသို့ ပို့လိုက်သည်ကို ကြည့်လျှင် သူမအပေါ် တမင်သက်သက် လုပ်နေခြင်းသာ ဖြစ်ရပေလိမ့်မည်။
[ငါ့လခွမ်းပဲ၊ ဆယ်နှစ်ဆိုတာ ဒီလောက် ကြာတာ မဟုတ်ပေမဲ့ အရမ်း တိုတောင်းတဲ့ အချိန်လည်း မဟုတ်ဘူး၊ ဒီတော့ စုယန်က သူ့ရဲ့အချိန် ဆယ်နှစ်လုံးလုံးကို အလကားသက်သက် ဖြုန်းတီးပစ်ခဲ့ရတာပေါ့] ရန်ကိုင် ဒေါသူပုန်ထသွားခဲ့လေသည်။
"ဘာလို့ ပို့လိုက်တာလဲ ဟုတ်လား" ရွမ်ပိတင်က လှောင်ပြုံးပြုံးလျက် စိတ်ပျက်နေဟန်ဖြင့်... "သူတို့တွေက စုယန်ကို လက်လျှော့သွားအောင် လုပ်ချင်နေကြတာလေ၊ နင် မသိလို့၊ သူ့သားက စုယန်ကို ကြိုက်နေတာ" တစ်ချက် ရပ်ပြီးသည့်နောက် ရွမ်ပိတင်က ဆက်၍ ပြောလိုက်သည်။ "ပြီးတော့ စုယန် အားကောင်းလာတာကလည်း အရမ်း မြန်တယ်လေ၊ ဒီတော့ တစ်ယောက်ယောက်က သူ့ကို ကျော်တက်သွားမှာကို ကြောက်ပြီးတော့ အခုလိုမျိုး လုပ်လိုက်တာပဲ"
"အပိုစကားတွေ လာပြောမနေနဲ့" ဟန်ကျန်းယွမ်က နှာခေါင်းရှုံ့လိုက်လေသည်။ "ငါ သူ့ကို မီးတိမ်တိုက်သတ္တုကြောဆီ ပို့မယ်လုပ်တုန်းက နင်တို့ နှစ်ယောက်စလုံး သဘောတူခဲ့တာပဲ မဟုတ်ဘူးလား၊ အခုမှ ဘာတွေ ငါ့ကိုပဲ လာအပြစ်တင်နေတာလဲ"
ရွမ်ပိတင်က ခေါင်းတစ်ခါခါဖြင့် ပြန်ပြောလိုက်လေသည်။ "ဟန်ကျန်းယွမ်၊ နင် အခု ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေပြီ၊ ဒါပေမဲ့ စိတ်ထားကတော့ သေးသိမ်တုန်းပဲ၊ ဒီကိစ္စနဲ့ ပတ်သက်လာရင်တော့ အရင်ဂိုဏ်းချုပ်ကို နင် လုံးဝ မမှီဘူး"
ရှင်းရှင်းပြောရသော် ထိုအကြောင်းကြောင့်သာလျှင် သူမသည်လည်း ဂိုဏ်းထဲမှ ဖယ်ထုတ်ထားခံရခြင်း ဖြစ်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၁၃)
ဘာသာပြန်သူ_တိမ်တိုက်
ယခင်ဂိုဏ်းချုပ် မကွယ်လွန်မီက ရွမ်ပိတင်အား တိမ်တိုက်နီဂိုဏ်းကို စောင့်ရှောက်ပေးပါရန် တောင်းဆိုခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရွမ်ပိတင်မှာ တိမ်တိုက်နီဂိုဏ်းထဲ နှစ်တစ်ရာကျော်အောင် နေခဲ့ခြင်း ဖြစ်လေသည်။ ထိုစဉ်က ရွမ်ပိတင်သည် တာအိုသခင် ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့ပါသော်ငြား ဟန်ကျန်းယွမ်မှာမူ တာအိုသခင်အဆင့်သို့ ရောက်ရုံသာ ရှိပေသေးသည်။ သူမ၏ ကာကွယ်မှုသာ မရှိပါက တိမ်တိုက်နီဂိုဏ်းသည် ရန်သူများကြောင့် ပျက်စီးရာ လမ်းကြောင်းသို့ ဆိုက်ရောက်သွားရပေလိမ့်မည်။ ယခုကဲ့သို့ ဆက်လက် တည်တံ့နေနိုင်လိမ့်မည် မဟုတ်။ နှစ်တစ်ရာ ကြာသွားခဲ့ပြီးသည့်နောက်တွင် ဟန်ကျန်းယွမ် တာအိုသခင် ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်လာခဲ့လေပြီ။ သို့သော်ငြား ရွမ်ပိတင်အပေါ် ဆက်ဆံပုံမှာတော့ အချိန်နှင့်အမျှ ပိုပို၍ ဆိုးရွားလာနေခဲ့သည်။
ဂိုဏ်းအား နှစ်တစ်ရာကျော်မက ကာကွယ်ပေးခဲ့သူ တစ်ဦးအပေါ်ကိုပင် ငြိုငြင်နေလေရာ စုယန်ကဲ့သို့သော တက်သစ်စ ကြယ်တစ်ဦးဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။ စုယန်သည်သာ တာအိုသခင် ဒုတိယအဆင့်သို့ ရောက်သွားခဲ့မည်ဆိုပါက သူမဆရာနှင့်အတူ ပူးပေါင်းလိုက်မည်ဆိုလျှင် ဟန်ကျန်းယွမ် သူ့ရာထူးမှ ဖယ်ပေးရနိုင်ပေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် ဟန်ကျန်းယွမ်မှာ စုယန်အား ဖိနှိပ်ရန်အလို့ငှာ မီးတိမ်တိုက်သတ္တုကြောဆီသို့ ပို့လိုက်ခြင်း ဖြစ်ပေသည်။ စုယန်သည်သာ ကိုယ့်အကြောင်း ကိုယ်သိမည်ဆိုလျှင် ဟန်ကျန်းချန်နှင့် လက်ထပ်သင့်ပေသည်။ ထိုသို့ဆိုလျှင် သူမ၏ အနာဂတ်မှာ တောက်ပလာရပေလိမ့်မည်။ သို့သော်ငြား ဆယ်နှစ်ကျော် ကြာသွားသည့်တိုင် စုယန်မှာမူ ခေါင်းမာမာနှင့် ထိုနေရာတွင်သာ ဆက်နေခဲ့ပြီး တိမ်တိုက်နီဂိုဏ်းဆီသို့ တစ်ကြိမ်ပင် ပြန်မလာခဲ့ပေ။
"ငါ့ကို ဘာလုပ်ပါဆိုပြီးတော့ နင့်မှာ လာဝေဖန်ပိုင်ခွင့် မရှိဘူး" ဟန်ကျန်းယွမ်က နှာခေါင်းရှုံ့လိုက်သည်။ "နင်က ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးပဲ၊ ငါတို့ဂိုဏ်းကလည်း နင့်ကို အချိန်အကြာကြီး ထောက်ပံ့ပေးခဲ့တယ်၊ အဲဒါကိုတောင် ဂိုဏ်းအပေါ် ကျေးဇူးမသိတတ်ဘဲနဲ့ အပြင်လူတွေနဲ့ ပေါင်းပြီးတော့ ငါတို့ကို လာပြဿနာရှာတယ်၊ ရွမ်ပိတင် ဒီနေ့ကစပြီးတော့ နင့်ရဲ့ အကြီးအကဲ ရာထူးကို ဖယ်ရှားလိုက်ပြီ၊ နင်နဲ့ ငါတို့ တိမ်တိုက်နီဂိုဏ်းက ဘာဆိုဘာမှ မပတ်သက်တော့ဘူး"
ဟန်ကျန်းယွမ် စိတ်ထဲတွင်တော့ ကြိတ်၍ ဝမ်းသာနေမိလေသည်။ သူ့အနေဖြင့် ယခင်ကတည်းက ရွမ်ပိတင်အား ဂိုဏ်းထဲမှ ကန်ထုတ်ချင်နေခြင်း ဖြစ်လေသည်။ သို့သော်ငြား အကြောင်းပြချက် မည်မည်ရရ ရှာမရခဲ့။ ရွမ်ပိတင်သည် ဂိုဏ်းအား နှစ်ပေါင်းများစွာ ကြာအောင် ကာကွယ်ပေးခဲ့သဖြင့် သူတို့ဂိုဏ်းသည် သူမအပေါ် အကြွေးတင်နေခဲ့ရသည်။ ထိုအတွက်ကြောင့် အကြောင်းအရင်းမရှိ သူမအား ဂိုဏ်းထဲမှ ကန်ထုတ်လိုက်မည် ဆိုလျှင် ဂိုဏ်း၏ ဂုဏ်သတင်း ထိခိုက်သွားရနိုင်ပေသည်။
သို့သော်ငြား ယနေ့တွင်မူ သူ့၌ အကြောင်းပြချက်တစ်ခု ရလာခဲ့လေပြီ။
ရွမ်ပိတင်သည် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ "ရတယ်လေ၊ အနည်းဆုံးတော့ အရင်ဂိုဏ်းချုပ်ကို ငါ စိတ်ပျက်အောင် မလုပ်ခဲ့တော့ဘူးပေါ့၊ အခု တိမ်တိုက်နီဂိုဏ်းက ငါ မရှိလည်း အဆင်ပြေနေပြီ၊ နင် ဖြစ်ချင်သလိုပဲ ငါလည်း ဒီနေ့ ဒီဂိုဏ်းထဲကနေ ထွက်သွားမယ်၊ အခုကနေ စပြီးတော့ တိမ်တိုက်နီဂိုဏ်းနဲ့ ငါ ဘာမှ မပတ်သက်တော့ဘူး"
"ခင်ဗျား သွားလို့ရပြီ" ဟန်ကျန်းယွမ်က ပြောလိုက်သည်။
ရွမ်ပိတင်က ပြန်ပြောလိုက်သည်။ "သူ ငါနဲ့ လိုက်ခဲ့ရမယ်" ထိုသို့ ပြောပြီးသည့်နောက် ရွမ်ပိတင်သည် ရန်ကိုင်အား လက်ညှိုးထိုးပြလိုက်လေသည်။ ရန်ကိုင်သည် စုယန်၏ ယောက်ျား ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အား ဤနေရာတွင် နေခိုင်း၍ မဖြစ်ပေ။
"အိပ်မက်သာ မက်နေလိုက်" ဟန်ကျန်းယွမ်က ပြန်အော်ပြောလေသည်။
ရွမ်ပိတင်က မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။ "နင့်ဘိုးဘေးတွေ ချန်ထားရစ်ခဲ့တဲ့ ဒီဂိုဏ်းရဲ့ အုတ်မြစ်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး၊ ဒီတော့ ဂိုဏ်းတစ်ဂိုဏ်းလုံး နင့်လက်ထက်ရောက်မှ ပျက်စီးသွားမခံရစေနဲ့" ရွမ်ပိတင်မှာ ဟန်ကျန်းယွမ်အပေါ် အလွန်ကိုမှ စိတ်ပျက်မိပါသော်ငြား ဤဂိုဏ်းသည် သူမကိုယ်တိုင် နှစ်ပေါင်းများစွာ ကြာအောင် ကာကွယ်ပေးထားသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့်အလျောက် ဂိုဏ်းအပေါ်တော့ အနည်းငယ် စိတ်ပူမိပေသည်။ ရှင်းရှင်းပြောရသော် တိမ်တိုက်နီဂိုဏ်း ပျက်စီးသွားရမည်ကို သူမ မမြင်လိုပေ။
"ငါက တိမ်တိုက်နီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ" ဟန်ကျန်းယွမ်က ပြန်အော်ပြောသည်။
"ဟန်ကျန်းယွမ်၊ နင် တော်သင့်နေပြီနော်" ရွမ်ပိတင်က အံကြိတ်၍ ပြန်ပြောလိုက်သည်။
ဟန်ကျန်းယွမ်ကမူ ရွမ်ပိတင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လျက်... "နင် မသွားချင်ဘူးဆိုရင် သူနဲ့ ဒီမှာပဲ တစ်သက်လုံး နေလိုက်ပေတော့"
သူမစိတ်ထဲရှိ နောက်ဆုံးမျှော်လင့်ချက်လေး ပျက်စီးသွားခဲ့ရလေသည်။ ဤကဲ့သို့သော ဂိုဏ်းချုပ်မျိုးနှင့်ဆိုပါက တိမ်တိုက်နီဂိုဏ်း ဆက်လက် တည်ရှိနေစရာ အကြောင်းမရှိပေ။ တတ်နိုင်သည့်ဘက်မှ ဂိုဏ်းအား နှစ်တစ်ရာကျော်အောင် အတတ်နိုင်ဆုံး ကာကွယ်ပေးပြီးသွားခဲ့လေပြီ။
"ခင်ဗျားတို့ ပြီးပြီလား" ရန်ကိုင်က ရုတ်တရက် ဝင်ပြောလိုက်သည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် ဟန်ကျန်းယွမ်နှင့်တကွ အခြားသော အကြီးအကဲများအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့လေ၏။
ရန်ကိုင်၏ အကြည့်ကို သတိထားမိလိုက်သည့်နောက် ဟန်ကျန်းယွမ် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ သို့သော်ငြား မကြာမီ သူ့ရင်ထဲ ဒေါသတို့ အလိပ်လိပ် ထွက်လာခဲ့လေ၏။ ချက်ချင်းပဲ သူ့လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်လေသည်။ "သူ့ကို သတ်ပစ်"
ချက်ချင်းဆိုသလို လူနှစ်ဦး ရန်ကိုင်ဆီသို့ ဘယ်ညာ တစ်ဖက်တစ်ချက်ဆီမှ ပြေးဝင်သွားကြသည်။ ထိုလူနှစ်ဦး ပြေးဝင်သွားပြီးပြီးချင်းမှာပင် နှစ်ဦးစလုံး ပြန်လည် လွင့်စင်ထွက်သွားခဲ့လေသည်။ လွင့်စင်ထွက်သွားနေရင်းမှ နှစ်ဦးစလုံးသည် ဖရဲသီးများ ပေါက်ကွဲထွက်သွားသည့်ပမာ သွေးမြူများအဖြစ်သို့ လမ်းတစ်ဝက်မှာပင် ပေါက်ကွဲထွက်ကုန်ကြလေသည်။ အရိုးများပင် ကျန်ရစ်ခဲ့ခြင်း မရှိခဲ့။
ထိုအချင်းအရာကို ကြည့်ရင်း ဧည့်ခန်းတစ်ခုလုံး တိတ်ကျသွားကုန်ကြလေသည်။ လူတိုင်းမှာတော့ သေဆုံးသွားသည့် အကြီးအကဲနှစ်ဦးအား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေကြလေသည်။
ရွမ်ပိတင်မှာမူ သက်ပြင်းချ၍ မျက်လုံးသာ ပိတ်လိုက်လေသည်။[ဟန်ကျန်းယွမ် နင် တကယ်ကို တုံးလိုက်တာပဲ၊ ငါ ဒီလူငယ်လေးကို ခေါ်သွားတာ သူ့အတွက်ကြောင့်လို့ နင် ထင်နေတာလား၊ ငါ တိမ်တိုက်နီဂိုဏ်းအတွက် ငါ နောက်ဆုံးအကြိမ်အဖြစ် လုပ်ပေးနေတာဟဲ့]
အဆိပ်မိသွားသည့်တိုင် ရန်ကိုင် အဆင်ပြေနေသည်ကို မြင်ပြီးသည့်နောက် ရန်ကိုင်၏ ခွန်အားသည် လုံးဝ မယုံကြည်နိုင်စရာ အဆင့်တစ်ခုသို့ ရောက်နေပြီမှန်း ရွမ်ပိတင် သိလိုက်လေသည်။ အစောပိုင်းက ရေနွေးကြမ်းတစ်ငုံဖြင့် အကြီးအကဲချန်ကို ထိခိုက်အောင် လုပ်သွားသည့် ကောင်မလေးနှင့်သာ ပေါင်းလိုက်မည်ဆိုလျှင် တိမ်တိုက်နီဂိုဏ်း သူတို့နှစ်ဦး၏ ပြိုင်ဘက် လုံးဝ ဖြစ်စရာ အကြောင်းမရှိပေ။ သို့သော်ငြား ဟန်ကျန်းယွမ်ကမူ အရာအားလုံးသည် သူ့လက်ထဲ ရှိနေသည်ဟုသာ ထင်နေခဲ့လေသည်။ သူ မသိလိုက်ခင်မှာပင် သားကောင်နှင့် မုဆိုးမှာ ပြောင်းပြန် ဖြစ်သွားခဲ့ရပြီး သူကိုယ်တိုင်သည် သားကောင်ဘဝသို့ ရောက်သွားခဲ့ရလေသည်။
"အစီအရင်ကို စလိုက်" ဟန်ကျန်းယွမ်မှာ တစ်ခဏမျှ ထိတ်လန့်တုန်လှုပ်နေပြီးသည့်နောက် ချက်ချင်းပဲ လက်ကွက်များကို ထုတ်ဖော်လိုက်လေသည်။
ချက်ချင်းဆိုသလို ဧည့်ခန်းထဲတွင် ရေးဆွဲထားသော အစီအရင် မျဉ်းကြောင်းများ စတင်၍ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး ဧည့်ခန်းထဲတွင် ရှိနေသည့် လူအားလုံးကို အစီအရင်တစ်ခုမှ လွှမ်းခြုံသွားခဲ့လေသည်။ ထိုအခါမှသာလျှင် အကြီးအကဲအားလုံး စိတ်သက်သာရာ ရသွားနိုင်ခဲ့ကြလေ၏။
အစောပိုင်းက အကြီးအကဲနှစ်ဦး ရန်ကိုင်ဆီသို့ ပြေးဝင်သွားစဉ် ရန်ကိုင်သည် သူ့လက်သီးများကို အသာအယာ ဝှေ့ယမ်းချလိုက်သည်။ ထို့နောက်တွင် အကြီးအကဲနှစ်ဦးစလုံး သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားကုန်ကြလေ၏။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဤလူငယ်လေး မည်မျှ အားကောင်းကြောင်းကို ခန့်မှန်းကြည့်နိုင်လေပြီ။ ကံကောင်းစွာဖြင့် ဂိုဏ်းချုပ်သည် လူငယ်လေးအား ဂိတ်ပေါက်အရှေ့၌ တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ ဤနေရာသို့သာ မျှားခေါ်လာခဲ့လေသည်။
အစီအရင် အားကိုးလည်းရှိသလို သူတို့အားလုံး၏ စုပေါင်းခွန်အားလည်း ရှိနေသေးသည့်အတွက်ကြောင့် ဤလူငယ်လေးအား မနိုင်ယူနိုင်စရာ အကြောင်းမရှိဟု တိမ်တိုက်နီဂိုဏ်းမှ အကြီးအကဲများ ထင်နေကြလေသည်။
"သူတို့အားလုံးကို သတ်ပစ်လိုက်" ရန်ကိုင်သည် အရှေ့သို့ ညွှန်ပြလိုက်လေသည်။
လျို့ယန်မှာ သူမပါးစပ်ကို ဟ၍ မီးတောက်များကို မှုတ်ထုတ်လိုက်သည်။ ထိုမီးတောက်များသည် အသက်ရှိနေသည့်ပမာ ဟန်ကျန်းယွမ်တို့အဖွဲ့ဆီသို့ တိုးဝင်သွားကုန်လေ၏။ ထိုမီးတောက် ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် အခန်းအပူချိန်မှာ ရုတ်ခြည်းဆိုသလို မြင့်တက်လာခဲ့ပြီး ခန်းမထဲတွင် ရေးဆွဲထားသော အစီအရင် မျဉ်းကြောင်းများမှာလည်း အပူဒဏ်ကို မခံနိုင်သည့်အလား စတင်ပျက်စီးလာကုန်ကြလေသည်။
တိမ်တိုက်နီဂိုဏ်းမှ အကြီးအကဲများမှာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန် အလျင်စလို ကြိုးစားလိုက်ကြသည်။
ဟဲယွင်ရှန်းမှာလည်း အလားတူ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။
သူမ လျို့ယန်နှင့် အတူရှိလာသည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ သို့သော်ငြား ဤချစ်စဖွယ် ကောင်မလေးသည် ဤကဲ့သို့သော ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားမျိုးကို ထုတ်ဖော်နိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်ထားခြင်း မရှိခဲ့ပေ။
အကြီးအကဲတစ်ဦးဆိုလျှင် လျို့ယန်၏ မီးတောက်များကို ခုခံရန် ကြိုးစားရင်းမှ မခုခံနိုင်ဘဲ သူကိုယ်တိုင်သည်သာ မီးတောက်များ၏ လောင်ကျွမ်းပစ်ခြင်း ခံလိုက်ရလေသည်။
ထိုအကြီးအကဲမှာ သာမန်လူတစ်ဦးပင် မဟုတ်။ တာအိုသခင်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ ရန်ကိုင်သည်သာ တာအိုသခင်အဆင့် ပညာရှင်တစ်ဦးအား အလွယ်တကူ သတ်ပစ်နိုင်မည်ဆိုပါက ဟဲယွင်ရှန်း အနေဖြင့် အံ့အားသင့်နေလိမ့်မည် မဟုတ်။ တကယ်တော့ ရန်ကိုင်၏ စွမ်းအားကို သူမကိုယ်တိုင် မြင်ဖူးပြီးသွားပြီ မဟုတ်လေလော။ သို့သော်ငြား ဤကောင်မလေးကမူ ထိုကဲ့သို့သော အကြီးအကဲတစ်ဦးကို မည်ကဲ့သို့များ အလွယ်တကူ သတ်ပစ်နိုင်ရလေသနည်း။ ဤကောင်မလေးသည် ရန်ကိုင်ကဲ့သို့ပင် အားကောင်းခြင်းပေလော။
"သွားကြရအောင်" ရန်ကိုင်သည် ရွမ်ပိတင်၏ လက်ကို ဖမ်းဆွဲလိုက်သည်။ ရွမ်ပိတင်က ငေးကြောင်ကြောင် အမူအရာဖြင့် ပြန်မေးလိုက်လေသည်။
"ဘယ်ကိုသွားမှာလဲ" သူမသည်လည်း အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်နေမိလေသည်။ လျို့ယန်မှ အကြီးအကဲချန်အား ရေနွေးကြမ်းတစ်ငုံဖြင့် ဒဏ်ရာရသွားအောင် လုပ်လိုက်သည်ကို မြင်စဉ်က လျို့ယန် အားကောင်းမှန်း သဘောပေါက်သွားခဲ့သည်။ သို့သော်ငြား ယခုမှသာလျှင် လျို့ယန်အား အကြီးအကျယ် အထင်သေးမိနေသေးကြောင်း သေချာသိသွားရတော့သည်။ တိမ်တိုက်နီဂိုဏ်းထဲရှိ မည်သူမှ သူမ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
"စုယန်ကို သွားရှာမလို့လေ" ထိုသို့ ပြောပြီးသည့်နောက် အခြား မည်သည့် အပိုစကားမျှ ပြောမနေတော့ဘဲ ရွမ်ပိတင်ကို တံခါးဝဆီသို့ ခေါ်သွားခဲ့ပြီး တံခါးအား လက်သီးဖြင့် ထိုးချလိုက်ရာ ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားသည့် အစီအရင်မှာ တစ်စစီ ပျက်စီးသွားခဲ့ရလေသည်။
တစ်ချိန်တည်းတွင် ကြောက်လန့်တကြား အော်ဟစ်သံများနှင့်အတူ ဟန်ကျန်းယွမ်၏ အသနားခံသံ ထွက်ပေါ်လာခဲ့လေသည်။ "အကြီးအကဲရွမ်၊ အကြီးအကဲရွမ်၊ ကျုပ်တို့ကို ကယ်ပါဦး"
ရွမ်ပိတင်မှာမူ ထိုလူများ သေသွားမည်ကို မကြည့်ရက်သည့်အလား အကြည့်လွှဲလိုက်လေသည်။
"ခင်ဗျား ဆန္ဒရှိတယ်ဆိုရင် သူ့အသက်ကို ချမ်းသာပေးလို့ ရတယ်" ရွမ်ပိတင်၏ ဒွိဟဖြစ်နေသည့် အကြည့်ကို သတိပြုမိလိုက်သော် ရန်ကိုင်က ပြောလိုက်လေသည်။ ရွမ်ပိတင်သည် စုယန်၏ ဆရာဖြစ်သလို စုယန်အပေါ်လည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သူမသာ တောင်းဆိုလာမည် ဆိုလျှင်တော့ ခွင့်ပြုပေးပေလိမ့်မည်။
ရွမ်ပိတင်သည် တစ်ခုခုကို ပြောချင်နေသည့်အလား သူမပါးစပ်ကို ဟလိုက်သည်။ သို့သော်ငြား အဆုံးတွင်တော့ သက်ပြင်းချ၍သာ ပြန်ပြောလိုက်လေ၏။ "သွားကြရအောင်"
သူမနှင့် တိမ်တိုက်နီဂိုဏ်း အကြားရှိ ကျေးဇူးကြွေးအားလုံးမှာ ကြေသွားခဲ့လေပြီ။ တိမ်တိုက်နီဂိုဏ်းသည်လည်း သူမနှင့် ပတ်သက်ခြင်း မရှိတော့။ သူမစိတ်ထဲ အပြစ်မကင်းသလို ခံစားရသည်မှာ ယခင်ဂိုဏ်းချုပ် တောင်းဆိုခဲ့သည့်အတိုင်း တိမ်တိုက်နီဂိုဏ်းအား မကာကွယ်ပေးနိုင်ခဲ့သည့်အတွက်ကြောင့်ပင်။ သူမအနေဖြင့် ယခုမှသာလျှင် ရန်ကိုင်နှင့် ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပါသော်ငြား ရန်ကိုင်၏ စိတ်နေစရိုက်အကြောင်းကိုတော့ အတော်လေး သိထားပြီးလေပြီ။ ရန်ကိုင်သည် ဘာလုပ်လုပ် ယတိပြတ် လုပ်တတ်သည့် လူမျိုးဖြစ်ပေသည်။ သူမဘက်မှ တောင်းဆိုသည့်အတိုင်း ရန်ကိုင်သည် ဟန်ကျန်းယွမ်၏ အသက်ကို ချမ်းသာပေးမည်ဆိုလျှင်ပင် သူ့ကျင့်ကြံခြင်းကိုတော့ ဖျက်ဆီးပစ်ပေလိမ့်မည်။
ကျင့်ကြံသူတစ်ဦးသည်သာ ဒုက္ခိတ ဖြစ်သွားမည်ဆိုပါက သေသွားသည့်ထက်ပင် ပို၍ဆိုးသည့် အဖြစ်မျိုးနှင့် ကြုံရနိုင်ပေသည်။
ဟင်းလင်းပြင် အစီအရင်ရှေ့ဝယ် တိမ်တိုက်နီဂိုဏ်းမှ တပည့်များနှင့် အကြည့်ချင်း ဖလှယ်ပြီးသည့်နောက် လက်သီးဆုပ်လိုက်လေ၏။ "အကြီးအကဲရွမ်"
ရှေ့ဆုံးတွင် ရှိနေသောလူက မေးလိုက်လေ၏။ "အကြီးအကဲရွမ် ဘယ်ကိုသွားမှာလဲ"
ရွမ်ပိတင်မှာ မသိလိုက်မသိဘာသာ အမူအရာဖြင့် ပြန်၍ ပြောလိုက်လေ၏။ "မီးတိမ်တိုက်တောင်ဆီ"
မီးတိမ်တိုက်သတ္တုကြောသည် မီးတိမ်တိုက်တောင် အတွင်းတွင် ရှိနေခြင်း ဖြစ်လေသည်။
ထိုတပည့် အံ့အားသင့်သွားတော့လေ၏။ "အကြီးအကဲကလည်း မီးတိမ်တိုက်တောင်ဆီ သွားဖို့ လုပ်နေတာလား"
ရွမ်ပိတင်က ခေါင်းညိတ်လိုက်ပါသော်ငြား ရန်ကိုင်ကမူ တစ်ခုခုအား သဘောပေါက်သွားဟန်ဖြင့် ဖြတ်မေးလိုက်လေသည်။ "မင်း ဘာပြောချင်တာလဲ၊ ငါတို့ အရှေ့မတိုင်ခင်မှာ အခြားတစ်ယောက်လည်း မီးတိမ်တိုက်တောင်ဆီ သွားထားသေးလို့လား"
"ခင်ဗျားက" ထိုတပည့်သည် ရန်ကိုင်အား ကြည့်ရင်းမှ ပြန်မေးလိုက်သည်။
ရွမ်ပိတင်လည်း အသိပြန်ဝင်လာခဲ့ပြီး ချက်ချင်း ကောက်မေးလိုက်လေ၏။ "ငါတို့အပြင် မီးတိမ်တိုက်တောင်ကို ဘယ်သူသွားသေးလဲ"
အကြီးအကဲရွမ် ကိုယ်တိုင်က မေးလာသော် ထိုတပည့်မှာ မည်သည့် အပိုမေးခွန်းမျှ ပြန်မမေးနေခဲ့ဘဲ တလေးတစားဖြင့် ပြန်ပြောလိုက်သည်။ "လွန်ခဲ့တဲ့ တစ်ဆယ့်ငါးမိနစ်လောက်တုန်းက သခင်လေး အကြီးအကဲနှစ်ဦးကို ခေါ်ပြီးတော့ မီးတိမ်တိုက်တောင်ဆီ ထွက်သွားပါတယ်"
"ဘယ်လို" ရွမ်ပိတင်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း အော်ပြောလိုက်လေသည်။ "အိုး၊ မဟုတ်တော့ဘူး"
ချက်ချင်းဆိုသလို ရွမ်ပိတင်သည် အစီအရင်ရှေ့တွင် ရပ်စောင့်နေသည့် တပည့်ကို တွန်းဖယ်လိုက်ပြီး ရန်ကိုင်ကို ခေါ်ကာ အစီအရင်ပေါ်သို့ တက်လိုက်လေသည်။ သူမ၏ စွမ်းအားကို ထုတ်ဖော်၍ အစီအရင်ကို အသက်သွင်းလိုက်ပြီးသည့်နောက် အစီအရင်တစ်ခုလုံး တလက်လက် တောက်ပလာခဲ့လေသည်။ အလင်းရောင်များ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ရွမ်ပိတင်နှင့် ရန်ကိုင်တို့ နှစ်ဦးစလုံးကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ချေ။
မီးတိမ်တိုက်တောင်ထဲဝယ် အပြန်အလှန် ဆက်စပ်နေသော လိုဏ်ခေါင်းများ လိုဏ်ဂူများ ရှိနေကြလေသည်။ ဤနေရာသည် မီးတိမ်တိုက်သတ္တုများကို တူးဖော်ရာ နေရာဖြစ်သည့်အတွက်ကြောင့် တိမ်တိုက်နီဂိုဏ်း၏ အရေးကြီးဆုံး နေရာများအနက် တစ်ခုဖြစ်သည်ဟု ပြော၍ ရသည်။ ပုံမှန်အားဖြင့် ဤနေရာအား စောင့်ကြပ်နေသည့် အကြီးအကဲ တစ်ဦးလိုလို ရှိတတ်ကြပေသည်။
သို့သော်ငြား မီးတိမ်တိုက်သတ္တုတွင်း ရှိနေသည့်နေရာမှာ အလွန်ကိုမှ နေဖို့ထိုင်ဖို့ရာ အဆင်မပြေလှပေ။ ထိုအတွက်ကြောင့် ဂိုဏ်းထဲရှိ အကြီးအကဲများသည်ပင်လျှင် ဤနေရာအား စောင့်ကြပ်ရမည့် တာဝန်ကို မယူလိုချင်ကြ။ မီးဓာတ်ကျင့်စဉ်ကို ကျင့်ကြံထားသော အကြီးအကဲနှစ်ဦးသည်ပင်လျှင် ဤနေရာ၌ အချိန်ကုန်မနေလိုကြပေ။ ထိုအတွက်ကြောင့် တစ်ယောက်တစ်လှည့် ဤနေရာကို စောင့်ကြပ်ကြပေသည်။ နှစ်တိုင်းနှစ်တိုင်း အကြီးအကဲတစ်ဦး ရောက်လာပြီး ဤနေရာကို တာဝန်ယူလေသည်။
သို့သော်ငြား လွန်ခဲ့သည့် ဆယ်နှစ်လုံးလုံး ဤနေရာတစ်ခုလုံးကို လူတစ်ဦးတည်းကသာ စောင့်ကြပ်နေခဲ့သည်။ အခြား မည်သည့် အကြီးအကဲမျှ ရောက်ရှိလာခြင်း မရှိ။
ထိုလူမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ မည်သူမဆို ဤကဲ့သို့သော မိန်းမချောလေးကို နှစ်သက်ကြမည် ဖြစ်ကြပါသော်ငြား တိမ်တိုက်နီဂိုဏ်းကမူ ဤကဲ့သို့သော အမျိုးသမီးတစ်ဦးကို ယခုကဲ့သို့ ညစ်ပတ်လှသည့် သတ္တုတွင်းအား စောင့်ကြပ်ရန် တာဝန်ပေးထားခဲ့လေသည်။ သူမ၏ ဖြူလွလွဝတ်ရုံမှာ ပတ်ဝန်းကျင်နှင့် ယှဉ်လိုက်သော် မိုးနှင့်မြေပမာ ကွာခြားနေခဲ့လေသည်။
ထိုတပည့်များမှာ ထိုအမျိုးသမီး ဤတာဝန်ကို ယူထားရခြင်းမှာ သူတို့ဂိုဏ်း၏ သခင်လေးအား ရန်စမိထားသည့်အတွက်ကြောင့်မှန်း သိထားကြသည်။ သူတို့စိတ်ထဲ ဤကဲ့သို့သော အမျိုးသမီးအပေါ် ယခုကဲ့သို့ လုပ်ရက်လေသလားဟု တွေးရင်း သူတို့၏ သခင်လေးအပေါ် သိပ်၍ မကျေနပ်ကြပေ။ သို့တိုင် ဘာမျှလည်း သွားမပြောရဲခဲ့။ သူတို့စိတ်ထဲ ဤအမျိုးသမီးအပေါ် ကြိတ်၍ ဂရုဏာသက်နေရုံသာ တတ်နိုင်လေသည်။ ဤကဲ့သို့သော အမျိုးသမီးတစ်ဦးသည် ယခုကဲ့သို့ ခိုင်းစေရမည့် လူမျိုးမဟုတ်။ သေသေချာချာ တန်ဖိုးထားကာ ပြုစုယုယပေးရမည့် လူတစ်ဦး ဖြစ်ပေသည်။ [သခင်လေးက တကယ်ကို အသည်းမာတာပဲ]
ပုံမှန်အားဖြင့် သတ္တုတွင်း၌ သတ္တုတူးကြသည့် တပည့်များမှာ ဆယ်ရက် တစ်ဆယ့်ငါးရက် နေပြီးသည့်နောက် ဂိုဏ်းဆီ တစ်ခါပြန်ကာ နားလေ့ရှိကြသည်။ နားပြီးသည့်အခါမှသာလျှင် ဤနေရာသို့ ပြန်လာကာ သတ္တုတူးကြလေသည်။ သို့သော်ငြား ဤအမျိုးသမီးကမူ ဤနေရာတွင် ဆယ်နှစ်လုံးလုံး နေနေခဲ့ရသည်။
ယခင်က ဤအမျိုးသမီးသည် တိမ်တိုက်နီဂိုဏ်း၏ အထူးချွန်ဆုံးသော တပည့်တစ်ဦး ဖြစ်ခဲ့သည်။ သူမအနေဖြင့် တန်ခိုးရှင်ဘုရင် အထွတ်အထိပ်အဆင့်မှ တာအိုသခင်အဆင့်သို့ ရောက်ရန် အချိန်ငါးနှစ်သာ ယူခဲ့လေသည်။ ထိုသို့ပင် ဖြစ်လင့်ကစား လွန်ခဲ့သည့် ဆယ်နှစ်လုံးလုံး သူမ၏ ကျင့်ကြံခြင်းမှာ အနည်းငယ်မျှပင် တိုးတက်လာခြင်း မရှိပေ။
ရွမ်ပိတင်မှ သူမ ကျင့်ကြံရန်အတွက် လိုအပ်သည့် ကျင့်ကြံရေး အရင်းအမြစ်များကို မကြာခဏ ပို့ပေးနေသည့်အတွက်ကြောင့်သာလျှင် သူမ၏ ကျင့်ကြံခြင်းမှာ တာအိုသခင်အဆင့်မှ လျော့ကျမသွားခဲ့ခြင်း ဖြစ်လေသည်။
လိုဏ်ဂူတစ်လုံးထဲဝယ် ဤနေရာ၌ တာဝန်ကျနေသော တပည့်တစ်ဦးသည် ခေါင်းကို ငုံ့ထားရင်းမှ လတ်တလော မိုင်းတွင်းထဲရှိ ကိစ္စများအကြောင်းကို အဖြူရောင်ဝတ်ရုံဝတ် အမျိုးသမီးအား ပြန်လည် အစီရင်ခံ တင်ပြနေခဲ့လေသည်။ ဤနေရာတွင် နေရသည်မှာ အလွန်ကြာနေပြီ ဖြစ်သည့်အတွက်ကြောင့် ထိုတပည့်၏ ပုံစံမှာ အတော်လေးကိုမှ ဖိုသီဖတ်သီ ဖြစ်နေခဲ့သည်။ ထိုလူသည် အစီရင်ခံ တင်ပြနေရာတွင် ခေါင်းကိုသာ တစ်ချိန်လုံး ငုံ့ထားခဲ့ပြီး အမျိုးသမီးအား တစ်ချက်ပင် မော်မကြည့်ခဲ့ပေ။ မကြည့်ရဲသည့်အတွက်ကြောင့်တော့ မဟုတ်။ မကြည့်လိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ကြည့်များ ကြည့်လိုက်လျှင် သူ့စိတ်ထဲ ထိုအမျိုးသမီးအား မေ့မရ ဖြစ်သွားမည်ကို စိုးရိမ်မိသည့်အတွက်ကြောင့်လည်း ပါပေသည်။
ထိုလူ အစီရင်ခံ တင်ပြသည်ကို ကြားပြီးသည့်နောက် ထိုအမျိုးသမီးက ခေါင်းငြိမ့်လိုက်လေ၏။ "ကောင်းပြီ၊ ကျေးဇူးပဲ"
သူမ၏ လေသံမှာ သိမ်မွေ့ပြီး ညင်သာလှသည်။ သူမ၏ အသံလေးကို ကြားလိုက်ရရုံဖြင့် လာရောက် အစီရင်ခံ တင်ပြသည့်လူမှာ အလွန်ကိုမှ ကျေနပ်သွားရလေသည်။ သူ့အနေဖြင့် ယခုကဲ့သို့ တာဝန်ကို လုပ်ရသည်မှာ ထိုက်တန်သည်ဟုလည်း တွေးနေမိလေသည်။
"တစ်ချက် နားလိုက်ပါဦး" ထိုလူသည် တလေးတစားဖြင့် နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။ သို့သော်ငြား ဆုတ်နေရင်းမှ ရုတ်တရက် တစ်ဦးဦးနှင့် သွားဝင်တိုက်မိလေသည်။ ထိုအတွက်ကြောင့် ထိုလူမှာလည်း ဒေါသထွက်ထွက်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်လေ၏။ [ဘယ်ကောင်ကများ ခွင့်ပြုချက်မရဘဲနဲ့ ဒီနေရာကို ပရမ်းပတာ ဝင်လာရဲတာလဲ၊ ဒီနေရာက စီနီယာအစ်မစု ကျင့်ကြံတဲ့နေရာ ယဆိုတာကို မသိတာလား]
ဝင်တိုက်မိသည့်လူအား ဒေါမာန်တကြီးဖြင့် ဆူပူအော်ဟစ်တော့မည့်အပြု မည်သူမှန်း သိလိုက်ပြီးသည့်နောက် ချက်ချင်းပဲ ဘေးဖယ်ပေး၍ ဦးညွတ်ကာ ပြောလိုက်လေသည်။ "မင်္ဂလာပါ သခင်လေး”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၁၄)
ဘာသာပြန်သူ_တိမ်တိုက်
(သခင်လေးရောက်လာမယ်လို့ မထင်ထားဘူး… သခင်လေး ဒီနေရာကို ပုံမှန်အားဖြင့် လာလည်လေ့ရှိတာမဟုတ်ဘူး… သူ ဒီကိုမလာတာတောင် တော်တော်လေးကြာသွားပြီ… လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းကပဲ ခဏခဏလာတာ… လာတိုင်းကတော့ ပျော်ပျော်နဲ့ပဲ… ပြန်ထွက်သွားရင်တော့ မှုန်ကုပ်ကုပ်နဲ့… အဲ့အချိန်တည်းက မလာတော့တာကို အခုမှ ဘာလို့များ ရုတ်တရက်ကြီး ရောက်လာရတာလဲမသိဘူး… ပြီးတော့ အကြီးအကဲနှစ်ဦးတောင် ပါလာသေးတယ်…)
ထိုတပည့်စိတ်ထဲ မယုံသင်္ကာ ဖြစ်နေမိပါသော်ငြား မလေးမစားမလုပ်ရဲသည့်အတွက်ကြောင့် ချက်ချင်းပဲ အကြီးအကဲနှစ်ဦးအား အလျင်အမြန် ဦးညွှတ်လိုက်လေသည်။
“မင်း ထွက်သွားလို့ရပြီ...” ဟန်ကျန်းချန်က စိတ်မရှည်ဟန်ဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
တပည့်မှာလည်း ခေါင်းကိုငုံ့ထားရင်းမှ ထိုနေရာမှ အမြန်ထွက်လာခဲ့လိုက်လေသည်။
ဟန်ကျန်းချန်သည် ရှေ့သို့ တိုးလိုက်ပြီး အဖြူရောင်ဝတ်ရုံဝတ်အမျိုးသမီးနှင့် ခြေဆယ်လှမ်းခန့်အကွာတွင် ရပ်လိုက်လေသည်။ မီးတိမ်တိုက်သတ္တုများသဖွယ် အနီရောင်တောက်နေသည့် သူ့မျက်လုံးများသည် အဖြူရောင်ဝတ်ရုံဝတ်အမျိုးသမီး၏ ခန္ဓာကိုယ်အား တဏှာကြီးစွာ စိုက်ကြည့်နေခဲ့သည်။ မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပါသော်ငြား ဤအမျိုးသမီးမှာမူ ယခင်အတိုင်း လှမြဲလှနေဆဲ။
ရုတ်တရက်ဆိုသလို လွန်ခဲ့သည့်နှစ်များအတွင်း ဤနေရာဆီသို့ ထပ်တလဲလဲ မလာခဲ့မိသည့်အပေါ် နောင်တရချင်လာခဲ့လေသည်။ သူသာ ထပ်တလဲလဲလာ၍ တောင်းဆိုနေမည်ဆိုပါက တစ်ဖက်လူ စိတ်ယိုင်ကောင်း ယိုင်လာနိုင်ပေလိမ့်မည်။ သို့သော်ငြား မကြာခင်မှာပင် ထိုအတွေးကို သူ့ခေါင်းထဲမှ ဖယ်ထုတ်လိုက်လေသည်။ သူသည် တိမ်တိုက်နီဂိုဏ်း၏ သခင်လေးတစ်ဦးဖြစ်လေရာ သူလိုချင်သည့် မည်သည့်အမျိုးသမီးကိုမဆို အလွယ်တကူရနိုင်ပေသည်။ သို့သော်ငြား ဤအမျိုးသမီးမှာမူ သူ့အပေါ် အမြဲလိုလို အေးစက်စက်နှင့်သာ ရှိနေ၏။ (ငါတို့တိမ်တိုက်နီဂိုဏ်းကြောင့်သာ မဟုတ်လို့ရှိရင် သူ တာအိုသခင်အဆင့်ကို ရောက်နိုင်မှာမဟုတ်ဘူး… အခုချိန်လောက်ဆို အခြားပညာရှင်တွေလက်ထဲတောင် ရောက်ချင်ရောက်နေမှာ…)
အစောပိုင်းက ထိုခွေးသူတောင်းစားပြောသွားသည့်စကားကို ပြန်စဉ်းစားလိုက်မိသော် ဟန်ကျန်းချန်မှာ ပို၍ ဒေါသထွက်လာခဲ့ရလေသည်။ ဤအမျိုးသမီးသည် အလွန်ကိုမှ ဖြူစင်ကာ သန့်စင်လှသည်ဟု ထင်ထားခဲ့ပါသော်ငြား အခြားသောအမျိုးသားတစ်ဦးနှင့် အိပ်ပြီးသွားပြီမှန်း သူမသိခဲ့။ ဤအမျိုးသမီး၏ ပထမဦးဆုံးသောအမျိုးသား မဖြစ်နိုင်ခဲ့သည့်အပေါ် ဟန်ကျန်းချန်မှာ အလွန်ကိုမှ ဒေါသူပုန်ထနေရသည်။
“ဂျူနီယာညီမစု… ငါတို့ မတွေ့ရတာကြာပြီနော်… နင် ဘယ်လိုနေလဲ…” ဟန်ကျန်းချန်သည် စုယန်အား ပြုံးကာ ကြည့်လိုက်လေသည်။ စုယန်သည် သူ့ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်ပိုမြင့်ပါသော်ငြား သူသည် တိမ်တိုက်နီဂိုဏ်း၏ သခင်လေးဖြစ်လေရာ ဘာကြောင့်များ သူမအား စီနီယာအစ်မဟု ခေါ်နေရပါဦးမည်နည်း။
“သခင်လေးဟန်…” စုယန်သည် သူမရှေ့ရှိလူအား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်ရင်းမှ ထိုင်ရာမှထ၍ ဦးညွှတ်လိုက်လေသည်။ “မင်္ဂလာပါ အကြီးအကဲတို့…”
အကြီးအကဲနှစ်ဦးမှာမူ ကျောက်ရုပ်တုများပမာ တိတ်မြဲ တိတ်နေခဲ့ကြလေသည်။ လိုဏ်ဂူမှာ အလင်းရောင်မရသည့်အတွက်ကြောင့် မှောင်တောင်တောင်ဖြစ်နေခဲ့လေရာ အကြီးအကဲများ၏ မျက်နှာအမူအယာကို သေချာမမြင်ရပေ။
“သခင်လေး ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ…”
ဟန်ကျန်းချန်က ပြုံး၍ ပြန်ပြောလိုက်သည်။ “နင့်ကို လွမ်းလို့လေ… ဒါကြောင့်ပဲ လာတွေ့ဖို့ ဆုံးဖြတ်လိုက်တာ… ပြီးတော့ ငါတို့ မတွေ့ရတာ ကြာနေပြီမလား…”
စုယန်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ “ရှစ်နှစ်ရှိသွားပြီ…”
“ဟုတ်တယ်… ရှစ်နှစ်ဆိုတော့ တော်တော်တောင် ကြာသွားပြီပဲ…” ဟန်ကျန်းချန်က စိတ်ညစ်သွားဟန်ဖြင့် “အချိန်ကုန်တာ မြန်တယ်ဆိုတာ တကယ် အမှန်ပါပဲလား… နင် ဂိုဏ်းထဲကို စဝင်တုန်းက ငါ့အပေါ် ဒီလောက် မအေးစက်ခဲ့ပါဘူး…”
စုယန်က ပြန်ပြောလိုက်သည်။ “သခင်လေးအပေါ် အဲ့လိုမျိုး တမင်တကာ လုပ်တာတော့ မဟုတ်ပါဘူး… ဒါပေမယ့် သခင်လေးစိတ်ထဲ နေလို့ အဆင်မပြေသလို ဖြစ်သွားခဲ့ရင် ကျွန်မ တောင်းပန်ပါတယ်…”
ဟန်ကျန်းချန်က ပြန်၍ ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး… ဒါ နင့်ပုံစံပဲဟာကို… ဒီတော့ ငါ နင့်ကို အပြစ်မတင်ဘူး…” ထိုသို့ပြောပြီးသည့်နောက် သားကောင်ကိုခုန်အုပ်တော့မည့် သားရဲကြီးတစ်ကောင်ပမာ ရှေ့သို့ အနည်းငယ်တိုးလျက် “ရှစ်နှစ်ကြာသွားပြီ… ဂျူနီယာညီမ… နင် ငါပြောတာကို သေချာစဉ်းစားပြီးသွားပြီလား…”
စုယန်က ပြန်ပြောလိုက်သည်။ “သခင်လေး ဘာကို ပြောချင်နေတာလဲ…”
ဟန်ကျန်းချန်က စုယန်ကိုလက်ညှိုးထိုး၍ ပြုံးကာ ပြောလိုက်သည်။ “ဂျူနီယာညီမ… နင် ဘာဖြစ်လို့ မသိချင်ယောင်ဆောင်နေရသေးတာလဲ… ငါဘာလိုချင်လဲ နင်သိနေတာပဲကို…”
“ကျွန်မ ဘယ်သူနဲ့မှ ချစ်ကြိုက်ဖို့ မစဉ်းစားထားသေးဘူး…”
ဟန်ကျန်းချန်က အဓိပ္ပာယ်ပါပါပြုံးလျက် “တကယ်လား…” ထိုသို့ပြောပြီးသည့်နောက် သူ့လက်ဝါးကို ဖြန့်ကြည့်လိုက်လေသည်။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် သူ့လက်ချောင်းအချင်းချင်းကို ပွတ်သပ်၍ ပြောလိုက်လေ၏။ “နင် ဘယ်သူနဲ့မှ မကြိုက်ချင်တာမဟုတ်ဘဲနဲ့ နင့်စိတ်ထဲမှာ အခြားတစ်ယောက် ရှိနေပြီးသားမို့လို့မလား…”
စုယန်က ပြန်ပြောလိုက်လေသည်။ “သခင်လေး နားလည်တယ်ဆိုလို့ရှိရင် ဆက်ပြီးကြိုးစားနေလဲ အပိုပဲ ဆိုတာကို သိမှာပေါ့…”
(ခွေးမ…) ဟန်ကျန်းချန်စိတ်ထဲ ကြိတ်ကာ အော်ဆဲလေသည်။ (ငါ့လို တိမ်တိုက်နီဂိုဏ်းရဲ့ သခင်လေးတစ်ယောက်က အဲ့လိုတောသားတစ်ကောင်နဲ့ ဘယ်လိုလုပ်ပြီး မယှဉ်နိုင်ရတာလဲ… ဒီလောက်နှစ်တွေကြာသွားတာတောင် သူ့ကို မမေ့ဘဲ နေလိမ့်ဦးမယ်လို့ ငါ တကယ်မထင်ထားဘူး… ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့… ရတယ်လေ… နင့်ဘက်က ဒီလောက်ခေါင်းမာနေတယ်ဆိုမှတော့ ငါလည်း အကြမ်းနည်းပဲ သုံးရတော့မှာပေါ့… နင့်တစ်ကိုယ်လုံး စုတ်ပြတ်သွားတဲ့အချိန်မှပဲ ငါ နင့်ကို အမှိုက်စုတ်တစ်ခုလို လွှင့်ပစ်မယ်…)
“အဲ့လူကို ရန်ကိုင်လို့ခေါ်တယ်မလား…”
နောက်ဆုံးတွင်တော့ စုယန်၏ အေးစက်စက်အမူအယာမှာ စတင်၍ ပြောင်းလဲသွားတော့လေသည်။ “သခင်လေး ဘယ်လိုသိတာလဲ…”
သူမသည် ရန်ကိုင်အကြောင်းကို ရွမ်ပိတင်ကိုသာ ပြောပြခဲ့ဖူးသည်။ အခြားသူများသည် ရန်ကိုင်အကြောင်းကို မသိကြချေ။ ထို့အတွက်ကြောင့် ဟန်ကျန်းချန်မှ ရန်ကိုင်အကြောင်းကို ပြောလာချိန် သူမစိတ်ထဲ ပထမဦးဆုံး တွေးမိလိုက်သည်မှာ ရွမ်ပိတင်မှ ထိုအကြောင်းကို အခြားလူများအား လျှောက်ပြောလိုက်ပြီဟူ၍ပင်။ သို့သော်ငြား ထိုသို့မဖြစ်နိုင်မှန်း မကြာခင်တွင် နားလည်သွားခဲ့သည်။ ရွမ်ပိတင်သည် သူမ၏ဆရာ ဖြစ်ပေသည်။ ဆရာတပည့်သာဆိုပါသော်ငြား နှစ်ဦးသားမှာ ညီအစ်မများသဖွယ် ရင်းနှီးကြသည်။ ရွမ်ပိတင်သည် သူမအပေါ် အမြဲတစေလည်း ကောင်းခဲ့ပေသေးသည်။ ထို့အတွက်ကြောင့် သူမပြောသည့်လျှို့ဝှက်ချက်ကို အခြားသူများအား အလကားသက်သက် လျှောက်ပြောစရာအကြောင်း မရှိပေ။
“ဘယ်လိုလုပ်ပြီး မသိဘဲနေရမှာလဲ…” ဟန်ကျန်းချန်က ရယ်သွမ်းသွေးလိုက်သည်။ ယခုမှသာလျှင် စုယန် သူ့အပေါ် အာရုံစိုက်လာအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့ပင် လုပ်နိုင်လင့်ကစား ဟန်ကျန်းချန်မှာ မပျော်နိုင်ဘဲ စိတ်ညစ်နေရသည်။ အကြောင်းမှာ စုယန်သည် သူ့ထက် ထိုခွေးသူတောင်းစားအကြောင်းကို ပို၍ စိတ်ဝင်စားနေသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ဟန်ကျန်းချန်သည် မျက်နှာသေဖြင့် အမူအယာဖြင့် ဆက်၍ ပြောလိုက်သည်။ “ငါ နင့်ကို တစ်ခုပြောဦးမယ်… အဲ့ရန်ကိုင်ဆိုတဲ့ကောင်လေ အခု တိမ်တိုက်နီဂိုဏ်းထဲကို ရောက်နေတယ် သိလား…”
“ဘယ်လို…” စုယန် အံ့အားသင့်သွားလေ၏။ “သခင်လေး ဘာပြောလိုက်တာလဲ…” စုယန်မှာ သူမနားသူမ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ ချက်ချင်းပဲ သူမကိုယ်သူမ ပြန်ထိန်းလိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “သခင်လေး… ကျေးဇူးပြုပြီး ကျွန်မကို မနောက်ပါနဲ့နော်…”
“ငါပြောတာကိုမယုံရင် အကြီးအကဲတွေကို မေးကြည့်လိုက်…”
စုယန်သည် အကြီးအကဲနှစ်ဦးအား လှမ်း၍ ကြည့်လိုက်သည်။
အကြီးအကဲတစ်ဦးက ခေါင်းညိတ်၍ပြန်ပြောလိုက်သည်။ “သခင်လေးပြောတာ အမှန်ပဲ… ဒီနေ့ ရန်ကိုင်ဆိုတဲ့လူငယ်လေးတစ်ယောက် ငါတို့ဂိုဏ်းကိုရောက်လာပြီး နင့်ကိုလာရှာတယ်… ပြီးတော့ ပြောသွားသေးတယ်…”
“ဘာပြောသွားတာလဲ…”
“သူက နင့်ယောက်ျားတဲ့…”
ထိုစကားကိုကြားသော် စုယန် အနည်းငယ် ဒယီးဒယိုင် ဖြစ်သွားခဲ့လေသည်။ သူမစိတ်ထဲလည်း ဟန်ကျန်းချန်ပြောသည်ကို မယုံသင်္ကာ မဖြစ်တော့ပေ။ (ရန်ကိုင် တကယ်ကြီး တိမ်တိုက်နီဂိုဏ်းထဲ ရောက်နေတာလား… သူ တကယ်ကြီး ငါ့ကို လာရှာတာလား… ဒီနှစ်တွေအတောအတွင်း သူ ဒီမူလကုန်းမြေထဲမှာပဲ ရှိနေတာလား…)
စုယန်စိတ်ထဲ မေးခွန်းပေါင်းများစွာ ဖြတ်ပြေးသွားခဲ့သည်။ ပုံမှန်အားဖြင့် မျက်နှာသေဖြင့် ရှိနေတတ်သော စုယန်မှာမူ လက်ရှိအချိန်တွင်တော့ သူမ၏မျက်နှာလေးမှာ ပြုံးယောင်သန်းနေခဲ့လေသည်။
ဟန်ကျန်းချန်မှာတော့ ယဲ့ယဲ့လေးပြုံးနေသည့်စုယန်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ လက်ရှိအချိန်တွင် စုယန်ကို သူ့ရင်ထဲ ခေါ်သွင်းကာ လုပ်ချင်နေသည့်အရာများကို လုပ်ပစ်လိုက်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာတော့လေသည်။ ဤအေးစက်စက်အမျိုးသမီးနှင့် တစ်သားတည်းဖြစ်သွားရသည့်ခံစားချက်မှာ အခြားသောအမျိုးသမီးများနှင့် သူကြုံခဲ့ရဖူးသည့် ခံစားချက်မျိုးနှင့် လုံးဝကို တူညီလိမ့်မည်မဟုတ်ပေ။
“ကြည့်ရတာ သူက တကယ်ကြီး နင့်ယောက်ျားပဲ…” ဟန်ကျန်းချန်က နှာခေါင်းရှုံ့လိုက်လေသည်။
စုယန်က ပြန်ပြောလိုက်သည်။ “သခင်လေး… ကျွန်မ ဂိုဏ်းဆီ ပြန်ချင်တယ်…”
ဟန်ကျန်းချန်က ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ “မရဘူး… ငါ့အဖေက ခွင့်မပြုသရွေ့ နင် ပြန်သွားလို့မရဘူး…” တစ်ချက်မျှရပ်ပြီးသည့်နောက် ပြုံးဖြီးလျက် “ပြီးတော့ နင်ပြန်သွားလို့လဲ အပိုပဲ…”
“သခင်လေး ဘာပြောချင်တာလဲ…” စုယန်က မျက်မှောင်ကျုံ့သွားလေသည်။
“ဘာပြောချင်တာလဲဆိုတော့…” ဟန်ကျန်းချန်က သက်ပြင်းချလျက် “အဲ့ရန်ကိုင်ဆိုတဲ့ကောင်က အရမ်းကို နမော်နမဲ့နိုင်လွန်းတယ်လေ… သူ နင့်ကို လာရှာတာတော့ ကိစ္စမရှိပါဘူး… ဒါပေမယ့် ဘာလုပ်သွားလဲသိလား… ငါတို့အားလုံးကို စော်ကားပြီးတော့ ဂိုဏ်းရဲ့ ကာကွယ်ရေးအစီအရင်ကိုတောင် ဖျက်ဆီးသွားတယ်… ငါတို့လိုဂိုဏ်းမျိုးက အဲ့လိုလုပ်ရပ်မျိုးကို လက်ခံမယ်ထင်လား… အခုတော့ ကြည့်ရတာ သူ အဖမ်းခံနေရလောက်ပြီနဲ့တူတယ်…” ဟန်ကျန်းချန်က ပြောလိုက်သည်။ “ပြီးတော့ ဒုက္ခလှလှနဲ့လည်း တွေ့နေလောက်ပြီ…”
ဟန်ကျန်းချန်မှ ထိုကဲ့သို့ ပြောလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် လိုဏ်ဂူထဲရှိအပူချိန်မှာ ရုတ်ချည်းဆိုသလို ထိုးကျသွားခဲ့ရလေသည်။
ဟန်ကျန်းချန်မှာတော့ စုယန်အား အောင်နိုင်သူအပြုံးကို ဆင်မြန်းရင်းမှ ကြည့်နေခဲ့လေသည်။ သူ၏ရည်ရွယ်ချက်မှာ သူမအား ဒေါသထွက်အောင် လုပ်ရန် ဖြစ်နေသည့်အလား။ (နင်သာ ငါ့ကို ကောင်းကောင်းမွန်မွန်လေး တောင်းပန်မယ်ဆိုရင်တော့ ငါ နင့်ဆန္ဒကို ဖြည့်ဆည်းပေးရင် ပေးမှာပေါ့…)
သို့သော်ငြား မကြာမီ ကြောင်သွားခဲ့လေသည်။ အကြောင်းမှာ စုယန်၏ အေးစက်စက်အရှိန်အဝါသည် ပေါ်လာပြီးပြီးချင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားသည့် အတွက်ကြောင့်ပင်။ သူမ၏ ဒေါသွက်နေသည့် အမူအယာမှာလည်း ချက်ချင်းဆိုသလို ပုံမှန်မျက်နှာထားအဖြစ်သို့ ပြန်ပြောင်းသွားခဲ့လေသည်။
ဟန်ကျန်းချန်က မေးလိုက်သည်။ “ဂျူနီယာညီမ… နင် စိတ်မပူဘူးလား…”
“ဘာကို စိတ်ပူရမှာလဲ…” စုယန်က ပြန်မေးခွန်းထုတ်လိုက်သည်။
စုယန်၏တုံ့ပြန်ပုံသည် သူထင်ထားသည်နှင့် လုံးဝကို ကွာခြားနေသည့်အတွက်ကြောင့် ဟန်ကျန်းချန်မှာ လုံးဝကို ဆွံ့အသွားရတော့လေသည်။ (သူ ဒီလောက်အသည်းမာတာလား… ဟိုလူက သူ့ယောက်ျားလေ… သူ့ယောကျ်ား ဒုက္ခရောက်နေတာကို သူက စိတ်ပူရမှာမဟုတ်ဘူးလား… ဘာဖြစ်လို့ ဒီလောက်တောင် အေးစက်စက်လုပ်နေရတာလဲ…)
“ရန်ကိုင်ကိုပြောတာလေ…”
“ဘာစိတ်ပူစရာရှိလို့လဲ…” စုယန်သည် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်ရင်းမှ ပြန်မေးလိုက်သည်။
ရန်ကိုင်သည် ကြယ်စီရင်စုကြီးထဲတွင် ရှိစဉ်ကတည်းက တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေခဲ့ခြင်း ဖြစ်လေသည်။ ယခု နှစ်ပေါင်းများစွာကြာသွားခဲ့ပြီဖြစ်လေရာ သူ့အရည်အချင်းအရ ရန်ကိုင်၏ကျင့်ကြံခြင်းသည် မူလကုန်းမြေထဲရှိ ထိပ်သီးပညာရှင်များအနက် တစ်ဦး အပါအဝင် ဖြစ်နေရပေလိမ့်မည်။ တိမ်တိုက်နီဂိုဏ်းထဲရှိ ကျင့်ကြံသူများမှာ အားကောင်းလှပါသော်ငြား ရန်ကိုင်၏ပြိုင်ဘက်တော့ ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားလေရာ ထွက်ပြေးရာတွင် မည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။
ဟန်ကျန်းချန်မှာ ခဏမျှ ကြောင်တောင်တောင်ဖြစ်နေပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ “သူ ဒုက္ခလှလှနဲ့ တွေ့နေမှာနော်…”
“အဲ့ဒါဆိုရင်လည်း သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပေါ့…”
“ဂျူနီယာညီမ… သူက နင့်ယောကျ်ားမလား… သူ ဒုက္ခရောက်နေတာကို နင် ဘယ်လိုလုပ်ပြီး ဒီအတိုင်း ထိုင်ကြည့်နေနိုင်ရတာလဲ… ငါ့အဖေကို ဘယ်သူမှ သွားမတောင်းပန်ဘူးဆိုရင် ငါ့အဖေက သူ့ကို ဆိုးဆိုးရွားရွား အပြစ်ပေးမှာ… အဲ့ရန်ကိုင်သာ ဒဏ်ရာရသွားရင်ဖြစ်ဖြစ် အခန့်မသင့်လို့ သေသွားခဲ့ရင်…”
“အဲ့ဒါဆိုရင်လည်း ကံကြမ္မာအလိုတော်လို့ပဲ သတ်မှတ်ရတော့မှာပေါ့… သခင်လေး စိတ်ပူနေစရာမလိုပါဘူး…”
“ဂျူနီယာညီမ… ငါ့အဖေကို ငါပြောပေးရင် ရတယ်နော်… ငါသာတောင်းဆိုလိုက်ရင် သူကျိန်းသေ သဘောတူမှာ…”
“အခုလိုမျိုး စေတနာနဲ့ ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး… ဒါပေမယ့် ဒီကိစ္စကို သခင်လေး စိတ်ပူစရာမလိုပါဘူး… ဒီနေရာကလည်း တော်တော်လေးပူတယ် သခင်လေးရဲ့… သခင်လေး အိမ်ပြန်ရင် ပြန်တော့လေ…”
“နင်…”
“ဒါနဲ့ ပြန်သွားလို့ ကျွန်မယောက်ျားနဲ့ တွေ့လို့ရှိရင် သူ့ကို ဒီကိုလာဖို့ ပြောလိုက်ဦးနော်… ကျွန်မ သူ့ကို ဒီမှာစောင့်နေတယ်လို့…”
“ခွေးမ…” ဟန်ကျန်းချန်မှာ သူ့ဒေါသကို မထိန်းနိုင်တော့သည့်အဆုံး ထအော်တော့လေသည်။
အကုန်လုံးသည် သူထင်ထားသည်နှင့် တက်တက်စင်အောင်ကို လွဲချော်နေခဲ့သည်။ ရန်ကိုင်အကြောင်းကို ပြောလိုက်မည်ဆိုလျှင် စုယန်ပျာယာခတ်သွားလိမ့်မည်ဟု သူထင်ထားခဲ့လေသည်။ ထိုသို့သာဆိုလျှင်တော့ စုယန်သည် သူတောင်းဆိုလာသည့်အရာမှန်သမျှကို ငြင်းဆန်နိုင်တော့လိမ့်မည်မဟုတ်။ စုယန်သည်သာ ထိုတောသားကို ဂရုစိုက်နေသေးသရွေ့ ဟန်ကျန်းချန်မှာ သူမျှော်လင့်တောင့်တနေသည့်အရာကို ရအောင်ယူနိုင်ပေလိမ့်မည်။
သို့သော်ငြား အကုန်လုံးမှာ မှန်းချက်နှင့်နှမ်းထွက် မကိုက်သလို ဖြစ်ခဲ့ရသည်။ စုယန်ကိုကြည့်ရသည်မှာ ထိုတောသား၏လုံခြုံရေးနှင့်ပတ်သက်၍ လုံးဝကို စိတ်မပူသည့် ပုံစံမျိုးပင် ပေါက်နေလေ၏။
(သူ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အေးစက်အသည်းမာရတာလဲ…) ဟန်ကျန်းချန်ပင်လျှင် ရန်ကိုင်အတွက် စိတ်မကောင်းချင်သလို ဖြစ်သွားရလေသည်။ ဤကဲ့သို့ အေးစက်ကာ အသည်းမာသည့် အမျိုးသမီးတစ်ဦးကို ယောက်ျားတစ်ဦးနှင့် အတူရှိရသည်မှာ မည်ကဲ့သို့ဖြစ်သလဲဆိုသည်ကို နားလည်သွားအောင် သေသေချာချာ သင်ခန်းစာ ပေးသင့်ပေသည်။
ထိုသို့တွေးမိလိုက်သည့်နောက် ဟန်ကျန်းချန် ပြုံးဖြီးဖြီးဖြစ်သွားခဲ့လေ၏။ (ကြည့်ရတာ ရန်ကိုင်ဆိုတဲ့ကောင်က သူ့အတွက် ဒီလောက် အရေးမပါဘူးနဲ့တူတယ်… ဒါပေမယ့် ငါ ဒီကို ရောက်လာပြီဆိုမှတော့ သူ့ကို ရအောင်ယူရတော့မှာပဲ…)
ထိုသို့တွေးပြီးသည့်နောက် ဟန်ကျန်းချန်သည် စုယန်အား တဏှာရမ္မက်ကြီးစွာဖြင့် စိုက်ကြည့်လိုက်လေသည်။
စုယန်က ပြန်မေးလိုက်သည်။ “ဘာကိစ္စရှိသေးလို့လဲသခင်လေး…”
ဟန်ကျန်းချန်က ပြန်ပြောလိုက်သည်။ “ဒီနေရာက ညစ်ပတ်တယ်ဆိုပေမယ့် လုပ်လို့ကတော့ တကယ်ကောင်းမှာ…”
ထိုစကားကိုကြားသော် စုယန်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။
“ဒီလိုနေရာမျိုးမှာ ငါ မိန်းမတစ်ယောက်နဲ့ တစ်ခါမှ မပျော်ပါးဖူးဘူး… အခုတော့ ပျော်ပါးကြည့်ချင်လာပြီ… ငါ နင့်အဝတ်တွေကို အကုန်ဆွဲချွတ်ပစ်လိုက်ရင် နင် ဘယ်လိုအော်မလဲ… ငါ တကယ်သိချင်နေပြီ…”
“ရွှမ်…” ခနဲမြည်သံနှင့်အတူ စုယန်၏လက်ထဲ နှင်းခဲဓါး ပေါ်လာခဲ့လေသည်။
ထို့နောက်တွင် ဓါးလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့ပြီး ဟန်ကျန်းချန်ဆီသို့ တိုးဝင်သွားခဲ့လေ၏။ ဟန်ကျန်းချန်မှာလည်း သူ့ဆီသို့ တိုးဝင်လာနေသည့် ရေခဲဓါးလှိုင်းကိုကြည့်ရင်း သေခြင်းတရားအငွေ့အသက်တို့ကို ခံစားလိုက်ရလေသည်။ ဟန်ကျန်းချန်ကိုယ်တိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါသော်ငြား လက်ရှိ သူ့ကျင့်ကြံခြင်းကို ဆေးလုံးများ၊ အဖိုးတန်ရတနာများ၏ အကူအညီဖြင့် ရရှိထားခြင်းဖြစ်ပြီး သူကိုယ်တိုင်သည် အစစ်အမှန်တိုက်ပွဲအား တစ်ခါမှ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိပေ။ ထို့အတွက်ကြောင့် စုယန်၏တိုက်ကွက်ကို သူ့အနေဖြင့် မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။ မည်သူမှသာမကယ်လျှင် ဟန်ကျန်းချန်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေသွားရပေလိမ့်မည်။
ထိုစဉ် လက်တစ်ဖက်သည် ဟန်ကျန်းချန်၏ပုခုံးနောက်မှ ထွက်လာပြီး သူ့အား နောက်သို့ ဆွဲခေါ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် အခြားလက်တစ်ဖက်သည် သူ့ကိုကျော်၍ စုယန်ပစ်လွှတ်လိုက်သည့်ဓါးလှိုင်းကို ကြားဖြတ် ဟန့်တားလိုက်လေသည်။
“ထန်”ခနဲမြည်သံနှင့်အတူ ဓါးလှိုင်းပျက်စီးသွားခဲ့ပြီး စုယန်သည်လည်း ထိုင်ရာမှ ထ၍ နှင်းခဲဓါးကိုကိုင်ရင်းမှ မီးခိုးရောင်နှင့် အဖြူရောင် ရောစပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးအား စိုက်ကြည့်လိုက်လေသည်။ ထိုသူသည် စုယန်ကဲ့သို့ပင် တာအိုသခင်ပထမအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။
အခြားသောအကြီးအကဲတစ်ဦး၏ အချိန်မီ ဝင်ရောက်ကယ်ဆယ်လိုက်ခြင်းကြောင့် ဟန်ကျန်းချန်မှာ သေမင်းတံခါးမှ ပွတ်ကာသီကာလေး လွတ်မြောက်လာခဲ့ရလေသည်။ သေဘေးမှ ကပ်သီလေး လွတ်မြောက်လာခဲ့ပြီးသည့်နောက်တွင် ဟန်ကျန်းချန်၏နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေ၏။ ထို့နောက် ထအော်လေသည်။ “ခွေးမ… နင် ငါ့ကို သတ်ဖို့ ကြိုးစားရဲတယ်ပေါ့…”
အစောပိုင်းက စုယန်၏တိုက်ကွက်သည် ရယ်စရာမဟုတ်ပေ။ ထိုဓါးလှိုင်းသာ သူ့အား တကယ်ထိသွားမည်ဆိုပါက ဟန်ကျန်းချန် ကျိန်းသေ အသက်ပျောက်သွားရပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၁၅)
ဘာသာပြန်သူ_တိမ်တိုက်
“အဲ့ဒါ သတိပေးတာပဲရှိသေးတယ်…” စုယန်သည် ဟန်ကျန်းချန်အား မျက်နှာသေဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ ထိုအကောင်သည် သူမအား ယခုကဲ့သို့ လာရောက် စော်ကားမော်ကား ပြောဆိုရဲသည့်အတွက်ကြောင့် သူမအနေဖြင့်လည်း အထိုက်အလျောက် ပြန်လည်တုံ့ပြန်ရပေလိမ့်မည်။
“ကောင်းတယ် ကောင်းတယ်…” သေမင်းတံခါးဝမှ ကပ်သီလေး လွတ်မြောက်လာပြီးသည့်နောက်တွင် ဟန်ကျန်းချန်၏မျက်နှာမှာ လုံးဝကို ဖြူလျော်နေခဲ့လေသည်။ စုယန်အား စူးရဲစွာ စိုက်ကြည့်နေရင်းမှ ဟန်ကျန်းချန်သည် နောက်သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း ဆုတ်သွားခဲ့လေသည်။ နောက်ဆုံး လိုဏ်ဂူအပြင်ဘက်သို့ ရောက်ပြီးသည့်နောက် သူ့လက်ကိုဝှေ့ယမ်း၍ အော်ပြောလိုက်လေ၏။ “သူ့ကိုဖမ်း…”
မည်သို့ပင်ဖြစ်နေစေကာမူ ယနေ့ စုယန်နှင့် ကျိန်းသေ ပျော်ပါးရပေလိမ့်မည်။ ဟန်ကျန်းချန်အနေဖြင့် ဆက်စောင့်ဖို့ရာ စိတ်မရှည်တော့ပေ။ အနုနည်းနှင့်မရသဖြင့် နောက်ဆုံး အကြမ်းနည်းသာ သုံးရပေတော့မည်။
အကြီးအကဲနှစ်ဦးသည် ဘေးချင်းယှဉ်ရပ်ရင်း ဝင်ပေါက်အား ပိတ်ထားကြလေသည်။ နှစ်ဦးစလုံးမှာ အတော်လေးကိုမှ ရုပ်ဆင်လှလေရာ ညီအစ်ကိုများ ဖြစ်ဟန်တူသည်။ ထိုနှစ်ဦးသည် ရုပ်သာဆင်ခြင်းမဟုတ်။ ကိုယ်လုံးကိုယ်ပေါက်အချိုးအစားမှာလည်း အတော်လေးကိုမှ ဆင်တူလှသည်။ နှစ်ဦးစလုံးသည် ထွားထွားကျိုင်းကျိုင်း လူထွားကြီးများ ဖြစ်ကြသည်။ အရင်းအမြစ်ချီကို လှည့်ပတ်လိုက်ပြီးနောက် အကြီးအကဲနှစ်ဦးလုံး၏ အရေပြားများ အနီရောင်သန်းလာခဲ့လေရာ မသိလျှင် သူတို့၏အရေပြားများ မီးတောက်လောင်လာတော့မလားဟုပင် ထင်မှတ်ရသည်။
ဟန်ကျန်းချန်သည် ဤနေရာသို့ မလာခင်တည်းက စုယန်အပေါ် အကြမ်းနည်းသုံးရန် စဉ်းစားထားပြီးသားပင်။ သူရွေးချယ်ထားသည့် အကြီးအကဲနှစ်ဦးမှာလည်း မီးဓာတ်ကျင့်စဉ်များကို ကျင့်ကြံထားသူများ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် ဤကဲ့သို့သောနေရာမျိုးတွင် ထိုအကြီးအကဲနှစ်ဦးသည် သူတို့၏ခွန်အားအကုန်အစင်ကို ထုတ်သုံးနိုင်ကြပေသည်။
အကြီးအကဲနှစ်ဦးမှာ ဝင်ပေါက်ရှေ့တွင် ပိတ်ရပ်နေသည့်အတွက်ကြောင့် စုယန်သည်သာ ဤလိုဏ်ဂူထဲမှ ထွက်သွားလိုပါက အကြီးအကဲနှစ်ဦးကို အရင်ဦးစွာ အနိုင်ယူရပေလိမ့်မည်။
ဘယ်ဘက်တွင်ရှိနေသော အကြီးအကဲက အကြံပေးလိုက်သည်။ “စုယန်… ရှင်းရှင်းပြောရရင် ငါတို့ဂိုဏ်းက နင့်ရဲ့ကျေးဇူးရှင်ပဲ… ငါတို့ကြောင့်သာ မဟုတ်လို့ရှိရင် နင် အခုလိုမျိုး တာအိုသခင်အဆင့်ကို ရောက်နေနိုင်မှာမဟုတ်ဘူး… ငါတို့ဂိုဏ်းအပေါ် အကြွေးတင်ထားမှတော့ ဘာဖြစ်လို့ အကြွေးပြန်မဆပ်တာလဲ… ဒါ ကိုယ့်သခင်လေးအပေါ်ကို နင် အကြွေးပြန်ဆပ်တဲ့ပုံလား…”
စုယန်က ပြန်ပြောလိုက်သည်။ “ကျွန်မအကြွေးတင်တဲ့လူက ကျွန်မဆရာပဲ… တိမ်တိုက်နီဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ…”
ညာဘက်တွင်ရှိနေသောအကြီးအကဲက နှာခေါင်းရှုံ့လိုက်သည်။ “သခင်လေးက အနှေးနဲ့အမြန်ဆိုသလို ဂိုဏ်းချုပ်ရာထူးကို ယူမှာ… သူက နင်နဲ့ ဘယ်မှာမလိုက်ဖက်တာရှိလို့လဲ… နင်စဉ်းစားတတ်တယ်ဆိုရင် သူတောင်းဆိုတာကို လက်ခံလိုက်… မဟုတ်ရင် ငါတို့ နင့်အပေါ်ကို ညှာနေတော့မှာမဟုတ်ဘူးနော်…”
စုယန်က ဖြည်းဖြည်းချင်းခေါင်းခါလျက် “အဲ့ဒါဆိုလုပ်လိုက်လေ…”
“ခေါင်းမာချက်ပဲ…”
“သေချင်နေတာပဲ…”
အကြီးအကဲနှစ်ဦးစလုံး တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြပြီးသည့်နောက် သူတို့၏အရင်းအမြစ်ချီကို လှည့်ပတ်လိုက်ရာ လိုဏ်ဂူတစ်ခုလုံးမှာ တသိမ့်သိမ့်တုန်ခါသွားခဲ့သည်။
ဟန်ကျန်းချန်က အော်ပြောလိုက်သည်။ “အပိုစကားတွေ ပြောမနေတော့နဲ့ သူ့ကို မြန်မြန်ဖမ်းလိုက်ပေတော့… ဒီလိုမျိုးခေါင်းမာခဲ့တဲ့အတွက် ဘယ်လိုအကျိုးဆက်ကို ခံစားရမလဲဆိုတာကို သူသိအောင် လုပ်ပေးရမယ်… ဒါနဲ့ သူ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို မထိခိုက်အောင်တော့ သတိထားဦးနော်… ကျုပ် သူနဲ့ ပြီးရင် ပျော်ဦးမှာ…”
“စိတ်မပူနဲ့သခင်လေး… သူ့လို အတွေ့အကြုံမရှိတဲ့မိန်းကလေးတစ်ယောက်ကိုတော့ အလွယ်လေးဖမ်းလို့ရတယ်…” ဘယ်ဘက်တွင်ရှိနေသော အကြီးအကဲက အော်ပြောလိုက်လေသည်။ ထို့နောက်တွင် အရင်းအမြစ်ချီကိုလှည့်ပတ်၍ စုယန်ဆီသို့ ပြေးဝင်သွားလေ၏။
တစ်ချိန်တည်းတွင် လိုဏ်ဂူအတွင်းထဲ၌ ရှိနေသော မီးဓာတ်စွမ်းအင်တို့သည် ထိုအကြီးအကဲ၏ လက်ဝါးထက်တွင် လာရောက်စုဝေးကုန်ကြလေသည်။
စုယန်သည် နှင်းခဲဓါးကို ဝှေ့ယမ်းလျက် သူမရှေ့ပတ်ပတ်လည်တွင် မိုးပြာရောင်ဓါးအကာအရံတစ်ခုကို ဖန်တီးလိုက်လေသည်။ ထိုဓါးအကာအရံမှာ အလွန်ကိုမှ ပါးလျကာ လေအဝှေ့နှင့်ပင် ပျက်စီးသွားမည့်ပုံ ပေါက်နေပါသော်ငြား တကယ့်တကယ်တွင်တော့ ထိုဓါးအကာအရံသည် မြောက်မြားလှစွာသော အလွန်တရာကိုမှ သေးငယ်လှသည့် ဓါးလှိုင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။
ဘယ်ဘက်တွင်ရှိနေသော အကြီးအကဲသည် သူ့လက်ကိုဆန့်ထုတ်၍ ထိုဓါးအကာအရံအား ရိုက်ချလိုက်သည်။ သို့သော်ငြား ဓါးအကာအရံနှင့် ထိထိချင်းမှာပင် သူ့လက်တစ်ခုလုံး နာကျင်လာသည့်အတွက်ကြောင့် အရင်းအမြစ်ချီကို ပိုမိုပြင်းထန်စွာလှည့်ပတ်၍ ထိုအကာအရံကို ဖျက်ဆီးရန် ကြိုးစားလိုက်၏။
ဓါးအကာအရံမျက်နှာပြင်ထက် လှိုင်းတွန့်တစ်ခု ထွက်ပေါ်လာခဲ့ပါသော်ငြား ဓါးအကာအရံမှာ ပျက်စီးသွားခဲ့ခြင်းမရှိပေ။ ပထမတစ်ကြိမ်တိုက်ခိုက်၍ မအောင်မြင်သည့်နောက် ထိုအကြီးအကဲ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ နှစ်ဦးစလုံးသည် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူများပင် ဖြစ်လင့်ကစား သူ ဤအဆင့်သို့ ရောက်နေသည်မှာ အလွန်ကြာနေခဲ့လေပြီ။ စုယန်ကမူ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်ကမှသာ တာအိုသခင်အဆင့်သို့ ရောက်ခဲ့ခြင်းဖြစ်၏။ သို့သော်ငြား ထိုအဆင့်သို့ရောက်ပြီးနောက်တွင် သူမ၏လက်ကျန်ဘဝဆယ်နှစ်လုံးလုံးကို ဤနေရာတွင်သာ အချိန်ဖြုန်းခဲ့ရသည်။ ထို့အတွက်ကြောင့် သူမ၏ခွန်အားမှာ တိုးတက်လာစရာအကြောင်းမရှိ။ ထို့အပြင် ဤပတ်ဝန်းကျင်သည် သူတို့အတွက် ပို၍အလေးသာသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည့်အတွက်ကြောင့် ဤနေရာတွင်သာဆိုလျှင် စုယန်အား အလွယ်တကူ နိုင်နိုင်လိမ့်မည်ဟု ထင်ထားခဲ့လေသည်။
သို့သော်ငြား တိုက်ခိုက်ပြီးသည့်အခါမှသာလျှင် သူတို့အထင်မှားနေကြောင်း သဘောပေါက်သွားခဲ့ရသည်။ စုယန်၏ ဓါးအကာအရံမှာ အလွန်ကိုမှ ခိုင်ခံ့လှပေသည်။ အဆင့်နိမ့်ကြယ်စီရင်စုမှ လာသည့် ကျင့်ကြံသူတစ်ဦးဆိုသည့်အတိုင်း သူမ၏ ချီသန့်စင်နှုန်းမှာ အလွန်ကိုမှ မြင့်မားလွန်းလှသည်။
တစ်ကြိမ်မအောင်မြင်သည့်နောက် ဘယ်ဘက်တွင်ရှိနေသော အကြီးအကဲသည် နောက်သို့ပြန်ဆုတ်သွားပြီး သူ့ခန္ဓာကိုယ်ကို တွန့်လိမ်လျက် စုယန်အား ဝိုင်းကြီးပတ်ပတ် ပတ်သည့်ပမာ ပတ်လိုက်လေသည်။ တစ်ချိန်တည်းတွင် ညာဘက်၌ရှိနေသော အကြီးအကဲ ရှေ့သို့ တက်လာခဲ့သည်။ ဘယ်ချိန်တည်းကမှန်းမသိ သူ့လက်ထဲ အညိုရောင်တူကြီးတစ်လက် ရောက်နေခဲ့လေ၏။ ထိုတူကြီးမှာ တစ်မီတာကျော်အမြင့်ရှိကာ အတော်လေးကိုမှ လေးမည့်ပုံ ပေါက်လေသည်။ တူကိုကိုင်စွဲလျက် ထိုအကြီးအကဲသည် စုယန်၏ ဓါးအကာအရံပေါ်သို့ အားမာန်အပြည့်ဖြင့် ရိုက်ချလိုက်လေသည်။
ထိုတိုက်ကွက်ကိုမြင်သော် စုယန် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ အပြင်ဘက်တွင်သာဆိုလျှင်တော့ သူမအနေဖြင့် ထိုတိုက်ကွက်အား အသာလေး ရှောင်လိုက်ရုံပင်။ သို့သော်ငြား ဤလိုဏ်ဂူလေးမှာ ကျဉ်းကျဉ်းလေးဖြစ်သည့်အတွက်ကြောင့် ထိုတိုက်ကွက်ကို ရှောင်၍မရချေ။
ဓါးအကာအရံသည် ရုတ်တရက်ဆိုသလို မြောက်မြားလှစွာသော ဓါးလှိုင်းများအသွင်သို့ ပြိုကွဲသွားခဲ့ပြီးသည့်နောက် ဓါးတစ်ချောင်းအသွင်သို့ ပြန်လည်စုဝေးသွားကာ ညာဘက်တွင်ရှိနေသည့် အကြီးအကဲဆီသို့ တိုးဝင်သွားခဲ့လေသည်။
လိုဏ်ဂူတစ်ခုလုံးမှာလည်း ရေခဲတမျှအေးစက်လှသည့် ဓါးစိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်လာတော့လေ၏။ ရှောင်၍မရတော့သည့်အတွက်ကြောင့် စုယန်လည်း တစ်ဖက်လူ၏တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိတော့လေသည်။ တိုးဝင်လာနေသည့်တူချက်အား အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံ့နေခြင်းမရှိဘဲ စုယန်သည် သူမ၏ဓါးကွက်ဖြင့် ပြန်လည်ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ မသိလျှင် သေရမည်ဆိုလျှင်ပင် ထိုအကြီးအကဲကိုပါ တစ်ခါတည်း ဆွဲခေါ်သွားမည်ဟု ဆုံးဖြတ်ထားသည့်အလား။
ထိုအဖြစ်အပျက်ကြောင့် ညာဘက်၌ရှိနေသော အကြီးအကဲ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ဆက်၍ မတိုက်ခိုက်ရဲတော့ပေ။ ဤတိုက်ကွက်နှင့်သာဆိုပါက စုယန်အား သတ်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်ရှိပါသော်ငြား သူသည်ပါ ပြန်အသတ်ခံသွားရနိုင်ပေသည်။ စုယန်ပစ်လွှတ်လိုက်သည့် ဓါးချက်ထဲရှိစွမ်းအားသည် သူ့ကို အမှန်တကယ် ထိတ်လန့်သွားစေခဲ့သည်ဟု ပြော၍ရသည်။
(သူ ဘာဖြစ်လို့ ဒီလောက်တောင် အားကောင်းနေရတာလဲ…)
ဤနေရာတွင် ဆယ်နှစ်လုံးလုံး ဖိနှိပ်ထားခံရသည့်တိုင် စုယန်မှာ အားကောင်းမြဲ အားကောင်းနေသေးဆဲ။ သူမသည်သာ ဂိုဏ်းထဲတွင်နေ၍ တောက်လျှောက်ကျင့်ကြံခွင့် ရနေမည်ဆိုပါက သူမ၏ခွန်အားမှာ မယုံကြည်နိုင်စရာအဆင့်သို့ ရောက်နေရပေလိမ့်မည်။
သူမ၏အရည်အချင်းမှာ အမှန်တကယ်ကို မင်သက်စရာပင်။ ဂိုဏ်းချုပ် သူမအား ဤနေရာသို့ စေလွှတ်ကာ အပြစ်ပေးထားသည်မှာလည်း အဆန်းတော့မဟုတ်။ သူမသည်သာ ဂိုဏ်းထဲတွင် ဆက်နေနေဦးမည်ဆိုပါက ယခုအချိန်လောက်ဆိုလျှင် ဂိုဏ်းထဲရှိ မည်သူမျှ သူမ၏ပြိုင်ဘက် ဖြစ်နိုင်တော့လိမ့်မည်မဟုတ်ပေ။
နောက်ဆုံးအခိုက်အတန့်မှာပင် အကြီးအကဲသည် သူ့တူကို အောက်သို့ လွှဲယမ်းချ၍ စုယန်၏တိုက်ခိုက်မှုကို တားဆီးလိုက်လေသည်။
ထိုသို့ပင်ဖြစ်လင့်ကစား စုယန်သည် သူမ၏လက်ကောက်ဝတ်ကို တစ်ဖက်သို့လိမ်၍ အကြီးအကဲကိုကျော်ကာ နှင်းခဲဓါးဖြင့် ဟန်ကျန်းချန်ဆီသို့ ထိုးချလိုက်လေ၏။
(မြန်လိုက်တာ…) ညာဘက်တွင်ရှိနေသောအကြီးအကဲ မင်သက်သွားခဲ့လေသည်။ အစောပိုင်းက စုယန်၏ သူသေကိုယ်သေတိုက်ကွက်မှာ ဟန်ပြတစ်ခုသက်သက်သာ ဖြစ်ကြောင်းကိုလည်း နားလည်သွားခဲ့သည်။ လက်ရှိ စုယန်၏ပစ်မှတ်မှာ သူတို့နှင့်တိုက်ခိုက်ရန်မဟုတ်။ ထို့အစား ဟန်ကျန်းချန်သာ ဖြစ်လေသည်။ အကြီးအကဲနှစ်ဦး ပူးပေါင်းထားသည့်အတွက်ကြောင့် စုယန်အနေဖြင့် ဤနေရာမှ ထွက်ပြေးဖို့ရာ မဖြစ်နိုင်ပေ။ သို့သော်ငြား သူမသည်သာ ဟန်ကျန်းချန်ကို ဖမ်းမိသွားနိုင်မည်ဆိုလျှင် လက်ရှိအခြေအနေကို အထက်အောက်ပြောင်းပြန် လှန်ပစ်လိုက်နိုင်ပေလိမ့်မည်။
ယခုမှတော့ ဟန်ကျန်းချန်ကို ပြန်လှည့်ကယ်ဖို့ရာ နောက်ကျသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် အကြီးအကဲမှာလည်း ချက်ချင်းပဲ မြေပြင်ပေါ်ရှိ သဲများနှင့် ဖုန်မှုန့်များကို ကန်ကျောက်ကာ စုယန်၏ မြင်ကွင်းတစ်ခုလုံးကို ဝေဝါးသွားအောင် လုပ်ပစ်လိုက်သည်။ ထို့အတွက်ကြောင့် စုယန်၏ဓါးအရှိန်မှာလည်း ယာယီမျှ နှေးကျသွားခဲ့ရလေ၏။
“ဒီကိုလာခဲ့…” ထိုအခိုက်အတန့်ကို အခွင့်အရေးယူ၍ ညာဘက်တွင်ရှိနေသောအကြီးအကဲသည် သူ၏တူကိုဝှေ့ယမ်းရင်း စုယန်၏ဓါးကို ပိတ်ရပ်လိုက်သည်။
နှင်းခဲဓါးနှင့် တူတို့ ထိပ်တိုက်တွေ့သွားခဲ့ပြီး စုယန်သည် တူဆီမှလာသည့် တွန်းကန်အားကို အသုံးပြုလျက် မူလနေရာဆီသို့ ပြန်ဆုတ်လိုက်လေသည်။
(နှမြောစရာပဲ…) စုယန် တွေးလိုက်လေသည်။ သူမသည်သာ အနည်းငယ်လေး ပိုမြန်မည်ဆိုပါက အကုန်လုံးမှာ လုံးဝကို ပြောင်းလဲသွားပေလိမ့်မည်။ သူမ၏ တာအိုသခင်ပထမအဆင့် ကျင့်ကြံခြင်းမှာ ဤနေရာ၌ ဆယ်နှစ်ခန့်ကြာအောင် ဖိနှိပ်ထားခံခဲ့ရပါသော်ငြား သူမထုတ်ပြနေသည့်စွမ်းအားမှာတော့ အမှန်တကယ်ကို အံ့အားသင့်ဖွယ်ကောင်းလှသည်။ စုယန်ထုတ်သုံးသွားသည့်စွမ်းအားကိုကြည့်ရင်း ဟန်ကျန်းချန်နှင့် အကြီးအကဲနှစ်ဦးစလုံး ဇောချွေးပြန်နေကြလေ၏။
ဘယ်ဘက်တွင်ရှိနေသော အကြီးအကဲသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ စုယန်နောက်တွင် မသိမသာလေးပေါ်လာပြီး သူ၏အနီရောင်ကြာပွတ်ဖြင့် စုယန်အား ရိုက်ချလိုက်လေသည်။ အနီရောင်ကြာပွတ်သည် မီးတောက်မြွေတစ်ကောင်ပမာ တွန့်လိမ်လှုပ်ရှား၍ စုယန်ဆီသို့ တိုးဝင်သွားလေ၏။
စုယန်သည် နောက်သို့ပင် ပြန်လှည့်မကြည့်ဘဲ တိုးဝင်လာနေသည့် အနီရောင်ကြာပွတ်ဆီသို့ ဓါးဖြည့် လွှဲယမ်းချလိုက်လေသည်။ သို့သော်ငြား ကြာပွတ်မှာ အသက်ရှိနေသည့်ပမာ ဓါးချက်ကို တွန့်လိမ်ရှောင်ရှားရင်းမှ ဓါးကိုရစ်ပတ်လျက် စုယန်ဆီသို့ ဆက်လက်တိုးဝင်လာလေ၏။ ချက်ချင်းဆိုသလို မီးဓာတ်နှင့် ရေခဲဓာတ်စွမ်းအင်အရှိန်အဝါတို့မှာ စတင်၍ ထိပ်တိုက်တွေ့ကုန်ကြတော့လေသည်။ လိုဏ်ဂူတစ်ခုလုံးမှာလည်း ထိုစွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ရာမှ ထွက်ပေါ်လာသည့်မြူခိုးများဖြင့် ပြည့်နှက်သွားကုန်ရလေ၏။
ထိုအခိုက်အတန့်မှာပင် စုယန်သည် ချက်ချင်း နောက်သို့လှည့်၍ အနီရောင်ကြာပွတ်အား သူမ၏လက်ညှိုးဖြင့် ချိန်ရွယ်လိုက်သည်။ လက်ရှိအချိန်တွင် စုယန်၏လက်ညှိုးမှာ သာမန်လူတစ်ဦး၏ လက်ညှိုးပုံစံ ပေါက်မနေတော့ဘဲ ရေခဲဖြင့်ဖန်တီးထားသည့် လက်ညှိုးတစ်ချောင်းအသွင်သို့ ပြောင်းနေခဲ့လေသည်။
ဘယ်ဘက်တွင်ရှိနေသည့် အကြီးအကဲမှာတော့ သူ့မှော်ရတနာ ထိခိုက်သွားသည်ကို ခံစားမိလိုက်သော် အထိတ်တလန့်ဖြင့် ထအော်မိလေသည်။ ထို့အပြင် သူ့မှော်ရတနာ ထိခိုက်နေသည့်နှုန်းမှာ တဖြည်းဖြည်းနှင့် ပိုပို၍ မြန်ဆန်လာနေခဲ့လေသည်။ ဆက်၍ အချိန်မဆွဲရဲတော့သည့်အတွက်ကြောင့် ထိုအကြီးအကဲသည် သူ့မှော်ရတနာကို ချက်ချင်း ပြန်ဆွဲယူလိုက်သည်။ မှော်ရတနာ သူ့လက်ထဲသို့ ပြန်ရောက်လာပြီးသည့်နောက် စစ်ဆေးကြည့်လိုက်ရာ ကြာပွတ်ထိပ်ဖျားထက်တွင် ရေခဲလွှာများ ကပ်ညှိနေပြီး ထိုရေခဲလွှာများမှာ အဆက်မပြတ် ပျံ့နှံ့လာနေကြောင်း တွေ့ရှိလိုက်ရသော် အကြီးအကဲ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ထို့နောက်တွင် အကြီးအကဲမှာ အထိတ်ထိတ် အလန့်လန့်ဖြင့် အရင်းအမြစ်ချီကို အလျင်စလိုလှည့်ပတ်၍ ကြာပွတ်ပေါ်တွင် ကပ်ညိနေသော ရေခဲစများကို ဖျက်ဆီးပစ်လိုက်သည်။ ရေခဲစများကို အောင်အောင်မြင်မြင် ဖျက်ဆီးလိုက်နိုင်သည့်တိုင် အကြီးအကဲမှာတော့ လုံးဝကို ကြောက်ရွံ့နေရတော့လေသည်။
(သူ ဘယ်လောက်တောင် အားကောင်းနေတာလဲ…)
ယခုတိုက်ပွဲမှတစ်ဆင့် တစ်ဦးချင်းသာ တိုက်ခိုက်ရမည်ဆိုလျှင် သူတို့နှစ်ဦးစလုံး စုယန်၏ပြိုင်ဘက် မဟုတ်ကြောင်း အကြီးအကဲနှစ်ဦးစလုံး နားလည်သွားခဲ့ရသည်။ မြူခိုးထုကြီးထဲဝယ် အကြီးအကဲနှစ်ဦးနှင့် စုယန်တို့မှာ ကောင်းကင်စိတ်အာရုံကို အသက်သွင်းရင်းမှ တစ်ဦး၏တည်နေရာကို တစ်ဦး အာရုံခံနေကြလေသည်။ ပထမတစ်ကြိမ် တိုက်ခိုက်ပြီးသည့်နောက်တွင် အကြီးအကဲနှစ်ဦးစလုံးမှာ အလျင်စလို လှုပ်ရှားရဲခြင်း မရှိတော့။ သို့သော်ငြား စုယန်မှာမူ ကျဉ်းထဲကြပ်ထဲသို့ ရောက်နေရလေသည်။ သူမ၏ရန်သူသည် နှစ်ဦးဖြစ်နေပြီး ထိုနှစ်ဦးလုံးမှာ ဝင်ပေါက်ရှေ့တွင် ပိတ်ရပ်ထားကြသည်။ ထို့အတွက်ကြောင့် စုယန်မှာ အလွန်ကိုမှ အားကောင်းမည်ဆိုလျှင်ပင် မစွန့်စားပါက ဤနေရာမှ ထွက်သွားနိုင်လိမ့်မည်မဟုတ်ပေ။
အကြီးအကဲနှစ်ဦးစလုံးမှာလည်း မဆင်မခြင် မလှုပ်ရှားရဲခဲ့ စုယန်အား တစ်ချက်တည်းဖြင့် ဖမ်းဆီးနိုင်မည့်အခွင့်အရေးကိုသာ စောင့်ဆိုင်းနေကြလေသည်။
ထိုသို့ဖြင့် လိုဏ်ဂူတစ်ခုလုံးမှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင်ကို တိတ်ဆိတ်သွားတော့လေသည်။
ထိုကဲ့သို့ဖြစ်နေသည်ကို မကျေနပ်သည့်အလား ဟန်ကျန်းချန်က လှမ်းအော်ပြောလေသည်။ “ခင်ဗျားတို့နှစ်ယောက် ဘာလုပ်ချင်နေကြတာလဲ… ခင်ဗျားတို့ အကြွေးရစရာရှိရင်တော့ တောင်းလိုက်ကြတာ မြန်ချက်ပဲ… အခု ကျုပ် တစ်ယောက်ယောက်ကို ဖမ်းခိုင်းလိုက်လည်း ဖမ်းခိုင်းလိုက်ရော ခင်ဗျားတို့နှစ်ယောက်က လိပ်အိုကြီးတွေ ကျနေတာပဲ… တကယ်ကို အသုံးမကျတဲ့ အမှိုက်ကောင်တွေ…”
ထိုစကားကိုကြားသော် အကြီးအကဲနှစ်ဦးစလုံး ဒေါသထွက်သွားကြလေ၏။ (အမှိုက်ကောင်က မင်းကွ… ငါတို့မဟုတ်ဘူး… သခင်လေးမို့လို့ပေါ့ကွာ… မဟုတ်လို့ရှိရင် ငါ မင်းကို သတ်ပစ်လိုက်တာကြာပြီ… ဘာဆိုဘာမှမသိတဲ့ကောင်… အားနေ သူများကို ဟိုဟာလုပ် ဒီဟာလုပ်ဆိုပြီး လျှောက်ခိုင်းဖို့ပဲသိတယ်… ကိုယ့်ဘာသာကိုယ်တော့ သောက်သုံးကျအောင် မလုပ်ပဲနဲ့…)
ထိုသို့ပင် တွေးနေလင့်ကစား နှစ်ဦးအတူ ပူးပေါင်းထားသည့်တိုင် စုယန်အား အနိုင်မယူနိုင်သည့်အပေါ် အကြီးအကဲနှစ်ဦး အမှန်တကယ်ကို ရှက်ရွံ့နေမိကြလေသည်။ နောက်ဆုံး နည်းလမ်းရှာမရတော့သည့်အဆုံး၌ အကြီးအကဲနှစ်ဦးသည် ကောင်းကင်စိတ်အာရုံဖြင့် အပြန်အလှန်ဆက်သွယ်ရင်းမှ ဆုံးဖြတ်ချက်ချလိုက်လေ၏။ ထို့နောက်တွင် နှစ်ဦးစလုံးသည် စိတ်စွမ်းအင်ကို အားကုန်သုံးလှည့်ပတ်၍ စိတ်စွမ်းအင်စီးကြောင်းနှစ်ခုကို ပစ်မှတ်ဆီသို့ ပစ်လွှတ်လိုက်လေ၏။
ဤသည်မှာ ဝိဉာဉ်ပညာရပ်တစ်ခုသာ ဖြစ်လေသည်။
စုယန်၏ အရင်းအမြစ်ချီသည် အကြီးအကဲနှစ်ဦး၏ အရင်းအမြစ်ချီများထက်ပင် ပို၍သန့်စင်ပေသည်။ သူတို့သည်သာ သူမနှင့် ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက သူတို့သည်ပင်လျှင် ပြန်၍ အသတ်ခံရနိုင်ပေသည်။ သို့သော်ငြား ဝိဉာဉ်တိုက်ကွက်များမှာတော့ မတူတော့ပေ။ စုယန် တာအိုသခင်သို့ရောက်သည်မှာ ဆယ်နှစ်ကျော်လောက်သာ ရှိပေသေးသည်။ ထိုအကြောင်းကြောင့် သူမ၏ဝိဉာဉ်မှာ အလွန်အကျွံ အားကောင်းနေစရာအကြောင်းမရှိ။
လူတော်တစ်ဦးသည် ရန်သူ၏အားနည်းချက်များကို မိမိအားသာချက်အဖြစ် ကောင်းကောင်းအသုံးပြုတတ်ပေသည်။
သူတို့မျှော်လင့်ထားသည့်အတိုင်းပင် ကောင်းကင်စိတ်အာရုံဖြင့် တိုက်ခိုက်ခံလိုက်ရပြီးသည့်နောက် စုယန်ဆီမှ အော်ငြီးသံ ထွက်ပေါ်လာခဲ့ရလေသည်။ စုယန်သည် အကြီးအကဲနှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ယာယီမျှသာ ခုခံနိုင်ခဲ့ပြီးသည့်နောက် တစ်ခဏအကြာ၌ သူမ၏ စိတ်စွမ်းအင်အကာအကွယ်မှာ ပျက်စီးသွားခဲ့ရလေသည်။
စုယန် ဒဏ်ရာရသွားပြီမှန်း သိလိုက်သော် အကြီးအကဲနှစ်ဦး ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ညာဘက်တွင်ရှိနေသည့်အကြီးအကဲသည် ချက်ချင်းဆိုသလို စုယန်ဆီသို့ သူ၏တူကိုကိုင်စွဲရင်း ခုန်ဝင်သွားလေသည်။
ထိုအခိုက်အတန့်မှာပင် အကြီးအကဲမှာ သူ့ရှေ့တည့်တည့်၌ အလင်းတစ်ချက်လက်သွားသည်ကို မြင်လိုက်ရလေသည်။ ထို့နောက်တွင် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ စုယန်သည် နှင်းခဲဓါးကိုကိုင်စွဲရင်း သေရမည်ကို လုံးဝမမှုသည့်ပုံစံမျိုးဖြင့် သူ့ဆီသို့ ပြေးဝင်လာနေကြောင်း တွေ့လိုက်ရလေ၏။
(နောက်တစ်ကြိမ်လား…) အကြီးအကဲ လှောင်ပြုံးပြုံးလိုက်လေသည်။ ပထမတစ်ကြိမ် အရူးလုပ်ခံထားရပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် အကြီးအကဲမှာ နောက်တစ်ကြိမ်တော့ အရူးလုပ်ခံတော့လိမ့်မည်မဟုတ်ပေ။
ယခင်တစ်ကြိမ်ကကဲ့သို့ နောက်တွန့်နေခြင်း မရှိတော့ဘဲ ချက်ချင်းပဲ စုယန်အား သူ့တူဖြင့် ရိုက်ချလိုက်လေသည်။
သူ၏တူမှာ တာအိုသခင်အဆင့်နိမ့်မှော်ရတနာတစ်ခု ဖြစ်ပါသော်ငြား စုယန်၏နှင်းခဲဓါးမှာမူ သူမနေခဲ့သည့် ကြယ်စီရင်စုမှ ယူလာခဲ့သော တန်ခိုးရှင်ဘုရင်အဆင့်မြင့်မှော်ရတနာတစ်ခုသာ ဖြစ်ပေသည်။ မှော်ရတနာနှစ်ခု၏အဆင့်မှာ တူညီခြင်းမရှိကြလေရာ လက်နက်နှစ်ခုသည်သာ ထိပ်တိုက်တွေ့သွားမည်ဆိုလျှင် စုယန်၏ နှင်းခဲဓါးသည်သာ ထိခိုက်သွားရပေလိမ့်မည်။
ထိုအတွေးဖြင့် အကြီးအကဲမှာ ပြုံးဖြီးဖြီးကို ဖြစ်နေလေသည်။
တူနှင့်ဓါး မထိသေးခင်မှာပင် စုယန်သည် သူမ၏ဓါးကို လုံးဝမဖြစ်နိုင်သည့်ပုံစံမျိုးဖြင့် ဘေးသို့ လွှဲချလိုက်လေသည်။ ထို့နောက်တွင် အသားထဲသို့ ဓါးတစ်ချောင်း စိုက်ဝင်သွားသည့် အသံနှင့်အတူ ညာဘက်တွင်ရှိနေသော အကြီးအကဲဆီမှ အော်ငြီးသံ ထွက်ပေါ်လာခဲ့သည်။