အခန်း (၂၉၇)
Vol. 27 Ch. 297
ထိုညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် မြို့တော်တစ်ခုလုံးသို့ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီးနောက် တစ်နိုင်ငံလုံးသို့လည်း လျင်မြန်စွာ ရောက်ရှိသွားတော့သည်။
“မနေ့ညက အဖြစ်အပျက်ကို မင်းကြားပြီးပြီလား”
“ကြားတာပေါ့... ရိက္ခာတွေကို မီးရှို့ဖို့လာတဲ့ သိုင်းပညာရှင်တစ်ယောက်ကို ဓားအဘိုးအိုက တွေ့သွားတာတဲ့လေ။ ရိက္ခာတိုက်နားမှာ သူတို့နှစ်ယောက် တိုက်ခိုက်ကြတာ အနီးနားက တောင်ကုန်းတွေတောင် ပြိုကျပျက်စီးသွားတယ်လို့ ပြောကြတယ်”
“တကယ်ကို ယုတ်မာလွန်းတာပဲ။ ပြည်သူတွေ ရိက္ခာရဖို့ မလွယ်ကူတာကို ဘယ်သူကများ လာပြီး မီးရှို့ဖို့ ကြံစည်ရတာလဲ”
“ဧကရာဇ်မင်းမြတ်ကလည်း အရမ်းကို ဒေါသထွက်သွားလို့ စစ်သည်တော် တစ်သန်းကို အရေးပေါ် စုရုံးလိုက်တယ်တဲ့။ အဲဒီနောက်မှာ မြို့တော်ထဲကနေ ကောင်းကင်ယံဆီကို တောက်ပတဲ့ နေမင်းကြီးတစ်စင်း တက်သွားတာကို အားလုံး မြင်လိုက်ကြရတယ်လေ”
“အဲဒီနေမင်းကြီးကို ငါလည်း မြင်လိုက်တယ်”
လမ်းဆုံလမ်းခွများနှင့် လမ်းကြားများပါမကျန် လူတိုင်းက ထိုအကြောင်းကိုသာ ပြောဆိုနေကြသည်။ သို့သော် မည်မျှပင် ဆွေးနွေးကြစေကာမူ ရိက္ခာတိုက်ကို မီးရှို့ရန် ကြံစည်ခဲ့သူမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မည်သူမျှ ခန့်မှန်းနိုင်ခြင်း မရှိကြချေ။
သို့သော် ထိုသူမှာ 'ကောင်းကင်အဆင့်' သိုင်းပညာရှင် တစ်ဦး ဖြစ်မည်မှာမူ သေချာလှသည်။ မဟုတ်ပါက ဓားအဘိုးအိုကဲ့သို့ သိုင်းပညာရှင်နှင့် အပြင်းအထန် တိုက်ခိုက်နိုင်မည်မဟုတ်သလို၊ ဧကရာဇ်ကလည်း ဤမျှအင်အားကြီးမားသော စစ်တပ်ကို ထုတ်သုံးမည် မဟုတ်ပေ။
ဤအချိန်တွင် ဖာထေးထားသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူတစ်စုသည် မဟာရှနိုင်ငံအတွင်းသို့ တိတ်တဆိတ် ရောက်ရှိလာကြသည်။ သူတို့၏ မျက်နှာများမှာ လေဒဏ်မိုးဒဏ်ကြောင့် ညှိုးရော်နေပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်နေသော်လည်း သူတို့၏ အရှိန်အဝါမှာတော့ သာမန်မဟုတ်ပေ။
သူတို့မှာ သူဖုန်းစားဂိုဏ်းမှ အကြီးအကဲများဖြစ်ကြပြီး ဂိုဏ်းချုပ် ဟုန်ချီဟိုင်၏ ကိစ္စကြောင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
“အဲဒီနေ့က ရိက္ခာတိုက်ကို မီးရှို့ဖို့ ကြံစည်ခဲ့တဲ့ လျှို့ဝှက်သိုင်းပညာရှင်က ငါတို့ဂိုဏ်းချုပ် ဖြစ်နိုင်တယ်လို့ ငါ သံသယရှိနေတယ်”
“ငါလည်း အဲဒီလိုပဲ ထင်တာပဲ။ ငါတို့ သူဖုန်းစားဂိုဏ်းနဲ့ မဟာရှရဲ့ ရန်ငြိုးတွေအရဆိုရင်... ဟူး…။ ဂိုဏ်းချုပ်ရဲ့ အခြေအနေကို မသိရတာပဲ ခက်နေတာ။ သူ ပျောက်နေတာ ရက်တော်တော်တောင် ကြာနေပြီ”
“ဘာမှတော့ မဖြစ်လောက်ပါဘူး။ ဂိုဏ်းချုပ်က ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ရတဲ့ ကောင်းကင်အဆင့် ပညာရှင်တွေထဲက တစ်ယောက်ပဲလေ။ ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ။ ဖြစ်နိုင်တာကတော့ သူ တစ်နေရာရာမှာ ပုန်းပြီး ဒဏ်ရာကုနေတာပဲ ဖြစ်မှာပါ၊ အားလုံး စိတ်အေးအေးထားကြပါ”
“ငါလည်း အဲဒီလိုပဲ ခံစားရပါတယ်။ ဒါပေမဲ့ နိုင်ငံမှာ ဘုရင်မရှိရင် မဖြစ်သလို၊ ဂိုဏ်းမှာလည်း ဂိုဏ်းချုပ်မရှိရင် မဖြစ်ဘူးလေ။ ဒါကြောင့် ဂိုဏ်းချုပ်ကို အမြန်ဆုံး ရှာတွေ့ဖို့ လိုတယ်။ မဟုတ်ရင် ကိစ္စအတော်များများက ကိုင်တွယ်ရ ခက်ခဲလိမ့်မယ်”
“မှန်တယ်၊ မြန်မြန်သွားကြစို့”
“နေဦး... ငါတို့ အဝတ်အစားတွေက လူသိသာလွန်းတယ်၊ အရင်ဆုံး လဲလိုက်ကြရအောင်”
“အကြီးအကဲ လျူ ပြောတာ အဓိပ္ပာယ်ရှိတယ်”
နာရီဝက်ခန့် ကြာပြီးနောက်တွင် သူတို့သည် သာမန်အဝတ်အစားများ လဲလှယ်ဝတ်ဆင်ကာ မဟာရှမြို့တော်သို့ ဝင်ရောက်လာသော ကုန်သည်များအဖြစ် ဟန်ဆောင်လိုက်ကြသည်။ သူဖုန်းစားဂိုဏ်းသည် မဟာရှနိုင်ငံအတွင်း အခြေစိုက်စခန်း မရှိသဖြင့် သူတို့ကိုယ်တိုင်သာ စုံစမ်းနေကြရသည်။
သို့သော် နေရာအနှံ့ စုံစမ်းပြီးသည့်တိုင် ဂိုဏ်းချုပ်၏ သတင်းကို မရရှိသေးသဖြင့် သူတို့ စိုးရိမ်ပူပန်လာကြသည်။
“ဂိုဏ်းချုပ်ရဲ့ သတင်းက အခုထိ ဘာမှမသိရသေးဘူး”
“အခုဆိုရင် ဆယ်ငါးရက်နီးပါး ရှိနေပြီ”
“စုံစမ်းလို့ရတဲ့ နေရာမှန်သမျှ စုံစမ်းပြီးပြီ၊ အစအနတောင် မတွေ့ဘူး”
“အကြီးအကဲတို့... ငါတော့ မကောင်းတဲ့ အငွေ့အသက် ခံစားနေရတယ်...”
“တော်စမ်း၊ လျှောက်မပြောနဲ့၊ ငါတို့ဂိုဏ်းချုပ် ဘေးကင်းမှာပါ”
ထိုစဉ်မှာပင် သူတို့ရှိနေသော အခန်းတံခါးကို တစ်စုံတစ်ယောက်က လာခေါက်လေသည်။ အကြီးအကဲတစ်ဦးက တံခါးဖွင့်ကြည့်လိုက်ရာ ယဉ်ကျေးသိမ်မွေ့သော အရှိန်အဝါရှိသည့် သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရသဖြင့် သတိထားကာ မေးလိုက်သည်။
“မင်းက ဘယ်သူလဲ၊ ငါတို့ကို ဘာကိစ္စနဲ့ လာရှာတာလဲ”
ထိုသူစိမ်းက အနည်းငယ် ပြုံးလိုက်ပြီး - “ခင်ဗျားတို့က စီးပွားရေးကိစ္စနဲ့ လာတာလို့ ကျုပ် ကြားသိရတယ်။ ကျုပ်သခင်က အနီးနားက သီးသန့်ခန်းတစ်ခုမှာ ရှိနေပြီး ခင်ဗျားတို့ကို ဧည့်ခံချင်လို့ပါ။ သူ ခင်ဗျားတို့နဲ့ ဆွေးနွေးချင်တဲ့ အပေးအယူကြီး တစ်ခု ရှိပါတယ်”
အကြီးအကဲက စိတ်မရှည်စွာ လက်ကာပြရင်း - “ငါတို့ အခု အားမနေဘူး၊ စကားပြောဖို့လည်း စိတ်မဝင်စားဘူး”
သူက တံခါးပိတ်ရန် ကြိုးစားစဉ်မှာပင် ထိုသူစိမ်းက တားလိုက်သည်။ သူက ဆက်လက် ပြုံးလျက်ပင် - “လူကြီးမင်းတို့... ကျုပ်သခင်နဲ့ အနည်းဆုံးတော့ တွေ့ကြည့်သင့်ပါတယ်။ ခင်ဗျားတို့ တစ်စုံတစ်ယောက်ကို လိုက်ရှာနေတယ်လို့ ကျုပ် ကြားမိလို့ပါ။ ကျွန်တော့်သခင်က ဒီအရပ်မှာ သြဇာအာဏာရှိတဲ့သူတစ်ယောက်မို့ ခင်ဗျားတို့ကို ကူညီနိုင်ပါလိမ့်မယ်”
“သြဇာရှိတဲ့သူ ဟုတ်လား”
အကြီးအကဲမှာ စိတ်ဝင်စားသွားကာ - “နေဦး၊ ငါ့ရဲ့ တခြားအကြီးအကဲတွေနဲ့ အရင် တိုင်ပင်လိုက်ဦးမယ်”
“စိတ်အေးအေးထားပါ၊ ကျုပ် တံခါးအပြင်မှာ စောင့်နေပါ့မယ်”
ခဏအကြာတွင် တံခါးပြန်ပွင့်လာပြီး သူဖုန်းစားဂိုဏ်းမှ အကြီးအကဲများ ထွက်လာကြသည်။
“မင်းရဲ့သခင်က ဘယ်မှာလဲ၊ ငါတို့ကို အခုပဲ ခေါ်သွားပေး”
“အားလုံးပဲ ကျုပ်နောက်ကို လိုက်ခဲ့ပါ”
မကြာမီတွင် သူတို့သည် ဇိမ်ခံသီးသန့်ခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားကြပြီး ထူးဆန်းသော လူအချို့ကို တွေ့လိုက်ရသည်။
တစ်ဦးမှာ ချောမောခန့်ညားပြီး မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူသည် အသက် ၂၀ ခန့်သာ ရှိသေးပြီး အငယ်ဆုံး ဖြစ်သော်လည်း အဓိကနေရာတွင် ထိုင်နေသည်။
နောက်တစ်ဦးမှာမူ ဆံပင်ဖြူကာ မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး အသက် ၈၀ သို့မဟုတ် ၉၀ အရွယ်ခန့် ရှိနေပြီဖြစ်သည်။ ဘိုးဘေးတစ်ယောက်ကဲ့သို့ အသက်ကြီးလှသော်လည်း ထိုလူငယ်၏ ဘေးတွင် သစ္စာရှိသော ကိုယ်ရံတော်တစ်ဦးကဲ့သို့ ရပ်နေလေသည်။
နောက်တစ်ဦးမှာလည်း အသက်ကြီးလှသော်လည်း မိန်းမလျာတစ်ဦး၏ အမူအရာမျိုး ရှိနေသည်။ သူသည်လည်း ထိုလူငယ်ကို ကာကွယ်ရန် ဘေးတွင် ရပ်နေလေသည်။
ခန့်မှန်းရခက်သော အဘိုးအိုတစ်ဦး…
အစွမ်းထက်သော မိန်းမလျာအဘိုးအိုတစ်ဦး..
ပြီးတော့... ဧကရာဇ်ဆန်သော အရှိန်အဝါများ ပြည့်နှက်နေသည့် လူငယ်တစ်ဦး…။
ဤပေါင်းစပ်မှုမှာ အာရုံစိုက်မခံရဘဲ မနေနိုင်ပေ။ ထိုစဉ် အကြီးအကဲတစ်ဦးက လူငယ်၏ မျက်နှာကို သေချာကြည့်လိုက်ပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်တော့သည်။
“မင်း... မင်းက မဟာရှဧကရာဇ် လင်းပိုင်ဖန်ပဲ”
အခြား သူဖုန်းစားဂိုဏ်း အကြီးအကဲများလည်း ထိတ်လန့်သွားကြသည်။
“ဘာ... ဒီလူက မဟာရှရဲ့ ဧကရာဇ်လား။ ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲလို့ ငါ တွေးနေတာ”
“ဒါဆိုရင်... ဟိုအဘိုးကြီးက ဓားအဘိုးအိုပဲ ဖြစ်ရမယ်”
“နောက်တစ်ယောက်ကတော့ နန်းတွင်းက မိန်းမစိုးတစ်ယောက်ပဲ ဖြစ်ရမယ်”
“ငါတို့ အခြေအနေ ပေါ်သွားပြီ”
“အားလုံး သတိထားကြ…!!!”
သူတို့အားလုံးသည် ချက်ချင်းပင် ခုခံရန် ပြင်ဆင်လိုက်ကြပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။
လင်းပိုင်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - “ငါကိုယ်တော်ကို ဒီလောက်မြန်မြန် မှတ်မိလိမ့်မယ်လို့ မထင်ထားဘူး၊ သူဖုန်းစားဂိုဏ်းရဲ့ အကြီးအကဲတွေဆိုတာ တကယ်ပဲ ထိုက်တန်ပါပေတယ်”
“မဟာရှဧကရာဇ်... မင်း ငါတို့ကို ဒီကို ဘာကိစ္စနဲ့ ခေါ်တာလဲ” အကြီးအကဲတစ်ဦးက သတိကြီးစွာဖြင့် မေးလိုက်သည်။ သူ၏ လက်ထဲတွင်လည်း သူ၏ ကိုယ်ပိုင်လက်နက်ဖြစ်သော သံကွင်းတစ်စုံကို ကိုင်ထားပြီး ဖြစ်သည်။
လင်းပိုင်ဖန်က ပြုံးကာ - “ဒီလောက်ကြီး တင်းမာမနေပါနဲ့။ ငါကိုယ်တော် မင်းတို့ကို သတ်ချင်ရင် အလွယ်လေးပဲ၊ မင်းတို့ ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် အလကားပဲ”
အကြီးအကဲများသည် လင်းပိုင်ဖန်ဘေးတွင် ရပ်နေသော ဓားအဘိုးအိုကို ကြည့်လိုက်ကြပြီး မျက်နှာများ ပျက်သွားကြသည်။
“မဟာရှဧကရာဇ်... မင်းပြောတာ မှန်ပါတယ်”
“ဒီမှာ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက် ရှိနေတာပဲ၊ ငါတို့ရဲ့ ရုန်းကန်မှုတွေက အချည်းနှီးပါပဲ”
“ဒါပေမဲ့ ငါတို့ကတော့ အရှုံးပေးမယ့်အစား အသေခံဖို့ အသင့်ပဲ ”
လင်းပိုင်ဖန်က လက်ကာပြလိုက်ပြီး - “အဲဒီအကြောင်းတွေ ခဏထားလိုက်ပါဦး။ အားလုံး ထိုင်ကြပါဦး၊ စားစရာတွေ အေးကုန်တော့မယ်။ ငါတို့ စားရင်းသောက်ရင်း ဆွေးနွေးကြရင် ဘယ်လိုလဲ”
သူဖုန်းစားဂိုဏ်း အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မတတ်သာသည့်အဆုံး ထိုင်လိုက်ကြသည်။ သို့သော် သူတို့မှာ ဘာကိုမှ မစားနိုင်၊ မသောက်နိုင် ဖြစ်နေကြသည်။
လင်းပိုင်ဖန်၏ အကြည့်အောက်တွင် သူတို့သည် အပ်ပေါ်ထိုင်နေရသလို၊ ကျောပေါ်တွင် ဆူးစူးနေသလို၊ လည်ချောင်းထဲတွင် တစ်ခုခု တစ်နေသလို ခံစားနေရသည်။ အတိုချုပ်ပြောရလျှင် သူတို့မှာ အလွန်တရာ စိတ်မသက်မသာ ဖြစ်နေကြသည်။
အခြားတစ်ဖက်တွင်မူ လင်းပိုင်ဖန်မှာ ကောင်းမွန်လှသော အရက်နှင့် ဟင်းလျာများကို အရသာခံ စားသောက်နေပြီး အကြီးအကဲများ၏ အနေရခက်နေမှုကို ကြည့်ကာ ပျော်ရွှင်နေလေသည်။
နောက်ဆုံးတွင် သူဖုန်းစားဂိုဏ်း အကြီးအကဲတစ်ဦးက မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
“မဟာရှဧကရာဇ်... မင်း ငါတို့ကို ဘာကြောင့် ဒီကို ခေါ်ရတာလဲ။ ဘာကိစ္စ ရှိလို့လဲ”
အခြားအကြီးအကဲများကလည်း သူ့ကိုသာ အာရုံစိုက်လိုက်ကြသည်။ လင်းပိုင်ဖန်က အရက်တစ်ငုံ ထပ်သောက်လိုက်ပြီးနောက် လည်ချောင်းတစ်ချက် ဟန့်ကာ ပြောလိုက်သည်။
“သူဖုန်းစားဂိုဏ်းရဲ့ အကြီးအကဲတွေ စိတ်မရှည်ဖြစ်နေကြပြီဆိုတော့ ငါကိုယ်တော်ပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ့မယ်။ ငါကိုယ်တော် မင်းတို့ကို ဒီကိုဖိတ်ရတဲ့ အကြောင်းရင်းကတော့... ငါ့ဆီမှာ လာပြီး အမှုထမ်းဖို့နဲ့ မင်းတို့ကို သိမ်းသွင်းချင်လို့ပဲ”
သူဖုန်းစားဂိုဏ်း အကြီးအကဲများမှာ ကြောင်အမ်းသွားကြပြီး - “မင်းဆီမှာ အမှုထမ်းဖို့ ဟုတ်လား”