အခန်း (၂၉၈)
Vol. 27 Ch. 298
"မင်းတို့အားလုံးက ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေ ဖြစ်ရုံတင်မကဘူး၊ သူဖုန်းစားဂိုဏ်းရဲ့ အကြီးအကဲတွေလည်း ဖြစ်ကြတယ်။ မင်းတို့ရဲ့ အစွမ်းအစနဲ့ အရည်အချင်းတွေက တကယ်ကို ထူးချွန်ပြောင်မြောက်လှတယ်။ ငါကိုယ်တော်က အရည်အချင်း ရှိသူတွေကို အလွန်တရာ လိုအပ်နေတာမို့ မင်းတို့အားလုံး ငါကိုယ်တော်ဆီမှာ လာရောက်အမှုထမ်းကြဖို့ မျှော်လင့်မိတယ်"
လင်းပိုင်ဖန်က ပြုံးလျက် ဆက်ပြောလိုက်သည်။ "မင်းတို့သာ ငါကိုယ်တော်ရဲ့လက်အောက်ကို ဝင်ရောက်မယ်ဆိုရင် ဒါတွေအားလုံးဟာ မင်းတို့အပိုင် ဖြစ်စေရမယ်"
ထိုစဉ်မှာပင် အခန်းတံခါးသည် တစ်ဖန်ပြန်ပွင့်လာပြီး လူတစ်စုသည် ကြီးမားသော သေတ္တာကြီးများကို တစ်လုံးပြီးတစ်လုံး မနိုင်မနင်း ထမ်းပိုးကာ သယ်ဆောင်လာကြသည်။ ယခင်က ဟာလာဟင်းလင်းဖြစ်နေသော သီးသန့်ခန်းကြီးမှာလည်း ထိုသေတ္တာကြီးများဖြင့် ပြည့်လျှံသွားတော့သည်။
ထို့နောက် လင်းပိုင်ဖန်၏ အချက်ပြမှုနှင့်အတူ သေတ္တာအားလုံးကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။ ရုတ်တရက် တောက်ပလှသော ရွှေရောင် အလင်းတန်းများသည် တစ်ခန်းလုံးကို လွှမ်းခြုံသွားရာ သူဖုန်းစားဂိုဏ်း၏ အကြီးအကဲများမှာ ထိုအလင်းဒဏ်ကြောင့် မျက်စိပင် ကျိန်းစပ်သွားကြရသည်။
"ရွှေတွေ... ဒါတွေအားလုံးက ရွှေတွေပဲ"
"ရွှေတွေ အများကြီးပါလား"
"ငါ့တစ်သက်မှာ ဒီလောက်များတဲ့ ရွှေတွေကို တစ်ခါမှ မမြင်ဖူးဘူး"
အချို့၏ အသံများမှာ တုန်ရင်နေကြသည်။ သူတို့သည် သူဖုန်းစားဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများ ဖြစ်ကြသဖြင့် အာဏာနှင့် စည်းစိမ်ကို ရင်းနှီးပြီးသားဖြစ်သလို ငွေကြေး အမြောက်အမြားကိုလည်း မြင်ဖူးကြသူများ ဖြစ်သည်။ သို့သော် ဤမျှများပြားသော ရွှေတောင်ကြီးကို မျက်စိရှေ့မှောက်တွင် ပုံအောတွေ့လိုက်ရခြင်းမှာမူ သူတို့၏ စိတ်အာရုံကို ပြင်းထန်စွာ ရိုက်ခတ်သွားစေသည်။
ထိုစဉ် ပြတင်းပေါက်အားလုံးကို ဝုန်းကနဲ ဖွင့်ချလိုက်သည်။ လင်းပိုင်ဖန်သည် ပြတင်းပေါက်အနီးသို့ လျှောက်သွားပြီး မလှမ်းမကမ်းရှိ အဆောက်အအုံစုကြီးကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
"ကြည့်လိုက်... အဲဒါကတော့ နိုင်ငံတော်အပေါ် သစ္စာရှိတဲ့ အမှုထမ်းကောင်းတွေအတွက် ငါကိုယ်တော် အထူး တည်ဆောက်ပေးထားတဲ့ အိမ်ရာဝင်းပဲ။ မင်းတို့သာ ငါကိုယ်တော်ဆီမှာ အမှုထမ်းမယ်ဆိုရင် တစ်ယောက်ကို တစ်ဝင်းစီ ပေးသနားမယ်"
အကြီးအကဲများသည် လင်းပိုင်ဖန် ညွှန်ပြရာသို့ လှမ်းကြည့်လိုက်ကြရာ အံ့သြလွန်းသဖြင့် အသက်ရှူပင် မှားသွားကြသည်။ အကြောင်းမှာ ထိုအိမ်ရာဝင်းကြီးမှာ အလွန်တရာကို ခမ်းနားလှသောကြောင့်ပင် ဖြစ်သည်။ ရေကန်အလယ်က အဆောင်ဆောင်သော ပြာသာဒ်များ၊ လက်ရာမြောက်လှသော ပန်းပုနံရံများနှင့် ဆေးရောင်ခြယ် အမိုးစွန်းများမှာ ရှုမငြီးစရာပင်။
"တကယ်ကို လှပလွန်းတာပဲ"
"မယုံနိုင်စရာပဲ... နတ်ဘုံနတ်နန်း ကျနေတာပဲ"
ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သည့်တိုင် လူတိုင်းမှာ ထိုမြင်ကွင်းကို စွဲလမ်းလျက် ငေးမောနေကြဆဲဖြစ်သည်။ ထိုအချိန်မှာပင် နောက်ထပ် လူတစ်စု ဝင်လာကြပြန်သည်။ သူတို့လက်ထဲတွင်မူ ရွှေထက်ပင် ပိုမိုတန်ဖိုးရှိမည့် ပုံပေါ်သော လက်ရာမြောက်သည့် သေတ္တာအသေးလေးများကို ကိုင်ဆောင်ထားကြသည်။
အကြီးအကဲများက စပ်စုချင်စိတ်ဖြင့် "ဒါတွေက ဘာတွေလဲ" ဟု မေးမြန်းကြရာ လင်းပိုင်ဖန်က ပြုံးလျက် "အကြီးအကဲတို့... ကိုယ်တိုင်ပဲ ဖွင့်ကြည့်လိုက်ပါ" ဟု ဖိတ်ခေါ်လိုက်သည်။
သူတို့သည် သိလိုစိတ်ပြင်းပြစွာဖြင့် သေတ္တာများကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ စာအုပ်အငယ်စားလေးများစွာကို တွေ့လိုက်ရသည်။
"ယင်ကိုးပါးကျမ်း?"
"ယန်ကိုးပါးကျမ်း?"
" အကြောခြောက်သွယ် နတ်ဓားသိုင်း?"
စုစုပေါင်း သိုင်းကျမ်းမှာ ၂၀ ခန့် ရှိနေသည်။ အကြီးအကဲတစ်ဦးက လင်းပိုင်ဖန်ဘက်သို့ လှည့်ကာ "ဒါတွေက လျှို့ဝှက်သိုင်းကျမ်းတွေပဲ" ဟု ပြောလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းညိတ်ပြကာ - "မှန်တယ်၊ ဒါတွေအားလုံးဟာ သိုင်းကျမ်းတွေပဲ။ သူဖုန်းစားဂိုဏ်းရဲ့ 'နဂါးနိုင်လက်ဝါး ၁၈ ကွက်' ဒါမှမဟုတ် 'ခွေးရိုက်တုတ်သိုင်း' တွေထက်လည်း မနိမ့်ကျဘူး။ မင်းတို့ ငါကိုယ်တော်ဆီမှာ အမှုထမ်းသရွေ့ ဒီသိုင်းတွေကို လေ့ကျင့်ခွင့်ရစေရမယ်"
အကြီးအကဲများမှာ အံ့သြတုန်လှုပ်သွားကြသည်။ "ဒါတွေအားလုံးက နဂါးနိုင်လက်ဝါးသိုင်းနဲ့ အဆင့်တူတဲ့ တုနှိုင်းမဲ့သိုင်းတွေပေါ့"
ဤအရာများသည် သိုင်းသမားများအတွက်မူ အလွန်တရာ မက်မောစရာ ကောင်းလှသည်။ သူတို့သည် သူဖုန်းစားဂိုဏ်း အကြီးအကဲများ ဖြစ်ကြသော်လည်း သူတို့ တတ်မြောက်ထားသော သိုင်းအများစုမှာ သာမန်သိုင်းများသာ ဖြစ်သည်။ ဂိုဏ်း၏ အမြင့်ဆုံး သိုင်းများဖြစ်သည့် နဂါးနိုင်လက်ဝါးသိုင်းနှင့် ခွေးရိုက်တုတ်သိုင်းကိုပင် အကွက်အနည်းငယ်သာ လေ့ကျင့်ခွင့်ရခဲ့ပြီး အစအဆုံး တတ်မြောက်ခဲ့ကြသူများ မဟုတ်ပေ။ ယခုမူ ထိုသိုင်းများထက် မနိမ့်ကျသော တုနှိုင်းမဲ့သိုင်း ၂၀ ခန့်ကို လေ့ကျင့်ခွင့်ရမည်ဆိုသောအခါ ဒါသည် သူတို့အတွက် ရခဲသည့် အခွင့်အရေးပင် မဟုတ်ပါလော။
လင်းပိုင်ဖန်သည် သူတို့၏ တုံ့ပြန်မှုကို ကြည့်ကာ အတွင်းစိတ်၌ ခိုးပြုံးနေမိသည်။ အမှန်စင်စစ် ဤသိုင်းကျမ်းအများစုမှာ သူကိုယ်တိုင် ရေးသားထားခြင်း ဖြစ်သည်။ မဟာကောင်းကင်အဆင့်ရှိ သိုင်းပညာရှင် တစ်ဦးအတွက် သိုင်းကျမ်းအချို့ ရေးသားရန်မှာ ခဲယဉ်းသောကိစ္စ မဟုတ်ပေ။ သူသည် ဤသိုင်းကျမ်းများကို ရေးသားပြီးနောက် ရှေးဟောင်း သင်္ချိုင်းဂူများတွင် တိတ်တဆိတ် သွားရောက်မြှုပ်နှံထားကာ၊ ပြန်လည်တူးဖော်ပြခြင်းဖြင့် ဇာစ်မြစ်ကို ဖုံးကွယ်ပြီး နန်းတွင်းရတနာများအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
အကြီးအကဲတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် "ငါမယုံဘူး၊ မင်းဆီမှာ ဒီလောက်များတဲ့ တုနှိုင်းမဲ့သိုင်းတွေ ရှိနေတာ မဖြစ်နိုင်ဘူး၊ ဒါ လှည့်စားတာပဲ ဖြစ်ရမယ်" ဟု ပြောကာ 'ယင်ကိုးပါးကျမ်း' ကို ကောက်ကိုင်ပြီး ဖတ်ရှုလိုက်သည်။
ဖတ်ပြီးနောက် သူ၏ လက်များမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်လာပြီး "ဒါ... ဒါက တကယ်ကို နဂါးနိုင်လက်ဝါးသိုင်းနဲ့ ယှဉ်နိုင်တဲ့ တုနှိုင်းမဲ့သိုင်းပဲ" ဟု အော်ဟစ်လိုက်တော့သည်။ အခြားအကြီးအကဲများလည်း ဝိုင်းဝန်းဖတ်ရှုကြပြီး အလွန်အမင်း စိတ်လှုပ်ရှား လာကြသည်။
သူတို့ ဆက်လက်ဖတ်ရှုချင်နေစဉ်မှာပင် လင်းပိုင်ဖန်၏ လူများက သေတ္တာကို ပိတ်လိုက်ကြသည်။ လင်းပိုင်ဖန်က လက်ခုပ်တစ်ချက် ထပ်တီးလိုက်ပြန်ရာ နောက်ထပ် သေတ္တာတစ်လုံး ရောက်လာပြန်သည်။ ထိုသေတ္တာအတွင်း၌မူ အလွန်တရာ အဖိုးတန်လှသော လက်နက်ဆန်းများ ရှိနေသည်။
"ဒါတွေကတော့ ဆရာကြီး အိုးယဲ့ဇီ သွန်းလုပ်ထားတဲ့ နတ်လက်နက်တွေပဲ။ ငါတို့ မဟာရှနိုင်ငံရဲ့ 'ရွှမ်ရှောင်နတ်ဓား' ကိုလည်း သူပဲ သွန်းလုပ်ခဲ့တာ။ ဒီလက်နက်တွေဟာ အဲဒီဓားကို မမှီပေမဲ့ သံမဏိကို ရွှံ့လိုဖြတ်နိုင်တဲ့ ရှားပါးလက်နက်တွေပဲ။ မင်းတို့လာရင် ဒါတွေကိုလည်း ရနိုင်ဖို့ အခွင့်အရေးရှိတယ်"
သူဖုန်းစားဂိုဏ်း အကြီးအကဲများမှာ အံ့သြ၍ မဆုံးနိုင်တော့ပေ။ သိုင်းလောကတွင် တစ်လက်ရဖို့ပင် ခဲယဉ်းလှသော နတ်လက်နက်များသည် ဤနေရာတွင်မူ အများအပြား ရှိနေသည်။ သူတို့သည် လက်နက်များကို ကိုင်တွယ်ကြည့်ရှုရင်း မျက်လုံးများမှာ လောဘရိပ်များဖြင့် တောက်ပလာကြကာ ချက်ချင်းပင် ကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုစိတ်များ ပြင်းပြလာတော့သည်။