အခန်း (၂၉၄)
Vol. 27 Ch. 294
မကြာမီအချိန်အတွင်းမှာပင် သူဖုန်းစားဂိုဏ်းချုပ်သည် မဟာရှနိုင်ငံတော်သို့ ရောက်ရှိလာခဲ့သည်။
လမ်းတစ်လျှောက်တွင် သူသည် မဟာရှပြည်သူများ အစားအစာ ဖူလုံနေပြီး ကောင်းမွန်လှတဲ့ အဝတ်အစားများ ဝတ်ဆင်ထားကြသည်ကိုလည်းကောင်း၊ အေးချမ်းသာယာစွာ အလုပ်လုပ်ကိုင်ကာ နေထိုင်ကြသည်ကိုလည်းကောင်း တွေ့မြင်ခဲ့ရသည်။ ထို့ပြင် သူဖုန်းစားဂိုဏ်းသားဟောင်း အများအပြားမှာလည်း ဤနေရာတွင် အခြေချနေထိုင်ကာ အိမ်ထောင်ရက်သားကျ၍ သားသမီးများဖြင့် ပျော်ရွှင်စွာ နေထိုင်နေကြသည်ကို တွေ့လိုက်ရလေသည်။
ဤမြင်ကွင်းများမှာ သူ့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်စေပြီး အလွန်အမင်း ဒေါသထွက်သွားစေတော့သည်။
"မဟာရှ... မင်းက ငါ့ရဲ့ သူဖုန်းစားဂိုဏ်း အုတ်မြစ်ကို ဖြိုဖျက်နေတာပဲ"
သူဖုန်းစားဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူဖုန်းစားဂိုဏ်း၏ အုတ်မြစ်မှာ များပြားလှသော သူတောင်းစားများ ဖြစ်ကြောင်း သူ ကောင်းကောင်းသိနေသည်။
ဘယ်လိုလူမျိုးကို သူတောင်းစားဟု ခေါ်သနည်း။
နေစရာ အိမ်မရှိ၊ အလုပ်အကိုင်နှင့် ဝင်ငွေမရှိဘဲ တောင်းရမ်းစားသောက်ခြင်းဖြင့်သာ အသက်ရှင်နိုင်သူများကို သူတောင်းစားဟု ခေါ်ခြင်းဖြစ်သည်။ ဤလူများမှာ သာမန်ပြည်သူများထဲတွင် အနိမ့်ကျဆုံးဖြစ်သော်လည်း အရေအတွက်အားဖြင့် အများဆုံး ဖြစ်သည်။
သူဖုန်းစားဂိုဏ်း ကြီးထွားလာရခြင်းမှာ ဤလူများကြောင့်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူများ ဒုက္ခရောက်လေ၊ ခေတ်ပျက်လေလေ သူဖုန်းစားဂိုဏ်းမှာ ပိုမို အင်အားကြီးမားလာလေလေ ဖြစ်သည်။ အကယ်၍ လူတိုင်း ဘဝမှာ အဆင်ပြေနေကြမည်ဆိုလျှင် မည်သူက သူတောင်းစား လုပ်ချင်ပါမည်နည်း။
ထို့ကြောင့် မဟာရှနိုင်ငံတော်၏ လုပ်ရပ်မှာ သူတို့ဂိုဏ်း၏ အမြစ်ကို တူးနေသည်နှင့် အတူတူပင်ဖြစ်သည်။ ယခုအခါ ဂိုဏ်းသား ၃ သိန်းကျော်မှာ ဂိုဏ်းကို သစ္စာဖောက်ကာ သူတောင်းစားဘဝကို စွန့်လွှတ်၍ မဟာရှတွင် အခြေချကာ နေထိုင်နေကြပြီဖြစ်သည်။ အကယ်၍ အခြားဂိုဏ်းသားများသာ သိသွားပါက ဤနေရာသို့ အလုံးအရင်းနှင့် လာကြပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူဖုန်းစားဂိုဏ်းမှာ ပြိုလဲမသွားလျှင်တောင် အင်အားများစွာ ဆုတ်ယုတ်သွားပေလိမ့်မည်။
ထိုအခါ သူ၏ ဂိုဏ်းချုပ်ရာထူးမှာလည်း အမည်ခံသက်သက် ဖြစ်သွားပြီး ရယ်စရာတစ်ခု ဖြစ်လာပေတော့မည်။ သူသည် ဂိုဏ်း၏ ဘိုးဘေးများအပေါ်၌လည်း မျက်နှာပျက်ရပေတော့မည်။
ဂိုဏ်းချုပ်မှာ တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာပြီး မြို့တော်ရှိ နန်းတော်ရှေ့သို့ အပြေးအလွှား သွားရောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
"မဟာရှ ဧကရာဇ်... ထွက်ခဲ့စမ်း၊ မင်းကို ငါ မေးစရာရှိတယ်"
သူ့အသံမှာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားပြီး လူထုကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
"ဘယ်သူက နန်းတော်ရှေ့မှာ ဒီလောက်တောင် လာပြီး ဆူညံနေတာလဲ၊ သေချင်လို့လား"
"နေပါဦး... အဲဒီလူကို မြင်ဖူးသလိုပဲ"
"ဟုတ်တယ်... သူက သူဖုန်းစားဂိုဏ်းချုပ် ဟုန်ချီဟိုင် မဟုတ်လား"
"ငါလည်း မှတ်မိတယ်၊ သိုင်းပညာရော စီမံခန့်ခွဲမှုပါ တော်တဲ့သူပဲ၊ သူဖုန်းစားဂိုဏ်းကို အထွတ်အထိပ် ရောက်အောင် ပို့ပေးခဲ့တဲ့သူလေ"
"သူ့အသံကြည့်ရတာ ပြဿနာတော့ တက်တော့မယ်၊ ဒါပေမဲ့ သူဖုန်းစားဂိုဏ်းနဲ့ မဟာရှက ရန်ငြိုးမရှိကြပါဘူး"
"ဘယ်သူက ဂရုစိုက်မှာလဲ၊ တကယ်လို့ သူတို့ ချကြရင်တော့ ကြည့်လို့ကောင်းမှာပဲ"
ထိုအချိန်တွင် နန်းတော်အစောင့်တပ်သား ရာပေါင်းများစွာ ပြေးထွက်လာကြသည်။ အစောင့်ဗိုလ်က သူ၏ဓားကို ဂိုဏ်းချုပ်ထံ ချိန်ရွယ်လိုက်ပြီး - "ဘယ်သူက နန်းတော်ပြင်ပမှာ လာသောင်းကျန်းနေတာလဲ" ဟု ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
"ငါက သူဖုန်းစားဂိုဏ်းချုပ် ဟုန်ချီဟိုင်ပဲ၊ မင်းတို့ ဧကရာဇ်ကို တွေ့ဖို့ လာတာ။ သူ့ကို ထွက်လာခိုင်းလိုက်" ဟု ဂိုဏ်းချုပ်က မာန်ပါပါဖြင့် ပြောလိုက်သည်။
"ရယ်စရာပဲ၊ ငါတို့ ဧကရာဇ်ကို ဘယ်သူလို့ မှတ်နေတာလဲ၊ သူတောင်းစားတစ်ယောက်က တွေ့ချင်တိုင်း တွေ့ရမယ့်သူ မဟုတ်ဘူး"
အစောင့်ဗိုလ်က အေးစက်စွာ လှောင်ပြောင်လိုက်ပြီး - "အခုချက်ချင်း လက်နက်ချပြီး ဒူးထောက်လိုက်၊ အရှင်မင်းကြီးက သဘောထားကြီးရင် မင်းအသက်ကို ချမ်းသာပေးကောင်း ပေးလိမ့်မယ်"
"သူ ငါ့ကို တွေ့မှာလား၊ မတွေ့ဘူးလားဆိုတာ အခုပဲ ကြည့်ကြတာပေါ့"
သူဖုန်းစားဂိုဏ်းချုပ်က သူ၏လက်နှစ်ဖက်တွင် ပြင်းထန်သော အင်အားများကို စုစည်းလိုက်ပြီးနောက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။
"နဂါးနိုင်လက်ဝါး ၁၈ ကွက်"
"ဝူး…."
သူ၏လက်အတွင်းမှ စစ်မှန်သော ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် ပေတစ်ထောင်ခန့် ရှည်လျားသော နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ထိုနဂါးသည် ပြင်းထန်စွာ ဟိန်းဟောက်ရင်း နန်းတော်အတွင်းသို့ ပြေးဝင်သွားတော့သည်။
"မင်း ရဲလှချည်လား"
"ချွင်....."
ထိုအချိန်တွင်ပင် ကြီးမားလှသော ဓားချီများစွာ ထွက်ပေါ်လာပြီး နဂါးကြီးကို မျက်တောင်တစ်ခတ်အတွင်း အပိုင်းပိုင်းဖြတ်တောက် ပစ်လိုက်လေသည်။
ခန့်မှန်းရခက်သော သက်ကြီးရွယ်အိုတစ်ဦး လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။ သူဖုန်းစားဂိုဏ်းချုပ်က မော့ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး - "ငါ့ရဲ့ နဂါးနိုင်လက်ဝါးကို အလွယ်တကူ ခုခံနိုင်တာကို ကြည့်ရင်... မင်းက မဟာရှရဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင် 'ဓားအဘိုးအို' ပဲ ဖြစ်ရမယ်"
"ဟုတ်တယ်၊ သူဖုန်းစားဂိုဏ်းချုပ် ဟုန်ချီဟိုင်၊ ငါတို့ မဟာရှနိုင်ငံက မင်းတို့ဂိုဏ်းနဲ့ ဘာရန်ငြိုးမှ မရှိဘူး၊ ဘာလို့ နန်းတော်မှာ လာပြီး ပြဿနာရှာတာလဲ။ အကယ်၍ သင့်တော်တဲ့ အကြောင်းပြချက် မပေးနိုင်ရင်တော့ ငါ့ရဲ့ ရက်စက်မှုကို အပြစ်မတင်နဲ့ " ဟု ဓားအဘိုးအိုက အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူသည် မဟာရှနိုင်ငံ၏ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး မဟာရှဧကရာဇ်မှာ သူ၏ ဆရာပင် ဖြစ်သည်။ ယခုလုပ်ရပ်မှာ သူ၏ ဂုဏ်သိက္ခာကို တိုက်ရိုက် စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ တစ်ဖက်လူမှာ အင်အားကြီးမားပြီး ထူးခြားသော အဆင့်အတန်းရှိသူ မဟုတ်ပါက သူသည် တစ်ကွက်တည်းနှင့် အသေသတ်လိုက်မည် ဖြစ်သည်။
သူဖုန်းစားဂိုဏ်းချုပ်သည်လည်း ဓားအဘိုးအိုကို အနည်းငယ် သတိထားနေရသည်။ ထိုသူမှာ ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်ရုံသာမက နတ်ဓားတစ်လက်ကိုလည်း ပိုင်ဆိုင်ထားသည်ဟု သတင်းကြီးသည်။ နတ်ဓားကို ကိုင်စွဲထားလျှင် သူသည် အခြား ကောင်းကင်အဆင့် သိုင်းပညာရှင်များထက်ပင် ပို၍ အင်အားကြီးမားသည်။ ထို့ကြောင့် သူသည် ချက်ချင်း မတိုက်ခိုက်တော့ဘဲ အရင်ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ၊ ဒါဆိုရင် စကားပြောကြတာပေါ့"
သူတို့နှစ်ဦးမှာ ကောင်းကင်ယံမှ မြေပြင်သို့ ဆင်းသက်လာကြသည်။ ထိုအချိန်တွင် လင်းပိုင်ဖန်မှာလည်း ရောက်ရှိလာခဲ့သည်။
အရပ်ရပ်မှ စုံစမ်းရေးသမားများမှာလည်း ဘာတွေဖြစ်နေသလဲဆိုသည်ကို သိရှိရန် အနီးအနားသို့ တိုးကပ်လာကြသည်။ ဤအခြေအနေကို မြင်သောအခါ သူဖုန်းစားဂိုဏ်းချုပ်က ထပ်မံ၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည် - "ငါတို့ သူဖုန်းစားဂိုဏ်းနဲ့ မဟာရှက တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ဘဲ နေခဲ့ကြတယ်။ ဒါပေမဲ့ မဟာရှက ငါတို့ဂိုဏ်းသားတွေကို တိတ်တဆိတ် မြှူဆွယ်ပြီး ခိုးယူနေတယ်ဆိုတာ ဟုတ်ပါသလား"
လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး - " ဘယ်လိုများ တွေးလိုက်တာလဲ"
"ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့၊ ငါ ကိုယ်တိုင် မြင်ခဲ့ပြီးပြီ"
သူဖုန်းစားဂိုဏ်းချုပ်က ဒေါသတကြီးဖြင့် - "ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ငါတို့ဂိုဏ်းသား ၃ သိန်းကျော် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့တယ်။ ငါ ဒီကိုလာပြီး စုံစမ်းတော့မှ မင်းတို့ရဲ့ တည်ဆောက်ရေး လုပ်ငန်းခွင်တွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ နောက်ဆုံး စစ်တပ်နဲ့ အရာရှိတွေထဲမှာပါ ငါတို့ဂိုဏ်းသားတွေကို တွေ့ခဲ့ရတယ်။ တစ်နည်းအားဖြင့် ပျောက်သွားတဲ့ ငါတို့လူတွေအားလုံးကို မင်းတို့ ခေါ်ထားတာပဲ၊ မဟာရှနိုင်ငံက ဒီအတွက် ဘယ်လိုတာဝန်ယူမလဲ"
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည် - "ဪ... ဒီလိုကိုး"
“ဂိုဏ်းသား ၃ သိန်းတောင် ခိုးယူတယ်ဆိုတာ တကယ်ကို မလုပ်သင့်တဲ့ ကိစ္စပဲ။ သူဖုန်းစားဂိုဏ်းချုပ် ဒီလောက် ဒေါသထွက်နေတာလည်း မဆန်းဘူး။ သူဖုန်းစားဂိုဏ်းမှာ လူဘယ်လောက်များများ၊ အခုလို အမြစ်ကနေ အဖြုတ်ခံနေရရင်တော့ ဘယ်ခံနိုင်ပါ့မလဲ”
လင်းပိုင်ဖန်က အသာအယာ ပြုံးလိုက်ပြီး - "ငါတို့ မဟာရှက အခုမှ ဖွံ့ဖြိုးစဆိုတော့ လုပ်သားအင်အား အများကြီး လိုအပ်တာပေါ့။ ငါတို့က အစားအစာကျွေးပြီး လုပ်ခလစာ ပေးတယ်၊ ဒါကြောင့်လည်း သူတောင်းစားတွေ အများကြီး ရောက်လာကြတာပဲ။ အရေအတွက်က ၃ သိန်းတင် မဟုတ်ဘူး၊ ၃ သန်းတောင် ဖြစ်နိုင်တယ်"
"သူတို့က ကိုယ့်လက်နှစ်ဖက်နဲ့ ကြိုးစားပြီး ချမ်းသာအောင် လုပ်ချင်ကြတာပဲ။ သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာ ငါ့တာဝန်ပဲလေ။ မင်းက ကမ္ဘာပေါ်မှာရှိတဲ့ သူတောင်းစားအားလုံးဟာ မင်းဂိုဏ်းကလို့ ပြောချင်တာလား၊ မင်း နယ်ကျော်နေပြီ ထင်တယ်"
လူအားလုံးကလည်း ထိုစကားကို ထောက်ခံကြသည်။ မဟာရှက ပိုက်ဆံနဲ့ အစားအစာ ပေးနေတာပဲလေ၊ သူတောင်းစားတင်မကဘူး သာမန်ပြည်သူတွေတောင် လာချင်ကြမှာပဲလေ။ ကမ္ဘာပေါ်မှာ သူတောင်းစားတွေ အများကြီး ရှိတာပဲ၊ သူတို့ ဘဝကောင်းစားချင်တာ ဘာမှားလို့လဲ။ သူဖုန်းစားဂိုဏ်းက ဒါကို လိုက်ချုပ်ကိုင်နေတာကတော့ လွန်လွန်းလှသည်။
သူဖုန်းစားဂိုဏ်းချုပ်က ကျယ်လောင်စွာ အော်ပြောလိုက်သည် - "တခြားသူတောင်းစားတွေကို ငါတို့ ဂရုမစိုက်ဘူး၊ ငါတို့ ဂိုဏ်းသားတွေကိုပဲ ငါတို့ စီမံမှာ၊ သူတို့က သူဖုန်းစားဂိုဏ်းကို ဝင်ခဲ့ပြီးကတည်းက ထာဝရ ငါတို့ ဂိုဏ်းသားတွေပဲ။ မဟာရှကို လာတာဟာ သစ္စာဖောက်တာပဲ။ ဒါကြောင့် ငါ သူတို့ကို ပြန်ခေါ်ပြီး ဂိုဏ်းရဲ့ စည်းမျဉ်းအတိုင်း အပြစ်ပေးရမယ်"
ဤစကားကို ကြားသောအခါ လူအချို့မှာ ခေါင်းညိတ်လိုက်ကြသည်။ သစ္စာဖောက်ဆိုသည်မှာ မည်သည့်နေရာတွင်မဆို အမုန်းခံရသူများ မဟုတ်ပါလား။ ဂိုဏ်းချုပ်က သစ္စာဖောက်တွေကို ဖမ်းပြီး အပြစ်ပေးချင်တာကတော့ ကျိုးကြောင်းဆီလျော်မှု ရှိသည်။
ဂိုဏ်းချုပ်က ဓားအဘိုးအိုကို တစ်ချက်ကြည့်လိုက်ပြီး လင်းပိုင်ဖန်ကို ပြောလိုက်သည် - "မဟာရှ ဧကရာဇ်... မင်း ဘာမှမသိလို့ လုပ်ခဲ့တာဆိုရင် ငါ နားလည်ပေးနိုင်တယ်။ ဒါကြောင့် အခု အဲဒီသစ္စာဖောက်တွေကို ငါ့လက်ထဲ အပ်လိုက်ပါ၊ ဒါဆိုရင် ငါတို့ကြားက ရန်ငြိုးတွေ အားလုံး ပြီးသွားလိမ့်မယ်"
‘အပ်ရမည် ဟုတ်လား... ဘယ်ဖြစ်နိုင်ပါ့မလဲ’
လင်းပိုင်ဖန်က သူတို့ကို မအပ်နိုင်ရုံသာမကပဲ သူဖုန်းစားဂိုဏ်းတစ်ခုလုံးကိုပါ ဝါးမြိုပြီး သူ၏နိုင်ငံကို အင်အားတောင့်တင်းအောင် လုပ်ဆောင်ချင်နေသူ ဖြစ်သည်။
"သူဖုန်းစားဂိုဏ်းချုပ်... မင်းက ငါတို့က မင်းရဲ့ ဂိုဏ်းသားတွေကို ခေါ်ထားတယ်လို့ပဲ ပြောနေတယ်၊ ဒါပေမဲ့ ဒီမဟာရှမှာတော့ အလုပ်ကြိုးစားတဲ့ သူတောင်းစားတွေပဲ ရှိတယ်၊ ဂိုဏ်းသားဆိုတာ မရှိဘူး။ မင်းမှာ ဘာသက်သေရှိလဲ။ အကယ်၍ မင်းမှာ သက်သေရှိရင်တော့ ငါ သူတို့ကို ပြန်လွှတ်ပေးမှာပေါ့။ မရှိဘူးဆိုရင်တော့ မင်း လာတဲ့လမ်းအတိုင်း ပြန်လှည့်သွားလိုက်တာ ကောင်းမယ်"
"ကောင်းပြီ... ဒါ မင်းပြောတဲ့စကားနော်"
ရုတ်တရက် သူဖုန်းစားဂိုဏ်းချုပ်က လက်လှမ်းလိုက်ပြီး အနီးအနားရှိ စစ်သားများထဲမှ ပဉ္စမအဆင့်ရှိသော စစ်ဗိုလ်ချုပ်တစ်ဦးကို ဆွဲထုတ်လိုက်သည်။ ထိုဗိုလ်ချုပ်မှာ အရပ်အမောင်းကောင်းပြီး ခန့်ညားသော်လည်း သူဖုန်းစားဂိုဏ်းချုပ်၏ လက်ထဲတွင်တော့ ချွေးပြန်ကာ မျက်နှာလေး ဖြူလျော့သွားတော့သည်။ "ဂိုဏ်း... ဂိုဏ်းချုပ်..."
"မင်း ငါ့ကို မှတ်မိသေးတာပဲ၊ ဒါဆိုရင် ပိုလွယ်သွားတာပေါ့"
ဂိုဏ်းချုပ်က သူ့ကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး - "ကဲ... အခု လူတိုင်းရှေ့မှာ မင်း အရင်က ဘယ်သူလဲဆိုတာ အကျယ်ကြီး ပြောပြလိုက်စမ်း"
ထိုအချိန်တွင် လူတိုင်း၏ အကြည့်မှာ ထိုဗိုလ်ချုပ်ထံသို့ ရောက်ရှိသွားသည်။ ဗိုလ်ချုပ်မှာ ပြင်းထန်သော ဖိအားများအောက်တွင် ဟိုကြည့် သည်ကြည့်ဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည် - "ကျွန်တော်... ကျွန်တော်က အရင်က..."
ထိုအချိန်တွင် လင်းပိုင်ဖန်၏ အသံမှာ သူ၏ နားထဲသို့ တိတ်တဆိတ် ရောက်ရှိလာသည်။
"မဖြေခင် သေချာစဉ်းစားပါ။ မင်းက သူဖုန်းစားဂိုဏ်းသားလား ဒါမှမဟုတ် သာမန် သူတောင်းစားလား။ အကယ်၍ မင်းက ဂိုဏ်းသားလို့ ဝန်ခံလိုက်ရင် ဂိုဏ်းချုပ်နဲ့အတူ ပြန်လိုက်သွားပြီး အပြစ်ပေးခံရလိမ့်မယ်၊ ပြီးတော့ ဒီမှာရှိသမျှ အရာအားလုံးကိုလည်း ဆုံးရှုံးရလိမ့်မယ်။ သေချာစဉ်းစားနော်"
ဗိုလ်ချုပ်မှာ တုန်လှုပ်သွားတော့သည်။ ဧကရာဇ် ပြောသကဲ့သို့ပင် သူသာ ဝန်ခံလိုက်ပါက ဂိုဏ်းချုပ်နှင့် ပြန်လိုက်သွားရပေလိမ့်မည်။ အပြစ်ပေးခံရရုံတင်မကဘဲ မဟာရှတွင် သူရရှိထားသော အရာအားလုံး ဆုံးရှုံးရပေတော့မည် ဖြစ်သည်။
ရာထူး၊ အာဏာ၊ စည်းစိမ်၊ လှပသော ဇနီးမယားနှင့် မိသားစု... အားလုံး ပျောက်ကွယ်သွားပြီး အစက ပြန်စရပေလိမ့်မည်။
နေရောင်ခြည်၏ နွေးထွေးမှုနှင့် ပန်းရနံ့များကို မြည်းစမ်းဖူးတဲ့ မည်သူမဆို အမှောင်ထုထဲသို့ အဘယ့်ကြောင့် ပြန်ဆင်းချင်ပါမည်နည်း။ ဆင်းရဲဒုက္ခများလှသော၊ မရေရာသော ထိုနေ့ရက်များဆီသို့ မည်သူက ပြန်သွားချင်ပါမည်နည်း။