အမှားအမှန် ခွဲခြားခြင်း
Vol. 7 Ch. 62
ကုမင်တာ့သည် ကျန်းကွမ်ကျုံးကို လှမ်းကြည့်လိုက်သည်။
လျူရှောင်ရူက ကျန်းကွမ်ကျုံးကို လိုက်ရိုက်နေဆဲပင်။ လျူရှောင်ရူသည် ယောက်ျားအများစုထက် အရပ်ရှည်ပြီး တစ်နှစ်ပတ်လုံး အလုပ်လုပ်သူ ဖြစ်သဖြင့် ခွန်အားဗလ ကောင်းမွန်သည်။ စောစောက ရှောင်စိုင်ကို ဆံပင်ဆွဲပြီး ကြမ်းတမ်းခဲ့သော ကျန်းကွမ်ကျုံးသည် လျူရှောင်ရူနှင့် တွေ့သောအခါ စက္ကူစုတ်ကဲ့သို့ ဖြစ်သွားသည်။
ကျန်းကွမ်ကျုံး၏ မျက်နှာတွင် သွေးစီးကြောင်းအချို့ ပေါ်လာသည်ကို မြင်သောအခါ ကုမင်တာ့က တော်လောက်ပြီဟု ယူဆပြီး ကျန်းယွင်နန်ကို မျက်ရိပ်ပြလိုက်သည်။
ကျန်းယွင်နန်က လှမ်းအော်လိုက်၏ရ။
“ရှောင်ရူ... တော်တော့”
လျူရှောင်ရူသည် ဇက်ကြိုးဆွဲခံလိုက်ရသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ ချက်ချင်း ရပ်တန့်သွားသည်။ တံမြက်စည်းကို ပြန်သိမ်းလိုက်ပြီး လူကို ဝါးစားမတတ် ဒေါသထွက်နေသော မျက်နှာထား ပျောက်ကွယ်သွားကာ လိမ္မာသော ပုံစံဖြင့် ကျန်းယွင်နန်အနားသို့ လျှောက်လာ၏။
ကျန်းကွမ်ကျုံးသည် ထိုကဲ့သို့ အပြောင်းအလဲမြန်မှုကို တစ်ခါမှ မမြင်ဖူးသဖြင့် ခဏတာ ကြောင်သွားပြီးမှ အသံပြန်ထွက်လာသည်။
“ရှောင်စိုင်က ငါ့မိန်းမလေ... နင်တို့က ဘာလို့ ဝင်ပါနေရတာလဲ”
ကျန်းကွမ်ကျုံးက ဟန်ကိုယ့်ဖို့ လုပ်ကာ ကုမင်တာ့တို့ လင်မယားကို ပြောလိုက်သည်။
လျူရှောင်ရူက မျက်နှာပြန်ပြောင်းသွားပြီး တံမြက်စည်းကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။
“နင်က ငါ့အစ်မနဲ့ ခဲအိုကို ဘယ်လိုပြောလိုက်တာလဲ... ကလေး လန့်သွားမယ်ဆိုတာ မသိဘူးလား”
လျူရှောင်ရူ၏ တံမြက်စည်းကိုင်ထားသည့် ပုံစံက သူ့ထက် ပိုကြောက်စရာကောင်းသည်ဟု ကျန်းကွမ်ကျုံး ပြောချင်နေသည်။
သို့သော် ဒီအမျိုးသမီးကြီး၏ လက်စွမ်းကို သူ မြည်းစမ်းပြီးပြီ ဖြစ်သည်။ ယခု သူ့မျက်နှာပေါ်မှ ဒဏ်ရာများက စပ်ဖျင်းဖျင်းဖြစ်ကာ နာကျင်နေသည်။
လျူရှောင်ရူ၏ လူသတ်ချင်သော မျက်လုံးများကို ကြည့်ပြီး ကျန်းကွမ်ကျုံးသည် အံကြိတ်ကာ ပြောလိုက်သည်။
“ရှောင်စိုင်နဲ့ ကျွန်တော်က လင်မယားတွေပါ... ကျွန်တော်တို့ ကိစ္စကို ကျွန်တော်တို့ဘာသာ ရှင်းပါရစေ... အစ်မနဲ့ ယောက်ဖ... မဝင်ပါကြပါနဲ့”
ကျန်းကွမ်ကျုံးသည် တစ်ခါမှ ဒီလောက် ယဉ်ကျေးသိမ်မွေ့စွာ မပြောဖူးပေ။
ကုမင်တာ့သည် လျူရှောင်ရူကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်။
တစ်ခါတလေကျရင် လက်သီးက စကားလုံးတွေထက် ပိုထိရောက်ပါလား။
“အစ်မ… ခဲအို... သူ ကျွန်မကို သတ်လိမ့်မယ်... တကယ် သတ်မှာ”
ရှောင်စိုင်က အော်ဟစ်လိုက်သည်။
ကျန်းကွမ်ကျုံးသည် ရှောင်စိုင်နှင့် ပတ်သက်လျှင် ထိန်းချုပ်နိုင်စွမ်း မရှိပေ။ သူက လက်သီးကို ဝှေ့ယမ်းကာ ဆဲဆိုလိုက်၏။
“ဖာသည်မ... နင်က ငါ့ကွယ်ရာမှာ ဖောက်ပြန်တယ်ပေါ့... ငါ နင့်ကို သတ်ပစ်ရင်တောင် နင် ခံသင့်တယ်”
သူက ရှောင်စိုင်ကို ဆဲဆိုနေခြင်း ဖြစ်သော်လည်း ကုမင်တာ့၏ ရင်ခွင်ထဲမှ နျိုနျိုမှာ ကြောက်လန့်လွန်းသဖြင့် တုန်ယင်နေသည်။
လျူရှောင်ရူက တံမြက်စည်းဖြင့် ဝင်ရိုက်လိုက်ပြန်သည်။
“ကလေးကို ခြောက်လို့ ပြောနေတာ... ကလေးကို ခြောက်လို့ ပြောနေတာ... နျိုနျိုလေး နေမကောင်းဖြစ်ရင် ငါ နင့်ကို သတ်မှာ”
ကျန်းကွမ်ကျုံး ခေါင်းကိုအုပ်ပြီး ထပ်ပြေးရပြန်သည်။ သူသည် တစ်နေ့တွင် မိန်းမတစ်ယောက်၏ လက်ချက်ဖြင့် ဒီလောက် အရှက်ကွဲရမည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
ကုမင်တာ့သည် လျူရှောင်ရူ ပညာပေးပြီးသည်အထိ အမွှေးတိုင်တစ်တိုင် ကုန်စာခန့် အချိန်စောင့်လိုက်ပြီးမှ မေးလိုက်သည်။
“မင်းကို အလေးအနက်ထားပြီး မေးမယ်... မင်း ရှောင်စိုင်ကို တကယ် သတ်ချင်တာလား”
ကျန်းကွမ်ကျုံးသည် အရိုက်ခံရပြီးနောက် ရင်ထဲမှ ဒေါသများ လျော့ပါးသွားပြီ ဖြစ်သည်။ သို့သော် ရှောင်စိုင်ကို ကြည့်သော မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်နေဆဲ ဖြစ်သည်။
“ဒီလို ဖောက်ပြန်တဲ့ မိန်းမမျိုးကို ခင်ဗျားက ကာကွယ်ပေးချင်နေသေးတာလား”
ကျန်းယွင်နန်က တည့်တိုး ပြောလိုက်သည်။
“အတူနေလို့ အဆင်မပြေရင် ကွဲလိုက်ကြလေ... အတင်း ပေါင်းသင်းနေရင် ဘယ်သူ့အတွက်မှ ကောင်းမှာ မဟုတ်ဘူး”
ရှောင်စိုင်၏ မျက်လုံးများ အရောင်တောက်သွားသည်။
အရင်တုန်းက ကလေးမရလို့ ယောက်ျားက ပစ်သွားမှာကို ကြောက်ခဲ့ရသော်လည်း အခုတော့ မတူတော့ပေ။ အပြင်က ချစ်သူက သူမကို လက်ထပ်ချင်ကြောင်း အကြိမ်ကြိမ် ပြောထားသည်။
သားလေး ကျင်းပေါင်ကို မခွဲနိုင်တာကလွဲရင် ကျန်းကွမ်ကျုံးအပေါ် ထားရှိသော သံယောဇဉ်များမှာ နျိုနျို အိမ်မှ ထွက်သွားပြီးနောက်ပိုင်း နေ့စဉ် ရိုက်နှက်ခံရမှုများကြောင့် ကုန်ခန်းသွားပြီ ဖြစ်သည်။
ကျန်းကွမ်ကျုံး ဒေါသတကြီး ခုန်ထလိုက်ပြီး ပြောလိုက်၏။
“သူ့ကို ယူတုန်းက သူ့မိဘတွေကို တင်တောင်းငွေ အများကြီး ပေးထားရတာ... ဘာကိစ္စ ဒီအတိုင်း လွှတ်ပေးရမှာလဲ... သူက ငါတို့ ကျန်းမိသားစုရဲ့ လူပဲ... သေရင်လည်း ကျန်းမိသားစုရဲ့ သရဲပဲ ဖြစ်ရမယ်”
ရှောင်စိုင်သည် အဖွားစိုင်၏ တူမတော်စပ်သူ ဖြစ်သော်လည်း ဦးလေးဖြစ်သူက တူမကို ညှာတာခြင်း မရှိပေ။ ရှောင်စိုင်သည် လက်မထပ်မီက အလှပဂေးဟု နာမည်ကြီးခြင်း မရှိခဲ့လျှင် ကျန်းကွမ်ကျုံးသည် သူမကို ယူခဲ့မည် မဟုတ်ပေ။ နောက်ဆုံးတွင် တင်တောင်းငွေ ငွေ ၃၀ အပြည့်ပေးပြီးမှ လက်ထပ်ယူခဲ့ရခြင်း ဖြစ်သည်။
သို့သော် ရှောင်စိုင်က ပြောလိုက်၏ရ။
“ငါ နင့်မိသားစုအတွက် ကျင်းပေါင်ကို မွေးပေးထားတယ်လေ... နင် ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ကုန်သင့်တာပဲ... ဘာလို့ ငါ့ကို လွှတ်မပေးနိုင်ရတာလဲ”
ကျန်းကွမ်ကျုံးက ပြန်ဆဲလိုက်သည်။
“တခြားမိန်းမသာ ဆိုရင် ကလေး ဆယ်ယောက်လောက် မွေးပေးပြီးလောက်ပြီ... နင်ကသာ ကြက်မကြီးလို ဥမဥနိုင်တာ... လက်ထပ်ပြီး ဘယ်နှနှစ်ကြာမှ ကလေးမွေးပေးနိုင်တာလဲ...”
ရှောင်စိုင်က ပြန်ပြောလိုက်သည်။
“နင်လည်း အပြင်မှာ မုဆိုးမတွေနဲ့ ရှုပ်ပွေနေတာပဲ... ကလေးရလာတာ မတွေ့မိပါဘူး”
ထိုစကားကို ကြားသောအခါ ကျန်းကွမ်ကျုံး ကြောင်သွားသည်။
ရှောင်စိုင် ကလေးမရနိုင်ဟု သူ နှစ်ပေါင်းများစွာ ထင်ထားခဲ့သော်လည်း သူ့ပြဿနာ ဖြစ်နေမည်ဟု တစ်ခါမှ မတွေးမိခဲ့ပေ။
ပြန်စဉ်းစားကြည့်တော့ ကျင်းပေါင်ကလည်း သူ့ပုံစံနှင့် သိပ်မတူလှပေ။
“မိန်းမပျက်မ... ကျင်းပေါင်က နင် တခြားကောင်နဲ့ ရလာတဲ့ ကလေးလား”
ကျန်းကွမ်ကျုံး ဒေါသထွက်လွန်းသဖြင့် ဝင်ရိုက်ရန် ပြင်လိုက်သည်။
ရှောင်စိုင်က လျူရှောင်ရူ နောက်ကျောတွင် အမြန် ဝင်ပုန်းလိုက်၏။
“ကျင်းပေါင်က နင့်သားပါ... လူကို လာမစွပ်စွဲနဲ့”
“နင့်မှာ ဂုဏ်သိက္ခာ ရှိသေးလို့လား”
ကျန်းကွမ်ကျုံးက ဆဲဆိုလိုက်သည်။
နှစ်ယောက်သား အပြန်အလှန် ဆဲဆိုနေကြသည်ကို ကြည့်ပြီး နျိုနျိုသည် အရင်ကလို မကြောက်တော့ပေ။ ကုမင်တာ့၏ ရင်ခွင်ထဲတွင် မှီကာ နားစွင့်ပြီး အလေးအနက် နားထောင်နေသည်။
ဘေးနားမှ ကုကျောက်သည်လည်း မျက်လုံးပြူးကာ စိတ်ဝင်တစား ကြည့်နေ၏။
ကုမင်တာ့သည် ကလေးနှစ်ယောက်၏ ပုံစံကို ကြည့်ပြီး နဖူးကို လက်ဖြင့် ပြန်ရိုက်လိုက်မိ၏။ နောက်ဆုံးတွင် သူ သည်းမခံနိုင်တော့ဘဲ အော်ပြောလိုက်၏။
“တော်ကြတော့... ဆူညံမနေကြနဲ့”
နှစ်ယောက်စလုံး ရပ်သွားကြသည်။
ကုမင်တာဝ နားအေးသွားလေပြီ။ သူက ကျန်းကွမ်ကျုံးကို အရင် မေးလိုက်သည်။
“ရှောင်စိုင် ဖောက်ပြန်တယ်ဆိုတာ သက်သေရှိလား”
ကျန်းကွမ်ကျုံးက ချက်ချင်း ပြောလိုက်သည်။
“သက်သေလိုသေးလို့လား... သူ့ခေါင်းပေါ်က ပိုးပန်းပွင့်ကို ကြည့်ပါလား... ဈေးပေါတာ မဟုတ်ဘူး... ဘယ်ကောင် ပေးထားလဲ မသိဘူး”
ရှောင်စိုင်က ပြန်ပြောသည်။
“နင့်ထက် ရက်ရောတဲ့ ယောက်ျား ပေးထားတာပေါ့... ငါ နင်နဲ့ ကွဲချင်နေတာ ကြာပြီ”
“ယောက်ဖ... တွေ့လား... သူကိုယ်တိုင် ဝန်ခံလိုက်ပြီ... ဒီမိန်းမပျက်မကို အရာရှိဆီ ပို့ပြီး ဝက်ခြံထဲ ထည့်ခိုင်းလိုက်တော့”
ကျန်းကွမ်ကျုံးက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ကုမင်တာ့က သူ့ကို တစ်ချက်ကြည့်ပြီး မေးလိုက်၏။
“မင်း စာတွေဖတ်တာ ခွေးဗိုက်ထဲ ရောက်ကုန်ပြီလား... အစိုးရက ဒီလိုကိစ္စတွေကို ဂရုမစိုက်ဘူး”
ကျန်းကွမ်ကျုံး ကြောင်သွားသည်။
အစိုးရသည် အိမ်တွင်းရေး ဖောက်ပြန်မှုများကို အရေးယူလေ့ မရှိပေ။ ဒီလိုကိစ္စမျိုးကို ဆွေမျိုးစုကသာ စီမံခန့်ခွဲရသည်။ အရာရှိဆီ သွားတိုင်လျှင် မောင်းထုတ်ခံရမည်ပင်။
ကုမင်တာ့က သူ့ကို စူးစိုက်ကြည့်ပြီး ပြောလိုက်သည်။
“တကယ်လို့ သူနဲ့ သူ့အငယ်အနှောင်း ပေါင်းပြီး လင်ယောက်ျားကို သတ်ဖို့ ကြံစည်ရင်တော့ အစိုးရက အရေးယူလိမ့်မယ်”
ကျန်းကွမ်ကျုံး ကြောက်လန့်ပြီး တစ်ကိုယ်လုံး တုန်ယင်သွားသည်။