← Chapters

ကွာရှင်းခြင်းအကြောင်း ပြောဆိုခြင်း

Vol. 7 Ch. 63

ကွာရှင်းခြင်းအကြောင်း ပြောဆိုခြင်း

Vol. 7 Ch. 63

ကုမင်တာ့သည် သူ့ယောက်ဖကို ဆက်လက် ခြိမ်းခြောက် ပြောဆိုလိုက်သည်။

“အခု အခြေအနေအရ မင်းတို့နှစ်ယောက် အတင်း ပေါင်းသင်းနေရင်... ယောက်ျားက မိန်းမကို သတ်ပြီး အငြိုးဖြေမလား... မိန်းမက သူ့အငယ်အနှောင်းနဲ့ ပေါင်းပြီး ယောက်ျားကို သတ်မလား ဆိုတာပဲ ရှိတော့တယ်... ဘယ်သူပဲ သေသေ... ငါနဲ့ ယွင်နန်က လူသတ်သမားကို အစိုးရဆီ အပ်မှာပဲ... မင်းတို့ အတူတူ ဆက်နေချင်သေးလား”

ကွာရှင်းရန် လုံးဝ သဘောမတူခဲ့သော ကျန်းကွမ်ကျုံးသည် ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားသည်။ ချင်းရွှေရွာတွင် ရှိစဉ်က သူ ရှောင်စိုင်ကို ရိုက်နှက်ခဲ့သော်လည်း ရှောင်စိုင်က ပြန်မပြောရဲခဲ့ပေ။

ချင်းရွှေရွာတုန်းကတော့ ငါက သူ့ကို ရိုက်ပြီး အနိုင်ကျင့်ခဲ့တာပဲ... ဖူချိန်မြို့ရောက်မှ ဘာလို့ ငါ့အပေါ် မကျေမနပ် ဖြစ်လာတာလဲ...။

ကျန်းကွမ်ကျုံး လုံးဝကို ရတွေးမရဖြစ်နေသည်။

ဒီတစ်ခါ စာမေးပွဲ မအောင်မြင်ခဲ့သော်လည်း နောက်တစ်ခါ ဂုဏ်ထူးဆောင်ဘွဲ့ ရယူချင်သေးသည်။ ရှောင်စိုင်၏ လက်ချက်ဖြင့် သေသွားခြင်း သို့မဟုတ် ဇနီးကို သတ်မှုဖြင့် ထောင်ကျခြင်း နှစ်ခုစလုံးသည် သူ လက်ခံနိုင်သော အဆုံးသတ်များ မဟုတ်ပေ။

ဒီအခြေအနေထိ ရောက်လာမှတော့ သူ နောင်တရတယ်လို့ ဝန်ခံလိုက်ရမယ် ဆိုရင်တောင်မှ၊ ယောက်ျားတစ်ယောက်အနေနဲ့ သစ္စာဖောက်ခံရတာကို သည်းခံလိုက်ရမယ် ဆိုရင်တောင်မှ၊ ရှောင်စိုင်၏ ရှုပ်ပွေမှုများကို သူ ဆက်လက် သည်းခံပေါင်းသင်းနိုင်တော့မည် မဟုတ်ပေ။

“ငါ သူနဲ့ ဆက်မပေါင်းနိုင်ဘူး... ကျင်းပေါင်ကို ခေါ်ပြီး ထွက်သွားမယ်”

ရှောင်စိုင်က ရှားရှားပါးပါး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ကျင်းပေါင်က ငါတို့ ကျန်းမိသားစုရဲ့ မြေးပဲ... ခေါ်သွားဖို့ စိတ်ကူးမယဉ်နဲ့”

ကျန်းကွမ်ကျုံးက ပြန်အော်လိုက်သည်။

ကျင်းပေါင်သည် သူ့သားအရင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ ရှောင်စိုင် ခေါ်သွားမည်ကို သူ လက်မခံနိုင်ပေ။

ကျေးလက်ဒေသတွင် သားယောက်ျားလေး ရှိခြင်းသည် လုပ်အားရှိခြင်းဟု အဓိပ္ပာယ်ရသည်။ သားမရှိလျှင် သူများ လှောင်ပြောင်တာ ခံရမည်။

ရှောင်စိုင်သည် ကျင်းပေါင်ကို ခွဲခွာရမည်စိုး၍ ဝမ်းနည်းနေသော်လည်း သူမ၏ အပြင်က ချစ်သူက ကလေး ထပ်မွေးလို့ ရကြောင်း ပြောထားသဖြင့် ဒီကိစ္စကို သိပ်ဇွတ်အတင်း မတောင်းဆိုတော့ပေ။

သို့သော် ကျန်းကွမ်ကျုံးက ပြောလိုက်ပြန်သည်။

“ငါ နင့်ကို ကွာရှင်းပေးဖို့ မဖြစ်နိုင်ဘူး... အလွန်ဆုံးမှ ဇနီးအဖြစ်ကနေ စွန့်ပစ်လိုက်တာပဲ လုပ်ပေးနိုင်မယ်... အကြောင်းပြချက်ကတော့ နင့်လို မိန်းမမျိုးက ဖောက်ပြန်လို့ပဲ”

“လျူရှောင်ရူတောင် ကွာရှင်းနိုင်တာ... ငါက ဘာလို့ စွန့်ပစ်ခံရမှာလဲ”

ရှောင်စိုင် လက်မခံနိုင်ပေ။

လျူရှောင်ရူသည် ပွဲကြည့်ရတာ ပျော်နေသော်လည်း သူမပါ ပါလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဘာတွေ လာရစ်နေတာလဲ... ငါ့ကို ကျန်းကွမ်ကျုံးလို ခြေထောက်ကျိုးအောင် လုပ်ခိုင်းနေတာလား”

လျူရှောင်ရူက အားနာခြင်း မရှိဘဲ တံမြက်စည်းကို ဝှေ့ယမ်းကာ သူတို့နှစ်ဦးကို ခြိမ်းခြောက်လိုက်သည်။

“ကွာချင်ရင် ကွာပေးမယ်... ပိုက်ဆံပေး... အပြင်က ကောင်က ငါ့မိန်းမကို ခိုးပြေးမှတော့ လျော်ကြေးပေးရမှာပေါ့”

ကျန်းကွမ်ကျုံးက အော်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ရှောင်စိုင် သဘောတူလိုက်သည်။

“ကိုကိုစွန်းတို့အိမ်က စီးပွားရေး အကြီးကြီး လုပ်တာ... ဒီလောက် ပိုက်ဆံလေးက ဘာမှ မဟုတ်ပါဘူး”

ကျန်းကွမ်ကျုံးသည် စိတ်မကောင်း ဖြစ်မိသော်လည်း ပိုက်ဆံရမည်ဆိုသဖြင့် အားမနာတော့ဘဲ တောင်းဆိုလိုက်သည်။

“ဒါဆို ငါ ငွေ ၃၀လိုချင်တယ်”

ရှောင်စိုင် မထွက်သွားရသေးခင်မှာပင် သူမ၏ စိတ်က စွန်းမိသားစုဆီ ရောက်နေပြီဖြစ်၍ ချက်ချင်း ပြန်ပြောလိုက်သည်။

“အိပ်မက် မက်နေလိုက်”

ကုမင်တာ့သည် သူတို့ ဆူညံနေသည်ကို စိတ်ပျက်လာသဖြင့် တည့်တိုး ပြောလိုက်သည်။

“ရန်မဖြစ်တော့ဘူးဆိုရင် ကိုယ့်အခန်းကိုယ်ပြန်ပြီး ပိုက်ဆံ ဘယ်လောက်ယူမလဲ ဆွေးနွေးကြတော့... ငါ စာပြန်ကျက်ချင်ပြီ”

ရှောင်စိုင်က ပြောလိုက်၏။

“အစ်မ... ခဲအို... ကျွန်မကို ပစ်မထားပါနဲ့... ကျွန်မ နောက်ဖေးအခန်းကို လိုက်သွားရင် သူ ရိုက်သတ်လိမ့်မယ်”

ကျန်းယွင်နန်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“သေသွားရင် ငါတို့က အစိုးရဆီ သွားတိုင်ပေးမယ်”

ထိုစကားကို ကြားသောအခါ ရှောင်စိုင် အံကြိတ်လိုက်သည်။

ကျန်းကွမ်ကျုံးက ဝမ်းသာအားရ ဖြစ်သွားပြီး ကုမင်တာ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ခင်ဗျား ဒီတစ်ခါလည်း စာမေးပွဲကျပြန်ပြီမလား... ဒါကြောင့် အောင်စာရင်း ကြည့်ပြီးတာနဲ့ တန်းပြန်လာပြီး စာကျက်နေတာကိုး... ခင်ဗျားက ဘယ်လောက်ကျက်ကျက် အောင်မှာ မဟုတ်ပါဘူး... ငါကတော့ မတူဘူး... ဒီတစ်ခါ ဒီမိန်းမယုတ် နှောင့်ယှက်လို့သာ ကျသွားတာ... နောက်တစ်ခါဆိုရင် သေချာပေါက် အောင်မြင်ပြီး ရွှေစာရင်းမှာ နာမည်ပါလာမှာ”

ကုမင်တာ့သည် သူ့ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဘာမှ ပြန်မပြောဘဲ ခေါင်းခါကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။

သူ့နောက်မှ နျိုနျိုက အော်ပြောလိုက်သည်။

“ဖေဖေက ပထမရတာ... လူတိုင်းက ဖေဖေ့ကို နေရာတိုင်းမှာ ပထမရတဲ့သူလို့ ခေါ်ကြတယ်... ဖေဖေက စာမေးပွဲ အောင်တယ်”

ကျန်းကွမ်ကျုံးသည် တစ်ချိန်က သမီးဖြစ်ခဲ့ဖူးသော ကလေးမလေးကို ကြည့်ကာ မထီမဲ့မြင် ပြုလိုက်သည်။

“ဂြိုဟ်ဆိုးမ... နင့်အဖေသာ စာမေးပွဲအောင်ရင် ငါ့နာမည်ကို ပြောင်းပစ်လိုက်မယ်... သူ အိပ်မက် မက်နေတာ ဖြစ်မှာပေါ့”

သူ့စကားဆုံးသည်နှင့် လျူရှောင်ရူ၏ တံမြက်စည်းက သူ့ခေါင်းပေါ်သို့ ကျရောက်လာပြန်သည်။

“ကျန်းကွမ်ကျုံး... နင် ဘယ်သူ့ကို ဂြိုဟ်ဆိုးမလို့ ခေါ်နေတာလဲ... ငါ ကြည့်ရတာတော့ နင်ကမှ ဂြိုဟ်ဆိုးနဲ့ တူနေတာ... ကိုယ့်မိန်းမက သူများနောက် လိုက်ပြေးတာတောင် နင်က လိပ်ခေါင်းရှုံ့သလို ခံနေတယ်... ယောက်ျားတစ်ယောက်နဲ့တောင် မတူဘူး”

ကျန်းကွမ်ကျုံးသည် လျူရှောင်ရူကို မနိုင်သလို ပြန်လည်း မပြောနိုင်သဖြင့် နောက်ဖေးခြံဝင်းသို့ ထွက်ပြေးရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် အိမ်ရှေ့တံခါး ပွင့်လာ၏။

ဒီခြံဝင်းထဲတွင် နေထိုင်သော စာသင်သားတစ်ဦးသည် ဝမ်းနည်းပက်လက် မျက်နှာဖြင့် ပြန်ရောက်လာသည်။ တံခါးဝသို့ ရောက်သည်နှင့် စာကြိုးစားကျက်နေသော ကုမင်တာ့ကို တွေ့လိုက်ရ၏။ သူ ခဏတာ ကြောင်သွားပြီး ပြောလိုက်သည်။

“အစ်ကိုကုက ပထမရတာ မဆန်းပါဘူးဗျာ... ဒီနေ့လို အောင်စာရင်း ထွက်တဲ့နေ့မှာတောင် စိတ်မလှုပ်ရှားဘဲ အိမ်မှာ စာပြန်ကျက်နေနိုင်တယ်... ကျွန်တော်ကတော့ အစ်ကိုကုကို မမှီပါဘူး”

ထိုစကားကို ကြားသောအခါ ကျန်းကွမ်ကျုံးသည် အရိုက်ခံနေရတာကိုပင် ဂရုမစိုက်တော့ဘဲ ထိုစာသင်သားထံသို့ ပြေးသွားကာ အင်္ကျီစကို ဆွဲပြီး မေးလိုက်သည်။

“မင်း ဘာပြောလိုက်တာလဲ... ဘာပထမလဲ... ဘယ်သူက ပထမရတာလဲ... ကုမင်တာ့က အကြိမ်ကြိမ် ကျခဲ့တဲ့လူလေ... ဘာလို့ ပထမရမှာလဲ... မဖြစ်နိုင်ဘူး... သူ ပထမ မဖြစ်နိုင်ဘူး”

ထိုစာသင်သားသည် ကျန်းကွမ်ကျုံးကို နားမလည်နိုင် ဖြစ်သွားပြီး တွန်းထုတ်လိုက်သည်။

“ခင်ဗျားက ဖျားနေပြီး ဘာလို့ လာဆွဲနေတာလဲ... ဝေးဝေးနေစမ်းပါ... ရောဂါကူးမှာ ကြောက်တယ်... ခင်ဗျားက တကယ် စိတ်ထားယုတ်ညံ့တာပဲ... အစ်ကိုကုက ခင်ဗျားရဲ့ ယောက်ဖအရင်းကြီးပါ... သူ ကောင်းစားတာကို ဝမ်းမသာဘဲ ကျရှုံးစေချင်နေတာလား... သူက ခင်ဗျားအကြောင်း နေရာတိုင်းမှာ တွေးပေးနေတာကို... ခင်ဗျားအသက်ကိုတောင် ကယ်ပေးခဲ့တာ... စောစောကတည်းက သိရင် ခင်ဗျားကို ဂရုမစိုက်ဖို့ ပြောလိုက်ရမှာ”

စာသင်သား၏ စက်သေနတ်ပစ်သလို ပြောဆိုမှုများကို နားထောင်ရင်း ကျန်းကွမ်ကျုံး၏ ခေါင်းထဲတွင် ဝီခေါ်သွားသည်။

သူ နားမလည်နိုင်ပေ။ အားလုံး အတူတူ စာမေးပွဲကျခဲ့ကြသည် မဟုတ်ပါလား။ ဘာလို့ ကုမင်တာ့က သူ့ကွယ်ရာမှာ ပထမ ဖြစ်သွားရတာလဲ။

“ဂြိုဟ်ဆိုးမက ကုမိသားစုဆီ ရောက်သွားတာလေ... ဘာလို့ ကုမင်တာ့ကို ဒုက္ခမပေးတာလဲ...”

သူက လူကောင်းတစ်ယောက်လေ... ဘာလို့ မိုးသည်းသည်းထန်ထန် စာမေးပွဲ မဖြေနိုင်ဘဲ ဖျားနာခဲ့ရတာလဲ...။

ကျန်းကွမ်ကျုံး တွေးလေ ဒေါသထွက်လေ ဖြစ်လာသည်။

“ပထမ... ပထမက ငါ ဖြစ်သင့်တာ... ဘာလို့ ကုမင်တာ့ ဖြစ်သွားရတာလဲ”

စာသင်သားက လှောင်ပြောင်လိုက်သည်။

“ခင်ဗျားက ဒုတိယအဆင့်တောင် မဖြေရဘဲနဲ့ ပထမရဖို့ စိတ်ကူးယဉ်နေတာလား... အဲ့ဒါဆိုရင် ခင်ဗျားက ပညာရှိဘွဲ့ ရပြီးသားလို့ ပြောလိုက်ပါလား”

ကျန်းကွမ်ကျုံးက ဘာမှမကြားတော့ပေ။ ဘေးနားရှိ နျိုနျိုကို ရုတ်တရက် လှည့်ကြည့်ပြီး ပြောလိုက်သည်။

“နင်... နင် ငါ့ကို ဒုက္ခပေးတာ မဟုတ်လား... နင်သာ ငါ့ကို ဒုက္ခမပေးရင် ငါ ဖျားမှာ မဟုတ်ဘူး... စောစောကတည်းက နင့်ကို ရေနှစ်သတ်ပစ်ခဲ့သင့်တာ... နင့်ကို အသက်ရှင်ခွင့် မပေးခဲ့သင့်ဘူး”

ကျန်းကွမ်ကျုံး၏ မျက်လုံးများ နီရဲလာပြီး ကလေးကို ဝင်ရိုက်ရန် ပြေးဝင်သွားသည်။

နျိုနျို ကြောက်လန့်ပြီး နောက်သို့ ဆုတ်လိုက်၏။ ကုယန်နှင့် ကုကျောက်တို့က ညီမလေးကို ကာကွယ်ပေးရန် ရှေ့ထွက်လာကြသည်။

လျူရှောင်ရူက တံမြက်စည်းဖြင့် ကျန်းကွမ်ကျုံး၏ ခေါင်းနှင့် မျက်နှာကို ရိုက်နှက်လိုက်ပြန်သည်။

အရင်က သူမ အနည်းငယ် ထိန်းထားသော်လည်း ယခုအခါ လုံးဝ မထိန်းတော့ဘဲ ခြံဝင်းတစ်ခုလုံး ပတ်ပြီး လိုက်ရိုက်လေတော့သည်။

ကျန်းယွင်နန်သည် သမီးဖြစ်သူ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲနေသည်ကို မြင်သောအခါ ရင်နာသွားသည်။ ကလေးကို ပွေ့ချီပြီး အိပ်ပျော်သွားသည်အထိ အကြာကြီး ချော့မြှူလိုက်ရသည်။

သူမ ခေါင်းငုံ့ထားချိန်တွင် သားသမီးကို ချစ်သော မိခင်ကောင်းတစ်ဦး ဖြစ်သော်လည်း ခေါင်းမော့လိုက်သောအခါ ကျန်းကွမ်ကျုံးကို သတ်ချင်လောက်အောင် မုန်းတီးသော မျက်နှာထား ဖြစ်သွားသည်။

“ငါ နင့်ကို ကူညီမယ်... ကွာရှင်းစာချုပ်နဲ့ ငွေ ဆယ်တုံး လဲလိုက်”

ကျန်းယွင်နန်က ရှောင်စိုင်ကို တိုးတိုးလေး ပြောလိုက်သည်။

ရှောင်စိုင် ကြောင်သွားသည်။ အရင်က သူမနှင့် မပတ်သက်ချင်ဘူး ပြောခဲ့သော ကျန်းယွင်နန် ဘာကြောင့် စိတ်ပြောင်းသွားလဲ ဆိုတာ နားမလည်နိုင်ပေ။ သို့သော် ကူညီမည့်သူ ရှိလာသဖြင့် သူမ ဝမ်းသာသွား၏။

လင်မယားနှစ်ယောက် တရားဝင် ကွဲကြသောအခါ ကျန်းယွင်နန် ဝင်ပါလာသည်။ သူမက ကျန်းကွမ်ကျုံးကို သင်ခန်းစာပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ကျန်းကွမ်ကျုံး လိုချင်သော ပမာဏမှာ ငွေ ၃၀ဖြစ်သည်။ ဒါက သူ ရှောင်စိုင်ကို လက်ထပ်စဉ်က ပေးခဲ့သော တင်တောင်းငွေ ဖြစ်သည်။ သူက ဒီပိုက်ဆံဖြင့် ငယ်ရွယ်ချောမောသော မိန်းမပျိုတစ်ဦးကို ထပ်ယူချင်နေခြင်းပင်။

ဈေးဆစ်ရာတွင် ကောင်းကင်ထိအောင် ခေါ်ပြီး မြေကြီးထိအောင် ဆစ်ရမည်ကို လူတိုင်း နားလည်ကြသည်။ ထို့ကြောင့် ကျန်းကွမ်ကျုံးက ငွေ ၃၀ဟု ဆက်လက် တောင်းဆိုနေသည်။

ရှောင်စိုင်က ကျန်းယွင်နန်နောက်တွင် ပုန်းကာ ပြန်ပြောနေသည်။

သို့သော် ကျန်းယွင်နန်က အစ်မကြီးတစ်ယောက်၏ ရရပါဝါကို ထုတ်သုံးပြီး ကျန်းကွမ်ကျုံးကို ဆူပူကြိမ်းမောင်းလိုက်သည်။

“နင့်မိန်းမက ယောက္ခမကို နှစ်ပေါင်းများစွာ ပြုစုလာခဲ့တာ... သားသမီးလည်း မွေးပေးထားတယ်... ကုသိုလ်မရရင်တောင် ပင်ပန်းကျိုးတော့ ရှိပါသေးတယ်... အခု သူနဲ့ ကွာရှင်းတော့မယ့်ဟာကို နင်က ပိုက်ဆံတောင်းရက်သေးလား... ငါသာဆိုရင် သူ့ကို လျော်ကြေးငွေ တစ်ရာပေးပြီး ပျော်ပျော်ကြီး ကွာရှင်းပေးလိုက်မှာ... ဒါမှ နောက်ကျရင် မိတ်ဆွေအဖြစ် ဆက်ရှိနေနိုင်မှာပေါ့”

ထိုစကားကို ကြားသောအခါ ကျန်းကွမ်ကျုံး၏ ခေါင်းပေါ်တွင် မေးခွန်းမျရား ပြည့်နှက်သွားတော့သည်။

All Chapters