← Chapters

သဲလွန်စ ရရှိခြင်း

Vol. 7 Ch. 64

သဲလွန်စ ရရှိခြင်း

Vol. 7 Ch. 64

ရှောင်စိုင်ပင် ကြောင်အသွားသည်။

ပြောင်းပြန် ညှိနှိုင်းတာလား...

အဲ့လိုလည်း လုပ်လို့ ရတာလား...

တကယ်လို့ ယောကျ်ားဟောင်းဆီက လျော်ကြေးရပြီး လက်ထပ်လို့ ရမယ်ဆိုရင်... သိပ်ကောင်းမှာပဲ။

ရှောင်စိုင်က ကျန်းယွင်နန်ကို မျှော်လင့်ချက်အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ကျန်းယွင်နန်က မောင်ဖြစ်သူကို ဆက်လက် ဆူပူနေသည်။

“နင်က စာသင်သား တစ်ယောက် ဖြစ်ပြီးတော့... ဒီလို ကျေးဇူးသိတတ်တဲ့ ကိစ္စမျိုးကိုတောင် နားမလည်ဘူးလား... နင်တို့ ကွဲသွားကြရင် ငါတို့ ကျန်းမိသားစုက ကပ်စေးနည်းတယ်ဆိုပြီး အပြောခံရတော့မှာပေါ့”

ထိုစကားကို ကြားသောအခါ ကျန်းကွမ်ကျုံး ဒေါသထွက်လွန်းသဖြင့် နှာခေါင်း မီးတောက်သွားလုမတတ် ဖြစ်ပြီး ပြောလိုက်သည်။

“နင်က အိမ်ထောင်ကျပြီးသား မိန်းမလေ... ဘာလို့ မိဘအိမ်ကိစ္စကို လာစွက်ဖက်နေရတာလဲ... နင့်မှာ ဦးနှောက်မရှိဘူးလား... ထွက်သွားစမ်း”

ကျန်းကွမ်ကျုံး လုံးဝ ထင်မထားခဲ့ပေ။ သူ နျိုနျိုအပေါ် ရက်စက်ခဲ့သည့် ကိစ္စကြောင့် အရင်က ဂရုမစိုက်ချင်သော အစ်မဖြစ်သူသည် ရုတ်တရက် လှည့်ပြီး သူ့ကို ဒုက္ခပေးနေခြင်း ဖြစ်သည်။

ကျန်းယွင်နန်သည် ထိုစကားကို ကြားသော်လည်း လုံးဝ မကြောက်ပေ။

အဘယ်ကြောင့်ဆိုသော် ဘေးနားတွင် တံမြက်စည်း ကိုင်ထားသော လျူရှောင်ရူ ရှိနေသောကြောင့်ပင်။

“နင်က ငါ့အစ်မကို ဘယ်လို ပြောလိုက်တာလဲ... ငါ့အစ်မက နင့်မိသားစုကိစ္စကို ဝင်ပါပေးနေတာ... ဒါ နင့်ကံကောင်းမှုပဲ”

လျူရှောင်ရူက တံမြက်စည်းကို မြှောက်ကာ ခြိမ်းခြောက်လိုက်သည်။

အရိုက်ခံရတာက နာကျင်ဖို့ လုံလောက်နေပြီ ဖြစ်သည်။ ပိုဆိုးတာက မိန်းမတစ်ယောက်ရဲ့ ရိုက်နှက်မှုကို ခံနေရခြင်းပင်။

ဒီကွာရှင်းပွဲက အချိန်အတော်ကြာနေပြီဖြစ်၍ အောင်စာရင်း သွားကြည့်သူများ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြသည်။

အိမ်ငှားများက ညည်းတွားကြ၏။

ဒီအိမ်က တကယ် ငှားရကျိုးနပ်ပါပေတယ်။ ဝမ်ယောက်ကျူကနေ ကျန်းကွမ်ကျုံးအထိ ဒီအိမ်မှာ နေတဲ့လူတိုင်း ထွက်ခွာခါနီးရင် ပြဿနာ တက်ကြတယ်ရ။ ဒီအိမ်က ဇာတ်လမ်းတွေက ဘယ်တော့မှ မပြီးဆုံးနိုင်ပါလား။

ကျန်းယွင်နန်က ဆက်လက်ပြီး ပေါက်ကရတွေ ပြောနေသည်။

“နင့်မိန်းမက နင့်အပေါ် အမှားလုပ်ခဲ့ပေမဲ့... သူက နင့်အသက်ကို ကယ်ခဲ့တာလေ... နင် အသည်းအသန် ဖျားနေတုန်းက သူသာ အပြင်ထွက်ပြီး အကူအညီ မတောင်းရင် နင် အဖျားတက်ပြီး သေသွားလောက်ပြီ... ဟုတ်တယ်... နင် သူ့ကို လျော်ကြေးငွေ အနည်းဆုံး ၃၀ လောက် ပေးသင့်တယ်”

ပွဲကြည့်ပရိသတ်များက အကြောင်းစုံ မသိကြသဖြင့် ကျန်းယွင်နန်၏ စကားများကို နားထောင်ပြီး ဝိုင်းအော်ကြလေသည်။

“ကျန်းကွမ်ကျုံး... သဘောထားကြီးစမ်းပါ... ပေးသင့်တဲ့ ပိုက်ဆံကို နှမြောမနေစမ်းပါနဲ့”

ကျန်းကွမ်ကျုံးသည် နားမလည်သူများ၏ ဝိုင်းဝန်းဖိအားပေးမှုကို ခံနေရသည်။ ရှောင်စိုင်သာ အိမ်မှာ အိပ်မနေဘဲ ထီးလာပို့ခဲ့ရင် သူ အအေးမိပြီး သေလုမြောပါး ဖြစ်ပါ့မလား။ ဒီပြဿနာတွေ အကုန်လုံးက သူမကြောင့် ဖြစ်ရတာ... အခုကျမှ ဘာမျက်နှာနဲ့ ဒီစကားတွေ လာပြောနေရတာလဲ။

“ငါ အအေးမိတာ သူ့ကြောင့်...”

ကျန်းကွမ်ကျုံး စကားမဆုံးခင် ကျန်းယွင်နန်က ဖြတ်ပြောလိုက်သည်။

“နင် အအေးမိတာက နင် ကိုယ်ခံအားမကောင်းလို့လေ... သူများခေါင်းပေါ် အပြစ်မပုံချနဲ့... အဲ့ဒီနေ့က မိုးရွာတော့ လူတွေအများကြီး မိုးမိကြတာပဲ... ဘာလို့ နင်တစ်ယောက်တည်း အအေးမိရတာလဲ... ကိုယ့်ပြဿနာကို ကိုယ့်ဆီမှာပဲ ရှာ... သူများကို လိုက်အပြစ်မတင်နဲ့... နင်က ငယ်ငယ်ကတည်းက ဘာကိုမှ လေးလေးနက်နက် မရှိဘဲ တာဝန်ယူရမှာ ကြောက်နေတာ”

ကျန်းကွမ်ကျုံး ရူးချင်သွားသည်။ ကျန်းယွင်နန် စကားပြောရက်စက်မှန်း သူ သိသော်လည်း ဒီလောက်ထိ လူသတ်နိုင်လောက်အောင် ပြောတတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“သူက နင့်အတွက် သားတစ်ယောက် မွေးပေးထားတယ်လေ... ဒါ ငါတို့ ကျန်းမိသားစုအတွက် ကြီးမားတဲ့ ကျေးဇူးပဲ... နင် သူ့ကို လျော်ကြေးငွေ ၃၀ ထပ်ပေးရမယ်... မဟုတ်ရင် သူ့ကျေးဇူးကို စော်ကားရာ ရောက်လိမ့်မယ်”

ကျန်းယွင်နန်က ပြောလိုက်သည်။

ကျန်းကွမ်ကျုံးက ငွေ ၃၀ တောင်းနေသော်လည်း ကျန်းယွင်နန်က ရှောင်စိုင်အတွက် လျော်ကြေးငွေ ၁၆၀ ရအောင် တောင်းပေးနေပြီ ဖြစ်သည်။

“သူက ဖောက်ပြန်တတ်တဲ့ မိန်းမလေ... သူ မွေးထားတဲ့ ကလေးက ငါ့သွေးသား ဟုတ်မဟုတ်တောင် မသိရသေးဘူး”

ကျန်းကွမ်ကျုံးက မောဟိုက်စွာ ပြောလိုက်သည်။

“နင့်ကလေး မဟုတ်ရင် ပိုပြီး ပေးသင့်တာပေါ့”

ကျန်းယွင်နန်က ပြောလိုက်သည်။

ကျန်းကွမ်ကျုံးက သူမကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“နင် ဘာတွေ ပြောနေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိရဲ့လား”

ကျန်းယွင်နန်က ပြောလိုက်သည်။

“ကလေးက နင့်ကလေး ဟုတ်ချင်မှ ဟုတ်မယ်... ဒါပေမဲ့ သူက နင့်ကို အဖေလို့ ခေါ်တယ်လေ... အပြင်မှာ ကလေးမရတဲ့သူတွေ အများကြီးပဲ... သူတို့က သားတစ်ယောက်ရဖို့ ပိုက်ဆံအများကြီး ပေးပြီး ဝယ်မွေးကြတယ်... တကယ်လို့ ဒီကလေးက နင့်သွေးသားရင်း မဟုတ်ရင်တောင် နင် သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ နောက်ထပ် ငွေ ၂၀ လောက် ထပ်ပေးသင့်တယ် မဟုတ်ဘူးလား”

ထိုစကားကို ကြားသောအခါ ကျန်းကွမ်ကျုံး၏ ခေါင်းထဲတွင် ဝီခေါ်သွားသည်။ သူ ကျန်းယွင်နန်ကို လုံးဝ ပြန်မပြောနိုင်တော့ပေ။ သူ ဘာလုပ်ရမှန်း မသိဖြစ်နေချိန်တွင် ရှောင်စိုင်က ကျန်းယွင်နန်၏ နောက်ကျောတွင် ပုန်းကာ ခိုးရယ်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းကွမ်ကျုံး ဒေါသထွက်သွားပြီး စဉ်းစားမနေတော့ဘဲ ပြောလိုက်သည်။

“နင်က ရှောင်စိုင်ကို အစွမ်းကုန် ကူညီပေးနေတယ်ပေါ့... သူက နင့်သမီးကို ဖမ်းပြီး ကျပ်မပြည့်တဲ့ကောင်ရဲ့ ဇနီးအဖြစ် ရောင်းစားဖို့ ကြံစည်နေတာ နင် သိလား”

ထိုစကားကို ကြားသောအခါ ကျန်းယွင်နန်၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူမ လှည့်ကြည့်လိုက်ပြီး ရှောင်စိုင်ကို အစိမ်းလိုက် ဝါးစားချင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

“ငါ့အမြင်ကတော့... နင့်ကိုသာ ကျပ်မပြည့်တဲ့ကောင်ရဲ့ မိန်းမအဖြစ် ရောင်းစားပစ်သင့်တာ... နင်က နျိုနျိုအပေါ် ယုတ်မာတဲ့ အကြံအစည် ရှိရဲတယ်ပေါ့”

လျူရှောင်ရူက တံမြက်စည်းကို ကိုင်ပြီး ရှောင်စိုင်ဘက်သို့ လှည့်လာသည်။

ရှောင်စိုင်က နီးကပ်လွန်းသဖြင့် ရှောင်တိမ်းရန် အချိန်မရလိုက်ပေ။ တံမြက်စည်းမှ ဝါးခြမ်းပြားများက သူမ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်မိသွားပြီး သွေးရာ သုံးခု ချက်ချင်း ပေါ်လာသည်။

“ငါ့မျက်နှာ... ငါ့မျက်နှာ”

ရှောင်စိုင်က မျက်နှာကို အုပ်ပြီး အော်ဟစ်လိုက်သည်။

ဒီမျက်နှာက သူမ ဒုတိယအကြိမ် လက်ထပ်ဖို့အတွက် အရင်းအနှီး ဖြစ်သည်။ ထိခိုက်သွားမည်ကို သူမ လုံးဝ မလိုလားပေ။

“အောက်တန်းစားမ... ဒီနေ့ နင့်ကို သေအောင် ရိုက်မယ်”

လျူရှောင်ရူက ဆဲဆိုလိုက်သည်။

“မရိုက်ပါနဲ့တော့... မရိုက်ပါနဲ့တော့... လူသေတော့မယ်”

ရှောင်စိုင် ငိုလုနီးပါး ဖြစ်သွားသည်။

ကျန်းကွမ်ကျုံးသည် ဒီမြင်ကွင်းကို ကြည့်ပြီး ကျေနပ်နေသည်။ သူက ကျန်းယွင်နန်ကို ပြောလိုက်သည်။

“အစ်မ... ဒီလို ကျေးဇူးကန်းတဲ့ ကောင်မကို ဘာလို့ ကူညီနေရတာလဲ... သူ့ကို ကူညီမယ့်အစား ကျွန်တော့်ကို ကူညီတာ ပိုကောင်းပါတယ်... ကျွန်တော်တို့ အတူတူ သူ့အငယ်အနှောင်းကို သွားရှာပြီး ပိုက်ဆံတောင်းကြမယ်လေ”

ကျန်းယွင်နန်၏ မျက်လုံးများ လှုပ်ရှားခြင်း မရှိဘဲ မေးလိုက်သည်။

“လူတွေကို ဖမ်းပြီး ရောင်းစားတာ နင် တော်တော် ကျွမ်းကျင်နေသလိုပဲ... ငါ့သားလတ်ကိုရော နင် ရောင်းစားလိုက်တာလား”

ပျောက်ဆုံးသွားသော သားလတ်သည် ကျန်းယွင်နန်တို့ လင်မယား၏ ရင်ထဲတွင် ထာဝရ နာကျင်ရမည့် ဒဏ်ရာတစ်ခု ဖြစ်သည်။

သားပျောက်ဆုံးသွားသော နာကျင်ရသည့် သင်ခန်းစာကြောင့် ယခုအချိန်တွင် သူတို့လင်မယားသည် အပြင်ထွက်တိုင်း ကလေးများကို မျက်စိအောက်မှ အပျောက်မခံရဲကြတော့ပေ။

ထိုစကားကို ကြားသောအခါ ကျန်းကွမ်ကျုံး၏ ရင်ခုန်သံများပင် ရပ်တန့်သွား၏။ သူ့မျက်လုံးများ ဂနာမငြိမ် ဖြစ်သွားပြီး အစော်ကားခံရသလို ဟန်ဆောင်ကာ ပြောလိုက်သည်။

“အစ်မ... ဘာလို့ ကျွန်တော့်ကို အဲ့လို ထင်ရတာလဲ... ကျွန်တော်က စာသင်သား တစ်ယောက်ပါ... ပြီးတော့ သူက ကျွန်တော့် တူအရင်းပါ... ကျွန်တော် ဘယ်လိုလုပ် အဲ့လို လုပ်ရက်မှာလဲ”

ကျန်းယွင်နန်သည် သူ့မျက်နှာထားကို သေချာ အကဲခတ်နေသည်။ အရင်က သူမ ကျန်းကွမ်ကျုံးကို မသင်္ကာ မဖြစ်ခဲ့ဖူးပေ။ ဘာပဲဖြစ်ဖြစ် ကလေးက မြို့နယ်ထဲမှာ ပျောက်သွားတာလေ။

အဲ့ဒီနေ့က ကျန်းကွမ်ကျုံးက ရှောင်စိုင်ရဲ့ မိဘအိမ်သွားပြီး ယောက္ခမနဲ့ အရက်သွားသောက်နေတာမို့လို့ ပြစ်မှုကျူးလွန်ဖို့ အချိန်မရှိဘူးလို့ ပြောခဲ့တာကို သူမ မှတ်မိနေသည်။

သို့သော် ယခု စကားပြောနေသော ကျန်းကွမ်ကျုံး၏ မျက်လုံးများ ရှောင်ဖယ်နေသည်ကို ကြည့်ပြီး သူ အပြစ်ရှိကြောင်း၊ လိမ်ပြောနေကြောင်း ကျန်းယွင်နန် ချက်ချင်း သိလိုက်သည်။

ကျန်းကွမ်ကျုံးနှင့် ရှောင်စိုင် နောက်ဆုံးတွင် ကွဲသွားကြသည်။ ကျန်းကွမ်ကျုံးက လျော်ကြေးငွေ မရသလို ရှောင်စိုင်လည်း လျော်ကြေးငွေ မရခဲ့ပေ။ ရှောင်စိုင်သည် ထိုနေ့တွင်ပင် အိမ်မှ ဆင်းသွားခဲ့ရ၏။ ကွာရှင်းစာချုပ်တစ်စောင်နှင့် အဝတ်အစားတစ်စုံမှလွဲ၍ ဘာမှ ယူမသွားနိုင်ခဲ့ပေ။

ကျန်းယွင်နန်သည် စိတ်ရှုပ်ထွေးစွာဖြင့် အိမ်ပြန်ရောက်လာသည်။

ကုမင်တာ့သည် ကလေးသုံးယောက် စာရေးနေသည်ကို စောင့်ကြည့်နေစဉ် ဇနီးသည်၏ ပုံစံမမှန်သည်ကို တွေ့သဖြင့် ဘေးအခန်းသို့ အမြန် ဆွဲခေါ်သွားလိုက်သည်။

“ဘာဖြစ်လို့လဲ”

ကုမင်တာ့က နွေးထွေးစွာ မေးလိုက်သည်။

ကျန်းယွင်နန်သည် ခင်ပွန်းသည်၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီး တိုးတိုးလေး ရှိုက်ငိုလိုက်သည်။

ကုမင်တာ့သည် ဇနီးသည်၏ ကျောပြင်ကို ဖွဖွလေး ပုတ်ပေးပြီး သူမ အငိုတိတ်သည်အထိ တိတ်ဆိတ်စွာ စောင့်နေလိုက်၏။

“ကျန်းကွမ်ကျုံး... သားလတ် ပျောက်သွားတာ... သူနဲ့ ပတ်သက်နေလောက်တယ်...”

ကျန်းယွင်နန်၏ စကားများက မရှင်းလင်းသော်လည်း ကုမင်တာ့ အားလုံး နားလည်လိုက်သည်။ သူ့မျက်လုံးများ ရုတ်တရက် မည်းမှောင်သွားပြီး လက်အိတ်ထဲတွင် ဝှက်ထားသော လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“သူ ဖမ်းသွားတာ သေချာလား”

ကုမင်တာ့က မေးလိုက်သည်။

ကျန်းယွင်နန်က ပြောလိုက်၏။

“ကျွန်မ သူ့အကြောင်း နားလည်ပါတယ်... သူ အပြစ်ရှိရင် မျက်လုံးတွေက ဂနာမငြိမ် ဖြစ်တတ်တယ်... ဒီကိစ္စက သေချာပေါက် သူနဲ့ ပတ်သက်နေတယ်”

ကုမင်တာ့ မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းယွင်နန်သည် တွေးလေ ဝမ်းနည်းလေ ဖြစ်လာပြီး ငိုယိုကာ ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်မဆီမှာ သက်သေမရှိဘူး...”

ကုမင်တာ့က အမြန် နှစ်သိမ့်ပေးလိုက်သည်။

“မင်းအပြစ် မဟုတ်ပါဘူး... အဲ့ဒီနေ့က လူတွေကလည်း အများကြီးဆိုတော့...”

All Chapters