← Chapters

တည်နေရာကို သိရှိခြင်း

Vol. 7 Ch. 66

တည်နေရာကို သိရှိခြင်း

Vol. 7 Ch. 66

ရှောင်စိုင်သည် သတိထားပြီး မော့ကြည့်လိုက်၏။

အမာရွတ်က သူမကို ခံစားချက်ကင်းမဲ့သော အေးစက်စက်မျက်လုံးများဖြင့် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် လှုပ်ရှားလိုက်ကာ ရှောင်စိုင်ကို ရှေ့သို့ ဆွဲယူလိုက်လေသည်။

ရှောင်စိုင်သည် နှာခေါင်းဝတွင် သွေးညှီနံ့သင်းသင်းကို ခံစားလိုက်ရပြီး ကြောက်လန့်လွန်းသဖြင့် ခြေကုန်လက်ပမ်းကျသွားသည်။ စွန်းဝမ်ချိုင် ပြောခဲ့သော စကားများကို သူမ ရုတ်တရက် ယုံကြည်သွား၏။ ဒီလူက သူမမျက်စိရှေ့မှာတင် တကယ် သတ်ပစ်လိုက်နိုင်သူ ဖြစ်သည်။

“မင်းမျက်နှာလေးက မဆိုးပါဘူး”

အမာရွတ်က ချီးကျူးလိုက်သော်လည်း လေသံမှာ အေးစက်နေပြီး သေနေသော အရာဝတ္ထုတစ်ခုကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

နောက်တစ်စက္ကန့်တွင် အေးစက်စက် ဓားမြှောင်တစ်ချောင်း ရှောင်စိုင်၏ မျက်နှာပေါ်သို့ ရောက်ရှိလာ၏။

“မင်းပါးစပ်က အရမ်းမာနေမှတော့... ဓားနဲ့ အရင်ကစားကြည့်ရအောင်... ဘယ်နေရာက စရမလဲ”

အမာရွတ်က ရက်စက်စွာ ပြုံးလိုက်ပြီး ဓားမြှောင်ကို ရှောင်စိုင်၏ ပါးပြင်မှတစ်ဆင့် လည်ပင်းသွေးကြောမကြီးပေါ်သို့ ရွှေ့လိုက်လေသည်။

ရှောင်စိုင် တုန်ယင်သွားပြီး ငိုယိုကာ ပြောလိုက်သည်။

“ကျွန်မ ပြောပါ့မယ်... ပြောပါ့မယ်...”

အမာရွတ်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွား၏။

“စောစောကတည်းက ဒီလို လိမ္မာရင် အသားနာခံစရာ မလိုတော့ဘူးပေါ့”

ရှောင်စိုင်၏ မျက်ရည်များ စီးကျလာပြီး တစ်ကိုယ်လုံး ကြောက်လန့်တကြား တုန်ယင်နေသော်လည်း အားယူကာ ပြောလိုက်သည်။

“ကျန်းကွမ်ကျုံးရဲ့ ကလေးက... ဖောက်ပြန်ပြီး ရလာတာပါ...”

နှစ်နာရီ ကြာပြီးနောက်…

ဗိုက်ဆာပြီး ဟာလာဟင်းလင်း ဖြစ်နေသော စွန်းဝမ်ချိုင်နှင့် ရှောင်စိုင်တို့ကို လမ်းကြားထိပ်တွင် ပစ်ချထားခဲ့ကြသည်။

အမာရွတ်က လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့တပည့်ကို ပြောလိုက်၏။

“မင်း ဆိုင်ရှင်ကျန့်ဆီ သွားပြီး အကျိုးအကြောင်း ပြောပြလိုက်”

နောက်တစ်နေ့ မနက်စောစောတွင် ကျန်းယွင်နန်သည် မျက်လုံးများ နီရဲရောင်ရမ်းလျက် မနက်စာ ပြင်ဆင်နေပြီး မလှမ်းမကမ်းရှိ ခြံဝင်းတံခါးဝသို့ တစ်စုံတစ်ခုကို မျှော်လင့်နေသကဲ့သို့ လှမ်းကြည့်နေမိသည်။

နျိုနျိုသည် မိခင်ဖြစ်သူအနားသို့ အမြန်ရောက်လာပြီး တိုးတိုးလေး မေးလိုက်သည်။

“မေမေ... အိပ်မက်ထဲမှာ ငိုနေတာလား”

ကျန်းယွင်နန်သည် မနေ့က ပျောက်ဆုံးနေသော သားလတ်အကြောင်းကို တွေးနေမိသည်။ ကုမင်တာ့က နှစ်သိမ့်ပေးနေသော်လည်း ညသန်းခေါင်တွင် ပြန်တွေးမိတိုင်း မငိုဘဲ မနေနိုင်ခဲ့ပေ။ နျိုနျို အိပ်ပျော်သွားပြီးနောက် ညတစ်ဝက်လောက်အထိ ငိုကြွေးပြီးမှ အိပ်ပျော်သွားခဲ့ရသည်။

သူမသည် သမီးဖြစ်သူရှေ့တွင် အားနည်းချက်ကို မပြချင်သဖြင့် ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

“မေမေ မနေ့ညက ကောင်းကောင်း အိပ်မပျော်လို့ပါ”

နျိုနျိုက ပွေ့ဖက်ချင်သည့် ပုံစံဖြင့် လက်နှစ်ဖက် ဆန့်တန်းလိုက်သည်။

ကျန်းယွင်နန်က ကလေးမလေးကို ပွေ့ချီလိုက်ပြီး ခေါင်းငုံ့ကာ သမီးဖြစ်သူ၏ ပခုံးပေါ်တွင် ခေါင်းကို ညင်သာစွာ မှီထားလိုက်၏။

နျိုနျို၏ ကိုယ်မှ မုန့်နံ့သင်းသင်းလေးကဲ့သို့ ချိုမြိန်သော ရနံ့လေး ထွက်ပေါ်နေသည်။

“မေမေ ဘာလို့ အိပ်မပျော်တာလဲ”

နျိုနျိုက တိုးတိုးလေး မေးလိုက်သည်။

ကျန်းယွင်နန် ဘယ်လိုဖြေရမလဲ မသိဖြစ်နေသည်။ နျိုနျို၏ ထူးခြားသော စွမ်းရည်ကို သူမ သိထားသည်။ ခုနက တစ်ခဏတာတွင် နျိုနျို၏ စွမ်းရည်ကို သုံးပြီး သားလတ်ကို ရှာဖွေပေးရန် မျှော်လင့်မိလိုက်သည်။

သို့သော် ထိုအတွေး ဝင်လာပြီး ချက်ချင်းပင် ကျန်းယွင်နန် ထုတ်မပြောဖြစ်တော့ပေ။ အတွေးပေါင်းစုံ ဝင်ရောက်နေသော်လည်း သူမ သက်ပြင်းချလိုက်ပြီး သမီးကို ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ မေမေက လူကြီးလေ... လူကြီးဆိုတာ ဒီလိုပါပဲ... အမြဲတမ်း စိတ်ညစ်စရာတွေ ရှိနေတတ်တယ်”

“စိတ်ညစ်စရာရှိရင် အိပ်မပျော်ဘူးလား”

နျိုနျိုက နားမလည်စွာ မေးလိုက်သည်။

ကျန်းယွင်နန် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

နျိုနျို မော့ကြည့်လိုက်ပြီး လူကြီးတစ်ယောက်လို သက်ပြင်းချကာ မေးလိုက်၏။

“စိတ်ညစ်စရာ မရှိအောင် နေလို့မရဘူးလား”

ကျန်းယွင်နန်က ပြောလိုက်သည်။

“စိတ်ညစ်စရာ မရှိဖို့ ခက်ခဲပါတယ်”

ခဏတာ စဉ်းစားပြီးနောက် နျိုနျိုက ပြောလိုက်သည်။

“သမီး တကယ် မျှော်လင့်တာက...”

စကားမဆုံးခင်မှာပင် ကျန်းယွင်နန်က သူမ၏ ပါးစပ်ကို အုပ်လိုက်သည်။

ကျန်းယွင်နန်သည် သမီးဖြစ်သူကို မသိစိတ်ဖြင့် ဆုတောင်းမိမှာ မလိုလားပေ။ လောကကြီးတွင် ပေးမှ ရသည်ဆိုသော သဘောတရား ရှိသည်။ နျိုနျိုက မသိဘဲနဲ့ တန်ဖိုးတွေ ပေးဆပ်နေရပြီး နောက်ဆုံးတွင် ကုစား၍မရသော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်ကို သူမ ကြောက်ရွံ့နေမိ၏။

“နျိုနျို... စိတ်ညစ်စရာ ရှိတာ ပုံမှန်ပါပဲ... တို့တွေ လုပ်ရမှာက စိတ်ညစ်စရာတွေကို ဖြေရှင်းဖို့ အကောင်းဆုံး ကြိုးစားရမယ်... ဖြတ်လမ်းနည်းနဲ့ ဖြေရှင်းဖို့ မျှော်လင့်မနေရဘူး... နားလည်လား”

ကျန်းယွင်နန်က ကြင်နာစွာ မေးလိုက်သည်။

နျိုနျိုက နားလည်သလိုလို မလည်သလိုလိုဖြင့် မေးလိုက်သည်။

“ဘယ်လိုလုပ်ရင် စိတ်ညစ်စရာ ပြေပျောက်မလဲ”

ကျန်းယွင်နန်က ပြောလိုက်သည်။

“စိတ်ညစ်စရာရဲ့ အရင်းအမြစ်ကို ဖြေရှင်းလိုက်တာပဲဖြစ်ဖြစ်... ပျော်ရွှင်အောင် နေလိုက်တာပဲဖြစ်ဖြစ်ပေါ့”

မျက်နှာလေးဖြင့် အကြာကြီး စဉ်းစားပြီးနောက် နျိုနျိုက ခြေဖျားထောက်လိုက်ပြီး ကျန်းယွင်နန်၏ ပါးပြင်ကို ဖွဖွလေး နမ်းလိုက်သည်။

“မေမေ... ဒီလိုဆိုရင် ပျော်သွားမလား... မေမေက သမီးကို နမ်းတိုင်း သမီး အရမ်း ပျော်တာပဲ”

နျိုနျိုက ပြောလိုက်သည်။

သူမ၏ အပြစ်ကင်းစင်ပြီး ရိုးသားသော ပုံစံလေးကို ကြည့်ရင်း ကျန်းယွင်နန်သည် ပျားရည်သောက်လိုက်ရသလို ချိုမြိန်သွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးပန်းများ ဝေဆာလာတော့သည်။

နျိုနျိုသည် သူမ၏ ဖြူဖွေးနုနယ်သော မျက်နှာလေးကို ကျန်းယွင်နန်၏ မျက်နှာနှင့် ကပ်လိုက်ပြီး ပြောလိုက်၏။

“မေမေနဲ့ ကပ်နေရတိုင်း... ဗိုက်ဝသွားသလိုပဲ... တစ်ကိုယ်လုံး နွေးထွေးသွားတာပဲ”

ကျန်းယွင်နန်သည် သမီးဖြစ်သူ၏ နူးညံ့သော ဆံပင်များကို အကြိမ်ကြိမ် ပွတ်သပ်ပေးနေမိသည်။

မျက်နှာသစ်ပြီးစ ကုကျောက်သည် တံခါးဝသို့ ရောက်သည်နှင့် သားအမိနှစ်ယောက် ကြည်နူးနေသည်ကို တွေ့လိုက်ရသဖြင့် ခြေထောက်လေးများကို ကန်ကျောက်ကာ ပြေးလာလေတော့သည်။

“သားလည်း ကပ်ချင်တယ်... သားလ

ည်း ကပ်ချင်တယ်”

ကုကျောက်သည် နှစ်ယောက်သားအပေါ်သို့ ခုန်အုပ်လိုက်ပြီး သူ့မျက်နှာကြီးဖြင့် တိုးဝင်လာသည်။

သို့သော် နောက်တစ်စက္ကန့်တွင်…

“ဘူ”

“ဘူ”

နျိုနျို မျက်နှာ ရှုံ့မဲ့သွားပြီး ကျန်းယွင်နန်က သမီးဖြစ်သူ၏ နှာခေါင်းကို အမြန် ပိတ်ပေးလိုက်ကာ ကံဆိုးသော သားဖြစ်သူကို မကျေနပ်သည့် မျက်လုံးဖြင့် ကြည့်လိုက်သည်။

ကုကျောက်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“မနေ့က ပဲတွေ အများကြီး စားမိလို့... တောင်းပန်ပါတယ်ဗျာ... ဟားဟား”

သူ စကားပြောနေရင်း ထပ်ပြီး လေလည်လိုက်ပြန်သည်။

ခြေတစ်လှမ်း နောက်ကျနေသော ကုယန်သည် ထိုအသံကို ကြားသောအခါ မျက်နှာစိမ်းသွားသည်။ သူက ညီဖြစ်သူနှင့် တစ်ကုတင်တည်း အိပ်ရသူ ဖြစ်သည်။

မနေ့ညက အိပ်နေရင်း ဒီကြောက်စရာကောင်းသော အသံများကို ကြားခဲ့ရသည်။

“ပဲတွေ ဘယ်လောက်တောင် စားလိုက်တာလဲ”

ကျန်းယွင်နန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

သူမ တစ်ခုခုကို သတိရသွားပုံ ရသည်။ ဘေးနားရှိ ဗီရိုကို ဖွင့်ကြည့်လိုက်ရာ ဆီစက္ကူဖြင့် ထုပ်ထားသော ပဲကြော်ထုပ်ထဲတွင် အနည်းငယ်သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။ သူမ ဒေါသထွက်သွားပြီး မျက်ခုံးပင့်ကာ ပြောလိုက်၏။

“ကုကျောက်... နင် ခိုးစားပြန်ပြီလား... အသားနာချင်နေပြီလား”

မိခင်ဖြစ်သူက ဘေးနားရှိ ကြက်မွှေးတံမြက်စည်းကို ဆွဲယူလိုက်သည်ကို မြင်သောအခါ ကုကျောက် ကြောက်လန့်ပြီး ထွက်ပြေးကာ အော်ဟစ်လိုက်သည်။

“မေမေ... သား မှားပါတယ်... နောက်မလုပ်ရဲတော့ပါဘူး... မေမေက သဘောထားကြီးပါတယ်... သားကို တစ်ခါလောက် ခွင့်လွှတ်ပါ”

အိမ်ထဲတွင် ကြက်ပျံမကျ ဆူညံနေသည်။ အစ်ကိုကြီး ကုယန်သည် မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် နျိုနျိုကို အိမ်ပြင်သို့ ခေါ်ထုတ်သွားလိုက်သည်။ ပျံဝဲနေသော ကြက်မွှေးများနှင့် ကုကျောက်၏ အဆိပ်ငွေ့ တိုက်ခိုက်မှုမှ လွတ်မြောက်အောင် ရှောင်ရှားလိုက်ခြင်းပင်။

“အိမ်ထဲမှာ ဘာလို့ ဒီလောက် ဆူညံနေတာလဲ... ကုကျောက် ဘာပြဿနာရှာပြန်ပြီလဲ”

ကုမင်တာ့သည် အိမ်အပြင်ဘက်မှ အေးစက်သော လေများကို သယ်ဆောင်လျက် ဝင်လာခဲ့သည်။ လက်ထဲတွင် အီကြာကွေး အနည်းငယ် ပါလာသည်။

“ဝါး... အီကြာကွေး... ဖေဖေ အီကြာကွေး ဝယ်လာတယ်”

နျိုနျို ဝမ်းသာအားရ အော်ဟစ်လိုက်၏။

ချင်းရွှေရွာတွင် မနက်စာက ရိုးရှင်းပြီး ဆန်ပြုတ်နှင့် ပေါက်စီသာ ရှိသည်။ ကုမင်တာ့သည် နျိုနျိုကို သနားသဖြင့် ဖူချိန်မြို့သို့ ရောက်ပြီးနောက် အချိန်ရတိုင်း အပြင်ထွက်ပြီး ဆန်းသစ်သော အစားအစာများ ဝယ်ကျွေးလေ့ ရှိသည်။ တစ်ခါတစ်ရံ အီကြာကွေး၊ တစ်ခါတစ်ရံ ကောက်ညှင်းမုန့် သို့မဟုတ် ကိတ်မုန့်များ ဝယ်လာတတ်သည်။

ထိုမနက်စာများအနက် နျိုနျိုသည် အီကြာကွေးကို အကြိုက်ဆုံး ဖြစ်သည်။ ပထမဆုံးအကြိမ် စားဖူးစဉ်က အလွန် သဘောကျခဲ့၏။

ကုမင်တာ့သည် နှစ်ချောင်း ထုတ်ယူပြီး နျိုနျိုနှင့် ကုယန်ကို ပေးလိုက်သည်။

“ဒီလို ဆီများတဲ့ အစားအစာတွေ စားပြီးရင် ရေနွေး သောက်ဖို့ မမေ့နဲ့နော်... မဟုတ်ရင် ရင်ပြည့်တတ်တယ်”

ကုမင်တာ့က ကလေးနှစ်ယောက်ကို တိုးတိုးလေး မှာကြားလိုက်သည်။

သူက ပစ္စည်းများကို ကိုင်လျက် အိမ်ထဲသို့ ဆက်ဝင်သွားသည်။ တံခါးပေါက်သို့ ရောက်သည်နှင့် ကုကျောက်က သူ့အပေါ်သို့ ခုန်တက်လာပြီး ထူးဆန်းသော အသံဖြင့် အော်ဟစ်လိုက်သည်။

“အဖေ... ကယ်ပါဦး... မေမေက သားကို သတ်တော့မယ်”

ပြောရင်းဆိုရင်း သူ့လက်သေးသေးလေးက ကုမင်တာ့ ကိုင်ထားသော အီကြာကွေးဆီသို့ မရိုးမသား လှမ်းနေသည်။

ကုမင်တာ့က သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် စားပွဲဆီသို့ သွားကာ အီကြာကွေးများကို ပန်းကန်ထဲ ထည့်လိုက်သည်။ ဇနီးသည် ကလေးဆုံးမနေချိန်တွင် သူ ဝင်မပါမိအောင် ဂရုစိုက်လေ့ ရှိသည်။

ကျန်းယွင်နန်သည် ရိုက်ရတာ မောသွားလေပြီ။ သူမ၏ စိုးရိမ်ပူပန်မှုများကို မေ့သွားပြီဖြစ်၍ အီကြာကွေးတစ်ချောင်း ယူကာ ကုကျောက်ကို ပေးလိုက်ပြီး ပြောလိုက်သည်။

“အိမ်ပြင်ထွက်စား... နင် လေမလည်တော့မှ အိမ်ထဲဝင်စားရမယ်”

ကုကျောက်သည် အီကြာကွေး ရလိုက်သဖြင့် ပြစ်ဒဏ်ကို လေးနက်သည်ဟု မထင်တော့ပေ။ ပြုံးဖြဲဖြဲဖြင့် အိမ်ပြင်သို့ ပြေးထွက်သွားပြီး ကုယန်နှင့် နျိုနျိုတို့ဘေးတွင် ထိုင်ကာ အရသာရှိရှိ စားသောက်နေလေသည်။

ကုယန်က သူ့ကို သတိထားသော မျက်လုံးဖြင့် ကြည့်လိုက်ပြီး ညီမလေးကို ဆွဲကာ ဝေးဝေးသို့ ရွှေ့လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူမှ အနံ့ဆိုးတွေကြားထဲမှာ အစာမစားချင်ကြပေ။

အခန်းထဲတွင် ကုမင်တာ့သည် အပြင်ဘက်တွင် အီကြာကွေး စားနေသော ကလေးသုံးယောက်ကို လှမ်းကြည့်လိုက်၏။ ကျန်းယွင်နန်ကို ဆန်ပြုတ်တစ်ပန်းကန် ထည့်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။

“ရှောင်စိုင်ဆီက သတင်းရဖို့ လူတစ်ယောက် ရှာခိုင်းလိုက်တာ... သားလတ်ကို မြို့တော်ဆီ ရောင်းစားလိုက်တယ်တဲ့”

ထိုစကားကို ကြားသောအခါ ကျန်းယွင်နန်၏ ညာလက် တုန်ယင်သွားပြီး တူများ စားပွဲပေါ်သို့ ပြုတ်ကျသွားလေသည်။

All Chapters