Chapters

ဆိုင်ဖွင့်ခြင်း

Vol. 7 Ch. 68

ဆိုင်ဖွင့်ခြင်း

Vol. 7 Ch. 68

ကျန်းယွင်နန် ဒီလောက် ပြတ်သားလိမ့်မည်ဟု လျူရှောင်ရူ ထင်မထားခဲ့ပေ။ ရွှေတွင်းတူးသလို ငွေဝင်မည့် စီးပွားရေးကို မလုပ်ဘူးဆိုရင် မလုပ်ဘူး ပြောထွက်ရက်သည်တဲ့။

သူမက ဒီပိုက်ဆံ မရှာနိုင်လည်း ဖြစ်ပေမဲ့ ကျန်းယွင်နန်နဲ့ နျိုနျိုတို့က မရှာလို့ မဖြစ်ဘူးလေ။

လျူရှောင်ရူ အံကြိတ်ပြီး ပြောလိုက်သည်။

“အစ်မ... ညီမ အမြတ် ၂၀ ရာခိုင်နှုန်း ယူပါမယ်... လုပ်သင့်တဲ့ စီးပွားရေးကိုတော့ လုပ်ရမှာပေါ့... ယောက်ဖကို ထည့်မတွက်ရင်တောင် နျိုနျိုနဲ့ တူလေးတွေကို ထောက်ထားရဦးမယ်... ကလေးတွေ ကြီးလာရင် အိမ်မှာ ပိုက်ဆံအများကြီး လိုမှာ”

ကျန်းယွင်နန် လက်မခံသေးပေ။

လျူရှောင်ရူ မျက်လုံးလှည့်လိုက်ပြီး ပြောလိုက်သည်။

“အစ်မ... ညီမက ဆိုင်ဖွင့်ဖို့ ပိုက်ဆံစိုက်ရုံပဲ ရှိတာ... နောက်ကျရင် ခဲအိုကပဲ အထက်အောက် အကုန် လိုက်ကြည့်ပေးရဦးမှာ... မဟုတ်ရင် ဒေသခံ လူမိုက်တွေက နေ့တိုင်း လာနှောင့်ယှက်နေရင် ဆိုင်ဖွင့်လို့ရမှာ မဟုတ်ဘူး”

“ပြီးတော့ နျိုနျိုရဲ့ မမျှော်လင့်ထားတဲ့ ချက်ပြုတ်နည်းကြောင့် ဆိုင်ဖွင့်နိုင်တာလေ... ဒါက ဆိုင်ရဲ့ အခြေခံအုတ်မြစ်ပဲ”

“ညီမက ၂၀ ရာခိုင်နှုန်း ယူမယ်... အစ်မနဲ့ နျိုနျိုက တစ်ယောက် ၄၀ ရာခိုင်နှုန်းစီ ယူ... ဒါ အရမ်း မျှတတယ်”

ကျန်းယွင်နန် ခေါင်းခါနေဆဲပင်။

“ညီမလေးကို အနည်းဆုံး မယူစေချင်ဘူး... ဆိုင်ဖွင့်ရင် ဆိုင်မှာ အလုပ်ရှုပ်မယ့်သူက ညီမလေး တစ်ယောက်တည်း ဖြစ်နေမှာ... အဲ့ဒီအချိန်ကျရင် ဘယ်လောက် ပင်ပန်းမလဲ မသိဘူး”

ထိုစကားကို ကြားသောအခါ လျူရှောင်ရူသည် သူမ၏ အစ်မမှာ တကယ့်ကို သဘောထားပြည့်ဝသူ ဖြစ်ကြောင်း ခံစားလိုက်ရသည်။

သူမ မတတ်သာဘဲ ပြောလိုက်ရသည်။

“ဒါဆို ညီမ ၃၀ ရာခိုင်နှုန်း ယူမယ်... ဒီထက်ပိုရင်တော့ လုံးဝ လက်မခံနိုင်တော့ဘူး”

ဒီအဆင့်ထိ ပြောလာမှတော့ ကျန်းယွင်နန် ဘာမှ မတတ်နိုင်တော့ဘဲ ပြောလိုက်သည်။

“ရမယ့် ပိုက်ဆံကို မလိုချင်တဲ့သူမျိုး ညီမလေးကလွဲပြီး တစ်ခါမှ မတွေ့ဖူးဘူး”

လျူရှောင်ရူ ပြုံးလျက် ပြောလိုက်သည်။

“ညီမက ပိုက်ဆံအများကြီး ဘာလုပ်မှာလဲ... အစ်မနဲ့ နျိုနျိုဘေးမှာ အမြဲ နေခွင့်ရရင် တော်ပါပြီ... တကယ်လို့ ပိုက်ဆံကုန်သွားရင် အစ်မက ညီမကို ပစ်ထားမှာမို့လို့လား”

ကျန်းယွင်နန် နားမလည်နိုင် ဖြစ်နေသည်။ သူမ လျူရှောင်ရူနှင့် အဆက်အဆံ သိပ်မများသော်လည်း မနေနိုင်ဘဲ ရင်းနှီးချင်စိတ် ဖြစ်မိသည်။ သိကျွမ်းတာ နှစ်လလောက်သာ ရှိသေးသော်လည်း နှစ်ဦးသား၏ ဆက်ဆံရေးမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ညီအစ်မအရင်းများကဲ့သို့ ဖြစ်နေပြီ။