ကိုယ်လွတ်ရုန်းခြင်း
Vol. 7 Ch. 69
လူအုပ်စု ခေါင်းဆောင်ကို မြင်လိုက်ရသောအခါ တို့ဖူးမယ်မယ်ကြောက်လန့်တကြား ဖြစ်သွားပြီး နှုတ်ခမ်းများ တုန်ယင်လျက် မေးလိုက်သည်။
“ကလေးအဖေ... ရှင်... ရှင် ခရီးထွက်သွားတယ် မဟုတ်ဘူးလား”
တို့ဖူးမယ်မယ်၏ မျိုးရိုးအမည်မှာ ကျန်းဖြစ်ပြီး နာမည်ရင်းမှာ ကျန်းမယ်နန်ဖြစ်သည်။ သူမ၏ ခင်ပွန်း လျိုစန်းရွှေသည် တစ်နှစ်ပတ်လုံး အပြင်ထွက်ပြီး စီးပွားရေး လုပ်လေ့ရှိသည်။ စီးပွားရေးလုပ်၍ ရသော ငွေဖြင့် ဇနီးသည်အတွက် တို့ဖူးလုပ်ငန်း ဖွင့်ပေးထားခြင်း ဖြစ်သည်။ သူမတွင် အကူအညီပေးမည့် အလုပ်သမားများ ရှိသဖြင့် မူလက သူမ၏ ဘဝသည် အလွန် သက်တောင့်သက်သာ ရှိလှသည်။
ကျန်းကွမ်ကျုံးသည် အကျင့်စာရိတ္တ မကောင်းသော်လည်း ရုပ်ရည်ချောမောသည်။ အရင်တုန်းက စာကျက်မည်ဟု အကြောင်းပြပြီး မြို့ထဲသို့ ခိုးဝင်ကာ သူငယ်ချင်းများနှင့် သောက်စားပျော်ပါးလေ့ ရှိ၏။
သူ့သား ကျင်းပေါင်က တို့ဖူးကြိုက်သဖြင့် မြို့ထဲရောက်တိုင်း အဖွားစိုင်က မြေးလေးကို သနားပြီး တို့ဖူးဝယ်လာရန် အမြဲ မှာကြားလေ့ ရှိသည်။ မကြာခဏ ဝယ်ယူအားပေးရင်းနှင့် ကျန်းကွမ်ကျုံးနှင့် တို့ဖူးမယ်မယ်တို့ ငြိစွန်းသွားကြသည်။ သေချာ တွက်ကြည့်လျှင် သူတို့၏ ဇာတ်လမ်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီပင်။
စာမေးပွဲကျပြီးနောက် ကျန်းကွမ်ကျုံးသည် ရှောင်စိုင်နှင့် ရန်ဖြစ်ပြီး ကုမိသားစုထက် စောစီးစွာ ဖူချိန်မြို့မှ ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်သောအခါ အဖွားစိုင်က ကျန်းယွင်နန်ကို ဆဲလိုက်၊ ရှောင်စိုင်ကို ဆဲလိုက်နှင့် တစ်နေကုန် အလုပ်ရှုပ်နေသည်။
ကျင်းပေါင်ကလည်း ဆူညံသဖြင့် ကျန်းကွမ်ကျုံးသည် အိမ်မှာ နေရတာ ပျင်းလာပြီး မြို့ထဲသို့ ထွက်ကာ သောက်စားပျော်ပါး နေလိုက်သည်။
ကျန်းမယ်နန်၏ ခင်ပွန်း လျိုစန်းရွှေက အိပ်ရာထဲတွင် မိသွားသောအခါ ကျန်းကွမ်ကျုံး၏ ဦးနှောက် ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။
“မယားခိုးကောင်နဲ့ မိန်းမပျက်မ”
လျိုစန်းရွှေသည် မူလက ဇနီးသည် ဖောက်ပြန်သည်ကို မယုံကြည်ခဲ့ပေ။ မနေ့ကမှ သူသည် အခြားသူများနှင့် ပေါင်းပြီး စီးပွားရေးလုပ်ရန် မြို့နယ်သို့ သွားရောက်ခဲ့သည်။
စီးပွားရေးလုပ်ရတာ ခက်ခဲသည်။ နှစ်သစ်ကူးကာလ အမီ ငွေများများ ရှာနိုင်ရန်အတွက် ယခုအချိန်တွင် အပြင်ထွက်ရခြင်း ဖြစ်သည်။
မနေ့က ခရီးထွက်ခါနီးတွင် လူတစ်ယောက်က သူ့မိန်းမနှင့် ကျန်းကွမ်ကျုံးတို့ ဖောက်ပြန်နေကြောင်း မျက်နှာချင်းဆိုင် လာပြော၏။ အစပိုင်းတွင် သူ မယုံသော်လည်း ထိုလူက အတိအကျ ပြောပြသဖြင့် စိတ်ပူသွားပြီး ညတွင်းချင်း ပြန်လာကာ ဆွေမျိုးသားချင်းများကို စုရုံးပြီး လူမိအောင် ဖမ်းခြင်းပင်။
ကျန်းကွမ်ကျုံးက တစ်ခဏမျှ မစဉ်းစားဘဲ ပြောလိုက်သည်။
“ခင်ဗျားမိန်းမက ကျွန်တော့်ကို ဖြားယောင်းတာ”
ကျန်းမယ်နန်၏ ကိုယ်ကျင့်တရား စံနှုန်းကလည်း သူ့လိုပင်။
“ယောက်ျား... သူက ကျွန်မကို အတင်းအဓမ္မ လုပ်တာပါ... ရှင် ကျွန်မကို ယုံပါ... ကျွန်မမှာ ရွေးချယ်စရာ မရှိလို့ပါ”
တစ်ရက်လောက် ပေါင်းသင်းရရင်တောင် သံယောဇဉ် ဖြစ်တတ်သည် ဆိုသော်လည်း တုတ်ရှည်များ ကိုင်ဆောင်ထားသော လူသန်ကြီးများကို ရင်ဆိုင်ရသောအခါ ဘေးအန္တရာယ် ကျရောက်လာသည်နှင့် နှစ်ယောက်စလုံး ကိုယ်လွတ်ရုန်းကြတော့သည်။
သို့သော် လျိုစန်းရွှေက ဒေါသထွက်နေသည်မှာ ထင်ရှားသည်။ တုတ်ကို မြှောက်လိုက်သောအခါ ကိုယ်လုံးတီးဖြစ်နေသော နှစ်ယောက်စလုံးကို ရိုက်နှက်လိုက်သည်။ ဖောက်ပြန်သူ နှစ်ယောက်စလုံး ခေါင်းကိုအုပ်ပြီး ထွက်ပြေးကြရသည်။
အနီးအနားမှ လူများက ပွဲကြည့်ကောင်းနေကြသည်။
ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် ကျန်းကွမ်ကျုံး၏ အရိုးအချို့ ကျိုးသွားသလို ခံစားလိုက်ရသည်။ ကျန်းမယ်နန်၏ အခြေအနေကလည်း သူ့ထက် မသာပေ။ လူသေတော့မည့် အခြေအနေ ရောက်နေသည်ကို မြင်သောအခါ လျူမိသားစုဝင်များက အခုမှ သတိရသလို လျိုစန်းရွှေကို ဆွဲထားလိုက်ကြ၏။
“စန်းရွှေ... မိန်းမတစ်ယောက်ပဲလေ... မင်းမှာ ပိုက်ဆံမရှိတာမှ မဟုတ်တာ... သူ့ကို ကွာရှင်းပေးလိုက်ပြီး နောက်ထပ် မိန်းမကောင်းတစ်ယောက် ရှာယူလို့ ရပါတယ်... လူသတ်မိရင် ထောင်ကျလိမ့်မယ်... မတန်ပါဘူးကွာ”
လျိုစန်းရွှေသည် နှစ်ယောက်စလုံးကို ရိုက်နှက်ပြီးနောက် ရင်ထဲမှ ဒေါသများ အနည်းငယ် လျော့ပါးသွားသည်။
သူက ရက်ရက်စက်စက် သတ်ပစ်ချင်သော်လည်း တကယ်တမ်းကျတော့ ကိုယ့်အတွက် အကျိုးမရှိပေ။
သူက စီးပွားရေးသမား ဖြစ်သဖြင့် ငွေက အဓိက ဖြစ်သည်။
ကျန်းမိသားစုခေါင်းဆောင်က လူလာရွေးသောအခါ လျူမိသားစုက မိုးခါးရေသောက်ရမည့် ဈေးကို တောင်းဆိုလိုက်၏။
ကုမင်တာ့သည် သူငှားထားသော လူက ဒီလောက် မြန်ဆန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ တစ်ရက်အတွင်းမှာပင် ကျန်းကွမ်ကျုံးကို သူ့မယားငယ်၏ ကုတင်ပေါ်တွင် ပိတ်မိအောင် လုပ်နိုင်ခဲ့သည်။
ကျန်းယွင်နန်သည် ဝယ်လာသော အိုးကြီးထဲသို့ ရေထည့်ပြီး ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆေးဖက်ဝင် ပစ္စည်းများကို ထည့်လိုက်သည်။ လျူရှောင်ရူက ရှောင်ထွက်သွားရန် ပြင်လိုက်သော်လည်း ကျန်းယွင်နန်က တားလိုက်သည်။
“အစ်မက အိမ်မှုကိစ္စတွေ များလို့ ဒီကို နေ့တိုင်း မလာနိုင်ဘူး... ညီမလေးက ချက်ပြုတ်နည်းကို မသိရင် နောက်ကျ ဘယ်လိုလုပ် ဈေးရောင်းမလဲ”
ကျန်းယွင်နန်က ပြုံးလျက် ပြောလိုက်သည်။
လျူရှောင်ရူသည် ခြံဝင်းထဲတွင် ထင်းခွဲနေသော အဒေါ်ဖုန်းကို သတိထားပြီး ကြည့်လိုက်ကာ ပြောလိုက်သည်။
“အစ်မ... လျှို့ဝှက်ချက်ပြုတ်နည်းက ဆိုင်ရဲ့ အသက်ပဲ... သူများ ခိုးသွားရင် ဆိုင်ဖွင့်လို့ရမှာ မဟုတ်တော့ဘူး”
“ညီမလေးကို မယုံရင် ဘယ်သူ့ကို ယုံရမလဲ... ပြီးတော့ ညီမလေးက နျိုနျိုကို အချစ်ဆုံးပဲ... နျိုနျိုရဲ့ လျှို့ဝှက်ချက်ပြုတ်နည်းကိုခိုးရက်ပါ့မလား”
ကျန်းယွင်နန်က မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ လျူရှောင်ရူ စိတ်လှုပ်ရှားသွားပြီး သူမ၏ အစ်မသည် တကယ် ရိုးသားသူ ဖြစ်ကြောင်း ခံစားလိုက်ရသည်။ ဒီယုံကြည်မှုအတွက် သူမသည် ဒီလျှို့ဝှက်ချက်ပြုတ်နည်းကို သေချာပေါက် ကာကွယ်ရမည်။
ကလေးသုံးယောက်သည် မကြီးသေးသော်လည်း ကိုယ်ပိုင်ဆိုင်ဖွင့်မည် ဆိုသည်ကို သိလိုက်ရသဖြင့် ကူညီရန် အလွန် တက်ကြွနေကြ၏။
ကုယန်က တံမြက်စည်းကို ယူကာ ဆိုင်ခန်းငယ်လေးကို အကြိမ်ကြိမ် လှည်းကျင်းနေသည်။ ဖုန်တစ်မှုန်မကျန်အောင် သန့်ရှင်းရေး လုပ်နေပြီး နျိုနျိုနှင့် ကုကျောက်က ရေစိုအဝတ်ဖြင့် စားပွဲနှင့် ကုလားထိုင်များကို ပြောင်လက်နေအောင် သုတ်နေကြသည်။
“ကိုယ့်ဆိုင်က နှပ်ဟင်းရောင်းတာဆိုတော့... နောက်ကျရင် အဝစားလို့ ရပြီပေါ့”
ကုကျောက်က ပြောရင်း ပါးစပ်ထောင့်မှ စီးကျလာသော သွားရည်ကို သုတ်လိုက်သည်။ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
နျိုနျို ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်ရတာ ပင်ပန်းတယ်... ဖေဖေနဲ့ မေမေက ပိုက်ဆံရှာချင်တာလေ... တို့တွေ လျှောက်စားနေရင် ဆိုင်မှာ ပိုက်ဆံမြတ်ပါဦးမလား”
အသက်ကြီးသော ကုယန်သည် ငါးနှစ်အရွယ် ညီမလေးက ဒီလောက် အသိဉာဏ်ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ၏ ခေါင်းလေးကို ဖွဖွလေး ပုတ်ပေးပြီး ကုကျောက်ကို ပြောလိုက်သည်။
“ညီမလေး ပြောတာ မှန်တယ်... ကိုယ့်ဆိုင်ဖြစ်နေရင်တောင် အလကား စားလို့ မရဘူး... ပြီးတော့ ဒီဆိုင်က အဒေါ်လျူနဲ့ ပေါင်းဖွင့်ထားတာလေ”
“အဒေါ်လျူက ငါတို့ကို ချစ်ပါတယ်... အဒေါ်ကြီးထက် အများကြီး ပိုကောင်းတယ်... ငါတို့ကို ကျွေးဖို့ နှမြောမှာ မဟုတ်ပါဘူး”
ကုကျောက်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
ကုကျောက်၏ အဒေါ်ဖြစ်သူ ကျန်းဟွေးနန်သည် ကျန်းကွမ်ကျုံးနှင့် ဖခင်တူမိခင်တူ မောင်နှမအရင်း ဖြစ်သည်။
ချင်းရွှေရွာ ဘေးနားရှိ ရွာသို့ အိမ်ထောင်ကျသွားပြီး တစ်နှစ်လျှင် တစ်ခါနှစ်ခါလောက်သာ တွေ့ရသော်လည်း ကုကျောက်က သူမအပေါ် အမြင်မကြည်ပေ။
ကုယန် မျက်နှာထား တင်းမာသွားပြီး ပြောလိုက်သည်။
“အားကျောက်... ကွယ်ရာမှာ အတင်းမပြောနဲ့... အဒေါ်က လူကြီးလေ... နောက်တစ်ခါ အဲ့လို မပြောနဲ့”
ထိုစကားကို ကြားသောအခါ ကုကျောက် မျက်လွှာချလိုက်ပြီး ပြောလိုက်သည်။
“သူက ကျွန်တော်တို့အပေါ် အရမ်းဆိုးတာကို... အစ်ကိုကြီးက မပြောခိုင်းဘူး ဆိုရင်လည်း... လိမ်မပြောခိုင်းနဲ့လေ... သူ သဘောကောင်းတယ်လို့ ကျွန်တော် လိမ်မပြောနိုင်ဘူး”
ကုယန်သည် ထိုဆင်ခြေကို ကြားသောအခါ ကိုယ့်နဖူးကို မရိုက်ဘဲ မနေနိုင်တော့ပေ။ သူသည် ကလေးယူရမည့် အရွယ်မရောက်သေးသော်လည်း ကလေးထိန်းရသည့် ဒုက္ခကို ကြိုတင် ခံစားနေရလေပြီ။
နျိုနျိုသည် အစအဆုံး နားထောင်ပြီးနောက် ကြောက်ရွံ့စွာ မေးလိုက်သည်။
“အစ်ကိုကြီး... အဒေါ်အကြောင်း မပြောဘဲ နေလို့မရဘူးလား... သမီး... သမီး သူ့ကို နည်းနည်း ကြောက်လို့”
ညီလေး၏ အမှားကို ပြင်ပေးခြင်းထက် သနားစဖွယ် ဖြစ်နေသော ညီမလေး၏ ကြောက်ရွံ့မှုကို ကုယန် ပို၍ ဂရုစိုက်မိသွားသည်။
လူငယ်လေး လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“အဒေါ်က ညီမလေးကို အနိုင်ကျင့်လို့လား”
ထိုစကားကို ကြားသောအခါ နျိုနျို၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။
တူများ ဖြစ်ကြသော ကုယန်နှင့် ကုကျောက်တို့သည် ကျန်းဟွေးနန်ကို တွေ့ခဲသော်လည်း နျိုနျို ကျန်းမိသားစုတွင် ရှိစဉ်က တူမဖြစ်သူ သူမသည် အဒေါ်ဖြစ်သူနှင့် မကြာခဏ တွေ့ရလေ့ ရှိသည်။
“သမီး အဒေါ့်ကို မကြိုက်ဘူး... ဦးလေးကိုလည်း မကြိုက်ဘူး... ဝမ်းကွဲအစ်ကိုကိုလည်း မကြိုက်ဘူး...”
နျိုနျို ပြောရင်းနှင့် ကုယန်ကို အပြစ်ရှိသလို ကြည့်ကာ မေးလိုက်သည်။
“အစ်ကိုကြီး... သမီး အဲ့လို ပြောတာ မကောင်းဘူးမလား... သမီးက ကလေးဆိုး ဖြစ်နေပြီလား”
ကုယန် ဘာမှမပြောရသေးခင် ကုကျောက်က မဟာမိတ်တွေ့သွားသလို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အဒေါ်က တကယ် စိတ်ပျက်ဖို့ ကောင်းတာ... အစ်ကိုကြီးက ကျွန်တော့်ကို ပေးမပြောဘူး... ကြည့်ပါဦး... နျိုနျိုလေး ဘယ်လောက် ကြောက်နေလဲလို့”