← Chapters

ဖွင့်လှစ်ခြင်း

Vol. 7 Ch. 70

ဖွင့်လှစ်ခြင်း

Vol. 7 Ch. 70

ကုယန်သည် ကုကျောက်လောက် အကောင်းမမြင်နိုင်ပေ။

ယခုအချိန်တွင် သူ မျက်မှောင်ကြုတ်ထားသည်။ သနားစဖွယ် ဖြစ်နေသော ညီမလေးကို ကြည့်ပြီး တစ်ခုခု မှားယွင်းနေကြောင်း သူ အာရုံခံမိသည်။

အဒေါ်နှင့် သူမ၏ မိသားစုက နျိုနျိုအပေါ် ဘာတွေ လုပ်ခဲ့လဲဆိုတာ သူ မသိပေ။

အစ်ကိုကြီး စကားမပြောသည်ကို မြင်သောအခါ နျိုနျို ထပ်ငိုမိပြန်သည်။

ဒီအိမ်ရောက်ပြီးကတည်းက ဖေဖေနဲ့ မေမေကလည်း ချစ်ကြသလို၊ အစ်ကိုနှစ်ယောက်ကလည်း သူမအပေါ် အလွန် ကောင်းကြသည်။ သူမ ကွယ်ရာမှာ အတင်းပြောတတ်တဲ့ ကလေးဆိုးတစ်ယောက်လို့ အစ်ကိုကြီး ထင်သွားမှာကို သူမ တကယ် ကြောက်ရွံ့နေမိသည်။

ညီမလေး ငိုလိုက်သည်နှင့် ကုယန် ပျာယာခတ်သွားပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ ခုနက ပြောခဲ့သော "ကွယ်ရာမှာ အတင်းမပြောရဘူး" ဆိုသည့် စကားကို ပြန်မျိုချလိုက်ပြီး ပြောလိုက်သည်။

“နျိုနျိုက ကွယ်ရာမှာ အတင်းပြောတာ မဟုတ်ပါဘူး... နျိုနျိုက ကိုယ်ထင်တာကို အမှန်အတိုင်း ပြောတလေ... နျိုနျိုက လိမ္မာတဲ့ ကလေးလေး... မကြိုက်ရင် မကြိုက်ဘူးပေါ့... ဒီလိုကိစ္စမျိုးကို ဟန်ဆောင်နေလို့ မရဘူးလေ”

နျိုနျို၏ မျက်နှာပေါ်တွင် မျက်ရည်စများ တွဲခိုနေဆဲပင်။ သူမ မော့ကြည့်လိုက်ပြီး အစ်ကိုကြီးကို ရိုးသားစွာ မေးလိုက်၏။

“တကယ်လား”

ကုယန်သည် သူမကို သနားသော်လည်း လူမှုဆက်ဆံရေး သဘောတရားများကို နားလည်စေချင်သဖြင့် ပြောလိုက်သည်။

“နျိုနျို... အဒေါ့်ကို မကြိုက်ဘူးဆိုရင် အစ်ကိုကြီးတို့ကို ပြောလို့ရတယ်... ဒါပေမဲ့ သူစိမ်းတွေကိုတော့ သွားမပြောနဲ့နော်... နားလည်လား”

“ဘာလို့လဲဟင်”

နျိုနျို နားမလည်ပေ။

ကုယန်က ရှင်းပြသည်။

“ဘာလို့လဲဆိုတော့ တို့တွေက ညီမလေးရဲ့ မိသားစုလေ... တို့တွေက ညီမလေးကို အစွမ်းကုန် ကာကွယ်ပေးမှာ... ဒါပေမဲ့ သူစိမ်းတွေက ဒီစကားကို ကြားသွားရင် အဒေါ့်ကို ပြန်ပြောပြလိမ့်မယ်... အဲ့ဒီကျရင် အဒေါ်က ညီမလေးကို အငြိုးထားလိမ့်မယ်”

နျိုနျို နားလည်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ညီမလေး သူစိမ်းတွေကို မပြောပါဘူး... မိသားစုကိုပဲ ပြောပါ့မယ်”

ကုယန် သက်ပြင်းချလိုက်သည်။

နျိုနျိုက မေးလိုက်ပြန်သည်။

“မိသားစုဝင် အကုန်လုံးကို ပြောလို့ရလား... အစ်မကြီးယာ၊ အစ်မလေးယာ၊ ဝမ်းကွဲအစ်ကို... ဦးလေး... အဘိုးအဘွားတို့ကိုကော ပြောလို့ရလား”

ကုယန် ကြောင်သွားသည်။ မိသားစုဝင်ချင်း ဆက်ဆံရေး ကောင်းတာ မကောင်းတာတွေ၊ လူတိုင်းက ကိုယ့်အပေါ် ကောင်းတာ မဟုတ်ဘူး ဆိုတာတွေကို နျိုနျိုကို သူ ပြောမပြနိုင်ပေ။ ထို့ကြောင့် တခြားနည်းလမ်း သုံးပြီး မေးလိုက်သည်။

“သမီးက အဲ့ဒီလူအများကြီးကို အဒေါ့်မကောင်းကြောင်းတွေ လိုက်ပြောချင်လို့လား”

နျိုနျို ခေါင်းခါလိုက်သည်။

ကုကျောက်က အခွင့်ကောင်းယူပြီး ခေါင်းပြူထွက်လာကာ တိုးတိုးလေး ပြောလိုက်သည်။

“ငါ နင့်အစား အဒေါ့်မကောင်းကြောင်း ပြောပေးမယ်”

သူ့မျက်လုံးများတွင် မဟာမိတ်တွေ့သွားသည့် စိတ်လှုပ်ရှားမှုများ လက်နေပြီး နျိုနျိုကို ဆွဲကာ သုံးရက်သုံးည ပြောချင်နေပုံ ရသည်။

“အဒေါ်က ငါတို့အဖေကို ကြည့်ရင် သူများပစ္စည်းကို လိုချင်တဲ့ မျက်လုံးမျိုးနဲ့ ကြည့်တယ်”

“ဦးလေးက ငါတို့အမေကို ကြည့်ရင် ထူးဆန်းတဲ့ မျက်လုံးနဲ့ ကြည့်တယ်”

“ဝမ်းကွဲအစ်ကိုရဲ့ မျက်လုံးတွေကလည်း သူခိုးမျက်လုံးတွေပဲ... ငါ့ရဲ့ မြင်းရုပ်ကို ခိုးချင်နေသလို ခံစားရတယ်”

ကလေးက "မောင်ပိုင်စီးချင်တယ်" ဆိုတာကို နားမလည်သော်လည်း အဒေါ်နှင့် မိသားစု၏ ထူးဆန်းသော အကြည့်များကို အလိုအလျောက် သတိထားမိနေသည်။

ကုယန် နဖူးကို လက်ဖြင့် အုပ်လိုက်မိ၏။

တစ်နေ့လုံး သူ ကြိုးစားပမ်းစား သင်ပေးခဲ့တာတွေ အလကား ဖြစ်ကုန်ပြီဟု ခံစားလိုက်ရသည်။ သူ ဆုံးမလေလေ ဟိုနှစ်ကောင်က မကောင်းကြောင်း ပိုပြောလေ ဖြစ်နေသည်။

နျိုနျို၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုကိုတော့ သူက ကျန်းယွင်နန်အား တိတ်တဆိတ် ပြောပြလိုက်သည်။

လျူရှောင်ရူနှင့် ကျန်းယွင်နန်တို့သည် လက်တွေ့သမားများ ဖြစ်ကြသည်။

ဆိုင်ပြင်ဆင်ရန် တစ်ရက်သာ အချိန်ယူခဲ့သည်။ မှာထားသော ဆိုင်တံခါး မရသေးခင်မှာပင် နောက်တစ်နေ့၌ ဆိုင်ဖွင့်လိုက်ကြသည်။

သူတို့က စိတ်လောနေသော်လည်း ပိုပြီး စိတ်လောနေသူများ ရှိသေးသည်။

မနက်စောစော တံခါးဖွင့်လိုက်သည်နှင့် အပြင်တွင် လူများ စောင့်နေကြလေပြီ။

“တကယ် သေချင်တာပဲ... ရှင်တို့အိမ်က နှပ်ဟင်းကို ဘာနဲ့ လုပ်ထားတာလဲ... မနေ့ညနေကတည်းက မွှေးနေတာ... ကျွန်မယောက်ျားက ဒီအနံ့ရပြီး တစ်ညလုံး အိပ်မပျော်ဘူး... မနက်စောစောစီးစီး လာဝယ်ခိုင်းနေတာ”

စကားပြောနေသော အမျိုးသမီးသည် ချည်သားအဝတ်အစားကို ဝတ်ဆင်ထားပြီး ဖာထေးရာ မရှိပေ။ သူမ၏ မိသားစု အခြေအနေ မဆိုးကြောင်း သိသာသည်။

ဆိုင်ထဲ ဝင်လာပြီးနောက် ပိုမို ပြင်းထန်သော ဟင်းရနံ့ကို ရလိုက်သဖြင့် သူမ၏ မျက်နှာတွင် မိန်းမောသွားသော အမူအရာ ပေါ်လာသည်။

“မနက်စာ စားလာပြီးသားပါ... ဒါပေမဲ့ ဆိုင်ထဲ ဝင်လိုက်တာနဲ့ သွားရည်ကျလာတယ်”

အမျိုးသမီးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

လျူရှောင်ရူနှင့် ကျန်းယွင်နန်တို့သည် စီးပွားရေး မလုပ်ဖူးသော်လည်း တံခါးဖွင့်ပြီး ဧည့်သည်ကြိုဆိုရမည် ဆိုသော မူဝါဒကို နားလည်သဖြင့် အမျိုးသမီးကို စိတ်အားထက်သန်စွာ ဆွဲခေါ်ပြီး မိတ်ဆက်ပေးလေသည်။

“အို... ရှင်တို့ဆီမှာ ပစ္စည်းတွေ အများကြီးပါလား... နှပ်ထားတဲ့ တို့ဖူးခြောက် နည်းနည်းလောက် ပေးပါ... ကျွန်မယောက်ျားက ဒါနဲ့ အရက်သောက်ရတာ ကြိုက်တယ်”

အမျိုးသမီးက ပြုံးလျက် ပြောလိုက်သည်။

လျူရှောင်ရူက သန့်ရှင်းသော တူဖြင့် တို့ဖူးခြောက်အချို့ကို ယူပြီး ဆီစိမ်စက္ကူပေါ် တင်လိုက်သည်။ ပါးစပ်ကလည်း ပြောလိုက်သည်။

“အစ်မ.. ကြက်ပေါင်း ယူဦးမလား... အရသာ အရမ်းရှိတယ်နော်”

အမျိုးသမီးက အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူမ၏ ခင်ပွန်းနှင့် ကလေးများက ကြက်ပေါင်း ကြိုက်သော်လည်း ဒီတစ်ခါတော့ စမ်းသပ်ကြည့်ရုံသာ ဝယ်ခြင်း ဖြစ်သည်။

တို့ဖူးခြောက်က ဈေးမကြီးသော်လည်း ကြက်တစ်ကောင်လုံးက ဈေးမပေါပေ။

အရသာ မကောင်းရင် အရှုံးကြီး ရှုံးတော့မည်။

ထိုအချိန်တွင် နျိုနျိုသည် တကောက်ကောက် ပြေးလာပြီး ကျန်းယွင်နန်၏ ခြေထောက်ကို ဖက်ကာ ပြောလိုက်သည်။

“မေမေ... သမီး ကူညီမယ်... ဧည့်သည်တွေကို ဧည့်ခံပေးရမလား”

ကူညီချင်နေသော ကလေးမလေးကို ကြည့်ပြီး အမျိုးသမီးက ရယ်မောကာ ပြောလိုက်သည်။

“ညီမလေး... အသက် ဘယ်လောက် ရှိပြီလဲ... လိမ္မာလိုက်တာ”

နျိုနျိုက လက်တစ်ဖက် ဆန့်တန်းပြီး နူးညံ့စွာ ပြောလိုက်သည်။

“အဒေါ်... သမီးက ငါးနှစ်ပါ”

လျူရှောင်ရူက ဘေးနားမှ ကြက်ကင်တစ်ကောင်ကို ယူကာ ပေါင်တစ်ချောင်း ဆွဲဖြုတ်ပြီး နျိုနျိုကို ပေးလိုက်သည်။

ကောင်းကင်က ကျလာသော အစားအစာရနံ့ကြောင့် နျိုနျို မူးဝေသွားသော်လည်း စိတ်ကို ထိန်းပြီး ခေါင်းခါကာ ပြောလိုက်သည်။

“အဒေါ်လျူ... ဒါက ရောင်းဖို့လေ... သမီး စားလို့မရဘူး”

သို့သော် လျူရှောင်ရူက ပြောလိုက်သည်။

“စားပါ... သမီးအစ်ကို နှစ်ယောက်လုံး စားပြီးကြပြီ... မနေ့က သမီး ဆိုင်သန့်ရှင်းရေး လုပ်ထားတာ ပင်ပန်းတယ်လေ... ဒါ သမီး ရသင့်တာပဲ”

နျိုနျိုက ကျန်းယွင်နန်ကို လှည့်ကြည့်လိုက်သည်။ ကျန်းယွင်နန်က ပြုံးပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။

“ရပါတယ်... စားလိုက်ပါ... နောက်တစ်ခါတော့ မစားရဘူးနော်”

ကျန်းယွင်နန်သည် ဆိုင်တွင် ရောင်းမည့် အစားအစာများကို ကလေးများအား မကျွေးချင်ပေ။ သို့သော် လျူရှောင်ရူက ကလေးတွေ ပင်ပန်းခံထားရတယ်ဟု ပြောပြီး ဇွတ်ကျွေးနေသည်။ စိတ်ဓာတ်မခိုင်မာသော ကုကျောက်သည် ကြက်ပေါင်ကို ယူပြီး ထွက်ပြေးသွားခဲ့သည်။ နျိုနျို မစားရလျှင် မျက်နှာလိုက်ရာ ရောက်နေလိမ့်မည်။

မိခင်ဖြစ်သူ၏ ခွင့်ပြုချက် ရလိုက်သောအခါ နျိုနျိုသည် လက်နှစ်ဖက် ဆန့်တန်းပြီး မွှေးပျံ့နေသော ကြက်ပေါင်ကို ယူလိုက်သည်။ သူမ၏ မျက်လုံးကြီးများ အရောင်တောက်လာသည်။

သူမ၏ ပါးစပ်က မကြီးသော်လည်း ကြက်ပေါင်ကြီးကို အားကုန် ကိုက်လိုက်သည်။

ကလေးမလေး၏ မျက်နှာတွင် နှစ်သက်သဘောကျမှုများ ပြည့်နှက်နေသည်။ ဟန်ဆောင်မှု ကင်းမဲ့သော ပျော်ရွှင်မှု အစစ်အမှန်ကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

တုံ့ဆိုင်းနေသော အမျိုးသမီးသည် တံတွေးမျိုချလိုက်သည်။ မကောင်းဆိုးဝါး၏ ဖြားယောင်းမှုကို ခံလိုက်ရသကဲ့သို့ အသိတရားများ လွင့်ပါးသွားပြီး လျူရှောင်ရူကို ပြောလိုက်သည်။

“ကြက်ကင် တစ်ကောင် ပေးပါ”

ရုတ်တရက် ကြီးမားသော စီးပွားရေးအမြတ် ရလိုက်သဖြင့် လျူရှောင်ရူ၏ မျက်နှာတွင် အပြုံးကြီး ပေါ်လာသည်။

အမျိုးသမီး ထွက်သွားပြီးနောက် လျူရှောင်ရူသည် နျိုနျိုဆီ ပြေးသွားပြီး ကလေးကို ပွေ့ချီကာ ပါးလေးကို နမ်းပြီး ချီးကျူးလိုက်သည်။

“အစဖွင့် ကောင်းလိုက်တာ... နျိုနျိုက တကယ့်ကို ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ”

နျိုနျိုသည် အဒေါ်လျူ စိတ်လှုပ်ရှားနေသည်ကို ကြည့်ပြီး တခစ်ခစ် ရယ်နေသည်။

စောစောက အမျိုးသမီးတင် မကပေ။ လျူရှောင်ရူ ကိုယ်တိုင်လည်း ကြောင်တောင်တောင် ဖြစ်သွား၏။ နျိုနျို စားနေတာက အလွန် အရသာရှိပုံ ပေါက်နေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဒီကလေးက လောကတွင် အကောင်းဆုံး အစားအစာကို စားနေသည်ဟု ခံစားရစေသည်။

ထိုအမျိုးသမီးပြီးနောက် နောက်ထပ် ဧည့်သည်တစ်ယောက် ဝင်လာသည်။ တိုက်ဆိုင်စွာပင် နျိုနျို၏ ကြက်ပေါင် မကုန်သေးပေ။

“ကြက်ပေါင်း... ကြက်ပေါင်း တစ်ကောင် လိုချင်တယ်... ဒီကလေး စားနေတဲ့ဟာမျိုး”

ဧည့်သည်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်၏။

ပထမဆုံး ဖွင့်သောနေ့ ဖြစ်သဖြင့် အစားအစာ အနည်းငယ်သာ ပြင်ဆင်ထားသည်။ ကြက်ပေါင်း ငါးကောင်သာ ပါသည်။ နျိုနျို ကြက်ပေါင် စားနေစဉ်အတွင်း ကြက်ပေါင်းများ အကုန် ရောင်းထွက်သွားပြီး ခြေထောက်တစ်ချောင်း ပြုတ်နေသော ကြက်ကိုပင် ဧည့်သည်က ဝယ်သွားလေသည်။

သို့သော် အခြား နှပ်ဟင်းများက ထိုမျှ မြန်မြန် မရောင်းရပေ။ နေ့လယ် ရောက်သည်အထိ ပါဝင်ပစ္စည်း အများစု ကျန်နေသေးသည်။

နှပ်ဟင်းသည် တစ်ရက်သာ ခံသည်။ နောက်တစ်နေ့ ကူးသွားလျှင် အရသာ မကောင်းတော့သလို ပျက်စီးလွယ်၏။

ကျန်းယွင်နန်နှင့် လျူရှောင်ရူတို့သည် ညသိပ် နှပ်ဟင်း မရောင်းရန် ဆုံးဖြတ်ထားကြသည်။ ထိုနေ့ မကုန်သော ဟင်းများကို သူတို့ဘာသာ စားသုံးရမည်။

ကျန်နေသော နှပ်ဟင်းများ များပြားနေသဖြင့် ပြဿနာကြီး ဖြစ်လာသည်။

ကျန်းယွင်နန်က စီးပွားရေးလုပ်ရတာ လွယ်ကူသည်ဟု ထင်ထားသော်လည်း ဖွင့်ပွဲနေ့မှာပင် အစားအစာများ လက်ကျန်ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။

ယွမ်ပေါင်လမ်သည် လူသူ အနည်းငယ် ရှင်းလင်းသော နေရာဖြစ်ပြီး အစပြုကာစ ဖြစ်သဖြင့် ဖောက်သည် အလုံအလောက် မရသေးပေ။

လျူရှောင်ရူလည်း မျက်မှောင်ကြုတ်ထား၏။ ခြံဝင်းထဲတွင် ကုကျောက်နှင့် ရွှံ့ကစားနေသော နျိုနျိုကို ကြည့်ရင်း ရုတ်တရက် အကြံရသွားပြီး ပြောလိုက်သည်။

“နည်းလမ်းတစ်ခု စဉ်းစားမိပြီ”

All Chapters