အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း (၂၉) ပထမဆုံးသော သတ်ဖြတ်ခြင်း
"ငါတို့ ပြန်ဆုံကြပြန်ပြီပဲ။ မင်းရဲ့ နာမည်ကြီး လက်ဖက်ရည် တစ်ခွက်လောက် ငါ့ကို ထပ်မတိုက်ချင်ဘူးလား။ အရင်တစ်ခေါက်က လက်ဖက်ရည်ကို ငါ တကယ်ကြိုက်တာ။ အိပ်လို့ အရမ်းကောင်းတာပဲ" လုံချန်းက ထိုအစေခံ၏ လည်ပင်းကို ဆုပ်ကိုင်ထားရာမှ လက်ကို ပိုမိုတင်းကျပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"အီး... အီး... ခွင့်... လွှတ်..." ထိုအစေခံမှာ အသက်ရှူရခက်ခဲနေပြီး မျက်ရည်များ ဝဲလျက် ခွင့်လွှတ်ရန် တောင်းပန်နေသော်လည်း လုံချန်းကမူ လက်ကို လုံးဝ မလျှော့ပေးပေ။
"လုံစု မင်း ဘယ်မှာပဲ ပုန်းနေနေ ထွက်ခဲ့စမ်း" လုံချန်းက အစေခံကို ဆုပ်ကိုင်ထားရင်း လုံစုကို ဟိန်းဟောက် ရှာဖွေလိုက်သည်။
"မင်း အရင်တစ်ခေါက်က ပြောတော့ သိုင်းကွက်တစ်ကွက် အောင်မြင်သွားလို့ အောင်ပွဲခံချင်တယ် ဆိုတာလေ။ ဒီညီလေးက အဲဒီအစွမ်းကို လာကြည့်တာပါ။ ထွက်မပြတော့ဘူးလား" လုံချန်းက လုံစုကို လှောင်ပြောင် သရော်လိုက်သည်။
လုံချန်း နေရာအနှံ့ ရှာသော်လည်း လုံစု၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ 'ငါ ပြန်ရောက်လာတာကို သိလို့ လုံစု ထွက်ပြေးသွားတာလား။ သူ လုံမျိုးနွယ်စုကနေ ဒီအတိုင်း အလွယ်တကူ ထွက်သွားလို့ မရနိုင်ဘူး' လုံချန်း စဉ်းစားနေမိသည်။
"ပြောစမ်း... လုံစု ဘယ်မှာလဲ" လုံချန်းက သူဆုပ်ကိုင်ထားသော အစေခံကို အာရုံစိုက်လိုက်သည်။ လုံချန်းက လည်ပင်းကို အနည်းငယ် လွှတ်ပေးလိုက်ရာ အစေခံမှာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး တဟွတ်ဟွတ်နှင့် ချောင်းများ အသည်းအသန် ဆိုးတော့သည်။
"မင်း ပြောမှာလား မပြောဘူးလား" လုံချန်း၏ မျက်နှာတွင် ဒေါသရိပ်များ သိသိသာသာ ပေါ်လွင်နေသည်။ လုံချန်းကိုယ်တိုင် သတိမထားမိသော်လည်း သူ ဒေါသထွက်နေချိန်တွင် သူ၏ သွေးပြောင်းလဲခြင်း အရှိန်မှာ အနည်းငယ် ပိုမိုမြန်ဆန်လာသည်။
"ကျွန်တော်... ကျွန်တော် ပြောပါ့မယ်။ ကျွန်တော့်ကို မသတ်ပါနဲ့ သခင်လေးထျန်း။ ကျွန်တော်က အမိန့်အတိုင်း လုပ်ခဲ့ရတာပါ" အစေခံမှာ မျက်ရည်များ စီးကျလျက် မြေပြင်တွင် ဝပ်တွားကာ တောင်းပန်နေသည်။
လုံချန်းက သူ့ကို လည်ပင်းမှ ပြန်လည်ဆုပ်ကိုင်ကာ နံရံဆီသို့ လွှင့်ပစ်လိုက်သည်။ အစေခံမှာ နံရံနှင့် အရှိန်ပြင်းပြင်း ဆောင့်မိသွားသော်လည်း ပြင်းထန်သော ဒဏ်ရာတော့ မရရှိပေ။ အကြောင်းမှာ ဤအစေခံမှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၇ ရှိသော ကျင့်ကြံသူဖြစ်ကြောင်း လုံချန်း မြင်ထားသောကြောင့် ဖြစ်သည်။
"အဲဒါကို ငါမေးတာမဟုတ်ဘူး၊ လုံစု ဘယ်မှာလဲလို့ မေးနေတာ" လုံချန်းက သူ့ထံသို့ လျှောက်သွားရင်း ထပ်မံ အော်ဟစ်လိုက်သည်။
"မြောက်ဘက် အနက်ရောင်တောအုပ်ပါ။ သခင်လေးစုက ဒီမနက်တင် သူငယ်ချင်းတချို့နဲ့အတူ မိစ္ဆာသားရဲတွေကို အမဲလိုက်ဖို့ မြို့တော်မြောက်ဘက်က အနက်ရောင်တောအုပ်ကို ထွက်သွားပါတယ်။ ဒါ ကျွန်တော်သိသမျှ အကုန်ပါပဲ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ သခင်လေးထျန်း" လုံစု၏ အစေခံက သိသမျှကို အကုန်ပြောပြကာ ဆက်လက် တောင်းပန်နေသည်။
သူ့မျက်လုံးမှ မျက်ရည်များ ကျနေသော်လည်း စိတ်ထဲတွင်မူ တစ်မျိုးတွေးနေသည်။
'ဒီကောင်စုတ်... မင်းက ငါ့ကိုပဲ မင်းရဲ့ အစွမ်းအစုတ်လေးနဲ့ ခြိမ်းခြောက်နိုင်တာပါ။ သခင်လေးစု ရှေ့မှာဆိုရင် မင်းက ဘာမှမဟုတ်ဘူး။ မင်း အနက်ရောင်တောအုပ်ထဲကို လိုက်သွားရင် သေမှာ သေချာတယ်။ ငါ အခု ခဏလေး အောင့်ခံပြီး အသက်ရှင်အောင် နေလိုက်မယ်၊ မင်းကတော့ ဘယ်တော့မှ ပြန်လာရမှာ မဟုတ်ဘူး'
"မင်းကို ကြည့်ရတာ သနားစရာပဲ။ မင်းက အမိန့်အတိုင်း လုပ်ခဲ့ရတာဆိုတော့ ငါ မင်းကို မသတ်ချင်တော့ဘူး" လုံချန်းက နောက်သို့လှည့်ကာ ပြန်ရန် ပြင်လိုက်သည်။
"ဒါပေမဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတဲ့ စကားတစ်ခွန်း ရှိတယ်။ ယုတ်မာ ညစ်ပတ်တဲ့ စိတ်ဓာတ်ရှိတဲ့သူဟာ အနာဂတ်မှာ ကောင်းတဲ့အရာတွေကို ဘယ်တော့မှ မွေးဖွားပေးနိုင်မှာ မဟုတ်ဘူးတဲ့။ မင်းကတော့ အဲဒီလိုလူမျိုး မဟုတ်ဘူးမလား" လုံချန်းက ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်ကာ မေးလိုက်သည်။ အစေခံမှာ ပျက်စီးနေသော စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းကို အပေါ်အောက် အသည်းအသန် ငြိမ့်ပြနေသည်။
"ဘာပဲဖြစ်ဖြစ်... ငါ စွန့်စားမှုတော့ မလုပ်ချင်ဘူး။ မင်းတို့က ငါ့ကို ဆေးခတ်တယ်။ ပြီးတော့ ချောက်ထဲတွန်းချပြီး တစ်ခါ သတ်ပြီးသားပဲလေ။ ဒီလောကထဲကို မကောင်းဆိုးဝါးတွေ ပြန်လွှတ်ပေးတဲ့လူ ငါ မဖြစ်ချင်ဘူး။ မင်းတို့လိုလူမျိုးက ဒါနဲ့ပဲ ထိုက်တန်ပါတယ်" ထိုသို့ ပြောကာ လုံချန်းသည် သိုလှောင်လက်စွပ်ထဲမှ တောင်ဖြိုဓားကို ထုတ်ယူ၍ တစ်ချက်တည်း ပိုင်းချလိုက်ရာ အစေခံ၏ ဦးခေါင်းမှာ ခန္ဓာကိုယ်မှ ပြတ်ထွက်သွားတော့သည်။
ထိုလူ၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လဲကျသွားသည်အထိ လုံချန်းက သူ့ကို တကယ်သတ်လိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ပေ။
လုံချန်းသည် သူ လူတစ်ယောက်ကို သတ်လိုက်ပြီဖြစ်ကြောင်း သိလိုက်သော်လည်း သူထင်ထားသကဲ့သို့ စိတ်မကောင်းဖြစ်ခြင်း သို့မဟုတ် ပျို့အန်ချင်ခြင်းမျိုး မခံစားရဘဲ ထူးဆန်းစွာ တည်ငြိမ်နေသည်။ သူ ထိုကိစ္စကို ကြာကြာ မစဉ်းစားတော့ပေ။
သတ်ဖြတ်ပြီးနောက် လုံချန်းသည် ဓားကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်ကာ လုံစု၏ ခြံဝန်းထဲမှ ထွက်လာခဲ့သည်။
သူသည် မြောက်ဘက် အနက်ရောင်တောအုပ်သို့သွားကာ လုံစုကို ရှာရန် ဆုံးဖြတ်လိုက်သည်။ သို့သော် မသွားမီ သူသည် ရတနာဆောင်သို့သွား၍ ဝိညာဉ်အဆင့် လက်နက်တစ်ခု ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဝိညာဉ်အခြေပြုခြင်း ပဉ္စမအဆင့်သို့ ရောက်နေပြီဖြစ်သလို လုံစုမှာလည်း အမဲလိုက်သွားသဖြင့် သူ၏ ဝိညာဉ်အဆင့်လက်နက် ပါသွားမည်မှာ သေချာသောကြောင့် ဖြစ်သည်။
လုံချန်းသည် ရတနာဆောင်သို့ လျှောက်လှမ်းလာခဲ့ရာ မကြာမီ ရောက်ရှိသွားသည်။ သူ အထဲသို့ ဝင်လိုက်သည့်အခါ အတွင်းပိုင်းမှာ ယခင်အတိုင်းပင် ခမ်းနားထည်ဝါနေဆဲ ဖြစ်သည်။ အထဲတွင် ဘယ်လိုရှိသည်ကို သူသိထားသော်လည်း မြင်ရတိုင်း အံ့ဩမိဆဲပင်။
သူ အထဲသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် တံခါးဝအနီးရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသော အကြီးအကဲရန်ကို တွေ့လိုက်ရသည်။ အကြီးအကဲရန်မှာ ရတနာဆောင်ကို တာဝန်ယူထားသူ ဖြစ်သည်။
ယခင်တစ်ခေါက်က သူ့ကို ကယ်တင်ပေးခဲ့ပြီး လုံရွှယ်ယင်းနှင့် အထင်လွဲနေသည်ကို ရှင်းပေးခဲ့သဖြင့် လုံချန်းသည် အကြီးအကဲရန်အပေါ် အမြင်ကောင်းရှိသည်။ သို့သော် ထိုကိစ္စအတွက် ကျေးဇူးတင်စကား မပြောနိုင်ပေ။ ပြောလိုက်လျှင် ထိုစဉ်ကတည်းက လုံထျန်းမှာ ပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း အကြီးအကဲရန် သိသွားမည် ဖြစ်သောကြောင့်ပင်။
လုံချန်းသည် အကြီးအကဲရန်ထံသို့ လျှောက်သွားလိုက်သည်။
"ထျန်းလေး... မင်း ပြန်ကောင်းသွားပြီလို့ ငါ ကြားတယ်။ အဲဒါ တကယ်ပဲလား။ ငါ မင်းကို လာပြီး ဂုဏ်ပြုချင်ပေမဲ့ မင်း အိမ်ပြန်ရောက်တာ မကြာသေးတော့ အနားယူနေပါစေဆိုပြီး မလာဖြစ်တာ။ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ" အကြီးအကဲရန်က လုံချန်းကို ကြည့်ကာ မေးလိုက်သည်။
"ဦးလေးရန်... ဟုတ်ကဲ့၊ တကယ်ပါ။ ကျွန်တော် အခု အများကြီး သက်သာသွားပါပြီ။ ဒါနဲ့ ကျွန်တော် ဒီကိုလာတာက ရတနာဆောင်ရဲ့ ဒုတိယထပ်မှာ စမ်းသပ်မှုကို ဖြတ်ကျော်ပြီး ကျွန်တော့်အတွက် ဝိညာဉ်အဆင့် လက်နက်တစ်လက် ရွေးချယ်မလို့ပါ" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။
အကြီးအကဲရန်သည် လုံချန်း၏ ကျင့်ကြံမှုကို စစ်ဆေးရန် ကြိုးစားသော်လည်း မမြင်ရပေ။ သို့သော် အခြားအကြီးအကဲများထံမှ ထိုထူးဆန်းသော သတင်းကို ကြားထားပြီးဖြစ်သဖြင့် သူ မအံ့ဩတော့ပေ။
"ထျန်းလေး... ဒုတိယထပ်ကို သွားဖို့ဆိုရင် အနည်းဆုံး ဝိညာဉ်အခြေပြုခြင်းအဆင့် ၅ ရှိရမယ်ဆိုတာ မင်း သိပါတယ်နော်။ ငါ မင်းကို ဘာအခွင့်ထူးမှ ပေးလို့မရဘူး" အကြီးအကဲရန်က တည်ငြိမ်စွာ ပြောလိုက်သည်။
လုံချန်းသည် သူ ပျောက်ဆုံးသွားသော ၂ ရက်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၁၀ မှ ဝိညာဉ်အခြေပြုခြင်း အဆင့် ၅ သို့ တက်လှမ်းသွားလိမ့်မည်ဟု အကြီးအကဲရန်က အိပ်မက်ပင် မမက်ခဲ့ပေ။
"စိုးရိမ်စရာ မလိုပါဘူး ဦးလေးရန်။ ကျွန်တော် ဘာအခွင့်ထူးမှ မလိုချင်ပါဘူး။ ဒုတိယထပ် အဝင်မှာ အတားအဆီး ရှိတာပဲလေ၊ အရည်အချင်းရှိတဲ့သူပဲ ဖြတ်သွားလို့ရတာ။ ကျွန်တော် စမ်းကြည့်ချင်ရုံတင်ပါ။ ကျွန်တော့်အတွက် စည်းမျဉ်းတွေ ပြောင်းပေးဖို့ မလိုပါဘူး" လုံချန်းက ဒုတိယထပ်အဝင်ရှိ တောက်ပနေသော အစိမ်းရောင် အတားအဆီးကို ကြည့်ကာ ပြောလိုက်သည်။
"မင်း တကယ် လုပ်ချင်တယ်ဆိုရင်တော့ သွားကြည့်လေ။ အဲဒီအတားအဆီးကို ဖြတ်နိုင်ရင် မင်းကို စမ်းသပ်မှုရှိတဲ့နေရာအထိ ငါ ကိုယ်တိုင် ခေါ်သွားပေးမယ်" အကြီးအကဲရန်သည်လည်း နေရာမှ ထလိုက်သည်။
Notic - ခန္ဓာကျစ်လျစ်ခြင်းအဆင့် နဲ့ ခန္ဓာသန့်စင်ခြင်းအဆင့်။ ဝိညာဉ်အခြေပြုခြင်း နဲ့ ဝိညာဉ်သန့်စင်ခြင်းအဆင့် ဒါတွေက မူရင်းမှာ ရောနေပါတယ်။ နောက်အခန်းတွေမှာ မူရင်း ပြန်ထားတဲ့ပေါ် မူတည်ပြီး ပြန်ပြောင်းပေးပါ့မယ်။
အခန်း (၃၀) ဝင်္ကပါအတွင်းသို့ ဝင်ရောက်ခြင်း
လုံချန်းသည် ဒုတိယထပ်အဝင်ဝသို့ လျှောက်သွားရာ အကြီးအကဲရန်က နောက်မှ နီးကပ်စွာ လိုက်ပါလာသည်။ မကြာမီမှာပင် ရတနာဆောင် ဒုတိယထပ်၏ စွမ်းအင်အတားအဆီး အနီးသို့ ရောက်ရှိသွားတော့သည်။
လုံချန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ထိုအတားအဆီးဆီသို့ လျှောက်သွားလိုက်ရာ မည်သည့် အဟန့်အတားမျှ မရှိဘဲ အလွယ်တကူပင် ဖြတ်ကျော်သွားနိုင်ခဲ့သည်။ သူ၏ ကိုယ်ခန္ဓာအတွက် ထိုနေရာတွင် မည်သည့် အဆီးအတားမှ ရှိမနေသကဲ့သို့ပင် ခံစားလိုက်ရသည်။
သူသည် ဝိညာဉ်အခြေပြုခြင်း ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤအတားအဆီးကို ကျော်ဖြတ်နိုင်မည်ဟု သိထားသော်လည်း ဤမျှလောက်အထိ လွယ်ကူလိမ့်မည်ဟုမူ မထင်မှတ်ထားခဲ့ပေ။
အကြီးအကဲရန်မှာမူ လုံချန်း ဖြတ်ကျော်သွားသည်ကို မြင်လိုက်ရသည့်အခါ အံ့အားသင့်ကာ နေရာတွင်ပင် ကျောက်ရုပ်ပမာ ရပ်ကျန်ရစ်ခဲ့သည်။ လုံချန်း ဖြတ်ကျော်နိုင်ခဲ့သည်ကို သူ မယုံနိုင်အောင် ဖြစ်နေရသည်။
ဤသို့ဖြစ်ရခြင်းအပေါ် အကြီးအကဲရန်က ဖြစ်နိုင်ခြေ နှစ်ခုကို တွေးမိသည်။ တစ်ခုမှာ လုံချန်းသည် အတားအဆီးကို ဖြတ်ကျော်နိုင်သည့် မှော်ပစ္စည်း တစ်ခုခုကို အသုံးပြုကာ လိမ်ညာခဲ့ခြင်း ဖြစ်နိုင်သည်။ ဒုတိယတစ်ခုမှာမူ လုံချန်းသည် ပျောက်ဆုံးနေသော ၂ ရက်အတွင်း ကျင့်ကြံမှု အဆင့် ၅ ဆင့်အထိ အမှန်တကယ် ကျော်ဖြတ်ခဲ့ခြင်းပင်။
မည်သို့ပင်ဖြစ်စေ အကြီးအကဲရန်အနေဖြင့် လုံချန်းကို စမ်းသပ်မှုခံယူခြင်းမှ တားဆီး၍ မရသလို မှော်ပစ္စည်းများ ရှိမရှိလည်း ရှာဖွေ၍ မရပေ။ အကယ်၍ ရှာဖွေပြီး ဘာမှမတွေ့ခဲ့ပါက မျိုးနွယ်စုခေါင်းဆောင် လုံရန်၏မြေးကို မယုံကြည်ဘဲ စော်ကားမိသကဲ့သို့ ဖြစ်သွားမည်ကို သူ စိုးရိမ်ရသည်။
"မင်း အောင်မြင်သွားပြီပဲ၊ ကဲ... ငါ့နောက်ကို လိုက်ခဲ့တော့"
အကြီးအကဲရန်သည် အတွေးများကို လက်လျှော့လိုက်ကာ လုံချန်းကို စမ်းသပ်သည့်နေရာသို့ ခေါ်ဆောင်ရန် အတားအဆီးကို ဖြတ်ကျော်ကာ ရှေ့မှ ဦးဆောင်လျှောက်လှမ်းသွားတော့သည်။
လုံချန်းသည် ဒုတိယထပ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ ဘေးဘီဝဲယာကို သိလိုစိတ်ဖြင့် လိုက်လံကြည့်ရှုနေသည်။ လမ်းတစ်လျှောက်ရှိ စင်များပေါ်တွင် အဆင့်နိမ့် ဝိညာဉ်အဆင့် ရတနာများကို တွေ့မြင်နေရသည်။
"အကြီးအကဲရန်... ကျွန်တော် မြင်ရသမျှက ဘာလို့ အဆင့်နိမ့် ဝိညာဉ်အဆင့်တွေပဲ ဖြစ်နေတာလဲ။ ပိုကောင်းတဲ့ လက်နက်တွေက အထဲမှာ ရှိတာလား" ဟု လုံချန်းက မေးလိုက်သည်။
"ဟားဟားဟား... ဟုတ်တာပေါ့။ ပိုအစွမ်းထက်တဲ့ ရတနာတွေက သူတို့အတွက် သီးသန့်နေရာတွေ ရှိပါတယ်။ ရှင်ဘုရင်တစ်ပါးက သာမန်လူတွေရဲ့ အိမ်မှာ မနေသလိုပေါ့ကွယ်၊ အစွမ်းထက်တဲ့ လက်နက်များကိုလည်း သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ ထားပါတယ်။ မင်း စမ်းသပ်မှုမှာ ကောင်းကောင်း စွမ်းဆောင်နိုင်ရင် အဲဒါတွေကို မြင်ခွင့်ရမှာပါ" အကြီးအကဲရန်က ရယ်မောရင်း ပြန်ပြောပြသည်။
အတန်ကြာ လမ်းလျှောက်ပြီးနောက် အခန်းတစ်ခု၏ အရှေ့သို့ ရောက်ရှိလာသည်။ ထိုအခန်းမှာ တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး အနက်ရောင် တံခါးချပ်ကြီး ရှိသည်။
"ဒါကတော့ မင်း စမ်းသပ်မှု ခံယူရမယ့် အခန်းပဲ။ စမ်းသပ်မှုက ရိုးရှင်းပေမဲ့ ပထမထပ်မှာ ပထမဆုံး လက်နက်ရွေးတုန်းက ကြုံခဲ့ရတဲ့ စမ်းသပ်မှုနဲ့တော့ မတူဘူး" အကြီးအကဲရန်က ရှင်းပြသည်။
"အရင်တစ်ခေါက် စမ်းသပ်မှုက မင်းရဲ့ ပါရမီ အပေါ် မူတည်တာ။ အဲဒီတုန်းက မင်းက အဆင့်မြင့် ပါရမီရှင်ဖြစ်သလို အသက်ငယ်ငယ်နဲ့ ကျင့်ကြံမှု အားကောင်းခဲ့တော့ အလိုလို အောင်မြင်ခဲ့တာပေါ့။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ စမ်းသပ်မှုက စစ်မှန်တဲ့ ခွန်အားနဲ့ အလားအလာ အပေါ်မှာပဲ မူတည်လိမ့်မယ်" လုံချန်း မမေးမီမှာပင် အကြီးအကဲရန်က ဆက်ပြောပြလိုက်ခြင်း ဖြစ်သည်။
"ဦးလေးရန်... အသေးစိတ်လေး ထပ်ပြောပြပေးလို့ ရမလားခင်ဗျာ" လုံချန်းက ယဉ်ကျေးစွာ မေးလိုက်သည်။
"ရတာပေါ့ ထျန်းလေး။ မင်း အခု စမ်းသပ်မှု ခံယူရတော့မှာဆိုတော့ ငါ ပြောပြပါ့မယ်။ ဒီစမ်းသပ်မှုက ရိုးရှင်းသလို ခက်လည်း ခက်ပါတယ်။ ဒီအခန်းထဲမှာ ဝင်္ကပါ တစ်ခု ရှိတယ်။ မင်း အခန်းထဲကို ဝင်လိုက်တာနဲ့ ဝင်္ကပါက အလိုလို စတင်မှာဖြစ်ပြီး စမ်းသပ်မှုလည်း စပါပြီ"
"မင်းက ဝိညာဉ်သားရဲ ၅ ကောင်နဲ့ တစ်ကောင်ချင်းစီ ရင်ဆိုင်ရလိမ့်မယ်။ စိန်ခေါ်သူရဲ့ ကျင့်ကြံမှုထက် တစ်ဆင့်မြင့်တဲ့ သားရဲကနေ စတင်မှာဖြစ်ပြီး တစ်ဆင့်ချင်းစီ တက်သွားမှာပါ။ ၅ ကောင်မြောက် သားရဲကတော့ မင်းရဲ့ ကျင့်ကြံမှုထက် ၅ ဆင့် ပိုမြင့်လိမ့်မယ်။ ဒါပေမဲ့ အဲဒီသားရဲ ၅ ကောင်လုံးက သူတို့ရဲ့ အဆင့်အသီးသီးမှာ အခြေခံအဆင့်ပဲ ရှိကြပါလိမ့်မယ်" အကြီးအကဲရန်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
"ဒါဆို ကျွန်တော်က ဝိညာဉ်အခြေပြုခြင်း ပဉ္စမအဆင့်မှာ ရှိနေရင်၊ ၅ ကောင်မြောက် သားရဲက ဝိညာဉ်အခြေပြုခြင်း ဒသမအဆင့်ရဲ့ အခြေခံအဆင့်မှာ ရှိနေမှာပေါ့နော်။ အကောင်းဆုံး ရမှတ်ရဖို့ သူ့ကို အနိုင်တိုက်ရမှာပေါ့။ တကယ်လို့ ကျွန်တော်က အဆင့် ၈ မှာ ရှိနေရင် ရွှေရောင်အမြုတေအဆင့် ၃ သားရဲနဲ့ ရင်ဆိုင်ရမှာလား" လုံချန်းက အံ့အားသင့်စွာ မေးလိုက်သည်။
"အဲဒါက ရှေ့က အဆင့်တွေကို အောင်မြင်ခဲ့ရင်ပေါ့။ ဝိညာဉ်အဆင့် လက်နက်တစ်ခု ရဖို့အတွက်တော့ ဒီသားရဲ ၅ ကောင်လုံးကို အနိုင်တိုက်စရာ မလိုပါဘူး၊ ပထမတစ်ကောင်ကို အနိုင်ရရုံနဲ့ ရပါပြီ။ ဒါပေမဲ့ မင်း အဆင့်တွေ ပိုကျော်ဖြတ်နိုင်လေလေ၊ မင်း ရမယ့် လက်နက်ရဲ့ အဆင့်က ပိုကောင်းလေလေပဲ ဖြစ်မှာပါ"
"ဒီစမ်းသပ်မှုမှာ ဘယ်သူက အဝေးဆုံးအထိ ရောက်ဖူးလဲဟင်" လုံချန်းက သိလိုစိတ်ပြင်းပြစွာ မေးလိုက်သည်။
"မင်းတို့ မျိုးဆက်ထဲမှာဆိုရင်တော့ အဆင့်မြင့်အကြီးအကဲရဲ့ သား လုံစုပဲ။ သူက ဝိညာဉ်အခြေပြုခြင်း အဆင့် ၆ မှာ ရှိနေတုန်းက သူ့ထက် ၂ ဆင့် ပိုမြင့်တဲ့ သားရဲကို အနိုင်ယူခဲ့ဖူးတယ်။"
"သားရဲတွေက ကျင့်ကြံမှုအဆင့် တူရင်တောင် လူသားတွေထက် ပိုသန်မာတယ်ဆိုတာ မင်း သိမှာပါ။ အခုထိတော့ မင်းတို့ မျိုးဆက်ထဲမှာ တတိယအဆင့်ကို ဘယ်သူမှ မကျော်ဖူးသေးဘူး။ အရင်မျိုးဆက်တွေမှာဆိုရင်တော့..." အကြီးအကဲရန်သည် ခဏမျှ ရပ်ကာ လုံချန်းကို ကြည့်ပြီးမှ ဆက်ပြောသည်။
"အရင်မျိုးဆက်မှာတော့ မင်းရဲ့ဖခင် လုံကျွင်းပေါ့။ သူက ဝိညာဉ်အခြေပြုခြင်းအဆင့်မှာ ရှိနေတုန်း စံချိန်တင်ခဲ့တာ။ သူက တတိယအဆင့်ကို ကျော်ဖြတ်ပြီး စတုတ္ထအဆင့်အထိ ရောက်ခဲ့တယ်။ ဒါပေမဲ့ စတုတ္ထအဆင့်မှာ အကြာကြီး တိုက်ခိုက်ခဲ့ပေမဲ့ မကျော်ဖြတ်နိုင်ခဲ့ဘူး" အကြီးအကဲရန်က ပြောပြသည်။
"အိုး... အဖေက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲနော်။ ဟုတ်ပါပြီ... ကျွန်တော် အထဲကို ဝင်တော့မယ်။ ကျွန်တော် ဘယ်လောက်အထိ လုပ်နိုင်မလဲ ကြည့်ကြတာပေါ့" ထိုသို့ ဆိုကာ လုံချန်းသည် တံခါးဆီသို့ လျှောက်သွားလိုက်သည်။
သူ တံခါးဖွင့်ပြီး ဝင်ခါနီးတွင် အကြီးအကဲရန်က လှမ်းတားကာ တစ်ခု ထပ်ပြောသည်။
"နောက်ထပ် တစ်ခုရှိသေးတယ်၊ မင်း ဒုတိယအဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ အဆင့်ကို ကျော်ဖြတ်ပြီးလို့ စမ်းသပ်မှု ပြီးသွားတဲ့အခါ၊ အဲဒီအခန်းထဲမှာပဲ တံခါးတစ်ခု ပွင့်လာလိမ့်မယ်။"
"မင်းရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး မင်းနဲ့ ထိုက်တန်တဲ့ လက်နက်တွေ ရှိတဲ့နေရာကို အဲဒီတံခါးက ခေါ်ဆောင်သွားပေးလိမ့်မယ်။ ကံကောင်းပါစေကွယ်"
လုံချန်း တံခါးဖွင့်ကာ ဝင်လိုက်သည်နှင့် အနက်ရောင်တံခါး၏ အပေါ်ဘက်ရှိ ဖောက်ထွင်းမြင်ရသော ပုံဆောင်ခဲ ၅ လုံးထဲမှ တစ်လုံးသည် ဝါကျင့်ကျင့် အလင်းရောင်ဖြင့် စတင် တောက်ပလာသည်။ အကြီးအကဲရန်သည် စမ်းသပ်မှု စတင်ပြီဖြစ်ကြောင်း သိလိုက်သဖြင့် အပြင်မှ စောင့်ကြည့်နေတော့သည်။
လုံချန်း အခန်းထဲသို့ ဝင်လိုက်သည်နှင့် ကြမ်းပြင်ပေါ်ရှိ ဝင်္ကပါမှ အလင်းများ တောက်ပလာပြီး မြင်ကွင်းတစ်ခုလုံး ဖြူဖွေးသွားသည်။ မြင်ကွင်း ပြန်လည်ကြည်လင်လာသောအခါ လုံချန်းသည် ကျယ်ပြောလှသော ကွင်းပြင်ကြီးတစ်ခုထဲတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ဤသည်မှာ စမ်းသပ်မှု စတင်ပြီဖြစ်ကြောင်း လုံချန်း သိလိုက်ပါတော့သည်။