← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇) မီးပုံပွဲ

​"သခင်လေးထျန်း... ငါ့ညီမကို တစ်ခုခု ပြောစရာရှိလို့လား။ ဆုံကတည်းက မင်း သူမဘက်ကိုပဲ ခဏခဏ ကြည့်နေတာ သတိထားမိလို့ပါ" ယွဲ့လွမ်က လေးနက်သောလေသံဖြင့် မေးလိုက်သည်။

​"အာ... ဟုတ်ကဲ့၊ တတိယမင်းသမီးက မင်းသားနဲ့အတူ ဒီတောထဲကို ဘာလို့ ရောက်နေတာလဲဆိုတာ သိချင်လို့ပါ။ ပြီးတော့ မင်းသမီးက ကျွန်တော့်ကို လက်နက်နဲ့ ချိန်ထားတုန်းပဲလေ" လုံချန်းက ခပ်အူအူ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

​"အာ... တောင်းပန်ပါတယ်၊ လက်နက် ပြန်သိမ်းဖို့ မေ့သွားလို့ပါ" ယွဲ့ဖေးက မျက်နှာလေး နီမြန်းသွားကာ ပြောပြောဆိုဆိုနှင့် သူမ၏လက်နက်ကို အလျင်အမြန် ပြန်သိမ်းလိုက်သည်။

​"ဟားဟားဟား... ငါက တခြားအကြောင်း ရှိမလားလို့ပါ" ယွဲ့လွမ်က ယွဲ့ဖေးကို တစ်လှည့် လုံချန်းကို တစ်လှည့် ကြည့်ကာ ရယ်မောလိုက်သည်။

​"ရပါတယ် မင်းသား။ ဒါနဲ့ မင်းသားတို့နှစ်ယောက် ဒီတောထဲမှာ ဘာလုပ်နေကြတာလဲ" လုံချန်းက မေးလိုက်သည်။

​"မင်း သိတဲ့အတိုင်းပဲ၊ ဖေးအာက ကျင့်ကြံမှုအဆင့် မြင့်ပေမဲ့ နန်းတော်ထဲမှာပဲ နေခဲ့ရတော့ တိုက်ပွဲအတွေ့အကြုံ မရှိဘူးလေ။ ဒီတောထဲမှာ လေ့ကျင့်တာက အတွေ့အကြုံကောင်း ရလိမ့်မယ်လို့ ငါတွေးနေတုန်း သူမကလည်း လိုက်ချင်တယ်လို့ ပူဆာတာနဲ့ ခေါ်လာခဲ့တာပါ။ ခမည်းတော်ကလည်း သူမက အတင်းပူဆာလွန်းလို့ ခွင့်ပြုလိုက်တာပေါ့။ ဒီတောထဲမှာ ဝိညာဉ်အခြေပြုခြင်း အဆင့် ၁၀ ထက် ကျော်တဲ့ သားရဲတွေ မရှိဘူးဆိုတော့ လေ့ကျင့်ဖို့ ကောင်းတဲ့နေရာလေ။ ဒါနဲ့ မင်းကရော ဘာလို့ ဒီကို ရောက်နေတာလဲ"

​"ကျွန်တော်လည်း မင်းသားတို့လိုပဲ အတွေ့အကြုံယူဖို့ လာခဲ့တာပါ" လုံချန်းက ပြုံး၍ ဖြေသည်။

​"မင်းရဲ့ မျိုးနွယ်စုက မင်းကို ဒီကိုလွှတ်လိုက်တယ်ဆိုတာ မယုံနိုင်စရာပဲ။ ငါတို့အတွက် ဒီနေရာက အန္တရာယ်မရှိပေမဲ့ မင်းလို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ ရှိတဲ့သူအတွက်တော့ ဒါက သေတွင်းပဲလေ။ မင်း ပြန်သွားသင့်တယ် သူငယ်ချင်းလေး" ယွဲ့လွမ်က အကြံပြုသည်။

​"ကျွန်တော် ရင်ဆိုင်နိုင်ပါတယ် မင်းသား။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျွန်တော် ဝိညာဉ်အခြေပြုခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့လို့ ဒီတောအုပ်က ကျွန်တော့်အတွက် အဆင်ပြေပါတယ်"

​'ဒီလုံထျန်းက ဝိညာဉ်အခြေပြုခြင်းအဆင့်ကို အခုမှ တက်တာဖြစ်မယ်၊ ပြီးတော့ သားရဲတွေနဲ့ တိုက်ဖို့ ဒီကို ချက်ချင်းလာတာဆိုတော့ တော်တော်မိုက်ရူးရဲဆန်တာပဲ။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ လူအ,တစ်ယောက်လိုမျိုး ခံစားချက် မရဘူး။ သူ အားကိုးစရာ တစ်ခုခု ရှိနေလို့လား' ယွဲ့လွမ်က တွေးနေမိသည်။

​"မင်း အဲဒီလို ပြောမှတော့လည်း ထားပါတော့။ ဒါနဲ့ ငါတို့နဲ့အတူ ခရီးသွားမလား။ မင်းဘာသာ ရင်ဆိုင်နိုင်တယ်ဆိုပေမဲ့ ငါတို့နဲ့အတူရှိနေတာက ပိုစိတ်ချရတာပေါ့။ မင်းတစ်ခုခုဖြစ်သွားရင် မျိုးနွယ်စုခေါင်းဆောင်ကြီး လုံရန်က နဂါးမြို့တော်မှာ ထပ်ပြီး ဆူပူသောင်းကျန်းနေမှာ ငါမလိုချင်ဘူး"

​"ကျွန်တော် ဒီည အနားယူဖို့ နေရာရှာနေတာပါ။ ဒါပေမဲ့ မင်းသားတို့နဲ့အတူ ခရီးမသွားပါရစေနဲ့။ ကိုယ်တိုင် ကျော်ဖြတ်ရတဲ့ တိုက်ပွဲတွေကမှ ကျွန်တော့်ကို ပိုသန်မာစေမှာပါ။ ဒါကြောင့် ကျွန်တော် တစ်ယောက်တည်းပဲ သွားချင်ပါတယ်" လုံချန်းက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

​"ဪ... ကောင်းပြီလေ၊ မင်း အဲဒီလို ဆန္ဒရှိရင်လည်း" ယွဲ့လွမ်က ဆိုသည်။ "မင်းမှာ တဲပါလာမှာပဲ။ ငါတို့တဲတွေရဲ့ အနားမှာပဲ မင်းရဲ့တဲကို ထိုးလိုက်ပေါ့။ ငါတို့ရဲ့ သတိပေးဝင်္ကပါက လူတစ်ယောက် ဝင်လာတာနဲ့ ငါတို့ကို အသိပေးမှာဆိုတော့ ဒီမှာနေတာ ဘေးကင်းပါတယ်။ မနက်ကျမှ မင်း ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ပေါ့"

​"ဒါဆိုရင်တော့ မင်းသားရဲ့ စေတနာကို ကျွန်တော် လက်ခံပါ့မယ်" ထိုသို့ ဆိုကာ လုံချန်းသည် သူတို့နှင့် မလှမ်းမကမ်းတွင် တဲကို စတင် ပြင်ဆင်လိုက်တော့သည်။

​တဲပြင်ဆင်ပြီးသောအခါ အတော်လေး မှောင်နေပြီဖြစ်ရာ ယွဲ့လွမ်နှင့် ယွဲ့ဖေးတို့မှာ အပြင်ဘက်ရှိ မီးပုံဘေးတွင် ထိုင်နေကြသည်။

​"ဒီနေရာက မြင်ကွင်းက တော်တော်လှတာပဲနော်" လုံချန်းက ယွဲ့လွမ်အနားတွင် သွားထိုင်ရင်း ပြောလိုက်သည်။

​"ကျွန်တော် တစ်ခု သိချင်လို့ပါ။ ကျွန်တော်တို့က ဒီနေ့မှ ပထမဆုံး ဆုံဖူးကြတာလေ၊ တစ်ယောက်အကြောင်း တစ်ယောက်လည်း ကောင်းကောင်းမသိဘဲနဲ့၊ မင်းသားက ကျွန်တော့်ကို ဒီမှာနေဖို့ ဘာလို့ ခွင့်ပြုတာလဲ။ မင်းသားနဲ့ မင်းသမီးရဲ့ ဘေးကင်းရေးအတွက် မစိုးရိမ်ဘူးလား" ဟု လုံချန်းက မေးလိုက်သည်။

​"ဟားဟားဟား... ဘာလို့လဲကွာ။ စိုးရိမ်စရာ လိုလို့လား။ ပထမအချက်က ငါတို့ခမည်းတော်က ငါတို့ကို အစောင့်အရှောက်မပါဘဲ အပြင်ထွက်ခွင့် ဘယ်တော့မှ မပေးဘူး။ အခု မင်း မမြင်ရပေမဲ့ ငါတို့ရဲ့ တော်ဝင်အစောင့်တွေက မင်းရဲ့ လှုပ်ရှားမှုတိုင်းကို အနီးအနားကနေ စောင့်ကြည့်နေကြတယ် သခင်လေးထျန်း"

​"ဒုတိယအချက်ကတော့... စိတ်မဆိုးနဲ့နော်၊ ငါတို့နှစ်ယောက်တည်း ရှိနေရင်တောင် မင်း ငါတို့ကို ဒုက္ခပေးနိုင်လောက်တဲ့အထိ မသန်မာသေးဘူးလို့ ငါထင်တယ်" ယွဲ့လွမ်က ပွင့်ပွင့်လင်းလင်းပင် ရယ်မောကာ ပြောလိုက်သည်။

​'ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံအရ အနားမှာ ရွှေအမြုတေ အဆင့် ရှိတဲ့ စစ်သည် ၂ ယောက် ရှိနေတာ သိပြီးသားပါ။ သူတို့ဆီက ရန်လိုတဲ့အငွေ့အသက် မရလို့ သူတို့က တော်ဝင်အစောင့်တွေ ဖြစ်မယ်လို့ ငါ ခန့်မှန်းထားတာ၊ အခုတော့ သေချာသွားပြီ'

​'ငါ တစ်ယောက်တည်း သွားမှဖြစ်မယ်၊ လုံစုကို အမြန်ရှာပြီး သတ်ရမယ်။ တကယ်လို့ ဒီလူတွေနဲ့သာ ဆုံနေရင်တော့ တော်ဝင်အစောင့်တွေရဲ့ မျက်စိအောက်မှာ လုံစုကို လူမသိအောင် သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး' လုံချန်းက တွေးတောနေမိသည်။

​"ဘာလို့ အဲဒီလောက် မျက်နှာကြီး တည်နေရတာလဲ။ မစိုးရိမ်ပါနဲ့ သူငယ်ချင်းလေး၊ သူတို့ မင်းကို ဘာမှ မလုပ်ပါဘူး" ယွဲ့လွမ်က ပြုံး၍ ပြောသည်။

​"အာ... ဘာမှမဟုတ်ပါဘူး၊ ကိစ္စတစ်ခု စဉ်းစားနေလို့ပါ။ ဒါနဲ့ တတိယမင်းသမီးက တစ်ခါပဲ စကားပြောတာ ကြားရသေးတယ်။ သူမက စကားနည်းတာလား" လုံချန်းက အသံတိုးတိုးဖြင့် မေးလိုက်သည်။

​"ဟားဟား... သူမက စကားနည်းတယ် ဟုတ်လား။ စကားပြောပြီဆိုရင် ရေပက်မဝင်အောင် မရပ်မနား ပြောတတ်တဲ့သူပါ။ သူစိမ်းတွေနဲ့ဆိုရင်တော့ သူမက ရှက်တတ်လို့ပါ။ အတူတူနေကြည့်ရင် မင်း သိလာပါလိမ့်မယ်" ယွဲ့လွမ်က ရယ်မောကာ ဖြေသည်။

​"အစ်ကိုတော်... ညီမလေးအကြောင်း မကောင်းပြောပြန်ပြီ။ အစ်ကိုတော့်ကို စကားမပြောတော့ဘူး" ယွဲ့ဖေးက ယွဲ့လွမ်ကို စိုက်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ သို့သော် လုံချန်းက သူမကို ကြည့်နေသည်ကို သတိပြုမိသွားသည့်အခါ သူမသည် ခေါင်းလေးငုံ့ကာ မြေကြီးကိုသာ ကြည့်နေတော့သည်။

​'စိတ်ဝင်စားစရာ ကောင်မလေးပဲ။ သူတို့နှစ်ယောက်လုံးက တကယ့်ကို စိတ်ကောင်းရှိကြတာပဲ။ လှည့်စားမှုတွေ ပြည့်နှက်နေတဲ့ တော်ဝင်မိသားစုထဲမှာ မွေးဖွားလာပြီးတော့ ဒီလောက်အထိ ဖြူစင်နေကြတာ ထူးဆန်းတယ်။ သူတို့ဖခင်ကလည်း တကယ့်ကို စိတ်ကောင်းရှိတဲ့သူ ဖြစ်ရမယ်'

​"ငါ မင်းအကြောင်း မကောင်းပြောတာ မဟုတ်ပါဘူး ဖေးအာရယ်။ မင်းရဲ့ ချစ်စရာကောင်းတဲ့ အချက်တွေကို သခင်လေးထျန်းကို ပြောပြနေတာပါ" ယွဲ့လွမ်က ရယ်ရင်း ချော့လိုက်သည်။

​"ဟွန့်... ညီမလေး အိပ်တော့မယ်" ယွဲ့ဖေးသည် ထိုင်ရာမှထကာ သူမ၏တဲအတွင်းသို့ ပြေးဝင်သွားတော့သည်။

​"ဟားဟား... သူမက ရှက်တတ်လွန်းလို့ပါ။ ဒါပေမဲ့ သူမလို ညီမလေးတစ်ယောက် ရှိတာ ငါ့အတွက်တော့ တကယ့်ကို ကံကောင်းခြင်းပါပဲ"

​"ကဲ... ငါလည်း အိပ်တော့မယ်။ မနက်မှ တွေ့ကြတာပေါ့ ညီလေးထျန်း" ယွဲ့လွမ်သည်လည်း ထ၍ သူ၏တဲထဲသို့ ဝင်သွားသည်။

​'သူတို့နှစ်ယောက် တော်တော်လေး ချစ်ကြတာပဲ။ မောင်နှမချင်း ဒီလောက် သံယောဇဉ်ကြီးတာ မြင်ရတာ စိတ်ချမ်းသာစရာပဲ။ သူတို့က မိခင်တစ်ယောက်တည်းက မွေးတာမို့လို့ ဖြစ်မယ်။ တခြား မိခင်မတူတဲ့ မင်းသား၊ မင်းသမီးတွေကြားမှာရော ဒီလိုပဲ ဖြစ်ပါ့မလား' လုံချန်း တွေးတောနေမိသည်။

​"ငါ့ကိစ္စကိုပဲ ငါ အာရုံစိုက်သင့်တယ်။ တော်ဝင်မိသားစုအကြောင်း တွေးနေစရာ မလိုဘူး" သူ တိုးတိုးလေး ရေရွတ်ကာ တဲထဲသို့ ဝင်ခဲ့သည်။

​တဲထဲသို့ ရောက်သည်နှင့် လုံချန်းသည် ကျင့်ကြံမှုကို စတင်လိုက်သည်။ သူ၏ ကျင့်ကြံမှုမှာ အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း ဝိညာဉ်အခြေပြုခြင်း အဆင့် ၅ အထွတ်အထိပ်သို့ ရောက်ရန် ရက်အနည်းငယ် ထပ်လိုသေးကြောင်း သူ သိလိုက်သည်။ ၂ နာရီခန့် ကျင့်ကြံပြီးနောက် လေကောင်းလေသန့် ရရှိရန် တဲအပြင်သို့ ခေတ္တ ထွက်လာခဲ့သည်။

​"မင်းသမီး ယွဲ့ဖေး... မအိပ်သေးဘူးလား" လုံချန်း တဲအပြင်ထွက်လာသည့်အခါ မင်းသမီး ယွဲ့ဖေးမှာ တဲအပြင်တွင် ထိုင်ကာ ကြယ်များကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။

အခန်း (၃၈) သတ်ဖြတ်ခြင်း

​"အယ်... သခင်လေးထျန်း။ ရှင်ရော ဘာလို့ မအိပ်သေးတာလဲ" ယွဲ့ဖေးက သူမ၏ ချစ်စရာကောင်းသော အသံလေးဖြင့် မေးလိုက်သည်။

​"မင်းသမီးက စကားခဏခဏ ပြောသင့်တယ်၊ မင်းသမီးရဲ့ အသံက တကယ်နားထောင်လို့ ကောင်းတာပဲ" လုံချန်းက သူမကို ကြည့်ရင်း ချီးကျူးလိုက်သည်။

​"ကျွန်တော် အိပ်လို့မပျော်တာနဲ့ လေကောင်းလေသန့်ရအောင် ထွက်လာတာပါ။ ဒါနဲ့ မင်းသမီးဖေးကရော ဘာလို့ ဒီမှာ ရှိနေတာလဲ" လုံချန်း၏ ချီးကျူးစကားကြောင့် ယွဲ့ဖေး၏ ပါးပြင်လေးများ နီမြန်းသွားသည်ကို မြင်လိုက်ရသဖြင့် သူသည် သူမအနားသို့ လျှောက်သွားရင်း စကားဆက်လိုက်သည်။

​"ကျွန်မလည်း အိပ်မပျော်လို့ အပြင်ထွက်လာတာပါ။ ဒီလှပတဲ့ ကောင်းကင်ကြီးကို ကြည့်နေရင်းနဲ့ မျက်တောင်တောင် မခတ်နိုင်လောက်အောင် ဖြစ်သွားလို့ပါ" ယွဲ့ဖေးက လုံချန်း သူမအနားသို့ တိုးလာသည်ကို သတိပြုမိရင်း ပြောလိုက်သည်။

​လုံချန်းသည် သူမနှင့် ၅ မီတာခန့်အကွာတွင် ရပ်တန့်လိုက်ပြီး ဝင်ထိုင်လိုက်သည်။

​"ဟုတ်တယ်၊ ဒီကောင်းကင်ကြီးက တကယ်လှတာပဲ။ မင်းသမီးဖေးလိုမျိုးပေါ့။ ကျွန်တော်တောင် မျက်တောင်မခတ်နိုင်ဘဲ ငေးကြည့်နေမိတယ်" လုံချန်းက ယွဲ့ဖေး၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

​ယွဲ့ဖေးက ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲလိုက်သော်လည်း လုံချန်းက သူမကို ဆက်လက်ငေးကြည့်နေဆဲပင်။

​"မင်းသမီးဖေး... ဒုတိယမင်းသား ပြောတာတော့ မင်းသမီးက သူ့နောက်ကို လိုက်ချင်တယ်လို့ ပူဆာခဲ့တာဆို။ ဘာလို့ အဲဒီလို လုပ်ခဲ့တာလဲ" လုံချန်းက အကြောင်းအရာကို ပြောင်းလိုက်သည်။

​"ဪ... ကျွန်မက အပြင်လောကကို ပိုပြီး မြင်ချင်လို့ပါ။ အချိန်အများစုကို နန်းတော်ထဲမှာပဲ ကုန်ဆုံးခဲ့ရတာလေ။ အပြင်ထွက်ရင်တောင် တော်ဝင်မြို့တော်ထဲက ဆိုင်တွေနဲ့ နေရာတချို့ကိုပဲ သွားခွင့်ရတာ။ ခမည်းတော်က တခြားဘယ်နေရာကိုမှ သွားခွင့်မပေးဘူး။ အခု အစ်ကိုတော်က တောထဲမှာ လေ့ကျင့်ဖို့လာမယ်ဆိုတာနဲ့ ဒီအခွင့်အရေးကို အရယူလိုက်တာပါ" ယွဲ့ဖေးက ကောင်းကင်ကို ကြည့်ရင်း ပြောပြသည်။

​"မင်းသမီးဖေးမှာ ဒီလိုစိတ်ဓာတ်ရှိမယ်လို့ ကျွန်တော် မထင်ခဲ့ဘူး" လုံချန်းက ပြုံးလိုက်သည်။

​"အာ... မိုးချုပ်နေပြီပဲ၊ ကျွန်မ သွားအိပ်တော့မယ်။ နောက်ကျမှ နိုးရင် အစ်ကိုတော် ဆူလိမ့်မယ်။ မင်္ဂလာညပါ သခင်လေးထျန်း"

​"မင်္ဂလာညပါ မင်းသမီးဖေး။ အိပ်မက်လှလှမက်ပါစေ" လုံချန်းကလည်း ထရပ်ရင်း ပြုံး၍ နှုတ်ဆက်လိုက်သည်။ ယွဲ့ဖေး တဲထဲဝင်သွားသည်ကို ကြည့်ပြီးနောက် သူလည်း သူ၏တဲထဲသို့ ပြန်ဝင်ခဲ့သည်။

​နောက်တစ်နေ့ နံနက်စောစောတွင် ယွဲ့လွမ်နှင့် ယွဲ့ဖေးတို့ နိုးလာချိန်၌ လုံချန်း၏တဲကို မတွေ့ရတော့သလို သူလည်း မရှိတော့ပေ။

​"ဒီကောင်လေး... ထွက်သွားပြီပဲ။ ဘာလို့ အဲဒီလောက် အလောတကြီး ဖြစ်နေရတာလဲ။ မင်းက သူ့ကို စားပစ်မှာကျနေတာပဲ" ယွဲ့လွမ်က ယွဲ့ဖေးကို ကြည့်ကာ စနောက်လိုက်သည်။

​"အစ်ကိုတော်က အမြဲတမ်း ညီမလေးကို အနိုင်ကျင့်နေတာပဲ" ယွဲ့ဖေးက ကလေးတစ်ယောက်လို ယွဲ့လွမ်၏ ပခုံးကို ထုရိုက်ကာ စိတ်ဆိုးတော့သည်။

​တစ်ဖက်တွင်မူ လုံချန်းသည် ရှေ့သို့ ဆက်လက်ချီတက်ရင်း လမ်းတွင်ပိတ်ဆို့နေသော ဝိညာဉ်သားရဲများကို နှိမ်နင်းနေသည်။

​သူ ရှေ့သို့ ဆက်လျှောက်လာစဉ် မီတာ ၁၅၀ ခန့်အကွာရှိ သစ်ပင်များနောက်တွင် ပုန်းအောင်းနေသော လူ ၃ ယောက်ကို အာရုံခံမိလိုက်သည်။

​'ဟမ်... အဲဒီ ၃ ယောက်က ပုန်းနေကြတာလား။ မြေပြင်ပေါ်မှာ သွေးစတွေက လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးပေမဲ့ အလောင်းတွေ ဒါမှမဟုတ် လူသေခြေရာတွေ မတွေ့ရဘူး။ စိတ်ဝင်စားစရာပဲ' လုံချန်း တွေးလိုက်သည်။

​"သူတို့နဲ့ နည်းနည်း ကစားကြည့်ရမလား။ ငါ ကျင့်ကြံသူတွေနဲ့ မတိုက်ရသေးဘူး၊ ဒီ ၃ ယောက်က အစမ်းသပ်ခံဖို့ ကောင်းပါတယ်။ တစ်ယောက်က အဆင့် ၇၊ နှစ်ယောက်က အဆင့် ၆။ သူတို့ကိုတောင် မနိုင်ရင် လုံစုကို ငါ ဘယ်လို သတ်နိုင်မလဲ" လုံချန်း တိုးတိုးလေး ရေရွတ်လိုက်သည်။

​သူသည် လုံမျိုးနွယ်စုတံဆိပ်ပါသော ရွှေရောင်ဝတ်ရုံကို ချွတ်၍ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ အကယ်၍ ဤဝတ်ရုံကိုသာ ဆက်ဝတ်ထားလျှင် ထိုဓားပြများက သူ့ကို တိုက်ခိုက်ရဲမည်မဟုတ်ပေ။ သူတို့ တိုက်ခိုက်မှသာ သူတို့ကို သတ်ရန် အကြောင်းပြချက် ကောင်းကောင်းရမည် မဟုတ်ပါလား။

​လုံချန်း အနားသို့ တိုးလာသည်နှင့် ထို ၃ ယောက်က သူ့ကို သတိပြုမိသွားသည်။

​"ခေါင်းဆောင်ကွမ်... ကောင်လေးတစ်ယောက် လာနေတယ်၊ ဝတ်ထားတာတော့ တော်တော်သားနားတာပဲ။ သူက ချမ်းသာတဲ့ မိသားစုက ဖြစ်ရမယ်" မုတ်ဆိတ်ရှည်နှင့် လူပုလေးက ခေါင်းပြောင်ကြီးကို ပြောလိုက်သည်။

​"မင်းပြောတာ မှန်တယ် ဝူယ... ၁၂ နှစ်၊ ၁၃ နှစ်အရွယ်ပဲ ရှိဦးမယ်။ သူက တော်တော်လေး အားနည်းမှာပဲ။ ဒီမှာ အသက်ရှင်နိုင်မယ် ထင်နေတဲ့ လူနုံလေး ဖြစ်မယ်။ ငါတို့ကပဲ သူ့မိဘတွေကိုယ်စား ယဉ်ကျေးမှုရှိအောင် သင်ခန်းစာ ပေးလိုက်ကြတာပေါ့။ နေရာယူကြ" ခေါင်းဆောင်ကွမ်က ပြုံးရင်း ပြောလိုက်သည်။

​'သူတို့ တိုက်ဖို့ ပြင်နေပြီပဲ။ ငါ့အထင် မှန်တယ်' လုံချန်းက ပြုံး၍ ဆက်လျှောက်သွားသည်။

​"ဟားဟားဟား... ကောင်လေး၊ ဒီနေရာက မင်း အလွယ်တကူ လျှောက်သွားလို့ရတဲ့ နေရာမဟုတ်ဘူးကွ" ဝူယက သူ၏ ဘယ်ဘက်မှ ထွက်လာကာ ရယ်မောလိုက်ပြီး ညာဘက်မှလည်း ကြွက်သားတောင့်တောင့်နှင့် လူတစ်ယောက် ထွက်လာသည်။

​"ဟုတ်တယ် သူငယ်ချင်းလေး၊ အပြင်လောကက မင်းထင်သလို မသာယာဘူးကွ။ အထူးသဖြင့် ဒီလို အန္တရာယ်များတဲ့ နေရာမျိုးမှာ ဘာမဆို ဖြစ်သွားနိုင်တယ်။ မင်း အသတ်ခံလိုက်ရရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး" ခေါင်းဆောင်ကွမ်က ယုတ်မာသော အပြုံးဖြင့် ရှေ့မှ ပိတ်ရပ်လိုက်သည်။

​"ဪ... ဒါဆို ခင်ဗျားတို့က ကျွန်တော့်ကို ဒီလောကအကြောင်း သင်ပေးမလို့လား" လုံချန်းက ခေါင်းပြောင်ကြီးကို စိုက်ကြည့်ရင်း ပြုံးမေးလိုက်သည်။

​"အေးပေါ့... ငါတို့က စိတ်ကောင်းရှိလို့ပါ" ဝူယက ဓားကို ဆွဲထုတ်ကာ ဝိညာဉ်အခြေပြုခြင်း အဆင့် ၆ စွမ်းအားကို အသုံးပြုပြီး လုံချန်းထံသို့ ပြေးဝင်လာသည်။

​'ဒီကောင်လေး အရမ်းငယ်သေးတယ်၊ သူ ဘယ်လို သေသွားမှန်းတောင် သိမှာမဟုတ်ဘူး' ဝူယ တွေးရင်း တိုက်ခိုက်လိုက်သည်။ သို့သော် သူ လမ်းတစ်ဝက်ပင် မရောက်သေးမီ မြင်ကွင်းများ ပြောင်းလဲသွားပြီး ခေါင်းမပါသော ခန္ဓာကိုယ်တစ်ခု လုံချန်းထံသို့ ဆက်ပြေးသွားသည်ကို သူ မြင်လိုက်ရသည်။

​ဝူယ ဘာမှ မစဉ်းစားနိုင်မီမှာပင် သူ၏ မြင်ကွင်းမှာ မှောင်အတိကျသွားပြီး သေဆုံးသွားတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ ခေါင်းနှင့် အနည်းငယ်ဝေးရာတွင် လဲကျသွားသည်။

​ခေါင်းဆောင်ကွမ်မှာ ဝူယ တိုက်ခိုက်သည်ကို ကြည့်ကာ ပြုံးနေခဲ့သော်လည်း ဝူယ၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို မြင်လိုက်ရသည့်အခါတွင်မူ သူသည် ဘေးဒုက္ခနှင့် တိုးနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ရှေ့က ကောင်လေးမှာ သာမန်မဟုတ်ပေ။

​"တောက်... ဒီကောင်က သန်မာတယ်။ ထီချွမ်း... ငါနဲ့အတူ ပူးပေါင်းတိုက်မယ်" ကွမ်က ကြွက်သားကြီးနှင့်လူကို လှည့်အော်လိုက်သည်။ သို့သော် သူ လှည့်ကြည့်လိုက်သည့်အခါ ထီချွမ်းမှာလည်း မြေပြင်ပေါ်တွင် အသက်မဲ့စွာ လဲနေပြီ ဖြစ်သည်။

​ကွမ်က လုံချန်း ရပ်နေသည့် နေရာကို ပြန်ကြည့်သော်လည်း ဘယ်သူမှ မရှိတော့ပေ။

​"မင်းတို့ဆီက တိုက်ပွဲအတွေ့အကြုံ ရမယ် အောက်မေ့တာ၊ အဆင့် ၅ သားရဲတွေလောက်တောင် အသုံးမကျပါလား။ ငါ့အချိန်တွေ အလကား ကုန်တာပဲ" လုံချန်း၏ အထင်အမြင်သေးသော အသံကို ကွမ်က သူ၏ နောက်ကျောဘက်မှ ကြားလိုက်ရသည်။ သူ မလှုပ်ရှားနိုင်မီမှာပင် ဓားတစ်ချက်က သူ၏ နောက်ကျောမှတဆင့် နှလုံးသားကို ဖောက်ထွက်သွားတော့သည်။

​ခေါင်းဆောင်ကွမ်မှာ ဤငမိုက်သားလေးကို လာရောက် ရန်စမိသည့်အတွက် နောင်တရရင်း သေဆုံးသွားခဲ့သည်။

​လုံချန်းသည် သူ၏ ရွှေရောင်ဝတ်ရုံကို ပြန်ဝတ်ကာ ဘာမှမဖြစ်ခဲ့သကဲ့သို့ ရှေ့သို့ ဆက်လျှောက်သွားသည်။

​နာရီဝက်ခန့်အကြာတွင် ထိုနေရာသို့ လူနှစ်ယောက် ရောက်လာသည်။ ၎င်းတို့မှာ ယွဲ့လွမ်နှင့် ယွဲ့ဖေး တို့ပင် ဖြစ်သည်။

​"တကယ့် သတ်ဖြတ်ပွဲပဲ။ ဒါတွေက ဓားဒဏ်ရာတွေပဲ၊ လူသားကျင့်ကြံသူ တစ်ယောက်ယောက် လုပ်သွားတာ ဖြစ်ရမယ်" ယွဲ့လွမ်က ဒဏ်ရာများကို ကြည့်ကာ မှတ်ချက်ပေးသည်။ ယွဲ့ဖေးမှာမူ ခေါင်းမပါသော အလောင်းကို ကြည့်ကာ မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။

All Chapters