အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း (၄၁) ဘုရင့်ဓားကို အသုံးပြုခြင်း
"ဘာကိစ္စလဲ" လုံချန်းက သူတို့ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"သခင်လေးလုံ... ကျွန်မတို့ အရင်က ပြောခဲ့သလိုပဲ ကျွန်မတို့မှာ အကြွေးတွေရှိပါတယ်။ ဒီတောအုပ်ထဲမှာ သားရဲတွေကို လိုက်လံရှာဖွေပြီး သတ်ရုံနဲ့တော့ မအောင်မြင်နိုင်ဘူးဆိုတာ ကျွန်မတို့ သိလိုက်ရပါပြီ။ ပိုဆိုးတာက ကိုယ့်ကိုယ်ကိုယ် ဒုက္ခတွင်းထဲ ဆွဲခေါ်သလို ဖြစ်နေတာပါ။" ဟု ရွှယ်က မေ၏ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
"ဟုတ်ပါတယ်... ပြီးတော့ သခင်လေးက မြင့်မြတ်တဲ့ လုံမျိုးနွယ်စုက ဖြစ်တဲ့အတွက် ကျွန်မတို့ကို မျိုးနွယ်စုရဲ့ အစေခံအဖြစ် ငှားရမ်းပေးဖို့ တောင်းဆိုလို့ ရမလားဟင်။ သခင်လေးက ကျွန်မတို့ အသက်ကို ကယ်ထားပေးလို့ နောက်ထပ် အကူအညီ မတောင်းသင့်ဘူးဆိုတာ သိပေမဲ့ ဒါလေးတစ်ခုကိုတော့ တကိုယ်ကောင်းဆန်ဆန် တောင်းဆိုပါရစေ။ ကျွန်မတို့ တာဝန်တွေကို ကြိုးကြိုးစားစား ထမ်းဆောင်မှာပါ၊ သခင်လေးကို စိတ်ပျက်အောင် မလုပ်ပါဘူး" ရွှယ်နှင့် မေတို့က ခေါင်းငုံ့လျက် တပြိုင်နက်တည်း တောင်းပန်တိုးလျှိုးလိုက်ကြသည်။
'အင်း... မျိုးနွယ်စုကြီး ၃ ခုက သူတို့ရဲ့ အစေခံတွေကို လစာကောင်းကောင်းပေးတယ်ဆိုတာ သူတို့ ကြားဖူးပုံရတယ်။ ငါ့ရဲ့ အရှိန်အဝါကို သုံးပြီး လုံမျိုးနွယ်စုမှာ အလုပ်လုပ်ချင်တာကိုး။ ဒါက ငါ့အတွက်တော့ ထိခိုက်စရာမရှိပါဘူး' လုံချန်းက ထိုမိန်းကလေးနှစ်ဦးကို တိတ်ဆိတ်စွာ ကြည့်ရင်း တွေးလိုက်သည်။
"ကောင်းပြီလေ၊ မင်းတို့ရဲ့ တောင်းဆိုချက်ကို ငါ လက်ခံတယ်။ ငါ့ရထားလုံးက တောအုပ်အပြင်ဘက်မှာ ရှိတယ်။ အဝင်ဝမှာ တွေ့ရမယ့် ရထားလုံး ၃ စီးထဲက အဝေးဆုံးမှာရှိတဲ့ တစ်စီးပဲ။ ငါ ပြန်ထွက်လာတဲ့အထိ အဲဒီမှာ စောင့်နေကြ" လုံချန်းက သူ၏ အစီအစဉ်ကို မလုပ်ဆောင်မီ သူတို့ကို ညွှန်ကြားလိုက်သည်။
သို့သော် သူ မထွက်ခွာမီ တစ်ခု ထပ်ပြောလိုက်သေးသည်။ "သတိပေးထားမယ်နော်... ဒီနေ့ တောထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို တစ်ခုခု ပေါက်ကြားတာဖြစ်ဖြစ်၊ ကောလာဟလ ဖြန့်တာဖြစ်ဖြစ် လုပ်ခဲ့ရင်တော့ မင်းတို့က မိန်းကလေးဖြစ်နေရင်တောင် ငါ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဟိုမြေပြင်ပေါ်က လူတွေလိုပဲ အဆုံးသတ်သွားမယ်ဆိုတာ မှတ်ထား"
လုံချန်း၏ အေးစက်သော အသံကို ကြားလိုက်ရသည့်အခါ ထိုမိန်းကလေးနှစ်ဦး၏ ပျော်ရွှင်မှုများမှာ ချက်ချင်း ရပ်တန့်သွားသည်။ လုံချန်းသည် မျက်စိတစ်မှိတ်အတွင်း လူများစွာကို သတ်ပစ်ခဲ့သည်ကို ပြန်လည် မြင်ယောင်လာသဖြင့် သူတို့ တုန်လှုပ်ချောက်ချားသွားကြသည်။
ခေတ္တအကြာတွင် ထိုမိန်းကလေးနှစ်ဦးမှာ တောအုပ်အပြင်ဘက်သို့ စတင် ထွက်ခွာသွားကြတော့သည်။
တစ်ဖက်တွင်မူ လုံချန်းသည် ပိုမိုနက်ရှိုင်းသော နေရာသို့ ဆက်လက် ချီတက်လာခဲ့သည်။ ရုတ်တရက် သူ၏ စိတ်ဝိညာဉ်အာရုံအတွင်းသို့ အရာတစ်ခု ဝင်ရောက်လာသည်။ အဆင့် ၁၀ ဝိညာဉ်သားရဲတစ်ကောင်မှာ သူရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေခြင်းဖြစ်သည်။ ၎င်းနှင့် သူ၏ အကွာအဝေးမှာ မီတာ ၁၀၀ သာ ကွာဝေးတော့သည်။ ထိုသားရဲမှလွဲ၍ ပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိပေ။
"ကောင်းကင်မိစ္ဆာတောင်ပံများ" လုံချန်းသည် သူ၏တောင်ပံများကို အသုံးပြုကာ အပေါ်သို့ ပျံတက်လိုက်ပြီး အနီးရှိ သစ်ပင်မြင့်တစ်ပင်၏ သစ်ကိုင်းပေါ်တွင် ထိုင်နေလိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ထိုသားရဲမှာ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေတော့သည်။
'ခုနစ်ရောင်စဉ် ကျားသစ်လား။ ဒါကတော့ ခက်ခဲတော့မှာပဲ။ ဝိညာဉ်အခြေပြုခြင်း အထွတ်အထိပ်အဆင့်ရှိတဲ့ သားရဲပဲ၊ တိုက်စစ်နဲ့ ခံစစ်က အပြည့်ပဲ။ သူ့ရဲ့ အရှိန်က ငါ့ထက်တောင် ပိုမြန်နေသေးတယ်။ ငါ တိုက်သင့်လား။ တိုက်မယ်ဆိုရင်တော့ အခွင့်အရေးကောင်းကို အမိအရ ဆုပ်ကိုင်ရမယ်'
'ငါ ရတနာဆောင် ဝင်္ကပါထဲမှာ အဆင့် ၁၀ သားရဲနဲ့ တိုက်ဖူးတယ်။ အဲဒီတုန်းက တောင်ဖြိုဓားက ဒီအဆင့်ရှိတဲ့ သားရဲရဲ့ ခံစစ်ကို သိပ်မထိခိုက်စေနိုင်ဘူး။ အခုတော့ အဲဒီဓားကို သုံးရမယ့်အချိန် ရောက်ပြီ ထင်တယ်။ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ'
နောက်ဆုံးတွင် လုံချန်းသည် သူ ယခင်က သုံးနေကျဓားကို မသုံးရန် ဆုံးဖြတ်လိုက်သည်။
"မင်းရဲ့ နာမည်နဲ့ လိုက်ဖက်မှု ရှိမရှိ ကြည့်ရသေးတာပေါ့ ဘုရင့်ဓားရယ်" လုံချန်းက တိုးတိုးလေး ရေရွတ်ရင်း သူ၏ သိုလှောင်လက်စွပ်ထဲမှ ဘုရင့်ဓားကို ထုတ်ယူလိုက်သည်။ ယနေ့ကဲ့သို့ ခက်ခဲသော ရန်သူမျိုးနှင့် မတွေ့ရသေးသဖြင့် ဤဓားကို သူ ယခင်က ထုတ်မသုံးခဲ့ခြင်း ဖြစ်သည်။
ဘုရင့်ဓား ပေါ်ထွက်လာသည်နှင့် ထက်ရှသော ဓားအရှိန်အဝါများမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ ဓားများ၏ ဘုရင်တစ်ပါး နိုးထလာသကဲ့သို့ပင်။ ခုနစ်ရောင်ခြယ် ကျားသစ်မှာလည်း ဤအရှိန်အဝါကို ခံစားမိသဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
၎င်း မော့ကြည့်လိုက်သည့် ခဏမှာပင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသော လူသားတစ်ဦးမှာ သူရှိရာသို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
ခုနစ်ရောင်ခြယ် ကျားသစ်သည် ခံစစ်အကာအကွယ် အလွှာတစ်ခုကို ဖော်ဆောင်ကာ ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် လုံချန်း၏ ဘုရင့်ဓားက ထိုအကာအကွယ်ကို အလွယ်တကူ ဖောက်ထွက်သွားပြီး ကျားသစ်၏ လည်ပင်းပေါ်တွင် ရှည်လျားသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
"ဝေါင်း" ခုနစ်ရောင်ခြယ် ကျားသစ်သည် လည်ပင်းမှ ဒဏ်ရာကြောင့် နာကျင်စွာဖြင့် အော်ဟောက်လိုက်သည်။
လုံချန်းမှာမူ သားရဲနှင့် အနည်းငယ် အကွာအဝေးတွင် ပြန်လည် နေရာယူလိုက်သည်။
"သူတော်စင်ဓား ခုနစ်သွယ်၊ စတုတ္ထပုံစံ၊ ဆိတ်သုဉ်းခြင်း"
သားရဲကို ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးမပေးဘဲ လုံချန်းသည် သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ဖြင့် ခုနစ်ရောင်ခြယ် ကျားသစ်ကို တိုက်ခိုက်လိုက်သည်။
ခဏချင်းမှာပင် ကျားသစ်၏ ဦးခေါင်းမှာ ခန္ဓာကိုယ်မှ ပြတ်တောက်သွားကာ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။ လုံချန်း၏ ရှေ့မှောက်တွင် အသက်မဲ့သော အလောင်းတစ်ခုသာ ကျန်ရစ်တော့သည်။
'ရတနာဆောင် ဝင်္ကပါရဲ့ ပဉ္စမအဆင့်က စမ်းသပ်မှုနဲ့ ယှဉ်ရင် ဒီတိုက်ပွဲက ပိုပြီး သက်သောင့်သက်သာ ရှိတာပဲ' လုံချန်း တွေးလိုက်သည်။
"ဒီရက်ပိုင်း တောထဲမှာ နေခဲ့ရတာ တကယ်ပဲ ထိရောက်ပါတယ်။ တိုက်ပွဲတွေ အများကြီးကို ဖြတ်ကျော်ခဲ့လို့ ငါ့ရဲ့ သိုင်းကွက်တွေအားလုံး ပိုပြီး ကျွမ်းကျင်လာသလို၊ သူတော်စင်ဓား ခုနစ်သွယ်ရဲ့ စတုတ္ထပုံစံကိုတောင် အပိုင်နိုင်ဆုံး ဖြစ်သွားခဲ့ပြီ" လုံချန်း၏ အသံထဲတွင် ကျေနပ်မှုများ ပြည့်နှက်နေသည်။
"ဒီတိုက်ကွက်က ငါ့ရဲ့ အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်ပြီး ခုနစ်ရောင်ခြယ် ကျားသစ်ကို သတ်တဲ့နေရာမှာ အဓိကကျခဲ့တယ်ဆိုပေမဲ့ အများစုကတော့ ဒီဘုရင့်ဓားကြောင့်ပဲ။ သူ့ရဲ့ စွမ်းအားက ငါထင်ထားတာထက် အများကြီး သာလွန်နေတာပဲ"
လုံချန်းသည် ဓားသွားမှ ဓားလက်ကိုင်အထိ တချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ရတနာဆောင်က စမ်းသပ်မှုတုန်းက အဆင့် ၁၀ သားရဲကို ငါ့ဓားနဲ့ မနည်းထိအောင် လုပ်ခဲ့ရတာ။ ဒါပေမဲ့ ဒီဘုရင့်ဓားကတော့ သူ့ကို အလွယ်တကူ သတ်ပစ်နိုင်တယ်။ အထွတ်အထိပ် ဝိညာဉ်အဆင့် လက်နက်တွေက တကယ်ပဲ အစွမ်းထက်တာပဲ။ လူတွေ ဘာလို့ အသည်းအသန် လိုချင်နေကြလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူး" ထိုသို့ ရေရွတ်ရင်း သားရဲ၏ ဦးခေါင်းကို ယူကာ သူ၏ လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။
ထို့နောက် လုံချန်းသည် ရှေ့သို့ ဆက်လက် ချီတက်လာရာ နောက်ထပ် ညတစ်ည ကုန်ဆုံးသွားခဲ့ပြန်သည်။
'တောက်... ဒီတောအုပ်က ဘယ်လောက်တောင် ကြီးနေတာလဲ။ ၂ ရက်ကျော် လမ်းလျှောက်လာတာတောင် သူတို့ကို ရှာမတွေ့သေးဘူး။ ငါ့အရှိန်က တော်တော်မြန်နေပြီလို့ ထင်ထားတာ။ ဒါတောင် မမီသေးဘူးဆိုရင် သူတို့လည်း ဒီတောထဲမှာ တော်တော်မြန်မြန် သွားနေကြတာ ဖြစ်ရမယ်။ ဘာလို့လဲ... သူတို့က တကယ်ပဲ အတွေ့အကြုံယူဖို့ လာတာလား၊ ဒါမှမဟုတ် တခြား ရည်ရွယ်ချက် တစ်ခုခု ရှိနေလို့ အခုလို အလောတကြီး သွားနေကြတာလား' လုံချန်းက အလေးအနက် တွေးတောရင်း သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။
မီတာ ၂၀၀ ပတ်လည်တွင် ဘယ်သူမှ မရှိကြောင်း သိလိုက်ရသဖြင့် သူသည် ကောင်းကင်မိစ္ဆာတောင်ပံကို သုံးကာ အပေါ်သို့ ပျံတက်ပြီး ပုခက်ကို ဆင်လိုက်ပြန်သည်။
'ဒီညတော့ ဝိညာဉ်အခြေပြုခြင်း အဆင့် ၅ အထွတ်အထိပ်ကို ရောက်အောင် ကျင့်ကြံနိုင်မယ် ထင်တယ်' လုံချန်းသည် အမည်မဲ့ကျင့်စဉ်ကို အသုံးပြုကာ ကျင့်ကြံမှုကို စတင်လိုက်သည်။
သူသည် တောထဲရောက်ကတည်းက ညတိုင်း မပျက်မကွက် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ အချိန်အတော်ကြာ ကျင့်ကြံပြီးနောက်တွင်မူ သူသည် ဝိညာဉ်အခြေပြုခြင်း အဆင့် ၅ အထွတ်အထိပ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
"ဟင်း... အရင်ကထက် ပိုသန်မာလာတာကို ခံစားနေရပြီ။ နောက်ထပ် နည်းနည်းပဲ လိုတော့တယ်၊ အဆင့် ၆ ကို ရောက်တော့မယ်" သူ ပြုံး၍ ရေရွတ်လိုက်သည်။
သူသည် ကျင့်ကြံမှုကို ခေတ္တ ဆက်လုပ်ပြီးနောက် ရပ်လိုက်ကာ သိုလှောင်လက်စွပ်ထဲမှ သားရဲဥကို ထုတ်လိုက်သည်။ ကောင်းကင်ဘုံ ချောက်ကမ်းပါး အောက်ခြေမှ ရရှိခဲ့သော ထိုဥကို သူ၏ ဝိညာဉ်စွမ်းအားများ နေ့တိုင်း ကျွေးပေးနေခဲ့ခြင်း ဖြစ်သည်။
ဤသို့လုပ်ဆောင်ခြင်းက ဥပေါက်ဖွားမှု ဖြစ်စဉ်ကို မြန်ဆန်စေကြောင်း သူ သိထားသည်။ ဝိညာဉ်စွမ်းအား ကျွေးပြီးနောက် ဥကို ပြန်သိမ်းကာ အိပ်စက်လိုက်တော့သည်။
နောက်တစ်နေ့တွင် လုံချန်းသည် စောစောနိုးထကာ ခရီးဆက်ခဲ့သည်။ တစ်နေ့ဝက်ခန့် ကြာပြီးနောက်တွင်မူ သူ၏ စိတ်ဝိညာဉ်အာရုံခံမှုအတွင်းသို့ သူရှာနေသောသူ၏ တည်နေရာ သဲလွန်စတစ်ခု ရောက်ရှိလာတော့သည်။
အခန်း (၄၂) ပုစဉ်းနောက်က ငှက်ကျား
'သူတို့ အဲဒီရေကန်နားမှာ ဘာလုပ်နေကြတာလဲ' လုံချန်းသည် လုံစုနှင့် အခြားလူ ၃ ဦး ရေကန်တစ်ကန်အနားတွင် ရပ်နေသည်ကို လှမ်းမြင်လိုက်ရသည်။
"ဒီမြေပုံနောက်ကို ၃ ရက်လောက် လိုက်လာပြီးမှ နောက်ဆုံးတော့ မှတ်သားထားတဲ့နေရာကို ရှာတွေ့ပြီဟေ့" လူ ၃ ဦးထဲမှ တစ်ယောက်က ရေကန်ကို ကြည့်ရင်း ပြောလိုက်သည်။
"မင်းတို့သိတဲ့အတိုင်းပဲ၊ ဒီမြေပုံကို ငါတို့ ကံကောင်းလို့ ရခဲ့တာ။ ဒီနေရာမှာ ဘာရတနာရှိလဲဆိုတာ ငါအတိအကျမသိသလို၊ ငါတို့အရင် တစ်ယောက်ယောက်ကများ လာယူသွားပြီလားဆိုတာလည်း မသေချာဘူး" လုံစုက ကျန်တဲ့ ၃ ယောက်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ ငါတို့ ၄ ယောက်လုံး ဒီမြေပုံကို အတူတူရှာတွေ့ခဲ့တာဆိုတော့ ရတနာကို ခွဲဝေယူကြရမယ်။ တကယ်လို့ ခွဲလို့မရတဲ့ အရာမျိုးဆိုရင်တော့ ငါကပဲယူပြီး မင်းတို့ကို ရွှေ ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံးတွေနဲ့ ထိုက်ထိုက်တန်တန် ပြန်ပေးမယ်။ မင်းတို့ သိတဲ့အတိုင်းပဲ ငါ့လုံမျိုးနွယ်စုက ရတနာနဲ့တန်တဲ့ ဘယ်အဖိုးအခကိုမဆို ပေးနိုင်တယ်" လုံစုက ဂုဏ်ယူဝင့်ကြွားစွာ ဆိုသည်။
"သခင်လေးစု... လုံမျိုးနွယ်စုက ရတနာအတော်များများကို ဝယ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိတာပေါ့။ တကယ်လို့ ရတနာက သူတို့တောင် မတတ်နိုင်တဲ့ အရာမျိုးဆိုရင်လည်း ကျွန်တော်တို့ဆီမှာ ရှိနေတာက ဘေးဒုက္ခပဲ ဖြစ်လာမှာပါ။ ဒါကြောင့် သခင်လေးရဲ့ အခြေအနေကို လက်ခံပါတယ်" ဝဝတုတ်တုတ် ကောင်လေးက ဖော်လံဖားသော အမူအရာဖြင့် ပြောလိုက်သည်။
"ဟားဟားဟား... မင်းက တော်တော်ပါးနပ်တာပဲ ချူးလျန်။ ချူးမျိုးနွယ်စုရဲ့ သခင်လေးဆိုတော့လည်း ဟုတ်ပါပေတယ်။ မင်းတို့မျိုးနွယ်စုက ငါတို့လို အထွတ်အထိပ်မျိုးနွယ်စု မဟုတ်ပေမဲ့ နဂါးမြို့တော်ရဲ့ ထိပ်တန်း ပထမတန်းစား မျိုးနွယ်စုတွေထဲမှာ ပါတာပဲ။ မင်းအဖေနောက်ပိုင်း မင်းမျိုးနွယ်စုခေါင်းဆောင် ဖြစ်လာရင် မင်းရဲ့မျိုးနွယ်စုကို ပိုပြီး စည်ပင်အောင် လုပ်နိုင်မှာ သေချာတယ်" လုံစုက ရယ်မောရင်း ချူးလျန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ဒီလောက်အထိ ချီးကျူးခံရဖို့ မထိုက်တန်ပါဘူး သခင်လေးစု။ ဒါပေမဲ့ သခင်လေးကိုယ်တိုင် ချီးကျူးတာဆိုတော့ ဝမ်းမြောက်စွာ လက်ခံပါတယ်" ချူးလျန်က လုံစုကို ကြည့်ကာ ပြုံး၍ ပြန်ပြောသည်။
"မင်းတို့ရော ဘယ်လိုသဘောရလဲ" လုံစုက ကျန်တဲ့ နှစ်ယောက်ဘက် လှည့်မေးလိုက်သည်။
"ကျွန်တော်တို့လည်း သခင်လေးစုရဲ့ အကြံပြုချက်ကို သဘောတူပါတယ်" ထိုနှစ်ဦးမှာ ခေတ္တစဉ်းစားပြီးနောက် လက်ခံလိုက်ကြသည်။
'ရတနာမြေပုံ ဟုတ်လား။ စိတ်ဝင်စားစရာပဲ။ ဒါကြောင့် သူတို့တွေ ဒီကို အလောတကြီး လာနေကြတာကိုး။ အတွေ့အကြုံယူဖို့ လာတယ်ဆိုတာက အကြောင်းပြချက်သက်သက် ဖြစ်မှာပဲ၊ ဒါမှမဟုတ် တောထဲရောက်မှ ဒီမြေပုံကို ရခဲ့တာလား' လုံချန်းသည် လုံစု၏ စိတ်ဝိညာဉ်အာရုံ အကွာအဝေးပြင်ပရှိ သစ်ပင်တစ်ပင်နောက်တွင် ရပ်ရင်း တွေးတောနေသည်။
ပုံမှန် ဝိညာဉ်အခြေပြုခြင်း အဆင့် ၈ ကျင့်ကြံသူတစ်ဦး၏ အာရုံခံနိုင်စွမ်းမှာ မီတာ ၆၀၊ ၇၀ ခန့်သာ ရှိသဖြင့် လုံချန်း၏ အာရုံခံနိုင်စွမ်းထက် သုံးပုံတစ်ပုံခန့်သာ ရှိသည်။
'ငါတို့ကြားက အကွာအဝေးက မီတာ ၉၀ ရှိတယ်။ ငါ ပိုနီးနီးကပ်ကပ်သွားရင် သူ မသိနိုင်ပေမဲ့၊ သူက မတော်တဆ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်ရင် ငါ့ကို မိသွားနိုင်တယ်။ နောက်တစ်ခါ သိုင်းပညာဆောင်ကိုသွားရင် ကိုယ့်ကိုယ်ကိုယ် ဖျောက်ထားနိုင်တဲ့ သိုင်းကွက်တစ်ခုကို ရှာရမယ်။ အခုတော့ သူတို့ ဘာလုပ်မလဲဆိုတာ အရင်ကြည့်ရသေးတာပေါ့' လုံချန်းက လုံစုကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ဆက်လက် စောင့်ကြည့်နေသည်။
"မြေပုံအရဆိုရင် ရတနာက ရေကန်ထဲမှာ ရှိတာ။ ဒါပေမဲ့ ပြဿနာတစ်ခု ရှိတယ်။ ဒီရေကန်ထဲမှာ သံကျောကုန်း မိကျောင်းတစ်ကောင် ရှိနေတယ်။ ဒီကောင်က အဆင့် ၁၀ ဝိညာဉ်သားရဲပဲ၊ ငါတို့ တစ်ခုခု လုပ်ရမယ်" လုံစုက ဆိုသည်။
"ဟုတ်တယ်၊ အဲဒါ အဆင့် ၁၀ သားရဲ ဖြစ်ပေမဲ့ ကုန်းပေါ်မှာ တိုက်ရင်တော့ ငါတို့ နိုင်နိုင်ပါတယ်။ ဒါပေမဲ့ သူက ရေထဲမှာဆိုတော့ ရေထဲဆင်းတိုက်ဖို့က ခက်ခဲလိမ့်မယ်" ချူးလျန်က မှတ်ချက်ပေးသည်။
"ဒါဆိုရင် သူ့ကို ရေထဲကထွက်အောင် လုပ်ပြီး သတ်ရမှာပေါ့" လုံစုက ပြုံးလိုက်သည်။
"အဲကောင် ထွက်လာအောင် ဘယ်လို လုပ်မှာလဲ"
"ရိုးရိုးလေးပါပဲ။ သူ မငြင်းဆန်နိုင်တဲ့ အရာတစ်ခု ပေးလိုက်ရုံပဲ။ ငါ့မှာ သားရဲဆွဲဆောင်ရည် တစ်ပုလင်း ပါလာတယ်။ နဂါးမြို့တော်က အဆင့် ၁ ဆေးဆရာတစ်ယောက် လုပ်ထားတာ။ ဘယ်သူမှ မယူချင်လို့ လေလံပွဲမှာ ဈေးပေါပေါနဲ့ ရခဲ့တာ။ ကမ္ဘာမြေအဆင့်အောက်က ဘယ်သားရဲမှ ဒါကို မလွန်ဆန်နိုင်ဘူး၊ သံကျောကုန်းမိကျောင်း ဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး" လုံစုက ဆေးပုလင်းလေးကို ထုတ်ပြကာ ကြွားလုံးထုတ်လိုက်သည်။
"သခင်လေးစုက တကယ် တော်တာပဲ။ ဒါက ကျွန်တော်တို့အတွက် တကယ် လိုအပ်နေတာ" အားလုံးက ချီးကျူးကြသည်။
"ဒီနေရာကနေ ခဏဖယ်ပြီး အနားမှာ စောင့်ကြည့်ရအောင်" လုံစုက ဆေးပုလင်းကို မြေပြင်ပေါ် ပစ်ခွဲလိုက်ရာ ပြင်းထန်သော အနံ့အသက်များ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။
'စိတ်ဝင်စားစရာပဲ။ သူတို့က ဒီရတနာကို လိုချင်နေတာပေါ့။ ကောင်းပြီလေ... ဒီနေ့ ငါ့မွေးနေ့ မဟုတ်ပေမဲ့လည်း အလကားရမယ့် လက်ဆောင်ကိုတော့ ငြင်းစရာမရှိပါဘူး' လုံချန်းက ပြုံးရင်း တွေးလိုက်သည်။
၁၀ မိနစ်ခန့်အကြာတွင် သံကျောကုန်းမိကျောင်းကြီးမှာ ရေကန်ထဲမှ စတင် ထွက်ပေါ်လာသည်။ မကြာမီမှာပင် ၎င်း၏ ခန္ဓာကိုယ်တစ်ကိုယ်လုံး ကုန်းပေါ်သို့ ရောက်ရှိလာသည်။ ထိုမိကျောင်းမှာ အလျား ၁၀ မီတာကျော် ရှည်လျားပြီး ကျောကုန်းပေါ်တွင် သံချွန်များကဲ့သို့ ဆူးများ ထွက်နေသည်။ ၎င်းသည် ဆေးရည်ကျထားသော နေရာသို့ တဖြည်းဖြည်း လျှောက်လာသည်။
'တော်တော် သန်မာမယ့်ပုံပဲ။ သူ့ရဲ့ အရှိန်က ငါအရင်နေ့က သတ်ခဲ့တဲ့ ခုနစ်ရောင်ခြယ် ကျားသစ်လောက် မမြန်ပေမဲ့၊ ခံစစ်ကတော့ ပိုကောင်းမှာ သေချာတယ်' လုံချန်းက အကဲခတ်လိုက်သည်။
လုံစုနှင့် သူ၏ သူငယ်ချင်းများမှာ သံကျောကုန်းမိကျောင်းကို စတင် တိုက်ခိုက်ကြတော့သည်။
မိကျောင်းကြီးမှာ ကျယ်လောင်စွာ အော်ဟောက်ရင်း ပြန်လည် တိုက်ခိုက်သော်လည်း ပြင်းထန်သော တိုက်ပွဲအပြီးတွင် ၎င်းမှာ စတင် ဆုတ်ခွာလာရသည်။ ၎င်း၏ ကျောကုန်းပေါ်တွင် ဒဏ်ရာများစွာ ဖြစ်ပေါ်လာသည်။
'လုံစုက အဆင့် ၈၊ ကျန်တဲ့ ၃ ယောက်က အဆင့် ၇ တွေဆိုတော့ သူတို့လည်း တော်တော် သန်မာကြတာပဲ' လုံချန်းက သူတို့ ၄ ယောက် တိုက်ခိုက်နေပုံကို စောင့်ကြည့်နေသည်။
'ဒီမိကျောင်းကြီးရဲ့ ခံစစ်က ငါမြင်ဖူးသမျှ သားရဲတွေထဲမှာ အသန်မာဆုံး ဖြစ်ပေမဲ့၊ ဒီ ၄ ယောက်ရဲ့ ပူးပေါင်းတိုက်ကွက်အောက်မှာတော့ ကြာကြာခံမှာ မဟုတ်ဘူး'
ပြင်းထန်သော တိုက်ပွဲအပြီးတွင် မိကျောင်းကြီးမှာ သူ၏ အသက်အန္တရာယ်ကို သိရှိသွားသဖြင့် ရေကန်ထဲသို့ ပြန်လည် ဆုတ်ခွာရန် ကြိုးစားသည်။
"သူ ရေထဲမဝင်ခင် အမြန်သတ်ကြစမ်း" လုံစုက အမိန့်ပေးလိုက်သည်။
ချူးလျန်သည် ရေကန်နှင့် မိကျောင်းကြားတွင် ပိတ်ရပ်လိုက်သည်။ ကျင့်ကြံသူ ၄ ဦးစလုံး၏ အပြင်းထန်ဆုံး သိုင်းကွက်များကို တပြိုင်နက်တည်း ရင်ဆိုင်လိုက်ရသဖြင့် သံကျောကုန်းမိကျောင်းမှာ မခံနိုင်တော့ဘဲ သေဆုံးသွားတော့သည်။
"ဒီကောင့်ရဲ့ ခံစစ်က တော်တော်မာတာပဲ။ သတ်ရတာ တော်တော်အချိန်ကုန်သလို ငါတို့အားလုံးလည်း ဒဏ်ရာရကုန်ပြီ။ အခုတော့ သေသွားပြီပေါ့"
"ဟုတ်တယ်၊ သံကျောကုန်းမိကျောင်းရဲ့ အရေခွံက တော်တော်ဈေးကြီးသလို လက်နက်ကိရိယာတွေ လုပ်ဖို့အတွက်လည်း ကောင်းတဲ့ ပစ္စည်းပဲ။ ခွာယူကြရအောင်"
"နေဦး... အဲဒါတွေနဲ့ အချိန်မဖြုန်းနဲ့။ အရင်ဆုံး ရေကန်ထဲမှာ ဘာရှိလဲဆိုတာ ရှာရမယ်။ ရတနာကို ရပြီဆိုမှ ဒီမိကျောင်းအလောင်းကို ဘာလုပ်မလဲဆိုတာ စဉ်းစားကြတာပေါ့" လုံစုက ရေကန်ကိုသာ အာရုံစိုက်ရင်း ပြောလိုက်သည်။