← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃) လုံစုကို သတ်ဖြတ်ခြင်း

​"ငါပဲ အောက်ဆင်းပြီး ရတနာကို ရှာလိုက်မယ်" လုံစုက ရေကန်ကို ကြည့်ရင်း ပြောလိုက်သည်။

​"ကျွန်တော်တို့လည်း လိုက်ခဲ့ပါ့မယ် သခင်လေးစု၊ တစ်ယောက်တည်း ရှာတာထက် ၄ ယောက် ရှာတာက ပိုမြန်တာပေါ့" အပေါင်းအပါ ၃ ဦးထဲမှ တစ်ဦးက အကြံပြုသည်။

​"အား..." လုံစု ပြန်မပြောနိုင်သေးမီမှာပင် သူတို့နောက်ဘက်မှ ညည်းတွားသံတစ်ခု ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ သူတို့နှင့် အဝေးဆုံးတွင် ရပ်နေသော လူမှာ နှလုံးသားကို ဓားဖြင့် အထိုးခံထားရပြီး မြေပြင်ပေါ်တွင် အသက်မဲ့စွာ လဲကျနေသည်ကို တွေ့လိုက်ရသည်။

​"ဘယ်ကောင်လဲကွ... ထွက်ခဲ့စမ်း" လုံစုသည် သူ၏ဓားကို ဆွဲထုတ်ကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။ ကျန်နှစ်ယောက်လည်း ထိုနည်းတူပင်။ လုံစု၏ လက်ထဲတွင် ရတနာဆောင်၏ ဒုတိယအဆင့်ကို အောင်မြင်စဉ်က ရရှိခဲ့သော အပြာရောင် အလယ်အလတ် ဝိညာဉ်အဆင့် ဓားတစ်လက် ရှိနေသည်။

​၎င်းမှာ အလယ်အလတ်အဆင့်ဖြစ်သော်လည်း လုံစုသည် ဒုတိယအဆင့်အထိသာ အောင်မြင်ခဲ့သူဖြစ်သဖြင့် ရတနာဆောင်မှ ထွက်သမျှ လက်နက်များထဲတွင် အားအနည်းဆုံးစာရင်း၌ ပါဝင်နေသည်။

​"လွန်ခဲ့တဲ့ ရက်ပိုင်းတင် ဆုံခဲ့ကြတာကို နောင်တော်စုက ကျွန်တော့်ကို မြန်မြန်ကြီး မေ့သွားတာပဲလား။ နောင်တော်ရဲ့ ခြင်္သေ့ဟိန်းသံသိုင်းကွက် အောင်မြင်သွားရင် ကျွန်တော့်ကို အရင်တစ်ခါလိုပဲ လက်ဆောင်တွေ ထပ်ပေးဦးမယ်လို့ မျှော်လင့်နေတာဗျ" လုံချန်းက ပြောပြောဆိုဆိုဖြင့် အဆင့် ၇ ဝိညာဉ်အခြေပြုခြင်း ကျင့်ကြံသူ နောက်တစ်ဦးကို ဓားဖြင့် ပိုင်းဖြတ်ကာ သတ်ပစ်လိုက်သည်။

​'ဒီဘုရင့်ဓားက တကယ်ကောင်းတာပဲ။ တိုက်ရခိုက်ရတာ အများကြီး ပိုလွယ်သွားတယ်' လုံချန်းက ဘုရင့်ဓားကို ကိုင်ရင်း စိတ်ထဲမှ တွေးလိုက်သည်။

​"မင်း... မင်းက ဒီကို ရောက်နေတာလား" လုံစုသည် ကောင်းကင်ဘုံ ချောက်ကမ်းပါးအောက်သို့ သူကိုယ်တိုင် တွန်းချခဲ့ပြီး သေပြီဟု ထင်ထားသောသူမှာ သူ၏ရှေ့တွင် အကောင်းတိုင်း ပြန်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။ ခေတ္တမျှ သူသည် တစ္ဆေခြောက်ခံနေရသည်ဟုပင် ထင်မှတ်သွားသည်။

​"မင်း အသက်ရှင်နေတာလား။ ချောက်ကမ်းပါးအောက်ကို ပြုတ်ကျသွားပြီးမှ ဘယ်လိုလုပ် အသက်ရှင်ပြီး ပြန်ရောက်လာတာလဲ" စက္ကန့်အနည်းငယ်ကြာမှ လုံစု သတိပြန်ဝင်လာပြီး လက်ရှိအခြေအနေကို သဘောပေါက်သွားသည်။

​"ကျွန်တော်က ဘာလို့ အသက်မရှင်နိုင်ရမှာလဲ နောင်တော်စုရဲ့၊ ကျွန်တော့်ကို ဒီလောက်တောင် သေစေချင်နေတာလား။ ကျွန်တော်တို့က ပျော်ရွှင်စရာ မိသားစုကြီးတစ်ခုရဲ့ အစိတ်အပိုင်းတွေလို့ ထင်နေတာ" လုံချန်းက လှောင်ပြောင်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။

​'ဒီအမှိုက်ကောင်က ပြန်ကျန်းမာလာတာပဲ' လုံစုက တွေးလိုက်သည်။ 'ဒီကောင်က အဲဒီလောက်အမြင့်က ပြုတ်ကျတာကို ဘယ်လိုလုပ် အသက်ရှင်ပြီး ဒဏ်ရာတွေပါ ပျောက်သွားတာလဲ။ သူ့ကံက တကယ်ကို ကောင်းလွန်းတာပဲ'

​"မင်းက အသက်ရှင်နေတာတောင် ငါ့ဆီကို သေဖို့အတွက် တကူးတက လာခဲ့တာလား။ ဟားဟားဟား... မင်းက တကယ်ကို ဦးနှောက်မရှိတဲ့ အကောင်ပဲ" လုံစု၏ မျက်နှာထားမှာ ယုတ်မာရက်စက်မှုများဖြင့် ပြည့်နှက်သွားသည်။

​"သခင်လေးစု... ဒီကောင်လေးက ဘယ်သူလဲ" ချူးလျန်က သူ၏ဓားဖြင့် လုံချန်းကို ချိန်ရင်း မေးလိုက်သည်။

​"ဟိုးကတည်းက သေသင့်နေတဲ့ အမှိုက်ကောင်လေးပါ" လုံစုက အထင်အမြင်သေးစွာ ပြောလိုက်သည်။

"​အထွတ်အထိပ် ဝိညာဉ်အဆင့် ဓား" လုံချန်း၏လက်ထဲရှိ ဓားကို သေချာမြင်လိုက်ရသည့်အခါ လုံစု ရုတ်တရက် အော်ဟစ်လိုက်မိသည်။ လုံစု၏ အာမေဍိတ်သံကြောင့် ချူးလျန်ပါ လိုက်ကြည့်မိရာ တုန်လှုပ်သွားတော့သည်။

​"ဒါကြောင့်လည်း မင်းက ငါ့လူနှစ်ယောက်ကို အလွယ်တကူ သတ်နိုင်တာကိုး။ ဒါပေမဲ့ မင်း ဒီလိုဓားမျိုးကို ဘယ်ကရတာလဲ" လုံစုက ဓားကို မျက်တောင်မခတ် စိုက်ကြည့်ရင်း မေးသည်။

​"မျိုးနွယ်စုခေါင်းဆောင်ကြီးက မင်းကို ပေးလိုက်တာ ဖြစ်ရမယ်။ မင်းမှာ တကယ့်ကို မြေးချစ် အဖိုးရှိတာပဲ။ ငါ့အဖေကျတော့ အမြဲတမ်း ကြိုးစားခိုင်းနေတာ၊ ငါက သူ့သားအရင်းဖြစ်နေတာတောင် ဘာမှ ထူးထူးခြားခြား ပေးတာမရှိဘူး" လုံစု၏ မျက်နှာတွင် မနာလိုမှုများ အထင်အရှား ပေါ်လာသည်။

​"ရပါတယ်လေ၊ မင်းက ဒီဓားကို ငါ့လက်ထဲ အရောက်လာပို့ပေးတာပဲ။ မင်းကို တစ်ချက်တည်းနဲ့ ငရဲပို့ပေးလိုက်တဲ့ ငါ့ရဲ့ ဆုလာဘ်ပေါ့။ ဒီဓားကို မျိုးနွယ်စုထဲမှာ လူပုံအလယ် ထုတ်မသုံးနိုင်တာ နှမြောစရာပေမဲ့၊ အပြင်မှာ အသက်လုရတဲ့ အခြေအနေမျိုးတွေကျရင်တော့ တကယ် အသုံးဝင်မှာပဲ"

​လုံစု မလှုပ်ရှားနိုင်မီမှာပင် လုံချန်းသည် ချူးလျန်ရှိရာသို့ လျှင်မြန်စွာ ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။ ချူးလျန်က သူ၏ဓားဖြင့် ခုခံသော်လည်း လုံချန်း၏ ဓားချက်အောက်တွင် သူ၏ဓားမှာ အက်ကွဲသွားပြီး မီတာ ၅၀ ခန့် လွင့်ထွက်ကာ သစ်ပင်တစ်ပင်နှင့် ဆောင့်မိသွားသည်။

​"ကဲ... အခုတော့ နှောင့်ယှက်မယ့်သူ မရှိတော့ဘူးပေါ့" လုံချန်းက လုံစုဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။

​"ဒီခွေးကောင်" လုံစုက ဒေါသတကြီး အော်ဟစ်ကာ လုံချန်းထံသို့ အရှိန်ပြင်းပြင်းနှင့် ပြေးဝင်လာသည်။

​"လျှပ်စီးခြေလှမ်း" လုံချန်းကလည်း အရှိန်မြှင့်ကာ လုံစု၏ တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

​လုံစုမှာ မီတာ ၂၀ ခန့် နောက်သို့ လွင့်ထွက်သွားပြီး လုံချန်းမှာမူ ခြေလှမ်း ၁၀ လှမ်းခန့်သာ နောက်ဆုတ်သွားကာ ကိုယ်ဟန်ချက်ကို ပြန်ထိန်းလိုက်နိုင်သည်။

​'ဘယ်လို... သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ။ သူက ဘယ်သူမဆို နင်းခြေလို့ရတဲ့ ပုရွက်ဆိတ် မဟုတ်ဘူးလား။ မျိုးနွယ်စုရဲ့ ပါရမီရှင်ကနေ အမှိုက်ဖြစ်သွားတဲ့ကောင်လေ။ ဘာတွေ ဖြစ်နေတာလဲ'

​'သူ ပြန်ကျန်းမာလာရင်တောင် အရင်ကထက်တော့ မသန်မာနိုင်ပါဘူး။ ရက်ပိုင်းလေးပဲ ရှိသေးတာလေ' လုံစုမှာ တုန်လှုပ်စွာ တွေးနေမိသည်။

​"ဘာပဲဖြစ်ဖြစ်... ဒီနေ့တော့ မင်း သေကိုသေရမယ်" လုံစုက လုံချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ခြင်္သေ့ဟိန်းသံ"​ လုံစုသည် သူ၏ အပြင်းထန်ဆုံး သိုင်းကွက်ကို အသုံးပြုကာ လုံချန်းကို တိုက်ခိုက်လိုက်သည်။

​"ဘာ... ဘယ်လိုဖြစ်တာလဲ" လုံစုမှာ သူ၏မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ လုံချန်း၏ နောက်ကျောတွင် လှပသော တောင်ပံနှစ်ခု ပေါ်ထွက်လာပြီး ကောင်းကင်တမန်တစ်ပါးကဲ့သို့ ပျံတက်ကာ လုံစု၏ တိုက်ကွက်ကို ရှောင်တိမ်းလိုက်ခြင်းကြောင့် ဖြစ်သည်။

​"အဲဒါ နောင်တော် အောင်မြင်သွားတဲ့ သိုင်းကွက်လား။ တော်တော်လေး အားကောင်းတာပဲ နောင်တော်စု။ ဒါဆို ကျွန်တော့်ရဲ့ သိုင်းကွက်ကိုလည်း ကြည့်ပါဦး" လုံချန်းက ကောင်းကင်မှနေ၍ ပြုံးကာ ပြောလိုက်သည်။ ထိုအပြုံးကို မြင်လိုက်ရသည့်အခါ လုံစု၏ တစ်ကိုယ်လုံးမှာ ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။

​"သူတော်စင်ဓား ခုနစ်သွယ်၊ စတုတ္ထပုံစံ၊ ဆိတ်သုဉ်းခြင်း"

​လုံချန်း ဤတိုက်ကွက်ကို သုံးလိုက်သည်နှင့် လေထု၏ စီးဆင်းမှုမှာ ခေတ္တမျှ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဘုရင့်ဓား၏ ဓားအရှိန်အဝါများ ပေါင်းစပ်ထားသော ဤဖျက်ဆီးအားပြင်းသည့် ဓားအလင်းတန်းမှာ လုံစုရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။

​လုံစုမှာ ရှောင်ရန် ကြိုးစားသော်လည်း အရှိန်က အလွန်မြန်သဖြင့် မရှောင်နိုင်တော့ပေ။ သူသည် သူ၏ဓားဖြင့် ထိုဓားအလင်းတန်းကို တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သို့သော် ဓားချင်း ထိတွေ့လိုက်သည်နှင့် သူ၏ လက်ချောင်းအရိုးများအားလုံး ကြေမွသွားသကဲ့သို့ ခံစားလိုက်ရကာ နောက်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့ လွင့်စင်သွားတော့သည်။

​"အား..." လုံစုက နာကျင်စွာ အော်ဟစ်ရင်း ပြန်ထရန် ကြိုးစားသော်လည်း အရိုးကျိုးသည့် ဒဏ်ရာကြောင့် မထနိုင်ပေ။ ရုတ်တရက် လုံချန်းမှာ သူ၏ရှေ့တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ တောင်ပံများမှာလည်း ပေါ်လာသကဲ့သို့ပင် ပြန်လည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

​"ညီလေးထျန်း၊ ဘာပဲဖြစ်ဖြစ် ငါက မျိုးနွယ်စုဝင် တစ်ယောက်ပါ၊ မင်းရဲ့ မိသားစုဝင်ပါ။ အရင်က လုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်၊ ငါ့ကို မသတ်ပါနဲ့" လုံစုသည် လုံချန်းကို ကြည့်ကာ အသည်းအသန် တောင်းပန်တော့သည်။

​"ကျုပ်မှာ မိသားစုဝင် ၂ ယောက်ပဲ ရှိတယ်၊ သူတို့က အမေနဲ့ အဖိုးပဲ။ တခြား ဘယ်သူ့ကိုမှ ကျုုပ် မသိဘူး" လုံချန်းက အေးစက်စွာ ပြောလိုက်သည်။

​"ငါ့အဖေက လုံမျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံး အကြီးအကဲပဲ၊ ငါ့ကို သတ်ရင် မင်း ဒုက္ခရောက်လိမ့်မယ်" လုံစုက တောင်းပန်၍မရမှန်း သိသည့်အခါ ခြိမ်းခြောက်ရန် ကြိုးစားပြန်သည်။

​"အဲဒါ ဘာဖြစ်လဲ။ ကျုုပ်အဖိုးက မျိုးနွယ်စုခေါင်းဆောင်ပဲလေ" လုံချန်းက ပြုံး၍ ဆိုသည်။

​"နောက်ပြီး... ခင်ဗျားကို သတ်ဖို့ ခင်ဗျားရဲ့ နောက်ခံကို ကျုပ် ထည့်စဉ်းစားဖို့ လိုလို့လား။ ခင်ဗျား ကျုပ်ကို သတ်ဖို့ ကြိုးစားတုန်းကရော ကျုပ် နောက်ခံကို ထည့်စဉ်းစားခဲ့လို့လား။ ဘာပဲဖြစ်ဖြစ် ခင်ဗျားကို သတ်လိုက်ရင်လည်း ဒါကို ကျုပ်လုပ်တာဆိုတဲ့ သက်သေမှ မရှိတာပဲ ဟုတ်တယ်မလား နောင်တော်စု" လုံချန်းသည် လုံစု၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။

​"ငါ... ငါ..." လုံစု တစ်ခုခုပြောရန် ကြိုးစားသော်လည်း လုံချန်း၏ ဓားမှာ သူ၏ နှလုံးသားထဲသို့ ထိုးစိုက်ပြီးသား ဖြစ်နေပြီ ဖြစ်သည်။ သူသည် ခဏချင်းမှာပင် သေဆုံးသွားတော့သည်။

​'ဟင်း... စိတ်ထဲမှာ တော်တော် နေလို့ကောင်းသွားတာပဲ' လုံချန်းက ပြုံးပျော်စွာဖြင့် ချူးလျန်ရှိရာသို့ လှည့်ကြည့်လိုက်သည်။

​ချူးလျန်မှာ ထိုအချိန်တွင် ပြန်ထလာပြီး ထွက်ပြေးရန် ပြင်နေစဉ် လုံချန်းက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် နေရာမှာတင် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားပါတော့သည်။

အခန်း (၄၄) ရတနာ

​"မင်း ဘယ်ကို သွားမလို့လဲ" လုံချန်းက ချူးလျန်ကို ကြည့်ကာ မေးလိုက်သည်။

​"အာ... အာ... သခင်လေးထျန်း။ ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူးဗျာ၊ တိုက်ခိုက်နေဖို့ မလိုပါဘူး။ တကယ်တော့ ကျွန်တော် လုံစုကို ကောင်းကောင်းတောင် မသိပါဘူး၊ အဲဒီကောင်ကို ကျွန်တော်လည်း မုန်းပါတယ်။ သခင်လေးကိုတော့ ကျွန်တော် တကယ်သဘောကျတာပါ။ ကျွန်တော့်ရဲ့ ညီလေးတစ်ယောက်လိုပါပဲ။ ဒီကိစ္စတွေကို ဒီမှာတင် အဆုံးသတ်လိုက်ရအောင်လား၊ နောက်ဆို သခင်လေးကို ညီလေးထျန်းလို့ ခေါ်ပါရစေ" ချူးလျန်က ဖော်လံဖားသော မျက်နှာပေးဖြင့် အသည်းအသန် ပြောရှာသည်။

​"မင်းရဲ့ ညီလေးလို ဟုတ်လား။ ကိုယ့်မျိုးနွယ်စုထဲက အစ်ကိုအရင်းခေါက်ခေါက်ကိုတောင် ငါဘယ်လို သတ်ခဲ့လဲဆိုတာ မင်းမြင်လိုက်တယ်မလား" လုံချန်းက ပြုံးလျက် ပြောလိုက်ရာ ချူးလျန်မှာ သွေးပျက်သွားတော့သည်။

​ချူးလျန်သည် ကြောက်လန့်တကြား နောက်သို့ တစ်လှမ်း ထပ်ဆုတ်လိုက်သည်။

​"ညီလေး... အဲ... သခင်လေးထျန်း။ ကျွန်တော် သခင်လေးကို ဘယ်တုန်းကမှ မစော်ကားခဲ့ပါဘူး၊ နောက်လည်း မစော်ကားပါဘူးလို့ ကတိပေးပါတယ်။ လုံစုတို့ သေတာ သခင်လေးလက်ချက်ဆိုတာကိုလည်း ဘယ်သူ့ကိုမှ မပြောပါဘူး။ တကယ်တော့ ကျွန်တော် ထွက်ပြေးလာတုန်း သူတို့တွေ ဝိညာဉ်သားရဲနဲ့ တိုက်ရင်း သေကုန်တာလို့ပဲ ပြောပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ" ချူးလျန်သည် ဒူးထောက်လျက် အသနားခံတော့သည်။

​"မင်း လုံစုတို့အကြောင်း ဘာပြောပြော ငါ့အတွက် ဘာအရေးပါလို့လဲ။ ငါ သူတို့ကို ဒီတောထဲမှာ မတွေ့ခဲ့သလို မင်းကိုလည်း မတွေ့ခဲ့ဘူးလေ။ သူတို့ ဘယ်လိုသေသေ ငါနဲ့ ဘာမှမဆိုင်ဘူး" လုံချန်းက တောက်ပစွာ ပြုံးရင်း ဆိုသည်။

​"မင်းကို ငါမသတ်သင့်တဲ့ အကြောင်းပြချက် တစ်ခုလောက် ပေးစမ်းပါဦး" လုံချန်းက ရှေ့သို့ တစ်လှမ်းတိုးရင်း ဆက်မေးလိုက်သည်။

​"ကျွန်တော်... ကျွန်တော့်မျိုးနွယ်စုက သခင်လေးတို့လို အထွတ်အထိပ်မျိုးနွယ်စု မဟုတ်ပေမဲ့ ထိပ်တန်းစာရင်းဝင်ပါပဲ။ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သားတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ သခင်လေးနဲ့ ခင်မင်မှု ခိုင်မြဲအောင် လက်ဆောင်ပေးချင်တဲ့ ပစ္စည်းကောင်း တချို့ရှိပါတယ်" ချူးလျန်က ဆိုသည်။

​"ဪ... ဘာပစ္စည်းတွေလဲ၊ အဲဒါကတော့ နည်းနည်း စိတ်ဝင်စားစရာ ကောင်းသားပဲ" လုံချန်းက ချူးလျန်ကို ကြည့်ကာ ပြောလိုက်သည်။

​လုံချန်း၏ ပထမစကားကြောင့် ချူးလျန် မျှော်လင့်ချက်ကုန်နေသော်လည်း နောက်စကားကို ကြားလိုက်ရသည့်အခါ အသက်ရှင်ဖို့ လမ်းစလေး မြင်လာရသည်။

​'ဒီမိစ္ဆာက ရတနာဆိုတဲ့ စကားကျတော့ နားလည်သားပဲ။ ငါသာ အသက်ရှင်မယ်ဆိုရင် ငါ့ဆီမှာ ရှိသမျှ အကုန်ပေးဖို့ အဆင်သင့်ပဲ။ ငါ့အသက်နဲ့ ယှဉ်ရင် ဒီရတနာတွေက ဘာမှမဟုတ်ဘူး' ချူးလျန် တွေးလိုက်သည်။

​"ဒါလေးကို ယူပါ သခင်လေး။ ဒါကို မိစ္ဆာကာကွယ်ရေး ဆွဲကြိုးလို့ ခေါ်ပါတယ်။ ကျင့်ကြံနေစဉ်မှာ စိတ်ရိုင်းမိစ္ဆာတွေကြောင့် ကျင့်စဉ်ဖောက်ပြန်တာကို လျှော့ချပေးနိုင်တယ်လို့ ဆိုကြတယ်။ ကမ္ဘာမြေအဆင့်အထိ အသုံးဝင်ပါတယ်။ ကျွန်တော် ကျင့်ကြံမှု စတင်တဲ့နေ့မှာ အဖေက ပေးခဲ့တာပါ။ အဆင့်နိမ့် ဝိညာဉ်အဆင့် ရတနာဖြစ်လို့ တော်တော်လေး ဈေးကြီးပြီး အသုံးဝင်ပါတယ်" ချူးလျန်က သူ၏ လည်ပင်းမှ ဆွဲကြိုးကို ဖြုတ်၍ လုံချန်းကို ပေးလိုက်သည်။

​ထိုဆွဲကြိုး၏ အလယ်တွင် အစိမ်းရောင် သလင်းကျောက်တစ်လုံး ပါရှိပြီး ကြိုးမှာ ရွှေအစစ်ဖြင့် ပြုလုပ်ထားသည်။

​"တော်တော်ကောင်းတာပဲ၊ ငါ သဘောကျတယ်။ တခြား ဘာရှိသေးလဲ" လုံချန်းက ဆွဲကြိုးကို ကြည့်ရင်း မေးသည်။

​"ဟုတ်ကဲ့... ဒီဓားလည်း ရှိပါသေးတယ်။ လေလိုက်ဓားလို့ ခေါ်ပါတယ်။ အဲ... ဒီနေ့ ဘယ်လိုဖြစ်တယ်မသိဘူး သူ့အလိုလို အက်ကွဲသွားလို့ပါ။ ဒါပေမဲ့ ဒါက အဆင့်နိမ့် ဝိညာဉ်အဆင့် လက်နက်ဖြစ်လို့ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်နဲ့ ပြင်လိုက်ရင် မူလအတိုင်း ပြန်ကောင်းသွားမှာပါ" ချူးလျန်က သူ၏ အက်ကွဲနေသော ဓားကို လုံချန်းအား ကမ်းပေးသည်။

​'တောက်... ငါသာ အပြင်းအထန် မတိုက်ခဲ့ရင် ဒီဓားက အက်ကွဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖြစ်သွားမှတော့လည်း ပျက်စီးနေတဲ့ ဝိညာဉ်အဆင့် လက်နက်တစ်ခု ရတာတောင် မဆိုးပါဘူး' လုံချန်းက လေလိုက်ဓား ကို ကြည့်ရင်း တွေးလိုက်သည်။

​"သခင်လေး... ဒါတွေက ကျွန်တော့်မှာ ရှိတဲ့ အဖိုးတန်တာ အကုန်ပါပဲ။ ဒါဟာ ကျွန်တော့်ရဲ့ ရိုးသားမှုကို ပြသဖို့ လုံလောက်မယ်လို့ မျှော်လင့်ပါတယ်" ချူးလျန်က ပြောလိုက်သည်။

​"အင်း... ပစ္စည်းတွေက တကယ် ကောင်းပါတယ်" လုံချန်းက ချူးလျန်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

​"ဒါပေမဲ့ မင်းကို အသက်ရှင်လျက် ထားခဲ့ရမယ့် ဘေးအန္တရာယ်ကို ရင်ဆိုင်ဖို့တော့ မလုံလောက်သေးဘူး" လုံချန်းသည် ချက်ချင်းပင် အကွာအဝေးကို ဖြတ်ကျော်ကာ ချူးလျန်၏ လည်ပင်းကို ညှစ်၍ မြေပြင်ပေါ်သို့ ရိုက်ချလိုက်တော့သည်။

​"မင်း... မင်း..." ချူးလျန်သည် သွေးများ အန်ထုတ်ရင်း တစ်ခုခုပြောရန် ကြိုးစားသော်လည်း လုံချန်း၏ ဓားက သူ၏ နှလုံးသားကို ထိုးစိုက်လိုက်သဖြင့် ဘာမှမပြောနိုင်တော့ဘဲ သေဆုံးသွားသည်။

​"တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒါက ငါ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာပဲ" လုံချန်းက ချူးလျန်၏ အလောင်းကို ကြည့်ကာ ပြောလိုက်သည်။

​ခေတ္တအကြာတွင် လုံချန်းသည် သူတို့အားလုံးကို မြေမြှုပ်လိုက်ပြီး သူတို့၏ ပစ္စည်းများကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။

​"ဒီမြေပုံက တော်တော်လေး ဟောင်းနေပြီပဲ၊ သူတို့ ဘယ်လိုရခဲ့ကြလဲ မသိဘူး။ ဒီမြေပုံ ညွှန်ပြတဲ့အရာက ဒီရေကန်ထဲမှာ ရှိနေတာပေါ့" လုံချန်းက မြေပုံကို ကြည့်ရင်း ရေရွတ်လိုက်သည်။

​'တကယ့် သတ်ဖြတ်ပွဲပဲ။ အရင်တစ်ခါက လုပ်သွားတဲ့သူရဲ့ လက်ချက်နဲ့ တူတူပဲ။ ဒါပေမဲ့ ဒီတစ်ခါ သေတဲ့သူတွေက သာမန်လူတွေ မဟုတ်ဘူး၊ တော်တော်လေး အဆင့်ရှိတဲ့ မျိုးနွယ်စုကပဲ။ သူတို့ဝတ်စုံအရ ဆိုရင် မြောက်ဘက်နယ်မြေက ဖုမျိုးနွယ်စုဝင်တွေ ဖြစ်ရမယ်' ယွဲ့လွမ်က လမ်းတွင်တွေ့ရသော အလောင်းများကို ကြည့်ကာ တွေးတောနေသည်။

​"တကယ်ကို ရက်စက်လွန်းတာပဲ" ယွဲ့ဖေးက မှတ်ချက်ပေးသည်။

​"ကြည့်ရတာ ငါတို့က ဒီကိစ္စကို လုပ်သွားတဲ့သူနဲ့ လမ်းကြောင်းတူတူ သွားနေတာပဲ။ မကြာခင် သူနဲ့ တွေ့ရတော့မယ် ထင်တယ်" ယွဲ့လွမ်က သူ၏ မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

​လုံချန်းသည် ရတနာရှာရန် ရေကန်ထဲသို့ ငုပ်ဆင်းသွားသည်။

​'ထူးဆန်းတယ်၊ အပြင်မှာတုန်းက စိတ်ဝိညာဉ် အာရုံ နဲ့ စစ်ဆေးတာ ဘာမှ မတွေ့ရဘူး။ ဒါပေမဲ့ အခု ရေထဲရောက်တော့မှ မျက်လုံးနဲ့ အထင်အရှား မြင်နေရတယ်' လုံချန်းသည် ရေကန်အောက်ခြေ အလယ်တည့်တည့်တွင် ရှိနေသော ပစ္စည်းတစ်ခုကို ကြည့်ကာ တွေးလိုက်သည်။

​လုံချန်းသည် ထိုပစ္စည်းကို ကောက်ယူကာ ရေပေါ်သို့ ပြန်တက်လာခဲ့သည်။

​'ဒီမျက်နှာဖုံး... တစ်ခုခုတော့ ထူးခြားနေပြီ။ စိတ်ဝိညာဉ် အာရုံနဲ့တောင် ဖမ်းယူလို့ မရပါလား' လုံချန်းသည် သူတွေ့ခဲ့သော မျက်နှာဖုံးကို အသေအချာ ကြည့်နေမိသည်။

​၎င်းမှာ ရွှေရောင်မျက်နှာဖုံးဖြစ်ပြီး အပြာရောင် အစင်းကြောင်းများက လျှပ်စီးကြောင်းများ စီးဆင်းနေသကဲ့သို့ ဟိုဟိုဒီဒီ ရှုပ်ယှက်ခတ်နေကာ ပိုမို လျှို့ဝှက်ဆန်းကြယ်သော ပုံစံ ပေါက်နေသည်။ လုံချန်းသည် သိချင်စိတ်ဖြင့် ထိုမျက်နှာဖုံးကို သူ၏ မျက်နှာပေါ်တွင် တပ်ကြည့်လိုက်သည်။

​"ဘာ... " မျက်နှာဖုံးကို တပ်လိုက်သည်နှင့် လုံချန်းမှာ အံ့အားသင့်သွားတော့သည်။

All Chapters