ယောက္ခမနှင့်တွေ့ဆုံရန်
Vol. 20 Ch. 277
အခန်း (၂၇၇) ယောက္ခမနှင့်တွေ့ဆုံရန်
အတန်ကြာတော့ ကျန်းလန် နောက်တစ်နေရာသို့ ရွှေ့လာခဲ့သည်။
တပည့်တစ်ယောက်က…
"နဂါးမျိုးနွယ်တွေ ရောက်လာကြပြန်ပြီနော် ၊ သူတို့ ဘာလို့ရောက်လာတယ်လို့ထင်လဲ"
အခြားတပည့်တစ်ယောက်က…
"ကျောက်စိမ်းရေကန်နတ်ဘုရားမအတွက်လို့ ထင်တာပဲ ၊ အမြဲတမ်း အဲဒီအတွက်ပဲ ရောက်လာကြတာ မဟုတ်ဘူးလား"
"ကျုပ်တော့ အဲဒီလိုမထင်ဘူး ၊ အခု နဂါးမျိုးနွယ်တွေရဲ့ အဋ္ဌမမင်းသားကလည်း ခွန်လွန်တောင်မှာ ရောက်နေတာလေ ၊ အရင်တစ်ခေါက် ရောက်လာတုန်းကလည်း သူတို့တွေ အဋ္ဌမမင်းသားကို ပြန်ခေါ်မသွားကြဘူး ၊ အဲဒါ အကြောင်းတစ်ခုခုတော့ ရှိရမယ် ၊ ဟုတ်တယ်မလား"
"မဖြစ်နိုင်ပါဘူးကွာ ၊ အဋ္ဌမမင်းသားနဲ့ ကျုပ်တို့ ဆုံဖူးကြတာပဲ ၊ တောင်ပေါ်မှာ တောကောင်တွေတောင် အတူတူ ပြိုင်ပြီးဖမ်းကြသေးတယ်လေ ၊ ခွန်လွန်တောင်က သူ့ကိုထိန်းချုပ်ထားတဲ့ပုံ မပေါက်ပါဘူး"
"ဟုတ်တယ်… ကျုပ်လည်း အဲဒီလို မထင်ပါဘူး ၊ နဂါးမင်းသားက အခုဆို သေရည်ဆိုင်မှာတောင် အလုပ်လုပ်နေသေးတယ် ၊ သေရည်ဆိုင်ဆိုတာက တော်ရုံလူကို အလုပ်လုပ်ခွင့်ပေးတဲ့နေရာမှ မဟုတ်တာ"
"ဒါဖြင့် နဂါးမျိုးနွယ်တွေ ဘာလို့ ရောက်လာကြတာလဲ ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ပတ်သက်တဲ့အကြောင်းကြောင့်တော့ မဟုတ်လောက်ဘူးနော် ၊ ပြီးတော့ အခု ရောက်လာတဲ့သူတွေက တကယ့်အရေးပါတဲ့သူတွေ ၊ ကြည့်ရတာ အကြောင်းတစ်ခုခုတော့ ရှိရမယ်"
ကျန်းလန် ဆက်နားမထောင်တော့ဘဲ ထွက်လာခဲ့သည်။
တစ်ခါတစ်ရံ လူအများ၏ သုံးသပ်ချက်က မှန်ကန်တတ်သည်။
နဂါးမျိုးနွယ်များသည် အမှန်တကယ်ပင် ကျောက်စိမ်းရေကန်နတ်ဘုရားမအတွက် ရောက်လာကြခြင်း မဟုတ်ပေ။ အဋ္ဌမမင်းသားအတွက်သာ ရောက်လာကြခြင်း ဖြစ်သည်။
သို့သော် အဋ္ဌမမင်းသားကို ပြန်ခေါ်သွားနိုင်မည်လား ၊ ခေါ်မသွားနိုင်ဘူးလားဆိုသည်ကတော့ ကျန်းလန်လည်း မသိရှိပေ။
ထို့ပြင် ကျန်းလန် သိချင်မိသည်မှာ ယခုကဲ့သို့ သတင်းများ ဖြန့်ဝေနေသူများမှာ သူလျှိုများက ပြုလုပ်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
သူသာ သူလျှိုများအကြောင်းကို သိရှိခဲ့ခြင်း မရှိလျှင် နောက်ကျကျန်ရစ်ခဲ့နိုင်သည်။
ယခု ကောလဟလသတင်းများကို ဖြန့်နေကြသည့် သူလျှိုများကတော့ ရှင်းပစ်မခံရသေးပေ။ နောက်တစ်ခါလည်း ကံကောင်းပါစေဟု ကျန်းလန် ဆုတောင်းပေးလိုက်သည်။
သူလျှိုများရှိနေခြင်းက ပြင်ပမှ သတင်းများ ပိုမိုကြားရပြီး သူတို့၏ သတင်းစကားများကလည်း အတော်လေး တိကျသည်။
ထိုသတင်းများ မှားသည် ၊ မှန်သည်ကတော့ ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်ဆုံးဖြတ်ရမည် ဖြစ်သည်။
အတန်ကြာပြီးနောက် …
ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။
ခြံဝန်းထဲ ခဏမျှ လျှောက်ကြည့်နေပြီးမှ မရဏဂူဆီသို့ ထွက်ခွာလာခဲ့သည်။
မရဏဂူထဲရောက်သည်နှင့် အရှေ့တံတားဆီသို့ ရောက်ရှိလာသည့် လူရိပ်များကို ကျန်းလန်၏ စိတ်အာရုံထဲတွင် တွေ့မြင်လိုက်ရသည်။
ကျန်းလန်က အရှေ့တံတားကို လှမ်းမြင်နိုင်သည့် နေရာတစ်ခုတွင် မျက်လုံးတစ်ထောင် အင်းစက္ကူကို လျှို့ဝှက်စွာ ထားရှိခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် အင်းစက္ကူမှတစ်ဆင့် အရှေ့တံတားမှ အဖြစ်အပျက်များကို တွေ့မြင်နေရခြင်း ဖြစ်သည်။
ကျန်းလန်က အခြေအနေများကို တစ်ချက် ကြည့်ရှုလိုက်သည်။
အင်းစက္ကူထားရှိခဲ့သည့်နေရာက အနည်းငယ် ဝေးကွာသဖြင့် အသေးစိတ်ကို မသိမြင်နိုင်သော်လည်း စွမ်းအားမြင့်မားသည့် အင်မော်တယ်တစ်ပါး တံတားထက်မှ ဆင်းသက်လာသည်ကို တွေ့မြင်လိုက်ရသည်။
ထိုအင်မော်တယ်က ခွန်လွန်တောင်မှ လွှတ်လိုက်သည့် အင်မော်တယ်ဖြစ်ပြီး တစ်ယောက်တည်း မဟုတ်ဘဲ အုပ်စုလိုက်ဖြစ်ကြ၏။ သူတို့အုပ်စုတွင် အားအနည်းဆုံးသူက အစစ်အမှန်အင်မော်တယ်အဆင့် ဖြစ်လေသည်။
ထို့နောက် မျက်လုံးတစ်ထောင် အင်းစက္ကူလည်း လောင်ကျွမ်းပျက်စီးသွားပြီး ထိုကိစ္စများကို ကျန်းလန် အာရုံမစိုက်တော့ပေ။
အင်းစက္ကူက ကြာရှည်မခံပေ။ ထိုသို့ ကြာရှည်မခံအောင်လည်း ကျန်းလန်က တမင်တကာ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။
မဟုတ်ပါက အခြားသူများ သတိထားမိသွားနိုင်ပေ၏။
"ဧကရာဇ်ရှီးဟယ်က ဒီကိစ္စကို ဖြေရှင်းဖို့ ခွန်လွန်တောင်က အုပ်စုတစ်စုကို စေလွှတ်လိုက်တဲ့ပုံပဲ"
ကျန်းလန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချရင်း တွေးလိုက်သည်။
သူ့လုပ်ရပ်ကို ဧကရာဇ်ရှီးဟယ် ကျေနပ်ပါမည်လားဆိုသည်ကတော့…
ဧကရာဇ် ရှီးဟယ်က မကျေမနပ်တော့ မဖြစ်နိုင်ပေ။
နတ်မိစ္ဆာများက ခွန်လွန်တောင်ကို ပစ်မှတ်ထားသည်ဖြစ်ရာ သူ့အနေဖြင့် ဤကိစ္စကို သတင်းပို့ပေးရမည်မှာ တာဝန်ပင် ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် နောက်ကွယ်တွင် မည်သည့်အန္တရယ်မှ မကျန်သည်မှာ သေချာစေသလို နှစ်ဦးနှစ်ဖက်လည်း အကျိုးရှိနိုင်သည်။
ကျန်းလန် ငရဲတံခါးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မရဏအငွေ့အသက်များ ထပ်မံပေါက်ကွဲထွက်ရန် အချိန်နီးကပ်လာပြီ ဖြစ်သည်။
ယခုတစ်ကြိမ်တော့ မည်သည့်ပြဿနာမှ မရှိစေရန် မျှော်လင့်မိသည်။
နတ်မိစ္ဆာများက ငရဲတံခါးကို မတိုက်ခိုက်သည့်တိုင် သူတို့က ပြင်ပမှပင် ငရဲတံခါးလမ်းကြောင်းကို ဖွင့်ပေးနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ကြသည်။
ယခုဆိုလျှင်…
နတ်မိစ္ဆာများက ငရဲတံခါးကို မည်သို့ ချိုးဖျက်ရမည်ကို နက်ရှိုင်းစွာ နားလည်သွားပြီဆိုလျှင်…
ထိုသွေးနီရောင်မျက်ဝန်းပိုင်ရှင် ငရဲတံခါးမှ ထွက်ပေါ်လာပြီ ဆိုလျှင်…
ခွန်လွန်တောင် သေချာပေါက် ပြဿနာတက်မည် ဖြစ်သည်။
ထိုသို့သောအချိန်ရောက်လာခဲ့လျှင် သူသည်လည်း မိုးကောင်းကင်အင်မော်တယ်တစ်ပါး ဖြစ်နေပါရန် မျှော်လင့်မိသည်။
ကျန်းလန် ထိုအကြောင်းများကို မစဉ်းစားတော့ဘဲ ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။
လက်ရှိတွင် သူက အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားသူတစ်ယောက် ဖြစ်သောကြောင့် ပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားများကို စုပ်ယူကျင့်ကြံရန် မလိုတော့ပေ။
သူ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ဖွင့်ကြည့်လိုက်သည်။ ထိုအခါ ကျောက်စိမ်းရေကန်နံဘေးတွင် စိတ်ပျက်လက်ပျက်ထိုင်နေဟန်ရှိသည့် အဖြူရောင်နဂါးလေး ရှောင်ယွိကို တွေ့လိုက်ရသည်။
သူသာ သူမကို အစာကျွေးလိုက်မည်ဆိုလျှင် မည်သို့ တုံ့ပြန်မည်လဲ ကျန်းလန် သိချင်မိသည်။ သို့သော် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားမှတစ်ဆင့် အစာကျွေးနိုင်ခြင်း မရှိခဲ့ပေ။
***
နောက်တစ်နေ့နံနက်။
ကျန်းလန် မရဏဂူထဲမှ ထွက်လာခဲ့သည်။
မနေ့ညက ရှောင်ယွိ စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း သိလိုက်ရသည့်အတွက် ကျောက်စိမ်းရေကန်သို့သွားရောက်ပြီး အခြေအနေမေးမြန်းရန် စီစဉ်လိုက်သည်။
သို့သော် သူ မရဏဂူအပြင်ဘက်သို့ ရောက်ရှိသည်နှင့် ဆရာဖြစ်သူက စာပို့လာသည်။
စာထဲမှ အကြောင်းအရာကို တွေ့လိုက်သည့်အခါ ကျန်းလန် အံ့အားသင့်သွားရသည်။
"ဂိုဏ်းတူအစ်မလုန်ယွိရဲ့ အမေက ငါ့ကို တွေ့ချင်လို့တဲ့"
ကျန်းလန် တအံ့တသြဖြင့်ပင် ရေရွတ်မိသည်။
နဂါးမျိုးနွယ်တစ်ယောက်ကို သူ့ကို တွေ့ဆုံလိုခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သို့သော် အဓိပ္ပါယ်ရှိသည်ဟု ဆိုရပေမည်။
ယခင်က ခွန်လွန်တောင်သို့ လာရောက်ကြသည့် နဂါးမျိုးနွယ်များက လုန်ယွိ၏ မိဘများ မဟုတ်ကြပေ။ ယခု ရောက်လာသူက လုန်ယွိ၏ မိခင်ဖြစ်သည်။
မိခင်ဖြစ်သူအနေဖြင့် သမီးဖြစ်သူနှင့် စေ့စပ်ထားသူကို တွေ့ချင်သည်ဆိုခြင်းမှာ ဖြစ်သင့်သည့်ကိစ္စပင် ဖြစ်သည်။
သို့သော် သူနှင့် လုန်ယွိ လက်ထပ်မည့်ကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံလိုခြင်းရော ဟုတ်ပါရဲ့လား။
ထိုအချက်ကို ကျန်းလန် မသိရှိလေရာ ဆရာဖြစ်သူကိုသာ မေးမြန်းကြည့်ရမည် ဖြစ်သည်။
"ညက ရှောင်ယွိ စိတ်ပျက်လက်ပျက်ဖြစ်နေတာ ဒီကိစ္စကြောင့်များလား"
ကျန်းလန်တွေးလိုက်၏။
ခဏအကြာတွင် ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ရောက်ရှိလာသည်။
မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်လိုက်ရင်း…
"နေ့လည်ခင်းလောက် သွားတွေ့လိုက်ပေါ့ကွာ ၊ သိပ်ပြီး အာရုံထားနေစရာလည်း မလိုပါဘူး ၊ ပြီးတော့ နဂါးမျိုးနွယ်တွေကို အထင်ကြီးစရာလည်း မလိုဘူး ၊ သူက ဘာကြီးပဲ ဖြစ်နေပါစေ ခွန်လွန်တောင်မှာဆိုရင်တော့ သူ့အနေနဲ့ ဘာမှ ဝင့်ကြွားလို့ မရပါဘူး"
ရောက်ရောက်ချင်း ဘာမှပင် မမေးမြန်းရသေးခင် ရုတ်တရက်ပြောလာသည့် မော့ကျန်းသုန့်စကားကြောင့် ကျန်းလန်ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
"ဆရာ ငါ့အကြောင်းပြောနေတာထင်တယ်"
ကျန်းလန် တွေးလိုက်သည်။
ပြီးမှ…
"ဆရာ… ကျွန်တော်က သူ့ကို တွေ့ရုံသက်သက်ပဲ မဟုတ်လား ၊ တခြားအကြောင်းများ ရှိသေးလား"
မော့ကျန်းသုန့်က ပြုံးလိုက်ရင်း…
"ဒီအတိုင်း သာမန်တွေ့ဆုံတာလောက်ပဲ သဘောထားပါ"
သူက ဆက်ပြောသည်။
"တခြား ဘာအန္တရယ်မှ မရှိပါဘူး ၊ ပုံမှန်အတိုင်း သွားတွေ့ရုံပါပဲ ၊ ဖြေဖို့ခက်တဲ့မေးခွန်းမျိုးတွေမေးလာရင်တော့ မင်းဟာမင်း ကြည့်ကျက်ဖြေလိုက်ပေါ့ ၊ အများကြီးလျှောက်တွေးပြီး စိတ်ပူမနေနဲ့"
ကျန်းလန်က ကိုယ်ပိုင်အတွေးအခေါ်ကောင်းသူဖြစ်ကြောင်း မော့ကျန်းသုန့် သိရှိသည်။
ထို့ကြောင့်လည်း လိုအပ်သည့် သတိပေးမှုအနည်းငယ်ပေးရုံမှလွဲပြီး အရာအားလုံးကို ကျန်းလန် စိတ်တိုင်းကျ ပြုလုပ်စေခဲ့သည်ပင်။
နဂါးမင်းသမီးနှင့်လက်ဆက်ရသည့်ကိစ္စကတော့ ချွင်းချက်ဖြစ်၏။ ထိုမင်္ဂလာကိစ္စကတော့ ကျန်းလန်စိတ်ဆန္ဒအတိုင်း မဟုတ်ခဲ့ဘဲ ခွန်လွန်တောင်မှ စီစဉ်ခဲ့သည့်ကိစ္စ ဖြစ်သည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"တပည့် နားလည်ပါပြီ"
***
ခြံဝန်းဆီသို့ ပြန်ရောက်သည့်အခါ ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးချင်မိသော်လည်း ထိုအရာလေးများ မရဏဂူထဲတွင် ကျန်ရစ်ခဲ့ကြသည်။
ထို့ကြောင့် ခြံဝန်းထဲမှာပင်ထိုင်ရင်း ယောက္ခမနှင့်တွေ့ဆုံရမည့်အကြောင်း စဉ်းစားနေခဲ့သည်။
"ဆရာကတော့ ပုံမှန်အတိုင်း တွေ့ဆုံလို့ရတယ်လို့ ပြောတာပဲ ၊ ဒါပေမဲ့ ကြည့်ရတာ ရှောင်ယွိအမေက လှုပ်ရှားမှု တစ်ခုခုတော့ လုပ်မယ့်ပုံပေါ်တယ်"
"ဒါပေမဲ့ သူလှုပ်ရှားမှာက အန္တရယ်မရှိလောက်ဘူး ၊ ပြဿနာရှိတယ်ဆိုလည်း ကြီးကြီးမားမား မဟုတ်လောက်ဘူး"
အချိန်အတန်ကြာတွေးနေပြီးနောက် ယောက္ခမလောင်းက သူ့ကို ဘာအကြောင်းကြောင့် တွေ့ချင်သည်ကို အတိအကျ အဖြေမထုတ်နိုင်ခဲ့ပေ။
သူ့ကို တွေ့ချင်ရသည့် အကြောင်းရင်းက အဋ္ဌမမင်းသားနှင့် ပတ်သက်နေပေလိမ့်မည်။
ထို့နောက် အချိန်တန်လျှင် သိရမည်ဟုသာ ယူဆပြီး စဉ်းစားခြင်းကို ရပ်တန့်လိုက်သည်။ သူမမေးသည့်မေးခွန်းများကို ပုံမှန်တိုင်းပင် ဖြေဆိုပြီး အခြား ဘာမှမပတ်သက်လျှင် ရပြီ ဖြစ်သည်။
"ဝှစ်…"
သူ စဉ်းစားနေဆဲ လေထုကိုထိုးခွင်းလာသည့် အသံတစ်သံကို ကြားလိုက်ရသည်။
မော့ကြည့်လိုက်တော့ ဒရောသောပါး ဓားကိုစီးနှင်ပျံသန်းလာသည့် ရှောင်ယွိကိုတွေ့လိုက်ရသည်။
သူမကိုကြည့်ရသည်မှာ အတော်လေး စိတ်ရှုတ်ထွေးနေပုံရ၏။
"ဂိုဏ်းတူမောင်လေး… မကောင်းတော့ဘူး"
လူရောက်မလာခင်မှာပင် အသံက အရင်ဆုံး ရောက်လာသည်။
"ဘန်း"
ဓားပေါ်မှ မြေပြင်ထက်သို့ ဆင်းသက်လိုက်သည်နှင့် သူမကိုယ်သူမ မထိန်းနိုင်ဘဲ အရှိန်ဖြင့် ကျန်းလန်ကို ဘုန်းကနဲ ဝင်တိုက်မိပြန်သည်။
"အမလေး နာလိုက်တာ"
ရှောင်ယွိ သူမနဖူးကို လက်ဖြင့်အုပ်ရင်း ကျယ်လောင်စွာဖြင့် အော်သည်။
နဖူးကိုပွတ်နေသည့် ရှောင်ယွိကို ကျန်းလန် ငုံ့ကြည့်လိုက်သည်။
"ငါတော့ ဘာမှ နာမသွားပါဘူး ၊ ရှောင်ယွိက ဘာလို့နာသွားရတာလဲ ၊ သူ အားများနည်းနေလို့လား"
ကျန်းလန်တွေးလိုက်သည်။
သူက မေးမြန်းဟန်ပြင်လိုက်စဉ် ရှောင်ယွိက ထခုန်ပြီး ကျန်းလန်ကို မော့ကြည့်လာသည်။
"ဂိုဏ်းတူမောင်လေး မကောင်းတော့ဘူး"
"ဘာတွေများ မကောင်းတာပါလိမ့်။ သူ့ဆရာ ပြန်ပေးဆွဲခံရတာတော့ မဟုတ်လောက်ပါဘူးနော်"
ကျန်းလန်တွေးလိုက်ပြန်သည်။
ရှောင်ယွိ၏ ဆံပင်ရှည်များမှာလည်း ရှုတ်ပွလျှက်ရှိရာ ကျန်းလန်က သူမဆံပင်လေးများ သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြန်လည်ပြုပြင်ပေးရင်း မေးခွန်းထုတ်လိုက်သည်။
"ဘာတွေများ ဖြစ်နေလို့လဲ"
သူမဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အေင် ပြုပြင်ပေးနေသည့် ကျန်းလန်၏ လက်များကို ရှောင်ယွိက အံ့အားသင့်ဟန်ဖြင့် ငေးကြည့်နေ၏။
ပြီးမှ သူမက ဆံပင်ရှည်လေးများကို ခါယမ်းကာ ပြုံးလိုက်ရင်း…
"ဂိုဏ်းတူမောင်လေး… ကျွန်မရဲ့ ဆံပင်ရှည်လေးတွေ လှတယ်မဟုတ်လား"
"ဟွန်း… နဂါးတွေက ဆံပင်မှမရှိတာ ၊ ထိပ်ပြောင်ကြီးတွေကို"
ကျန်းလန် စိတ်ထဲမှ ပြောလိုက်၏။
အပြင်ဘက်တွင် တကယ်တမ်းထုတ်ပြောလိုက်သည့်စကားကတော့…
"အင်း အရမ်းလှတာပဲ"
ပြီးမှ သူက မေးခွန်းထပ်မေးလိုက်သည်။
"ဂိုဏ်းတူအစ်မ… စောစောက မကောင်းတော့ဘူးဆိုတာက ဘာတွေ ဖြစ်နေလို့လဲ"
ရှောင်ယွိက…
"အမေက ရှင့်ကို တွေ့ချင်လို့တဲ့ ၊ ကျွန်မကိုလည်း တွေ့ချင်တယ်လို့ မနေ့ကတည်းက ပြောနေတာ ၊ ကျွန်မ သွားမတွေ့ရသေးဘူး"
ကျန်းလန် တိတ်ဆိတ်ငြိမ်သက်သွားသည်။
မနေ့က သူမ စိတ်ပျက်လက်ပျက် ဖြစ်နေသည်မှာ မိခင်ဖြစ်သူက သူမကို တွေ့ချင်သည်ဆိုသောကြောင့် ဖြစ်ပေလိမ့်မည်။
အမေရင်းနှင့် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ယခုမှ တွေ့ရမည်ဆိုသောအခါ စိတ်မသက်မသာ ခံစားရမည်ကတော့ အမှန်ပင်။
ကျန်းလန်က…
"ဒါဖြင့် ခဏနေရင် ကိုယ်နဲ့အတူတူ သွားတွေ့ကြမယ်လေ"
ရှောင်ယွိက ခေါင်းညိတ်လိုက်သည်။
"အင်း…"
သူမက ကျန်းလန်ကို လေးနက်စွာကြည့်လိုက်ပြီး…
"အမေနဲ့တွေ့ရမှာ ဂိုဏ်းတူမောင်လေး စိတ်ရှုတ်မနေဘူးလား"
ကျန်းလန်က ခေါင်းညိတ်ရင်း…
"အင်း… နည်းနည်းပေါ့"
သူက ယောက္ခမနှင့်တွေ့ဆုံရမည်ကို စိတ်ထဲမထားသော်လည်း တစ်ဖက်လူက တစ်ခုခု လှုပ်ရှားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
"ဒါဖြင့် စိတ်မရှုတ်နဲ့တော့ ၊ ကျွန်မဘေးမှာပဲနေ ၊ ကျွန်မက ဂိုဏ်းတူမောင်လေးကို ကာကွယ်ပေးမယ်"
ရှောင်ယွိက သူမရင်ဘတ်ကိုပုတ်ရင်း ပြောလိုက်သည်။
ကျန်းလန်က မာနကြီးသည့် နဂါးမလေးကို အရေးမစိုက်ဘဲ…
"ဂိုဏ်းတူအစ်မသာ ကိုယ့်အနားမှာ နေသင့်တာပါ ၊ ကိုယ်က မင်းကို ကာကွယ်ပေးမှာ"
ရှောင်ယွိက တစ်ချက်စဉ်းစားလိုက်ရင်း…
"ဘာလဲ… ဂိုဏ်းတူမောင်လေးက ကျွန်မထက် အသက်ပိုကြီးလို့ သူများတွေက အနိုင်ကျင့်ရဲမှာ မဟုတ်ဘူးလို့ တွေးမိလို့လား"
'ကျင့်ကြံသူအသက်နဲ့တွက်ရင် ငါကတောင် သူ့ထက် အသက်ပိုငယ်သေးတယ်' ဟု ကျန်းလန် တွေးလိုက်သည်။
သို့သော် နဂါးအသက်နှင့် လူအသက် နှိုင်းယှဉ်မည်ဆိုလျှင်တော့ ရှောင်ယွိက သူ့ထက် ငယ်ရွယ်သည်မှာ အမှန်ပင်။