အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း (၅၁) ထူးဆန်းသော ကမ္ဘာ
"အချိန်တန်ရင် နင်အကုန်လုံး သိလာမှာပါ"
ရွှင်း၏ အဖြေစကားကို ကြားလိုက်ရချိန်တွင် လုံချန်းမှာ ခေါင်းကို မြေကြီးနှင့်သာ ဆောင့်ပစ်လိုက်ချင်တော့သည်။ သို့သော် သူ့စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ရသည်။
"ဘာလို့ အခုမပြောတာလဲ။ အခုပြောပြလိုက်ရင် ပိုပြီး မလွယ်ကူဘူးလား" လုံချန်းက သူမကို ကြည့်ကာ မေးလိုက်သည်။
"ငါ ဘာလို့ အခုပြောပြလို့မရလဲဆိုတဲ့ အကြောင်းရင်းကို တကယ်ပဲ ကြားချင်လို့လား။ နင်က ထပ်ပြီး အနှိမ်မခံချင်တော့ဘူးလို့ ပြောခဲ့တယ် မဟုတ်လား" သူမက ဉာဏ်များသော အပြုံးလေးဖြင့် ဆိုသည်။
"ဒါဆိုရင်လည်း ဘာမှမပြောနဲ့တော့။ ငါ ဒီကျောင်းတော်ထဲကိုပဲ ဝင်သွားရမှာ မဟုတ်လား" လုံချန်းက ကျောင်းတော်၏ တံခါးကြီးများဘက်သို့ မျက်နှာမူကာ ပြောလိုက်သည်။
"ဟုတ်တယ်" သူမက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေသည်။
"ဒါဆို ငါ သွားပြီ" လုံချန်းက တံခါးကြီးဆီသို့ စတင် လျှောက်လှမ်းသွားသည်။
လုံချန်းသည် တံခါးကို တွန်းဖွင့်ရန် ကြိုးစားသော်လည်း ဖွင့်၍မရပေ။ အချိန်အတန်ကြာ အားစိုက်ထုတ်ပြီးသော်လည်း တံခါးမှာ တစ်လက်မမျှပင် မလှုပ်ရှားပေ။ သူ ခြေလှမ်းရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ ရွှင်းမှာ ပြုံးစိစိဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဘာလဲ... နင် ဒါကို ဘယ်လိုဖွင့်ရမလဲ သိလို့လား" လုံချန်းက မကျေမနပ် မေးလိုက်သည်။ ရွှင်းက တစ်ခုခုကို တိုးတိုးလေး ရေရွတ်နေသည်ကို သူ သတိထားမိသည်။
"နင်ပဲ ငါ့ကို ဘာမှမပြောနဲ့ဆို" သူမက ပြန်ချေပသည်။
"အာ... အဲဒါကို ခဏမေ့ထားလိုက်။ အခု ငါ နင့်ကို ပြောခိုင်းနေတာလေ။ ငါ့မှာ တကယ်ကို နင့်အကူအညီ လိုအပ်နေလို့ပါ။ ဒီတံခါးဝမှာတင် ထာဝရ ပိတ်မိမနေချင်ဘူး" သူက လေသံကို အတတ်နိုင်ဆုံး လျှော့ကာ ပြောလိုက်ရသည်။
"ငါက အသေးအဖွဲလေးတွေနဲ့ ဂျီတိုက်နေတတ်တဲ့ ကလေးမဟုတ်လို့ နင့်ကို ပြောပြပေးပါ့မယ်" သူမက လောကီအာရုံများအား စွန့်ခွာထားသည့် အထက်တန်းစား ပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ ခေါင်းကို မော့ကာ ဆိုသည်။
"နင်လုပ်ရမှာက..." ရွှင်းက ခေတ္တမျှ စကားကို ရပ်လိုက်သည်။
"အဲဒီတံခါးကို တွန်းဖွင့်ရမယ့်အစား ဆွဲဖွင့်ရမှာဟဲ့၊ ငတုံးရဲ့၊ ဟားဟားဟား... " သူမက အားရပါးရ အော်ဟစ်ရယ်မောတော့သည်။
"ဒီနေရာက သူ့ရဲ့ သွေးမျိုးဆက်ရှိသူပဲ လာနိုင်တာဆိုတော့ သူစိမ်းတွေ ရန်ကနေ ကာကွယ်နေစရာ မလိုဘူးလေ။ အဲဒါကြောင့် ဒီတံခါးမှာ ဘာလျှို့ဝှက်ချက်မှ မရှိဘူး။ နည်းနည်းလေး ဉာဏ်သုံးပြီး ဖွင့်ရုံပဲ" သူမက ၅ မိနစ်ခန့် ဆက်တိုက် ရယ်မောပြီးနောက်မှ ဝါရင့်ပုဂ္ဂိုလ်ကြီးတစ်ဦးကဲ့သို့ လေသံဖြင့် ပြန်လည် ရှင်းပြသည်။
လုံချန်းမှာ ဆွံ့အသွားပြီး တစ်မိနစ်ခန့် ကြောင်စီစီ ရပ်နေမိသည်။ ထို့နောက်မှ ထိုမိန်းကလေးငယ်ကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ မည်သည့်အားမျှ စိုက်ထုတ်စရာမလိုဘဲ တံခါးမှာ ပွင့်သွားတော့သည်။ လုံချန်းသည် အချိန်မဆွဲတော့ဘဲ ကျောင်းတော်အတွင်းသို့ ဝင်လိုက်သည်။
"အံ့ဩစရာပဲ" ကျောင်းတော်၏ အတွင်းပိုင်းကို မြင်လိုက်ရချိန်တွင် လုံချန်း မချီးကျူးဘဲ မနေနိုင်တော့ပေ။
နံရံတစ်ခုလုံးတွင် ခရမ်းရောင်အလင်းတန်းများ တောက်ပနေသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံမျိုးစုံဖြင့် ပြည့်နှက်နေသည်။ ထိုပုံစံများမှာ ငြိမ်သက်မနေဘဲ အဆက်မပြတ် ပြောင်းလဲနေကြသည်။ လုံချန်းသည် နံရံများကို ကြည့်လေလေ ပို၍ အံ့အားသင့်လေလေပင်။ ထိုပုံစံများထဲတွင် ထူးဆန်းသော စွမ်းအားတစ်မျိုး ကိန်းဝပ်နေသည်ကို သူ ခံစားမိသည်။
"အခု နင့်ရဲ့ အခြေအနေနဲ့ဆိုရင် ဒါတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို နားလည်နိုင်မှာ မဟုတ်သေးဘူး" လုံချန်း၏အနားတွင် ရွှင်းပေါ်လာပြန်သည်။
"နင်ပြောတာ မှန်ပါတယ်။ ငါ နားမလည်နိုင်ဘူး။ ဒါပေမဲ့ အဲဒီအရာတွေနဲ့ ငါ့ကြားမှာ တစ်ခုခု ဆက်နွှယ်နေသလိုမျိုးတော့ ခံစားရတယ်" လုံချန်းက တည်ငြိမ်သောအသံဖြင့် ဆိုသည်။
ခေတ္တအကြာတွင် လုံချန်းသည် နံရံများမှ အကြည့်လွှဲကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ခန်းမကြီးတစ်ခုလုံးတွင် မြင်တွေ့ရသည်မှာ တံခါးတစ်ချပ်သာ ရှိသည်။
"ဒီကျောင်းတော်ကြီးက ဒီလောက်ကြီးတာကို အခန်းတစ်ခန်းပဲ ရှိတာလား" သူက ထိုအခန်းဆီသို့ လျှောက်သွားရင်း မေးလိုက်သည်။
"သွားလေ... အဲဒီအခန်းထဲကို ဝင်လိုက်။ အဲဒါက နင် စမ်းသပ်မှုမှာ ပါဝင်ဖို့ ဝင်ရမယ့်နေရာပဲ။ အဲဒီထဲကနေ အောင်အောင်မြင်မြင် ပြန်ထွက်လာနိုင်ရင် ပိုပြီးတော့ သိပိုင်ခွင့် ရလာလိမ့်မယ်" ရွှင်းက ထိုတံခါးကို လက်ညှိုးညွှန်ပြကာ ပြောသည်။
"နင်က ငါ့ရဲ့ လမ်းပြဝိညာဉ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတာဆိုတော့ အထဲမှာ ငါ ဘာတွေ ရင်ဆိုင်ရမလဲ၊ အောင်မြင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ ပြောပြလို့ရမလား" လုံချန်းက သူမကို ကြည့်ကာ မေးလိုက်သည်။
"ဒါပေါ့... ဒီအကြီးအကဲ မမက ပြောပြမှာပါ။ နင်လုပ်ရမှာက ပိုပြီး သန်မာလာအောင် လုပ်ဖို့ပဲ" သူမက ပြုံးလျက် ဆိုသည်။
"အထဲမှာ ကျင့်ကြံရမှာကို ပြောတာလား" သူက ထူးဆန်းသော အမူအရာဖြင့် မေးသည်။
"မဟုတ်ဘူး။ အထဲမှာ ကျင့်ကြံပြီး သန်မာလာအောင် လုပ်လို့ရပေမဲ့ ဒီစမ်းသပ်မှုက အဲဒါအတွက် မဟုတ်ဘူး။ နင် အောင်မြင်ဖို့အတွက် တခြားနည်းလမ်းနဲ့ ခွန်အားတိုးအောင် လုပ်ရမှာ"
"ပိုပြီး ရှင်းအောင် ပြောပြလို့မရဘူးလား"
"လောလောဆယ်တော့ အများကြီး မပြောပြသေးဘူး။ နင့်ရဲ့ သိမြင်နားလည်မှုနဲ့ ပါရမီကို သုံးပြီး ခွန်အားတိုးအောင် လုပ်ရမယ်ဆိုတာပဲ သိထား။ ကဲ... အထဲဝင်တော့၊ ကျန်တာကိုတော့ ကိုယ့်ဘာသာကိုယ် ရှာဖွေကြည့်ပေါ့" သူမက မျက်လုံးမှိတ်လိုက်ပြီး ဘာမှထပ်မပြောဘဲ ရပ်နေတော့သည်။
လုံချန်းသည် တံခါးကိုဖွင့်ကာ အထဲသို့ ဝင်လိုက်သည်။ သူ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မည်သည်ကို စဉ်းစားရမှန်းပင် မသိတော့ပေ။ ၎င်းသည် သူ စိတ်ကူးယဉ်ထားသလို အခန်းတစ်ခန်း မဟုတ်တော့ဘဲ လုံးဝခြားနားသော ကမ္ဘာသစ်ကြီးတစ်ခု ဖြစ်နေသည်။
လုံချန်းသည် သူ၏ဦးခေါင်းအထက်တွင် နီရဲနေသော ကောင်းကင်ကြီးနှင့် အောက်ခြေတွင် ခြောက်သွေ့နေသော မြေပြင်ကို မြင်တွေ့ရသည်။ သူ၏မျက်စိတစ်ဆုံးတွင် လွင်ပြင်အတိသာရှိပြီး မည်သည့် အပင် သို့မဟုတ် သက်ရှိအရိပ်အယောင်မျှ မတွေ့ရပေ။ ကောင်းကင်တွင် နေ သို့မဟုတ် လ မရှိသော်လည်း ကမ္ဘာပေါ်က ပုံမှန်နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည်။
လေထုထဲတွင် အေးစက်မှုကို လုံချန်း ခံစားနေရသည်။ နီရဲနွေးထွေးနေသော ကောင်းကင်အရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဆောင်းဝင်ခါစကဲ့သို့ အေးစက်နေသည်။
"ဒီနေရာက ဘယ်နေရာလဲ။ ငါ နေသားကျခဲ့တဲ့ ကမ္ဘာနဲ့ လုံးဝ ခြားနားနေတာပဲ" လုံချန်း မိမိကိုယ်ကိုယ် ရေရွတ်လိုက်သည်။
"ဟင်... " လုံချန်း နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် အံ့ဩသွားရသည်။ သူ ဝင်လာခဲ့သော တံခါးမှာ မရှိတော့ပေ။ ၎င်းသည် မည်သည့် အစအနမျှ မကျန်ဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
'တံခါးက လုံးဝ ပျောက်သွားတာလား၊ ဒါမှမဟုတ် မမြင်ရအောင် ဖုံးကွယ်ထားတာလား' လုံချန်းသည် တံခါးရှိသင့်သော နေရာသို့ သွားကာ စမ်းသပ်ကြည့်သော်လည်း ရှာမတွေ့ပေ။
"တကယ် ပျောက်သွားတာပဲ။ သူမ ပြောတဲ့ သိမြင်နားလည်မှုကတစ်ဆင့် ပိုသန်မာအောင် လုပ်ရမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဒီလိုနေရာမျိုးကို ရောက်လာမယ်လို့ ငါ ထင်မထားခဲ့ဘူး။ ဒီမှာ ဘာမှမှ မရှိတာ" လုံချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ဆိုသည်။
"လောလောဆယ်တော့ လမ်းကြောင်းတစ်ကြောင်းကို ရွေးပြီး လျှောက်သွားကြည့်ရမှာပဲ။ ဒီစမ်းသပ်မှုနဲ့ ပတ်သက်တဲ့ လူတစ်ယောက် ဒါမှမဟုတ် တစ်ခုခုကို တွေ့ဖို့ မျှော်လင့်ရမှာပဲ။ ငါ့ကို ဒီကို ပို့လိုက်တာဆိုမှတော့ ဒီမှာ တစ်ခုခုတော့ ရှိရမယ်" လုံချန်းသည် သူအလိုရှိရာ လမ်းကြောင်းအတိုင်း စတင် လျှောက်လှမ်းခဲ့သည်။
"ဗိုက်မဆာတာကတော့ တကယ့်ကို ထူးဆန်းတယ်။ အကြောင်းရင်းကို မသိပေမဲ့ ဒီအတိုင်းပဲ ဆက်ဖြစ်နေရင် ကောင်းမှာပဲ။ တစ်ဝက်လောက် လျှောက်လာတာတောင် ဘာမှမတွေ့သေးဘူး။ ဒီလို သဲကန္တာရ ကမ္ဘာကြီးထဲမှာ စားစရာ ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး" လုံချန်းသည် ဆက်လက် လျှောက်လှမ်းရင်း ရေရွတ်နေမိသည်။
"ဒါ... ဒါက တကယ်ပဲလား" နောက်ထပ် တစ်နာရီခန့် ထပ်မံ လျှောက်လှမ်းပြီးနောက်တွင်တော့ လုံချန်း တစ်ခုခုကို မြင်တွေ့လိုက်ရတော့သည်။
အခန်း (၅၂) လူသားဆိုတာ ဒဏ္ဍာရီလား
လုံချန်းသည် ထိုခြောက်သွေ့သောအရပ်တွင် တစ်ဝက်ခန့် လျှောက်လှမ်းပြီးနောက် နောက်ဆုံးတွင် မိုးကုပ်စက်ဝိုင်းအစွန်း၌ တစ်စုံတစ်ယောက် သို့မဟုတ် တစ်ခုခု လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ ထိုမျှလောက် ဝေးလံသော အကွာအဝေးမှ ကြည့်ရသည်မှာ လူသားတစ်ဦးနှင့် တူနေသည်ဟု သူ ခံစားလိုက်ရသည်။
"နောက်ဆုံးတော့ လူတစ်ယောက်တွေ့ပြီ" လုံချန်း ဝမ်းသာအားရ တွေးလိုက်ရင်း ထိုဘက်သို့ ချက်ချင်း ပြေးသွားတော့သည်။
ခဏကြာ ပြေးသွားပြီးနောက် သူ၏ ပစ်မှတ်နှင့် နီးကပ်လာသည်နှင့်အမျှ ပုံရိပ်မှာ ပိုမို ရှင်းလင်းလာသည်။ သို့သော် သူ၏ရှေ့တွင် မြင်လိုက်ရသော အရာကြောင့် လုံချန်း ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။
ကြည့်ရသည်မှာ လူသားနှင့် တူသော်လည်း တစ်ဖက်တွင်လည်း မတူပြန်ပေ။ ထိုသူ၌ လူသားကဲ့သို့ ခန္ဓာကိုယ်နှင့် အရေပြား ရှိသော်လည်း ထူးခြားသည်မှာ သူ၏ နဖူးအလယ်တွင် တတိယမြောက် မျက်လုံးတစ်လုံး ရှိနေခြင်းပင် ဖြစ်သည်။ အရပ်မှာ ၃ မီတာ (၁၀ပေ) ကျော် မြင့်သော်လည်း ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ပိန်ပါးသည်။
ထိုသူသည် ပခုံးပေါ်တွင် အနီရောင် အိတ်တစ်အိတ်ကို ထမ်းထားပြီး လက်ထဲတွင်မူ သွေးညှီနံ့များ ထောင်းထောင်းထနေသော လှံရှည်ကြီးတစ်စင်းကို ကိုင်ဆောင်ထားသည်။
လုံချန်း အနားသို့ ရောက်သွားသောအခါ ထိုမျက်လုံး သုံးလုံးနှင့် လူသားမှာ လုံချန်းဘက်သို့ အာရုံလှည့်လာသည်။ လုံချန်းကို မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးများမှာ အံ့ဩလွန်း၍ ပြူးကျယ်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားမိသည်။
လုံချန်းက မည်သည်မျှ မလုပ်ဘဲ ငြိမ်သက်စွာ ရပ်နေသည်ကို မြင်မှသာ ထိုသူသည် သူ၏ စိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ပုံရသည်။
"မင်းက လူသားလား။ ငါတို့ရဲ့ စာအုပ်တွေထဲမှာ ဖော်ပြထားတဲ့ ပုံစံနဲ့ အတူတူပဲ" သူက လုံချန်းကို ကြည့်ကာ လေးလံသော အသံဖြင့် မေးလိုက်သည်။
လုံချန်းသည် ထိုသူ၏ ဘာသာစကားကို နားလည်နိုင်ခြင်းကြောင့် အံ့သြနေမိသည်။ သူပြောနေသည်မှာ တရုတ်စကား၊ အင်္ဂလိပ်စကား သို့မဟုတ် လုံချန်းသိသော မည်သည့် ဘာသာစကားမှ မဟုတ်သော်လည်း လုံချန်းကတော့ အလိုအလျောက် နားလည်နေခဲ့သည်။
"ဟုတ်ပါတယ်... ကျုပ်က လူသားပါ။ ဒီမှာ ကျုပ်လို လူသားတွေ နောက်ထပ် ရှိသေးလား" လုံချန်းက တည်ငြိမ်စွာ မေးလိုက်သည်။
"ဒီမှာ လူသားတွေ ထပ်ရှိဖို့ ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လူသားဆိုတာ တကယ်မရှိတဲ့ ဒဏ္ဍာရီသက်သက်ပဲလေ။ အခုထိတော့ အဲဒါက လုပ်ကြံထားတဲ့ ဒဏ္ဍာရီလို့ပဲ ငါ ထင်နေခဲ့တာ" သူက လုံချန်းကို စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဒဏ္ဍာရီလာ လူသားတွေ ဟုတ်လား... အဲဒီအကြောင်း ကျုပ်ကို ပိုပြောပြလို့ ရမလား"
"မင်းပုံစံက လူသားနဲ့ တူနေပေမဲ့ ငါတို့တစ်ခါမှ မမြင်ဖူးတဲ့ တခြားသက်ရှိတစ်ကောင်က လူသားယောင် ဆောင်နေတာလား ဆိုတာ ငါ မသေချာဘူး။ အဲဒါကြောင့် မင်းက လူသားအစစ် ဖြစ်ကြောင်း သက်သေပြဖို့ လိုလိမ့်မယ်"
"ဒဏ္ဍာရီတွေအရဆိုရင် လူသားတွေဟာ အကြီးကျယ်ဆုံး စစ်သည်တော်တွေပဲ။ ငါ မင်းကို စိန်ခေါ်မယ်။ တကယ်လို့ မင်းက ငါ့ကို အလွယ်တကူ အနိုင်ယူနိုင်ရင်တော့ မင်းဟာ လူသားတစ်ယောက် ဖြစ်တယ်ဆိုတာ ငါ ယုံကြည်ပေးမယ်" ထိုမျက်လုံး သုံးလုံးနှင့်လူက ပြောပြောဆိုဆိုဖြင့် သူ၏အိတ်ကို မြေကြီးပေါ် ချလိုက်ကာ လှံရှည်ကို ဝေ့ယမ်းလိုက်သည်။
"ဘာ... ကျုပ်ကို တိုက်ခိုက်မလို့လား။ အနည်းဆုံးတော့ ခင်ဗျားနာမည်ကို အရင်ပြောပြသင့်တယ် မဟုတ်ဘူးလား" လုံချန်းက ကြောင်အအ မျက်နှာဖြင့် မေးလိုက်သည်။
'ဘာလဲဟ... ဒီလူကြီးက ကြည့်ရတာ တော်တော် သန်မာမယ့်ပုံပဲ။ ငါ တကယ် အနိုင်ယူနိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် သူက လူသားတွေအပေါ် ဘာလို့ ဒီလောက် အထင်ကြီးနေရတာလဲ' လုံချန်း စိတ်ထဲမှ တွေးနေမိသည်။
"ငါ့နာမည်က တာရာ။ ငါ့မျိုးနွယ်စုရဲ့ တတိယအဆင့် ဝိညာဉ်ပျံတက်ခြင်း စစ်သည်တစ်ယောက်ပဲ" သူက တောင်ကြီးတစ်လုံးလို မားမားမတ်မတ် ရပ်ကာ ပြောလိုက်သည်။
'ဝိညာဉ်ပျံတက်ခြင်းအဆင့် ဆိုတာ ဘာလဲ။ ဒီနေရာက ကျင့်ကြံခြင်း စနစ်က ငါတို့ဆီကနဲ့ မတူဘူး ထင်တယ်' လုံချန်း တွေးလိုက်သည်။
"ကျုပ်နာမည်က လုံချန်းပါ။ ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းစနစ်က မတူတော့ ကျုပ် ပြောပြလည်း နားလည်မှာ မဟုတ်ပါဘူး။ ခင်ဗျား တိုက်ချင်တယ်ဆိုရင်လည်း တိုက်ရင်းနဲ့ပဲ သိကြတာပေါ့" လုံချန်းက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ ဘုရင်ဓားကို ထုတ်ကာ တိုက်ပွဲအတွက် ပြင်လိုက်သည်။
ဓားကို ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော ဓားအရှိန်အဝါများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ အတန်ငယ်ဝေးသော နေရာတွင် ရပ်နေသည့် တာရာပင်လျှင် ထိုအရှိန်အဝါကို ခံစားလိုက်ရသည်။
"တကယ့် လက်နက်ကောင်းပဲ။ အဝေးကနေတောင် သူ့ရဲ့ ခွန်အားကို ခံစားနေရတယ်။ လူသားတစ်ယောက်နဲ့ ထိုက်တန်တဲ့ လက်နက်ပဲ" တာရာက ဘုရင်ဓားကို ကြည့်ကာ ချီးကျူးလိုက်သည်။
"ကြည့်ကြသေးတာပေါ့... မင်းရဲ့ ခွန်အားက ဒီလက်နက်ကို ကိုင်ဆောင်ဖို့ လုံလောက်ရဲ့လားဆိုတာ" တာရာက ပြောရင်း သူ၏ လှံဖျားကို မြေကြီးထဲသို့ စိုက်လိုက်သည်။
တာရာသည် တိုက်ရိုက် မတိုက်ခိုက်ဘဲ လက်နက်ကို မြေကြီးထဲ အဘယ်ကြောင့် စိုက်လိုက်မှန်း လုံချန်း နားမလည်ပေ။
'ဒီလောက် ကြုံးဝါးပြီးမှ လက်လျှော့လိုက်တာလား' သူ တွေးလိုက်မိသည်။
သို့သော် မြေကြီး တုန်ခါလာသည်ကို ခံစားလိုက်ရချိန်တွင် သူ၏ အတွေးများ ပြောင်းလဲသွားသည်။
"လျှပ်စီး ခြေလှမ်း" လုံချန်းသည် သူ၏ လှုပ်ရှားမှုပညာကို သုံးကာ နေရာကို ချက်ချင်း ပြောင်းလိုက်သည်။ လုံချန်း ခုနက ရပ်နေခဲ့သော နေရာမှနေ၍ သစ်ပင်မြစ်ကြီးများစွာ မြေကြီးထဲမှ ရုတ်တရက် ထိုးထွက်လာသည်ကို မြင်လိုက်ရသည်။
'ဘာလဲဟ၊ သစ်ပင်တစ်ပင်မှ မရှိတဲ့ ဒီသဲကန္တာရထဲမှာ သစ်မြစ်တွေက ဘယ်က ထွက်လာတာလဲ' သစ်မြစ်ကြီးများ မြေကြီးထဲ ပြန်ဝင်သွားသည်ကို ကြည့်ရင်း သူ ရေရွတ်လိုက်သည်။
"တိုက်ပွဲ မပြီးမချင်း ပြိုင်ဘက်ဆီကနေ မျက်ခြေ မပြတ်စေနဲ့" လုံချန်း ရှေ့က သစ်မြစ်များကို ကြည့်နေစဉ်မှာပင် အနောက်မှ အသံကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ တာရာသည် လှံဖြင့် သူ့ကို ထိုးလိုက်ပြီ ဖြစ်သည်။
"ကာကွယ်စမ်း" လုံချန်းသည် ဘုရင်ဓားကို သုံးကာ ထိုတိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ တိုက်ခိုက်မှုက ဓားကို ထိမှန်သွားသောအခါ လုံချန်းသည် နောက်သို့ တစ်လှမ်း ဆုတ်သွားခဲ့ရပြီး တာရာမှာမူ အဟုန်မထိန်းနိုင်ဘဲ နောက်သို့ ၁၀ လှမ်းခန့် လွင့်ထွက်သွားပြီးမှ ခြေစုံပြန်ရပ်နိုင်တော့သည်။
'ဟင်... သူက ငါထင်သလောက် မသန်မာပါလား။ ရုတ်တရက် တိုက်ခိုက်တာရော၊ သူရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ပါ တိုက်တာတောင် ငါ့ကို တစ်လှမ်းပဲ ဆုတ်အောင် လုပ်နိုင်တယ်။ သူကိုယ်တိုင်က ၁၀ လှမ်းတောင် လွင့်သွားတာ'
'သူ့ရဲ့ တတိယအဆင့် ဝိညာဉ်ပျံတက်ခြင်း ဆိုတာ ငါ့ရဲ့ ပဉ္စမအဆင့် ဝိညာဉ်အခြေတည်ခြင်းထက် ပိုအားနည်းနေပုံပဲ' လုံချန်း တွေးလိုက်သည်။
"မင်း တကယ် သန်မာတာပဲ၊ ဒါပေမဲ့ ငါ့ကို နိုင်ဖို့တော့ မလုံလောက်သေးဘူး" တာရာက ပြောရင်း လှံဖြင့် ထပ်မံ တိုက်ခိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် လုံချန်းသည် မြေကြီး၏ တုန်ခါမှုကို ထပ်မံ ခံစားလိုက်ရပြန်သည်။ ဤတစ်ကြိမ်တွင်မူ သစ်ပင်ပင်စည် ၁၀ ခုကျော်သည် လမ်းကြောင်း ၃ ကြောင်းမှ သူ့ထံသို့ ထိုးထွက်လာပြီး တာရာ၏ လှံကမူ ရှေ့တည့်တည့်မှ ရောက်လာသည်။
"ကောင်းကင်ဘုံ မိစ္ဆာတောင်ပံများ" လှပသော အတောင်ပံနှစ်ချပ်သည် လုံချန်း၏ ကျောနောက်တွင် ပေါ်လာပြီး သူသည် ဝေဟင်သို့ ပျံတက်လိုက်သည်။
လုံချန်း ပျံသန်းသွားသည်ကို မြင်လိုက်ရချိန်တွင် တာရာမှာ အလွန်အမင်း အံ့ဩသွားသဖြင့် နေရာတွင်တင် ကြောင်အသွားပြီး သူ့ထံသို့ ပြန်ဦးတည်လာသော သစ်ပင်ပင်စည်များကိုပင် သတိမထားမိတော့ပေ။ သို့သော် သူ့ကို ထိမှန်ခါနီး နောက်ဆုံးအချိန်ကျမှ သူ သတိဝင်လာသည်။ ထိုသစ်ပင်ပင်စည်များသည် ရပ်တန့်သွားပြီး မြေကြီးထဲသို့ ပြန်လည် နစ်ဝင် ပျောက်ကွယ်သွားကြသည်။
"ကစားနေတာ တော်လောက်ပြီ။ ခင်ဗျားကို တကယ် အနိုင်ယူဖို့ အချိန်တန်ပြီထင်တယ်" လုံချန်းက ကောင်းကင်မှနေ၍ တာရာကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ တာရာသည် လုံချန်း၏ စကားနှင့် သူ၏ ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာသော ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများကြောင့် ရင်တုန်သွားရသည်။
"သူတော်စင်ဓား ခုနစ်သွယ်၊ ဒုတိယပုံစံ၊ ပျက်သုဉ်းခြင်း" လုံချန်းသည် သူ၏ဓားကို လေထဲတွင် ဝေ့ယမ်းကာ ခုတ်ချလိုက်ရာ ထိတ်လန့်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုသည် တာရာရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။