အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း (၅၃) အခြားသက်ရှိမျိုးနွယ်တစ်စုနှင့် တိုက်ခိုက်ခြင်း
"သူတော်စင်ဓား ခုနစ်သွယ်၊ ဒုတိယပုံစံ၊ ပျက်သုဉ်းခြင်း"
လုံချန်းသည် ဓားကို လေထဲတွင် ဝေ့ယမ်း၍ ခုတ်ချလိုက်သည်တွင် ထိတ်လန့်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုသည် တာရာရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ တာရာသည် ထိုတိုက်ခိုက်မှုတွင် ပြင်းထန်သော ဓားအရှိန်အဝါများ ပါဝင်နေသည်ကို ခံစားလိုက်ရပြီး ပို၍ပင် ထိတ်လန့်သွားရသည်။
တာရာသည် တိုက်ခိုက်မှု ရောက်လာသည်ကို မြင်သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော အဟုန်ကြောင့် ကိုယ်လက်လှုပ်ရှား၍ မရတော့သလို ခံစားလိုက်ရသည်။ သူသည် သူ၏လှံကို ဝေ့ယမ်းလိုက်ရာ သစ်ပင်ခြုံနွယ် တံတိုင်းကြီးတစ်ထပ် သူ၏ရှေ့တွင် ပေါ်လာပြီး ဒိုင်းသဖွယ် ကာကွယ်ပေးလိုက်သည်။ သို့သော် ထိုတိုက်ခိုက်မှုနှင့် ထိတွေ့လိုက်သည်နှင့် သစ်ပင်တံတိုင်းကြီးမှာ အလွယ်တကူပင် အပိုင်းပိုင်း ပြတ်တောက်သွားပြီး သူ့ထံသို့ ဆက်လက် တိုးဝင်လာခဲ့သည်။
နောက်ဆုံးအချိန်တွင် တာရာသည် နောက်ဆုံးခံစစ်အနေဖြင့် သူ၏လှံဖြင့် ခုခံလိုက်သော်လည်း ထိုတိုက်ခိုက်မှုဒဏ်ကြောင့် သူသည် လှံနှင့်အတူ လွင့်ထွက်သွားပြီး အဝေးတစ်နေရာ မြေကြီးထဲ ကျင်းခွက်ကြီး ဖြစ်သွားသည်အထိ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။
'ငါ ခန့်မှန်းထားတဲ့အတိုင်းပဲ။ သူ့ရဲ့ ကျင့်ကြံမှုက ငါ့ရှေ့မှာတော့ အဲဒီလောက် မသန်မာပါဘူး။ ငါတို့ရဲ့ ကျင့်ကြံမှု စံနှုန်းတွေနဲ့ တိုင်းတာမယ်ဆိုရင် ဝိညာဉ်အခြေတည်ခြင်း အဆင့် ၃ ဒါမှမဟုတ် ၄ လောက်ပဲ ရှိတဲ့ စစ်သည်တစ်ယောက်ထက်တောင် ပိုအားနည်းဦးမယ်။ တော်သေးတာပေါ့ ဒုတိယပုံစံကိုပဲ သုံးလိုက်လို့၊ စတုတ္ထပုံစံသာ သုံးလိုက်ရင် သူ အလွယ်တကူ သေသွားနိုင်တယ်' လုံချန်းသည် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်ရင်း ရေရွတ်လိုက်သည်။
သူ၏ခြေထောက်များ မြေကြီးပေါ် ထိလိုက်သည်နှင့် လှပသော အတောင်ပံများမှာ ပျောက်ကွယ်သွားသည်။ သူသည် တာရာ ပြုတ်ကျသွားသည့် ကျင်းခွက်ဆီသို့ လျှောက်သွားလိုက်သည်။ လုံချန်း ရောက်သွားချိန်တွင် တာရာမှာ ကျင်းထဲမှ ရုန်းကန်ထွက်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။
"အဆင်ပြေရဲ့လား" လုံချန်းက မေးလိုက်သည်။
"ငါ အဆင်ပြေပါတယ်။ ညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" တာရာသည် လုံချန်းကို ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုသည်။
'သူ့ရဲ့ ခန္ဓာကိုယ် ခံစစ်က တော်တော် သန်မာတာပဲ။ ဒီလောက်ပြင်းပြင်းထန်ထန် ပြုတ်ကျတာတောင် ဒဏ်ရာ နည်းနည်းပဲ ရသွားတယ်' လုံချန်းသည် တာရာကို အနီးကပ် ကြည့်ရင်း တွေးလိုက်မိသည်။
"ကျုပ် ညှာတာပေးတယ်ဆိုတာ ခင်ဗျား ဘယ်လိုသိလဲ" လုံချန်းက အနည်းငယ် ပြုံးကာ မေးလိုက်သည်။
"မင်းရဲ့ ခွန်အားကို မြင်ပြီးတဲ့နောက်မှာ မင်း စိတ်ကူးရှိရင် ငါ့ကို အလွယ်တကူ သတ်နိုင်မှာ သေချာပါတယ်။ အခုတိုက်ပွဲကိုလည်း ငါက စခဲ့တာဆိုတော့ ငါ့ကို သတ်ပိုင်ခွင့်လည်း ရှိနေတာပဲ။ ဒါပေမဲ့ မင်းက ငါ့ကို ဒဏ်ရာ နည်းနည်းပဲ ရအောင် လုပ်ခဲ့တယ်။ ပြီးတော့ အခုပြလိုက်တာက မင်းရဲ့ အစစ်အမှန် ခွန်အား အကုန်လုံး မဟုတ်ဘူးဆိုတာလည်း ငါ ယုံကြည်တယ်" တာရာက သူ၏ ကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်ရင်း ပြောလိုက်သည်။
"မင်းပြောသလိုပဲ... အစက မင်းက ငါ့ကို စမ်းနေတာလည်း ဖြစ်နိုင်သလို၊ နောက်ဆုံး တိုက်ခိုက်မှုကလည်း အပြင်းထန်ဆုံး မဟုတ်တာ ဖြစ်နိုင်တယ်။ မင်းသာ အစကတည်းက အတည် တိုက်ခိုက်မယ်ဆိုရင် ငါ့ကို တစ်ကွက်တည်းနဲ့ သတ်နိုင်မှာပါ" တာရာက မတ်မတ်ရပ်ကာ လုံချန်းကို ကြည့်ရင်း ဆက်ပြောသည်။
"အကဲခတ် တော်သားပဲ။ ဒါနဲ့... အခုတော့ ကျုပ်က လူသားတစ်ယောက်ဆိုတာ ခင်ဗျား ယုံသွားပြီလား" လုံချန်းက ပြုံးစစဖြင့် မေးလိုက်သည်။
"ဘာမှ သံသယဖြစ်စရာ မရှိတော့ပါဘူး။ မင်းဟာ တကယ့် ဒဏ္ဍာရီလာ လူသားတစ်ယောက်ပါပဲ" သူသည် မြေကြီးပေါ်မှ လှံကို ပြန်ရှာကာ ကောက်ကိုင်လိုက်ရင်း ဆိုသည်။
"ဒဏ္ဍာရီလာ ဆိုတဲ့ စကားလုံးကို ခဏခဏ မပြောလို့ ရမလား။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ မျိုးနွယ်စုက ဒီနားမှာပဲလား။ ခင်ဗျားပြောတဲ့ လူသားတွေအကြောင်းပါတဲ့ စာအုပ်တွေက ခင်ဗျားတို့ မျိုးနွယ်စုမှာ ရှိတာလား။ ကျုပ်ကို အဲဒီနေရာ ခေါ်သွားပြီး စာအုပ်တွေ ဖတ်ခွင့်ပေးနိုင်မလား" လုံချန်းက မေးလိုက်သည်။
"ရတာပေါ့၊ ငါတာရာက ဒဏ္ဍာရီလာ လူသားတစ်ယောက်ကို ခေါ်လာတာ မြင်ရင် မျိုးနွယ်စုတစ်စုလုံး အံ့ဩသွားကြမှာပဲ" တာရာက ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။
"ဒါဆို သွားကြစို့၊ ကျုပ် ခင်ဗျားနောက်က လိုက်ခဲ့မယ်"
တာရာသည် သူ၏လှံကို ကောက်ကိုင်ကာ တိုက်ပွဲမစမီ ချထားခဲ့သော အိတ်ဆီသို့ လျှောက်သွားသည်။ အိတ်ကို ကောက်ယူပြီးနောက် လမ်းကြောင်းတစ်ခုအတိုင်း စတင် လျှောက်လှမ်းကာ လုံချန်းကို လိုက်ခဲ့ရန် အချက်ပြသည်။
"ခင်ဗျားတို့ ဘယ်ဘက်ကို သွားရမယ်ဆိုတာ ဘယ်လိုသိလဲ။ ကျုပ် ကြည့်ရသလောက်တော့ နေရာတိုင်းက သဲကန္တာရကြီးပဲ။ လမ်းကြောင်း ခွဲခြားဖို့ နေရော လရော မရှိဘူးလေ" လုံချန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မေးလိုက်သည်။
"နေနဲ့ လဆိုတာ ဘာတွေလဲ။ ငါတို့ကတော့ လမ်းကြောင်းသိဖို့ ဒါကိုပဲ သုံးတာ။ ဒီမှာရှိတဲ့ လူတိုင်းမှာ ဒါ ရှိတယ်" တာရာက သူ၏အိတ်ထဲမှ သံလိုက်အိမ်မြှောင်နှင့် တူသော အရာတစ်ခုကို ထုတ်ပြသည်။
'စိတ်ဝင်စားစရာပဲ။ သံလိုက်အိမ်မြှောင်ထက်စာရင် အကြမ်းထည် ပိုဆန်ပေမဲ့ လုပ်ဆောင်ချက်ကတော့ အတူတူပဲ။ ကမ္ဘာပေါ်က သံလိုက်အိမ်မြှောင်တွေနဲ့ မတူတဲ့ တခြား နည်းလမ်းတစ်ခုခု သုံးထားတာ နေမှာ။ တကယ့်ကို ထူးဆန်းတယ်' လုံချန်း စိတ်ဝင်တစား တွေးလိုက်မိသည်။
"ဪ... ဒါနဲ့ ခင်ဗျား ခုနက တိုက်ခိုက်တုန်းက မြေကြီးထဲက သစ်ပင်တွေကို ထွက်လာအောင် လုပ်တာက ခင်ဗျားတို့ သွေးမျိုးဆက်ရဲ့ ထူးခြားချက်လား" သံလိုက်အိမ်မြှောင်ကို ပြန်ပေးပြီးနောက် လုံချန်း မေးလိုက်သည်။
"မဟုတ်ဘူး။ ငါတို့ မျိုးနွယ်စုတိုင်း လုပ်နိုင်တာ မဟုတ်ဘူး။ ငါတို့က မွေးကတည်းက ဒီအစွမ်း ပါလာတာ မဟုတ်ဘူး။ ငါတို့ ဘိုးဘေးတွေရဲ့ နက်နဲတဲ့ အရာကြောင့် ရရှိတာပါ။ အဲဒီ အရာဝတ္ထုနားမှာ သွားပြီး အချိန်အတန်ကြာ လေ့လာဆည်းပူးတဲ့အခါ တချို့ကတော့ အသိဉာဏ်ပွင့်သွားပြီး သစ်ပင်တွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရလာကြတာ။ ကံမကောင်းတာက အဲဒီလို လုပ်နိုင်တဲ့သူက တော်တော်လေး ရှားတယ်" တာရာက ပြန်ဖြေသည်။
"အဲဒီအကြောင်းကို စကားနဲ့ ရှင်းပြဖို့ ခက်တယ်။ မျိုးနွယ်စုဆီ ရောက်တဲ့အခါ ငါ ပြပေးပါ့မယ်။ အဲဒီကျရင် မင်း ပိုနားလည်သွားမှာပါ"
"ကောင်းပါပြီ။ ဒါနဲ့ လူသားတွေက ဘာဖြစ်လို့ ခင်ဗျားတို့ စာအုပ်ထဲမှာ ဒဏ္ဍာရီ ဖြစ်နေရတာလဲဆိုတာ ပြောပြပါဦး" လုံချန်းက ထပ်မေးပြန်သည်။
"ဪ... အဲဒါက ငါတို့ရဲ့ စင်ကြယ်ခြင်း စာအုပ်ထဲမှာရော၊ ဒီကမ္ဘာမှာ ရှိတဲ့ တခြား မျိုးနွယ်စုတွေရဲ့ စာအုပ်တွေမှာပါ ဖော်ပြထားတာပါ။ လွန်ခဲ့တဲ့ အချိန်တုန်းက ဒီကမ္ဘာက မျိုးနွယ်စုပေါင်းများစွာကို ပျက်သုဉ်းတော့မယ့် အန္တရာယ်ကနေ ကာကွယ်ပေးခဲ့တဲ့ လူသားတစ်ယောက်ရဲ့ ဒဏ္ဍာရီပေါ့။ သူက ဒီကမ္ဘာမှာ အသန်မာဆုံး ပုဂ္ဂိုလ်ပဲ။ သူ ဘယ်သူလဲလို့ မေးတဲ့အခါ သူက လူသားတစ်ယောက် ဖြစ်တယ်လို့ မျိုးနွယ်စု ခေါင်းဆောင်တွေကို ပြောပြခဲ့တာ" တာရာက အကျဉ်းချုပ် ရှင်းပြသည်။
"အဲဒါ လူသား တစ်ယောက်တည်း အကြောင်းပဲလား။ တခြား လူသားတွေကော"
"သူ့မတိုင်ခင်ရော သူ့နောက်ပိုင်းမှာရော တခြား ဘယ်လူသားကိုမှ ဒီကမ္ဘာမှာ မမြင်ဖူးတော့ဘူး... ဒီနေ့ မင်းပေါ်လာတဲ့အထိပေါ့"
'အဲဒီ တခြားလူသားဆိုတာ ဘယ်သူလဲဆိုတာ ငါ ရိပ်မိပြီ ထင်တယ်' လုံချန်းသည် ရွှေရောင်ဆံပင်နှင့် လူသားတစ်ဦးကို သတိရလိုက်မိသည်။
"အဲဒီလူက မင်းတို့ လူမျိုးတွေကို ဘယ်လို ကယ်တင်ခဲ့တာလဲ"
"အဲဒါကိုတော့ ငါတို့ မျိုးနွယ်စု အကြီးအကဲက ငါ့ထက် ပိုကောင်းအောင် ရှင်းပြနိုင်လိမ့်မယ်။ မကြာတော့ဘူး... ရောက်တော့မှာပါ" တာရာက ပြောရင်း ရှေ့သို့ ခပ်သွက်သွက် လျှောက်သွားသည်။
အတန်ကြာ လမ်းလျှောက်ပြီးနောက် မြေပြင်တွင် သစ်ပင်စိုက်ပျိုးထားသည့် အရိပ်အယောင် အချို့ကို လုံချန်း စတင် မြင်တွေ့လိုက်ရသည်။ အနီရောင် မြက်ခင်းကွက်လေးများကို ပုံမှန် အကွာအဝေးတိုင်း ဖြတ်ကျော်လာခဲ့သည်။
လုံချန်းသည် ထိုထူးဆန်းသော အပြောင်းအလဲများကို စိတ်ဝင်တစား ကြည့်နေစဉ်မှာပင် တာရာ၏ မျက်နှာထားမှာ ရုတ်တရက် ခက်ထန်သွားပြီး သူ၏လှံကို တင်းတင်းဆုပ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
တာရာ၏ ကိုယ်ဟန်အနေအထား ပြောင်းလဲသွားသည်ကို လုံချန်း သတိပြုမိလိုက်သည်။ ထိုအချိန်တွင်ပင် သူသည်လည်း သူ၏ တောင်ဖြိုဓားကို ထုတ်ယူပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။
အခန်း (၅၄) မကောင်းဆိုးဝါးများ
လုံချန်း တိုက်ခိုက်လိုက်သည့် ဦးတည်ချက်မှာ တာရာ့ထံသို့ မဟုတ်ဘဲ သူ၏ ညာဘက်ဘေးသို့ ဖြစ်သည်။ သူ၏ တောင်ဖြိုဓားသည် လေထုကို ခွဲကာ ညာဘက်သို့ ဝေ့ယမ်းသွားသည်။ ဓားချက်သည် တစ်စုံတစ်ခုကို ထိမှန်သွားပြီး ထိုအရာမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ကြည့်လိုက်သောအခါ ထူးဆန်းသော သတ္တဝါတစ်ကောင်မှာ သေဆုံးလျက်သား မြေပေါ်တွင် လဲလျောင်းနေသည်ကို တွေ့ရသည်။
လုံချန်းသည် သူ၏ ပတ်ဝန်းကျင်ကို သတိပြုနိုင်ရန် ခရီးတစ်လျှောက်လုံးတွင် သူ၏ ဝိညာဉ်အာရုံကို ပုံမှန် အသုံးပြုနေခဲ့သည်။ ယခုတစ်ကြိမ် အာရုံခံလိုက်စဉ်မှာပင် အရိပ်တစ်ခုသည် သူ့ထံသို့ အလွန်လျှင်မြန်စွာ ပြေးဝင်လာသည်ကို သတိပြုမိလိုက်သဖြင့် ချက်ချင်းပင် မဆိုင်းမတွ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သူက သူ့ကို တိုက်ခိုက်လာသည့် အရာအား နှစ်ပိုင်းပိုင်းဖြတ်လိုက်ချိန်မှာပင် တာရာသည်လည်း သူ၏လှံဖြင့် တစ်ကောင်ကို သတ်လိုက်သည်ကို သတိထားမိလိုက်သည်။ လုံချန်းသည် သူ၏ အနောက်ဘက်တွင် နောက်ထပ် အာရုံတစ်ခုကို ထပ်မံ ခံစားလိုက်ရပြန်သဖြင့် ချက်ချင်းပင် လှည့်၍ ခုန်အုပ်လာသော သတ္တဝါကို ခုတ်ချကာ သတ်ပစ်လိုက်သည်။
"ဟင်း... ဒါက တော်တော် ထူးဆန်းတာပဲ။ ငါ တစ်ခါမှ မမြင်ဖူးဘူး။ အရိုးစုကြီးပဲလား... ကြည့်ရတာ ယုန်တစ်ကောင်ရဲ့ အရိုးစုနဲ့ တူပေမဲ့ ခေါင်းပေါ်က အရိုးချို နှစ်ချောင်းကတော့ ဒီသတ္တဝါကို တခြားအကောင်တွေနဲ့ ကွဲပြားသွားစေတယ်" လုံချန်းသည် သူ့ကို တိုက်ခိုက်ခဲ့သော အရာကို ကြည့်ကာ ရေရွတ်လိုက်သည်။ ၎င်းသည် ဝိညာဉ်သားရဲ တစ်ကောင်နှင့် တူသော်လည်း အသားလည်းမရှိ၊ အရေပြားလည်း မရှိဘဲ အရိုးများသာ ဖြစ်နေသည်။ ၎င်း၏ အရိုးများမှာလည်း သာမန်မဟုတ်ဘဲ မည်းနက်သော အရောင် ရှိသည်။
"ဒီသတ္တဝါအကြောင်း ခင်ဗျား သိသလား။ ဒါကို ဘာလို့ ခေါ်လဲ။ ဒါက ဝိညာဉ်သားရဲ အမျိုးအစား တစ်ခုလား" လုံချန်းက ဇဝေဇဝါဖြင့် တာရာကို ဆက်တိုက် မေးလိုက်သည်။
"ဝိညာဉ်သားရဲ ဆိုတာ ဘာလဲ။ ဒီသတ္တဝါကိုတော့ အရိုးချိုယုန်လို့ ခေါ်တယ်။ သူက သူရဲ့ ပုန်းလျှိုးကွယ်လျှိုးနိုင်မှု၊ မြန်နှုန်းနဲ့ ချောင်းမြောင်း တိုက်ခိုက်မှုတွေ သုံးပြီး သတိမထားမိတဲ့သူတွေကို အလွယ်တကူ သတ်နိုင်တယ်။ ဒါပေမဲ့ သန်မာတဲ့သူတွေ ရှေ့မှာတော့ ဒီကောင်က တော်တော်လေး အားနည်းပါတယ်။ သူရဲ့ ခံစစ်က သူရဲ့ အားနည်းချက်လို့ ပြောလို့ရတယ်။
ဒါကတော့ မကောင်းဆိုးဝါးလို့ ခေါ်တဲ့ မျိုးစိတ်ထဲက တစ်ခုပဲ။ ဒီမှာ ဒီလို မကောင်းဆိုးဝါးတွေ အများကြီး ရှိတယ်။ တချို့ဆိုရင် အရမ်းသန်မာလွန်းလို့ ငါကိုယ်တိုင်တောင် သူတို့နဲ့ လမ်းမှာ မဆုံပါစေနဲ့လို့ ဆုတောင်းရတဲ့အထိပဲ" တာရာက သေဆုံးနေသော မကောင်းဆိုးဝါးကို လက်ညှိုးညွှန်ပြကာ ရှင်းပြသည်။
'မကောင်းဆိုးဝါးတွေ ဟုတ်လား... စိတ်ဝင်စားစရာပဲ။ ငါ့အမြင်မှာတော့ အသေကောင်တွေ ပြန်ထလာတဲ့ ဖုတ်ကောင်နဲ့ ပိုတူတယ်။ ဒါပေမဲ့ ဒါက တခြားကမ္ဘာဆိုတော့ ဘာမဆို ဖြစ်နိုင်တာပဲ' လုံချန်း တွေးလိုက်ရင်း ဓားကို လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။
"ဪ... ဒါနဲ့ မင်းရဲ့ ဓားတွေကို ဘယ်မှာ သိမ်းထားတာလဲ။ မင်းလက်ထဲမှာ ရုတ်တရက် ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့။ ဒါက လူသားတွေရဲ့ ထူးခြားတဲ့ စွမ်းအားလား" တာရာက အံ့ဩစွာ မေးသည်။
"အဲဒီလိုပဲ ပြောလို့ရပါတယ်။ ခင်ဗျားနဲ့ သစ်ပင်တွေလိုပေါ့။ လူသားတိုင်း မလုပ်နိုင်ပေမဲ့ တချို့လူသားတွေ လုပ်နိုင်တဲ့ အရာပါပဲ" လုံချန်းက ပြုံး၍ ဖြေလိုက်သည်။
"ဒါနဲ့ လမ်းမှာ ဒီလိုအရာတွေ ရှိနိုင်တယ်လို့ ခင်ဗျား ကျုပ်ကို ဘာလို့ ကြိုမပြောတာလဲ"
"မင်းက လူသားတစ်ယောက်ပဲလေ။ ငါမပြောလည်း ဒီလိုအရာတွေက မင်းရှေ့မှာ ဘာမှမဟုတ်တာ ငါသိတယ်" တာရာက ရယ်မောကာ ပြန်ပြောသည်။
'ဝိညာဉ်အာရုံက တကယ် အသုံးဝင်တာပဲ။ ငါသာ တိုက်ခိုက်တာကို ကြိုမသိခဲ့ရင် ဒဏ်ရာမရခင်မှာ သူတို့ကို သတ်နိုင်မှာ ဖြစ်ပေမဲ့ အခုလို အလွယ်တကူတော့ သတ်နိုင်မှာ မဟုတ်ဘူး' လုံချန်းက တာရာနောက်မှ လိုက်ရင်း တွေးနေမိသည်။
'ဒါပေမဲ့ ဝိညာဉ်အာရုံကို အမြဲတမ်း သုံးနေလို့ မရတာက စိတ်ပျက်ဖို့ ကောင်းတယ်။ အဲဒါက စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး အရမ်းဖြစ်စေတာကိုး။ မဟုတ်ရင် ဒီထက်တောင် အသုံးဝင်ဦးမှာ' သူက ထပ်မံ၍ ဝိညာဉ်အာရုံကို တစ်ချက် ဖြန့်ကျက်လိုက်ပြန်သည်။
နာရီဝက်ခန့် လမ်းဆက်လျှောက်ပြီးနောက် လုံချန်းသည် တာရာ၏ မျိုးနွယ်စုဟု ယူဆရသော နေရာကို မြင်လိုက်ရသည်။ အနီရောင် သစ်သားများဖြင့် ကာရံထားသော ခြံစည်းရိုးများ ရှိပြီး တံခါးဝတွင် အစောင့်နှစ်ဦး ရှိနေသည်။ အံ့ဩစရာကောင်းသည်မှာ ထိုအစောင့်နှစ်ဦးစလုံးသည် အမျိုးသမီးများ ဖြစ်နေခြင်းပင်။ သူတို့သည် အပြင်ပန်းကြည့်လျှင် တာရာနှင့် တူသော်လည်း ထူးခြားချက်မှာ သူတို့၏ ထင်ရှားသော ရင်သားများပင် ဖြစ်သည်။
သူတို့သည် အဝတ်အစား များများစားစား ဝတ်ဆင်မထားကြပေ။ စကတ်တိုလေး တစ်ထည်နှင့် ရင်ဘတ်တွင် အနည်းငယ်သာ ဖုံးအုပ်ထားသော အဝတ်စလေးများကိုသာ ဝတ်ထားကြသည်။
'သူတို့ မျိုးနွယ်စုက အဝတ်အစား မကြိုက်ကြဘူးလား။ တာရာကလည်း ရင်ဘတ်ဗလာနဲ့၊ အမျိုးသမီး အစောင့်နှစ်ယောက်ကလည်း အဝတ်အစားက မရှိသလောက်ပဲ။ ဒါပေမဲ့ ငါ့အတွက်တော့ ဒါက မြင်ကွင်းကောင်း တစ်ခုပါပဲ။ သူတို့ရဲ့ ရင်သားတွေက တော်တော်ကြီးတာပဲ၊ ငါ အခုထိ မြင်ဖူးသမျှထဲမှာ အကြီးဆုံးပဲ' လုံချန်း တွေးလိုက်မိသည်။
"ဒီမှာ ရှိတဲ့ အမျိုးသမီးတွေအားလုံးက ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ဒီလောက်အထိ ထူးခြားကြတာလား" လုံချန်းက တာရာကို ကြည့်ကာ မေးလိုက်သည်။
"ဒါပေါ့၊ တချို့ကလွဲရင် သူတို့အားလုံးက တော်တော်လေး သန်မာကြတယ်" တာရာက လုံချန်း၏ မေးခွန်းကို အဓိပ္ပာယ် လွဲမှားစွာ နားလည်ပြီး ဂုဏ်ယူစွာ ပြန်ဖြေသည်။
သူတို့ တံခါးဝသို့ နီးကပ်လာသောအခါ အမျိုးသမီး အစောင့်နှစ်ဦးသည် သူတို့ကို မြင်သွားသည်။ သူတို့သည် လုံချန်းကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် ကြောင်အသွားကြပြီး တာရာ ရှိနေသည်ကိုပင် မေ့သွားပုံရသည်။
"ဟေ့... ဘာလို့ အဲဒီမှာ ကြောင်ကြည့်နေကြတာလဲ။ တံခါးဖွင့်ပေးလေ" တာရာက ပြောမှသာ သူတို့နှစ်ဦး သတိဝင်လာသည်။
"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်၊ ပြန်လာတာ ကြိုဆိုပါတယ် အရှင်တာရာ။ နှုတ်ခွန်းဆက်သပါတယ်" သူတို့က တာရာကို အရင်ဦးညွှတ်ပြီးနောက် လုံချန်းကိုပါ ဦးညွှတ် နှုတ်ဆက်ကြသည်။
'ဒီက မိန်းကလေးတွေက တော်တော် ပွင့်လင်းတာပဲ' သူတို့ ဦးညွှတ်လိုက်ချိန်တွင် ပို၍ ထင်ရှားစွာ မြင်တွေ့လိုက်ရသောကြောင့် လုံချန်း တွေးမိသည်။
အစောင့်များ တံခါးဖွင့်ပေးလိုက်သဖြင့် တာရာနှင့် လုံချန်းတို့ အတွင်းသို့ ဝင်လာခဲ့ကြသည်။
"... အဲဒါ... အဲဒါ တကယ်ပဲ လူသားတစ်ယောက်လား" အစောင့်တစ်ဦးက ကျန်တစ်ဦးကို မေးလိုက်သည်။
"ပုံစံကြည့်ရတာတော့ ဟုတ်တယ်။ အရှင်တာရာကလည်း သူ့ကို အရမ်းလေးစားနေတာဆိုတော့ ငါတို့ နောက်ဆုံးမှာ လူသားတစ်ယောက်ကို မြင်လိုက်ရတာ ဖြစ်နိုင်တယ်။ ဒဏ္ဍာရီက တကယ်ပဲ မှန်နေတာပဲ" အခြားတစ်ဦးက ဝမ်းသာအားရ ဆိုသည်။
"သူတို့က ခင်ဗျားကို တော်တော် လေးစားကြတာပဲ၊ အရှင်တာရာလို့တောင် ခေါ်နေကြတာဆိုတော့ ခင်ဗျားက ဒီမျိုးနွယ်စုထဲမှာ အဆင့်အတန်း တစ်ခုခု ရှိရမယ်" လုံချန်းက လူအုပ်ကြီး၏ အံ့ဩနေသော အကြည့်များကို လျစ်လျူရှုကာ လမ်းလျှောက်ရင်း ပြောလိုက်သည်။
"ဒါပေါ့၊ ငါက ဒီမျိုးနွယ်စုထဲမှာ အသန်မာဆုံး စစ်သည်တွေထဲက တစ်ယောက်ပဲ။ ငါ့ထက် သန်မာတဲ့သူ လေးယောက်ပဲ ရှိတယ်၊ အဲဒါက ငါ့ရဲ့ အစ်ကိုကြီး၊ ငါ့အဖေ၊ ဦးလေးရွှီ နဲ့ သူ့သမီး ရှားတို့ပဲ" တာရာက ပြန်ဖြေသည်။
"အဲဒီ လေးယောက်ထဲမှာ ဘယ်သူက အသန်မာဆုံးလဲ"
"ငါ့အဖေ မျိုးနွယ်စု ခေါင်းဆောင်က အသန်မာဆုံးပဲ၊ အဲဒီနောက်မှာ ဦးလေးရွှီ၊ ပြီးတော့ သူ့သမီး ရှား၊ နောက်ဆုံးမှ ငါ့အစ်ကိုကြီးပဲ"
'သူ့အဖေက ခေါင်းဆောင်ကိုး... မဟုတ်ရင် သူတို့က သူ့ကို အရှင်လို့ ခေါ်ပြီး လေးစားနေမှာ မဟုတ်ဘူး။ ပြီးတော့ သူက မျိုးနွယ်စုမှာ အသန်မာဆုံးဆိုတော့ ခေါင်းဆောင်က ဘယ်လောက် သန်မာမလဲ ငါ သိချင်မိတယ်။ သူကလည်း တာရာ့လိုပဲ ငါ့ထက် အားနည်းနေဦးမလား' လုံချန်း တာရာ့ကို တစ်ချက်ကြည့်ရင်း တွေးလိုက်သည်။
သူတို့ မျိုးနွယ်စုထဲသို့ လျှောက်လာသည်နှင့်အမျှ သူတို့ကို မြင်သမျှ လူတိုင်းမှာ လုံချန်း၏ ပုံစံကြောင့် ကြောင်အ,ကာ ရပ်တန့်သွားကြသည်။
"ဒါကတော့ ငါ့အဖေရဲ့ နေအိမ်ပဲ၊ အထဲဝင်ကြစို့။ မင်းကို မြင်ရင် သူ တကယ် ဝမ်းသာသွားမှာ သေချာတယ်" တာရာက ပြုံး၍ ဆိုသည်။
ဆံပင်ဖြူများဖြင့် အသက်ကြီးပုံရသော လူတစ်ဦးက တံခါးဖွင့်ပေးသည်။
"အခု အဖေ ဘယ်မှာလဲ" တာရာက တံခါးဖွင့်ပေးသူကို မေးလိုက်သည်။
အဘိုးအိုထံမှ မည်သည့်အဖြေမှ ထွက်မလာပေ။ သူသည် လုံချန်းကို ကြည့်ကာ ကြောင်အ,လျက်သား ရပ်နေသည်။ တာရာက အဘိုးအို၏ ပခုံးကို ကိုင်၍ အနည်းငယ် လှုပ်လိုက်မှသာ သူ သတိပြန်ဝင်လာသည်။
"အာ... တောင်းပန်ပါတယ်၊ သခင်ကြီးက စာကြည့်ခန်းထဲမှာ ရှိပါတယ်၊ အထဲကို ကြွပါ" ထိုသို့ ပြောကာ သူက ဘေးသို့ ဖယ်ပေးလိုက်တော့သည်။