အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း (၅၇) သတ်ဖြတ်ခြင်းနိယာမ
အပြင်လောကတွင် သူ့အား အသုံးချရန် အစီအစဉ်များစွာ ကြံစည်နေကြသော်လည်း လုံချန်းကတော့ ဘာမှမသိဘဲ စာဖတ်ခြင်း၌သာ အာရုံစိုက်နေခဲ့သည်။
'ဪ... ဒါကြောင့် ဒီလိုဖြစ်ခဲ့တာကိုး' လုံချန်းသည် ရွှေရောင်စာအုပ်ကို ဖတ်ပြီးနောက် တွေးလိုက်မိသည်။
"ထျန်းရှန်... ကောင်းကင်ဘုံရဲ့ နတ်ဘုရား။ နာမည်က တော်တော်လေး ကောင်းတာပဲ။ အနည်းဆုံးတော့ အခု သူ့နာမည်ကို ငါသိသွားပြီ" လုံချန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
"ရွှင်း... ထွက်ခဲ့တော့" လုံချန်းက တိုးညှင်းသောအသံဖြင့် ခေါ်လိုက်သည်။ ရွှင်းက ပြန်မထူးသဖြင့် လုံချန်းက ထပ်ပြောပြန်သည် "ကစားမနေနဲ့တော့၊ မင်းဒီမှာ ရှိနေမှန်း ငါသိတယ်"
"ငါဒီမှာ ရှိနေတာကို နင်ဘယ်လိုသိတာလဲ" ရုတ်တရက် သူ့အနောက်မှ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ လုံချန်း လှည့်ကြည့်လိုက်သောအခါ ပန်းရောင်ဆံပင်နှင့် အသက် ၁၄၊ ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် သူ၏ ရတနာဝိညာဉ် ရွှင်း ပင် ဖြစ်သည်။
"ငါက ပါရမီရှင်တစ်ယောက်မို့လို့ သိတာလို့ ပြောရင် ရမလား" လုံချန်းက ရယ်မောကာ ပြောလိုက်သည်။
"အမှန်အတိုင်း ပြောစမ်းပါ။ ငါက ဒီစမ်းသပ်မှုကမ္ဘာထဲမှာ နင်နဲ့အတူ ရှိနေတယ်ဆိုတာ ဘယ်လိုသိတာလဲ" ရွှင်းက စပ်စုလိုသော မျက်နှာထားဖြင့် မေးသည်။
"ဒီစာအုပ်ထဲမှာ ဖတ်လိုက်ရတာလေ" လုံချန်းက ပြုံးပြလိုက်သည်။
"အဲဒီဆင်ခြေနဲ့ ငါ့ကို လာညာလို့မရဘူးနော်။ အဲဒီစာအုပ်အကြောင်း ငါအကုန်သိတယ်။ ငါနဲ့ပတ်သက်တာ တစ်ခုမှ မပါဘူး" ရွှင်းက နှုတ်ခမ်းဆူကာ ဆိုသည်။
"သေချာလို့လား။ ကြည့်လေ... ထျန်းရှန်က ဒီမှာ အရမ်းကြီးမြတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့အကြောင်းကို သေးသေးမွှားမွှားကအစ မှတ်တမ်းတင်ထားကြတာ။
ဒီစာအုပ်ထဲမှာ ရေးထားတာက... ထျန်းရှန်ဟာ တစ်ခါတစ်ရံ တစ်ယောက်တည်း စကားပြောနေတတ်တယ်၊ ဒါပေမဲ့ သူ့နားမှာ ဘယ်သူမှ မရှိဘူးတဲ့။ ဒီအဖြစ်အပျက်ကို ထျန်းရှန်ရဲ့ ဒဏ္ဍာရီတစ်ခုအနေနဲ့ သာမန်လူတွေ မမြင်နိုင်တဲ့ နတ်ဘုရားတွေနဲ့ စကားပြောနိုင်တယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ သူဘယ်သူနဲ့ စကားပြောနေလဲဆိုတာ ငါသိတယ်လေ" လုံချန်းက စာအုပ်ထဲမှ အပိုဒ်တစ်ခုကို ရွှင်းအား ပြသရင်း ရှင်းပြလိုက်သည်။
"မင်းကိုယ်တိုင်လည်း ပြောခဲ့ဖူးတယ် မဟုတ်လား၊ ငါ့အရင်က ထျန်းရှန်နဲ့အတူ ရှိခဲ့ဖူးတယ်ဆိုတာ။ ဒါကြောင့် အချက်အလက်တွေကို ဆက်စပ်ကြည့်ဖို့ လွယ်သွားတာပါ။ သူ စမ်းသပ်မှုခံယူတုန်းက မင်းရှိနေခဲ့ရင် အခုငါ့ဆီမှာလည်း မင်းရှိနေမှာ သေချာတာပေါ့"
"ဒါနဲ့... မင်းက ဘာလို့ ငါ့ဆီကနေ ပုန်းနေပြီး သူ့ဆီကျတော့ မပုန်းတာလဲ" လုံချန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ငါ သူ့ဆီကလည်း ပုန်းခဲ့တာပါပဲ။ စမ်းသပ်မှုကို အသာလေး စောင့်ကြည့်နေခဲ့တာ။ ဒါပေမဲ့ သူက ဘယ်လိုကြောင့်လဲ မသိဘူး ငါဒီကမ္ဘာထဲမှာ ရှိနေတယ်ဆိုတာကို သိသွားခဲ့တာ" ရွှင်းက ပြန်ဖြေသည်။
"ဘယ်လိုလုပ်ပြီး သိတာလဲ။ ငါတောင် ဒီစာအုပ်ထဲက အချက်အလက်တွေနဲ့မှ သိတာကို၊ သူက ဘယ်လိုသိတာလဲ" လုံချန်း ပို၍ပင် နားမလည် ဖြစ်သွားသည်။
"သူ့ကို နင်နဲ့ လာမနှိုင်းစမ်းပါနဲ့ဟာ။ နင့်ရဲ့ ယုံကြည်မှုတွေ ပျက်စီးသွားမှာ စိုးလို့" ရွှင်းက ဂုဏ်ယူဝံ့ကြွားစွာ ပြုံးရင်း ဆိုသည်။ "ဘာပဲဖြစ်ဖြစ် သူဘယ်လိုသိသွားလဲဆိုတာ ငါကိုယ်တိုင်လည်း မသိဘူး။ သူ ငါ့ကို ဘယ်တော့မှ မပြောပြခဲ့ဘူး"
"ဒီစာအုပ်ထဲမှာ ရေးထားတဲ့ သူ့အကြောင်းတွေနဲ့ အဖြစ်အပျက်တွေက အကုန်အမှန်တွေပဲလား" လုံချန်းက မေးသည်။
"တချို့ အဖြစ်အပျက်တွေက နည်းနည်း ချဲ့ကားထားတာ ရှိပေမဲ့ ဇာတ်လမ်းကတော့ အများအားဖြင့် အမှန်ပါပဲ" ရွှင်းက ရှင်းပြသည်။
"ထျန်းရှန်ဟာ နင့်လိုပဲ ဒီကမ္ဘာကို စမ်းသပ်မှုအတွက် ရောက်လာခဲ့တာ။ သူရောက်လာတော့ ပထမဆုံး ခြင်္သေ့ဘီလူး မျိုးနွယ်စုနဲ့ တွေ့ခဲ့တယ်။ အဲဒီမျိုးနွယ်စုဟာ အရင်ကရော အခုပါ အားအနည်းဆုံးပဲ။ နင်အခု ရောက်နေတဲ့ မှင်စာ မျိုးနွယ်စုနဲ့ သရဲ မျိုးနွယ်စုတွေကတော့ အရင်ကရော အခုပါ အသန်မာဆုံးတွေပဲ။ ခြင်္သေ့ဘီလူး မျိုးနွယ်စုဝင်တွေက သူတို့မသိတဲ့ မျိုးနွယ်တစ်စုဖြစ်ပေမဲ့ သူ့ကို အရမ်းကြင်ကြင်နာနာနဲ့ ကြိုဆိုခဲ့ကြတယ်"
"ထျန်းရှန်ဟာ အဲဒီမျိုးနွယ်စုမှာ နေထိုင်ရင်း နေ့ဘက်မှာ သူတို့ရဲ့ ကျမ်းစာတွေကို လေ့လာပြီး ညဘက်မှာတော့ ကျင့်ကြံရင်း စမ်းသပ်မှုအောင်မြင်ဖို့ နည်းလမ်းရှာခဲ့တယ်။ တစ်နေ့မှာတော့ မျိုးနွယ်စုထဲမှာ ဆူညံသံတွေ ကြားလိုက်ရတယ်။ စုံစမ်းကြည့်တော့မှ မျိုးနွယ်စုဟာ စစ်ပွဲအတွက် ပြင်ဆင်နေကြတာကို သူသိလိုက်ရတယ်။
သူ မျိုးနွယ်စုခေါင်းဆောင်နဲ့ တွေ့တော့မှ မကောင်းဆိုးဝါး မျိုးနွယ်စုတွေက စုန်းမျိုးနွယ်စုကို တိုက်ခိုက်ဖျက်ဆီးပြီး ရှေ့ဆက်တိုးလာနေတာကို သိလိုက်ရတာ။ သူတို့ရဲ့ ရည်မှန်းချက်က ဒီနယ်မြေတစ်ခုလုံးကို သိမ်းပိုက်ဖို့ပဲ"
"မျိုးနွယ်စုအားလုံး ပူးပေါင်းပြီး မှင်စာနဲ့ သရဲမျိုးနွယ်စုတွေရဲ့ ဦးဆောင်မှုအောက်မှာ မကောင်းဆိုးဝါးမျိုးနွယ်စုကို နောက်ဆုံးစစ်ပွဲ ဆင်နွှဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ခြင်္သေ့ဘီလူးမျိုးနွယ်စုက အားအနည်းဆုံး ဖြစ်ပေမဲ့ သူတို့လည်း ကူညီဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ထျန်းရှန်ကလည်း ဒါဟာ စမ်းသပ်မှုအောင်မြင်ဖို့ သော့ချက်ဖြစ်မယ်လို့ တွေးပြီး သူတို့နဲ့အတူ လိုက်သွားခဲ့တယ်။ သူက တိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ပြီး တကယ့် မကောင်းဆိုးဝါး အစစ်အမှန်တွေ မလာသေးခင်အထိ ဝင်မတိုက်ဘဲ နေခဲ့တယ်" ရွှင်းက အတိတ်ကို ပြန်ပြောင်းသတိရရင်း ပြောပြနေသည်။
"ခြင်္သေ့ဘီလူးတပ်ဖွဲ့က အားအနည်းဆုံး ဖြစ်တာကြောင့် သူတို့ကို ရန်သူ့အင်အား အနည်းဆုံးနေရာမှာပဲ တာဝန်ပေးခဲ့တယ်။ ဒါပေမဲ့ ထျန်းရှန်ကတော့ သူတို့နဲ့ မနေဘဲ အဓိက တိုက်ပွဲနယ်မြေဘက်ကို သွားခဲ့တယ်။ သူက ရံဖန်ရံခါပဲ တိုက်ခိုက်ပြီး သူ့ရဲ့ စွမ်းအားအစစ်ကို ဘယ်တော့မှ မပြခဲ့ဘူး။ ဒါပေမဲ့..." ရွှင်းက ဤနေရာတွင် စကားကို ခဏရပ်လိုက်သည်။
"ခြင်္သေ့ဘီလူးမျိုးနွယ်စုက စစ်သည်အများစု သုတ်သင်ခံလိုက်ရတာကို သူသတိပြုမိလိုက်တဲ့ အချိန်အထိပေါ့။ မကောင်းဆိုးဝါး ဧကရာဇ်တစ်ကောင် ပေါ်လာပြီး သူတို့ကို အကုန်သတ်ပစ်ခဲ့တာ။ ရှန်လေးဟာ အရမ်းကို စိတ်ထိခိုက်ပြီး ဒေါသထွက်သွားခဲ့တယ်။ အဲဒီဒေါသထဲမှာပဲ သူ လိုအပ်တဲ့အရာကို နောက်ဆုံးမှာ တတ်မြောက်သွားခဲ့တယ်။ သူဟာ သူ့ရဲ့ ခွန်အားအပြည့်ကို ထုတ်သုံးပြီး သူ့လမ်းမှာ ပိတ်နေတဲ့ မကောင်းဆိုးဝါး မှန်သမျှကို သတ်ပစ်ခဲ့တော့တာပဲ"
"သန်မာတာ၊ အားနည်းတာ မခွဲခြားတော့ဘူး။ သူဟာ မကောင်းဆိုးဝါး မျိုးနွယ်စု အများစုကို သတ်ဖြတ်ရင်း သတ်ဖြတ်ခြင်း နိယာမကို နောက်ဆုံးမှာ တတ်မြောက်သွားခဲ့တယ်။ ရှိသမျှ မျိုးနွယ်စုအားလုံးဟာ သူ့ရဲ့ ခွန်အားကြောင့် အံ့ဩတုန်လှုပ်သွားကြရတယ်။ မကောင်းဆိုးဝါး ဧကရာဇ်တွေနဲ့ ဘုရင်တွေပါ သတ်ဖြတ်ခံရပြီး ကျန်တဲ့သူတွေ ထွက်ပြေးသွားကြတဲ့အထိပဲ။ အဲဒီနေ့မှာ မကောင်းဆိုးဝါးတွေက သူ့ကို မိစ္ဆာဧကရာဇ် ဆိုတဲ့ ဘွဲ့နာမည် ပေးခဲ့ကြတယ်" ရွှင်းက ထိုဘွဲ့နာမည်ကို ပြောရင်း ပြုံးလိုက်သည်။
"တကယ်လား။ ခြင်္သေ့ဘီလူး မျိုးနွယ်စုအကြောင်းက ဒီစာအုပ်ထဲမှာ မင်းပြောသလို မပါဘူး။ မကောင်းဆိုးဝါးတွေကို တိုက်တဲ့ စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ မျိုးနွယ်စုတစ်စုအနေနဲ့ပဲ အကျဉ်းချုပ် ရေးထားတာ။ ထျန်းရှန် ဒေါသထွက်ရတဲ့ အကြောင်းရင်းက သူတို့ကြောင့်ဆိုတာ မပါဘူး" လုံချန်းက စာအုပ်ကို ပြန်ကြည့်ရင်း မေးလိုက်သည်။
"ဒါပေါ့... ဒီစာအုပ်ထဲမှာတော့ တွေ့မှာ မဟုတ်ဘူး။ သူတို့ဘက်က အကြောင်းအရာကိုတော့ ခြင်္သေ့ဘီလူး မျိုးနွယ်စုရဲ့ စာအုပ်တွေထဲမှာပဲ တွေ့နိုင်လိမ့်မယ်" ရွှင်းက ပြုံး၍ ဆိုသည်။
"သူက အဲဒီတိုက်ပွဲမှာ တကယ့်ကို အံ့ဩဖို့ကောင်းခဲ့တာပဲနော်" လုံချန်းက ထိုအခြေအနေကို စိတ်ကူးကြည့်ရင်း တည်ကြည်စွာ ပြောလိုက်သည်။
"ဟုတ်တယ်... သူက တကယ့်ကို အံ့မခန်းပါပဲ"
"ဪ... ဒါနဲ့ မင်းပြောတော့ သူလိုအပ်တဲ့အရာကို တတ်မြောက်သွားတယ်ဆို။ ငါလည်း ဒီစမ်းသပ်မှုကို အောင်ဖို့အတွက် ဒီသတ်ဖြတ်ခြင်းနိယာမ ကို တတ်မြောက်ဖို့ လိုတာလား" လုံချန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အတိအကျတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါက နင့်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်လိမ့်မယ်" ရွှင်းက ထူးဆန်းစွာ ပြန်ဖြေသည်။
"မင်းပြောတာ ဘာအဓိပ္ပာယ်လဲ။ ငါ့ဆုံးဖြတ်ချက်အပေါ် မူတည်တယ် ဟုတ်လား" လုံချန်း ဇဝေဇဝါ ဖြစ်သွားတော့သည်။
အခန်း (၅၈) မဖြစ်နိုင်သော စိန်ခေါ်မှု
"သတ်ဖြတ်ခြင်းနိယာမလိုမျိုး နိယာမတွေက ဘာလဲဆိုတာ နင်သိတယ်မဟုတ်လား" ရွှင်းက လုံချန်းကို မေးလိုက်သည်။
"သတ်ဖြတ်ခြင်း နိယာမ အကြောင်းတော့ သေချာမသိဘူး။ ဒါပေမဲ့ သဘာဝ နိယာမတွေ အကြောင်းတော့ ငါသိတယ်။ ကမ္ဘာမြေအဆင့် ရောက်တဲ့သူတွေဟာ သဘာဝနိယာမတွေကို စတင်ထိန်းချုပ်နိုင်ကြတယ်လို့ ငါဖတ်ဖူးတယ်။
အဲဒါတွေက ဒြပ်စင်တွေကို ထိန်းချုပ်နိုင်တဲ့ ထူးခြားတဲ့စွမ်းအားတွေလေ။ ဥပမာ မီးနိယာမ၊ မြေနိယာမ၊ ရေနိယာမ၊ သတ္တုနိယာမနဲ့ သစ်သားနိယာမတို့လိုမျိုးပေါ့" လုံချန်းက သူသိထားသည်များကို ရှင်းပြသည်။
"ဟုတ်တယ်၊ ဒါပေမဲ့ အဲဒါက လုံးဝဥဿုံတော့ မမှန်သေးဘူး။ ဒီကမ္ဘာဦး သဘာဝနိယာမ ၅ မျိုးထက်မက အများကြီး ရှိသေးတယ်။ သတ်ဖြတ်ခြင်းနိယာမလိုမျိုး တခြားထူးခြားတဲ့ နိယာမတွေ အများကြီးရှိတာ။ စိတ်မပူပါနဲ့၊ နင်လည်း အဲဒါတွေနဲ့ မကြာခင် ထိတွေ့ရတော့မှာပါ" ရွှင်းက ပြုံးလျက် ဆိုသည်။
"ထူးခြားတဲ့ နိယာမတွေ ဟုတ်လား။ အချိန်နဲ့ ဟင်းလင်းပြင် နိယာမတွေလိုမျိုးလား" လုံချန်းက အံ့အားသင့်စွာ မေးလိုက်သည်။
"နင်က အချိန်နဲ့ ဟင်းလင်းပြင် နိယာမတွေအကြောင်း ဘယ်လိုလုပ်သိတာလဲ" သူမက မေးခွန်းထုတ်လိုက်သည်။
"ဪ... ဒီအတိုင်း ရှိနိုင်မှာပဲလို့ ခန့်မှန်းကြည့်တာပါ။ ဒါဆို တာရာက အပင်တွေကို ထိန်းချုပ်နိုင်တာဟာ သူတို့က သစ်သားနိယာမကို နားလည်ထားလို့လား" လုံချန်းက တာရာ သူ့ကို တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့သော အကွက်များကို သတိရကာ မေးလိုက်သည်။
"တစ်ဝက်လောက်တော့ မှန်ပါတယ်။ ဒီစကြဝဠာထဲမှာ နိယာမတွေ ကုဋေကုဋာ ရှိတယ်။ ယေဘုယျအားဖြင့် ကမ္ဘာမြေအဆင့် ကျင့်ကြံသူတွေမှသာ နိယာမတွေကို သင်ယူနိုင်တဲ့ နားလည်နိုင်စွမ်း ရှိကြတာ။ ဒါတောင်မှ လူအများစုဟာ ကမ္ဘာမြေအဆင့်မှာ နိယာမတစ်ခုတည်းကိုပဲ သင်ယူနိုင်ကြတာပါ။
ဒါပေမဲ့ ရွှေအမြုတေအဆင့်မှာတင် နိယာမတွေကို တတ်မြောက်တဲ့သူ ဒါမှမဟုတ် မြေကမ္ဘာအဆင့်မှာ နိယာမတစ်ခုထက်မက ထိန်းချုပ်နိုင်တဲ့ ပါရမီရှင်တွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ နင်အခုရောက်နေတဲ့ ဒီအဆင့်နိမ့် ကမ္ဘာမှာတော့ အဲဒီလိုလူမျိုး ရှိမယ်မထင်ဘူး"
"ဘာ... ပါရမီရှင်တွေတောင် ရွှေအမြုတေအဆင့်မှ နိယာမကို သင်ယူနိုင်တာဆိုတော့... ငါက အခု ဝိညာဉ်အခြေပြုခြင်း အဆင့်မှာပဲ ရှိသေးတာလေ။ ဒီစမ်းသပ်မှုက ငါ့အတွက် အရမ်းခက်ခဲမနေဘူးလား" လုံချန်း လန့်သွားသည်။
"အဲဒီပါရမီရှင်တွေမှာက နင့်မှာရှိတဲ့ သွေးမျိုးဆက် မရှိဘူးလေ။ ထျန်းရှန်တုန်းကလည်း ဒီစမ်းသပ်မှုမှာပဲ နိယာမတွေကို သင်ယူခဲ့တာ မဟုတ်လား" ရွှင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
"ထျန်းရှန် ဒီစမ်းသပ်မှုကို ခံယူတုန်းက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ" လုံချန်းက ပြုံးလျက် မေးလိုက်သည်။
"ဪ... ရွှေအမြုတေအဆင့်လေ" ရွှင်းက ပြောလက်စနှင့် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်သည်။ လုံချန်းကတော့ သူမစကားကို ကြားလိုက်ရသဖြင့် နဖူးကို လက်နှင့် ရိုက်လိုက်မိတော့သည်။
"ဘာပဲဖြစ်ဖြစ်... အဲဒါက အောင်မြင်ဖို့ တစ်ခုတည်းသော နည်းလမ်းဆိုရင်တော့ ငါ အစွမ်းကုန် ကြိုးစားမှာပဲ" လုံချန်းက ပြတ်သားသော အသံဖြင့် ဆိုသည်။
"ဒါမှ ငါ့လူလေးပေါ့" ရွှင်းက ပြုံး၍ ဆိုသည်။
"ကဲ... ဒီမှာ ပြီးပြီဆိုတော့ အပြင်ထွက်ကြစို့။ ပြီးတော့ မင်း ငါ့အနားမှာပဲ နေနော်၊ ပျောက်မသွားနဲ့ဦး။ သူတို့က မင်းကို မြင်ရတာလည်း မဟုတ်ဘူး" လုံချန်းက တံခါးမဖွင့်မီ ရွှင်းကို မှာကြားလိုက်သည်။
လုံချန်း အခန်းထဲမှ ထွက်လာသည်နှင့် အပြင်၌ စောင့်နေသော အစောင့်များသည် အံ့ဩစွာဖြင့် နောက်သို့ ဆုတ်လိုက်ပြီး ဦးညွှတ် နှုတ်ဆက်ကြသည်။
"အရှင်သခင်... မျိုးနွယ်စုခေါင်းဆောင်က အရှင် ဘယ်လောက်ကြာမယ်ဆိုတာ မသိလို့ ဘယ်သူမှ မနှောက်ယှက်အောင် ကျွန်တော်တို့ကို ဒီမှာ စောင့်ခိုင်းထားတာပါ။ အခု သခင်ကြီးက သူ့သားနဲ့အတူ ခန်းမထဲမှာ ရှိနေပါတယ်။ အရှင့်ကို ကျွန်တော် လိုက်ပို့ပေးရမလား၊ ဒါမှမဟုတ် သခင်ကြီးကို ဒီကိုလာဖို့ သတင်းပို့ပေးရမလား" အစောင့်က ရိုသေစွာ မေးသည်။
"ရပါတယ်၊ ငါပဲ သူ့ဆီ သွားလိုက်မယ်။ ရှေ့က လမ်းပြပါ"
အစောင့်၏ လမ်းပြမှုဖြင့် လုံချန်းသည် ခန်းမသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ သူ ဝင်လာသည်နှင့် တန်ရှာနှင့် တာရာတို့သည် ထရပ်ကာ ကြိုဆိုကြသည်။
"ဆရာချန်း... အရှင့်ဘာသာ ကြွလာဖို့ မလိုပါဘူး၊ ကျွန်တော့်ကို လှမ်းခေါ်လိုက်ရင် ရတာကို။ ဒါနဲ့ စာအုပ်ထဲမှာ အရှင်ရှာနေတာတွေ တွေ့ခဲ့ရဲ့လား" တန်ရှာက မေးသည်။
"ဪ... ဘာမှမဟုတ်ပါဘူး။ သမိုင်းကြောင်းကို စိတ်ဝင်စားလို့ ဖတ်ကြည့်တာပါ။ ရော့... ဒီစာအုပ်နဲ့ ပန်းချီကားကို ပြန်ယူလိုက်ပါဦး" လုံချန်းက ပြောရင်း စာအုပ်နှင့် ပန်းချီကားကို ပြန်ပေးလိုက်သည်။
"ဒါနဲ့... ခင်ဗျားတို့မျိုးနွယ်စုမှာ အပင်တွေကို ထိန်းချုပ်နိုင်အောင် လုပ်ပေးတဲ့ ထူးဆန်းတဲ့ ရတနာတစ်ခု ရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ အဲဒါကို ကျုက်ကြည့်လို့ရမလား" လုံချန်းက ပြုံးလျက် မေးလိုက်သည်။
'ဟိုက်... အဲဒီအရူးသားလေး၊ ဒါကို ဘာလို့ သွားပြောလိုက်တာလဲ။ သူသာ ဒီမှာနေပြီး အဲဒီအရာကို လေ့လာနေရင် ငါသူ့ကို ဘယ်လိုနည်းနဲ့ အဝေးကို ပို့ရတော့မှာလဲ' တန်ရှာ စိတ်ထဲမှ မြည်တမ်းနေမိသည်။
"အဲဒါကတော့... ရပါတယ်" တန်ရှာ ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်ရသည်။
"ကျွန်တော့်နောက် လိုက်ခဲ့ပါ" တန်ရှာက ပြောကာ ဦးဆောင် လမ်းပြခဲ့သည်။ လုံချန်းသည် သူတို့၏ နေအိမ်ပြင်ပအထိ လိုက်ပါလာခဲ့သည်။
မျိုးနွယ်စုအတွင်း မိနစ်အနည်းငယ် လမ်းလျှောက်ပြီးနောက် ဟောင်းနွမ်းနေသော ဘုရားကျောင်းတစ်ကျောင်းရှေ့သို့ ရောက်လာကြသည်။
"ဒီနေရာလား" လုံချန်းက မေးလိုက်သည်။
"ဟုတ်ကဲ့၊ ဒါက ကျွန်တော်တို့ရဲ့ ဘိုးဘေးဘုရားကျောင်းပါ။ မျိုးနွယ်စုဝင်တိုင်း တစ်နှစ်ကို တစ်လထိ ဒီရတနာအောက်မှာ လေ့လာခွင့် ရှိပါတယ်။ ဒါပေမဲ့ များသောအားဖြင့် လူတွေဟာ ပထမ နှစ်နှစ်အတွင်းမှာပဲ အသိအမြင် ပွင့်လင်းနိုင်ကြတာပါ။
အဲဒီ ပထမ နှစ်နှစ်မှာ မတတ်မြောက်ရင်တော့ နောက်ပိုင်း ဘယ်လောက်ပဲ နှစ်တိုင်းလာပြီး ကြိုးစားကြိုးစား ဘယ်သူမှ တတ်မြောက်တာ မတွေ့ဖူးသေးဘူး" တန်ရှာက ရှင်းပြသည်။
"ကျွန်တော်တို့ မျိုးနွယ်စုဝင် မဟုတ်ရင် ဘယ်သူမှ အထဲဝင်ခွင့် မရှိပါဘူး။ ကျွန်တော့် ခွင့်ပြုချက်လည်း လိုပါတယ်။ ဒါပေမဲ့ အရှင်ကတော့ အထူးပုဂ္ဂိုလ်ဆိုတော့... ဝင်ကြရအောင်" တန်ရှာက လုံချန်းကို ကြည့်ကာ ပြောသည်။
တန်ရှာ ကိုယ်တိုင် ဦးဆောင်လာသဖြင့် အစောင့်များမှာ နှောင့်နှေးခြင်းမရှိဘဲ ဖယ်ပေးလိုက်ကြသည်။
"အခုတော့ အထဲမှာ ဘယ်သူမှ မရှိဘူး"
သူတို့ ဘုရားကျောင်း၏ အလယ်ဗဟိုသို့ ရောက်သောအခါ ပူဇော်စင်ပေါ်တွင် ငြိမ်သက်စွာ တည်ရှိနေသော တောက်ပသည့် အစိမ်းရောင် သလင်းကျောက်လေး တစ်လုံးကို လုံချန်း တွေ့လိုက်ရသည်။
"အဲဒါက..." လုံချန်းသည် ထိုသလင်းကျောက်လေးထံမှ တစ်မျိုးတစ်မည် ရင်းနှီးသော ခံစားချက်ကို ရနေသည်။
"ဒါက ကျွန်တော်တို့ရဲ့ ဘိုးဘေးရတနာပါ။ တာရာ ပြောပြခဲ့သလိုပဲ ဒါဟာ ကျွန်တော်တို့ အပင်တွေကို ထိန်းချုပ်နိုင်ရခြင်းရဲ့ အကြောင်းရင်းပါပဲ" တန်ရှာက ထိုသလင်းကျောက်လေးကို ကြည့်ကာ ဆိုသည်။
"ကျုပ် ဒီမှာ တစ်ယောက်တည်း ခဏလောက် လေ့လာလို့ ရမလား။ ကျုပ်လည်း အသိအမြင် ပွင့်လင်းအောင် ကြိုးစားကြည့်ချင်လို့ပါ" လုံချန်းက ယဉ်ကျေးစွာ မေးလိုက်သည်။
"အာ..." တန်ရှာ ဘာပြောရမှန်း မသိဖြစ်သွားသည်။ သူက လုံချန်းကို စိတ်မဆိုးအောင် လုပ်ပြီး မျိုးနွယ်စုအပြင်သို့ ပို့ချင်နေခြင်း ဖြစ်သည်။ အကယ်၍ လုံချန်းသာ ထိုရတနာကို လေ့လာရန် ဤတွင် ဆက်နေမည်ဆိုပါက သူ့ကို အပြင်ထုတ်ရန် ဆင်ခြေရှာဖို့ အတော်လေး ခက်ခဲသွားပေလိမ့်မည်။
"ဘာလဲ... ကျုပ်ဒီမှာ နေရင် ပြဿနာ ရှိလို့လား" လုံချန်းက တန်ရှာကို အပြစ်ကင်းစင်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။