အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း (၆၅) နှုတ်ဆက်ခြင်း
"ဘုရင်မ မီယာကို ဂါရဝပြုပါတယ်" ရှားနှင့် အခြားသူများက နှုတ်ဆက်လိုက်ကြသည်။ လုံချန်းတစ်ယောက်သာ ဘာမှမပြောဘဲ သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။
"ပြီးတော့ အရှင်မ အစောကပြောခဲ့တဲ့ စကားနဲ့ပတ်သက်လို့... အရှင်မ နောက်နေတာလို့ပဲ ကျွန်မတို့ ယူဆပါတယ်။ ကျွန်မတို့ မှင်စာ မျိုးနွယ်စုက တခြားမျိုးနွယ်စုတွေလို မဟုတ်ဘဲ ရိုးသားတဲ့ မျိုးနွယ်စုဆိုတာ အရှင်မလည်း သိပြီးသားပဲ မဟုတ်လား" ရှားက ပြုံးလျက် တုံ့ပြန်လိုက်သည်။
"ဪ... ဒါပေါ့၊ မင်းတို့လူတွေအကြောင်း ငါ အကုန်သိတာပေါ့" ပလ္လင်ပေါ်တွင် ထိုင်နေသော မိန်းကလေးက ပြုံးလျက် ဆိုသည်။
"ငါ့ကို တစ်ခုဖြေစမ်း။ ဒီလူသားက နင်တို့နဲ့အတူ ရောက်လာတယ်ဆိုတော့ မှင်စာ မျိုးနွယ်စုက သူ့ကို အရင်တွေ့ခဲ့တာပေါ့။ ငါ သိချင်တာက... ဘာလို့ သူ့ကို ငါ့ရဲ့ အင်ပါယာဆီ ခေါ်လာကြတာလဲ" ဘုရင်မက ရှားကို ကြည့်ကာ မေးလိုက်သည်။
"ဘာမှ နက်နဲတဲ့အကြောင်းရင်း မရှိပါဘူး ဘုရင်မ မီယာ။ ဆရာကြီး ချန်းက ကျွန်မတို့ဆီ ရောက်လာတာ ၃ ရက်ရှိပါပြီ။ ကျွန်မတို့က သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ သူက စာအုပ်တွေထဲကနေ ဒီကမ္ဘာနဲ့ ကျွန်မတို့ရဲ့ သမိုင်းကြောင်းတွေကို လေ့လာခဲ့တယ်။ အဲဒီနောက်မှာ အရှင့်ရဲ့ မျိုးနွယ်စုဆီကို လာလည်ချင်တယ်လို့ ပြောတာကြောင့် ကျွန်မတို့ လိုက်ပို့ပေးတာပါ" ရှားက သူမအဖေ သင်ပေးလိုက်သည့်အတိုင်း ရှင်းပြလိုက်သည်။
"ငါတို့က မျိုးနွယ်စု မဟုတ်ဘူး၊ အင်ပါယာ... ငါတို့မှာ အင်ပါယာ ရှိတယ်" ဘုရင်မက တည်ကြည်သော မျက်နှာထားဖြင့် ပြုပြင်ပေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... နင်ပြောတာကို ငါ အတိုင်းအတာတစ်ခုအထိ ယုံပါတယ်။ နင်တို့ရဲ့ အဲဒီမျိုးနွယ်စုထဲမှာဆိုရင် ဘယ်သူမဆို တစ်ရက်တည်းနဲ့ ပျင်းသွားမှာပဲ။ ငါတို့ အင်ပါယာလောက် ဘယ်ကောင်းပါ့မလဲ" ဘုရင်မက ခိုင်မာသော အပြုံးဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။
"ကောင်းမွန်တဲ့ နေရာတစ်နေရာ ဖြစ်ဖို့ ခမ်းနားနေစရာ ဒါမှမဟုတ် ရှုပ်ထွေးနေစရာ မလိုပါဘူး။ ကျွန်မတို့ကတော့ အခုရှိနေတဲ့အတိုင်းကိုပဲ သဘောကျပါတယ်" ရှားက ဒေါသထွက်နေသည်ကို မသိသာစေရန် အသံကို ထိန်းပြောလိုက်သည်။
"ဟော... ဒါ တာရာလေး မဟုတ်လား။ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကထက်စာရင် အများကြီး ကြီးလာတာပဲ။ ဘာလို့ ဘာမှမပြောတာလဲ။ ကြည့်ရတာ သူက မှင်စာ ခေါင်းဆောင်ရဲ့ သမီးဖြစ်ပြီး မင်းကမှ သားဖြစ်နေသလိုပဲ" ဘုရင်မက ရှားကို လျစ်လျူရှုကာ တာရာဘက်သို့ လှည့်မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး အရှင်မ။ သူမက သူမအဖေရဲ့ ရာထူးကို ဆက်ခံမယ့်သူလေ။ အဖေ့ရာထူးကို ဆက်ခံမယ့်သူက ကျွန်တော် မဟုတ်ဘူးဆိုတာ အရှင်မ သိသားပဲ။ ကျွန်တော့်အစ်ကိုကြီးကမှ ဆက်ခံမှာပါ။ သူကတော့ စကားပြော တော်တော်ကောင်းတယ်။ နောက်တစ်ခါကျရင် သူ့ကို လာလည်ခိုင်းလိုက်ပါ့မယ်" တာရာက ဘုရင်မ၏ ရည်ရွယ်ချက်ကို ရိပ်မိသဖြင့် ပြန်ဖြေလိုက်သည်။
'ဒီမိန်းကလေးက တော်တော် မာနကြီးတာပဲ။ သူ့ရဲ့ သဘောထားကို ငါ တော်တော် ကြည့်မရဘူး။ ဖြစ်နိုင်ရင် ဒီလိုလူမျိုးတွေနဲ့ ဝေးဝေးမှာပဲ နေချင်တယ်' လုံချန်းက သူတို့ စကားပြောနေသည်ကို နားထောင်ရင်း တွေးလိုက်မိသည်။
"မှန်တယ်၊ ဒါပေမဲ့ နင့်အစ်ကိုနဲ့တော့ စကားမပြောချင်ဘူး။ ငါ သူ့ကို သိပ်မကြိုက်ဘူး။ သူက တော်တော် အကွက်ချတတ်တဲ့လူ" ဘုရင်မ မီယာက ပြန်ပြောသည်။
"နင့်နာမည် ဘယ်သူလဲ" တာရာ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ဘုရင်မ မီယာက လုံချန်းကို ကြည့်ကာ မေးလိုက်သည်။
"ကျုပ်နာမည် လုံချန်းပါ။ တွေ့ရတာ ဝမ်းသာပါတယ် ဘုရင်မ မီယာ"
"ငါလည်း ဝမ်းသာပါတယ်။ ငါက ဒီအင်ပါယာရဲ့ ဘုရင်မပဲ။ ငါ့ကို ဘုရင်မ မီယာ ဒါမှမဟုတ် အရှင်မလို့ ခေါ်နိုင်တယ်"
"ကျွန်မတို့ ဆရာကြီးချန်းကို ဒီအထိ ပို့ဆောင်ပေးပြီးပြီဆိုတော့ ပြန်ဖို့ အချိန်တန်ပါပြီ" ရှားက ဘုရင်မကို အနည်းငယ် ပြုံးပြကာ ပြောလိုက်သည်။
"ကလေးမလေး... အဲဒီလောက် မလောစမ်းပါနဲ့။ မကြာခင် မိုးချုပ်တော့မှာပဲ၊ နင်တို့ တဲထိုးပြီး အိပ်ကြရမှာလေ။ ဒီမှာပဲ တစ်ည အိပ်သွားကြပေါ့။ ငါတို့ နန်းတော်မှာ အိပ်ရတာက တောထဲမှာ အိပ်ရတာထက် အများကြီး ပိုကောင်းပါတယ်" ရှား၏ စကားကို ကြားသောအခါ မီယာက ပြန်ပြောသည်။
'ဟင်း... သူက မာနကြီးပြီး စကားလုံးတွေက ထက်လှချည်လားလို့ ထင်နေတာ၊ လုံးဝကြီးတော့ စိတ်ပုပ်တဲ့သူ မဟုတ်ဘူးပဲ' လုံချန်း ပြုံးလိုက်မိသည်။
"သူတို့ကို ဧည့်သည်ဆောင်ကို ခေါ်သွားလိုက်" မီယာက အစေခံများကို အမိန့်ပေးကာ အပြင်သို့ ထွက်သွားရန် ညွှန်ပြသည်။
"ဘုရင်မ မီယာ... ကျုပ် အရှင်မနဲ့ နှစ်ယောက်တည်း ခဏလောက် စကားပြောလို့ ရမလား" လုံချန်းက မေးလိုက်သည်။
"မနက်မှ ပြောကြတာပေါ့၊ ဒီနေ့ ငါ အရမ်းပင်ပန်းနေပြီ။ နင်လည်း ခရီးဝေးက လာခဲ့ရတာဆိုတော့ ပင်ပန်းနေမှာပေါ့" ဘုရင်မ မီယာက ပြောပြောဆိုဆိုနှင့် ခန်းမထဲမှ ထွက်သွားတော့သည်။
"ဒါပေမဲ့..." လုံချန်း ပြန်မပြောနိုင်ခင်မှာပင် သူမ ထွက်သွားနှင့်ပြီ ဖြစ်သည်။
"မနက်မှပဲပေါ့လေ" လုံချန်း တိုးတိုးလေး ရေရွတ်ကာ အစေခံနောက်သို့ လိုက်လာခဲ့သည်။ နန်းတော်က တော်တော်ကြီးမားသဖြင့် သူ အိပ်ရမည့် အခန်းသို့ ရောက်ရန် အခန်းပေါင်း ၅၀ ကျော်ကို ဖြတ်ကျော်ခဲ့ရသည်။ ရှားနှင့် အခြားသူများကိုလည်း သီးခြားစီ အခန်းများ ပေးထားသော်လည်း သူတို့အခန်းများက ခန်းမဆောင်နှင့် ပိုနီးသည်။
"သူက တန်ရှာနဲ့ မတူဘူး၊ ပိုပြီးတော့လည်း တစ်ယူသန်ဆန်တယ်။ သူတို့ဆီက ရတနာလုံးကို လေ့လာဖို့ သူ ခွင့်ပြုပါ့မလား။ သူ့ဆီက ခွင့်ပြုချက်ရဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်ဦးမယ်" လုံချန်း ကုတင်ပေါ် လဲလျောင်းရင်း တွေးနေမိသည်။
"ဘာလို့ အဲဒီလောက် ပူနေတာလဲ။ သူ မပေးရင် လုယူလိုက်ရုံပေါ့" ရွှင်းက သူ့ဘေးတွင် ပေါ်လာပြီး ပြောလိုက်သည်။
"ငါ သူတို့ရတနာကို ခိုးယူမှာ မဟုတ်ဘူး" လုံချန်းက သူမကို ပြန်ပြောသည်။
"ဒါက ခိုးယူတာ မဟုတ်ဘူး၊ ဒီရတနာလုံးတွေ အားလုံးက နင်ပိုင်တာတွေပဲ။ ဒါတွေက နင့်အတွက်ပဲ ဒီမှာ ရှိနေတာ" သူမက အဓိပ္ပာယ်ပါပါ မျက်လုံးများဖြင့် ဆိုသည်။
"ထားပါတော့၊ သူ တကယ် ငြင်းတဲ့အခါကျမှပဲ အဲဒီအကြောင်း ပြောကြတာပေါ့" လုံချန်းက စကားဖြတ်လိုက်သည်။
လုံချန်းသည် သူ၏ ဥကို ဝိညာဉ်စွမ်းအင် ကျွေးပြီးနောက် တစ်ညလုံး ကျင့်ကြံပြန်သည်။ ညတစ်ဝက်ခန့် ကြိုးစားပြီးနောက် သူသည် ဝိညာဉ်အခြေတည်အဆင့် ၉ ၏ ကနဦးအဆင့်သို့ တက်လှမ်းနိုင်သွားသဖြင့် အလွန်ပျော်ရွှင်စွာဖြင့် အိပ်စက်လိုက်သည်။
နောက်တစ်နေ့ မနက် လုံချန်း နိုးလာသည်နှင့် တံခါးခေါက်သံ ကြားလိုက်ရသည်။ သူ အဝတ်အစား အမြန်လဲကာ တံခါးဖွင့်လိုက်သောအခါ ရှား၊ တာရာနှင့် အစောင့်များ အားလုံး အပြင်မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ခင်ဗျားတို့ အခုပဲ ပြန်ကြတော့မလို့လား" လုံချန်းက မေးလိုက်သည်။
"ဟုတ်တယ် ဆရာကြီး လုံ၊ ကျွန်မတို့ ပြန်တော့မယ်။ ဆရာကြီးကို နှုတ်မဆက်ဘဲ မပြန်ချင်လို့ပါ" ရှားက ပြုံးလျက် ဆိုသည်။
"ဒီနှစ်ရက်တာ ခရီးစဉ်က ငါ့အတွက် အကောင်းဆုံး အတွေ့အကြုံတွေထဲက တစ်ခုပါပဲ။ ဒီခရီးမှာ ငါနဲ့အတူ လိုက်ပေးခဲ့တဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်။ ရော့... ဒါက အားလုံးအတွက် လက်ဆောင်ပါ။ ဒါက တော်တော် တန်ဖိုးကြီးတယ်လို့ ငါ့ကို ပြောထားတယ်" လုံချန်းက ပြောကာ အစောင့်ခေါင်းဆောင် တီးယားနှင့် သူ၏အဖွဲ့ကို လူသားကမ္ဘာက ကြေးနီပြား တစ်ပြားစီ ပေးလိုက်သည်။
"ကျွန်တော်တို့အတွက်ရော ဘာမှမရှိဘူးလား" တာရာက မနေနိုင်ဘဲ မေးလိုက်သည်။
"မင်းတို့ နှစ်ယောက်အတွက်ကတော့ ဒီထက် ပိုကောင်းတဲ့ အရာရှိပါတယ်" လုံချန်းက သူတို့ကို ပြုံးပြလိုက်သည်။
အခန်း (၆၆) ခိုးယူကြစို့
"ဘာလက်ဆောင်လဲ" ရှားက လုံချန်းကို မေးလိုက်သည်။
"ဒါက မင်းတို့နှစ်ယောက်အတွက် လက်ဆောင်ပါ" လုံချန်းက ပြောပြောဆိုဆိုနှင့် သူ၏လက်ထဲတွင် ငွေဒင်္ဂါးနှစ်ပြား ပေါ်လာပြီး ရှားနှင့် တာရာကို တစ်ပြားစီ ပေးလိုက်သည်။
"လှလိုက်တာ၊ ဒီငွေဒင်္ဂါးတွေက ဟိုကြေးနီပြားတွေထက်တောင် ပိုလှသေးတယ်" ရှားက မနေနိုင်ဘဲ ရေရွတ်မိသည်။
"ဒါပေါ့... ဒါတွေက ကြေးနီပြားတွေထက် ပိုတန်ဖိုးကြီးတဲ့ ဒင်္ဂါးတွေလေ" လုံချန်းက ပြန်ဖြေသည်။
"အံ့ဩစရာပဲ။ အရှင်တို့ဆီမှာ ဒင်္ဂါးပြား အမျိုးအစားတွေ အများကြီး ရှိတာလား။ ငွေကြေးတစ်ခုတည်း ရှိတာက ပိုမကောင်းဘူးလား" တာရာက ကြားဖြတ်မေးသည်။
"အဲဒါက အဓိကမဟုတ်ပါဘူး... ဟုတ်တယ်မလား" လုံချန်းက ရှည်ရှည်ဝေးဝေး ရှင်းမပြချင်သဖြင့် ရယ်ကာမောကာပင် ဆိုလိုက်သည်။
"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး လုံ။ ကျွန်မတို့လည်း ဒီခရီးစဉ်မှာ ပျော်ခဲ့ပါတယ်။ ဆရာကြီးကို ပြန်ပေးစရာ အကောင်းစားပစ္စည်း မရှိလို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ မှင်စာ မြင်းတစ်ကောင်ကို ဆရာကြီးအတွက် ဒီမှာ ထားခဲ့ပါ့မယ်။ နောက်ပိုင်း တစ်ခုခုလိုအပ်ရင် ကျွန်မတို့ မျိုးနွယ်စုဆီ အချိန်မရွေး ပြန်လာခဲ့ပါ" ရှားက ကျေးဇူးတင်စကား ဆိုသည်။ သူမ ဖိတ်ခေါ်လိုက်သည်ကို သူမအဖေ တန်ရှာသာ သိသွားလျှင် ဒေါသထွက်လွန်းသဖြင့် သေသွားနိုင်မှန်း သူမ မသိရှာပေ။
"ဟုတ်တယ်၊ ကျွန်တော်တို့ တံခါးတွေက အရှင့်အတွက် အမြဲတမ်း ဖွင့်ထားလျက်ပါ" တာရာကလည်း ထောက်ခံသည်။
"ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ နောက်ကျရင် ငါ သေချာပေါက် လာခဲ့ပါ့မယ်" လုံချန်းက ပြုံးလျက် ဆိုသည်။
"နှုတ်ဆက်ပါတယ် ဆရာကြီး ချန်း၊ နောက်မှ ပြန်တွေ့ကြတာပေါ့" ရှားက နောက်ဆုံးနှုတ်ဆက်စကား ဆိုကာ အခြားသူများနှင့်အတူ ထွက်ခွာသွားတော့သည်။
"မင်းတို့ ဘုရင်မကို ငါ တစ်ယောက်တည်း တွေ့ချင်တယ်လို့ သွားပြောပေးပါဦး။ ပြောစရာ အရေးကြီးတာ ရှိလို့လို့ ပြောလိုက်ပါ" လုံချန်းက တံခါးဝတွင် စောင့်နေသော အစေခံကို ခိုင်းလိုက်သည်။ ထို့နောက် သူသည် အခန်းထဲဝင်ကာ ရေမိုးချိုး၊ အဝတ်အစားအသစ်လဲပြီး အကြောင်းပြန်ကြားချက်ကို စောင့်နေလိုက်သည်။
နာရီဝက်ခန့်အကြာတွင် တံခါးခေါက်သံ ကြားလိုက်ရသည်။ ဘုရင်မက တွေ့ခွင့်ပြုလိုက်ပြီဖြစ်သဖြင့် လိုက်ခဲ့ရန် အစေခံက လာခေါ်ခြင်း ဖြစ်သည်။
လုံချန်းသည် အစေခံနောက်သို့ လိုက်လာစဉ် ဆံပင်ဖြူဖြူနှင့် ကောင်လေးတစ်ယောက်က ဆန့်ကျင်ဘက်အရပ်မှ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဂါရဝပြုပါတယ် အရှင်သား" ထိုကောင်လေး အနားရောက်သည်နှင့် အစေခံက ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"မင်းက လူသားပဲ၊ ဝါး... ငါတို့ဆီကို လူသားတစ်ယောက် ရောက်လာတယ်ဆိုတာ ကြားတုန်းက မယုံနိုင်ခဲ့ဘူး။ အရှင်သခင် ထျန်းရှန်ရဲ့ ဒဏ္ဍာရီတွေကို ငါအမြဲ ဖတ်ခဲ့တာ။ ဖတ်တိုင်းလည်း အံ့ဩရတယ်။ အရှင်သခင် ထျန်းရှန်က ငါ့ရဲ့စံပြပုဂ္ဂိုလ်ပဲ။ လူသားတစ်ယောက်နဲ့ တကယ်တွေ့ရမယ်လို့ မထင်ထားဘူး" ထိုကောင်လေးက အစေခံ၏ နှုတ်ဆက်မှုကို ဂရုမစိုက်ဘဲ လုံချန်း၏ လက်များကို ဆုပ်ကိုင်ကာ မျက်လုံးများ အရောင်တောက်လျက် ပြောတော့သည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ မင်းက ဘုရင်မ မီယာရဲ့ ခင်ပွန်းလား။ ဒီမျိုးနွယ်စုရဲ့ ဘုရင်လား" လုံချန်းက မေးလိုက်သည်။
"အို... မဟုတ်တာ၊ ကျွန်တော်က ဒေါ်ဒေါ်မီယာရဲ့ ခင်ပွန်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒီလိုဆိုရင် ဒါက သိက္ခာမဲ့တဲ့ ကိစ္စကြီး ဖြစ်သွားမှာပေါ့။ ကျွန်တော်က သူမရဲ့ တူ အော်တန်ပါ" အော်တန်က အလျင်အမြန် ငြင်းဆိုသည်။
"ဪ... ဒါနဲ့ မနေ့က ခန်းမဆောင်ထဲမှာ မင်းကို မတွေ့မိပါလား"
"ဘာလို့လဲတော့ မသိဘူး၊ ဒေါ်ဒေါ်မီယာရော ဘယ်သူကမှ အရှင့်အကြောင်း ကျွန်တော့်ကို အသိမပေးကြဘူး။ ဒါပေမဲ့ ဒီနေ့ လူတချို့ ပြောနေတာကို မတော်တဆ ကြားမိလို့ စုံစမ်းကြည့်မှ သိရတာ။ အခုပဲ အရှင့်ကို တွေ့ဖို့ အခန်းကို လာနေတာ" အော်တန်က စိတ်အားထက်သန်စွာ ဆိုသည်။
'သူ ဘာလို့ မင်းကို မပြောလဲဆိုတာ ငါသိသလိုပဲ။ မင်းက လူသားဆိုရင် အသည်းစွဲဖြစ်နေတာကိုး။ မင်းသာ အဲဒီမှာ ရှိနေရင် သူမရဲ့ ဟိတ်ဟန်ထုတ်နေတဲ့ သရုပ်ဆောင်မှုတွေ ပျက်ကုန်မှာပေါ့' လုံချန်း ပြုံးရင်း တွေးလိုက်သည်။
"ကျွန်တော့်အခန်းကို သွားရအောင်။ အရှင့်ဆီက သိချင်တာတွေ အများကြီး ရှိသေးတယ်" အော်တန်က ဖိတ်ခေါ်သည်။
"စိတ်မကောင်းပါဘူး အော်တန်၊ အခု ငါ မင်းရဲ့ဒေါ်ဒေါ်နဲ့ တွေ့ဖို့ ရှိလို့ပါ။ နောက်မှ ငါ မင်းဆီ လာခဲ့မယ်။ အခုတော့ သွားလိုက်ဦးမယ်" လုံချန်းက ပြောကာ ထွက်လာခဲ့သည်။
"ဟုတ်ကဲ့ပါ" အော်တန်က လုံချန်း ထွက်သွားသည်ကို စိတ်ပျက်လက်ပျက် ကြည့်ကျန်ခဲ့သည်။
လုံချန်းသည် အစောင့်နောက်မှ လိုက်လာရင်း အခန်းကြီးတစ်ခန်းထဲသို့ ရောက်လာသည်။ အခန်းအလယ်တွင် စားပွဲအရှည်ကြီး ရှိပြီး တစ်ဖက်တစ်ချက်တွင် ကုလားထိုင် နှစ်လုံး ရှိသည်။ ဘုရင်မ မီယာက တစ်ဖက်တွင် ထိုင်နေသည်။ သူမ၏ ကုလားထိုင်မှာ လုံချန်းထိုင်ရမည့် ကုလားထိုင်ထက် ပိုမြင့်နေသည်ကို လုံချန်း သတိပြုမိလိုက်သည်။
'သူက တမင်တကာ ငါ့ကို နှိမ်ချချင်နေတာလား' လုံချန်း တွေးရင်း ရှေ့တိုးကာ ကျန်သည့် ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
"ဘာပြောချင်လို့လဲ" ဘုရင်မ မီယာက မေးသည်။
"ဘုရင်မ မီယာ... ကျုပ် တစ်ခုလောက် မေးချင်လို့ပါ။ ကျုပ်ဘိုးဘေး လေ့လာခဲ့တဲ့ ခြင်္သေ့ဘီလူး မျိုးနွယ်စုရဲ့ ရတနာလုံးအကြောင်း သိတယ်မဟုတ်လား။ အဲဒါ အခု အရှင်မဆီမှာ ရှိတယ်လို့ ကြားပါတယ်။ ကျုပ် အဲဒါကို ခဏလောက် လေ့လာခွင့် ရနိုင်မလား" လုံချန်းက ပြုံး၍ မေးလိုက်သည်။
"အဲဒါက ခြင်္သေ့ဘီလူး မျိုးနွယ်စုရဲ့ ရတနာ ဖြစ်ခဲ့ဖူးတာပေါ့၊ ဒါပေမဲ့ အခုတော့ ငါ့ပစ္စည်းပဲ။ ဘာလို့ နင့်ကို အနားပေးကပ်ရမှာလဲ" သူမက တည်ကြည်သောအသံဖြင့် မေးသည်။
"ဘုရင်မ မီယာ... ကျုပ်ဘိုးဘေးက ဒီကမ္ဘာနဲ့ မျိုးနွယ်စုအားလုံးကို ကယ်တင်ခဲ့တာလေ။ အဲဒီအတွက် ကျေးဇူးတရားကို ထောက်ထားပြီး သူ့ရဲ့ နောက်မျိုးဆက်ကို ရတနာလုံးတစ်လုံး လေ့လာခွင့် မပေးနိုင်ဘူးလား" လုံချန်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
'ဟွန်း... ထျန်းရှန်က နင့်ရဲ့ဘိုးဘေးတဲ့လား။ နင်ကတော့ လိမ်တာ တော်တော် ကျွမ်းကျင်လာပြီပဲ' ရွှင်းက ဘေးကနေ ဝေဖန်လိုက်သည်။
"ဟားဟားဟား... နင်ပြောတာ မှန်ပါတယ်။ သူက ဒီကမ္ဘာကို ကယ်တင်ခဲ့တယ်။ ဒါပေမဲ့ အရှင်သခင် ထျန်းရှန် လုပ်ခဲ့တာတွေက နင်နဲ့ ဘာမှမဆိုင်ဘူး မဟုတ်လား။ သူက နင့်ရဲ့ ဘိုးဘေးဖြစ်ရင်တောင် ငါက သူ့ကိုပဲ ကျေးဇူးတင်တာ၊ နင့်ကို မဟုတ်ဘူး။ ငါတို့ကို ကယ်တင်ခဲ့တာ နင်မှ မဟုတ်တာ။ ပြီးတော့ နင်က ငါတို့ အင်ပါယာအတွက် ဘာကောင်းတာ လုပ်ပေးဖူးလို့လဲ။ နင့်ကို ငါတို့ ရတနာလုံး လေ့လာခွင့် ပေးရမယ့် အကြောင်းရင်းကို ငါ မတွေ့ဘူး" ဘုရင်မ မီယာက လုံချန်းကို ကြည့်ကာ လှောင်ရယ်လိုက်သည်။
"ဘာလို့ အဲဒီလောက်အထိ ငြင်းဆန်နေရတာလဲ။ ကျုပ်ကို ခွင့်ပြုလိုက်လို့ အရှင်မမှာ ဘာမှ ဆုံးရှုံးသွားမှာ မဟုတ်သလို၊ ငြင်းလိုက်လို့လည်း ဘာမှ အကျိုးထူးမှာ မဟုတ်ဘူးလေ" လုံချန်းက သူမကို စိုက်ကြည့်ကာ ဆိုသည်။
"ကဲ... ဒါဆိုရင်တော့ ငါ့ရဲ့ ကမ်းလှမ်းချက်တစ်ခုကို နင် သဘောတူရင် ရတနာလုံးကို ပေးကြည့်မယ်" မီယာက ဆက်ပြောသည်။
"ဘာကမ်းလှမ်းချက်လဲ"
"စာအုပ်တွေထဲမှာ အရှင်သခင် ထျန်းရှန်က အတောင်ပံတွေသုံးပြီး ပျံသန်းနိုင်တယ်လို့ ဖတ်ဖူးတယ်။ လူသားတွေရဲ့ အတောင်ပံ လျှို့ဝှက်ချက်ကို ငါ့ကို ပြောပြ။ အဲဒီအတောင်ပံတွေက သူအလိုရှိတဲ့အခါမှ ပေါ်လာပြီး ပျောက်သွားတတ်တယ်ဆိုတော့ ဒါဟာ လျှို့ဝှက်နည်းလမ်းတစ်ခုခု ရှိမှာပဲ။ နင်က သူ့မျိုးဆက်ဆိုတော့ အဲဒီနည်းလမ်းကို သိမှာပေါ့။ အဲဒီအတောင်ပံ ဖန်တီးနည်းကို ငါ့ကိုပြောရင် ရတနာလုံးနားကို သွားခွင့်ပေးမယ်" ဘုရင်မ မီယာက သူမ၏ လောဘကို ဖွင့်ဟလိုက်သည်။
"ဟင်း... ဒါကြောင့် ခွင့်မပြုတာပေါ့။ အရှင်မ ဒီလောက် လောဘကြီးနေရင် ကျုပ် ခင်ဗျားတို့ မျိုးနွယ်စုကို ဖျက်ဆီးပစ်မှာ မကြောက်ဘူးလား" လုံချန်းက တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။
"နင် မလုပ်နိုင်ပါဘူး။ ငါ အရှင်သခင် ထျန်းရှန်ရဲ့ ပုံတူကို မြင်ဖူးတယ်။ နင့်ကို ကြည့်ရတာ လူသားတွေက ငါတို့လို အသက်အရွယ် တစ်နေရာမှာ ရုပ်ရည် ရပ်တန့်သွားတာမျိုး မဟုတ်ဘူးဆိုတာ ငါသိတယ်။ ငါ့အထင် နင်က သူ့ထက် အများကြီး ငယ်သေးတယ်။ သူက မကောင်းဆိုးဝါး မျိုးနွယ်စုကို တစ်ယောက်တည်း သတ်ဖြတ်နိုင်ခဲ့ပေမဲ့ နင်ကတော့ အဲဒီလောက် မသန်မာနိုင်ပါဘူး။ အသက်ကွာခြားချက်အရ နင်က သူ့ထက် အများကြီး အားနည်းမှာပဲ" သူမက ပြုံးလျက် ပြန်ဖြေသည်။
"အရှင်မ ဒီလောက်အထိ မိုက်မဲလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး။ ကျုပ်ရဲ့ ခွန်အားကို စမ်းကြည့်ချင်တာလား" လုံချန်း မတ်တတ်ရပ်လိုက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ သူ၏ အရှိန်အဝါ အချို့ကို ထုတ်လွှတ်လိုက်သည်။
"ငါတို့ ကယ်တင်ရှင်ရဲ့ မျိုးဆက်ကို ငါ မတိုက်ခိုက်ချင်ပါဘူး။ ငါ နင့်ကို ဒီကို ခေါ်လိုက်တာ တိုက်ခိုက်ဖို့ မဟုတ်ဘူး၊ မနက်စာ စားဖို့ပဲ" သူမက ပြောလိုက်စဉ် အစေခံများက မနက်စာများကို ယူလာကြသည်။
"ငါ လုပ်စရာရှိလို့ သွားဦးမယ်။ ငါ့ရဲ့ ကမ်းလှမ်းချက်ကို သေသေချာချာ စဉ်းစားပါ။ အဲဒါက တိုက်ခိုက်နေတာထက် အများကြီး ပိုကောင်းပါတယ်။ နင့်ရဲ့ မာနက နင့်ကို မျက်စိကန်းအောင် မလုပ်ပါစေနဲ့" မီယာက ပြောကာ ခန်းမထဲမှ ထွက်သွားသည်။
'ဒီဆုံးဖြတ်ချက်အတွက် ခင်ဗျား နောင်တမရပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်' လုံချန်းသည် ချထားသော အစားအစာများကို မထိဘဲ အခန်းထဲသို့ ပြန်လာခဲ့သည်။
"ရွှင်း... ငါတို့ အဲဒီအရာကို ခိုးယူကြစို့" လုံချန်းက တံခါးပိတ်ရင်း ပြောလိုက်တော့သည်။