အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း (၆၇) အစီအစဉ်တစ်ကို စတင်ခြင်း
"ဟားဟားဟား။ နောက်ဆုံးတော့ ယောက်ျားပီပီသသ ပြောတတ်လာပြီပဲ။ ကဲ... ဒါဆို နင် အဲဒါကို ဘယ်လို ခိုးမှာလဲ" ရွှင်းက ရယ်မောရင်း မေးလိုက်သည်။
"သူတို့ ရတနာလုံးကို သိမ်းထားတဲ့နေရာမှာ အစောင့်အကြပ်တွေ အထူအထပ် ချထားမှာ သေချာတယ်။ ပေါ်တင်ကြီး ကျူးကျော်ဝင်ရောက်တာက သူတို့ကို စစ်ကြေညာတာနဲ့ အတူတူပဲ။ အဲဒါကိုတော့ ငါတို့ရဲ့ နောက်ဆုံးလက်နက်အနေနဲ့ပဲ ထားထားမယ်" လုံချန်းက ဆိုသည်။
"အစီအစဉ်တစ် အတွက်ကတော့ ငါ နည်းလမ်း နည်းနည်းလောက် ကွဲပြားတာကို သုံးမယ်။ တကယ်လို့ အခက်အခဲ တစ်ခုခုရှိလို့ ဒါမှမဟုတ် အစီအစဉ် ပျက်သွားခဲ့ရင်တော့... ငါတို့ ဒီကနေ ထွက်တဲ့အခါ အင်အားသုံးပြီး ရတနာလုံးကို လုယူကြတာပေါ့။ ဒါပေမဲ့ အဲဒီလို အခြေအနေအထိ မရောက်ပါစေနဲ့လို့ပဲ ငါ မျှော်လင့်တယ်" လုံချန်းက ကုတင်ပေါ်လှဲကာ မျက်နှာကြက်ကို ကြည့်ရင်း ရွှင်း ကို ပြောပြသည်။
"နင်က ကိစ္စတွေကို မလိုအပ်ဘဲ ရှုပ်ထွေးအောင် လုပ်နေတာပဲ။ အစီအစဉ်တစ်တွေ ဘာတွေ မလိုပါဘူး၊ ငါက ဒုတိယနည်းလမ်းကို ပိုသဘောကျတယ်။ သူတို့ကို ရိုက်နှက်ပြီး ယူလိုက်ရုံပဲလေ" ရွှင်းက တိုက်တွန်းသည်။
"ငါက တိုက်ခိုက်ရမှာ ကြောက်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ချက်ချင်း စစ်မကြေညာချင်တဲ့ အကြောင်းရင်း နှစ်ခု ရှိတယ်။ ပထမအချက်က... အစီအစဉ်တစ်က တစ်မျိုးနွယ်စုလုံးနဲ့ တိုက်ခိုက်နေရတာထက် ပိုလွယ်သလို ပိုလည်း မြန်တယ်။ ငါတို့ရဲ့ နာမည်ဂုဏ်သတင်းကိုလည်း အမည်းစက် မထင်စေဘူး" လုံချန်းက ပြန်ဖြေသည်။
"ဒုတိယအချက်က... ငါ သူတို့ရဲ့ ခွန်အားကို မသိသေးဘူး။ ပြိုင်ဘက်ရဲ့ အခြေအနေကို မဆန်းစစ်ဘဲ စစ်ကြေညာတာက ကိုယ့်သေတွင်းကိုယ် တူးတာနဲ့ အတူတူပဲ။ ငါ သူတို့ကို မနိုင်ရင် ကောင်းကင်ဘုံ နတ်ဆိုးတောင်ပံကို သုံးပြီး ထွက်ပြေးလို့ ရနိုင်ပေမဲ့... အခြေအနေက ငါတို့ဘက်မှာ မရှိရင်တော့ မပြေးချင်ဘူး။ ဒါပေမဲ့ တကယ်လိုအပ်လာရင်တော့ ဒီနေရာတစ်ခုလုံး ပေါက်ကွဲသွားအောင် ငါ လုပ်ပစ်မှာပါ" လုံချန်းက ပြုံးလျက် ဆိုသည်။
"နင် သင်ယူရမှာတွေ အများကြီး ကျန်သေးတာပဲ။ ဒါပေမဲ့ ဒီကိစ္စ ဘယ်လိုအဆုံးသတ်မလဲဆိုတာ ငါ စိတ်ဝင်စားတယ်။ နင့်ရဲ့ အစီအစဉ်တစ်က ဘာလဲ"
"ရိုးရိုးလေးပါပဲ။ မီယာရဲ့ ချစ်လှစွာသော တူလေး အော်တန်က ငါ့အောင်မြင်မှုအတွက် သော့ချက်ပဲ" လုံချန်းက ပြုံးစပ်စပ်ဖြင့် ဆိုသည်။
"သူက နင့်ကို အထင်ကြီးလေးစားတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ နင့်အတွက်နဲ့ သူ့မျိုးနွယ်စုရဲ့ ရတနာလုံးကိုတော့ ခိုးပေးလိမ့်မယ်လို့ ငါမထင်ဘူးနော်"
"ဟား... အော်တန်က သူခိုး ဖြစ်လာမှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူကပဲ အဲဒါကို ခိုးယူမယ့်သူ ဖြစ်လာလိမ့်မယ်" လုံချန်းက အဓိပ္ပာယ်ပါပါ ပြုံးလျက် ဆိုသည်။
"နင်ပြောတာကို ငါ သိပ်နားမလည်ဘူး" ရွှင်း ဇဝေဇဝါ ဖြစ်သွားသည်။
"မကြာခင် မင်း နားလည်သွားမှာပါ။ ကဲ... အခုတော့ အလုပ်စကြရအောင်" လုံချန်းက ပြန်ဖြေလိုက်သည်။
"အိမ်ရှေ့စံ အော်တန်ကို ငါ အခု တွေ့လို့ရပြီလို့ သွားပြောပေးပါ။ ဘုရင်မနဲ့ စကားပြောပြီးရင် သူ့ကို တွေ့မယ်လို့ ကတိပေးထားတာဆိုတော့... ငါ့ကတိအတိုင်း လုပ်ပေးမယ်လို့ ပြောလိုက်ပါ" လုံချန်းက တံခါးပြင်ပတွင် စောင့်နေသော အစေခံကို ပြောလိုက်သည်။
သူမသည် လုံချန်းကို ဘုရင်မထံ လိုက်ပို့ပေးခဲ့ပြီး အော်တန်နှင့် လုံချန်းတို့၏ စကားပြောသံကို ကြားခဲ့သည့် အစေခံပင် ဖြစ်သည်။ သူမ ချက်ချင်း ထွက်သွားပြီး မိနစ်အနည်းငယ်အတွင်း ပြန်ရောက်လာသည်။ လုံချန်း တံခါးဖွင့်လိုက်သည်နှင့် သူမ၏ အနောက်တွင် အော်တန် ပါလာသည်ကို တွေ့လိုက်ရသည်။
'ဒီအရူးလေးကတော့။ ငါ့အစီအစဉ်ကို ဖျက်နေပြီ။ သူ့အခန်းမှာပဲ ငြိမ်ငြိမ်နေပြီး ငါ့ကို လာခေါ်ခိုင်းပါတော့လား' လုံချန်း စိတ်ပျက်စွာ တွေးလိုက်သည်။
"အိမ်ရှေ့စံ အော်တန်... ဘာလို့ ဒီကို ရောက်လာတာလဲ။ ငါက မင်းဆီ လာတွေ့မလို့ပါ" လုံချန်းက မေးလိုက်သည်။
"အရှင်က ကျွန်တော့်ကို တွေ့ချင်တယ်လို့ ကြားတာနဲ့ မစောင့်နိုင်တော့ဘဲ အပြေးလာခဲ့တာပါ" အော်တန်က ပြန်ဖြေသည်။
"ကောင်းပြီလေ။ အထဲဝင်ခဲ့ပါ" လုံချန်းက ဖိတ်ခေါ်လိုက်သည်။ အော်တန် အထဲဝင်သွားသော်လည်း အစေခံကတော့ အပြင်မှာ ကျန်ရစ်ခဲ့ပြီး လုံချန်းက တံခါးပိတ်လိုက်သည်။
"ထိုင်ပါဦး"
"ဆရာကြီး လုံ... ဒီအခန်းကို သဘောကျရဲ့လား။ တကယ်လို့ သဘောမကျရင် ဒီထက်ကောင်းတဲ့ အခန်းကို ကျွန်တော် စီစဉ်ပေးနိုင်ပါတယ်" အော်တန်က ထိုင်ရင်း ပြောသည်။
"မလိုပါဘူး အိမ်ရှေ့စံ အော်တန်။ ဒီနေရာကို ငါ တော်တော် သဘောကျပါတယ်။ တကယ့်ကို အံ့ဩဖို့ကောင်းတယ်။ ဧည့်သည်ဆောင်တောင် ဒီလောက်လှရင် ဘုရင့်ဆောင်တွေဆို ဘယ်လောက်တောင် ခမ်းနားမလဲဆိုတာ ငါ တွေးကြည့်လို့တောင် မရဘူး" လုံချန်းက စဉ်းစားဟန်ဖြင့် ဆိုသည်။
"ဒါပေါ့... အဲဒီနေရာတွေက ပိုကောင်းတာပေါ့။ အရှင် ကြည့်ချင်လား။ ကျွန်တော့်မှာ ဒီနန်းတော်ရဲ့ ဒုတိယအကောင်းဆုံး အခန်း ရှိတယ်၊ ပထမအကောင်းဆုံးကတော့ ဒေါ်ဒေါ်ရဲ့ အခန်းပေါ့။ ဒေါ်ဒေါ်အခန်းကိုတော့ အရှင့်ကို ခေါ်မသွားနိုင်ပေမဲ့ ကျွန်တော့်အခန်းကိုတော့ ပြသနိုင်ပါတယ်" အော်တန်က စိတ်အားထက်သန်စွာ ဆိုသည်။
"ကောင်းပြီလေ... ဒါဆို သွားကြတာပေါ့။ လမ်းမှာ စကားပြောရင်း သွားကြမယ်" အော်တန် လုံချန်းပြောတာကို သေချာမတွေးနိုင်ခင်မှာပင် လုံချန်းက တံခါးဝတွင် ရောက်နေပြီ ဖြစ်သည်။ သူ အမြန်ထကာ လုံချန်းနောက်သို့ လိုက်လာခဲ့သည်။
"အိမ်ရှေ့စံ အော်တန်... မင်းပြောတာက ဘုရင်မ မီယာမှာ အကောင်းဆုံးအခန်း ရှိပြီး မင်းမှာ ဒုတိယအကောင်းဆုံးအခန်း ရှိတယ်ဆိုတော့... မင်းရဲ့ အဖေနဲ့ အမေကရော" လုံချန်းက စင်္ကြံလမ်းအတိုင်း လျှောက်ရင်း မေးလိုက်သည်။
"သူတို့က ဒီလောကမှာ မရှိတော့ပါဘူး။ ကျွန်တော် မွေးပြီး နှစ်နည်းနည်းလောက် ကြာတော့ ဆုံးပါးသွားခဲ့တာပါ" အော်တန်က ဝမ်းနည်းရိပ်သန်းသော အပြုံးဖြင့် ပြန်ဖြေသည်။
"မင်းအတွက် စိတ်မကောင်းပါဘူး"
"ကျေးဇူးတင်ပါတယ်။ ဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကပါ"
"ဒါဆို မင်းက မင်းမိဘတွေရဲ့ အဆောင်မှာ နေတာလား"
"မဟုတ်ဘူး။ သူတို့က ဘုရင်မရဲ့ အခန်းထဲမှာ နေခဲ့တာ။ အမှန်က ကျွန်တော့်အမေက ဘုရင်မပါ၊ သူ ဆုံးသွားတော့မှ ဒေါ်ဒေါ်မီယာက နန်းတက်ခဲ့တာ။ အဲဒါကြောင့် သူက အဲဒီအခန်းမှာ အခုနေနေတာပါ" အော်တန်က ရှင်းပြသည်။
"ရောက်ပါပြီ။ ဒါ ကျွန်တော့်အခန်းပဲ။ အထဲဝင်ရအောင်" အော်တန်က လုံချန်း၏ အတွေးကို ဖြတ်ကာ ပြောလိုက်သည်။
လုံချန်းနှင့် အော်တန်တို့ အခန်းထဲ ဝင်လိုက်ကြသည်။ အော်တန်က အဘယ်ကြောင့် ဤအခန်းကို အမွှန်းတင်ခဲ့မှန်း လုံချန်း နားလည်သွားသည်။
ထိုအခန်းမှာ အိမ်ငယ်လေးတစ်လုံး၏ ခန်းမဆောင်ကြီးနှင့် တူနေသည်။ တံခါးလေးချပ်ကို မြင်ရသည်မှာ ဤခန်းမဆောင်ကြီးနှင့် သီးခြားအခန်း လေးခန်း ချိတ်ဆက်ထားပုံရသည်။ နံရံများပေါ်တွင် လှပသော နံရံဆေးရေးပန်းချီများ ရှိနေပြီး အလွန်ပင် တော်ဝင်ဆန်လှသည်။
"ကျွန်တော့်အခန်းကို လိုက်ပြပါရစေ။ ဒါက ကျွန်တော် စုဆောင်းထားတဲ့ ပစ္စည်းတွေ ထားတဲ့ သိုလှောင်ခန်းပါ" အော်တန်က ပထမတံခါးကို ဖွင့်ပြသည်။ အခန်းထဲတွင် စင်များ၊ သေတ္တာများဖြင့် ပြည့်နှက်နေသော်လည်း လုံချန်းက စိတ်မဝင်စားပေ။ သူ၏ စိတ်ထဲတွင် အခြားရည်မှန်းချက် ရှိနေပြီး အချိန်မဖြုန်းချင်ပေ။
"ဒါကတော့ ကျွန်တော့်ရဲ့ အိပ်ခန်းပါ။ ဒါ ကျွန်တော့်ကုတင်နဲ့ တခြားပစ္စည်းတွေပေါ့" အော်တန်က ဒုတိယအခန်းကို ပြသည်။ လုံချန်း၏ ချီးကျူးစကားများကြောင့် အော်တန် ပို၍ပင် ပျော်ရွှင်သွားသည်။
"တတိယအခန်းမှာတော့ ကျွန်တော့်ရဲ့ အဝတ်အစားတွေနဲ့ အဆောင်အယောင်တွေကို ထားပါတယ်" အော်တန်က လုံချန်းကို လိုက်ပြသည်။ အထဲတွင် ခဏကြာ လေ့လာပြီးနောက် သူတို့ ခန်းမဆောင်ထဲက ကုလားထိုင်တွေမှာ ပြန်ထိုင်လိုက်ကြသည်။
"ဆရာကြီး ချန်း... ကျွန်တော့်အခန်းကို ဘယ်လိုထင်လဲ"
"တကယ် ကောင်းပါတယ်။ အမှန်အတိုင်း ပြောရရင် ငါ့အခန်းထက် အများကြီး ပိုကောင်းတယ်" လုံချန်းက ဆိုသည်။
"အရှင် အလိုရှိရင် ဒီလိုအခန်းမျိုး ကျွန်တော် စီစဉ်ပေးနိုင်ပါတယ်။ ကျွန်တော့်အခန်းထက် နည်းနည်းပဲ သေးတာပါ"
"ရပါတယ်။ ဧည့်သည်ဆောင်မှာပဲ ငါ အဆင်ပြေပါတယ်"
"အရှင့်ဆန္ဒအတိုင်းပါပဲ။ ဪ... ဒါနဲ့ လူသားတွေ နေထိုင်တဲ့ ဒဏ္ဍာရီလာနေရာအကြောင်း ကျွန်တော့်ကို ပြောပြပါဦးလား။ မှတ်တမ်းတွေထဲမှာ ဘာမှ မပါလို့ပါ" အော်တန်က မေးလိုက်သည်။
"ဪ... ငါတို့ လူသားတွေက မင်းတို့ကမ္ဘာရဲ့ လျှို့ဝှက်တဲ့ နေရာတစ်ခုမှာ နေကြတာ။ အနှောင့်အယှက် ခံရတာ မကြိုက်ဘူး၊ ဒါကြောင့် အဲဒီနေရာက ဘယ်မှာလဲဆိုတာ ငါ မပြောနိုင်ဘူး။ ဒါပေမဲ့ အချို့အချက်တွေကိုတော့ ပြောပြနိုင်ပါတယ်။ အဲဒီမှာ နိုင်ငံတွေ အများကြီး ရှိတယ်၊ အကြီးရော အငယ်ရောပေါ့။ အသေးဆုံးနိုင်ငံတောင် မင်းတို့ရဲ့ အင်ပါယာထက် အများကြီး ပိုကြီးတယ်" လုံချန်းက အော်တန် စိတ်ဝင်တစား နားထောင်နေစဉ် ဝေဝေဝါးဝါး အချက်အလက်အချို့ကို ပြောပြလိုက်သည်။
တစ်နာရီကျော် စကားပြောပြီးနောက် လုံချန်းသည် အော်တန်၏ အခန်းမှ ထွက်ကာ သူ၏ အခန်းသို့ ပြန်လာခဲ့သည်။
"နင်က သူ့ကို ရတနာလုံး ခိုးပေးဖို့ ဖျောင်းဖျမယ် ထင်နေတာ။ အဲဒီလို ဘာမှလည်း မလုပ်ခဲ့ပါလား။ အဲဒီအစား နင် သူ့ဆီက တစ်ခုခုကို ခိုးခဲ့တာပဲ။ ဘာလို့လဲ" ရွှင်း က ကုတင်နားတွင် ထိုင်နေသော လုံချန်းကို ဇဝေဇဝါဖြင့် မေးလိုက်သည်။
လုံချန်းက သူမကို ပြုံးပြရင်း ပြန်ပြောလိုက်သည်မှာ…
အခန်း (၆၈) ရူးသွပ်ဖွယ်ရာ အဆင့်တက်လှမ်းခြင်း
"နင် သူ့ကို ရတနာလုံးခိုးဖို့ ဖျောင်းဖျမယ် ထင်နေတာ။ ဒါပေမဲ့ နင်က အဲဒီလို မလုပ်ဘဲ သူ့ဆီက တစ်ခုခုကို ခိုးခဲ့တာပဲ။ ဘာလို့လဲ" လုံချန်း ကုတင်ပေါ်မှာ အနားယူနေစဉ် ရွှင်းက ဇဝေဇဝါမျက်နှာထားနဲ့ မေးလိုက်သည်။
"ဟင့်အင်း... ငါ ဘာမှမခိုးပါဘူး။ ပစ္စည်းတချို့ ခဏငှားလိုက်တာပါ။ သူ့အခန်းထဲကနေ ငါ ဘာတွေ ယူလာလဲဆိုတာ နင် မြင်တယ် မဟုတ်လား" လုံချန်းက သူမကို ပြုံးကြည့်ရင်း ပြောလိုက်သည်။
"အေးလေ၊ ငါ မြင်ပါတယ်။ သူက သူ့ရဲ့ အဝတ်အစားတွေနဲ့ အဆောင်အယောင်တွေကို ပြနေတုန်း နင်က သူ့အာရုံကို လွှဲပြီးတော့ သူ့ဝတ်စုံတစ်စုံကို နင့်ရဲ့ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်တာလေ။ ဖိနပ်တစ်ရံကိုလည်း အဲဒီလိုပဲ ထည့်ခဲ့တာပဲ။ သူ့မှာ အဝတ်အစားတွေ အများကြီးရှိတော့ သူ သတိထားမိမှာ မဟုတ်ပေမဲ့ နင် ဘာလို့ အဲဒီလိုလုပ်တာလဲဆိုတာ ငါ နားမလည်ဘူး" ရွှင်း က ဆိုသည်။
"တကယ်တော့ အရမ်းရိုးရှင်းပါတယ်။ နင် ဒါကို မှတ်မိတယ် မဟုတ်လား" လုံချန်းက ပြောပြောဆိုဆိုနဲ့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတစ်ခုကို ထုတ်ပြလိုက်သည်။
"ဒါ... ဒါက နင်တွေ့ခဲ့တဲ့ လှည့်ဖြားခြင်း မျက်နှာဖုံးပဲ" ရွှင်း က လုံချန်းလက်ထဲက မျက်နှာဖုံးကို မြင်ပြီး ပြောလိုက်သည်။ လုံချန်းက လုံစုကို သတ်ပြီးနောက် ရေကန်ထဲ၌ ထိုမျက်နှာဖုံးကို တွေ့ခဲ့ကြောင်း သူမ မှတ်မိနေသည်။
"ဒါပေမဲ့ အဲဒါက ဘာဆိုင်လို့... ဪ ငါ နားလည်ပြီ" သူမ စကားမဆုံးခင်မှာတင် သဘောပေါက်သွားပြီး တခစ်ခစ် ရယ်မောလိုက်တော့သည်။
"နင် နားလည်သွားတာ ကောင်းပါတယ်။ အနည်းဆုံးတော့ နင်က မြင်ရတာထက် ပိုပါးနပ်တာပဲ" လုံချန်းက ခပ်ဟဟ ရယ်ရင်း ပြောလိုက်သည်။
"ဒါပေါ့... ငါက နင် ထင်ထားတာထက် ပိုပါးနပ်... နေဦး... နင် အခု ငါ့ကို ကြည့်ရတာ အူကြောင်ကြောင်နိုင်တယ်လို့ ပြောလိုက်တာလား" သူမက စိတ်တိုဟန်နှင့် မေးလိုက်သည်။
"မဟုတ်ပါဘူး။ နင်က ကြည့်လိုက်ရင်လည်း ပါးနပ်ပုံရတယ်၊ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ အဲဒီထက်တောင် ပိုပြီး ပါးနပ်နေသေးတယ်လို့ ပြောတာပါ" လုံချန်းက ပြုံးပြီး ပြန်ဖြေလိုက်သည်။
"အင်း... အဲဒါဆိုရင် ပြီးတာပဲ" ရွှင်းက ပြုံးစိစိနဲ့ ပြောသည်။ "ကဲ... အားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့ အမြန်သွားခိုးကြစို့လေ"
"မသွားသေးဘူး။ ပြင်ဆင်မှုတွေ မပြီးသေးဘူး"
"ဘာကျန်သေးလို့လဲ"
"ခွန်အားလေ၊ ငါ ပိုသန်မာလာဖို့ လိုတယ်၊ ပြီးတော့ ရွှေအမြုတေအဆင့်ကို တက်လှမ်းရမယ်။ ဒီကမ္ဘာရဲ့ ဝိညာဉ်စွမ်းအင်တွေက ငါ့အတွက် တကယ် အကျိုးရှိတယ်။ ခဏလေးအတွင်းမှာ ငါ အဆင့်တက်နိုင်မယ်လို့ ယုံကြည်တယ်" လုံချန်းက ဆိုသည်။
"နင် အဲဒီလိုဆိုရင်လည်း ပြီးတာပဲလေ။ ခဏလောက် နောက်ကျသွားတာက ငါတို့ အစီအစဉ်ကို မပျက်စီးစေပါဘူး" ရွှင်းက ဆိုသည်။
လုံချန်းသည် စကားပြောပြီးနောက် ကျင့်ကြံခြင်းကို စတင်သည်။ တစ်ရက်ကျော်ကျော်လောက် ကျင့်ကြံပြီးနောက်မှာတော့ သူသည် ဝိညာဉ်အခြေတည်အဆင့် ၉ ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ထိုသို့ အထွတ်အထိပ်သို့ ရောက်သည်နှင့် လုံချန်းသည် သူ၏ သိုင်းဝိညာဉ် တစ်ဖန် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ ၎င်းသည် လုံချန်းနှင့် လုံးဝကို ထပ်တူကျသွားသည်။
ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်ဝတ်စုံက တောက်ပနေပြီး လက်ထဲက ဓားကလည်း ဖျက်ဆီးခြင်းစွမ်းအားများကို ထုတ်လွှတ်နေသည်။ သိုင်းဝိညာဉ်၏ မျက်လုံးများကတော့ ပိတ်ထားဆဲ ဖြစ်သည်။ လုံချန်းသည် ထိုဝိညာဉ်၏ မျက်လုံးကို တစ်ခါမှ မမြင်ဖူးသော်လည်း သူ၏မျက်လုံးများကဲ့သို့ပင် ရွှေရောင်ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသည်။
'နောက်ဆုံးတော့ ဝိညာဉ်အခြေတည်အဆင့်ကို အဆုံးသတ်နိုင်ခဲ့ပြီ။ ကျင့်ကြံခြင်းရဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ ရွှေအမြုတေအဆင့်ကို တက်လှမ်းဖို့ အချိန်တန်ပြီ' လုံချန်း တွေးလိုက်သည်။
သူသည် ဆက်လက်ကျင့်ကြံရန် ပြင်လိုက်စဉ် ဥကို ဝိညာဉ်စွမ်းအင် ကျွေးရန် သတိရသွားသည်။ လုံချန်းသည် ဥကို လက်စွပ်ထဲမှ ချက်ချင်းထုတ်ကာ သူ၏ ဝိညာဉ်စွမ်းအင်များကို လွှဲပြောင်းပေးလိုက်သည်။
'ထပ်ဖြစ်ပြန်ပြီ' ဥက တုန်ခါသွားသည်ကို လုံချန်း ခံစားလိုက်ရသည်။
'ရွှင်းကို ပြောပြပြီး အချိန်ဖြုန်းနေဖို့ မလိုပါဘူး၊ သူမက ယုံမှာမှ မဟုတ်တာ' လုံချန်းသည် ပထမတစ်ခါ ပြောပြတုန်းက သူမ၏ တုံ့ပြန်မှုကို သတိရကာ ဆုံးဖြတ်လိုက်သည်။
ဥက စွမ်းအားစုပ်ယူမှု ရပ်သွားသော်လည်း သူ ပြန်မသိမ်းသေးဘဲ တစ်ခုခု ထူးခြားပြောင်းလဲမှု ရှိမလားဟု သေသေချာချာ ကြည့်လိုက်သည်။ သို့သော် ဘာမှမတွေ့သဖြင့် လက်စွပ်ထဲ ပြန်ထည့်ကာ ကျင့်ကြံခြင်းသို့ ပြန်ဝင်လိုက်သည်။
ရွှေအမြုတေအဆင့် ဆိုသည်မှာ အမည်အတိုင်းပင် ခန္ဓာကိုယ်ထဲတွင် ရွှေရောင်အမြုတေတစ်ခု ဖန်တီးခြင်း ဖြစ်သည်။ ဤအမြုတေကို ကျင့်ကြံသူ၏ သိုင်းဟင်းလင်းပြင် အတွင်းတွင် ဖန်တီးရပြီး ထိုနေရာမှာ သိုင်းဝိညာဉ် နေထိုင်သည့် နေရာလည်း ဖြစ်သည်။ သိုင်းဝိညာဉ်နှင့် ဟင်းလင်းပြင်၏ အရည်အသွေးပေါ်မူတည်ပြီး ရွှေအမြုတေ ဖြစ်ပေါ်လာမှု အဆင့်အတန်း ကွာခြားတတ်သည်။
လုံချန်း ကျင့်ကြံခြင်းကို ပြန်စလိုက်ရာ ခဏအကြာတွင် သူ၏ သိုင်းဟင်းလင်းပြင်ထဲ၌ အလင်းစက်လေးတစ်စက် ပေါ်လာပြီး တဖြည်းဖြည်း ကြီးထွားလာသည်။
လေထုထဲက ဝိညာဉ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး ထိုအလင်းစက်ထဲတွင် ပျောက်ကွယ်သွားသည်။ ဖြစ်ပေါ်လာရမည့် ရွှေရောင်အမြုတေအစား အနီရောင်အလင်းတန်းကြီး ဖြစ်နေသဖြင့် လုံချန်း ဇဝေဇဝါ ဖြစ်သွားသည်။
သူသည် ကျင့်ကြံခြင်းကို ရပ်ပြီး ရွှင်းအား မေးရန် စဉ်းစားသော်လည်း ဤအခြေအနေမှာ ရပ်လိုက်လျှင် အန္တရာယ်ရှိနိုင်ပြီး သူ၏ အခြေခံစွမ်းအားများ ပျက်စီးသွားနိုင်သည်ဟု ခံစားရသဖြင့် ဆက်လက်လုပ်ဆောင်လိုက်သည်။
ဤဖြစ်စဉ်သည် အချိန်အတော်ကြာ ဆက်ဖြစ်နေသည်။ အနီရောင်အလင်းစက်လေး စတင်ပေါ်ပေါက်လာသည်မှာ နှစ်ရက်ရှိပြီဖြစ်ပြီး လေထုထဲမှ စွမ်းအားအမြောက်အမြားကို စုပ်ယူနေသည်။ အစက ဖုန်မှုန့်လေးလောက်သာ ရှိသော ထိုအလင်းစက်သည် အဆပေါင်းများစွာ ကြီးထွားလာပြီး ဆက်လက်ကျယ်ပြန့်လာသည်။
ပထမတွင် လုံချန်း၏ ပတ်ဝန်းကျင် မီတာ ၁၀၀ အတွင်းက စွမ်းအားတွေကို စုပ်ယူသည်။ ထို့နောက် တစ်ကီလိုမီတာ၊ ဆယ်ကီလိုမီတာအထိ တိုးလာသည်။ ယခုအခါတွင်မူ လုံချန်း၏ ပတ်ဝန်းကျင် ကီလိုမီတာ ၁၀၀ အတွင်းရှိ စွမ်းအားများအားလုံးကို စုပ်ယူနေသဖြင့် လေထုထဲရှိ ဝိညာဉ် စွမ်းအင်များမှာ နည်းပါးလာတော့သည်။
ဘုရင်မ မီယာသည်လည်း သူမ ကျင့်ကြံခြင်းကို စတင်စဉ် တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိလိုက်သည်။ သူမ၏ ကျင့်ကြံမှုအရှိန်မှာ သိသိသာသာ လျော့နည်းလာပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာသည်။ တစ်ရက်ကြာပြီးနောက်မှာတော့ ဘာတွေဖြစ်နေမှန်း မသိသဖြင့် သူမ ရူးမတတ် ဖြစ်နေတော့သည်။
သူမ ကျင့်ကြံရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်ထဲသို့ စွမ်းအားများ စီးဝင်မလာတော့ပေ။ စွမ်းအားများက မည်သည့်ဘက်သို့ စီးဆင်းသွားသနည်းဆိုသည်အား သူမ မမြင်နိုင်သဖြင့်သာ လုံချန်းဆီကို ဦးတည်နေမှန်း မသိခြင်း ဖြစ်သည်။
အကယ်၍သာ သူမ သိသွားခဲ့လျှင် မည်သို့ တုံ့ပြန်လာမည်ဆိုသည်မှာ စိတ်ဝင်စားစရာပင်။
ဤထူးဆန်းသော ဖြစ်ရပ်သည် ငါးရက်တိုင်တိုင် ဆက်ဖြစ်နေပြီးမှ ရပ်တန့်သွားတော့သည်။