အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း (၆၉) မကောင်းဆိုးဝါး မြို့တော်
သရဲမျိုးနွယ်စုနှင့် ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးကွာသော နေရာတွင် လှပသော အိမ်ခြေ ထောင်ပေါင်းများစွာ ရှိသည့် မြို့တော်ကြီး တစ်မြို့ ရှိသည်။ ထိုအိမ်များကို သရဲ မျိုးနွယ်စု အသုံးပြုသည့် အလားတူ ပစ္စည်းများဖြင့်ပင် တည်ဆောက်ထားသော်လည်း အရောင်မှာမူ အနက်ရောင် ရင့်ရင့် ဖြစ်နေသည်။ မြို့တော် တစ်ခွင်လုံးတွင်လည်း လှပသော သစ်ပင်များဖြင့် ပြည့်နှက်နေသည်။
ထိုမြို့တော်သည် သရဲ မျိုးနွယ်စုထက် အနည်းဆုံး ငါးဆခန့် ပိုမို ကြီးမားပြီး အရပ်မျက်နှာ အားလုံးတွင် ၁၀ ကီလိုမီတာခန့် ကျယ်ဝန်းသော တောအုပ်ကြီးဖြင့် ကာကွယ်ထားသည်။ ဤမြို့တော် တည်ရှိမှုမှာ အခြားသော မျိုးနွယ်စုများအတွက် ပဟေဠိ တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ထိုသို့သော မှောင်မည်းသည့် တောအုပ်ကြီးများအတွင်း၌ ဤကဲ့သို့ ခမ်းနားထည်ဝါသော မြို့တော်ကြီး ရှိနေလိမ့်မည်ဟု မည်သူမျှ မသိကြပေ။
ဤနေရာသည် မကောင်းဆိုးဝါး မျိုးနွယ်စုများ နေထိုင်ရာ ဒေသ ဖြစ်သည်။ အားနည်းသော မကောင်းဆိုးဝါးများသည် မြို့စွန်တွင် နေထိုင်ကြပြီး အစစ်အမှန် သန်မာသူများမှာမူ မြို့လယ်တွင် နေထိုင်ကြသည်။ မကောင်းဆိုးဝါး မျိုးနွယ်စုမှလွဲ၍ အခြား မည်သူမျှ ဤမြို့တော်ထဲသို့ ခြေမချဖူးကြပေ။
စစ်ပွဲကြီးအပြီး ထျန်းရှန်၏ သတ်ဖြတ်မှုကြောင့် မျိုးနွယ်စု အားနည်းသွားချိန်တွင် ကျန်ရှိနေသော အဖွဲ့ဝင်များသည် တောနက်ထဲသို့ ထွက်ပြေးပုန်းအောင်းခဲ့ကြသည်။
ထျန်းရှန်သည် သူ၏ စမ်းသပ်မှုကို ပြီးမြောက်ခဲ့ပြီ ဖြစ်သောကြောင့် သူတို့ကို နောက်ယောင်ခံလိုက်ရန် စိတ်မဝင်စားဘဲ ဤကမ္ဘာမှ ထွက်ခွာသွားခဲ့သည်။ သို့သော် အခြားသော မျိုးနွယ်စုများသည် မကောင်းဆိုးဝါး မျိုးနွယ်စု၏ ကံဆိုးမှုကို အခွင့်ကောင်းယူကာ သူတို့၏ အဖိုးတန် သယံဇာတများကို လုယူရန်နှင့် နယ်မြေ သိမ်းပိုက်ရန် သန်မာသော စစ်သည်တော်များကို စေလွှတ်ခဲ့ကြသည်။ သို့သော် မည်သူမျှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ကြပေ။ ထို့ကြောင့် အခြားမျိုးနွယ်စုများသည် မကောင်းဆိုးဝါး နယ်မြေထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်မည့်အစား အမည်မသိ အန္တရာယ်ကို ကြောက်ရွံ့ကာ ဆုတ်ခွာသွားခဲ့ကြသည်။
နှစ်ပေါင်း ထောင်ချီ ကြာပြီးနောက်တွင်မူ ဤမျိုးနွယ်စုသည် သူတို့၏ အင်အားများကို အတော်အတန် ပြန်လည် စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။
လုံချန်းသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ကျင့်ကြံနေသည်မှာ စတုတ္ထမြောက်နေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
မကောင်းဆိုးဝါး မြို့တော်၏ အလယ်ဗဟိုရှိ ခမ်းနားသော နန်းတော်အတွင်း၌ အစည်းအဝေး တစ်ခု ကျင်းပနေသည်။ ပလ္လင် ဆယ်လုံးကို စက်ဝိုင်းပုံစံ ချထားပြီး တစ်လုံးစီတွင် မျိုးနွယ်စု၏ မကောင်းဆိုးဝါး ဘုရင်များ ထိုင်နေကြသည်။
"ကျားကြီး... မင်း ဘာလို့ အစည်းအဝေးကို အလောတကြီး ခေါ်ရတာလဲ။ ငါ့ရဲ့ မိန်းမလှလေးကိုတောင် ထားခဲ့ပြီး လာခဲ့ရတာ။ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိဖို့တော့ လိုမယ်နော်" မကောင်းဆိုးဝါး တစ်ကောင်က သူ၏ ရှေ့တည့်တည့်တွင် ထိုင်နေသော မကောင်းဆိုးဝါး ဘုရင်ကို ကြည့်ကာ ခက်ထန်စွာ ပြောလိုက်သည်။ ဤမကောင်းဆိုးဝါးသည် နွားလားဥဿဘ၏ ခေါင်းနှင့် ကြွက်သားများ အမြောင်းမြောင်း ထနေသည့် လူသား ခန္ဓာကိုယ် ရှိသည်။ ထိုင်နေလျှင်ပင် အမြင့် ခုနစ်ပေကျော် ရှိသည်။
"ငါလည်း နွားကြီး ပြောတာကို သဘောတူတယ်။ ငါတို့ ဆယ်ယောက်စလုံး တက်ရောက်ရမယ့် ကိစ္စမျိုး ရှိမယ်လို့ မထင်ဘူး။ တခြား မကောင်းဆိုးဝါး ဘုရင်တစ်ပါးနဲ့ အသက်လုတိုက်ရမယ့် ကိစ္စမျိုး မဟုတ်ရင် ကျန်တဲ့ ကိစ္စတွေကို မင်းဘာသာမင်း ကိုင်တွယ်လို့ ရတာပဲ" အနက်ရောင် အရိုးစု တစ်ကောင်က ဆိုသည်။
"မင်းတို့ရဲ့ အချိန်တွေက ငါ့အချိန်ထက် ပိုအရေးကြီးတယ်လို့ ထင်နေတာလား။ ငါလည်း အိမ်မှာ အားယားနေပြီး အပျော်သက်သက် အစည်းအဝေး ခေါ်နေတာ မဟုတ်ဘူး။ ဒါက တကယ့်ကို အရေးကြီးတဲ့ ကိစ္စပဲ။ အမှန်တော့ ဒီကိစ္စကို မကောင်းဆိုးဝါး ဧကရာဇ်တွေကိုပါ အသိပေးဖို့ လိုလိမ့်မယ်။ ငါတို့ ဆယ်ယောက်စလုံးက ဒီကိစ္စကို အရေးကြီးတယ်လို့ သတ်မှတ်မှသာ ငါ အဲဒီလို လုပ်လို့ရမှာ" ကျားဘုရင် က ပြန်ပြောလိုက်သည်။ သူသည် အနက်ရောင် ကျားခေါင်းနှင့် လူသား ခန္ဓာကိုယ် ရှိပြီး တစ်ကိုယ်လုံး အနက်ရောင် အမွေးအမှင်များဖြင့် ဖုံးလွှမ်းနေသည်။
ကျားဘုရင်၏ စကားကို ကြားသောအခါ အားလုံး တည်ကြည်သော မျက်နှာထားဖြင့် သူ့ကို အကဲခတ်လိုက်ကြသည်။
"ဘာဖြစ်တာလဲ" အရိုးစုဘုရင်က လေးနက်သော အသံဖြင့် မေးလိုက်သည်။
"စစ်ပွဲကြီးတုန်းက ငါတို့ ရင်ဆိုင်ခဲ့ရတဲ့ ကပ်ဘေးကြီးကို မှတ်မိကြမှာပေါ့။ အဲဒီတုန်းက ငါတို့ မျိုးနွယ်စုဟာ မျိုးတုံးမယ့် အခြေအနေအထိ ရောက်ခဲ့ရတယ်။ မကောင်းဆိုးဝါး ဘုရင်တွေနဲ့ ဧကရာဇ်တွေ အားလုံးနီးပါးကို ဘယ်ကမှန်းမသိ ပေါ်လာတဲ့ လူသားတစ်ယောက်က သတ်ဖြတ်သွားခဲ့တာလေ" ကျားဘုရင်က ဆိုသည်။
"စစ်ပွဲသွားတုန်းက ငါတို့ ဧကရာဇ် တစ်ပါးက နယ်မြေထဲမှာ ကျန်ရစ်မနေခဲ့ရင် ထွက်ပြေးလွတ်မြောက်လာတဲ့ ငါတို့အဖွဲ့ဝင်တွေဟာ မဟာမိတ်တွေရဲ့ လက်ချက်နဲ့ သေကုန်ကြမှာပဲ။ မကောင်းဆိုးဝါး ဧကရာဇ် အော်တွန် ရှိနေလို့သာ ငါတို့ ကျူးကျော်သူတွေကို သတ်နိုင်ခဲ့ပြီး နောင်မှာလည်း ထပ်မလာအောင် သတိပေးနိုင်ခဲ့တာ" ဟု နွားဘုရင်က ဝမ်းနည်းကြေကွဲစွာ ပြောလိုက်သည်။
"မှန်တယ်၊ အဲဒီ လူသား ပျောက်ကွယ်သွားပြီး ငါတို့ မျိုးနွယ်စုရဲ့ ကျန်ရစ်သူတွေကို အမြစ်ပြတ် မသတ်သွားတာ ကံကောင်းလို့ပေါ့။ မဟုတ်ရင် ငါတို့ အခု ဒီမှာ ထိုင်နေနိုင်မှာ မဟုတ်ဘူး" ကျားဘုရင်က ပြန်ပြောသည်။
"ဒါကို အခုမှ ဘာလို့ ပြန်ပြောနေတာလဲ။ ငါတို့ဆီ ကျူးကျော်ဖို့ ကြံစည်နေသူတွေ ရှိလို့လား" မကောင်းဆိုးဝါး ဘုရင်တစ်ပါးက မေးသည်။
"မဖြစ်နိုင်တာ။ ငါတို့ အင်အား ပြန်ပြည့်နေတဲ့ အချိန်မှာ ငါတို့ကို တိုက်ခိုက်ဖို့ သူတို့ အဲဒီလောက် မမိုက်မဲပါဘူး" နောက်ထပ် မကောင်းဆိုးဝါး ဘုရင်တစ်ပါးက ဝင်ပြောသည်။
"အတိအကျပဲ၊ သူတို့ စုပေါင်းတိုက်ဖို့ ကြံစည်ရင်တောင် ငါတို့ အလွယ်တကူ အပြတ်ရှင်းနိုင်တာပဲ။ ကျားကြီးက ဒီလောက် ကိစ္စသေးသေးလေးအတွက် ငါတို့ အချိန်ကို ဖြုန်းမှာ မဟုတ်ပါဘူး။ အဲဒါက ငါတို့ ဂရုစိုက်နေဖို့တောင် မတန်ဘူး" နွားဘုရင်က အတည်ပြုသည်။
"အခု ငါပြောမယ့် အချက်က ပိုအရေးကြီးတယ်။ ဒီကမ္ဘာထဲမှာ လူသားတစ်ယောက်ကို တွေ့လိုက်ရတယ်လို့ ငါ သတင်းရထားတယ်။ သူဟာ သရဲ မျိုးနွယ်စု နယ်မြေထဲကို ဝင်သွားတာကို မြင်လိုက်ရတယ်" ကျားဘုရင်က အော်ဟစ်ကာ ပြောလိုက်သည်။
ကျားဘုရင်၏ စကားကို ကြားသောအခါ အားလုံး အံ့ဩတုန်လှုပ်စွာဖြင့် နေရာမှ ထရပ်လိုက်ကြသည်။
"သူက အရင်တစ်ယောက်နဲ့ အတူတူပဲလား" အရိုးစုဘုရင်က လေးနက်သော အသံဖြင့် မေးသည်။
"မဟုတ်ဘူး။ ငါ့ရဲ့ စစ်ဗိုလ်ချုပ်က သတင်းပို့တာကတော့... အခု လူသားဟာ အရင်လူသားရဲ့ ပုံစံနဲ့ ဆင်တူပေမဲ့ အရပ်ပိုပုပြီး ပိုငယ်ပုံရတယ်တဲ့။ ငါတို့မှာ သူ့ရဲ့ ပုံရိပ်ကို ဒီပုံရိပ်ဖော် ကျောက်တုံးထဲမှာ မှတ်တမ်းတင်ထားတယ်။ ငါ့အထင်တော့ သူဟာ လူသားတွေထဲမှာ ကလေးလေး တစ်ယောက်ပဲ ဖြစ်ဦးမယ်" ကျားဘုရင်က လုံချန်း၏ ပုံရိပ်ကို အားလုံးကို ပြသလိုက်သည်။
"မင်းရဲ့ စစ်ဗိုလ်ချုပ်က သူ့အကြောင်းကို ဘယ်လို သိတာလဲ။ ပြီးတော့ သူက သရဲ မျိုးနွယ်စု နယ်မြေ ပြင်ပမှာ ဘာလုပ်နေတာလဲ" ဝက်ဝံခေါင်းနှင့် ဆိတ်ချိုပါသော မကောင်းဆိုးဝါး ဘုရင်တစ်ပါးက မေးသည်။
"သူက ငါပေးလိုက်တဲ့ တာဝန်တစ်ခု ပြီးလို့ ပြန်လာတာ။ သရဲ မျိုးနွယ်စု နားက ဖြတ်လာချိန်မှာ လူသားဟာ မှင်စာ မျိုးနွယ်စုဝင် အချို့နဲ့အတူ မြို့ထဲ ဝင်သွားတာကို တွေ့လိုက်ရတာပဲ။ ခဏနေတော့ မှင်စာ မျိုးနွယ်စုဝင်တွေ ပြန်ထွက်လာပေမဲ့ လူသားကတော့ ကျန်ခဲ့တယ်။ စစ်ဗိုလ်ချုပ်က နှစ်ရက်လောက် စောင့်ကြည့်ခဲ့ပေမဲ့ လူသား ထွက်မလာတာကြောင့် သူကိုယ်တိုင် စောင့်ကြည့်နေပြီး သူ့ရဲ့ လက်ရုံးတစ်ယောက်ကို သတင်းပို့ဖို့ လွှတ်လိုက်တာ။ ဒီကျောက်တုံးကတော့ သက်သေပေါ့" ကျားဘုရင်က ရှင်းပြသည်။
"ကဲ... ငါတို့ ဘာလုပ်သင့်သလဲဆိုတာ မင်းတို့ရဲ့ သဘောထားကို သိချင်တယ်"
"ဒီကိစ္စက တကယ့်ကို အရေးကြီးတယ်။ မကောင်းဆိုးဝါး ဧကရာဇ် တွေကို အသိပေးဖို့ ငါ သဘောတူတယ်" နွားဘုရင်က ဆိုသည်။
အားလုံးက ထိုနည်းလမ်းကို အကောင်းဆုံးဟု သဘောတူလိုက်ကြသည်။ ခန်းမထဲမှ ထွက်လာသောအခါ သူတို့သည် အရပ်မျက်နှာ တစ်ခုသို့ ဦးတည် လျှောက်လှမ်းသွားကြသည်။
သူတို့သည် နန်းတော်မှ ထွက်ခွာပြီး မြို့စွန်ရှိ ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်ငယ်လေး တစ်လုံးဆီသို့ ရောက်ရှိလာကြသည်။ သူတို့ တံခါးခေါက်ရန် ပြင်လိုက်စဉ်မှာပင် အတွင်းမှ လေးနက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းတို့ အားလုံး ရောက်နေကြတာပဲ။ အထဲကို ဝင်ခဲ့ကြ။ ငါ့လို အဘိုးကြီးဆီကို ဒီလောက်အထိ အလုံးအရင်းနဲ့ လာကြတယ်ဆိုတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်လို့ပဲ နေမှာပါ"
အခန်း (၇၀) မကောင်းဆိုးဝါး ဧကရာဇ်
ကျားဘုရင်က တံခါးကို တွန်းဖွင့်လိုက်သည်။ မကောင်းဆိုးဝါး ဘုရင်များသည် မြေပြင်ပေါ်တွင် ထိုင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် အရပ်ရှည်ပြီး အရိုးငေါငေါနှင့် လူသားသဏ္ဌာန်ရှိသော်လည်း ခြေလက်များမှာ ခန္ဓာကိုယ်နှင့်မမျှအောင် ရှည်လျားလှသည်။ သူ ဆောင့်ကြောင့်ထိုင်နေစဉ် ဒူးခေါင်းများမှာ ခေါင်းကျော်သည်အထိ မြင့်နေသည်။ ထို့ပြင် သူ၏ ဦးခေါင်းနှင့် ခြေထောက်များမှာ မြင်းနှင့် တူလှသည်။
"ဧကရာဇ် ဘာလန်း ကျွန်တော်တို့ အရေးကြီးတာ ဆွေးနွေးစရာရှိလို့ပါ" နွားဘုရင်က ချက်ချင်း ပြောလိုက်သည်။
"မင်းတို့ တစ်ခုခုဖြစ်လို့ ငါ့ဆီ လာကြတာပဲ မဟုတ်လား။ ဘာဖြစ်တာလဲ ပြောစမ်း" ဘာလန်းက နှေးကွေးစွာ ပြောသည်။
"ဧကရာဇ် ဘာလန်း ကျွန်တော်တို့ကမ္ဘာထဲကို နောက်ထပ် လူသားတစ်ယောက် ရောက်နေပြန်ပြီ။ ဒါက သူ့ရဲ့ ရုပ်ပုံပါ" ကျားဘုရင်က ဧကရာဇ် ဘာလန်းကို လုံချန်း၏ ပုံရိပ်ကို ပြသလိုက်သည်။ ဧကရာဇ် ဘာလန်းသည် ထိုသတင်းကြောင့် မျက်လုံးများ ပြူးကျယ်သွားသော်လည်း တစ်စက္ကန့်မျှသာ ကြာပြီး မည်သူမျှ မရိပ်မိခင်မှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"ဒီလူသားက ထျန်းရှန်နဲ့ယှဉ်ရင် ကလေးပဲ ရှိသေးတာမို့လို့ အဲဒီလောက် မသန်မာနိုင်ပါဘူး။ လောလောဆယ်တော့ ကျွန်တော်တို့အတွက် အန္တရာယ် မရှိနိုင်ပေမဲ့ မကောင်းဆိုးဝါး ဧကရာဇ်တွေအနေနဲ့ ကျွန်တော်တို့ ဘာလုပ်သင့်သလဲဆိုတာကို ဆုံးဖြတ်ပေးစေချင်ပါတယ်" အရိုးစုဘုရင်က ဧကရာဇ် ဘာလန်းကို လေသံတိုးတိုးဖြင့် ပြောသည်။
"အခု သူ ဘယ်မှာလဲ" ဧကရာဇ်က သူတို့ကို စိုက်ကြည့်ကာ မေးသည်။
"သူ အခု သရဲ မျိုးနွယ်စုနဲ့အတူ ရှိနေပါတယ်။ နောက်ဆုံးကြားရတာတော့ သူ အဲဒီမှာ ရှိနေတာ သုံးရက်ရှိပြီ။ ဆက်ပြီးတော့လည်း အကြာကြီး နေဦးမယ့်ပုံပါပဲ" ကျားဘုရင်က ပြန်ဖြေသည်။
"မင်းတို့ အခု ပြန်လို့ရပြီ။ ငါ တခြားသူတွေနဲ့ ဒီကိစ္စကို တိုင်ပင်ပြီး ဆုံးဖြတ်ချက်ချမယ်။ အဲဒီအချိန်အထိ ဒီသတင်းကို ဘယ်သူ့ကိုမှ မသိစေနဲ့။ ငါတို့နယ်မြေထဲမှာ မလိုအပ်ဘဲ ထိတ်လန့်မှုတွေ မဖြစ်စေချင်ဘူး" ဘာလန်းက သူတို့ကို ပြောလိုက်သည်။ မကြာမီမှာပင် သူတို့အားလုံး အိမ်ထဲမှ ထွက်ခွာသွားကြပြီး ဧကရာဇ် ဘာလန်း တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
"ဒီလောက် အကြာကြီးနေမှ လူသားတစ်ယောက် ထပ်ပေါ်လာပြန်ပြီ။ ဒါက ငါတို့အတွက် အခွင့်အရေး ဖြစ်နိုင်သလို ကပ်ဘေးလည်း ဖြစ်သွားနိုင်တယ်။ ဒါက ငါတို့ရဲ့ ရွေးချယ်မှုနဲ့ အဲဒီလူသားရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်လိမ့်မယ်" ဧကရာဇ် ဘာလန်းက မတ်တတ်ရပ်ရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။
သူ မတ်တတ်ရပ်လိုက်သောအခါ အရပ်မှာ သုံးမီတာကျော် မြင့်သည်။ သူသည် မျိုးနွယ်စုတွင် အရပ်အရှည်ဆုံး မကောင်းဆိုးဝါးများထဲမှ တစ်ဦး ဖြစ်သည်။ သူသည် အိမ်ထဲမှ ထွက်လာပြီး တောအုပ်အစပ်တွင် ရပ်လိုက်သည်။
"သူငယ်ချင်းဟောင်းကြီးရာ မင်း အနှောင့်အယှက် ခံရတာ မကြိုက်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အခုတော့ မင်းကို အိပ်စက်ရာကနေ နှိုးရမယ့်အချိန် ရောက်ပြီ။ ဒါပေမဲ့ အရင်ဆုံး ငါ သူနဲ့ သွားစကားပြောပြီး ရှန်တီးယားကိုပါ တစ်ခါတည်း ခေါ်သွားရမယ်" ဧကရာဇ် ဘာလန်းက ရေရွတ်ပြီး တောအုပ်ထဲသို့ လှမ်းဝင်လိုက်သည်။
သူ ဆယ်မိနစ်ခန့် လျှောက်ပြီးနောက် လိုဏ်ဂူဝတစ်ခုသို့ ရောက်ရှိလာသည်။
"ဟေ့ ရှန်တီးယား။ ငါ့ကို အထဲဝင်ဖို့ မဖိတ်တော့ဘူးလား" ဧကရာဇ် ဘာလန်းက အော်ပြောလိုက်သည်။
"ဟားဟားဟား။ ဘာလန်းကြီးပါလား။ ငါ မင်းကို ဖိတ်ရင်တောင် မင်း ဝင်လို့ရပါ့မလား။ မင်းတို့လို အဘိုးကြီးတွေ ငါ့ရဲ့ အေးချမ်းမှုကို လာမနှောင့်ယှက်နိုင်အောင် ငါက ဒီဂူဝကို တမင် သေးသေးလေး လုပ်ထားတာလေ" လိုဏ်ဂူထဲမှ လေးနက်သော ရယ်သံကြီး ထွက်ပေါ်လာသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် တစ်စုံတစ်ယောက် ထွက်လာသည်။
သူသည် လူသားသဏ္ဌာန် ရှိသော်လည်း ခြေထောက်များမှာ ကောက်နေပြီး လက်မောင်းများမှာ တစ်ဖက်နှင့်တစ်ဖက် မတူဘဲ ရှည်လျားလှသည်။ သူ၏ ခန္ဓာကိုယ်မှာ ကြွက်သားများဖြင့် ကျစ်လျစ်နေပြီး နှုတ်ခမ်းကြားမှ ထွက်နေသော အစွယ်ကြီး နှစ်ချောင်း ရှိသည်။ မျက်နှာမှာ လူဝံနှင့် ဝက်ကို ပေါင်းစပ်ထားသည့် ပုံစံမျိုး ဖြစ်သည်။ သူ၏ အရေပြားမှာ မီးခိုးရောင်ဖျော့ဖျော့ဖြစ်ပြီး ကြည့်ရသည်မှာ နွမ်းနယ်နေပုံရသည်။ သူ၏ လက်ထဲတွင် တူကြီးတစ်ချောင်းကို ကိုင်ထားသည်။
"မင်းက မြို့ထဲမှာ အေးအေးဆေးဆေး နေလို့ရပါရက်နဲ့ ဘာလို့ ဒီတောထဲမှာပဲ နေနေတာလဲဆိုတာ ငါ အမြဲ စဉ်းစားလို့ မရဘူး" ဧကရာဇ် ဘာလန်းက မေးလိုက်သည်။
"ငါက မြို့ထဲထက်စာရင် ဒီလို အေးချမ်းဆိတ်ငြိမ်တဲ့ နေရာကို ပိုသဘောကျလို့ပါ" ဧကရာဇ် ရှန်တီးယားက ပြန်ဖြေသည်။
"ဒါပေမဲ့ အခုတော့ အဲဒီလောက် အေးချမ်းနေလို့ မရတော့ဘူး။ ငါတို့ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ မင်း မသိသေးဘူး မဟုတ်လား" ဧကရာဇ် ဘာလန်းက ပြုံးလျက် ဆိုသည်။
"ဟားဟားဟား။ မင်းက မြို့ထဲမှာနေပြီး ဘာတွေဖြစ်နေလဲဆိုတာ စောင့်ကြည့်နေတာပဲ မဟုတ်လား။ အရေးကြီးတာ တစ်ခုခုဖြစ်ရင် မင်း ငါ့ကို လာပြောမယ်ဆိုတာ ငါ သိပြီးသားပါ။ အဲဒါကြောင့်လည်း မင်း ဒီနေ့ ဒီကို ရောက်လာတာ မဟုတ်လား အဘိုးကြီး" ရှန်တီးယားက ရယ်မောရင်း ပြောသည်။
"ဒါပေါ့။ မင်းတို့ နှစ်ယောက်က ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေကြပေမဲ့ ငါကတော့ မျိုးနွယ်စုရဲ့ ကိစ္စတွေကို ကြည့်နေရတာပေါ့။ ဒါတွေက အဓိက မဟုတ်ပါဘူး။ လူသားတစ်ယောက်ကို ငါတို့ကမ္ဘာထဲမှာ တွေ့လိုက်ရပြီ။ သူက သရဲ မျိုးနွယ်စုဆီမှာ ရှိနေတယ်။ ငါတို့ တာရပ်စ်ကို အိပ်ရာကနေ နှိုးဖို့ လိုပြီ" ဘာလန်းက တည်ကြည်စွာ ပြောလိုက်သည်။
"ငါ သဘောတူတယ်။ အဲဒီကောင်ကြီးကို သွားနှိုးကြတာပေါ့။ သူ အိပ်နေတာ တော်တော် ကြာနေပြီ" ရှန်တီးယားက လိုဏ်ဂူထဲမှ ထွက်လာရင်း ပြောသည်။
နာရီဝက်ခန့်အကြာတွင် သူတို့သည် ကြီးမားသော ကျောက်တုံးကြီးတစ်တုံး ရှေ့တွင် ရပ်လိုက်ကြသည်။
ဧကရာဇ် ရှန်တီးယားက ကျောက်တုံးကြီးကို လက်တစ်ဖက်တည်းဖြင့် တွန်းဖယ်လိုက်ရာ အောက်ဘက်သို့ ဆင်းသွားသော နက်ရှိုင်းသည့် မြေအောက်လှိုဏ်ခေါင်းလမ်းကို တွေ့လိုက်ရသည်။ သူတို့သည် လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်ပြီး လမ်းခွဲများစွာကို ဖြတ်ကျော်လာခဲ့သည်။ နောက်ဆုံးတွင် အနံ တစ်ကီလိုမီတာခန့် ကျယ်ဝန်းပြီး အမြင့် မီတာ ၂၀ ခန့်ရှိသည့် မြေအောက်ကွင်းပြင်ကျယ်ကြီးသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် သတ္တဝါကြီးတစ်ကောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
၎င်းမှာ ငရဲပြည်မှ တက်လာသည့် သတ္တဝါကြီးဟု ထင်ရလောက်အောင် ကြီးမားသော ဖွတ်ကြီးနှင့် တူလှသည်။ ၎င်းသည် အမြင့် ၄ မီတာခန့်နှင့် အနံ ၉ ပေခန့် ရှိသည်။ သူ၏ ပုံသဏ္ဌာန်မှာ တီရက်စ် ဒိုင်နိုဆောနှင့် တူသော်လည်း ကြွက်သားများ ပိုထွက်ကာ ပိုမို ဗြက်ကျယ်သည်။ ဦးခေါင်းမှာ အနည်းငယ် ကွဲပြားပြီး လက်မောင်းများမှာ ပို၍ ရှည်သည်။ အသိသာဆုံး ခြားနားချက်မှာ သူ၏ သွေးရောင်ကဲ့သို့ နီရဲနေသော အရေပြား ဖြစ်သည်။
ကျောကုန်းနှင့် အမြီးတွင် တောက်ပနေသော အနက်ရောင် အခွံမာကြီးဖြင့် ကာကွယ်ထားသည်။ မေးစေ့၊ ပါးစပ်ဘေး၊ လည်ပင်းအောက်ပိုင်းနှင့် လက်တံတောင်ဆစ်များတွင် ဆူးချွန်ကြီးများ ထွက်နေသည်။ ထို့ပြင် ဦးခေါင်းထိပ်တွင် အနက်ရောင် ချိုကြီး နှစ်ချောင်း ထွက်နေသည်။ ၎င်းမှာ ဧကရာဇ် တာရပ်စ် ပင် ဖြစ်သည်။
"ထတော့ သူငယ်ချင်းဟောင်းကြီးရေ" ရှန်တီးယားက ထိုသတ္တဝါကြီးကို နှိုးရန် အားကုန် အော်လိုက်သော်လည်း သူက လှုပ်ပင်မလှုပ်ပေ။ သူ အကြိမ်ကြိမ် ကြိုးစားသော်လည်း မထူးခြားပေ။
နောက်ဆုံးတွင် ရှန်တီးယားသည် စိတ်မရှည်တော့ဘဲ ကျောက်တုံးကြီးတစ်တုံးကို ကောက်ယူကာ တာရပ်စ်ဆီသို့ ပစ်ပေါက်လိုက်သည်။ ကျောက်တုံးသည် တာရပ်စ်၏ အခွံမာနှင့် ထိထိချင်း အစိတ်စိတ်အမွှာမွှာ ကွဲသွားသော်လည်း သူက ဘာမှမဖြစ်ပေ။
"မင်း ဘယ်လောက်အထိ အိပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့" ရှန်တီးယားက သူ၏ တူကြီးကို မြှောက်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
"မင်းရဲ့ စွမ်းအားကို ထိန်းဦးနော်။ တာရပ်စ် တစ်ခုခု ထိခိုက်သွားရင် သူ နိုးလာတဲ့အခါ မင်းကို လွှတ်ထားမှာ မဟုတ်ဘူး" ဧကရာဇ် ဘာလန်းက သတိပေးလိုက်သည်။
"စိတ်မပူပါနဲ့။ သူ့ရဲ့ အခွံက ဘယ်လောက် မာလဲဆိုတာ မင်း သိသားပဲ။ ငါ့ရဲ့ အားကုန် မသုံးမချင်း သူ့ကို ထိခိုက်အောင် လုပ်လို့မရဘူး။ အခု ငါ့အားရဲ့ တစ်ဝက်လောက်ပဲ သုံးမှာဆိုတော့ သူ နည်းနည်းတော့ ခံစားရမှာပါ" ဧကရာဇ် ရှန်တီးယားက ပြောပြောဆိုဆိုနှင့် သူ၏ တူကြီးကို တာရပ်စ်ဆီသို့ လွှဲရိုက်လိုက်သည်။
တူကြီးနှင့် တာရပ်စ်တို့ ထိမိသွားချိန်တွင် ကျယ်လောင်သော ဟိန်းသံကြီးက လိုဏ်ဂူတစ်ခုလုံးကို တုန်ခါသွားစေပြီး ဧကရာဇ် တာရပ်စ်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်တော့သည်။