အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း (၇၁) ဆုံးဖြတ်ချက်
"မင်း သေချင်နေတာလား ရှန်တီးယား"
မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်သည် ဟိန်းဟောက်ကာ နေရာမှ ထရပ်လိုက်ရာ သူ၏ ဖိအားပေးနိုင်သော အရှိန်အဝါများမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေသည်။
"နေဦး... ဟေ့ကောင်ကြီးရ၊ ငါ မင်းနဲ့ တိုက်ဖို့ လာတာမဟုတ်ဘူး။ ငါတို့မှာ မင်းကို နှိုးဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပါ။ ငါ မင်းကို နှိုးကြည့်သေးတယ်၊ မင်းက မနိုးတာနဲ့ ဒီနည်းလမ်းကို သုံးလိုက်ရတာ။ မင်း ငါ့ကို မယုံရင် ဘာလန်းကို မေးကြည့်လိုက်လေ" မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက အမြန် ပြောလိုက်သည်။
"သူ လိမ်နေတာ မဟုတ်ဘူး" မကောင်းဆိုးဝါး ဧကရာဇ် ဘာလန်းက တာရပ်စ် မိမိဘက်သို့ လှည့်ကြည့်လာသောအခါ ပြန်ဖြေလိုက်သည်။
"ဘာဖြစ်လို့လဲ" မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်က စိတ်အေးသွားပြီး သူ၏ အရှိန်အဝါများကို ပြန်ရုပ်သိမ်းကာ မေးလိုက်သည်။
"နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ငါတို့ ကမ္ဘာထဲမှာ နောက်ထပ် လူသားတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူက အခု သရဲမျိုးနွယ်စုနဲ့အတူ ရှိနေတာ။ ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ငါတို့မှာ သေချာတဲ့ အစီအစဉ်တစ်ခု ရှိဖို့ လိုအပ်တယ်" မကောင်းဆိုးဝါး ဧကရာဇ် ဘာလန်းက လုံချန်း၏ ပုံရိပ်ကို ပြသရင်း ပြန်ဖြေသည်။
"စဉ်းစားနေစရာ ဘာရှိလဲ။ သူ့ရဲ့ ဘိုးဘေးတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် သူ့ကို သတ်ပစ်ဖို့ပဲ ရှိတာပေါ့" တာရပ်စ်က ဒေါသတကြီး ပြောလိုက်သည်။
"မဟုတ်ဘူး၊ အဲဒါက မှားယွင်းတဲ့ ချဉ်းကပ်မှု ဖြစ်လိမ့်မယ်။ စစ်ပွဲကြီးတုန်းက လူသားတစ်ယောက်တည်းက ငါတို့ မျိုးနွယ်စုအားလုံးကို ဘာတွေလုပ်ခဲ့လဲဆိုတာ မင်းတို့ နှစ်ယောက်စလုံး သိတာပဲ။ တကယ်လို့ ငါတို့ နောက်ထပ် စစ်ပွဲတစ်ခုကို ထပ်နွှဲမယ်ဆိုရင် ငါတို့မျိုးနွယ်စု တစ်စုလုံး အမြစ်ပြတ်သွားနိုင်တဲ့ အန္တရာယ် ရှိတယ်။ ငါ့အထင်တော့ ငါတို့ သူ့ကို ဆက်သွယ်ပြီး မိတ်ဆွေဖွဲ့ဖို့ ကြိုးစားသင့်တယ်။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီက လူသားနဲ့ တစ်ယောက်တည်း မဟုတ်ဘူး။ သူက ငါတို့အပေါ် ရန်ငြိုးမရှိဘူး။ ငါတို့သာ သေချာ ကိုင်တွယ်မယ်ဆိုရင် သူ့ကို ငါတို့ရဲ့ မဟာမိတ် ဖြစ်လာအောင် လုပ်နိုင်လိမ့်မယ်။ အဲဒါဆိုရင် ငါတို့ မျိုးနွယ်စုအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တဲ့ ဘယ်လို အန္တရာယ်မျိုးကိုမှ ရင်ဆိုင်စရာ မလိုတော့ဘူး" မကောင်းဆိုးဝါး ဧကရာဇ် ဘာလန်းက အကြံပြုလိုက်သည်။
"မင်း ရူးသွားပြီလား ဘာလန်း။ သူက လူသားမျိုးနွယ်ရဲ့ အဆက်အနွယ်ဆိုတာ မင်း သိတာပဲ။ အရင်တုန်းကလည်း အဲဒီ မျိုးနွယ်စုဝင် တစ်ယောက်ကပဲ ငါတို့ လူတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တာလေ။ ငါတို့အဘိုးအဘွားတွေက အဲဒီ လူသား ငါတို့ကို တိုက်ခိုက်တုန်းက ကြုံခဲ့ရတဲ့ ထိတ်လန့်စရာတွေကို အမြဲ ပြောပြခဲ့တာ။ သူတို့ အဲဒီအကြောင်းတွေ ပြောပြတုန်းက မျက်နှာအမူအရာတွေကို ငါ ဘယ်တော့မှ မမေ့ဘူး။ နောက်ထပ် လူသားတစ်ယောက် ပေါ်လာဖို့ ငါ အမြဲ ဆုတောင်းခဲ့တာ။ အဲဒါမှ ငါ ကိုယ်တိုင် သူ့ကို အစပျောက်အောင် သတ်ပစ်ပြီး ငါတို့ ဘိုးဘေးတွေအတွက် ကဲ့စားချေနိုင်မှာ" တာရပ်စ်က ဘာလန်း၏ စကားကို ကြားသောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါတို့ ဘိုးဘေးတွေလိုမျိုး အဲဒီ လူသားကို ရန်သူအဖြစ် သတ်မှတ်တဲ့ အမှားမျိုး ထပ်မလုပ်သင့်ဘူး။ ငါတို့ မျိုးနွယ်စု ရှင်သန်ရေးဟာ ငါတို့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတယ်ဆိုတာ မင်း သိပါတယ်" ဘာလန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"စကားကို လှည့်မပြောနဲ့ ဘာလန်း။ ငါတို့ ဘိုးဘေးတွေ ဘာအမှားမှ မလုပ်ခဲ့ဘူး။ သူတို့ အဲဒီ လူသားကို ဘာမှ မစော်ကားခဲ့ဘူး။ တခြား မျိုးနွယ်စုတွေနဲ့ စစ်ဖြစ်နေတာကို အကြောင်းမဲ့ ဝင်နှောက်ယှက်ပြီး ငါတို့ကို စတင် တိုက်ခိုက်ခဲ့တာ အဲဒီ လူသားပဲ။ ငါတို့ မျိုးနွယ်စုဟာ အဲဒီ လူသား ဘယ်ကမှန်းမသိ ပေါ်လာပြီး ငါတို့ကို စတိုက်တဲ့အထိ ဒီကမ္ဘာမှာ လူသားဆိုတဲ့ မျိုးနွယ် ရှိမှန်းတောင် မသိခဲ့ကြဘူး" တာရပ်စ်က ချက်ချင်း ပြန်ချေပသည်။
"ငါ တာရပ်စ် ပြောတာကို သဘောတူတယ်။ ငါလည်း ငါ့မိဘတွေဆီက ဒီပုံပြင်ကို ကြားဖူးတယ်။ ငါတို့ မျိုးနွယ်စုက အဲဒီ လူသားအပေါ် ဘာမကောင်းတာမှ မလုပ်ခဲ့ဘူး၊ သူကပဲ ရုတ်တရက်ကြီး ငါတို့ကို တိုက်ခိုက်ခဲ့တာ" မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက တာရပ်စ်ဘက်မှ ဝင်ပြောလိုက်သည်။
"အတိအကျပဲ။ သူက ဘာအကြောင်းပြချက်မှ မရှိဘဲ ငါတို့ လူတွေကို သတ်ဖြတ်ခဲ့တဲ့ အရူးတစ်ယောက်ပဲ။ အဲဒီလို လူမျိုးရဲ့ အဆက်အနွယ်နဲ့ မိတ်ဆွေဖွဲ့ဖို့ မင်း ဘယ်လိုများ စဉ်းစားမိတာလဲ" တာရပ်စ်က ဘာလန်းကို ကြည့်ကာ ပြောလိုက်သည်။
"ငါက အရင်လို ကပ်ဘေးမျိုး ထပ်မဖြစ်စေချင်ရုံပါ။ ငါတို့ မျိုးနွယ်စုရဲ့ လုံခြုံရေးကို ငါ စိုးရိမ်တယ်။ ကဲ့စားချေလိုစိတ်နဲ့ မင်းရဲ့ ဆုံးဖြတ်ချက်ကို အမှောင်မဖုံးပါစေနဲ့ သူငယ်ချင်းရာ" ဘာလန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အရင်လိုမျိုး ဘာမှ ထပ်မဖြစ်တော့ဘူး။ နှစ်ပေါင်း ရာချီ ကျင့်ကြံပြီးတဲ့နောက်မှာ ငါတို့ဟာ ငါတို့ ဘိုးဘေးတွေလိုပဲ သန်မာနေပြီ။ အခု လူသားကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီက လူသားထက် အများကြီး ပိုအားနည်းနေတာ သိသာနေတာပဲ" တာရပ်စ်က ပြန်ပြောသည်။
"သူ အားနည်းနေတုန်းမှာပဲ ငါတို့ သူ့ကို ချက်ချင်း သတ်ပစ်ရမယ်" တာရပ်စ်က အတည်ပြုလိုက်သည်။
"သူနဲ့ ဘာလို့ တိုက်နေရမှာလဲဆိုတာ ငါ နားမလည်နိုင်ဘူး။ လူသားနဲ့ မိတ်ဆွေမဖွဲ့ချင်ဘူးဆိုတာကို ငါ နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အခု ပေါ်လာတဲ့ လူသားနဲ့ ရန်သူဖြစ်အောင် ဘာလို့ ဒီလောက်အထိ လုပ်နေရတာလဲ။ ငါတို့ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်အတွင်းမှာ ဘယ်မျိုးနွယ်စုကိုမှ မတိုက်ခိုက်ခဲ့သလို ကိုယ့်နယ်မြေထဲမှာပဲ ကိုယ်နေခဲ့တာ။ သူ့ဘာသာသူ ထားလိုက်ရင်တောင် သူက ငါတို့ကို ဘာလို့ တိုက်မှာလဲ။ နောက်ဆုံးတော့ သူလည်း အရင်လူသားလိုပဲ ပျောက်ကွယ်သွားမှာပဲလေ" ဘာလန်က ဆိုသည်။
"တကယ်လို့ သူက အရင်လူသားလိုပဲ အရူးထလာရင်ကော။ အရင် စစ်ပွဲတုန်းကလည်း အဲဒီ လူသားက ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာပြီး တိုက်ခိုက်ခဲ့တာပဲ။ တကယ်လို့ သူ သန်မာလာပြီးမှ အရူးထပြီး ငါတို့ကို တိုက်လာရင်ရော။ အဲဒီအချိန်ကျမှ သူ့ကို တားဖို့ နောက်မကျသွားဘူးလို့ မင်း အာမခံနိုင်လား" တာရပ်စ်က ပြင်းထန်စွာ ပြောလိုက်သည်။
"ငါ မင်းတို့ နှစ်ယောက်လုံးကို ချစ်ပါတယ်၊ ဒါပေမဲ့ သူငယ်ချင်းဟောင်းကြီးရာ... ငါ တာရပ်စ် ဘက်က ပိုသဘောတူတယ်။ စိတ်မကောင်းပေမဲ့ နောင်ရေး စိတ်အေးရအောင် သူ အားနည်းနေတုန်းမှာပဲ သတ်ပစ်သင့်တယ်လို့ ထင်တယ်" ရှန်တီးယားက ပြောလိုက်သည်။
"ဒါပေမဲ့..." ဘာလန်းက ဆက်ပြောချင်သေးသော်လည်း သူတို့၏ ပြတ်သားသော မျက်နှာထားများကို တွေ့သောအခါ ရပ်လိုက်ရသည်။ တာရပ်စ်နှင့် ရှန်တီးယားကို သူ ဘယ်လိုပင် ပြောပြော နားဝင်မည်မဟုတ်ကြောင်း သူ သိလိုက်သည်။
"ငါ အိပ်ပျော်နေတာ ကြာပြီ။ အပြင်ထွက်ပြီး ပိုးမွှားတချို့ကို သတ်ဖို့ အချိန်တန်ပြီ" တာရပ်စ်က ဆိုသည်။
"ဒါက အကြံကောင်း မဟုတ်ဘူးလို့ ငါ ထင်နေတုန်းပဲ။ ဒါပေမဲ့ မင်းတို့ ငါ့စကား နားထောင်မှာ မဟုတ်မှန်း သိပါတယ်။ ငါတို့ မျိုးနွယ်စု နောက်ထပ် ကပ်ဘေးတစ်ခု မကြုံရပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်" ဘာလန်းက ပြောလိုက်သည်။
"မင်းက ဒီမှာပဲ နေခဲ့လေ သူငယ်ချင်းဟောင်းကြီး၊ အရင်တုန်းက ဘိုးဘေး အော်တွန် နေခဲ့သလိုမျိုးပေါ့။ ငါတို့က အဲဒီ ကောင်လေးကို သွားသတ်တုန်း၊ ပြီးတော့ အဲဒီ လူသားနဲ့ပေါင်းပြီး ငါတို့ကို တိုက်ဖို့ ကြံနေတဲ့ တခြား မျိုးနွယ်စုတွေကို သွားရှင်းနေတုန်း မမျှော်လင့်တာတစ်ခုခု ဖြစ်လာရင် မင်းက ဒီကနေ ထိန်းပေးတာပေါ့" တာရပ်စ်က ထွက်ပေါက်ရှိရာ လိုဏ်ခေါင်းဆီသို့ လျှောက်သွားရင်း ပြန်ပြောလိုက်သည်။ ရှန်တီးယားနှင့် ဘာလန်းတို့လည်း နောက်မှ လိုက်သွားကြသည်။
နာရီဝက်ခန့် ကြာပြီးနောက် သူတို့အားလုံး မကောင်းဆိုးဝါး မြို့တော်ထဲသို့ ဝင်ရောက်လာကြရာ မြို့တော်တစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားလေသည်။
"ဟေ့... ဧကရာဇ်ကြီး သုံးပါးစလုံး အတူတူ လမ်းလျှောက်လာတာ ငါ မြင်လိုက်တယ်။ အရေးကြီးတဲ့ ကိစ္စတစ်ခုခုတော့ ဖြစ်နေပြီ" ကျီးကန်းမျက်နှာနှင့် ဝက်ဝံကိုယ်ထည်ရှိသော မကောင်းဆိုးဝါး တစ်ကောင်က သူ၏ သူငယ်ချင်းကို ပြောလိုက်သည်။
"ငါလည်း မြင်တယ်။ သူတို့ နန်းတော်ဘက်ကို သွားနေကြတာ၊ ငါတို့ရဲ့ ဧကရာဇ်ကြီး သုံးပါးစလုံးကို အတူတူ မမြင်ရတာ နှစ်ပေါင်း ရာချီနေပြီ။ ဧကရာဇ် ရှန်တီးယားနဲ့ တာရပ်စ်တို့က မြို့ကနေ ထွက်သွားတာ ကြာပြီ၊ ဘယ်မှာရှိနေမှန်း ဘယ်သူမှ မသိဘူးလို့ ပြောကြတာ။ ဧကရာဇ် ဘာလန် တစ်ပါးတည်းပဲ ကျန်ခဲ့တာ၊ ဒါပေမဲ့ သူလည်း နှစ်ပေါင်း ရာချီအောင် လူမြင်ကွင်းကို မထွက်ခဲ့ဘူးလေ" သူက သူ၏ သူငယ်ချင်းက ပြန်ဖြေသည်။
"ဘာတွေ ဖြစ်လာမလဲ မသိဘူး။ ဧကရာဇ်ကြီးတွေ အကုန်လုံး ဆုံရအောင် ဘာတွေ ဒီလောက်အထိ အရေးကြီးနေတာလဲ။ ငါတို့ နယ်မြေတွေ သိမ်းပိုက်ဖို့ နောက်ထပ် စစ်ပွဲတစ်ပွဲ ပြန်နွှဲတော့မှာလား" ကျီးကန်းမျက်နှာနှင့် မကောင်းဆိုးဝါးက ခန့်မှန်းလိုက်သည်။
"မကြာခင် ငါတို့ သိရတော့မှာပါ" သူ၏ သူငယ်ချင်းက နန်းတော်ဘက်ကို ကြည့်ကာ ပြောလိုက်သည်။
တစ်မြို့လုံးတွင် ဤသို့သော ပြောဆိုသံများ ပျံ့နှံ့နေပြီး လူအများစုမှာ နယ်မြေသိမ်းစစ်ပွဲ ပြန်စတော့မည်ဟု ခန့်မှန်းနေကြသည်။ ထို့အပြင် မကောင်းဆိုးဝါး ဘုရင် လေးပါးနှင့် ကျန် ခြောက်ပါးတို့ အချင်းချင်း ရန်ဖြစ်ရာမှ ဘုရင် နှစ်ပါး သေဆုံးသွားပြီဖြစ်၍ ဧကရာဇ်ကြီးများ ကိုယ်တိုင် ထိန်းသိမ်းရန် လာရခြင်းဖြစ်သည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။ မည်သူ စတင်လိုက်မှန်း မသိသော်လည်း ထိုသတင်းမှာ တစ်မြို့လုံးသို့ အနှံ့အပြား ရောက်ရှိသွားသည်။
မကောင်းဆိုးဝါး ဘုရင်များသည် နန်းတော်ကြီးအတွင်း၌ ထိုင်ကာ လူသားနှင့် ပတ်သက်၍ မည်သို့ ကိုင်တွယ်ရမည်နည်းဆိုသည်ကို စဉ်းစားနေကြပြီး ဧကရာဇ်များထံမှ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေကြစဉ် တံခါးမှာ ရုတ်တရက် ပွင့်ထွက်သွားသည်။ ဝင်လာသူမှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူတို့အားလုံး နေရာမှ ထရပ်ပြီး ဒူးထောက် ဂါရဝပြုလိုက်ကြသည်။
"ထကြ... ငါတို့ အချင်းချင်း ဆွေးနွေးပြီးပြီ၊ ဆုံးဖြတ်ချက်လည်း ချပြီးပြီ။ ငါတို့ရဲ့ စစ်သည်တော်တွေ အားလုံးကို ပြင်ဆင်ခိုင်းလိုက်။ အဲဒီ လူသားကို ငါတို့ သတ်မယ်၊ ပြီးတော့ သူ့ကို လက်ခံထားတဲ့ သရဲမျိုးနွယ်စုကိုလည်း အပြတ်ရှင်းမယ်" ဧကရာဇ် တာရပ်စ်က ပြောလိုက်သည်။
'မင်းတို့ နှစ်ယောက်စလုံးက ဒီလမ်းကို ရွေးလိုက်ပြီဆိုမှတော့ မင်းတို့ အောင်မြင်ပါစေလို့ပဲ ငါ ဆုတောင်းပေးပါတယ် သူငယ်ချင်းတို့ရာ။ မင်းတို့ ဒီလို ခြေလှမ်းလှမ်းလိုက်ပြီဆိုမှတော့ ငါတို့ရဲ့ ရှင်သန်မှုဟာ မင်းတို့ရဲ့ အောင်မြင်မှုအပေါ်မှာပဲ မူတည်တော့မယ်။ ဒီတစ်ခါတော့ မင်းတို့ မှန်ပါစေလို့ပဲ ငါ မျှော်လင့်မိတယ်' ဘာလန်းက ဖြစ်ပျက်နေသည်များကို ကြည့်ရင်း စိတ်ထဲမှ ကြိတ်၍ ပြောလိုက်သည်။
မကောင်းဆိုးဝါး ဧကရာဇ်များက သရဲမျိုးနွယ်စုကို စစ်ကြေညာပြီး လုံချန်းကို သတ်ရန် ဆုံးဖြတ်ခဲ့ကြသည်မှာ တစ်ရက် ရှိသွားပြီ ဖြစ်သော်လည်း လုံချန်းမှာမူ မကောင်းဆိုးဝါး မျိုးနွယ်စုအတွင်း ဖြစ်ပျက်နေသည်များကို ဘာမျှ မသိဘဲ သူ၏ ကိုယ်ပိုင် အခက်အခဲများဖြင့်သာ အလုပ်ရှုပ်နေလေသည်။
လုံချန်း ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ကျင့်ကြံနေစဉ် သူ၏ သိုင်းဟင်းလင်းပြင် အတွင်း၌ အနီရောင် အလင်းစက်လေး စတင် ပေါ်ပေါက်လာခဲ့သည်မှာ ငါးရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ငါးရက်တိုင်တိုင် အရူးအမူး စုပ်ယူပြီးနောက်တွင်မူ ထိုအလင်းစက်မှာ စုပ်ယူခြင်းကို ရပ်တန့်သွားသည်။ သို့သော် ထိုအချိန်တွင် သရဲမျိုးနွယ်စု ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် အားလုံးမှာ စုပ်ယူခြင်း ခံလိုက်ရပြီး ပါးလျသွားပြီ ဖြစ်သည်။ ထိုအကျိုးသက်ရောက်မှုမှာ မှင်စာမျိုးနွယ်စု နှင့် အခြားသော မျိုးနွယ်စုများအထိပင် စတင် ခံစားလာရလေတော့သည်။
အခန်း (၇၂) အနီရောင် အမြုတေအဆင့်
လုံချန်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်စွမ်းအင်များ အရူးအမူး စုပ်ယူနေမှု ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် သူသည် အလွန်အမင်း မောပန်းနွမ်းနယ်စွာဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။ ဤငါးရက်တာအတွင်း သူသည် အစွမ်းကုန် တောင့်ခံထားရခြင်း ဖြစ်၏။ အကယ်၍ ဤဖြစ်စဉ်သာ နောက်ထပ်တစ်ရက်ခန့် ဆက်ဖြစ်နေမည်ဆိုလျှင် သူ ဆက်လက် တောင့်ခံနိုင်တော့မည် မဟုတ်ကြောင်း လုံချန်း ခံစားနေရသော်လည်း ကံကောင်းထောက်မစွာဖြင့် အချိန်ကိုက် ရပ်တန့်သွားခဲ့သည်။
တစ်နာရီခန့် အနားယူပြီးနောက် လုံချန်းသည် နိုးလာပြီး သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ခုတင်ပေါ်သို့ ဆွဲခေါ်ကာ ချက်ချင်းပင် အိပ်ပျော်သွားလေတော့သည်။ သူသည် တစ်ရက်တိတိ နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီးနောက်မှ ပြန်လည် နိုးထလာ၏။ သူ နိုးလာသောအခါ ခုတင်ဘေးတွင် ထိုင်နေသော ရွှင်းကို တွေ့လိုက်ရသည်။
"နိုးလာပြီလား။ ရွှေအမြုတေအဆင့်၊ ဒါမှမဟုတ် အနီရောင် အမြုတေအဆင့်ကို တက်လှမ်းနိုင်သွားတာ ဂုဏ်ယူပါတယ်" ရွှင်းက သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
လုံချန်းသည် သူ၏ ဝိညာဉ် အာရုံကို သိုင်းဟင်းလင်းပြင်အတွင်းသို့ နက်ရှိုင်းစွာ ပို့လွှတ်ပြီး အဆင့်တက်ပြီးနောက် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို လေ့လာကြည့်လိုက်၏။ ထိုနေရာတွင် သူ မြင်လိုက်ရသည့် အရာကြောင့် အံ့ဩသွားရလေသည်။ သူ၏ သိုင်းဟင်းလင်းပြင် အလယ်ဗဟို သိုင်းဝိညာဉ်၏ ဦးခေါင်းအထက်တွင် သွေးကဲ့သို့ နီရဲနေသော အမြုတေတစ်ခု လည်ပတ်နေသည်ကို တွေ့ရသည်။ ၎င်းသည် သွေးရောင်လွှမ်းသော နေမင်းကြီးအလား သူ၏ သိုင်းဟင်းလင်းပြင် တစ်ခုလုံးကို လင်းထိန်စေသည်။
သူ၏ သိုင်းဝိညာဉ်မှာ ထိုအနီရောင် အမြုတေအောက်တွင် ရပ်နေပြီး မျက်လုံးများ ပိတ်ထားဆဲ ဖြစ်သော်လည်း အနည်းငယ် ပြောင်းလဲသွားသည်ကို လုံချန်း သတိပြုမိလိုက်သည်။ အဆင့်မတက်မီက သူ၏ သိုင်းဝိညာဉ်သည် သူ ဝင်စားခဲ့သည့် ၁၂ နှစ်သားအရွယ် ကောင်လေးနှင့် တူသော်လည်း အခုမူ မျက်နှာသွင်ပြင် တူညီနေဆဲ ဖြစ်သော်လည်း ပိုမို အရပ်ရှည်လာပြီး လူကြီးဆန်လာသည်။ ယခင်က ကလေးတစ်ယောက်နှင့် တူသော်လည်း အခုမူ လူပျိုပေါက်အရွယ် ဖြစ်နေပြီ ဖြစ်သည်။
သိုင်းဝိညာဉ် ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာတွင်လည်း အပြောင်းအလဲအချို့ ရှိနေသည်။ ယခင်က ရွှေရောင်သက်သက် ဖြစ်သော ချပ်ဝတ်ပေါ်တွင် ယခုအခါ အနီရောင် ပုံစံမျိုးစုံဖြင့် အလှဆင်ထားသည်။ ထိုပုံစံများသည် ဤစမ်းသပ်မှုကို ဝင်ရောက်ရန် လာခဲ့သည့် သွေးမျိုးဆက်ကျောင်းတော်၏ နံရံများပေါ်တွင် သူ မြင်တွေ့ခဲ့ရသော ပုံစံများနှင့် ဆင်တူနေသည်ကို လုံချန်း သတိပြုမိလိုက်၏။ သိုင်းဝိညာဉ် လက်ထဲမှ ဓားမှာမူ ယခင်အတိုင်းပင် ဖြစ်သော်လည်း တစ်နည်းနည်းဖြင့် ပိုမို ထက်မြက်ကာ ခြိမ်းခြောက်မှု ပိုရှိလာသည်ဟု ထင်ရသည်။
လုံချန်းသည် သူ၏ အမြုတေကို သေချာစွာ လေ့လာရန် ထပ်မံ အာရုံစိုက်လိုက်ပြန်သည်။ သူ၏ အမြုတေပေါ်တွင် သိသာထင်ရှားသော အမည်းရောင် ဝိညာဉ်မျဉ်း သုံးကြောင်းကို မြင်လိုက်ရသည့်အခါ လုံချန်းမှာ မှင်တက်သွားရသည်။ သူသည် ချက်ချင်းပင် ဝိညာဉ် အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး ရွှင်းကို စိုက်ကြည့်လိုက်၏။
"ငါ့ရဲ့ အနီရောင် အမြုတေပေါ်မှာ ဝိညာဉ်မျဉ်း သုံးကြောင်း ရှိနေတယ်။ ငါ တစ်ခါတည်းနဲ့ ရွှေအမြုတေအဆင့်ရဲ့ တတိယအဆင့်ကို တက်လှမ်းသွားတာလား" လုံချန်းက အံ့အားသင့်နေသော မျက်နှာပေးဖြင့် မေးလိုက်သည်။
ရွှေအမြုတေအဆင့်တွင် လူတစ်ယောက်၏ အမြုတေပေါ်၌ ဝိညာဉ်မျဉ်းများ ရှိတတ်ကြောင်း လုံချန်း သိထားသည်။ ပထမအဆင့် ကျင့်ကြံသူတွင် မျဉ်းတစ်ကြောင်း ရှိသကဲ့သို့ နဝမအဆင့် ကျင့်ကြံသူ၏ အမြုတေပေါ်တွင် မျဉ်းကိုးကြောင်း ရှိရမည် ဖြစ်သည်။ သူ၏ အမြုတေမှာ ရွှေရောင်မဟုတ်ဘဲ အနီရောင် ဖြစ်နေသော်လည်း မျဉ်းသုံးကြောင်း ပေါ်နေသည်ကို မြင်လိုက်ရသဖြင့် သူ မအံ့ဩဘဲ မနေနိုင်ပေ။
"မှန်တာပေါ့။ နင်က အခု ရွှေအမြုတေအဆင့်ရဲ့ တတိယအဆင့် ကျင့်ကြံသူ ဖြစ်သွားပြီ။ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေ အကုန်လုံးနီးပါးကို ခမ်းခြောက်အောင် စုပ်ယူပြီးမှ တတိယအဆင့်ကို မရောက်ဘူးဆိုရင် နင့်ရဲ့ ပါရမီက တကယ့်ကို အမှိုက်ပဲ ဖြစ်မှာပေါ့" ရွှင်းက ခပ်ပြုံးပြုံးဖြင့် လုံချန်းကို ပြောလိုက်သည်။
"အံ့ဩဖို့ကောင်းလိုက်တာ။ အသက် ၁၂ နှစ်နဲ့ ရွှေအမြုတေအဆင့်ကို ရောက်တဲ့သူအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး။ ငါတို့ တိုင်းပြည်ကလူတွေ သိသွားရင်တော့ ဒါဟာ တကယ့် အံ့ဖွယ် ဖြစ်မှာပဲ" ဟု လုံချန်းက ပြုံးရင်း ဆိုသည်။
"တကယ်တော့..."
ရွှင်းသည် တစ်ခုခုကို ပြောချင်နေပုံရသော်လည်း ပြန်လည် ထိန်းချုပ်လိုက်သည်။
"ဘာဖြစ်လို့လဲ" လုံချန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ဘာမှမဟုတ်ပါဘူး" ရွှင်းက ပြန်ပြောသည်။
"အင်း... ငါ ရွှေအမြုတေအဆင့်ကို ရောက်ပြီဆိုပေမဲ့ ဒီအဆင့်မှာရှိတဲ့ ရန်သူတွေကို တိုက်ခိုက်ဖို့ သူတော်စင်ဓား ခုနစ်သွယ်ကလွဲလို့ တခြား သင့်တော်တဲ့ နည်းစနစ်တွေ ငါ့မှာ မရှိသေးဘူး။ မင်း ငါ့ကို သင်ပေးနိုင်တဲ့ သိုင်းပညာတွေ ရှိလား။ ဒီလက်စွပ်ထဲမှာရှိတဲ့ ထျန်းရှန်ရဲ့ သိုလှောင်ခန်းထဲမှာတော့ ကောင်းမွန်တဲ့ နည်းစနစ်တွေ အများကြီး ရှိမှာ သေချာတယ်။ ငါ့ကိုသာ ကြည့်ခွင့်ပေးမယ်ဆိုရင်ပေါ့" လုံချန်းက လိမ္မာပါးနပ်စွာဖြင့် ပြောလိုက်သည်။
"ကြိုးစားကြည့်တာ မဆိုးပါဘူး။ အဲဒီထဲမှာ အားကောင်းတဲ့ သိုင်းပညာတွေ အများကြီး ရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ နင့်ကို ထျန်းရှန်ရဲ့ သိုလှောင်ခန်းကို အသုံးပြုခွင့် ပေးလို့မရဘူး" ရွှင်းက ဆိုသည်။
"နင့်ကို သိုင်းပညာ သင်ပေးဖို့ ကိစ္စကတော့... ငါ နည်းစနစ် တချို့ သိထားတာ မှန်ပေမဲ့ အခုလောလောဆယ် နင့်ကို ဘာမှ သင်ပေးလို့ မရဘူး။ ဒီစမ်းသပ်မှုကို အောင်မြင်ပြီးရင်တော့ ဆုလာဘ်အနေနဲ့ သိုင်းပညာတွေ အများကြီး ရမှာပါ။ အဲဒါကလွဲရင် ငါကိုယ်တိုင် နင့်ကို သိုင်းပညာတွေ ပေးလို့ မရဘူး။ အဲဒါက ဒီစမ်းသပ်မှုမှာ ငါကိုယ်တိုင် ပါဝင် ပတ်သက်ရာ ရောက်သွားမှာဖြစ်သလို သွေးမျိုးဆက်ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကိုလည်း ချိုးဖောက်ရာ ရောက်သွားလိမ့်မယ်" ရွှင်းက တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။
"ဒါဆို ဒီစမ်းသပ်မှုကို မအောင်မချင်း ငါ သိုင်းပညာအသစ်တွေ သင်လို့ မရဘူးပေါ့လေ" လုံချန်းက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။
"စိတ်မကောင်းပါဘူး။ ငါ အဲဒီကိစ္စကို မကူညီနိုင်ဘူး" ရွှင်းက ပြန်ဖြေသည်။
"ရပါတယ်။ ငါ့မှာ အရင်က သိုင်းပညာတွေ ရှိနေတာပဲ။ ဒါတွေက အားကောင်းတဲ့ နည်းစနစ်တွေလောက် အစွမ်းမထက်ပေမဲ့ ငါ့ရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံမှုနဲ့ဆိုရင် အကောင်းဆုံး ဖြစ်အောင်တော့ ထုတ်သုံးနိုင်မှာပါ" လုံချန်းက အပြုသဘောဆောင်စွာဖြင့် ပြောလိုက်၏။
လုံချန်း၏ စကားကို ကြားသောအခါ ရွှင်းသည် မပြုံးဘဲ မနေနိုင်တော့ပေ။
"အခု ငါတို့ ဒီကို လာခဲ့တဲ့ ရည်ရွယ်ချက်ကို စလုပ်ဖို့ အချိန်တန်ပြီ" လုံချန်းက ရွှင်းကို ကြည့်ကာ ပြောလိုက်သည်။
"ဒီမျက်နှာဖုံးက ၁၀ မိနစ်ပဲ ခံတာ။ ဒါကြောင့် ငါ အဲဒီ ရတနာလုံးကို ၁၀ မိနစ်အတွင်း ခိုးယူရမယ်။ မဟုတ်ရင် သူတို့ ငါ့ကို မှတ်မိသွားလိမ့်မယ်။ နေဦး... ငါ အခုမှ သတိရတယ်။ ၁၀ မိနစ်ဆိုတာက အသုံးပြုသူရဲ့ ကျင့်ကြံမှုအပေါ်မှာ မူတည်ပြီး တိုးလာနိုင်တာပဲ။ အခု ငါက ရွှေအမြုတေအဆင့်ကို ရောက်နေပြီဆိုတော့ အချိန်က နှစ်ဆ ပိုရနိုင်တာပေါ့။ အရေးကြီးဆုံး အချက်ကို ငါ မေ့နေခဲ့တာပဲ" လုံချန်းက အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို သတိရသွားကာ သူ၏ ဦးခေါင်းကို လက်သီးဖြင့် အသာအယာ ထုလိုက်သည်။
"ငါ့မှာ အချိန်ပိုရပြီဆိုတော့ အရင်လို စွန့်စားမှု အများကြီး မယူတော့ဘူး။ အစကတော့ မျက်နှာဖုံး မပါဘဲ ရတနာလုံး ရှိတဲ့နေရာရဲ့ မီတာ ၁၀၀ အကွာအထိ သွားမယ်၊ ပြီးမှ မျက်နှာဖုံးကို တပ်ပြီး ရုပ်ဖျက်ပြီး ဝင်ခိုးမယ်လို့ စဉ်းစားထားတာ။ အခုတော့ လုံခြုံရေး တင်းကျပ်တဲ့ နေရာနဲ့ နည်းနည်းလောက် လှမ်းတဲ့ နေရာကနေတောင် စလုပ်လို့ ရပြီ" လုံချန်းက ပျော်ရွှင်စွာ ပြောလိုက်သည်။
လုံချန်းသည် ခုတင်ပေါ်မှ ထရပ်ပြီး အဝတ်အစား အသစ်လဲလိုက်သည်။ အဆင်သင့် ဖြစ်ပြီဆိုသည်နှင့် ထိုနေရာမှ ထွက်လာခဲ့၏။ အပြင်တွင် စောင့်နေသော အစေခံမိန်းကလေးသည်လည်း လုံချန်း၏ နောက်မှ လိုက်လာခဲ့သည်။
"မင်း ငါ့နောက် လိုက်လာစရာ မလိုဘူး၊ ဒီမှာပဲ နေခဲ့။ ငါ ခန်းမထဲမှာ ခဏ လမ်းလျှောက်မလို့ပဲ။ ချက်ချင်း ပြန်လာခဲ့ပါ့မယ်။ ငါ ချက်ချင်း ပြန်လာမှာဆိုတော့ မင်း ဟိုဟိုဒီဒီ လိုက်နေစရာ မလိုပါဘူး" လုံချန်းက ပြောလိုက်သည်။
"ဒါပေမဲ့..." အစေခံမိန်းကလေးက ငြင်းဆန်ရန် ကြိုးစားလိုက်သည်။
"ဒါပေမဲ့တွေ လုပ်မနေနဲ့။ ငါ လမ်းလျှောက်နေတုန်း မင်းလည်း အနားယူနေလိုက်လေ။ မင်း ဒီမှာ တစ်ချိန်လုံး ရပ်နေရတာပဲ။ ငါ့အခန်းထဲ ဝင်ပြီး အနားယူနေလိုက်။ ခုတင်က တကယ့်ကို သက်သောင့်သက်သာ ရှိတယ် သိလား။ ငါ တစ်ခုခု လိုအပ်ရင် ပြန်လာမှ မင်းကို နှိုးလိုက်မယ်" လုံချန်းက ချက်ချင်း ပြန်ပြောလိုက်၏။
"ဒါပေမဲ့ ဧည့်သည် မရှိတုန်း အခန်းထဲ ဝင်တာက စည်းကမ်းနဲ့ မညီဘူးလေ" သူမက အသံတိုးတိုးဖြင့် ပြန်ပြောသည်။
"ဘယ်သူပဲ လာခေါက်ခေါက် တံခါးမဖွင့်နဲ့၊ အဲဒါဆို ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ငါ အခုပဲ ပြန်လာခဲ့မယ်" ထိုသို့ ပြောရင်း လုံချန်းက အစေခံမိန်းကလေး၏ ကျောကို အသာအယာ တွန်းကာ အခန်းထဲသို့ ထည့်လိုက်သည်။
လုံချန်းက သူမ၏ ကျောကို ထိလိုက်သည်နှင့် အစေခံမိန်းကလေးမှာ ခန္ဓာကိုယ်အတွင်း လျှပ်စစ်စီးသလို ခံစားလိုက်ရပြီး ပါးပြင်များ နီရဲကာ ဘာမှ မစဉ်းစားနိုင်တော့ဘဲ အခန်းထဲသို့ ဝင်သွားလေတော့သည်။
လုံချန်းသည်လည်း ချက်ချင်းပင် ထွက်ခွာသွားလေသည်။