အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း (၇၃) အမိဖမ်းခံရခြင်းလော
သရဲမျိုးနွယ်စုဝင်များ သူတို့၏ ရတနာလုံးကို သိမ်းဆည်းထားသည့် နေရာကို လုံချန်းသည် မင်းသား အော်တန်ထံမှ သိရှိခဲ့ရသည်။ ၎င်းမှာ နန်းတော်၏ နောက်ဘက်ရှိ ဘုရားကျောင်းတစ်ကျောင်း အတွင်း၌ ရှိပြီး လုံခြုံရေး အလွန်တင်းကျပ်လှသည်။ ထိုဘုရားကျောင်း တစ်ကျောင်းလုံးကို နန်းတော်အစောင့်တပ်များက အထပ်ထပ် ဝိုင်းရံထားကြောင်း လုံချန်း သိခဲ့ရ၏။ တော်ဝင်မိသားစုဝင်တစ်ဦး၏ တံဆိပ်ပါရှိမှသာ သေချာစွာ စစ်ဆေးပြီးမှ အတွင်းသို့ ဝင်ခွင့်ပြုခြင်း ဖြစ်သည်။ သို့သော် တော်ဝင်မိသားစုဝင်များမှာမူ မည်သည့် စစ်ဆေးမှုမှ မလိုဘဲ ဝင်ထွက်သွားလာနိုင်ကြသည်။
လုံချန်းသည် ထွက်ပေါက်ရှိရာဘက်သို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။ လမ်းတွင် လူတစ်ဦးဦးနှင့် တွေ့တိုင်း မျက်နှာဖုံး အသုံးပြုရသည့် အချိန်ကို ချွေတာရန်အတွက် သာမန်အစေခံတစ်ဦး၏ ပုံစံသို့ ပြောင်းလဲလိုက်ပြီး သူတို့ နားမှ ကျော်ဖြတ်ပြီးသည်နှင့် မူလပုံစံသို့ ချက်ချင်း ပြန်ပြောင်းသည်။ နန်းတော်မှ ထွက်ခွာလာစဉ်အတွင်း ဘုရင်မနှင့်ပင် လမ်းတွင် ဆုံခဲ့သေးသော်လည်း သူမသည် လုံချန်းကို သာမန်အစေခံတစ်ဦးအဖြစ်သာ မြင်သဖြင့် လှည့်ပင် မကြည့်ခဲ့ပေ။ နန်းတော်ထဲမှ ထွက်လာရန်အတွက်တင် သူသည် မျက်နှာဖုံးကို ငါးမိနစ်ကျော်ကြာ အသုံးပြုခဲ့ရသည်။
နန်းတော်ပြင်ပသို့ ရောက်သည်နှင့် လုံချန်းသည် လူသူကင်းရှင်းသော နေရာတစ်ခုကို ချက်ချင်း ရှာဖွေကာ သူ၏ အဝတ်အစားများကို မင်းသား၏ အဝတ်အစားများနှင့် လဲလှယ်လိုက်ပြီး မျက်နှာဖုံးကို အသုံးပြုကာ မင်းသား အော်တန်၏ ပုံစံသို့ ပြောင်းလဲလိုက်သည်။
သူ၏ ဆံပင်များမှာ နှင်းကဲ့သို့ ဖြူဖွေးသွားပြီး မျက်နှာမှာလည်း အနည်းငယ် ဖြူဖျော့သော ပုံစံသို့ ပြောင်းလဲသွား၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ လုံချန်းနှင့် မင်းသား အော်တန်တို့အကြား မည်သည့် ကွဲပြားမှုကိုမျှ ရှာမတွေ့နိုင်လောက်အောင် တူညီသွားလေတော့သည်။
လုံချန်း ဘုရားကျောင်း၏ အဝင်ဝသို့ ရောက်ရှိလာသည်နှင့် နန်းတော်အစောင့်များ အားလုံးမှာ သူတို့၏ မင်းသား ရောက်ရှိလာသည်ဟု ထင်မှတ်ကာ ဒူးတစ်ဖက်ထောက်၍ အလေးပြုကြလေသည်။
"ဒီလို ခံစားချက်က မဆိုးဘူးပဲ" လုံချန်းက တွေးရင်း ပြုံးကာ ဘုရားကျောင်းထဲသို့ ဝင်လာခဲ့သည်။ အချိန်မဖြုန်းတော့ဘဲ ရုပ်ဖျက်ထားမှုကို ရပ်တန့်လိုက်၏။ ဘုရားကျောင်း၏ ခန်းမအတွင်း၌ တံခါးနှစ်ချပ် ရှိနေသည်ကို လုံချန်း မြင်လိုက်ရသည်။ သူသည် ညာဘက်တံခါးအတွင်းသို့ အရင်ဝင်ရန် ဆုံးဖြတ်လိုက်ရာ နှင်းများ ဖုံးလွှမ်းနေသော အေးစက်သည့် အခန်းတစ်ခုထဲသို့ ရောက်ရှိသွားသည်။ ထိုအခန်း၏ အလယ်ဗဟိုတွင် အေးစက်သော ခံစားချက်ကို ပေးစွမ်းနေသည့် အဖြူရောင် ရတနာလုံးတစ်လုံး ရှိနေသည်။
"ဒါဟာ သရဲမျိုးနွယ်စုတွေ လေ့ကျင့်တဲ့ နှင်းနိယာမအတွက် ရတနာလုံး ဖြစ်ရမယ်။ သတ်ဖြတ်ခြင်း နိယာမအတွက် ရတနာလုံးကတော့ ဒုတိယအခန်းထဲမှာ ရှိမှာပဲ။ ရောက်တုန်းရောက်ခိုက် ဒါကိုလည်း ယူသွားတာပေါ့" လုံချန်းသည် ထိုရတနာလုံးကို သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ချက်ချင်း ထည့်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
သူသည် အများကြီး မစဉ်းစားတော့ဘဲ ဒုတိယအခန်းထဲသို့ ဝင်လိုက်ရာ ထိုနေရာတွင် ကြည်လင်သော ရတနာလုံး တစ်လုံး ရှိနေသည်ကို တွေ့ရသည်။ ဤအခန်းတစ်ခုလုံး၏ ခံစားချက်မှာ ယခင် အခန်းနှင့် လုံးဝ ကွဲပြားနေ၏။ အေးခြင်း၊ ပူခြင်း၊ လေတိုက်ခြင်း သို့မဟုတ် အသံထွက်ခြင်း လုံးဝ မရှိပေ။ လုံချန်းသည် လုံးဝ အထီးကျန် ဆိတ်သုဉ်းနေသော ဟင်းလင်းပြင်တစ်ခုထဲသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
"အင်း... ဒါက အရင်တစ်ခါနဲ့တော့ ကွဲပြားနေပုံရတယ်။ ဒါက သတ်ဖြတ်ခြင်း နိယာမ မဟုတ်ဘဲနဲ့..." ရွှင်းက ပြောလိုက်ရာ
"ငါတို့ အခန်းပြန်ရောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့။ အခုတော့ ဒီကနေ ချက်ချင်း ထွက်သွားဖို့ လိုတယ်။ တစ်ယောက်ယောက် ဝင်လာရင် ငါတို့ ဒုက္ခရောက်ကုန်လိမ့်မယ်" လုံချန်းက သူမ၏ စကားကို ဖြတ်ပြောလိုက်ပြီး ထိုရတနာလုံးကို လက်စွပ်ထဲသို့ ချက်ချင်း ထည့်ကာ အခန်းထဲမှ အလျင်အမြန် ထွက်လာခဲ့သည်။
သူသည် မျက်နှာဖုံးကို ပြန်သုံးကာ မင်းသား အော်တန်၏ ပုံစံသို့ ပြောင်းလဲလိုက်ပြီး ဘုရားကျောင်းထဲမှ ထွက်ခွာလာခဲ့သည်။ အစောင့်များမှာမူ သူတို့ မျိုးနွယ်စု၏ ရတနာများကို တစ်စုံတစ်ယောက် ခိုးယူသွားသည်ကို မသိဘဲ ပုံမှန်အတိုင်း ဆက်လက် စောင့်ကြပ်နေကြသည်။ အစောင့်များသည် ဘုရားကျောင်းထဲမှ ထွက်လာသူတိုင်းကို ထိုကဲ့သို့ ခိုးယူမှုမျိုး မဖြစ်စေရန် သေချာစွာ စစ်ဆေးလေ့ရှိသော်လည်း တော်ဝင်မိသားစုဝင်များအတွက်မူ ထိုစည်းကမ်း မသက်ရောက်ပေ။ အဘယ်ကြောင့်ဆိုသော် နယ်မြေတစ်ခုလုံးကို သူတို့ အုပ်ချုပ်နေခြင်းဖြစ်ရာ မျိုးနွယ်စု၏ ရတနာများမှာလည်း သူတို့ ပိုင်ဆိုင်မှုသာ ဖြစ်နေသောကြောင့် ဖြစ်သည်။ မိမိပိုင်ဆိုင်သည့် အရာကို မိမိကိုယ်တိုင် ပြန်ခိုးယူမည်မှာ စိုးရိမ်စရာ မလိုဟု သူတို့ ယူဆထားကြသည်။
လုံချန်းသည် မကြာမီပင် သူ၏ အခန်းသို့ ပြန်ရောက်လာသည်။ သူ၌ ရှိသော သော့ဖြင့် တံခါးကို ဖွင့်လိုက်ရာ အစေခံမိန်းကလေးမှာ သူ၏ ခုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။ သူသည် တံခါးကို ပိတ်လိုက်ပြီး ခုတင်ဆီသို့ လျှောက်သွားလိုက်သည်။
လုံချန်း ရတနာလုံးများကို ခိုးယူပြီး ဘုရားကျောင်းထဲမှ ထွက်သွားပြီးနောက် မကြာမီမှာပင် ဘုရင်မ မီယာသည် ဘုရားကျောင်းသို့ ရောက်ရှိလာသည်။
"ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အရာအားလုံးက ထူးဆန်းနေတယ်။ အခုဆိုရင် ဝိညာဉ်စွမ်းအင် နည်းနည်းလေး ကိုတောင် ငါ မခံစားရတော့ဘူး။ လောလောဆယ် ကျင့်ကြံလို့ မရသေးတော့ ရေခဲနိယာမအပေါ် နားလည်မှုကိုပဲ မြှင့်တင်ထားရမယ်။ ငါ ပြန်ထွက်လာတဲ့ အချိန်ကျရင် အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားနိုင်တာပဲ" သူမက ရေရွတ်ရင်း ဘုရားကျောင်းအတွင်းရှိ ညာဘက်တံခါးထဲသို့ ဝင်လိုက်သည်။ သို့သော် ဟာလာဟင်းလင်း ဖြစ်နေသော အခန်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားလေသည်။
"အစောင့်တွေ" သူမသည် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် အသံဖြင့် အော်ဟစ်လိုက်သည်။
ဘုရင်မ၏ အသံကို ကြားသည်နှင့် အစောင့်များမှာ ချက်ချင်းပင် အထဲသို့ ပြေးဝင်လာကြ၏။
"ငါ့ရဲ့ နှင်းကျောက်သလင်းကို ဘယ်သူ ခိုးသွားတာလဲ။ နင်တို့ အလုပ်ကို နင်တို့ သေသေချာချာ မလုပ်နိုင်ရင် ငါက ဘာလို့ နင်တို့အားလုံးကို ဒီမှာ ထားနေရဦးမှာလဲ" ဘုရင်မက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူမသည် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ဘယ်ဘက်ရှိ တံခါးဆီသို့ အပြေးသွားလိုက်သည်။ သူမ ဝင်ကြည့်လိုက်သော်လည်း စိတ်ပျက်စရာကောင်းစွာပင် ထိုအခန်းမှာလည်း ဗလာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဘုရင်မ အပြင်သို့ ပြန်ထွက်လာပြီး သူတို့ကို သေမင်းတမျှ ကြည့်ကြည့်လိုက်သောအခါ အစောင့်များမှာ ထိတ်လန့်တကြားဖြင့် သူမကို ကြည့်နေကြသည်။
"ဒီနေရာကို နောက်ဆုံး ဝင်သွားတဲ့သူက ဘယ်သူလဲ" ဟု ဘုရင်မက လေးနက်သော အသံဖြင့် မေးလိုက်သည်။
"အရှင်မ၊ လွန်ခဲ့တဲ့ နာရီဝက်လောက်က မင်းသား အော်တန် ဝင်သွားပြီး ခဏအကြာမှာ ပြန်ထွက်သွားပါတယ်" အစောင့်တစ်ဦးက ပြောလိုက်၏။
"ငါ့တူက ငါ့သလင်းကျောက်တွေကို ခိုးသွားတယ်လို့ နင်တို့က ပြောချင်တာလား" ဘုရင်မက ဒေါသများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"အ... အရှင်မ၊ ဒီမှာရှိတဲ့ ဘယ်သူ့ကိုမဆို မေးကြည့်နိုင်ပါတယ်။ အရှင်မ မလာခင် ဘုရားကျောင်းထဲကို ဝင်သွားတာ မင်းသား အော်တန် တစ်ယောက်တည်း ရှိပါတယ်။ သူ ခိုးသွားတယ်လို့ ကျွန်တော်တို့ မပြောရဲပါဘူး၊ သူက နောက်ဆုံး ဝင်သွားတဲ့သူ ဖြစ်နေလို့ပါ" အစောင့်များက ဆက်ပြောသည်။ ကျန်ရှိသော အစောင့်များကလည်း ထိုအတိုင်းပင် အဖြေပေးကြသည်။ ဘုရင်မအနေဖြင့် သူတို့ကို မယုံကြည်နိုင်သော်လည်း သူတို့အားလုံးမှာ လိမ်ညာနေသူများဟုလည်း မသတ်မှတ်နိုင်ပေ။
"သွားကြ၊ ထောင်ထဲမှာ သွားနေနေကြ။ ငါ ဒီကိစ္စ ပြီးသွားရင် နင်တို့ကို ကိုယ်တိုင် အပြစ်ပေးမယ်" ဘုရင်မက ပြောကာ ထွက်လာခဲ့သည်။
သူမသည် အော်တန်၏ အခန်းဆီသို့ လျှောက်လှမ်းလာခဲ့၏။ ဘုရင်မက တံခါးကို တစ်ချက်သာ ခေါက်လိုက်ရသော်လည်း အော်တန်က ချက်ချင်းပင် တံခါးဖွင့်ပေးသည်။
"အော်တန်လေး၊ ဒီနေ့ ဘုရားကျောင်းကို ဘာလို့ သွားတာလဲ" ဘုရင်မ မီယာက နူးညံ့သော အပြုံးဖြင့် မေးလိုက်သည်။
"ဘုရားကျောင်းလား။ ဒေါ်ဒေါ် ဘာအကြောင်း ပြောနေတာလဲ။ ကျွန်တော် ဒီနေ့ အဲဒီကို မသွားပါဘူး။ တကယ်တော့ အဲဒီကို မရောက်တာ လနဲ့တောင် ချီနေပြီ" မင်းသား အော်တန်က ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် ပြန်ဖြေသည်။
"ဪ... ဒါဆို တစ်ခြားတစ်ယောက် ဖြစ်မှာပါ။ သူတို့ တစ်ယောက်ယောက်ကို မင်းနဲ့ မှားသွားတာ ဖြစ်ရမယ်။ မင်း လုပ်လက်စရှိတာကို ဆက်လုပ်ပါဦး" သူမက ပြောကာ လှည့်ထွက်လာခဲ့သည်။
သူမသည် မိမိအခန်းသို့ ပြန်မသွားဘဲ စင်္ကြံလမ်းရှိ အစောင့်များဆီသို့ လျှောက်သွားကာ အော်တန် အခန်းထဲမှ ထွက်သွားသည်ကို မြင်လိုက်သူ ရှိသလားဟု မေးမြန်းကြည့်ရာ အားလုံးက မမြင်ဟု ငြင်းဆိုကြသည်။
'အော်တန်က သူ့အခန်းထဲကနေ ထွက်မသွားဘူး။ ဒါ့အပြင် သူက ဒီကသလင်းကျောက်တွေကို အချိန်မရွေး ကြည့်ရှုခွင့် ရှိနေတာဖြစ်လို့ ခိုးစရာ အကြောင်း လုံးဝ မရှိဘူး။ ဒါကို လုပ်မယ့်သူဆိုလို့ အဲဒီ လူသားပဲ ရှိတယ်။ ငါက သူ့ကို ဝင်ခွင့်မပေးလို့ သူက ခိုးယူဖို့ ရွေးချယ်လိုက်တာပဲ ဖြစ်ရမယ်။ အစောင့်တွေက လွန်ခဲ့တဲ့ နာရီဝက်က အော်တန် ဝင်သွားတယ်လို့ ပြောတယ်၊ တကယ်လို့ အဲဒီ လူသားမှာ ပုံရိပ်ယောင် ဖန်တီးနိုင်တဲ့ ဒါမှမဟုတ် ရုပ်ဖျက်နိုင်တဲ့ စွမ်းရည်သာ ရှိမယ်ဆိုရင် သူတို့ မြင်လိုက်တာဟာ အော်တန် အတုပဲ ဖြစ်ရမယ်။ သူ ဘယ်လို ထူးဆန်းတဲ့ စွမ်းရည်ကို သုံးလိုက်လဲ ဘယ်သူ သိမှာလဲ။ သူ့ဆီကနေပဲ ငါ အဖြေတောင်းရမယ်' သူမ၏ စိတ်ထဲတွင် အတွေးများ လျှင်မြန်စွာ စီးဆင်းသွားပြီး လုံချန်း၏ အခန်းဆီသို့ လျှောက်သွားလေတော့သည်။
လုံချန်းသည် အခန်းထဲသို့ ဝင်လာစဉ် အစေခံမိန်းကလေး နိုးလာစေရန် တမင် အသံပြုလိုက်ရာ သူမသည် လန့်နိုးလာပြီး အိပ်ပျော်သွားသည့်အတွက် ချက်ချင်းပင် တောင်းပန်လေသည်။ ခဏအကြာတွင် အစေခံမိန်းကလေးသည် အခန်းထဲမှ ထွက်သွားပြီး လုံချန်း တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
"ငါတို့ လုပ်စရာ ရှိတာတွေ ပြီးပြီဆိုတော့ ဒီကနေ ထွက်သွားဖို့ ပြင်ရမယ်" လုံချန်းက ပြုံးရင်း ရေရွတ်လိုက်သည်။
'ငါ သွားတော့မယ်ဆိုတာကို သူတို့ကို အသိပေးသင့်တယ်။ မဟုတ်ရင် ရတနာလုံး ပျောက်နေတာကို သူတို့ သိသွားတဲ့အခါ ငါ ခိုးပြီး ထွက်ပြေးသွားတယ်လို့ ထင်ကုန်ကြလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့ ငါ့ကို သံသယဝင်ကြမှာ မှန်ပေမဲ့ ငါသာ တိတ်တဆိတ် ခိုးထွက်သွားမယ်ဆိုရင် ပိုပြီးတော့တောင် သံသယဝင်ကြဦးမှာပဲ' လုံချန်းက တွေးလိုက်၏။
လုံချန်းသည် တံခါးကို ဖွင့်လိုက်သော်လည်း သူ အပြင်သို့ ထွက်မည်အပြုတွင် ဘုရင်မ မီယာသည် တံခါးရှေ့တည့်တည့်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဘုရင်မ မီယာ၊ ဒီကို ဘာကိစ္စ ရောက်လာတာလဲ" လုံချန်းက သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် မေးလိုက်လေသည်။
အခန်း (၇၄) အားလုံးက ငါ့ကို အကျပ်ကိုင်ခဲ့တာပဲ
"ငါ့ဆီက ခိုးသွားတဲ့ ရတနာလုံးတွေကို အခုချက်ချင်း ပြန်ပေးစမ်း။ ငါတို့က နင် ငါတို့ နန်းတော်ထဲမှာ နေဖို့ ခွင့်ပြုထားတာကို နင်က ငါတို့ ပစ္စည်းတွေကို ခိုးတယ်ပေါ့လေ" ဘုရင်မ မီယာက ကျယ်လောင်သော အသံဖြင့် ပြောလိုက်ရာ အနီးနားရှိ အစေခံမိန်းကလေးမှာ ထိတ်လန့်သွားရလေသည်။
"ဘာရတနာလုံးလဲ။ ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ကျုပ် ဘာမှ မခိုးဘူး" လုံချန်းက ဘာမှမသိသလို ဟန်ဆောင်ကာ ပြောလိုက်သည်။
"နင်... ဒီကို လာခဲ့" ဘုရင်မ မီယာက အစေခံမိန်းကလေးကို လက်ညှိုးထိုးကာ ခေါ်လိုက်၏။ အစေခံမိန်းကလေးသည် ကြောက်ရွံ့နေသော မျက်နှာဖြင့် ရှေ့သို့ တိုးလာခဲ့သည်။
"မကြောက်နဲ့၊ ငါ နင့်ကို ဘာမှ မလုပ်ဘူး။ ငါ့ကို အမှန်အတိုင်းပဲ ပြောစမ်း၊ ပြီးခဲ့တဲ့ တစ်နာရီလုံး သူ အခန်းထဲမှာ ရှိနေခဲ့တာလား" ဘုရင်မက မေးလိုက်သည်။
"မဟုတ်ပါဘူး အရှင်မ။ သူ လမ်းလျှောက်ဖို့ အပြင်ထွက်သွားတာ ကြာပါပြီ၊ လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ ပြန်ရောက်တာပါ" အစေခံမိန်းကလေးသည် လုံချန်းဘက်သို့ ခဏမျှ လှည့်ကြည့်လိုက်သော်လည်း အမှန်အတိုင်းသာ ပြောရန် ဆုံးဖြတ်လိုက်လေသည်။
"နင်က သူ့ကို တစ်ယောက်တည်း လွှတ်လိုက်တယ်ပေါ့လေ။ နင့်ဆီက ဒီလောက်အထိ ပေါ့လျော့မှုမျိုး ငါ မမျှော်လင့်ထားဘူး။ နောက်တစ်ခါ ဒီလို အမှားမျိုး ထပ်မလုပ်အောင် ပြစ်ဒဏ်အနေနဲ့ နင့်ရဲ့ လက်ချောင်းတစ်ချောင်းကို ဖြတ်ပစ်လိုက်စမ်း" ဟု ဘုရင်မ မီယာက ဟိန်းဟောက်လိုက်သည်။
"ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ကျုပ်က လမ်းလျှောက်ချင်လို့ ထွက်သွားတာ၊ သူ့ကိုလည်း နောက်က မလိုက်ဖို့ ကျုပ်ကိုယ်တိုင် ပြောခဲ့တာ။ ဒါအတွက်နဲ့ သူ့ကို အပြစ်ပေးစရာ မလိုဘူးလေ" လုံချန်းက ပြန်လည် ကန့်ကွက်လိုက်သည်။
သို့သော် အစေခံမိန်းကလေးမှာ မျက်ရည်များ ဝဲလျက်ဖြင့် နာကျင်မှုကို အောင့်အည်းကာ သူမ၏ လက်ချောင်းတစ်ချောင်းကို ကိုယ်တိုင် ဖြတ်ပစ်လိုက်သည်ကို မြင်လိုက်ရသဖြင့် လုံချန်းမှာ မှင်တက်သွားရလေသည်။
"နင် သွားလို့ရပြီ" ဘုရင်မက အစေခံကို ပြောလိုက်၏။
"ကဲ... နင့် အလှည့်ပဲ။ ဒီနေ့ ငါ့ရဲ့ ရတနာလုံး နှစ်လုံးစလုံး အခိုးခံလိုက်ရတယ်။ သူခိုးက အော်တန်ရဲ့ ပုံစံကို ငါ့အစောင့်တွေတောင် ခွဲမရလောက်အောင် ရုပ်ဖျက်ထားခဲ့တာ။ နင့်မှာပဲ အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည် ရှိနိုင်တာ။ ဒါ့အပြင် အဲဒါက နင် ပျောက်နေတဲ့ အချိန်နဲ့လည်း ကွက်တိပဲ။ ငါ နင့်ကို ကောင်းကောင်းမွန်မွန် ပြောမယ်၊ အဲဒီ ရတနာလုံးတွေကို ပြန်ပေးလိုက်မယ်ဆိုရင် ငါ နင်ကို အပြစ်မပေးတော့ဘူး" ဘုရင်မက သူမ၏ ဒေါသကို ထိန်းရင်း ပြောလိုက်သည်။
"ပထမအချက်က ကျုပ် ဘာမှ မခိုးဘူး။ ဒုတိယအချက်က ခင်ဗျားမှာ ဘာသက်သေမှ မရှိဘဲ ကျုပ်ကို စွပ်စွဲနေတာပဲ။ တကယ်ပဲ အခိုးခံရတာလား၊ ဒါမှမဟုတ် ခင်ဗျား ကျုပ်ကို မကြည်လို့ တခြား မျိုးနွယ်စုတွေကြားထဲမှာ ကျုပ် နာမည်ပျက်အောင် ကြံစည်နေတာလား ဘယ်သူ သိမှာလဲ။ အရေးကြီးဆုံးက ခင်ဗျားက ကျုပ်ကို အပြစ်ပေးနိုင်တဲ့ အရည်အချင်း ရှိလို့လား" လုံချန်းက ပြုံးကာ ပြောလိုက်လေသည်။
"ခင်ဗျားက ကျုပ်ကို မတရား စွပ်စွဲနေတာဆိုတော့ ကျုပ် ဒီမှာ ဆက်နေစရာ အကြောင်း မရှိတော့ဘူး၊ သွားတော့မယ်" ထိုသို့ ပြောကာ လုံချန်းက ထွက်ခွာရန် ပြင်လိုက်သည်။
"ငါ့ရဲ့ ရတနာတွေကို ယူပြီး ဒီအတိုင်း ထွက်သွားလို့ ရမယ် ထင်နေတာလား။ မိုက်မဲလိုက်တာ"
ဒေါသအဟုန် ပြင်းပြနေသော ဘုရင်မ မီယာသည် ရေခဲလှံတစ်စင်းကို ဖန်တီးကာ လုံချန်းကို နောက်ကျောဘက်မှ တိုက်ခိုက်လိုက်သည်။ လုံချန်းက ချက်ချင်းပင် သူ၏ တောင်ဖြိုဓားကို ထုတ်ယူကာ နောက်သို့ လှည့်၍ တားဆီးလိုက်၏။
"တော်လောက်ပြီ။ ကျုပ်ကို ဒေါသထွက်အောင် မလုပ်နဲ့။ ခင်ဗျားတို့ မျိုးနွယ်စုကို အပျက်အစီးတွေ၊ အလောင်းတွေနဲ့ ပြည့်နှက်သွားအောင် ကျုပ် မလုပ်ချင်ဘူး" လုံချန်းက ဒေါသတကြီး ဟိန်းဟောက်ကာ ဘုရင်မကို ဓားဖြင့် ပြန်လည် တွန်းထုတ်လိုက်လေသည်။
ဘုရင်မ မီယာသည် သူမ လက်ထဲမှ သလင်းကျောက်တစ်တုံးကို ခြေမွလိုက်ရာ မျိုးနွယ်စု တစ်စုလုံးတွင် အချက်ပေးသံများ မြည်ဟည်းသွားပြီး ဝင်္ကပါ အစီအရင်များ လင်းလက်လာသည်။ မကြာမီမှာပင် မျိုးနွယ်စုတစ်စုလုံးကို ကြည်လင်သော အကာအကွယ် အတားအဆီးတစ်ခုက ဖုံးလွှမ်းသွားလေတော့သည်။
မြို့သူမြို့သားများမှာ ထိုအကာအကွယ်ကြီးကို ကြည့်ကာ ဝိုင်းဝန်း ပြောဆိုနေကြသည်။
"ဒါက ငါတို့ နိုင်ငံကို ကာကွယ်တဲ့ ဝင်္ကပါ အစီအရင် မဟုတ်လား။ ဒါက ရန်သူတွေ ဝင်မလာနိုင်အောင် တားဆီးပေးသလို အထဲမှာ ရှိတဲ့သူတွေလည်း အပြင်ထွက်လို့ မရဘူးလေ"
"ဟုတ်တယ်။ ဒီအတားအဆီးက တစ်ပတ်ပဲ ခံပေမဲ့ ပြန်ပြီး အားသွင်းဖို့ဆိုရင် နှစ်ပေါင်း ထောင်ချီ ကြာတာ။ မကောင်းဆိုးဝါး ဧကရာဇ်တွေတောင် ဒါကို တစ်ပတ်အတွင်း ဖျက်လို့ မရဘူးလို့ ပြောကြတယ်။ အရင် စစ်ပွဲကြီးတုန်းက မကောင်းဆိုးဝါး မျိုးနွယ်စုတွေကို တိုက်ဖို့ သုံးခဲ့တာလေ။ အခု သူတို့ ပြန်တိုက်လာတာလား"
လူအုပ်ကြီးအတွင်းမှ တစ်ယောက်တစ်ပေါက်ဖြင့် ခန့်မှန်း ပြောဆိုနေကြသည်။
လုံချန်းသည် နန်းတော်ထဲမှ ထွက်လာပြီး ထိုအတားအဆီးကို လှမ်းကြည့်လိုက်၏။
"နန်းတော်ထဲမှာ နင်နဲ့ မတိုက်ခိုက်လို့ အရာအားလုံး ပြီးသွားပြီလို့ မထင်နဲ့။ ငါ့ရဲ့ နန်းတော် ပျက်စီးသွားမှာကို ငါ မလိုလားလို့ပဲ" ဘုရင်မ၏ အသံက နောက်မှ ထွက်ပေါ်လာသည်။ သူမသည် ရေခဲလှံကို မြဲမြံစွာ ကိုင်ထားပြီး နှင်းဘုရင်မတစ်ပါးကဲ့သို့ ရှိနေသည်။
ဘုရင်မသည် အတားအဆီးဆီသို့ လျှောက်သွားနေသော လုံချန်းကို ပိုမို ပြင်းထန်သော စွမ်းအားဖြင့် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။ လုံချန်းက သူ၏ ဓားဖြင့် တားဆီးလိုက်ပြီး သူမနှင့် အကွာအဝေးတစ်ခုတွင် ရပ်လိုက်၏။
"ဒီနေ့တော့ ခင်ဗျား ကျုပ်ကို အေးအေးဆေးဆေး ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး ထင်တယ်" လုံချန်းက ပြောကာ ဘုရင်မထံသို့ ပြေးဝင်သွားသည်။ ရွှေအမြုတေအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ အလျင်မှာ သိသိသာသာ မြန်ဆန်လာသည်ကို သူ သတိထားမိလိုက်သည်။
လုံချန်းက သူ၏ တောင်ဖြိုဓားကို ဝေ့ယမ်း၍ တိုက်ခိုက်လိုက်ရာ မီယာကလည်း သူမ၏ ရေခဲလှံဖြင့် ပြန်လည် တိုက်ခိုက်သည်။ ဓားနှင့် လှံ ထိတွေ့လိုက်သည်နှင့် အေးစက်သော ခံစားချက်မှာ လုံချန်း၏ ဓားမှတစ်ဆင့် စီးဝင်လာ၏။ လုံချန်းက အအေးဒဏ်ကို အနည်းငယ်သာ ခံစားရသော်လည်း ဘုရင်မမှာမူ လက်မောင်းများတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး နောက်သို့ လွင့်ထွက်သွားလေသည်။
လုံချန်းက ဘုရင်မကို ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း လမ်းတစ်ဝက်တွင် ရပ်လိုက်ပြီး ဘေးသို့ ရှောင်လိုက်ရသည်။ သူ ရပ်နေသော နေရာသို့ နှင်းဆူးတစ်ချောင်း ကျရောက်လာခြင်း ဖြစ်သည်။ သူသာ မရှောင်လိုက်လျှင် ထိမှန်သွားနိုင်၏။ လုံချန်းသည် နောက်မှ တိုက်ခိုက်သူကို လှည့်ကြည့်လိုက်ရာ မင်းသား အော်တန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"မင်းပါလား" လုံချန်းက စိတ်ပျက်သော မျက်နှာဖြင့် ပြောလိုက်သည်။
"မင်းက အရှင်သခင် ထျန်းရှန်လို လူကောင်းတစ်ယောက်လို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ ငါ မှားသွားခဲ့ပြီ။ လူကောင်းတစ်ယောက်ဆိုရင် ငါ့အဒေါ်ကို တိုက်ခိုက်မှာ မဟုတ်ဘူး။ မင်းက လူဆိုးပဲ။ ငါ့အဒေါ်ကို တိုက်ခိုက်တဲ့အတွက် မင်း ပြစ်ဒဏ် ခံရမယ်" အော်တန်က ခက်ထန်သော မျက်နှာဖြင့် ပြောလိုက်၏။
သရဲမျိုးနွယ်စု၏ စစ်သည်တော်များ အားလုံးမှာလည်း ဘုရင်မကို ကူညီရန် ရှေ့သို့ ရောက်ရှိလာကြပြီး လုံချန်းကို ဝိုင်းဝန်း တိုက်ခိုက်ကြလေတော့သည်။
ဖြစ်ပျက်နေသည်များကို မြင်လိုက်ရသောအခါ လုံချန်းမှာ ဒေါသထွက်ခြင်းကို မထိန်းနိုင်တော့ပေ။
"ငါက ဒီနေရာကနေ အေးအေးဆေးဆေး ထွက်သွားချင်တာ၊ ဒီလိုတွေ မလုပ်ချင်ဘူး။ ဒါပေမဲ့ အခုတော့ အားလုံးက ငါ့ကို အကျပ်ကိုင်ခဲ့တာပဲ။ ငါက သွေးစွန်းတဲ့ လမ်းကို လျှောက်ရမယ်ဆိုရင်လည်း ငါ လျှောက်ရမှာပေါ့" လုံချန်းက ပြောကာ သူ့ထံ ပြေးဝင်လာသော တိုက်ခိုက်မှုများကို သူ၏ တောင်ဖြိုဓားဖြင့် ပြန်လည် ခုခံလိုက်လေသည်။
"ရေခဲအကျဉ်းထောင်" ဘုရင်မသည် လုံချန်းထံသို့ သူမ၏ လှံကို ညွှန်ကာ သိုင်းပညာကို အသုံးပြုလိုက်သည်။ လုံချန်း၏ ပတ်ပတ်လည်တွင် ထူထဲသော ရေခဲနံရံ လေးချပ် ပေါ်လာပြီး သူ့ကို အကုန်လုံး ဝိုင်းပတ်သွား၏။ အပေါ်ဘက်မှလည်း ရေခဲပြင်ကြီးတစ်ချပ်က ပိတ်လိုက်သဖြင့် အခန်းငယ်လေးတစ်ခန်းကဲ့သို့ ဖြစ်သွားသည်။ ထိုနံရံ လေးချပ်မှာ လုံချန်းထံသို့ တဖြည်းဖြည်းချင်း ဖိကပ်လာလေတော့သည်။
"ဒါက ဘုရင်မရဲ့ နာမည်ကျော် ရေခဲအကျဉ်းထောင် မဟုတ်လား။ ဒါက ဘုရင်မရဲ့ အားအကောင်းဆုံး သိုင်းပညာတွေထဲက တစ်ခုလို့ ပြောကြတယ်။ ဒီနံရံ လေးချပ်စလုံးက မကောင်းဆိုးဝါး ဘုရင်တစ်ပါးရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကိုတောင် မပျက်စီးဘဲ တောင့်ခံနိုင်သလို မကောင်းဆိုးဝါး ဘုရင်ကိုတောင် သတ်နိုင်တယ်" လူအုပ်ကြီးထဲမှ တစ်ဦးက လုံချန်း ပိတ်မိနေသည်ကို မြင်ကာ အံ့ဩတကြီး ပြောလိုက်သည်။
"အရင် စစ်ပွဲကြီးတုန်းက မကောင်းဆိုးဝါး ဘုရင်တစ်ပါးကို ဒီပညာနဲ့ သတ်ခဲ့တာ ငါ ကြားဖူးတယ်။ ဒါပေမဲ့ ဒီပညာကို သုံးလိုက်ရင် ဘုရင်မရဲ့ အသက်စွမ်းအားကိုလည်း ထိခိုက်စေတာမို့ နောက်ထပ် တိုက်ပွဲမဝင်နိုင်ခင် တစ်လလောက် အနားယူခဲ့ရသေးတယ်" နောက်တစ်ဦးက ဆိုသည်။
"နင် ဒါကို ဘယ်တော့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ့ ရတနာလုံးတွေကို ခိုးတဲ့ ပြစ်မှုအတွက် နင့်ရဲ့ ခန္ဓာကိုယ် အစအန မကျန်တဲ့အထိ ဒီထဲမှာပဲ မြေမြှုပ်နေလိုက်တော့" ဘုရင်မ မီယာက ရေခဲအကျဉ်းထောင် ဖိကပ်လာသည်ကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။ ရေခဲအကျဉ်းထောင်သည် လုံချန်းကို ထာဝရ မြေမြှုပ်တော့မည့်အလား မြေကြီးထဲသို့ စတင် နစ်ဝင်သွားလေတော့သည်။