အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း (၇၇) အမဲလိုက်ခြင်း
မကောင်းဆိုးဝါး ဗိုလ်ချုပ်ဘတ်သည် သူ၏ အဖွဲ့တစ်ဖွဲ့လုံးနှင့်အတူ လုံချန်းနောက်သို့ စတင် လိုက်ပါလာသည်။
လုံချန်းသည် သူ့ကို သရဲမျိုးနွယ်စုဆီသို့ လိုက်ပါပို့ဆောင်စဉ်က အဖွဲ့သားများ အသုံးပြုခဲ့သည့် လမ်းအတိုင်း ပြန်လည် လျှောက်လှမ်းလာခဲ့သည်။ မှင်စာ မျိုးနွယ်စုဆီသို့ သွားရမည့် လမ်းကြောင်း အစုံအလင်ကို သူ မှတ်သားထားပြီးသား ဖြစ်သည်။
ခဏမျှ ခရီးနှင်ပြီးနောက် သူတို့ အရင်က ဖြတ်ကျော်ခဲ့သည့် စမ်းချောင်းအနားသို့ ရောက်ရှိလာသော်လည်း ယခုတစ်ခါတွင် လုံချန်းက မရပ်တန့်တော့ပေ။ ထိုအစား သူသည် အရှိန်မြှင့်လိုက်ပြီး မြင်းကို ကောင်းကင်ယံသို့ မြင့်မားစွာ ခုန်တက်စေလိုက်သည်။ မျက်နှာပေါ်သို့ တိုးဝှေ့လာသော လေညင်းများကို ခံစားရင်း စမ်းချောင်း၏ တစ်ဖက်ကမ်းသို့ မကြာမီပင် ဆင်းသက်နိုင်ခဲ့ပြီး သူ၏ ခရီးကို ဆက်လက် လျှောက်လှမ်းခဲ့သည်။
မကောင်းဆိုးဝါး ဗိုလ်ချုပ်ဘတ်နှင့် အခြားသူများသည်လည်း ဘေးကင်းသော အကွာအဝေးတစ်ခုမှ နောက်ကွယ်မှ လိုက်ပါလာကြသည်။ လုံချန်း ရုတ်တရက် ပျောက်ကွယ်သွားသည့် အချိန်အထိ သူတို့ နောက်ယောင်ခံနေခဲ့ကြခြင်း ဖြစ်သည်။
"ဟင်... သူ ဘယ်ကို ပျောက်သွားတာလဲ" ဗိုလ်ချုပ် ဘတ် တွေးလိုက်မိသည်။
လုံချန်းက သူ၏ အမြင်အာရုံထဲမှ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် သူ အံ့ဩသွားရသည်။ လုံချန်းက ရှေ့သို့ အလွန်အမင်း ရောက်သွားသဖြင့် မမြင်ရတော့ခြင်း ဖြစ်မည်ဟု ထင်ကာ ဗိုလ်ချုပ် ဘတ်သည် သူတို့ တတ်နိုင်သမျှ အရှိန်ဖြင့် နာရီဝက်ကျော်ကြာ ဆက်လက် သွားလာခဲ့သော်လည်း လုံချန်းကို ရှာမတွေ့ခဲ့ပေ။
"မင်း သူ့ကို မျက်ခြေပြတ်သွားတာလား၊ ဒါမှမဟုတ် မင်းရဲ့ ပုန်းကွယ်မှုပညာက အားနည်းလွန်းလို့ သူက မင်း ဘာလုပ်နေလဲဆိုတာကို သိသွားတာများလား" တစ်စုံတစ်ယောက်က နောက်ကွယ်မှ ရုတ်တရက် ပြောလိုက်သည်။
"မင်း ဘာတွေ လာပြောနေတာလဲ။ သေချင်နေတာလား။ ငါ့ရဲ့ ပုန်းကွယ်မှုပညာက အပြစ်ပြောစရာ မရှိဘူး" ဗိုလ်ချုပ်ဘတ်က သူ့ကို ထိုကဲ့သို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲသည့်သူမှာ မည်သူနည်းဟု သိစေရန် သူ၏ ဓားကို ဆွဲထုတ်ကာ နောက်သို့ လှည့်ကြည့်ရင်း အော်ဟစ်လိုက်သည်။
ဗိုလ်ချုပ်ဘတ် နောက်သို့ လှည့်ကြည့်လိုက်သည်နှင့် ဆံပင်နက်နက်နှင့် ကောင်လေးတစ်ဦး မြင်းပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုကောင်လေးက ဆွဲဆောင်မှုရှိသော ရွှေရောင်မျက်လုံးများ၊ ပြတ်သားသော မျက်နှာပေါက်ပေါ်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခုဖြင့် သူ့ကို ကြည့်နေ၏။ သူ လိုက်လံ ဖမ်းဆီးနေသည့် လူသားမှာ သူ၏ နောက်ကျောဘက်တွင် ပေါ်လာသဖြင့် သူ လုံးဝ ထိတ်လန့်သွားရလေသည်။ လုံချန်းက ဗိုလ်ချုပ်ဘတ်၏ တဖြည်းဖြည်း ပြောင်းလဲသွားသော မျက်နှာအမူအရာများကို ပြုံးရင်း ကြည့်နေသည်။
"မင်း... မသ်း ဘယ်လို... နေဦး၊ ကျန်တဲ့လူတွေ ဘယ်မှာလဲ"
လုံချန်းမှလွဲ၍ တခြားမည်သူမျှ ရှိမနေသည်ကို ဗိုလ်ချုပ်ဘတ် တွေ့လိုက်ရသည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း သူ၏ လက်အောက်ငယ်သား တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။
"ဪ... မင်းလူတွေကို ရှာနေတာလား။ ငါ ဒီကို လာတုန်းက သူတို့တွေ ငါတို့နောက်က မြေပြင်ပေါ်မှာ လဲနေတာ တွေ့ခဲ့တယ်။ သူတို့ တစ်ခုခု ဖြစ်နေပုံရတယ်၊ အများစုက သွေးတွေ ထွက်နေပြီး တချို့ဆို ခေါင်းတောင် မရှိတော့ဘူး။ သူတို့ ဘာဖြစ်သွားတာပါလိမ့်လို့ ငါ စဉ်းစားနေတာ" လုံချန်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"မင်း နောက်ကို ဆယ်မိနစ်လောက် ပြန်သွားရင် သူတို့ကို ရှာတွေ့နိုင်မှာပါ" လုံချန်းက ပြုံးရင်း ဆိုသည်။
"မင်း... မင်း သူတို့ကို သတ်လိုက်တာလား" သူသည် ထိတ်လန့်တကြား အမူအရာဖြင့် လုံချန်းကို စိုက်ကြည့်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
"ငါလား။ ဒီနေ့တော့ လူတိုင်းက ငါ့ကို ဘာလို့ အပြစ်ပုံချနေကြတာလဲ၊ ငါ မလုပ်တဲ့ အရာတွေအတွက်လေ။ ငါ သူတို့ရဲ့ အမွေး တစ်မွေးကိုတောင် မထိရသေးဘူး။ ငါ့ကို ကြည့်ပါဦး။ ငါက ဒီလို အင်အားကြီးတဲ့ လူတွေကို သတ်နိုင်တဲ့ ပုံစံမျိုး ပေါက်နေလို့လား" လုံချန်းက စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
"ငါ့ကို လာနောက်မနေနဲ့။ မင်း သူတို့ကို သတ်လိုက်တာ ငါသိတယ်" သူသည် ဒေါသရော ကြောက်ရွံ့မှုပါ ရောပြွမ်းကာ တစ်ကိုယ်လုံး တုန်ယင်နေလျက် ပြောလိုက်သည်။
လုံချန်း ပြန်မပြောနိုင်ခင်မှာပင် မကောင်းဆိုးဝါး ဗိုလ်ချုပ်ဘတ်က စတင် လှုပ်ရှားလိုက်သည်။ သူ၏ မြင်းသည် ရှေ့သို့ အရှိန်အဟုန်ဖြင့် ဒုန်းစိုင်း ပြေးထွက်သွား၏။ ဗိုလ်ချုပ်ဘတ်သည် လက်တစ်ဖက်တွင် ဓားကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး အရှိန်ကို မြှင့်ကာ ရှေ့သို့ တိုးထွက်သွားသည်။ သို့သော် လုံချန်း မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်မှာ ဗိုလ်ချုပ်ဘတ် သွားနေသည့် ဦးတည်ချက်မှာ သူ့ထံသို့ မဟုတ်ဘဲ ဆန့်ကျင်ဘက် အရပ်သို့ ဖြစ်နေခြင်းပင်။
'ဒီလူက ငါ့နောက်ကွယ်မှာ တိတ်တဆိတ် ပေါ်လာနိုင်သလို ငါ့လူတွေကိုလည်း ငါ မသိအောင် သတ်နိုင်ခဲ့တယ်။ ငါ ထင်တဲ့အတိုင်းပဲ၊ ဒီလူသားက အန္တရာယ်ရှိတယ်။ ငါ အမြန် ထွက်ပြေးပြီး အသက်ရှင်အောင် လုပ်မှ ဖြစ်မယ်' မကောင်းဆိုးဝါး ဗိုလ်ချုပ်ဘတ်က အရှိန်ကို ဆက်တိုက် မြှင့်ရင်း ရေရွတ်လိုက်သည်။
"ဟင်း... သူက သူ့လက်အောက်ငယ်သားတွေ သေတာကို မြင်ရင် ဒေါသထွက်ပြီး လက်စားချေဖို့ တိုက်ခိုက်လိမ့်မယ်လို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ ငါ မှားသွားပြီ၊ သူက ထွက်ပြေးသွားတာပဲ။ တကယ့်ကို ညံ့ဖျင်းတဲ့ ခေါင်းဆောင်ပဲ။ သူ့လက်အောက်ငယ်သားတွေအတွက်တောင် သူ မစဉ်းစားဘူး။ ဒါကတော့ မကောင်းဆိုးဝါးတွေရဲ့ သဘာဝပဲ ထင်ပါရဲ့" မကောင်းဆိုးဝါး ဗိုလ်ချုပ် ဘတ် ထွက်ပြေးသွားသည်ကို ကြည့်ကာ လုံချန်းက ရေရွတ်လိုက်သည်။
"ကဲလေ... ငါလည်း လူဆိုးတွေ အများကြီး သတ်ပြီးပြီဆိုတော့ စာရင်းထဲမှာ တစ်ယောက်တိုးတာ ဘာမှ မဖြစ်ပါဘူး။ အမဲလိုက်ရမယ့် အချိန် ရောက်ပြီ" လုံချန်းက ရေရွတ်ကာ မြင်းကို စီးပြီး ဗိုလ်ချုပ် ဘတ် နောက်သို့ လိုက်ပါသွားလေတော့သည်။
ဗိုလ်ချုပ်ဘတ် စီးနင်းသည့် မြင်း၏ အရှိန်မှာ မှင်စာ မြင်းနှင့် ဆင်တူသဖြင့် လုံချန်းနှင့် ဗိုလ်ချုပ်ဘတ်တို့ကြား အကွာအဝေးမှာ များစွာ ကွာမသွားပေ။ သို့သော် လုံချန်းက ထိုအကွာအဝေးကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူ အလိုရှိသည့် အချိန်တိုင်း ဘတ်ကို သတ်နိုင်သည်ကို သူ သိထားသောကြောင့် ဖြစ်သည်။ သူက ဗိုလ်ချုပ်ဘတ်ကို ကစားနေခြင်းသာ ဖြစ်ပြီး သူ သွားရမည့် ဦးတည်ချက်နှင့်လည်း အတူတူပင် ဖြစ်နေသည်။
သုံးနာရီခန့် လိုက်လံပြီးနောက် မကောင်းဆိုးဝါး ဗိုလ်ချုပ်ဘတ်သည် ရုတ်တရက် လမ်းကြောင်း ပြောင်းလိုက်ပြီး ရှေ့သို့ ဆက်လက် တိုးသွားရာ လုံချန်းကလည်း နောက်မှ ကပ်လိုက်လာသည်။
"အင်း... တကယ့် လူအ,ပဲ။ သူ လမ်းမှားသွားပြီ။ ဒါကို အဆုံးသတ်ရမယ့် အချိန် ရောက်ပြီ ထင်တယ်" လုံချန်းက မြင်းပြေးနေစဉ်မှာပင် မြင်းကျောပေါ်တွင် ပါးနပ်စွာ မတ်တတ်ရပ်လိုက်သည်။
သူ၏ ကျောဘက်တွင် လှပသော အတောင်ပံတစ်စုံ ပေါ်ထွက်လာသည်။ တစ်ဖက်မှာ ရွှေရောင်ဖြစ်ပြီး အခြားတစ်ဖက်မှာ အနက်ရောင်ဖြစ်ကာ အလွန် လှပစွာ ကွဲပြားနေ၏။ အနက်ရောင်ဘက်က သူ့ကို မှောင်မိုက်ခြင်းဘက်သို့ ယိမ်းယိုင်သွားသော နတ်သားတစ်ပါးကဲ့သို့ ဖြစ်စေပြီး ရွှေရောင်ဘက်ကမူ ကောင်းကင်ဘုံကို အုပ်စိုးကာ မှောင်မိုက်ခြင်းအားလုံးကို ဆန့်ကျင်သည့် အလင်းနတ်သားတစ်ပါးကဲ့သို့ ဖြစ်စေသည်။
လုံချန်းသည် ကောင်းကင်ယံသို့ ပျံတက်သွားသော်လည်း မကောင်းဆိုးဝါး ဗိုလ်ချုပ်ဘတ်ထံသို့ တန်းမသွားပေ။ အလွန် မြင့်မားသော အမြင့်သို့ ရောက်ရှိပြီးမှသာ မကောင်းဆိုးဝါး ဗိုလ်ချုပ်နောက်သို့ လိုက်လေသည်။ လုံချန်း၏ ပျံသန်းနှုန်းမှာ အလွန် မြန်ဆန်လှသဖြင့် မကြာမီမှာပင် ဘာမှ မသိသေးသော ဗိုလ်ချုပ် ဘတ်၏ ခေါင်းပေါ်သို့ ရောက်ရှိသွားသည်။
"ဟင်း... အဲဒီ မိစ္ဆာကောင်က လက်လျှော့လိုက်ပြီ ထင်တယ်။ အခု ငါ ဒီအရှိန်ကိုပဲ ထိန်းထားပြီး သူ့လက်လှမ်းမမီတဲ့ နေရာကို အရောက်သွားရမယ်" ဗိုလ်ချုပ်ဘတ်သည် နောက်သို့ လှည့်ကြည့်ရာ မည်သူမျှ လိုက်မလာသည်ကို တွေ့ရသဖြင့် ပြုံးရင်း ပြောလိုက်သည်။
"ဪ... အဲဒါက နာကျင်စရာပဲ။ ဒါပေမဲ့ မင်းက ငါ့ကို မိစ္ဆာလို့ ခေါ်လိုက်မှတော့ ငါကလည်း မိစ္ဆာ တစ်ကောင်လိုပဲ ပြုမူရမှာပေါ့" ဗိုလ်ချုပ်ဘတ် ရှေ့သို့ အာရုံစိုက်နေစဉ် ကောင်းကင်ယံမှ အသံတစ်ခု ထွက်ပေါ်လာသည်။ သူသည် ကြောက်ရွံ့မှုကြောင့် အလိုလို တုန်ယင်သွားမိ၏။ ထိုအသံမှာ ရင်းနှီးနေသလိုပင်။ သူသည် အသံလာရာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သော်လည်း သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ဓားတစ်စင်းက သူ၏ ဦးခေါင်းကို ဖောက်ထွက်သွားလေတော့သည်။ သူ သေဆုံးသွားချိန်အထိ သူ၏ မျက်လုံးများမှာ သူ့ကအား သတ်သူကို စိုက်ကြည့်ရင်း ပြူးကျယ်နေဆဲပင်။ သူသည် မြင်းပေါ်မှ လဲကျကာ သေဆုံးသွားသော်လည်း မြင်းမှာမူ ဆက်လက် ပြေးနေခဲ့သည်။
အချိန်မဖြုန်းတော့ဘဲ လုံချန်းသည် ဗိုလ်ချုပ်ဘတ်၏ ပစ္စည်းများကို ယူကာ သူ၏ လက်စွပ်အတွင်းသို့ ထည့်လိုက်ပြီး မြင်းရှိရာသို့ ပြန်လည် ပျံသန်းခဲ့သည်။ မကြာမီမှာပင် သူ၏ မြင်းကို အဝေးမှ လှမ်းတွေ့လိုက်ရပြီး သူ၏ ခရီးကို ဆက်လက် လျှောက်လှမ်းခဲ့သည်။
ညရောက်ရှိလာသောအခါ လုံချန်းသည် အနားယူရန်နှင့် သူ၏ ဥကို အားဖြည့်ပေးရန် ဆုံးဖြတ်လိုက်သည်။ သူသည် သစ်ပင်ထိပ်တွင် ပုခက်ဆင်လိုက်ပြီး သူ ရရှိထားသော ဥကို ထုတ်လိုက်သည်။ သူသည် သူ၏ ဝိညာဉ်စွမ်းအင်များကို ထိုဥထဲသို့ စတင် ကျွေးမွေးရာ ဥကလည်း ဆက်တိုက် စုပ်ယူနေခဲ့သည်။ လုံချန်းသည် တစ်စုံတစ်ခု လှုပ်ရှားမှုကို ထပ်မံ ခံစားလိုက်ရသော်လည်း ၎င်းမှာ တတိယအကြိမ်မြောက် ဖြစ်နေပြီဖြစ်သဖြင့် လျစ်လျူရှုလိုက်သည်။ အထဲတွင် ရှိနေသည့် အရာမှာ မကြာမီ ထွက်လာတော့မည်ကို လုံချန်း သိထားသည်။ ဥက စွမ်းအင်များကို စုပ်ယူခြင်း ရပ်တန့်သွားသောအခါ လုံချန်းသည် ၎င်းကို လက်စွပ်ထဲသို့ ပြန်ထည့်လိုက်ပြီး ကျင့်ကြံခြင်းကို စတင်လေတော့သည်။
လုံချန်း ကျင့်ကြံနေစဉ်အတွင်း အလွန်ဝေးကွာသော တစ်နေရာတွင် မကောင်းဆိုးဝါးများ၏ မြို့တော်မှာ မားမားမတ်မတ် တည်ရှိနေသည်။ သို့သော် ထိုမြို့သည် ယနေ့တွင် ငြိမ်းချမ်းမှု လုံးဝ မရှိပေ။ ကလေးငယ်များမှလွဲ၍ မြို့ထဲရှိ မကောင်းဆိုးဝါးတိုင်းမှာ တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။
လူတိုင်းမှာ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး လက်နက်များကို မြဲမြံစွာ ဆုပ်ကိုင်ထားကာ ထွက်ခွာရန် အမိန့်ကို စောင့်ဆိုင်းနေကြသည်။ မကောင်းဆိုးဝါး ဧကရာဇ်များကလည်း သူတို့၏ စစ်တပ်များကို အချိန်မရွေး ထွက်ခွာရန် အသင့်ပြင်ထားဖို့ အမိန့်ပေးထားပြီး ဖြစ်သည်။
မကောင်းဆိုးဝါး ဧကရာဇ် သုံးပါးစလုံးမှာ နန်းတော်ထဲမှ ထွက်လာကြပြီး သူတို့နောက်တွင် မကောင်းဆိုးဝါး ဘုရင် ဆယ်ပါး လိုက်ပါလာကြသည်။ မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်နှင့် မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားတို့မှာ စစ်ပွဲအတွက် ရဲရင့်တက်ကြွနေပုံရသော်လည်း မကောင်းဆိုးဝါး ဧကရာဇ် ဘာလန်း၏ မျက်နှာမှာမူ အရင်ကထက် ပိုမို လေးနက်နေလေတော့သည်။
အခန်း (၇၈) စစ်ပွဲ
မကောင်းဆိုးဝါး ဧကရာဇ်များနှင့် မကောင်းဆိုးဝါး ဘုရင်များ ထွက်လာသည်နှင့် လူတိုင်းက သူတို့ထံသို့ အာရုံစိုက်လိုက်ကြသည်။ သူတို့အားလုံးသည် စိတ်ကို နိုးကြားစွာထားပြီး မတ်မတ်ရပ်ကာ စောင့်ကြိုနေကြ၏။
"ရဲရင့်တဲ့ မကောင်းဆိုးဝါး မျိုးနွယ်စုဝင်တို့။ ပြီးခဲ့တဲ့ ရှုံးနိမ့်မှုကြောင့် စိတ်ဓာတ်မကျဘဲ အခုဖြစ်လာမယ့် စစ်ပွဲအတွက် အသင့်ပြင်ပြီး စစ်မှုထမ်းဖို့ ရောက်လာကြတာကို မြင်ရလို့ ငါ ဝမ်းသာတယ်။ ငါတို့ လက်စားချေရမယ့် အချိန်ကို နောက်ဆုံးတော့ ရောက်ရှိလို့ လာခဲ့ပြီ" မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက ပြတ်သားစွာ ပြောလိုက်သည်။ သူသည် တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောဆိုသွားသော်လည်း လူတိုင်းက သူ့စကားကို ရှင်းလင်းစွာ ကြားနေရသည်။
"ငါ လက်စားချေမယ်လို့ ပြောတဲ့နေရာမှာ မင်းတို့ ထင်နေတဲ့ မျိုးနွယ်စုတွေတင် မကဘူး။ အရင် စစ်ပွဲကြီးတုန်းက ငါတို့ရဲ့ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ မိစ္ဆာကြီးကိုလည်း ဆိုလိုတယ်။ ငါတို့ရဲ့ ကလေးတွေကို သူစိတ်ကျေနပ်ဖို့အတွက် မိဘမဲ့ဖြစ်အောင် လုပ်ခဲ့တဲ့သူပေါ့။ သူ့ကြောင့်ပဲ ငါတို့ မျိုးနွယ်စု မျိုးတုန်းသွားမှာကို စိုးရိမ်ပြီး ကြောက်လန့်တကြား နေခဲ့ရတာ။ ဟုတ်တယ်... ငါ ပြောနေတာက ထျန်းရှန်လို့ ခေါ်တဲ့ အဲဒီလူသားအကြောင်းပဲ" မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်က ကျယ်လောင်စွာ ကြေညာလိုက်သည်။ လူအုပ်ကြီးထဲတွင် ပြောဆိုသံများ ဆူညံသွား၏။
"တိတ်စမ်း" မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်က အော်ဟစ်လိုက်ရာ လူအုပ်ကြီး ငြိမ်ကျသွားသည်။ မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက ဆက်ပြောသည်။ "မင်းတို့ ဘာတွေးနေလဲဆိုတာ ငါသိတယ်။ အဲဒီလူသားက လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကတည်းက ပျောက်ကွယ်သွားတာ၊ ငါတို့ ဘယ်လို လက်စားချေမှာလဲ။ သူ အခုထိ အသက်ရှင်နေပါဦးမလား ဆိုပြီးတော့ပေါ့"
သူသည် တွေဝေနေသော လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။
"ငါတို့ရဲ့ ဘိုးဘေးတွေတောင် သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့တာ၊ သူတို့ထက် အားနည်းတဲ့ ငါတို့က ဘယ်လို လက်စားချေမှာလဲ။ တကယ်လို့ သူ အသက်ရှင်နေသေးရင် အရင်ကထက် ပိုပြီး အစွမ်းထက်နေမှာပေါ့။ ငါတို့မှာ အခွင့်အရေး မရှိပါဘူးလို့ မင်းတို့ တွေးနေကြမှာပဲ။ အဲဒီ သံသယတွေကို ငါ ရှင်းပြမယ်" မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက တိုးတိုးနှင့် တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်တယ်၊ မင်းတို့ ထင်တာ မှန်တယ်။ တကယ်လို့ ထျန်းရှန်သာ ငါတို့ရှေ့မှာ ရှိနေရင် ငါတို့ သူ့ကို ဒဏ်ရာရအောင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး၊ လက်စားချေဖို့ဆိုတာ ဝေးသေးတယ်။ နှစ်ပေါင်း ထောင်ချီတဲ့ အချိန်အတွင်းမှာ သူက ငါတို့ မယုံနိုင်လောက်အောင် အစွမ်းထက်နေမှာ ဖြစ်လို့ ငါတို့မှာ သူ့ကို ယှဉ်ဖို့ အခွင့်အရေး မရှိဘူး။ ဒါပေမဲ့ အခု အခြေအနေက ပြောင်းလဲသွားပြီ။ ငါတို့ လူမျိုးတွေအတွက် လက်စားချေဖို့ ရွှေရောင်အခွင့်အရေးကြီး ရောက်လာပြီ။ အဲဒီ မကောင်းဆိုးဝါး ထျန်းရှန် ပေါ်မလာပေမဲ့ သူ့ရဲ့ မျိုးဆက်တစ်ခုကတော့ ပေါ်လာပြီ။ ငါတို့ ဒီလူသားကို မကြောက်ရဘူး။ ဝမ်းမြောက်ရမယ်။ နောက်ထပ် လူသားတစ်ယောက် ပေါ်လာတဲ့အတွက် ဝမ်းမြောက်ကြစမ်း။ သူက ကလေးပဲ ရှိသေးသလို ထျန်းရှန်လောက်လည်း အစွမ်းမထက်ဘူး။ ဒါဟာ ငါတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့နဲ့ ငါတို့ရဲ့ ရှုံးနိမ့်မှုတွေကို ဆေးကြောဖို့ ရရှိတဲ့ အခွင့်အရေးပဲ။ ငါတို့ မျိုးနွယ်စုကို ဘယ်သူမှ အားနည်းတယ်လို့ ထပ်ပြီး မပြောနိုင်စေရဘူး" မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက ကြေညာလိုက်သည်။
"ဒါဟာ သမိုင်းကို အသစ်ပြန်ရေးဖို့ ငါတို့အတွက် ရရှိတဲ့ အခွင့်အရေးပဲ။ ဒီသမိုင်းသစ်မှာ လူသားတွေနဲ့ တခြား မျိုးနွယ်စုတွေ ရှုံးနိမ့်သွားပြီး ငါတို့က ကမ္ဘာကြီးကို အုပ်စိုးရမယ်။ မကောင်းဆိုးဝါး မျိုးနွယ်စုရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ငါ့နောက်ကို လိုက်ကြမလား" မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက လက်သီးကို မိုးပေါ်မြှောက်ကာ ဟိန်းဟောက်လိုက်သည်။
"လိုက်ပါမယ်" မကောင်းဆိုးဝါး အားလုံးက သူလုပ်သကဲ့သို့ လိုက်လုပ်ရင်း စိတ်အားထက်သန်စွာ ဟစ်ကြွေးလိုက်ကြသည်။
"အခု ထွက်ခွာရမယ့် အချိန်ပဲ။ အားလုံး မှတ်ထားရမှာက ဒါဟာ ကမ္ဘာကြီးကို ဆန့်ကျင်တိုက်ရမယ့် စစ်ပွဲပဲ။ ငါတို့ရဲ့ ပန်းတိုင်က ငါတို့လမ်းကို ပိတ်တဲ့သူမှန်သမျှကို ချေမှုန်းဖို့ပဲ။ လူသားဖြစ်ဖြစ်၊ သရဲမျိုးနွယ်စုပဲဖြစ်ဖြစ် ငါတို့လမ်းကို ပိတ်တဲ့ မျိုးနွယ်စုမှန်သမျှကို အကုန် သတ်ဖြတ်ပစ်ရမယ်" မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်က အော်ဟစ်လိုက်ရာ သူ၏ အသံမှာ မြို့တော်ကို ဝန်းရံထားသော တောအုပ်တစ်ခုလုံး ကြားရသည်အထိ ကျယ်လောင်လှသည်။
စစ်တပ်ကြီးသည် မကောင်းဆိုးဝါး ဧကရာဇ် နှစ်ပါးနှင့်အတူ စတင် ထွက်ခွာခဲ့ပြီး မကောင်းဆိုးဝါး ဘုရင်များကလည်း သူတို့၏ တပ်ဖွဲ့များနှင့်အတူ ကပ်လျက် လိုက်ပါလာကြသည်။ မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော မြင်းတစ်ကောင်ကို စီးနင်းထားပြီး မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်ကမူ လူသားပုံစံ မပြောင်းလဲနိုင်သဖြင့် ခြေကျင် လျှောက်လှမ်းသည်။
သို့သော် သူသည် နောက်ကျမကျန်ခဲ့ပေ။ မြင်းများ နောက်ကျမကျန်စေရန် သူက မှန်မှန်လေး လျှောက်လှမ်းနေခြင်း ဖြစ်သည်။
"တာရပ်စ်... ငါ မင်းကို စီးပြီး လိုက်ခဲ့ရမလား။ ငါ မင်းနောက်ကို လိုက်နိုင်ဖို့ တော်တော် ကြိုးစားနေရတယ်" မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက နောက်ပြောင်လိုက်သည်။
"ရတာပေါ့။ မင်း စမ်းကြည့်လို့ ရတယ်။ ဒါပေမဲ့ သေချင်ရင်တော့ စမ်းကြည့်လိုက်ပေါ့။ ဒါကြောင့် မင်း စိတ်ပြောင်းလိုက်တာက ပိုကောင်းမယ်လို့ ငါ အကြံပေးပါရစေ။ ငါ့လက်နဲ့ သေသွားလို့ စစ်ပွဲကို လွဲချော်သွားတာမျိုး ငါ မဖြစ်စေချင်ဘူးလေ" မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်က စိတ်ပျက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ငါက နောက်တာပါကွာ။ မင်းကလည်း အတည်ကြီး လုပ်မနေပါနဲ့" မကောင်းဆိုးဝါး ဧကရာဇ် ရှန်တီးယားက ရယ်မောလိုက်သည်။
"ဘာလန်းသာ ငါတို့နဲ့ လိုက်ခဲ့ရင် ပိုကောင်းမှာပဲ။ သူကတော့ ပျော်စရာတွေကို အများကြီး လွဲချော်တော့မှာပဲ" ရှန်တီးယားက တာရပ်စ်ကို ကြည့်ရင်း ပြောလိုက်၏။
"အဲဒီ ခေါင်းမာတဲ့ကောင်ကို မျိုးနွယ်စုထဲမှာပဲ ထားခဲ့လိုက်ပါ။ သူက စိုးရိမ်စိတ် လွန်ကဲလွန်းတယ်။ လူသားကလေး တစ်ယောက်ကို ကြောက်နေစရာ လိုလို့လား။ ဘာလန်းက ငါတို့ရဲ့ လူငယ်တွေ ထပ်ပြီး အသတ်ခံရမှာကို စိုးရိမ်နေတာလေ။ ဒါကြောင့် သူက ဒီမှာပဲ နေပြီး သူတို့ကို ကာကွယ်ပေးချင်နေတာ။ ဘာပဲဖြစ်ဖြစ် ငါတို့ သူ့အကူအညီ မလိုပါဘူး။ အဲဒီ လူသားနဲ့ တခြား မျိုးနွယ်စုတွေကို အမြစ်ပြတ်အောင် ရှင်းပစ်ဖို့က လွယ်လွယ်လေးပါ" မကောင်းဆိုးဝါး ဧကရာဇ် တာရပ်စ်က နှာခေါင်းရှုံ့ကာ ပြောလိုက်ပြီး စစ်တပ်ကြီးကလည်း ရှေ့သို့ ဆက်လက် ချီတက်နေလေတော့သည်။
မကြာမီ နံနက်ခင်း ရောက်ရှိလာသည်။ နေနှင့် လ မရှိသော ဤကမ္ဘာတွင် ကောင်းကင်ယံမှာ မှော်ဆန်စွာ လင်းပွင့်လာခဲ့သည်။
လုံချန်းသည် ကျင့်ကြံခြင်းကို ရပ်လိုက်သည်။ တစ်ညတာ ကျင့်ကြံပြီးနောက် သူသည် ရွှေအမြုတေအဆင့် စတုတ္ထအဆင့်၏ အထွက်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူသည် သူ၏ အနားယူရာ နေရာကို ကြည့်ကာ ပုခက်ကို ပြန်သိမ်းလိုက်သည်။ ပုခက်ကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်ပြီး သူ၏ ခရီးကို ဆက်လက် လျှောက်လှမ်းခဲ့သည်။ သူ ဤကမ္ဘာသို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကိုမူ သူ လုံးဝ မသိရှိသေးပေ။
တစ်နေ့လုံး ခရီးနှင်လာခဲ့ပြီးနောက် အလင်းကွယ်ပျောက်ကာ ညရောက်လာသည့် အချိန်တွင် သူသည် မှင်စာ မျိုးနွယ်စု၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ မြင်းသည် ခရီးစဉ်တစ်လျှောက် အများကြီး အထောက်အကူ ဖြစ်ခဲ့သည်။
အစောင့်များက သူ့ကို ချက်ချင်း မှတ်မိကြသဖြင့် ခန္ဓာကိုယ် စစ်ဆေးခြင်း သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်းခြင်း မပြုတော့ဘဲ ဝင်ခွင့်ပြုလိုက်ကြသည်။ သူက မှတ်မိရ လွယ်ကူသူ မဟုတ်လား။ ရင်းနှီးနေသော ရှေးဟောင်း မြင်ကွင်းများကို မြင်လိုက်ရသောအခါ လုံချန်း၏ မျက်နှာတွင် အပြုံးလေးတစ်ခု ပေါ်လာမိသည်။
အချိန်မဖြုန်းတော့ဘဲ လုံချန်းသည် မျိုးနွယ်စု ခေါင်းဆောင်၏ နေအိမ်ဆီသို့ လျှောက်သွားလိုက်သည်။
မြင်းသည် မျိုးနွယ်စု ခေါင်းဆောင်၏ အိမ်အနီးသို့ ရောက်သောအခါ အရှိန်လျှော့ကာ ဖြည်းဖြည်းချင်း သွားနေသည်။ လုံချန်းက မြင်းပေါ်မှ ဆင်းကာ တံခါးဆီသို့ သွားလိုက်၏။ သူ တံခါးခေါက်ပြီးနောက် ခဏအကြာတွင် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးက တံခါးဖွင့်ပေးကာ လုံချန်းကို အထဲဝင်ရန် ခွင့်ပြုလိုက်သည်။
ထိုလူမှာ ရိုင်းပျရာ ရောက်မည် စိုးသောကြောင့် ခွင့်ပြုလိုက်ခြင်း ဖြစ်နိုင်သည်။
"တန်ရှာ ဘယ်မှာလဲ" လုံချန်းက မျက်နှာတွင် အပြုံးကြီးဖြင့် မေးလိုက်သည်။
"သခင်ကြီးက စာကြည့်ခန်းထဲမှာ စာဖတ်နေပါတယ်။ ကျွန်တော် သွားပြောလိုက်မယ်၊ အရှင် ပြန်ရောက်လာတာကို သိရင် သူလည်း အရှင်နဲ့ တွေ့ဖို့ အလောတကြီး ဖြစ်နေမှာ သေချာပါတယ်" အဘိုးအိုက ပြုံးကာ ပြန်ပြောလိုက်သည်။
"ရှာနေစရာ မလိုပါဘူး။ စာကြည့်ခန်း ဘယ်မှာလဲဆိုတာ ကျုပ်သိပါတယ်။ ကျုပ်ဘာသာကျုပ်ပဲ သွားလိုက်မယ်" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။ အဘိုးအို ပြန်မပြောနိုင်ခင်မှာပင် သူ အထဲသို့ ဝင်သွားလိုက်၏။ မကြာမီ သူသည် စာကြည့်ခန်း ရှေ့သို့ ရောက်သွားသည်။ တံခါးက ပိတ်နေသဖြင့် လုံချန်းသည် သူ၏ ဝိညာဉ်အာရုံကို သုံးကာ အခန်းထဲသို့ လှမ်းကြည့်လိုက်သည်။
အခန်းထဲတွင် သူ ခံစားမိလိုက်သော အရာက သူ့ကို အလွန် ထိတ်လန့်သွားစေကာ သူ၏ မျက်နှာမှာလည်း တွန့်ရှုံ့သွားရလေသည်။ သူ မျိုးနွယ်စုဆီကို ပြန်လာသည့် ခဏလေးအတွင်းမှာ ထိုကဲ့သို့သော အရာမျိုး ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့သလို ဤကဲ့သို့သော မြင်ကွင်းမျိုးကို တွေ့ရလိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့မိပေ။